(14) ချိုးရှောင်ဟိုင်
“မကြာသေးမီက နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ ‘ဘဝလက်တွဲဖော်များ’ ကတော့ ရိုက်ကူးလို့ အားလုံးပြီးဆုံးသွားပြီးဖြစ်ပါတယ်၊ မနေ့ညက ရုန်ဟွာကလပ်မှာ ကျင်းပတဲ့ ဂုဏ်ပြုညစာစားပွဲမှာတော့ အဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေအားလုံးစုဝေးပြီး စိတ်လွတ်လက်လွတ် ပျော်ရွှင်ခဲ့တယ်လို့ သိရှိရပါတယ်၊ သူတို့က ညနေ(၆)နာရီဇာတ်လမ်းတွဲတွေကြား ကြည့်ရှုနှုန်းအများဆုံးဖြစ်လာတဲ့ ‘ဘဝလက်တွဲဖော်များ’ ကြောင့် အရမ်းကို တက်ကြွနေခဲ့ကြပါတယ်……… ”
“….ဒါရိုက်တာကျုံးချွင်ချွိုင်က အားပါးတရထောက်ခံပြောကြားခဲ့တာက ဇာတ်လမ်းတွဲရဲ့အောင်မြင်မှုက ဇာတ်ညွှန်းရေးဆရာရဲ့ပြောမပြတတ်လောက်အောင် ကောင်းတဲ့အရေးစွမ်းရည်၊ မျိုးဆက်သစ်သရုပ်ဆောင်လေးတွေရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပရိသတ်တွေရဲ့အကြံဉာဏ်နဲ့အားပေးမှုတို့ကြောင့်ပဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်၊ ဒါ့အပြင် သူက ကိုယ်ပိုင်အမြင်တစ်ခုကိုလည်း တင်ပြခဲ့ပါတယ်၊ အဲ့တာကတော့ ကျန်းရှင်းချန်နေရာသရုပ်ဆောင်တဲ့ ပိုင်လန်ရဲ့ ရိုက်ကွင်းအတွင်း တိုးတက်လာမှုများဖြစ်ပြီး အရမ်းကိုအရည်အချင်းရှိတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ကြောင်းလည်း ထုတ်ဖော်ခဲ့ပါတယ်၊ ဒါရိုက်တာတစ်ယောက်အနေနဲ့ အရမ်းကိုဂုဏ်ယူရပါကြောင်း………”
မနက်အစောပိုင်းမှာတော့ အနုပညာသတင်းတွေ ထုတ်လွှင့်နေခဲ့ပြီး စခရင်ပေါ်မှာက ပိုင်လန်ရဲ့အမျိုးမျိုးသောဗီဒီယိုပြကွက်တွေကို ပြသနေခဲ့တယ်။
အဆက်မပြတ်လက်နေတဲ့ မီးရောင်တွေအောက်မှာ ပိုင်လန်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပိန်ပိန်ပါးပါးအရပ်ရှည်ရှည်နဲ့ လှပပြီးခန့်ညားနေခဲ့တယ်။ သူ့ရဲ့ ကြည်လင်ပြီးတောက်ပနေတဲ့မျက်ဝန်းတစ်စုံကတော့ နှစ်လိုဖွယ်ကောင်းစွာ ပြုံးနေတယ်။ UNI ရဲ့ကြော်ငြာတွေထဲကအတိုင်း ကြင်နာဖော်ရွေတတ်ပုံရတာကြောင့် မြင်ရသူတိုင်းရဲ့နှလုံးသားကို ပျော်ရွှင်မှုတွေကူးစက်လာစေတယ်။
