(11) နောက်ယောင်ခံတဲ့ကား
“ကျွန်တော်တို့က ထရိန်နင် အတူတက်လာတာလေ၊ နှစ်ဝက်လောက် ရှိမလားပဲ” ခန်းကျန့်က ချက်ချင်းကို ရှင်းပြတယ် “အဲဒါကြောင့် ကျွန်တော်တို့ ရင်းနှီးပါတယ်”
အမှန်အတိုင်းပြောရရင်တော့ ထရိန်နင်တက်တဲ့နေ့ရက်တွေမှာ ခန်းကျန့်နဲ့ပိုင်လန်က တစ်ခါတစ်ရံ မျက်မှန်တန်းမိတဲ့ သာမန်အသိတွေလောက်ပဲ ရှိတယ်။
“ဒီလိုကိုး” ဖန်ရှန်းက ခေါင်းကိုညိမ့်လိုက်တယ် “ထရိန်နင်တွေက တကယ့်ကိုကောင်းတဲ့ အခြေခံအုတ်မြစ်ပဲ၊ အလုပ်လုပ်တဲ့အချိန်မှာတောင် သင်တန်းသားတွေအချင်းချင်းကူညီပေးကြတယ်၊ အခက်အခဲတွေဆိုလည်း အတူတူဆွေးနွေးလို့ရတယ်၊ အရမ်းကောင်းတာပဲ” သူမက ပြောလည်းပြောရင်း ပိုင်လန့်ကိုကြည့်လိုက်တယ်။
ပိုင်လန်က ပဲစိမ်းစွပ်ပြုတ်ကို ချန်သုန်လိဆီပေးလိုက်မှန်း အကုန်လုံးက မြင်ကြတယ်။ ဒါကြောင့် သူဘယ်လိုပြန်ပြောမလဲ အကုန်လုံးက နားစွင့်နေကြတာပေါ့။
မမျှော်လင့်စွာပဲ ပိုင်လန်က ခန်းကျန့်ကို ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ် “ဒုက္ခရှာလို့၊ ပင်ပန်းသွားပြီ၊ နောက်ဆို အဲ့လိုလုပ်ဖို့ မလိုပါဘူး” သူက ပြောပြီးတဲ့နောက်မှာ မတ်တပ်ရပ်လိုက်ပြီး ဒါရိုက်တာကျုံးကို ပြောလိုက်တယ် “နည်းနည်းနောက်ကျနေပြီ၊ နောက်တစ်ခန်းအတွက် အဝတ်လဲမလို့ ကျွန်တော့်ကို ခွင့်ပြုပါဦး ”
ခန်းကျန့်က ကြက်သေသေသွားပြီး ပိုင်လန်ရဲ့အေးစက်စက်တုန့်ပြန်အမူအရာကို မယုံကြည်တဲ့မျက်ဝန်းနဲ့ စိုက်ကြည့်နေတယ်။ လွန်ခဲ့တဲ့နှစ်ပတ်က ဖုန်းထဲမှာ နွေးထွေးပြီးကြင်နာတတ်တဲ့လူက ရုတ်တရက်လုံးဝပြောင်းလဲသွားလိမ့်မယ်လို့ သူ မထင်ထားမိလိုက်ဘူး။
ဒါရိုက်တာကျုံးက ခန်းကျန့်ရဲ့ကသိကအောက်အခြေအနေကို လျစ်လျူရှုလိုက်ရင်း ပြုံးပြီးနာရီကို ငုံ့ကြည့်လိုက်တယ်။ ပြီးတော့ ပိုင်လန့်ကို ပြန်ပြောလိုက်တယ် “သွားသွား၊ နောက်တစ်ခန်းက အိမ်ပိုင်ရှင်အခန်း၊ မင်းအေးဆေးလုပ်လို့ရတယ်”
ပိုင်လန်က ခေါင်းညိမ့်ပြလိုက်တယ်။ သူက စားပွဲဝိုင်းက လူတွေကိုပါခေါင်းညိမ့်ပြလိုက်တာပေါ့.. ဒါပေါ့.. ခန်းကျန့်တော့ မပါဘူး။ ပြီးတော့ ထွက်သွားလေတယ်။
ဖန်ရှန်းနဲ့ ယွိချန်ချန်တို့နှစ်ယောက်လုံးက ရှောခ့်ရသွားလေတယ်။ သူတို့က ကြင်နာပြီးဖော်ရွေတတ်တဲ့ ပိုင်လန်ရဲ့အခြားတစ်ဖက် အေးစက်စက်မျက်နှာကို မမြင်ဖူးဘူးလေ။ ဒီလို သဘောကောင်းပိုင်လန်ကိုတောင် အေးစက်သွားစေလောက်တဲ့အထိ ခန်းကျန့်က ဘာတွေလုပ်ခဲ့မှန်း သူတို့က သိချင်ကြလေတယ်။ ဒါကြောင့် သူတို့က ‘မရင်းနှီးပေမယ့် စကားရောဖောရောလုပ်တတ်’ တဲ့ သူ့ရဲ့အပြုအမူကို အထင်သေးတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ကြလေတယ်။
ခန်းကျန့်ရဲ့စီနီယာအစ်ကို ဝူရှန်အန်းကတော့ ခန်းကျန့်တစ်ယောက် သူ့ကိုမျက်နှာပျက်အောင် လုပ်လိုက်တယ်လို့ တွေးနေတယ်။ သူက မပျော်မရွှင်ဖြစ်လာရင်း မျက်နှာတစ်ခုလုံးမည်းမှောင်လာလေတယ်။ ဒါကြောင့် သူကထွက်လာခဲ့ရင်း အဝတ်လဲခန်းထဲပြန်သွားကာ မိတ်ကပ်ပြန်ပြင်နေလိုက်တယ်။ သူက ကြောင်တောင်တောင်ဖြစ်နေတဲ့ခန်းကျန့်ကိုပါ ဆွဲခေါ်လာတာပေါ့။
………………….
