(12) ဈေးဝယ်ခြင်းတောင်း
ငွေရောင် SUV ကားတစ်စီးက တိုတယ်အနုပညာရဲ့ ပင်မဝင်ပေါက်ရှေ့မှာ ရပ်သွားတယ်။
တံခါးရှေ့မှာ တစ်ချိန်လုံးထိုင်စောင့်နေခဲ့တဲ့ သတင်းထောက်တွေက ချက်ချင်းပဲအရှေ့ကိုပြေးတက်လာကြပြီး ကင်မရာမီးရောင်တွေလည်း မျက်စိကျိန်းလောက်အောင် တဖြတ်ဖြတ်လက်သွားလေတယ်။
ဗလတောင့်တောင့်လုံခြုံရေးခြောက်ယောက်က အဆောက်အဦးထဲက ချက်ချင်းထွက်လာရင်း ကားတံခါးပတ်လည်မှာ ဝန်းရံလိုက်ကြတယ်။
“မစ္စတာပိုင်..ဒီနေ့တက်လာတဲ့သတင်းအတွက် ဘာများပြောချင်ပါသလဲ”
“မစ္စတာပိုင် ခင်ဗျားလက်မှာပတ်ထားတဲ့နာရီက အစစ်လား၊ A အဆင့်ပုံစံတူလား သိချင်ပါတယ်”
“A အဆင့်ပုံစံတူကို ဝယ်ရတဲ့အကြောင်းရင်းကို သိချင်ပါတယ်၊ မစ္စတာပိုင် နည်းနည်းလောက်ပြောပေးပါလား”
“မစ္စတာပိုင် ရှင်.. မနေ့ညက ဘယ်မှာအိပ်ခဲ့သလဲဆိုတာ ဖြေရှင်းချက်ပေးသင့်တယ်လို့ထင်ပါတယ်၊ ပရိသတ်တွေက အရမ်းသိချင်နေကြပါပြီ”
ပိုင်လန်ကမျက်နှာပေါ်တပ်ထားတဲ့ နေကာမျက်မှန်ကို တချက်သေချာအောင်စမ်းလိုက်ရင်း ကားတံခါးကိုဖွင့်ပြီးထွက်လိုက်တယ်။
ကင်မရာမီးရောင်တွေက ရူးခါလောက်အောင် တဖြတ်ဖြတ်လက်သွားလေတယ်။ သတင်းထောက်တွေရဲ့အော်ဟစ်သံကတွေလည်း တဖြည်းဖြည်းပိုပိုကျယ်လာတာပေါ့။
“မစ္စတာပိုင် မေးခွန်းလေးတွေ ဖြေပေးသွားပါဦး!”
“ဒါတွေအကုန်လုံးက ပရိသတ်တွေရဲ့မေးခွန်းတွေပါ၊ မစ္စတာပိုင် အသေအချာလေး ဖြေပေးသင့်ပါတယ်!”
“မစ္စတာပိုင် ခင်ဗျားကိုဘယ်သူက ထောက်ပံ့ပေးထားလဲ ကျွန်တော်တို့ကို ပြောသွားပါဦး!? ဒါမှမဟုတ် ခင်ဗျားဖာသာခင်ဗျား တမင်သက်သက် လူသိများအောင် အကွက်ထွင်ရုံလုပ်တာလား!?”
“မစ္စတာပိုင် ခင်ဗျားကား မြို့ထဲမှာ အရှိန်တင်မောင်းတဲ့အကြောင်းလေး သိချင်ပါတယ်၊ လူထုကို အန္တရာယ်ဖြစ်အောင် လုပ်တာလား သိချင်ပါတယ်!”
ဒီလို ဒေါသတကြီးရန်လိုနေတဲ့မေးခွန်းတွေကို ရင်ဆိုင်ရပေမယ့် ပိုင်လန်က ဖန်းဟွာဖုန်းထဲက ညွှန်ကြားတဲ့အတိုင်း ပြုမူနေလိုက်တယ်။ သူက ခြေလှမ်းတွေကိုမရပ်ဘဲ အပြုံးပါးပါးလေးပေးရင်း လက်တွေကိုမြှောက်ပြလိုက်တယ် “စိတ်ပူပေးကြတဲ့အကုန်လုံးကိုကျေးဇူးပါ၊ အားလုံး သာယာတဲ့နေ့လေးဖြစ်ပါစေ”
ကင်မရာမီးရောင်တွေက တဖြတ်ဖြတ်လက်သွားပြန်တယ်။
“မစ္စတာပိုင်.. ဒီနေ့လည်း နာရီပတ်လာတုန်းပဲနော်!!”
“မစ္စတာပိုင်.. ဒီနာရီကိုအရမ်းကြိုက်တာပဲလား ဒါမှမဟုတ် တစ်စုံတစ်ယောက်ဆီက အမှတ်တရအထူးလက်ဆောင်မျိုးလား!?”
“မစ္စတာပိုင်.. ရှင်က စိန်နာရီပတ်ပြီး ဇိမ်ခံကွန်ဒိုမှာနေတယ်၊ ဒါပေမယ့် ရှင့်မိသားစုကိုရော တစ်ခုခုလုပ်ပေးခဲ့ဖူးလား!?”
“မစ္စတာပိုင်.. ရှင် မနေ့ညက ညစာ ဘာစားခဲ့လဲ သိပါရစေ!”