တီဗီရှေ့မှာ ထိုင်နေတဲ့ ခန်းကျန့်က သတင်းစာကိုချပြီး စခရင်ပေါ်ကပိုင်လန်ကို စိုက်ကြည့်နေတယ်။
လွန်ခဲ့တဲ့လအနည်းငယ်ကလည်း ဒီလူက သူ့ကို ဒီပုံစံအတိုင်းတစ်ထပ်တည်း ပြုံးပြခဲ့တာလေ။ အပြုံးတွေက ပိုပြီးတော့တောင် စစ်မှန်ပြီး ရင်းနှီးချင်လာအောင် တိုက်တွန်းနေခဲ့တာ……
ဒါတွေကြောင့်ပဲ အခု ခန်းကျန့်က အများကြီးစဉ်းစားနေရပြီ။ သူ့အပေါ်မှာ ခင်ခင်မင်မင်ရှိလှတဲ့ပိုင်လန်က ဘာကြောင့် ရုတ်တရက်အေးတိအေးစက်ဖြစ်သွားမှန်း ထပ်ကာထပ်ကာစဉ်းစားနေရတယ်။ ဒါက နာမည်ကြီးသွားတာကြောင့်လို့ ဝူရှန်အန်းက တထပ်ချပြောပေမယ့် ခန်းကျန့်ကတော့ မယုံရေးချမယုံဘူး။ သူတို့ရင်းနှီးခဲ့တဲ့ကာလတွေအရ ပိုင်လန်က ဘဝင်မြင့်တတ်တဲ့သူမဟုတ်မှန်း ခန်းကျန့်ရဲ့မသိစိတ်ထဲကကို ယုံကြည်တယ်။
ဒါပေမယ့်လည်း အဲဒိနေ့ကရိုက်ကွင်းပေါ်က မုန်းတီးနေသယောင်ဖြစ်နေတဲ့ သူ့မျက်ဝန်းတွေကလည်း အမှန်ပဲ။ အကြည့်တွေကလည်း အေးစက်ပြီးဟန်ဆောင်နေတာ မဟုတ်ဘူး။
… ဒါဆို… ပိုင်လန်များ သူ့ခံစားချက်တွေကို သိသွားလို့လား?
ရိုက်ကွင်းနေ့မတိုင်မီ သူတို့နှစ်ယောက်နောက်ဆုံးတွေ့ခဲ့ကြတဲ့တစ်ညကို ခန်းကျန့်က မှတ်မိသေးတယ်။ ဘီယာတစ်ဖာသယ်ပြီး ပိုင်လန်ရဲ့တိုက်ခန်းမှာ စကားစမြည်ပြောခဲ့ကြတာလေ။
အဲဒိညနေက ပိုင်လန့်ကို သူနဲ့အတူလိုက်သောက်ဖို့ ဆွယ်တရားဟောပေမယ့် ပိုင်လန်က ခေါင်းမာစွာနဲ့ ငြင်းခဲ့တယ်။ ပိုင်လန့်ကို မူးအောင်တိုက်မယ့် ခန်းကျန့်အတွေးတွေလည်း ပျက်ပြားသွားတာပေါ့။ ဒါကြောင့် သူ့ဖာသာသူပဲ အရက်မူးချင်ယောင်ဆောင်ပြီး ပိုင်လန့်ကို စလိုနောက်သလို တက်ဖိလိုက်ရတယ်။ နောက်တော့ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး သူ့နှုတ်ခမ်းက ပိုင်လန့်ပါးနဲ့ မိတ်ဆက်သွားလေတယ်။ သူက ပိုင်လန့်ကို ပိုပိုပြီးတောင် သဘောကျလာခဲ့တာ။ ပိုင်လန့်ကိုတွေ့တိုင်းမှာ သူ့နှလုံးသားလေးက ယားယံလာလွန်းလို့ ထိန်းချုပ်နိုင်စွမ်းတွေ ပျောက်ကွယ်ခဲ့ရတာလေ။