အခန်းထဲရောက်ရောက်ချင်းမှာပဲ ဝူရှန်အန်းက တံခါးကိုဆောင့်ပိတ်လိုက်ရင်း ချက်ချင်းကို ဆူပူဆဲဆိုလေတယ်။
“မင်း ဘာတွေလျှောက်လုပ်နေတာလဲ! အခြားသူက မလိုချင်ပါဘူးဆိုတာတောင် မျက်နှာပြောင်ပြောင်နဲ့ လိုက်ကပ်နေတဲ့ ကိုယ့်ကိုကိုယ် ပြန်ကြည့်ဦး! မင်းက စောက်ဂရုမစိုက်ပေမယ့် ငါ ဂရုစိုက်တယ်ကွ! ငါ့ကိုလည်း ရှိတယ်လို့မှတ်သေးရဲ့လား! ငါ မင်းရဲ့စီနီယာဆိုတာ မမေ့နဲ့နော်!!”
ခန်းကျန့်က ကြက်သေသေသွားတယ် “စီနီယာ..ဘာဖြစ်လို့လဲဗျ၊ ပိုင်လန်နဲ့များ ကတောက်တဆဖြစ်ထားသေးလား”
“ကတောက်တဆဖြစ်ရမယ်!? ဟင်း.. ဒင်းက ငါ့နေရာကို မျက်စောင်းထိုးနေတာကွ၊ ငါ့ကို ဘယ်အချိန်ဆွဲချရမလဲ စောင့်ကြည့်နေတာ၊ မင်းပြောကြည့်စမ်း.. ပြဿနာမရှိဘဲ နေမလား၊ အေး.. ကြားထဲကနေပိုဆိုးလာအောင်တော့ မလုပ်နဲ့နော် စောက်ငတုံးရဲ့! ဟိုက မရင်းနှီးချင်ဘူးဆိုတာ မမြင်ဘူးလား၊ မင်းလိုကောင်မျိုးကို မျက်စိထဲတောင် ထည့်တာမဟုတ်ဘူး၊ ဟွန်း.. မင်းက အချေခံလိုက်ရတာကွ!!
“ဒါပေမယ့် ကျွန်တော် ပိုင်လန်နဲ့တကယ်ရင်းနှီးတာပါ၊ ကျွန်တော် ညာပြောနေတာမဟုတ်ဘူး! ဒီမှာကြည့်.. ကျွန်တော့ဖုန်းထဲမှာ သူနဲ့ပြောထားတဲ့ ဖုန်းကောလ်တွေ ဘယ်လောက်များလဲ ကြည့်ကြည့်…” ခန်းကျန့်က ဖုန်းကို ခပ်မြန်မြန်ပဲ ဆွဲထုတ်လိုက်တယ်။
“အဲ့တာတွေက သူ နာမည်မကြီးခင်ကလား၊ ကြီးပြီးမှလား။ မကြီးခင်တုန်းကလို့တော့ ငါ့ကိုလာမပြောနဲ့။ မင်း ဒီလောက်ပဲ အသက်ကြီးနေပြီ၊ ငယ်ငယ်တုန်းကလိုမျိုး သူငယ်ချင်းဖွဲ့တမ်း ကစားနေတုန်းလား၊ မိတ်ဆွေဆိုတာ မူလတန်းတုန်းကလိုများထင်နေသေးတာလား..ဟင်၊ ရင့်ကျက်စမ်းပါဦး စောက်ကောင်ရဲ့! ဝူရှန်အန်းက ဒေါသထွက်ထွက်နဲ့ ဆဲဆိုနေတယ်။ “ ဒီကြားထဲ ငါ့ကိုပါမျက်နှာပျက်အောင် လုပ်လိုက်သေးတယ်၊ မင်းဦးနှောက်ထဲမှာချီးပဲရှိတာလား၊ ငါ့ကို ဒေါသထွက်ပြီးသေစေချင်နေတာလား၊ နောက်တစ်ခါ ဒီကို ဘယ်တော့မှ မလာခဲ့နဲ့၊ ငါပြီးသွားရင် လောင်ဟော့်ကို ဒီအကြောင်းပြောလိုက်မယ်၊ မင်းပြန်လိုက်တော့”
“မဟုတ်ဘူး စီနီယာ! ကျွန်တော်တကယ်ကို မသိတာပါ၊ ကျွန်တော်လည်း ပိုင်လန် အရူးလုပ်တာခံလိုက်ရတာပါ!” ဝူရှန်အန်းရဲ့စကားတွေကိုကြားတဲ့ခန်းကျန့်က အရမ်းကိုတုန်လှုပ်သွားလေတယ်။ ဝူရှန်အန်းရဲ့ရိုက်ကွင်းနောက် မလိုက်ရဘူးဆိုရင် အခုမှပွဲဦးထွက်ခါစ ခန်းကျန့်အတွက် မိတ်ဆွေဖွဲ့ဖို့အခွင့်အရေး အရမ်းနည်းသွားမှာလေ။ “တောင်းပန်ပါတယ် စီနီယာ ဒီတစ်ခါခွင့်လွှတ်ပေးပါ၊ နောက်တစ်ခါ မဖြစ်စေရပါဘူး၊ ကျွန်တော် လုံးဝလုံးဝ ကတိပေးပါတယ်”