လူပုံအလယ်မှာထွက်လာတဲ့မေးခွန်းတစ်ခုကြောင့် ပိုင်လန်ရဲ့ခြေလှမ်းတွေ ရပ်သွားတယ်။ သူက လှည့်ပတ်ကြည့်ပြီး မေးသူကိုရှာလိုက်တာပေါ့။
ဒါပေမယ့် ဒီလိုရပ်လိုက်ခြင်းကပဲ သတင်းထောက်လူအုပ်ကြီးကို ပိုပြီးတက်ကြွလာစေပြီး တစ်ယောက်ပေါ်တစ်ယောက်ကျော်ခွရင်း မေးခွန်းမေးသံတွေကလည်း ပိုပြီးဆူညံကျယ်လောင်လာစေတယ်။
ခပ်မြန်မြန်ပါပဲ၊ ပိုင်လန်က မျက်မှန်ကိုင်းထူထူကြီးတပ်ထားတဲ့ မိန်းမငယ်လေးတစ်ယောက်ကို တွေ့တယ်။ သူမက လူအုပ်ကြားထဲညပ်နေရင်း ခေါင်းတစ်ခုလုံးလည်း ချွေးတွေနဲ့ရွှဲနေတယ်။ လက်ထဲမှာ မိုက်ခရိုဖုန်းကိုကိုင်ထားရင်း ကိုယ်ပိုင်မေးခွန်းကိုမေးလိုက်ကာ သူ့ဆီကအဖြေစကားကို ငံ့လင့်နေတယ်။
“စတိတ်အမဲသားလွှာ”
ပိုင်လန်က ပြုံးပြီးဖြေပါတယ်။ သူမရဲ့အံ့သြပုံတဲ့အကြည့်တွေအောက်မှာပဲ ပိုင်လန်ကလှည့်ထွက်လာရင်း ကုမ်ပဏီထဲကို ဝင်လာခဲ့လေတယ်။
***
ဖန်းဟွာရုံးခန်းထဲကို ပိုင်လန်ဝင်လာတဲ့အချိန်မှာ သတင်းစာခုနှစ်စောင် ရှစ်စောင်လောက်က သူမစားပွဲပေါ်မှာ ပျံ့ကျဲနေတယ်။ သတင်းစာတွေအကုန်လုံးက အနုပညာသတင်းတွေပဲဖြစ်ပြီး အကုန်လုံးမှာလည်း ပိုင်လန့်ပုံတွေနဲ့ ပြည့်နေတယ်။ ပါဝင်တဲ့အကြောင်းအရာတွေအကုန်လုံးကလည်း အခုလေးတင် အပြင်မှာမေးခံလိုက်ရတဲ့ မေးခွန်းတွေနဲ့အတူတူပဲ။
ဓါတ်ပုံအများစုက ပိုင်လန်တစ်ယောက် နေကာမျက်မှန်လေးတပ်ပြီး စူပါမားကတ်ထဲ ဈေးဝယ်ထွက်နေတာကို ဘွင်းဘွင်းရှင်းရှင်းရိုက်ထားတာပဲ။ ပုံထဲမှာ ပိုင်လန်က အပြာရင့်ရောင်လိုင်းစင်းတွေပါတဲ့ ငွေဖြူရောင်ရှပ်အင်္ကျီကို မီးခိုးရောင်ဘောင်းဘီရှည်နဲ့တွဲဖက်ဝတ်ဆင်ထားတယ်။ အင်္ကျီလက်တွေကို တံတောင်ဆစ်နားလိပ်တင်ထားပြီး လက်တစ်ဖက်မှာတော့ ဈေးဝယ်ခြင်းတောင်းကို ကိုင်ထားတယ်။ ဒီဓါတ်ပုံတွေအားလုံးက အတူတူပဲဖြစ်နေတာကြောင့် တစ်ယောက်တည်းကရိုက်ကူးထားပြီး ဂျာနယ်တိုက်အသီးသီးကို ပို့လိုက်တာ ရှင်းနေတာပါပဲ။
ဒီအထဲမှာ အရှင်းလင်းဆုံးနဲ့အကြီးဆုံးပုံကတော့ မိုးသောက်ကြယ်သတင်းကထုတ်ဝေတဲ့ ပုံတွေပါပဲ။ မိုးသောက်ကြယ်ရဲ့ခေါင်းကြီးပိုင်းဓါတ်ပုံမှာလည်း ပိုင်လန်အဝတ်အစားတွေက ဒီပုံစံပဲ။ ဒါပေမယ့် ပုံထဲမှာ ပိုင်လန်က ရေခဲရိုက်အသားတစ်ကဒ်ကို ယူကြည့်နေတယ်။ သူ့ခေါင်းက ငုံ့နေပြီး လက်ထဲကပစ္စည်းကို စေ့စေ့စပ်စပ်ကြည့်နေတာ။ ဒါကြောင့် ဓါတ်ပုံထဲမှာတော့ ပိုင်လန့်လက်ကောက်ဝတ်က စိန်လက်ပတ်နာရီကို အသေအချာမြင်ရလေတယ်။
ဖြစ်နိုင်တာက ပိုင်လန်က ငြိမ်ငြိမ်လေးရပ်နေလို့ ဖြစ်နိုင်တယ်။ ဓါတ်ပုံက အထူးတလည်ရှင်းလင်းပြတ်သားပြီး ကြည့်ကောင်းနေတာပဲ။
အသားတွေစီထားတဲ့ရေခဲအကန့်ရဲ့တောက်ပတဲ့မီးရောင်က ပိုင်လန့်အသားအရည်ပေါ်မှာ ကင်မရာမီးထိုးထားသလို သိပ်ကိုလှပနေတယ်။ သူ့ရဲ့အနည်းငယ်ငုံ့နေတဲ့ ဦးခေါင်းကြောင့်လည်း တင့်တယ်တဲ့ခေါင်းနောက်ပိုင်းကို လည်ပင်းတွေအထိ တောက်လျှောက်မြင်ရလေတယ်။ ဒီလိုမျိုး သပ်ရပ်ပြီးကျော့မော့လှတဲ့ မျက်နှာပုံပန်းနဲ့ ဆန့်ကျင်ဘက်ဖြစ်စွာ လိုက်ဖက်နေတာက လက်ထဲမှာကိုင်ထားတဲ့ ရိုးရှင်းလှတဲ့ဈေးဝယ်ခြင်းတောင်းဖြစ်တယ်။ လူငယ်လေးတစ်ယောက်က ဈေးဝယ်ခြင်းတောင်းကို ကိုင်ထားတယ်.. သိပ်ကိုမျက်စိပသာဒရှိလှတဲ့မြင်ကွင်းပါပဲ။