ဒါပေမယ့် သူက သူငယ်ချင်းဆိုတဲ့စည်းကို ထိန်းသိမ်းနိုင်အောင် မနဲကြိုးစားခဲ့ပါတယ်။ နောက်နေ့မနက်မှာ သူက ပိုင်လန့်ကိုအလာပသလာပဖုန်းခေါ်ခဲ့ပြီး တစ်ဖက်လူအခြေအနေ မထူးခြားတာတွေ့မှ စိတ်အေးခဲ့ရတာ။
ဒါကြောင့်ပဲ အစတုန်းက သူက ပိုင်လန်ပြောင်းလဲသွားရတဲ့အကြောင်းရင်းကို တွေးတောလို့မရခဲ့ဘူး။ ဒါပေမယ့် အခုတော့ ပိုင်လန်ရဲ့ ငြင်းပယ်တဲ့မျက်နှာအမူအရာကိုမြင်တိုင်း အကြောင်းရင်းက တွေးထင်စရာ ဒီတစ်ခုပဲရှိတော့တယ်။
ဒါ့အပြင် တစ်ဖက်က ဖုန်းပြန်ဖြေတဲ့သူ ပိုင်လန်ရဲ့ချစ်သူဆိုတာ ခန်းကျန့်စိတ်ထဲ လုံးဝသေချာတယ်။
မနက်အစောကြီး ၊ အိပ်ချင်မူးတူးအသံရယ်၊ ရေချိုးနေတာရယ်၊ အနီးနားက ဖုန်းရယ်။ သဲလွန်တစ်ခုချင်းစီက ဆက်စပ်တွေးကြည့်လိုက်ရင် ဒါပဲလေ။ ပိုင်လန်နဲ့အဲ့လူက မနေ့ညက တစ်အိပ်ရာထဲအတူအိပ်တာ ကြိမ်းသေတယ်၊ ဒါမှမဟုတ်ရင် ဘာကြောင့် တစ်ခြားလူက သူ့ဖုန်းကို လာကိုင်မှာတုန်း။
ဒါတွေ တွေးမိတဲ့ခန်းကျန့်က မနာလိုစိတ်တွေနဲ့ အမှောင်ဖုံးလာတယ်။
အဲ့လူအတွက်ကြောင့်များ ပိုင်လန်က သူ့ကိုစည်းခြားလိုက်တာလား….
အကယ်၍ ဒါက အမှန်ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ သူ့ကိုဒီလိုဆက်ဆံတဲ့အတွက် ပိုင်လန့်ကိုခွင့်လွှတ်ပေးလို့ရပါတယ်။ ချစ်သူတစ်ယောက်တည်းကိုပဲ သစ္စာရှိတာမျိုးကို သူသဘောကျပါတယ်။ ပြီးတော့ ပိုင်လန်ရဲ့စိတ်နေသဘောထားကိုလည်း နဂိုတည်းက သဘောကျပြီးသားလေ။
ဒါပေမယ့် ဒီနေရာမှာ နှမြောစရာကောင်းတာက ပိုင်လန်က သူ့အတွက် မဟုတ်တာပဲ….. မဟုတ်ဘူး…. အချိန်တွေ အများကြီးကျန်သေးတယ်လေ… အဆုံးသတ်မှာ ဘာတွေဖြစ်မလဲ ဘယ်သူက သိမှာလဲ…..
လူတွေက ချစ်ကြိုက်ကြ ကွဲကြနဲ့ သံသရာလည်နေတာလေ။ သူလုပ်စရာရှိတာက စိတ်ရှည်ရှည်နဲ့စောင့်ဖို့ပဲ။ ဒါဆိုရင် တစ်နေ့တော့ အခွင့်အရေးရလာမှာ။
ပိုင်လန်က သူ့ကိုမငြင်းတော့တဲ့ တစ်နေ့ရောက်ရင် သူတို့နှစ်ယောက် ပြန်စတင်လို့ရပါပြီ….