“ခွင့်လွှတ်ပေးရမယ်?” ဝူရှန်အန်းက ခန်းကျန့်ရဲ့လက်တွေကို ဖယ်ထုတ်လိုက်တယ်။ “မင်းကို ခွင့်လွှတ်ပေးလိုက်ရင် ငါ့မျက်နှာကို ပြန်အဖတ်ဆယ်နိုင်မှာလား!!? အခုပဲကြည့်.. ဒါရိုက်တာကျုံးနဲ့ ပရိုဂျူဆာချန်တို့ နှစ်ယောက်စလုံးရှေ့မှာ…၊ မင်းလိုစိတ်ဓါတ်မျိုးကို ဘယ်သူက နောင်တစ်ချိန်မိတ်ဆွေလုပ်ရဲမှာလဲကွ၊ စကားတောင် ပြောရဲတဲ့လူရှိမှာ မဟုတ်တော့ဘူး၊ မင်းရဲ့ ‘သူငယ်ချင်းကောင်း’ ဆိုပြီး အလွဲသုံးစား လုပ်ခံရမှာကြောက်လို့လေ၊ ငါ့လိုပဲပေါ့..စီနီယာလို့သာ မင်းခေါ်ခေါ်နေတာ ဘယ်သူကမင်းရဲ့စီနီယာလဲ၊ ငါတို့က ဆရာချင်းတောင် တူတာမဟုတ်ဘူး၊ အခုထွက်သွားတော့! မင်းမျက်နှာမြင်နေရတာနဲ့ကို ငါ့ဒေါသတွေ ပွက်ပွက်ဆူလာတယ်”
ဒီတစ်ကြိမ်မှာတော့ ဝူရှန်အန်းက ဒေါသတွေကို ခန်းကျန့်အပေါ်လွှတ်ထုတ်ပေးလိုက်တယ်။ သူက ချက်ချင်းပဲ ခန်းကျန့်ကို တွန်းထုတ်လိုက်တယ်။
ခန်းကျန့်ရဲ့မျက်နှာတစ်ခုလုံးက ရှက်လွန်းလို့ အစိမ်းပုတ်ရောင်ဖြစ်လာတယ်။ သူက ငိုချင်းချလောက်အောင် တုန်လှုပ်သွားလေတယ်။
“စီနီယာ.. အဲ့လိုမလုပ်ပါနဲ့ဗျာ၊ ကျွန်တော့်ကို နှင်မထုတ်ပါနဲ့! ကျွန်တော်.. ကျွန်တော် ပိုင်လန်အကြောင်း နည်းနည်းသိတယ်၊ ဒါ..ဒါ စီနီယာအတွက် အကူအညီဖြစ်မှာပါ”
“ပိုင်လန်အကြောင်း? မင်း ဘာသိထားတာလဲ?” ဝူရှန်အန်းက ရပ်သွားပြီးမှ ဒေါသတကြီးမေးလိုက်ပြန်တယ်။
အခုလေးတင် အားလုံးရှေ့မှာ ပိုင်လန်ဆီက ချေသလိုမိုးသလိုနဲ့ အေးစက်စက်ဆက်ဆံခံလိုက်ရတဲ့ ခန်းကျန့်ရဲ့နှလုံသားက ရုတ်တရက် နာကျည်းစွာနဲ့ ဒေါသအဟုန်ပေါက်ကွဲထွက်လာလေတယ်။
“ဒီမနက် ကျွန်တော်သူ့ကို ဖုန်းခေါ်တော့ ယောက်ျားတစ်ယောက် ဖုန်းလာကိုင်တယ်သိလား… ပြီးတော့ ပြောတာက ပိုင်လန်က ရေချိုးနေတယ်တဲ့”
***
“ကျွီ” ခနဲ ကားဘရိတ်အုပ်သံနဲ့အတူ ကားနောက်ခန်းမှာ ငိုက်မြည်းနေတဲ့ပိုင်လန်ရဲ့ခေါင်းက ပြတင်းပေါက်ကားမှန်နဲ့ဆောင့်မိသွားတယ်။ အိပ်ချင်မူးတူးဖြစ်နေတဲ့ သူ့မျက်လုံးတွေ ပွင့်လာတာပေါ့။
ပိုင်လန့်ဆီက အမေးတောင်မစောင့်ဘဲ ဟုန်ဟုန်က ကားစတီယာရင်ကိုလှည့်ရင်း ရှင်းပြတယ် “ကားတစ်စီး နောက်ကလိုက်လာတယ်”