ဒါကြောင့် ပိုင်လန်ဝင်လာတာကိုမြင်ပြီး ဖန်းဟွာပြောလိုက်တဲ့ ပထမဦးဆုံးစကားက စိုးရိမ်တဲ့စကားမဟုတ်ဘူး။ နှစ်သက်လို့ ချီးကျူးလိုက်တဲ့စကားသာဖြစ်တယ်။ “ဟုန်ဟုန်သာ ကျွန်မကို ကြိုသတင်းမပေးထားရင် ဒါတွေအကုန်လုံးကို ရှင် တမင်သက်သက်လုပ်ထားတယ်လို့ ထင်လိုက်မှာ၊ ကြည့်ပါဦး.. ဒီဓါတ်ပုံတွေကို.. ကြော်ငြာဓါတ်ပုံတွေ ကျနေတာပဲ၊ ဘာလို အဲ့လောက်တောင် ကြည့်ကောင်းနေရလဲ မသိဘူး”
ပိုင်လန်က ရယ်ပါတယ်။ သူက စာစောင်တစ်ခုကို ကောက်ကြည့်လိုက်တယ် “ဓါတ်ပုံဆရာက တကယ့်ကို အရည်အချင်းရှိတာပဲ၊ ကျွန်တော်တို့ သူ့ကို ဆုချသင့်တာ၊ အရမ်းလှအောင် ရိုက်ပေးထားလို့၊ ပရိုမိုးရှင်းပါ တစ်ခါတည်းဆင်းပေးလိုက်သလိုပဲ”
ဖန်းဟွာက ထောက်ခံတဲ့အနေနဲ့ ခေါင်းတညိမ့်ညိမ့်လုပ်နေတယ် “ကုမ်ပဏီဝက်ပ်ဆိုဒ်က စာတွေကို ရှင် မကြည့်ရသေးဘူးမလား၊ ပရိသတ်တွေ အဓိက ပြောနေကြတာ ရှင့်နောက်ကွယ်ကကျေးဇူးရှင်အကြောင်းလည်း မဟုတ်ဘူး၊ လက်မှာပတ်ထားတဲ့စိန်နာရီအကြောင်းလည်း မဟုတ်ဘူး၊ ရှင့်ဈေးဝယ်ခြင်းတောင်းထဲက ကြက်ဥတွေနဲ့ တို့ဖူးတွေအကြောင်းပဲ ပြောနေကြတာ၊ ရှင့်ဓါတ်ပုံခိုးရိုက်တဲ့လူကိုတော့ ဟိုဘက်က ပိုက်ဆံပေးပါ့မလားလို့ ကျွန်မဖြင့်တွေးပူနေတာပဲ”
ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်မရှိတဲ့ ပိုင်လန်အတွက် ဖန်းဟွာက ဖွင့်ပါလို့တိုက်တွန်းတိုင်း သူက ငြင်းပယ်လေ့ရှိတယ်။ သူက စာရေးကောင်းတဲ့လူတစ်ယောက်မဟုတ်ဘူးလို့ အကြောင်းပြချက်ပေးခဲ့တယ်။ သူရေးတဲ့စာတွေက အသက်မဝင်ဘဲ ပျင်းစရာကောင်းလှတယ်။ အခြားသူတစ်ယောက်က သူ့အတွက် ကိုယ်စားရေးပေးမယ်ဆိုရင်လည်း ဘာအတွက်အားလုံးဒုက္ခခံတော့မလဲ.. ပရိသတ်တွေကို ကုမ်ပဏီပေ့ချ်ကိုပဲ စာပို့ခိုင်းလိုက်တော့မှာပေါ့။ ဒါပေမယ့် အချင်းအချင်းတွေ့ဆုံနှုတ်ဆက်ပြီး မျက်နှာပြရတဲ့ပွဲမျိုးတွေမှာတော့ ပိုင်လန်က စိတ်ပါလက်ပါ ပူးပေါင်းဆောင်ရွက်လေတယ်။
ပိုင်လန်က ခေါင်းကိုမော့ပြီးပြုံးလိုက်တယ် “ဓါတ်ပုံတွေ ရလဒ်ကောင်းကောင်းထွက်လာတာပဲ ကျေးဇူးတင်ပါတယ်၊ ပြဿနာမတက်တော့ဘဲ အခွင့်အရေးကောင်းဖြစ်သွားတာပေါ့”
ဖန်းဟွာက သူ့တုန့်ပြန်ပုံကိုမြင်တော့ အံ့သြသွားလေတယ် “ရှင့်ကိုကြည့်ရတာ နည်းနည်းလေးတောင် စိုးရိမ်ပုံမရဘူး”
ပိုင်လန်က စိတ်မဝင်စားဟန် ပခုံးတွန့်ပြတယ် “တစ်ဖက်က ရေဆုံးမြေဆုံးဖော်ထုတ်နေတော့ ကျွန်တော်စိတ်ပူနေလည်း အသုံးမဝင်ဘူးလေ”
ဖန်းဟွာက စားပွဲပေါ်က သတင်းစာတွေကို နောက်တစ်ကြိမ်ကြည့်ပြန်တယ်။ ပြီးတော့မှ ခေါင်းထဲမှာရုတ်တရက်အတွေးပေါက်သွားလေတယ် “ရှင်.. ဒီလိုဝတ်စားပြီး စူပါမားကတ်သွား၊ တမင်သက်သက် ဓါတ်ပုံအရိုက်ခံလာတယ်လို့တော့… ကျွန်မကို လာမပြောနဲ့နော်…”
ပိုင်လန်က ပြုံးပါတယ် “ဓါတ်ပုံရိုက်ချင်နေတဲ့သူကို စိတ်ကြိုက်ရိုက်ခွင့်ပေးလိုက်တာပါဗျာ၊ ဒါမှ ပုံကောင်းကောင်းလေး ထွက်လာမှာပေါ့”