သူ လုပ်ရမှာက ကိုယ့်ကိုကိုယ် တိုးတက်လာအောင်လုပ်ဖို့ပဲ.. ဒါမှ အဲဒိနေ့ရောက်ရင် ပိုင်လန့်ကို ကပ်တယ်လို့ လူတွေက မပြောကြမှာ… တစ်နေ့ကြရင် ပိုင်လန်ရဲ့ဘေးနား ဂုဏ်သိက္ခာရှိရှိ ရပ်နိုင်မယ်လို့ သူယုံကြည်ချက်ရှိတယ်။
ခန်းကျန့်က သူ့လက်ကို ဘောင်းဘီထဲထည့်ထားရင်း ပွတ်တိုက်နေလိုက်တာ အသက်ရှုနှုန်းတွေ မြန်လာလေတယ်။
***
ဂုဏ်ပြုပွဲပြီးသွားတဲ့ နောက်တစ်နေ့မှာ ပိုင်လန်က တိုက်ခန်းရဲ့ကုတင်အကြီးကြီးပေါ်မှာ အတော်ကြီးနောက်ကျပြီးမှ နိုးလာတယ်။ သူက စိတ်ရှုပ်ထွေးဟန်နဲ့ ခေတ္တခဏ မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ် ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ မနေ့ညက ဘယ်လိုအိပ်ပျော်သွားမှန်း မသိလိုက်တာကြောင့်လေ။
သူက ဖောင်းအစ်နေတဲ့မျက်လုံးတွေကို လက်ချောင်းတွေနဲ့ပွတ်ပြီးမှ ဘယ်ပြန်ညာပြန်ကြည့်လိုက်တယ်။ အိပ်ရာတစ်ဖက်ခြမ်းက ပွလန်ကျဲနေပြီး မနေ့ညက ဝတ်ခဲ့တဲ့ အနက်ရောင်ဝတ်စုံကလည်း ကြမ်းပြင်မှာ လုံးထွေးနေတယ်။
ပိုင်လန်က ထပြီး ဈေးကြီးလှတဲ့ဝတ်စုံကို ဂရုတစိုက်နဲ့ချိတ်လိုက်ပြီးမှ ရေချိုးခန်းထဲကို ဖြည်းဖြည်းလေး လျှောက်သွားတယ်။
‘ဘဝလက်တွဲဖော်များ’ ရိုက်ကွင်းပြီးဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ ပိုင်လန် အရင်က ချုပ်ခဲ့တဲ့ ကြော်ငြာတွေကလည်း ကုန်သလောက်နီးပါးရှိသွားပြီ။ လာမယ့်နေ့တွေမှာတော့ ကျူခွန်းရုပ်ရှင် ‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’ ကလွဲပြီး ပိုင်လန်အတွက်လုပ်စရာ ဖန်းဟွာက များများစားစား မစီစဉ်ထားဘူး။
သူမအမြင်က ပိုင်လန်ရဲ့လတ်တလော လူသိများနှုန်းက ရလောက်ပြီတဲ့။ ဒီအချိန်မှာ ‘လက်တွဲဖော်များ’ ဇာတ်လမ်းတွဲကတော့ ပြသနေဆဲဖြစ်ပြီး ဇာတ်သိမ်းပိုင်းရောက်ဖို့ တစ်လကျော်လောက်လိုသေးတယ်။ ပရိသတ်နဲ့ထိတွေ့မှုများသွားရင်လည်း ရိုးအီသွားမှာ ကြောက်လို့လေ။
ဒါကြောင့် ပိုင်လန်က ဒီအားလပ်ရက်မှာ ကောင်းကောင်းအနားယူနေတယ်။ ဒါပေမယ့် ဖန်းဟွာကတော့ သူ့ကိုအိမ်စာပေးထားလေရဲ့။ သူမကပြောတယ် ‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’ ဇာတ်ညွှန်းကို ကျေညက်နေအောင်ဖတ်ထားရမယ်တဲ့။ ပြီးတော့ ပိုင်လန်အတွက် သီးသန့်ဝတ်စုံချုပ်ဖို့နဲ့ ဝတ်စုံချုပ်တာကိုလေ့လာဖို့ နာမည်ကြီးကိုယ်တိုင်းဝတ်စုံဆိုင်ကိုလည်း ရှာပေးထားတယ်။ ဒါပေါ့ .. ဖန်းဟွာက သူ့အတွက် ဆိုင်မှာ ထရိန်နင်ဆင်းဖို့တောင် စီစဉ်ပြီးသွားပြီ။