ပိုင်လန့်မျက်လုံးတွေက ချက်ချင်း ပြူးကျယ်သွားတာပဲ “နောက်ကလိုက်လာတယ်? ဘာလဲ နောက်ယောင်ခံလိုက်လာတာလား”
“ဟုတ်တယ်၊ လမ်းပေါ်မှာ တမင်သက်သက် ပတ်မောင်းကြည့်လိုက်တာ အနက်ရောင်ကားသေးလေးတစ်စီး နောက်ကလိုက်နေတယ်။ သေချာတယ် လုံးဝမမှားဘူး” ကားက အရမ်းကို အရှိန်မြင့်နေပေမယ့်လည်း ဟုန်ဟုန်ရဲ့အသံက အတက်အကျအနိမ့်အမြင့်မရှိ တသမတ်တည်း လုံးဝပြောင်းလဲမသွားဘူး။
ပိုင်လန်က ခေါင်းလှည့်ပြီး ကြည့်လိုက်တယ် “ပါပါရာဇီတွေလား?”
အမှန်တကယ် ဒီမေးခွန်းက အပိုသက်သက်ပဲ။ နာမည်ကြီးတွေအကုန်လုံး နောက်ကလိုက်ခံနေရတာ ပါပါရာဇီကလွဲရင် ဘာရှိသေးလို့လဲ။ ဒါပေမယ့် ပိုင်လန်က ဟုတ်ပါ့မလားလို့ သံသယနည်းနည်းတော့ရှိတယ်။
ပြောရရင် သူက လူသစ်လေးမဟုတ်တာကြောင့် အနုပညာလောကထဲက သတင်းထောက်တွေအကြောင်း အနည်းနဲ့အများတော့ နားလည်တယ်။ သူ့ဆီမှာက အကျည်းတန်တဲ့ကောလဟလတွေလည်းမရှိဘူး၊ ပြီးတော့ အခုမှနာမည်ကြီးခါစ စတားပေါက်စလေးလေ။ သူစာချုပ်ချုပ်ထားတဲ့ကြော်ငြာတွေကလည်း မလွှင့်ရသေးဘူး။ သူ့နောက်ကို လိုက်ချောင်းတာနဲ့ ဘယ်လိုသတင်းထူးမျိုးမှ ရနိုင်မှာမဟုတ်ဘူး။
ဒါပေမယ့် ကားမောင်းနေတဲ့ဟုန်ဟုန်ကတော့ သူ့အမြင်မှန်ကန်ကြောင်း ပြောနေတယ် “ဖြစ်နိုင်တယ်၊ လူဆိုးဂိုဏ်းတွေကတော့ ဒီလိုနည်းနဲ့ နောက်ကလိုက်မှာမဟုတ်ဘူး” သူက ဂန်းစတားတွေ လိုက်ခံရဖူးတဲ့ပုံစံနဲ့ ပြောလေတယ်။
ပိုင်လန်က ခဏလောက်ဘာလုပ်ရမယ်မှန်းမသိတော့ဘူး၊ အခုသူတို့က အိမ်ပြန်တဲ့လမ်းပေါ်ရောက်နေတာလေ။
သူအခုနေတဲ့နေရာက ချိုးချန်ပေးထားတဲ့ နေရာအသစ်ဖြစ်တဲ့ ဇိမ်ခံတိုက်ခန်းအိမ်ရာတစ်ခုဖြစ်တယ်။ ဒီနေရာက တိုက်ခန်းတွဲတွေက နံပါတ်(၁) ‘ကိုယ်လုပ်တော်အိမ်ရာ’ လို့ နာမည်ကြီးလေတယ်။
ကွန်ဒိုအခန်းတွေက တောင်ခါးပန်းတွေပေါ်မှာ တည်ဆောက်ထားတယ်။ အထပ်တိုင်းမှာပါရှိတဲ့လသာဆောင်တွေကနေလည်း A မြို့ရဲ့ရင်သပ်ရှုမောဖွယ် ညရှုခင်းကို မြင်နိုင်လေတယ်။ ဒါပေမယ့် ဒီအိမ်ရာမှာနေတဲ့ လူချမ်းသာတွေကတော့ သွားရေးလာရေးအဆင်ပြေတာကို ပိုပြီးသဘောကျကြတာ။
အစိုးရကဖောက်ထားတဲ့လမ်းမကြီးက အဆုံးမသတ်သွားခင်မှာ အိမ်ရာဝင်းရဲ့အရှေ့ဘက်ဂိတ်အထိပေါက်တယ်။ လမ်းတစ်ဖက်မှာတော့ တောင်သေးသေးလေးတစ်လုံးက ကာရံထားလေတယ်။ ပြီးတော့ နောက်ထပ် လမ်းသွယ်သုံးခုနဲ့ တောင်အောက်ခြေကို ဆက်သွယ်ထားပြီး အဝေးပြေးလမ်းမကြီးကို ဦးတည်ထားလေတယ်။