ဖန်းဟွာတစ်ကိုယ်လုံး ရှော့ခ်ရသွားသလိုပဲ။ ဒီလိုနည်းလမ်းက လူသစ်တန်းသရုပ်ဆောင်တစ်ယောက် စဉ်းစားမိနိုင်တဲ့ နည်းလမ်းမဟုတ်ဘူး။ သူက နေရာတွေ၊ အချိန်တွေ အကောင်းဆုံးရွေးချယ်နိုင်ပြီး ဘယ်လိုအနေထားမျိုးနဲ့ ရိုက်မယ် မရိုက်ဘူးပါ.. ထိန်းချုပ်နိုင်စွမ်းရှိလေတယ်……
ဒီအကြောင်းတွေကို တွေးရင်းတွေးရင်း ဖန်းဟွာက ချန်စုန့်(ပိုင်လန်အရင်မန်နေဂျာ) ပြောစကားတွေကို ပြန်စဉ်းစားမိလာတယ်။ ပိုင်လန့်အကြောင်း သူပြောခဲ့တာတွေက အခု သူမ လက်တွေ့မြင်နေတာနဲ့ တခြားစီပါပဲ။
ရင်ထဲက ဝေခွဲမရဖြစ်မှုတွေကိုဖုံးကွယ်ရင်း ဖန်းဟွာက ပိုင်လန့်ကို စိုက်ကြည့်နေတယ် “ဒါပေမယ့် အခုမှတ်ထားရမှာက နောက်တစ်ကြိမ်ရှိလို့ မရဘူးဆိုတာပဲ၊ နောက်ထပ်ဒီလိုမျိုးဖြစ်လာမယ်ဆိုရင် ရှင် ကျွန်မကို အရင်ဆုံးအသိပေးရလိမ့်မယ်”
“ဟုတ်ကဲ့၊ အစ်မဖန်းကို ဒုက္ခပေးသလို ဖြစ်သွားပြီ၊ ကျွန်တော် တောင်းပန်ပါတယ်” ပိုင်လန်က ကျိုးကျိုးနွံနွံလေး တောင်းပန်စကားဆိုလိုက်တယ်။
ဖန်းဟွာက ခေါင်းညိမ့်တယ် “ကဲ.. အရေးမပါတာတွေ မပြောတော့ဘူး၊ ထားလိုက်တော့၊ အခုပြောမှာက ကုမ်ပဏီဘက်က တန်ပြန်အစီအစဉ်ပဲ”
ပိုင်လန်က လက်ခံလိုက်ပေမယ့် စိတ်ထဲမှာတော့ သက်ပြင်းချမိတယ်။ သူ့အရင်ဘဝရဲ့စမ်းသပ်ချက်သုံးခုလုံးမှာ ဒီလိုမျိုးကုမ်ပဏီဘက်က ဝန်ဆောင်မှုမျိုး တစ်ခုမှ မရခဲ့ဖူးဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဖန်းဟွာက ချက်ချင်းရှေ့ထွက်လာရင်း ဝိုင်းကူညီပေးခဲ့တယ်လေ။ သူက စိတ်ချလက်ချဖြစ်သွားပေမယ့် တစ်ချိန်တည်းမှာပဲ စိတ်ရှုပ်ထွေးလာတယ်။ အဆက်အသွယ်အထောက်အပံ့ကောင်းတွေဆိုတာ အကျိုးအမြတ်ပေါ်မူတည်ပြီးမှ ရရှိလာနိုင်တာကိုး…… ဒါက လောကကြီးရဲ့ ရက်စက်တဲ့အမှန်တရားတစ်ခုပါပဲ။
“စမပြောခင် ရှင့်ကိုအရင်ဆုံးချီးကျူးသင့်တယ်လို့ ထင်တယ်၊ ရှင်ဖြေရှင်းတဲ့ပုံစံက အရမ်းကိုကောင်းတယ်” ဖန်းဟွာကရုတ်တရက်ပြုံးလိုက်တယ် “တမင်တကာ ဓါတ်ပုံရိုက်ခွင့်ပေးပြီး ဒီလိုမီဒီယာကို လှည့်စားလိုက်တဲ့ဖီလင်က ...ဘယ်လိုပြောမလဲ .. အရမ်းကိုကောင်းတယ်။ ဒီကိစ္စမှာ ကျွန်မတို့ကိုယ်တိုင်က နာမည်ကြီးအောင် တမင်တကာဖွတယ်လို့ အခြားသူတွေထင်ရင်လည်း ထင်ပါစေ။ သူတို့ကို ဒီအတိုင်းပဲ ဆက်ထင်ခိုင်းထားရမယ်။
“အစ်မဖန်းက ဘယ်လိုလုပ်ချင်လို့လဲ” ပိုင်လန်က အံ့သြတယ်လို့ မခံစားရပါဘူး။
ဒါကိုကပဲ ပိုင်လန်ရဲ့အကြံဖြစ်နေလို့ပါ။ ဖုံးကွယ်ထားလို့မရနိုင်မှတော့ ကိုယ့်ဖာသာကိုယ် ပြန်ပရိုမိုးရှင်းဆင်းသလိုမျိုး အခြေအနေတွေကို အကောင်းဘက်ကိုပြောင်းရမှာပေါ့။ ဒါပေါ့ … သူကိုယ်တိုင်လုပ်မယ်ဆိုရင်တောင် သဘာဝကျမှာမဟုတ်ဘူး။ ကုမ်ပဏီကပါ ပူးပေါင်းပေးမယ်ဆိုရင်တော့ ကိစ္စကြီးတစ်ခုလုံးက ယုံကြည်နိုင်လောက်စရာဖြစ်သွားပြီလေ။
ဖန်းဟွာက ဆက်ပြီးပြောတယ် “ဒီရက်ပိုင်း ကျွန်မ ရှင့်အတွက် ဇာတ်ညွှန်းအချို့သေချာရှာပေးထားတယ်။ အစက ရှင် ‘လက်တွဲဖော်များ’ ရိုက်ပြီးသွားမှ ပြောမလို့ပဲ။ အခုတော့ ကိစ္စတွေက ဒီလိုဖြစ်လာတော့ ကျွန်မလည်း ရွေးစရာများများမရှိတော့ဘူး။ နည်းနည်းတော့ စွန့်စားရကျလိမ့်မယ်။ ဒါပေမယ့် အခုဒါက အကောင်းဆုံးဖြေရှင်းနည်းလို့ ကျွန်မထင်တယ်”