ဒါပေမယ့် ဒီနေ့တော့ ပိုင်လန်တစ်ယောက်အနားယူဖို့ ဆုံးဖြတ်ထားတယ်။
ဘာကြောင့်လဲဆိုတော့ စားပွဲပေါ်တင်ထားတဲ့ လမုန့်ဂျတ်ဖာကြီးကို ဘာလုပ်ပစ်ရမယ်မှန်း သူ မသိသေးဘူးလေ။
သူ့မိဘတွေရဲ့ T မြို့က အပြန်မှာ ပိုင်လန်တစ်ယောက် အိမ်လိပ်စာတွေ ဖုန်းတွေ အကုန်ပြောင်းခဲ့ပြီးသွားပြီ။ ဒါပေမယ့် ဖုန်းနံပါတ်ကတော့ အရင်အဟောင်းကို ဆက်ကိုင်ထားတုန်း။
ဒါပေမယ့်လည်း ဒီနေ့ထိအောင် သူ့မိသားစုက ဖုန်းခေါ်ပြီး ချက်လက်မှတ်အကြောင်းရှင်းပြတာမျိုး ဘာမှမရှိဘူး။ သူတို့က ဘာဆိုဘာမှကို မပြောခဲ့ကြဘူး။
ပြီးတော့ ရုတ်တရက် လမုန့်တစ်သေတ္တာက ရောက်ချလာတယ်။ ဒါဘာကို ဆိုလိုချင်တာပါလဲ။
သူက ပြန်လည်မွေးဖွားခဲ့တာတောင် မိသားစုအစစ်အမှန်ကို မရရှိနိုင်တော့ဘူးလား။
လမုန့်ဗူးကို အချိန်အတော်ကြာငေးစိုက်ကြည့်နေမိရင်း ပိုင်လန်က ခေါင်းခါလိုက်တယ်။ သူက လွှင့်ပစ်ဖို့ဆုံးဖြတ်ခဲ့လေတယ်…. မြင်ကွင်းကရော၊ ခေါင်းထဲကရောပေါ့။
ဒါပေမယ့် လွှင့်ပစ်ဖို့ လက်ကိုလှမ်းတုန်းရှိပါသေးတယ်၊ ဘယ်သောအခါမှ အသုံးမပြုခဲ့ဖူးတဲ့ တံခါးခေါင်းလောင်းက အသံမြည်လာတယ်။
“တီး.. တောင် တီး.. တောင်…”
***
တံခါးကိုဖွင့်လိုက်တဲ့ပိုင်လန်က သိပ်အံ့သြသွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အပြင်မှာ ဘယ်သူမှ ရှိမနေခဲ့ဘူးလေ။
ဒါပေမယ့် ပိုင်လန်က နူးညံ့ပြီး ကလေးဆန်တဲ့အသံလေးကို ရုတ်တရက် ကြားလိုက်ရတယ် “သားက ဒီမှာ၊ ဘယ်ကိုကြည့်နေတာလဲ?”
သူက အောက်ကိုငုံ့ကြည့်လိုက်တဲ့အခါ ခန့်မှန်းချေ (၅)နှစ်(၆)နှစ်အရွယ် ကောင်လေးတစ်ယောက်ကို တွေ့လိုက်တယ်။ ကောင်လေးရဲ့ခေါင်းလေးက မော့နေပြီး သူ့ကို မျက်တောင်မခတ် စိုက်ကြည့်နေတာလေ။
ပိုင်လန်က မေးလိုက်တယ် “….ဘယ်သူ့ကို လာရှာတာလဲ? ဒါက တိုက် D ၊(၈) လွှာ နော်” ဒီကလေး နေရာများမှားလာလား မသိဘူး။
ကောင်ငယ်လေးက ကျောပိုးအိတ်ကြီးတစ်လုံးကို လွယ်ထားပြီး လက်နှစ်ဖက်ကတော့ သိုင်းကြိုးကို ဆုပ်ကိုင်ထားလေတယ်။ သူ့ပုံစံကိုကြည့်ရတာ နည်းနည်းလေး စိုးရိမ်ပူပန်နေပုံရတယ် “ဦး.. ဦးက ကျန်းရှင်းချန် ဟုတ်တယ်မလားဟင်?”