နောက်ထပ်ပြောစရာရှိတာကတော့ ဝင်္ကဘာတွေလို မြေအောက်ကားပါကင်ပဲ။ ကားတစ်စီးသာ ဝင်လာရင် သေချာတယ်အဲ့ကား ဘယ်ထွက်ပေါက်ကနေထွက်သွားမှန်း သိလိုက်မှာတောင် မဟုတ်ဘူး။ နေရာတိုင်းမှာလည်း လုံခြုံရေးအထပ်ထပ်နဲ့ အပြည့်အဝကာကွယ်မှုပေးထားလေတယ်။ ဒီအိမ်ရာရဲ့ဒီဇိုင်းပုံစံ စတင်ထွက်လာကတည်းက ဝယ်ချင်ကြတဲ့လူချမ်းသာတွေကြားထဲမှာ အများကြီးရေပန်းစားခဲ့လေတယ်။ အိပ်ခန်းတစ်ခန်းသာပါတဲ့ တိုက်ခန်းတောင်မှ ယွမ်သန်းတော်တော်များများ ဈေးပေါက်တယ်။
ဒါကြောင့် ဒီနေရာက ပိုင်လန့်လိုလူမျိုး တတ်နိုင်တဲ့နေရာမဟုတ်မှန်း လုံးဝသေချာတယ်။ ကုမ်ပဏီက ပေးထားတာလို့ ရှင်းပြလိုက်ရင်ရော.. ရူးနေတဲ့လူတွေပဲ ယုံကြမှာလေ။ တိုတယ်အနုပညာကုမ်ပဏီရဲ့ နာမည်ကြီးစူပါစတား စုချွမ်တောင် ဒီလိုဝန်ဆောင်မှုမျိုး ရနိုင်မှာမဟုတ်တာကြောင့် ပိုင်လန့်လို ဘောင်မဝင်တန်းမဝင်လေးကို ကုမ်ပဏီက ဈေးကြီးတဲ့အိမ်ရာမျိုး ပေးမှာတဲ့လား။
အကယ်၍ သူ့အိမ်နေရာသာ ပေါ်သွားခဲ့ရင် ပိုင်လန်တစ်ယောက် ငါးအကြီးကြီးမိနေပါပြီလို့ အနည်းဆုံး ပရိသတ်ရဲ့ ၈၀% လောက်က ကောက်ချဆွဲကြမှာလေ။ တကယ်တော့ ပိုင်လန်က ဒီနေရာကို ပြောင်းလာကတည်းက ဒီလိုမျိုးတွေ မျှော်လင့်ပြီးသားပါ။
ဒါပေမယ့် ဘယ်သူတွေက ဘယ်လိုပဲဖော်ထုတ်ပါစေ၊ ချိုးချန်တစ်ယောက်တော့ လုံခြုံမယ်ဆိုတာ ပိုင်လန်က ယုံကြည်တယ်။ အကြောင်းရင်းကတော့ ဒီအိမ်ရာကို ဝယ်ယူသူတွေရဲ့ ကိုယ်ရေးရာဇဝင်တွေကို လျှို့ဝှက်ထားလို့ဖြစ်တယ်။ နေထိုင်သူတွေက လူ့မလိုင်အထက်တန်းလွှာတွေဖြစ်တာကြောင့် ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုလည်း အလွန်တရာကန့်သတ်ထားပြီး လွယ်လွယ်နဲ့တော့ ပေါက်ကြားမှာမဟုတ်ဘူး။ ပြီးတော့ဒါက အိမ်ရာအရောင်းဌာနရဲ့ ဝယ်ယူသူတွေအပေါ်ပေးအပ်တဲ့ ကတိတစ်ခုလည်း ဖြစ်တယ်။
“ခါးပတ်သေချာပတ်ထားပါ၊ ကား အနည်းငယ်ရမ်းပါလိမ့်မယ်” ဟုန်ဟုန်က ရုတ်တရတ်သတိပေးလိုက်တယ်။
ခဏကြာတော့ ကားဘီးတွေရဲ့နောက်ထပ် “ကျွီ” ခနဲ စူးစူးဝါးဝါးအသံ ထွက်လာပြီး ပိုင်လန့်ခေါင်းက နောက်တစ်ကြိမ် ပြတင်းပေါက်နဲ့ ဆောင့်မိပြန်ပါရော။ သူက ကိုယ်ကိုထိန်းမတ်ဖို့ တစ်ခုခုကိုလှမ်းဆွဲလိုက်ရတယ်။