သူမက ပြောလို့လည်း ပြီးသွားရော စားပွဲပေါ်က ဇာတ်ညွန်းထူထူတစ်အုပ်ကိုယူပြီး ပိုင်လန့်ကို ပေးလိုက်တယ်။
ပိုင်လန်က ယူလိုက်ပြီး အရှေ့ဖုံးမှာရှိတဲ့ ဒါရိုက်တာနာမည်ကိုမြင်တဲ့အခါမှာ အကြည့်တွေက ရပ်သွားတယ်။
ဖန်းဟွာက ပိုင်လန်ရဲ့အံ့သြနေတဲ့မျက်နှာကို မြင်ပြီး ရှင်းပြပါတယ် “ကျူခွန်းလေ၊ ဒါရိုက်တာကို ရှင်ကြားဖူးမှာမဟုတ်မှန်း ကျွန်မသိပါတယ်၊ သူက တရုတ်မှာ တစ်ခါမှ ရုပ်ရှင်မရိုက်ဖူးသေးဘူး၊ ဒါပေမယ့် နိုင်ငံခြားမှာ ပရဟိတအဖွဲ့အစည်းတွေအတွက် ဖြစ်ရပ်မှန်ဇာတ်လမ်းတိုတွေ ရိုက်လာတာတော့ကြာနေပြီ၊ အခုသူ့သူငယ်ချင်းက သူ့ကို တရုတ်ပြည်ပြန်လာဖို့ပြောပြီး အဝတ်အစားအကြောင်းရိုက်ကူးတဲ့ရုပ်ရှင်တစ်ခုမှာ ရင်းနှီးမြှပ်နှံချင်လို့လေ။ ဒါပေမယ့် ကျူခွန်းဆိုတဲ့နာမည်က အရမ်းကိုအသစ်ဖြစ်နေတယ်။ ပြီးတော့ ရုပ်ရှင်ဆိုတာလဲ ဇာတ်လမ်းတိုနဲ့ကွာတယ်မလား။ အဲဒါကြောင့် နာမည်ရှိတဲ့မင်းသားတွေက မစွန့်စားရဲကြဘူး။ ဝါနုတဲ့လူဆိုရင်လည်း အတွေ့အကြုံသိပ်မရှိတော့ ကာရိုက်တာနဲ့လိုက်ပြီး သရုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ဒီနေရာမှာ လူရွေးနေတာနဲ့ကို အခက်အခဲဖြစ်နေတာ။ ရှင့်လို အခုမှပွဲဦးထွက် မင်းသားတစ်ယောက်အနေနဲ့ ပထမဆုံးရုပ်ရှင်က အရေးကြီးမှန်း ကျွန်မသိပါတယ်။ ဒါပေမယ့် ဒီကာရိုက်တာက……..”
ပိုင်လန်က ဖြတ်ပြောလိုက်တယ် “ကျွန်တော်ရိုက်မယ်”
ဖန်းဟွာက မျက်ခုံးတွေ ပင့်တက်သွားရင်း “အရေးကြီးတဲ့အပိုင်း မပြောရသေးဘူးလေ”
“ဖြတ်ပြောမိတာ တောင်းပန်ပါတယ်” ပိုင်လန်က ပြုံးလိုက်တယ် “ဒါပေမယ့် ကျွန်တော် ဒါရိုက်တာကျူခွန်းကို သိပါတယ်၊ သူ့ဇာတ်လမ်းတိုတွေအများကြီး ကြည့်ဖူးတယ်၊ အရမ်းလည်းကြိုက်တယ်၊ ဒီလိုအခွင့်အရေးမျိုး မြန်မြန်ရလိမ့်မယ်လို့ပဲ ကျွန်တော်မထင်ထားမိလိုက်တာ”
အရင်ဘဝတုန်းက ကျူခွန်းက ပိုင်လန့်ကို အများကြီးသင်ပေးခဲ့ဖူးပြီး သူကလည်း ကျူခွန်းရိုက်ကူးသမျှအကုန်လုံးကို ကြည့်ခဲ့ဖူးတယ်။ ကျူခွန်းက အသက်လေးဆယ်ကျော်လောက်ရှိပြီး ပထမဆုံးရုပ်ရှင်ရိုက်ဖို့ တရုတ်ပြည်ပြန်လာမှန်းလည်း သူသိပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်က ဘတ်ဂျက်မလောက်ဘဲ ရိုက်ကွင်းတစ်ဝက်မှာပဲ ရင်းနှီးမြှပ်နှံသူအသစ် မရှာနိုင်လို့ ချောင်ထိုးခံခဲ့ရတယ်။
ကျူခွန်းရဲ့အရည်အချင်းနဲ့ နောက်ထပ်ရုပ်ရှင်တစ်ခု မြန်မြန်ရှာတွေ့ပေမယ့်လည်း ပထမဆုံးရုပ်ရှင်ကျဆုံးခြင်းက သူ့သူငယ်ချင်းရဲ့ အထည်အလိပ်ကုမ်ပဏီကို ဆိုးဆိုးရွားရွားထိခိုက်စေခဲ့တယ်။ နောက်နှစ်ပေါင်းများစွာကြာတဲ့အထိ သူက ဒီအကြောင်းကို နက်နက်နဲနဲ ခံစားခဲ့ရတယ်။ သူငယ်ချင်းကို အရာအားလုံးဆုံးရှုံးစေတဲ့အတွက် သူ့ကိုယ်သူလည်း အပြစ်တင်ခဲ့တယ်။ ဒါပေမယ့် ကံကောင်းတာကတော့ သူငယ်ချင်းက နားလည်ပေးတတ်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပြီး ရင်းနှီးမှုလည်း မပြောင်းလဲခဲ့ပါဘူး။ ဒီအကြောင်းတွေကို ပိုင်လန်ကြားတဲ့အခါ သူကသိပ်ကိုအားကျခဲ့တာပေါ့။