…. ဒါလေးက ဖန်အသေးစားလေးလား? ပိုင်လန်က မယုံနိုင်လောက်အောင် အံ့သြသွားပေမယ့် ဘေးဘီကို ကြည့်လိုက်တဲ့အခါမှာလည်း တစ်ယောက်မှရှိမနေဘူး။
ဒါက တစ်လွှာမှာ တစ်အိမ်ပဲရှိတဲ့ ဇိမ်ခံကွန်ဒိုလေ။ ဓါတ်လှေကားကနေ ထွက်လာရင် ခေါက်စရာ တံခါးတစ်ပေါက်ပဲရှိမှာ။
ပိုင်လန်က ဒူးထောက်ထိုင်လိုက်ပြီး အသေအချာလေး ပြောလိုက်လေတယ် “အင်း ..ဟုတ်တာပေါ့၊ ဒါနဲ့.. မင်း အဖေနဲ့အမေရော၊ တစ်ယောက်တည်း လာတာလား၊ ဘယ်သူခေါ်လာပေးတာလဲ?” ပြောရရင် ဒီနေရာက လုံခြုံရေးတင်းကျပ်တယ် မဟုတ်လား။
ကောင်ငယ်လေးရဲ့မေးစေ့လေးက လှုပ်လာပြီး အကျယ်ကြီးပြောလေတယ် “သားက ဖေဖေ့ကို လာရှာတာ၊ အထဲဝင်ချင်လို့!”
ပိုင်လန်က ဇဝေဇဝါဖြစ်သွားပြီး မေးလိုက်ရတယ် “သား အဖေ? သားအဖေက ဘယ်သူလဲ? သားနာမည်ကရော?”
“သားနာမည်က ချိုးရှောင်ဟိုင်ပါခင်ဗျ” ကောင်ငယ်လေးက တံတွေးကိုမြိုချတယ်။ ဒါက စိတ်လှုပ်ရှားနေတယ်ဆိုတာ ရှင်းနေတာပဲလေ။ ဒါပေမယ့် သူက အသံနှုန်းကိုလည်း တစ်စက်လေးမှ မလျှော့ဘူး “သားဖေဖေက ချိုးချန်ပါ၊ ဦးဦး.. စီးနေတဲ့ကားက သားဖေဖေကားလေ၊ သားသိတာပေါ့!”
ပိုင်လန်တစ်ယောက်တော့ ပါးစပ်အဟောင်းသားဖြစ်သွားလေရဲ့။ ဒါပေမယ့် သူက ဒီလူကြီးလေးကို အိမ်ထဲပေးဝင်ဖို့အပြင် ဘာမှရွေးစရာ မရှိတော့ဘူးလေ။
***
အထဲဝင်လာတဲ့အခါ ပိုင်လန်လုပ်တဲ့ပထမဦးဆုံးအလုပ်က မီးဖိုချောင်ထဲသွားပြီး နွားနို့အေးတစ်ခွက် သွားယူလာတာပဲ။ တစ်ချိန်တည်းမှာပဲ ချိုးချန်ကိုလည်း ဖုန်းခေါ်ရသေးတယ်။ ဒါပေမယ့် လိုင်းမအားတော့ သုံးကြိမ်သုံးခါခေါ်အပြီးမှာ လက်လျှော့လိုက်ရတယ်။
ဒီအချိန်မှာ သူ့ကိုယ်သူ ချိုးချန်ရဲ့သား ချိုးရှောင်ဟိုင်လို့ မိတ်ဆက်ခဲ့တဲ့ ကလေးလေးကတော့ ကျောပိုးအိတ်ကြီးကို ချွတ်ချပြီး ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေပြီ။ ခြေထောက်လေးနှစ်ဖက်ကို လွှဲရမ်းရင်း ဘေးဘီကို စူးစမ်းတဲ့မျက်ဝန်းတွေနဲ့ လိုက်ကြည့်နေလေရဲ့။