ပြတင်းအပြင်ဘက်က မြင်ကွင်းတွေက ရိပ်ခနဲ ရိပ်ခနဲ ကျန်ခဲ့တယ်။ မြို့ပြင်ထွက်တာနဲ့ မျက်ခြေဖြတ်ဖို့ခက်ခဲမှာကြောင့် ဟုန်ဟုန်က မြို့ထဲမှာပဲ တစ်ပတ်ပြီးတစ်ပတ် ပတ်မောင်းနေတယ်။ ဘရိတ်အုပ်လိုက် ပွတ်ဆွဲလိုက် လုပ်နေတာလည်း အကြိမ်ကြိမ်ပဲ။ လမ်းမပေါ်က တခြားကားတွေကတော့ သူ့တို့ကို ကျိန်ဆဲပြီး ကျန်ခဲ့ကြတယ်။ ဒီမြင်ကွင်းမျိုးက ရုပ်ရှင်တွေထဲမှာ ခဏခဏမြင်ရတာမျိုးလေ။
ပိုင်လန်က ခေါင်းတွေမူးလာတဲ့အထိ ဇကောထဲ ထည့်လှိမ့်ခံနေရတာကြောင့် မြန်မြန်ပြောလိုက်ရတယ် “ထားလိုက်တော့၊ ဒီလောက်ကြီး လုပ်စရာမလိုဘူး၊ အန္တရာယ်များလွန်းတယ်”
“ရပါတယ်” ဟုန်ဟုန်က ကားနောက်မှန်ထဲက လှမ်းကြည့်တယ် “ခဏပဲသည်းခံလိုက်ပါ၊ ခုံနောက်မှာ ပလတ်စတစ်အိတ်ရှိတယ်”
ကားက နောက်တစ်ကြိမ် ခပ်မြန်မြန်ကွေ့လိုက်တဲ့အခါ ပိုင်လန်က အရှေ့အနောက် ယိမ်းသွားပြန်လေတယ် “အဲ့လိုပြောတာမဟုတ်ဘူး၊ နောက်ကလိုက်ပါစေလို့၊ ထားလိုက်တော့လို့”
ဟုန်ဟုန်က နားမထောင်ဘူး။ သူရဲ့ ကျွမ်းကျင်လှတဲ့ ကားမောင်းစကေးတွေကို ပြသနေတုန်းပဲ။ ရွေးချယ်စရာမရှိတော့တဲ့ ပိုင်လန်ကလည်း ထိုင်ခုံခါးပတ်ကိုပတ်ပြီးတော့သာ လိုက်စီးရလေတယ်။ မိနစ်အနည်းငယ်အကြာမှာတော့ ကားအရှိန်က တဖြည်းဖြည်းလျော့ကျလာပြီး ဟုန်ဟုန်က ကြေငြာမောင်းခတ်တယ် “ရပြီ၊ သူတို့ကို မျက်ခြေဖြတ်ခဲ့ပြီ”
“ဒီနေ့ မျက်ခြေဖြတ်နိုင်ပေမယ့် မနက်ဖြန်ကျရင်ရော” ပိုင်လန့်မျက်နှာက ဖြူဖျော့နေပြီး သက်ပြင်းချလိုက်ရတယ် “ နေ့တိုင်းနေ့တိုင်း အသက်ကိုဖက်နဲ့ထုပ်ထားစရာ မလိုပါဘူး၊ တသက်လုံးလည်း ပုန်းနေနိုင်မှာ မဟုတ်ဘူးလေ”
“ပေါ်သွားရင် ကောင်းတာမှမရှိတာ” ဟုန်ဟုန်ကလည်း ပိုင်လန့်အပေါ် နောက်ဆက်တွဲရိုက်ခတ်လာမယ့် သတင်းတွေကို သတိတရရှိပါတယ် “နေရာပြောင်းလို့ရပါတယ်၊ ကျွန်တော် သူဌေးကိုပြောလိုက်ပါ့မယ်၊ ခဏလောက်တော့ သည်းခံလိုက်ပါ”
“ပြောင်းမယ်ဆိုရင် ဘယ်ကိုပြောင်းသင့်တာလဲ၊ ပိုဈေးပေါတဲ့နေရာကိုလား” ပိုင်လန်က ပြုံးပါတယ်… အရင်ဘဝတုန်းကလိုပဲ ဟုန်ဟုန်က တွေးပေးတတ်တယ်လေ။ “အဲ့ဒါဆို ပိုဆိုးသွားလိမ့်မယ်၊ အခုက ပေါက်ကြားသွားရင်တောင် ကျွန်တော့်အကြောင်းပဲ ပေါ်မှာ၊ ဒါပေမယ့် အခြားနေရာမှာနေရင် သူဌေးချိုးပါ ဆွဲထည့်ခံရလိမ့်မယ်၊ ထားလိုက်ပါ ဒီမှာပဲနေတာ ပိုကောင်းပါတယ်၊ အနည်းဆုံးတော့ အခြားသူတွေအပေါ် ပြဿနာမတက်ဘူးဆိုရင် ကောင်းတာပေါ့” ပိုင်လန်က ရိုးရိုးသားသားပဲ စိတ်ထဲရှိရာပြောလိုက်တယ်။ ချိုးချန်လည်း ဒီလိုဖြစ်စေချင်လိမ့်မယ်လို့ သူထင်တယ်။