“အိုး.. ရှင်လည်း ဇာတ်လမ်းတိုတွေ ကြည့်တယ်ပေါ့၊ ဒါဆိုရှင်လည်း ဒီရုပ်ရှင်ကို စိတ်ဝင်စားတယ်မလား” ဖန်းဟွာက စိတ်မချလက်မချ ရှိနေသေးတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတိုတွေက ကြည့်ရှုသူအနည်းငယ်ပဲရှိပြီး ကျူခွန်းလက်ရာတွေကလည်း ရှာရခက်တယ်လေ။
“ဟုတ်ကဲ့” ပိုင်လန်က လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်တယ် “ကျွန်တော် အများကြီးစိတ်ဝင်စားပါတယ်”
သူ့အပြုံးက ဖန်းဟွာကို မှင်တက်သွားစေတယ်။ ဒါပေမယ့် သူမက စိတ်လည်းချသွားတယ်။ ပိုင်လန်ရဲ့အတွင်းစိတ်ကို လုံးဝကြီးမမြင်နိုင်တောင်မှ စိတ်ဝင်စားမှုက စစ်မှန်မယ်ဆိုရင် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာမှာပဲလေ။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ လေးကန်ပျင်းရိနေတဲ့သူ မဟုတ်တော့ဘူးပေါ့။
“ကောင်းတာပေါ့” ဖန်းဟွာက ကျေနပ်သလို ခေါင်းညိမ့်တယ် “ဒါပေမယ့် ကျွန်မ ဒီဇာတ်ညွှန်းကို ရွေးရတာက ကျူခွန်းကြောင့်ချည်းပဲလည်း မဟုတ်ဘူး၊ ဇာတ်ဆောင်မင်းသားကြောင့်လည်း ပါတယ်၊ မင်းသားက ချမ်းသားပြီးနာမည်ကြီးတဲ့မိသားစုက ဆင်းသက်လာတဲ့သူ၊ ချမ်းသာလွန်းလို့ တစ်သက်လုံး အလုပ်လုပ်စရာတောင် မလိုတဲ့လူမျိုး၊ ငယ်ငယ်လေးတည်းကလဲ လက်ညှိုးညွှန်သမျှရေဖြစ်တယ်၊ ဒါပေမယ့် ဆွေမျိုးအရင်းခေါက်ခေါက်က သစ္စာဖောက်လို့ အကုန်ဆုံးရှုံးပြီး သီးသန့်ဝတ်စုံချုပ်တဲ့လူဖြစ်လာတယ်၊ ပြီးတော့ သူကျင်လည်ခဲ့တဲ့လောကထဲမှာပဲ နောက်တစ်ကြိမ်ဝင်ဆန့်နိုင်ဖို့ ကြိုးစားတယ်”
“ဒါဆိုရင် ကာရိုက်တာအကြောင်းကို နားလည်ဖို့ ကျွန်တော်က ချမ်းသာတယ်ဆိုတဲ့အရသာကို သိနေဖို့လိုတာပေါ့?” ပိုင်လန်က မေးလိုက်တယ်။
“အမှန်ပဲ၊ ဇာတ်လမ်းထဲမှာက မင်းသားကို အမြဲတမ်းစမတ်ကျပြီး ခန့်ညားတဲ့ပုံစံမျိုး ဖော်ပြထားတယ်၊ အထက်တန်းလွှာတွေမှာပဲ ရှိတတ်တဲ့ပုံစံပေါ့” ဖန်းဟွာက ပြုံးပြီးရှင်းပြတယ် “ဒါက ဇာတ်ကောင်အတွက် အရေးကြီးတဲ့မိန်းပွိုင့်ပဲ၊ သူ့အလုပ်ရယ် ဘဝရဲ့ခက်ခဲတဲ့အခြေအနေတွေမှာတောင် ပုံစံက လျော့မကျသွားခဲ့ဘူး၊ ဒီလိုခံစားချက်မျိုးကို နားလည်ဖို့ ရှင်လည်း အတွေ့အကြုံလေးတော့ရှိမှဖြစ်မှာ။ ကျွန်မတို့က ဟိုဘက်က ရင်းနှီးမြှပ်နှံသူနဲ့ ဆက်သွယ်ပြီးသွားပြီ။ ရှင် ခေါင်းညိမ့်လိုက်တာနဲ့ ကျွန်မတို့ မီဒီယာမှာ ချက်ချင်းထုတ်ပြန်လိုက်ရုံပဲ”
ပိုင်လန်က ဖန်းဟွာရဲ့လုပ်ကိုင်နိုင်စွမ်းတွေကို မလေးစားရမနေနိုင်အောင် ဖြစ်သွားတယ် “ကျေးဇူးတင်ပါတယ် အစ်မဖန်း”
ဖန်းဟွာက သက်ပြင်းချလိုက်တယ် “တစ်ခုပဲ.. ဇာတ်ကောင်ရဲ့အတွင်းစိတ်ထဲက လွန်ဆွဲနေတဲ့ ပဋိပက္ခတွေကို ဖော်ပြတဲ့နေရာမှာ ရှင့်လို လူသစ်အတွက်တော့ ခက်ခဲနေလိမ့်မယ်၊ ပြီးတော့ ရင်းနှီးမြှပ်နှံသူတွေကလည်း လက်လျော့ထားကြတာ အကြိမ်ကြိမ်ပဲ၊ အခုအဖြစ်အပျက်တွေကြောင့်သာ မဟုတ်ရင် ကျွန်မလည်း ရှင့်ကို မစွန့်စားစေချင်ပါဘူး၊ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ရှင်လိုအပ်တာရှိရင် ကျွန်မကို အသိပေးပေါ့၊ အရမ်းကြီးအားနာနေဖို့ မလိုဘူး၊ ဟုတ်ပြီလား?”