ပိုင်လန်က ဧည့်ခန်းထဲကိုပြန်ဝင်လာပြီး နို့ခွက်ကို ကမ်းပေးလိုက်တယ် “နွားနို့သောက်ချင်လား”
ချိုးရှောင်ဟိုင်က ခေါင်းညိမ့်ပြတယ်။ သူက ချက်ချင်း ခွက်ကို ယူလိုက်ပေမယ့် ခွက်ကအရမ်းလေးတော့ လက်နည်းနည်းချော်သွားတယ်။ ပိုင်လန်က ဖမ်းထိန်းပေးလိုက်တော့ ချိုးရှောင်ဟိုင်က သူ့လက်ကို ထပ်ကိုင်ထားရင်း “ဂလု..ဂလု..”နဲ့ ခွက်ထဲက နို့တွေအကုန်လုံးကို မော့ချလိုက်လေတယ်။ ကောင်ငယ်လေးရဲ့နှုတ်ခမ်းတွေက နီရဲနေတာကြောင့် ရေငတ်နေတာဖြစ်မယ်လို့ ပိုင်လန်ကတွေးလိုက်တယ်။ ရိုက်ကွင်းပေါ်က သုန်သုန်ကိုလည်း သူ့အမေက ဒီကိုလုပ်ပေးတာ သူတွေ့ဖူးတယ်လေ။
ပိုင်လန်က တစ်ရှူးတစ်စကို ယူရင်း ချိုးရှောင်ဟိုင်ပါးစပ်က နွားနို့အကြွင်းအကျန်တွေကို သုတ်ပေးလိုက်တယ်။ ကောင်ငယ်လေးကလည်း မျက်တောင်လေးတွေခတ်ပြီး ငြိမ်ခံနေပါတယ်။ ပြီးတော့ သူ့လက်ကလေးတွေကိုပါ ထုတ်ပေးတယ်။ သဘောက လက်တွေပါ သုတ်ပေးပေါ့လေ။ ဒီတော့ ပိုင်လန်ကလည်း တစ်ရှူးတစ်စထပ်ယူပြီး ဂရုတစိုက်သုတ်ပေးရတော့တာပေါ့။
“အိုကေ.. အခု သားဖေဖေကို ဘာလို့ဒီမှာလာရှာတာလည်း ပြောလို့ရပြီလား၊ သားအိမ်က လူတွေကို ပြောခဲ့ရဲ့လား”
ပိုင်လန်က ဆိုဖာရှေ့မှာဒူးထောက်ပြီး သခင်ပိစိလေးကို ကြည့်လိုက်တယ်။
အရင်ဘဝတုန်းက သူသေခါနီးအချိန်တွေမှာ ဒီအကြောင်းတွေကို သိခဲ့ရဖူးတယ်။ သူဌေးချိုးချန်က လက်ထပ်ခဲ့တဲ့ရာဇဝင်မရှိပေမယ့် သားတစ်ယောက်တော့ရှိမှန်း အဲဒိတုန်းက ကုမ်ပဏီတစ်ခုလုံးက သိကြတယ်။ သားရဲ့အကြောင်းကိုတော့ ဘယ်သူမှ မသိဘူးပေါ့လေ။ ဒါက ချိုးမိသားစုရဲ့အခြေအနေကြောင့် ချိုးချန်က သူ့သားကို တင်းတင်းကျပ်ကျပ် ဖွက်ထားခဲ့တာ ဖြစ်နိုင်တယ်။ ကလေးက တစ်ခါမှ အခြားသူတွေရှေ့မှာ မပေါ်ထွက်လာဖူးဘူး။
ပိုင်လန်ရဲ့ ခပ်တန်းတန်းဖြစ်သွားတဲ့မျက်နှာထားက ချိုးရှောင်ဟိုင်ကို နွမ်းလျသွားစေတယ်။ သူက ခေါင်းကိုငုံ့ပြီး ပိုင်လန့်ကို ဖြူစင်တဲ့မျက်ဝန်းလေးတွေနဲ့ ကြည့်တယ်။
“သား.. သားက အားကျန်းနဲ့ လာတာပါ၊ သူက ဒီနားမှာနေတယ်၊ သူ့ကားနဲ့လိုက်လာတာ..”