ဟုန်ဟုန်က စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးမှ ပြန်ပြောတယ် “သုံးလေးရက်လောက်ပါပဲ၊ နောက်ကွယ်က လူတွေကို ကြည့်ရှင်းလိုက်မှာပါ”
ပိုင်လန်က နောက်တစ်ကြိမ်မှင်သက်မိသွားရပြန်တယ်။ သူက ‘ကြည့်ှရှင်းလိုက်မယ်’ ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကို မမေးချင်တော့တာကြောင့် အားကိုးရာမဲ့စွာပဲ အပြုံးလေးနဲ့ပြောလိုက်ရတယ် “ဒါဆို ငွေအင်အား လူအင်အားတွေ အများကြီးလိုလိမ့်မယ်၊ ဒီအတိုင်းပဲ ထားလိုက်ပါ၊ ဘောင်ထဲကရှင်းတာ ပိုကောင်းပါတယ်၊ အခုလည်း သူတို့ရေးနိုင်တာက ကောလဟလတွေနဲ့မှန်းဆချက်တွေပဲလေ၊ ကျွန်တော့်ပါးစပ်သာပိတ်ထားရင် အမှန်လား အမှားလား ဘယ်သူက သိမှာလဲ”
ဟုန်ဟုန်က ပြန်မပြောတော့ပါဘူး။ အဲဒိအစား သူက ကားကိုတိတ်တိတ်ဆိတ်ဆိတ်ပဲ အိမ်ပြန်မောင်းလာတယ်။
“နောက်ပြီးတော့ သူတို့ ရေးမှာကလည်း မှားတာတွေမှ မဟုတ်တာ၊ မတရားခံရတယ်လို့လည်း မတွေးမိပါဘူး”
ပိုင်လန်က ဒီစကားတစ်ခွန်းကို ထပ်ဖြည့်ပြောလိုက်တယ်။ ဟုတ်တယ်လေ.. ဒီကိစ္စက စိတ်ပူရလောက်အောင် အရေးကြီးကိစ္စမဟုတ်တာ။
……………………..
“…… သူက အဲ့လိုပြောတာလား?”
အဲဒိညမှာ ချိုးချန်က တိုက်ခန်းကို ပြန်မလာဘူး။ ဒါကြောင့် ဟုန်ဟုန်က ဖုန်းခေါ်ပြီး ညနေခင်းအဖြစ်အပျက်တွေရယ်၊ ပိုင်လန်ရဲ့အမြင်တွေရယ်ကို အစီရင်ခံတင်ပြနေတယ်။
“ဟုတ်တယ်” ဟုန်ဟုန်က ပြန်ဖြေတယ်။
“ဒါဆိုလဲ သူပြောတဲ့အတိုင်းပဲလုပ်လိုက်၊ ရေးချင်သပဆိုလည်း ရေးကြစမ်းပါစေ၊ ဖန်းဟွာကြည့်လုပ်လိုက်လိမ့်မယ်” ဖုန်းထဲက ချိုးချန်ရဲ့လေသံက ဒီကိစ္စကို သိပ်အလေးအနက်ထားပုံမရဘူး။ “ဒါပေမယ့် နောက်ကွယ်က လူကိုတော့ သေချာပေါက်ရှာရလိမ့်မယ်၊ ပိုင်လန်ပြောတာမှန်တယ်၊ နာမည်မကြီးသေးတဲ့လူကို ပစ်မှတ်ထားတာဆိုတော့ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုလို့ပြောလို့ရတယ်”
“နားလည်ပါပြီ” ဟုန်ဟုန်က ပြောလိုက်တယ်။
“ဒါပေမယ့် အာ့ဟုန်..မင်းပြောကြည့်စမ်း.. ပိုင်လန်တစ်ယောက် ဘာတွေတွေးနေတယ်လို့ မင်းထင်လဲ” ဖုန်းတစ်ဖက်က ချိုးချန်က ခပ်သော့သော့ရယ်လိုက်ပြီးမှ ဆက်ပြောပြန်တယ် “သူက ငါ့လိုထောက်ပံ့မယ့်သူလည်း ရှာထားသေးတယ်၊ ဒါပေမယ့် အားကိုးလားဆိုလည်း မဟုတ်ပြန်ဘူး၊ သူ ဘာတွေလုပ်နေတာလဲ၊ သူက ငါ့ကို ကြိုးရှည်ရှည်နဲ့လှန်ထားချင်တာလား?”