ဒါပေမယ့် ပိုင်လန်က ဒီရုပ်ရှင်ရိုက်ရင်းဖြစ်လာနိုင်မယ့် အခြေအနေတွေကို သိပြီးဖြစ်နေပါပြီ။ “အစ်မဖန်း.. ဒီရုပ်ရှင်က ခန့်မှန်းခြေ ဘယ်လောက်များကုန်ကျနိုင်မလဲ”
ဒီမေးခွန်းက ထူးဆန်းတယ်လို့ ဖန်းဟွာကခံစားလိုက်ရတယ် “အခုတော့ ကုန်ကျစရိတ်ကို သိန်း (၃၅၀) လောက် သတ်မှတ်ထားတယ်၊ ဒါပေမယ့် ဒီကားထဲမှာ ရိုက်ကွင်းနေရာအကောင်းစားတွေ အများကြီးပါတော့ သေသေချာချာလေး မစီစစ်ဘူးဆိုရင်တော့ ပရမ်းပတာတွေဖြစ်ပြီး ဒီထက်ပိုများမှာပဲ”
အရင်ဘဝတုန်းက ကျူခွန်းက သူ့ပထမရုပ်ရှင်မှာ ကုန်ကျစရိတ်တွေကို ဂရုတစိုက် မတွေးတောခဲ့မိဘူး။ ပိုင်လန့်အတွက်လည်း အခုချိန်မှာ သိန်း(၃၅၀)ရဲ့ ၁၀ ပုံပုံ ၁ ပုံ ၊ (၃၅) သိန်းဆိုတာတောင် မိုးပေါ်ကကျလာမှ ရနိုင်မယ့် အနေအထားမျိုး။ ဒါပေမယ့် ပိုင်လန်က ရလာတဲ့အခွင့်အရေးကိုလည်း လက်မလွှတ်နိုင်ဘဲ ကျူခွန်းရဲ့ နောင်မှရမယ့်နောင်တတွေကိုလည်း ကူညီပေးချင်မိတယ်။ ဒါက သူ့အတွက် အရာအားလုံးသင်ကြားပေးခဲ့တဲ့ ကျူခွန်းအတွက် ပြန်ပေးဆပ်နိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်။
သာမန်လုပ်ရိုးလုပ်စဉ်အရဆိုရင် သရုပ်ဆောင်ရွေးတာကစပြီး ရုပ်ရှင်ရိုက်ကူးတဲ့အချိန်ထိ လအနည်းငယ်လောက်ကြာလိမ့်ဦးမှာ။ ဒီအတောတွင်း နည်းလမ်းတွေရှာဖွေလို့ ရနိုင်သေးတယ်လေ… ပိုင်လန်က ဝေခွဲမရတဲ့အမူအရာနဲ့ပဲ ခေါင်းညိမ့်ပြလိုက်တယ် “ဒါဆို သတင်းထောက်တွေ နောက်ထပ်မေးလာရင် ကုမ်ပဏီကပဲ အားလုံး စီစဉ်တာလို့ ပြောလိုက်ပါ့မယ်”
ဖန်းဟွာက ကမန်းကတန်း ထပ်ပြောလိုက်တယ် “အိုး.. ဒါပေမယ့် တိုက်ခန်းကိစ္စဆိုရင်တော့ ရှင့်သူငယ်ချင်းက ကူညီတယ်လို့ပြောပေးပါ၊ ကုမ်ပဏီမှာက မျက်လုံးတွေများတယ်လေ၊ အကုန်လုံးက ကွန်ပလိန်းတက်ကုန်ရင် ကျွန်မခေါင်းလည်း ပေါက်ကွဲထွက်ရုံပဲ ရှိတော့တယ်”
ပိုင်လန်က ပြုံးတယ် “ဟုတ်ကဲ့၊ ရပါတယ်”
“သူငယ်ချင်းကတော့….” ဒီနေရာမှာ ဖန်းဟွာရဲ့မျက်နှာမှာ အပြုံးတစ်ခု တွဲလဲခိုလာတယ် “အောက်ထပ်မှာ ရှင့်ကို စောင့်နေလေရဲ့”
ပိုင်လန်တစ်ယောက် အောက်ထပ်ကိုဆင်းလာတဲ့အချိန်မှာ အဆောက်အဦးမြေညီထပ်ဧည့်ခန်းမဆောင်မှာ ထိုင်နေတဲ့ ရုန်စစ်ချီကို တွေ့လိုက်တယ်။ သူက နားကြပ်လေးတပ်ထားပြီး ဘေးနားမှာတော့ ကျောပိုးအိတ်တစ်လုံးရှိတယ်။
ဧည့်ခန်းမဆောင်က ကြမ်းပြင်ကနေ မျက်နှာကျက်အထိ မှန်ပြတင်းတွေတပ်ဆင်ထားပြီး ကြီးမားတဲ့အခန်းတစ်ခုဖြစ်တယ်။ ပိုင်လန့်နောက်ကိုလိုက်နေတဲ့ပါပါရာဇီတွေက အခု ရုန်စစ်ချီရဲ့အနီးဆုံးပြတင်းနားမှာကပ်ပြီး ဓါတ်ပုံတဖြတ်ဖြတ်ရိုက်နေကြလေတယ်။ ရုန်စစ်ချီရဲ့မျက်နှာက တည်ငြိမ်နေပြီး ဘာကိုမှမမြင်မိသလို ဖုန်းကိုသာ တတောက်တောက်နှိပ်နေတယ်။
ဓါတ်လှေကားပွင့်သံ “ဒင်..” ဆိုတဲ့အဆုံးမှာ ရုန်စစ်ချီက ခေါင်းကိုမော့ပြီးလှည့်ကြည့်လိုက်တယ်။ သူက ဓါတ်လှေကားထဲကထွက်လာတဲ့ ပိုင်လန့်ကိုမြင်တဲ့အခါ ဒီလူကိုပဲအထူးတလည်စောင့်နေသလိုမျိုး ချက်ချင်းပဲ နားကြပ်ကို အိတ်ထဲထည့်လိုက်လေတယ်။
ပိုင်လန်ရဲ့နှလုံးသားလေးက နွေးထွေးသွားပြီး အပြုံးလေးနဲ့လျှောက်လာလိုက်တာပေါ့။ အကြောင်းရင်းက သူ့ညီလေးကို တွေ့လိုက်ရသလို ခံစားရတာကြောင့်လေ။ နောက်ဆယ်နှစ်ရဲ့ရင့်ကျက်တဲ့ရုန်စစ်ချီအစား ဆယ့်ကိုးနှစ်အရွယ်ရုန်စစ်ချီလေးက ပိုင်လန့်အတွက် ညီငယ်လေးတစ်ယောက်လို ဖြစ်နေတာကြောင့်ပေါ့။
ပိုင်လန်က မေးခွန်းတွေမေးမနေဘူး၊ ပြုံးရင်းနဲ့ပဲပြောလိုက်တယ် “ဒီလိုအရှုပ်ထုတ်တွေထဲ မင်းအကူအညီကို ယူလိုက်ရတယ်လို့ အစ်မဖန်းကပြောတယ်၊ အလုပ်ရှုပ်သွားရင် တောင်းပန်တယ်နော်”
ရုန်စစ်ချီကို တိုတယ်အနုပညာက အများကြီးပံ့ပိုးပေးနေတဲ့အကြောင်းရင်းက သူ့ရဲ့ဂီတပါရမီပညာကြောင့်သာမဟုတ်ဘူး၊ သူ့မိသားစုနောက်ခံကြောင့်လည်း ဖြစ်တယ်။
ရုန်မိသားစုက တစ်နိုင်ငံလုံးရဲ့လေကြောင်းလောကမှာ နဂါးတစ်ကောင်အလား အုပ်စိုးထားတယ်။ သူက ရုန်မိသားစုရဲ့အငယ်ဆုံးသားဖြစ်ပြီး အထက်မှာ အစ်မတစ်ယောက်နဲ့အစ်ကိုနှစ်ယောက်ရှိတယ်။ အစ်ကိုအစ်မသုံးယောက်ထဲ အငယ်ဆုံးကတောင် သူ့ထက် ငါးနှစ်ပိုကြီးတယ်။ ဒါကြောင့် မိသားစုထဲမှာတော့ သူက အဖိုးဖြတ်မရတဲ့ အငယ်ဆုံးသားရတနာလေးဖြစ်တယ်။ ဒါပေမယ့် ဒီလိုအားလုံးရဲ့သဲသဲလှုပ်ခြင်းခံရတာကပဲ ရုန်စစ်ချီကို ပြင်ပလောကနဲ့ ဆက်သွယ်ရာမှာ အခက်အခဲဖြစ်စေတယ်။
သတင်းထောက်တွေရဲ့ဖော်ထုတ်မှုကြောင့် ရုန်စစ်ချီမိသားစုအကြောင်း လူတွေသိသွားတာက သူနာမည်ကြီးပြီး နောက်နှစ်ပေါင်းများစွာကြာပြီးမှပဲ။ အခုချိန်မှာတော့ သူက ပွဲဦးထွက်အဆင့်ပဲ ရှိသေးပြီး အားလုံးကလည်း သာမန်ချမ်းသာတဲ့မိသားစုတစ်စုက ဆင်းသက်လာတဲ့ သားလေးလို့သာ သိကြလေတယ်။
ရုန်စစ်ချီက ခပ်မိုက်မိုက်စတိုင်နဲ့ ခေါင်းကိုယမ်းလိုက်တယ် “အလုပ်မရှုပ်ပါဘူး၊ ကျွန်တော့်မိသားစုက တိုက် A မှာနေတာလေ၊ အစ်ကိုလန်ရော ဘယ်တိုက်မှာနေတာလဲ?”
“တိုက် D ၊(၈)လွှာမှာ” ပိုင်လန်က အိမ်လိပ်စာကို ပေးလိုက်တယ်။
“အင်း.. အစ်မဖန်းက အစ်ကိုလန်ရဲ့ကားကို စီးသွားလို့ ပြောလိုက်တယ်၊ သွားကြစို့” ရုန်စစ်ချီက ကျောပိုးအိတ်ကို ပုခုံးပေါ်တင်ရင်း အပြင်ထွက်ဖို့ ခြေလှမ်းလိုက်တယ်။
ဒီအခါ ပိုင်လန်က အပြင်ဘက်မှာ စုပြုံတိုးဝှေ့နေတဲ့ ပါပါရာဇီတွေကို တစ်ချက်လှမ်းကြည့်လိုက်မိတယ်။ သူတို့ရဲ့ ကြွက်ကြွက်ညံနေတဲ့အော်ဟစ်သံတွေက ထူထဲတဲ့မှန်တံခါးကိုဖြတ်ပြီး ကြားနေရသလိုပဲ။
သူက ရုန်စစ်ချီကို ဖွဖွပုတ်လိုက်တယ် “ကားယူလာတာကို အထဲမှာပဲ စောင့်နေရအောင်၊ ငါတို့အခုနေထွက်သွားမယ်ဆိုရင် လူအဖိခံရလို့ အရှင်လတ်လတ်ပြားကုန်လိမ့်မယ်”
ရုန်စစ်ချီက အပြင်ကိုကြည့်လိုက်တယ်။ နောက်တစ်ကြိမ်ကင်မရာမီးတွေ လက်သွားတဲ့အခါ သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်လေတယ်။
ဒါကိုမြင်တဲ့ပိုင်လန်က ရှပ်အင်္ကျီမှာချိတ်ထားတဲ့ နေကာမျက်မှန်ကို ယူပြီး ရုန်စစ်ချီကို ပေးလိုက်တယ် “ရော့ ဒါဝတ်ထား၊ မင်းမျက်လုံးတွေအတွက် မကောင်းဘူး၊ ကင်မရာမီးတွေက ဒုက္ခပေးလိမ့်မယ်”
ရုန်စစ်ချီက ရပ်သွားတယ်။ ဒါပေမယ့် သူတို့အခု ‘သူငယ်ချင်းရှိုး’လုပ်ရမှာကို သတိရမိတဲ့အခါ မျက်မှန်ကိုလှမ်းယူပြီး တပ်လိုက်တယ်။
နောက်တစ်နေ့မှာတော့ သတင်းစာဂျာနယ်အများစုရဲ့ ခေါင်းကြီးပိုင်းကဏ္ဍမှာ ဒီဓါတ်ပုံက နေရာယူလာတယ်။
နောက်ပြီး တစ်နေ့တည်းမှာပဲ UNI ကလည်း သူတို့ရဲ့ဆောင်းရာသီထုတ်ကုန်အသစ်ကြော်ငြာကို ထုတ်လွှင့်ခဲ့လေတယ်။ ပိုင်လန်နဲ့ရုန်စစ်ချီတို့နှစ်ယောက်ရဲ့ နှစ်ယောက်တွဲဓါတ်ပုံတွေပေါ့။
ရင့်ကျက်ပြီး ကြင်နာတတ်တဲ့အစ်ကိုကြီးနဲ့ အေးဆေးတည်ငြိမ်လှတဲ့ဉာဏ်ကြီးရှင် ညီငယ်လေး လေ။
……………………….