ဟုန်ဟုန်က တစ်ချက်ရပ်သွားပြီးမှ အဖြေတစ်ခုထုတ်လိုက်တယ် “မသိပါဘူး”
ချိုးချန်က ဟုန်ဟုန်တစ်ယောက် ငြင်းချက်ထုတ်နေရတဲ့အကြောင်းရင်းကို သံသယရှိသွားတယ် “ဘာလဲ၊ မင်းကဘယ်လိုမြင်လို့လဲ?”
သူက ပြန်ဖြေဖို့အခွင့်ရေးတောင် မရလိုက်ဘူး။ တစ်နေရာက သတ္တုချင်း ထိခိုက်သံက ထွက်ပေါ်လာတယ်။ အသံက ဖုန်းကိုဖြတ်ပြီး ချိုးချန်ဆီတောင် ရောက်သွားတာလေ။
ချိုးချန်က ဒီအသံရင်းနှီးနေတယ်လို့ ခံစားမိတာကြောင့် မေးလိုက်တယ် “ဘာသံတွေ ထွက်နေတာလဲ၊ သူ ဘာလုပ်နေတာလဲ?”
“မီးဖိုထဲမှာပါ၊ သူပြောတာက ဝယ်ထားတဲ့အမဲသားတွေ ရက်လွန်တော့မှာမို့လို့ ကျွန်တော့်ကို စတိတ်လုပ်ပေးမယ်တဲ့” ဟုန်ဟုန်က တဲ့တိုးပဲ ဖြေလိုက်တယ်။
“……..” ချိုးချန်က ရုတ်တရက် ဒေါသတွေ ထွက်သွားသလိုပဲ “အဲ့ဒါ ငါ့ဒယ်အိုးတွေ ငါ့အသားတွေလေ၊ မင်းက ဘာကိစ္စနဲ့ စားမှာလဲ?”
ပိုင်လန်တစ်ယောက် ပြောင်းလာနေတဲ့ ပထမဦးဆုံးရက်ကတည်းက အိမ်သုံးစရိတ်တွေနဲ့ အခြားသုံးချင်ရာသုံးဖို့ အကန့်အသတ်မြင့်ခရတ်ဒစ်ကတ်တစ်ခုကို ချိုးချန်က ပေးထားခဲ့ပြီးသား။ သူက အလွန်တရာကို အလိုက်တသိရှိပြီး တာဝန်ယူပေးတတ်တဲ့ ထောက်ပံ့သူကြီးလေ။ ဒါကြောင့် အသားတွေက သူ့ဟာလို့ ချိုးချန်ပြောရင် အမှန်တကယ်ကို သူ့ဟာ။
“သူစားလိုက်ရင် ဝလာမှာစိုးလို့တဲ့၊ ဒါကြောင့် ကျွန်တော့်ကို ချက်ကြွေးရတာပါ” ဟုန်ဟုန်က ဖုန်းတစ်ဖက်ကနေ နှာခေါင်းရှုံ့ လိုက်တယ်။
မွှေးပျံ့လှတဲ့ အသားနံ့လေးက မီးဖိုချောင်ထဲက ပျံ့လွင့်လာတယ်။
“ကြည့်ရတာ နစ်နာနေဦးမယ် ဟင်..” ချိုးချန်က အမှုန့်ကြိတ်ချင်နေတဲ့လေသံနဲ့ ပြောလိုက်တယ်။
“ကိစ္စမရှိပါဘူး၊ အစားအသောက်တွေက အရမ်းအရသာရှိတာလေ” ဟုန်ဟုန်က ဒယ်အိုးထဲက လှပပြီးအရသာရှိပုံပေါ်တဲ့ စတိတ်ကို စိုက်ကြည့်နေလိုက်တယ်။
“အိမ်ပြန်တော့!”
“ဟုတ် ..စားပြီးရင် ပြန်မှာပါ”
***
နောက်သုံးရက်အကြာမှာတော့ သတင်းခေါင်းစီးတွေမှာ စာလုံးမည်းကြီးတွေနဲ့ တက်လာခဲ့တယ်။ ‘စိန်စီထားတဲ့ လက်ပတ်နာရီ! ဇိမ်ခံအဆင့်မြင့်ကွန်ဒိုတိုက်ခန်း! ကျန်းရှင်းချန် တတ်နိုင်ပါ့မလား!?’
ဖန်းဟွာဆီက ဖုန်းကောလ်ကို ပိုင်လန်လက်ခံရရှိတဲ့အချိန်က သူ မနက်စာစားနေတုန်းပဲရှိသေးတယ်။
“ရှင် မနက်ပိုင်းအားတယ်မလား၊ ကုမ်ပဏီကို ဝင်လာခဲ့ဦး”
……………….