ချိုးရှောင်ဟိုင်မှာ မျက်ခုံးထူထူလေးတွေနဲ့ မျက်လုံးကြီးကြီးလေးတွေရှိတယ်။ ဒါက ချိုးချန်ရဲ့ပုံရိပ်တစ်ပိုင်းတစ်စပဲလေ။ ဒါပေမယ့် ကလေးလေးရဲ့လုံးဝန်းတဲ့မျက်နှာလေးကတော့ ပိုချစ်စရာကောင်းတာပေါ့။
ပိုင်လန်ရဲ့မျက်ခုံးတွေက မြင့်တက်သွားတယ် “အားကျန်းဆိုတာ ဘယ်သူတုန်း”
“အားကျန်းက ကျောင်းမှာ သားဘေးနားမှာထိုင်တာ” ချိုးရှောင်ဟိုင်က ပိုပြီးတက်ကြွလာတဲ့လေသံနဲ့ပြန်ဖြေတယ် “သူ့နာမည်က ရုန်ကျန်းပါ၊ သူက အရမ်းတော်တာ၊ သားတို့က သူငယ်ချင်းကောင်းတွေလေ!”
“ရုန်” ဆိုတဲ့မျိုးရိုးအမည်ကို ကြားလိုက်ရတဲ့ပိုင်လန်က နည်းနည်တော့အံ့သြသွားတယ်။ ကမ္ဘာကြီးက သိပ်ကိုကျဉ်းတာ။
မကြာသေးမီတုန်းက ရုန်စစ်ချီက သူ့ကိုပြောဖူးတယ်။ သူ့ဒုတိယအစ်ကိုက လက်ထပ်ပြီး ဒီအိမ်ရာမှာနေတယ်တဲ့။ သူတို့မိသားစုက ဒီမှာ သုံးလေးနေရာလောက်ဝယ်ထားတာ။ သူ့ဒုတိယအစ်ကိုအပြင် ရုန်စစ်ချီကိုယ်တိုင်လည်း တစ်လွှာသပ်သပ်ရှိတယ်။ ဒါပေမယ့် ရုန်စစ်ချီကတော့ များသောအားဖြင့် မြို့ပြင်မှာရှိတဲ့ ရုန်မိသားစုဗီလာမှာပဲ နေလေ့ရှိတယ်။ ပိုင်လန်နဲ့သူ ဒီကိုလာခဲ့တဲ့ အဲဒိနေ့ကလည်း သူက သူ့အစ်ကိုဆီသွားတာလေ….
ဒါကြောင့် ပိုင်လန်ကကောက်ချက်ဆွဲလိုက်တယ်။ ဒီကလေးက သူ့ကို တီဗီမှာ မြင်ဖူးရမယ်၊ ဒါမှမဟုတ်ရင် သူ့ကို ကျန်းရှင်းချန်လို့ ခေါ်စရာအကြောင်းမရှိဘူးလေ၊ ပြီးတော့ ရုန်ကျန်းကတစ်ဆင့် သူ့နေရာကိုသိမယ်၊ ပြီးတော့ ပုံနှိပ်မီဒီယာတွေက တစ်ဆင့် သူစီးတဲ့ကားကိုတွေ့ပြီး သူ့အဖေကားမှန်းသိမယ်၊ ဒါကြောင့် ဒီကိုလာပြီး သူ့အဖေကို လာရှာမယ်။ ပိုင်လန်က အဖြစ်အပျက်အကြမ်းဖျင်းကို တွေးကြည့်ရင်း သူသာဆိုရင် လုပ်နိုင်မှာမဟုတ်ဘူးလို့ တွေးနေမိတယ်။
သူက သက်ပြင်းချပါတယ် “ဒါဆို သား ဒီကိုလာတာ တစ်ယောက်ယောက်ကိုများ ပြောခဲ့လား? အိမ်ဖုန်းနံပါတ် မှတ်မိလား?”
ချိုးရှောင်ဟိုင်က အလောသုံးဆယ် ခေါင်းခါပြလေတယ် “ဟင့်အင်း၊ မခေါ်ပါနဲ့! အန်တီယန်က သားကိုလာခိုင်းမှာမဟုတ်ဘူး၊ သားကိုဆူမှာ၊ သူ့ကို မခေါ်နဲ့၊ သူနဲ့ စကားမပြောချင်ဘူး!”
ပိုင်လန်က နောက်တစ်ကြိမ်ဆွံ့အသွားရပြန်တယ်။ သူက ဖုန်းကိုကောက်ကိုင်ပြီး ချိုးချန်ကို ခေါ်ဖို့ရာပဲ တတ်နိုင်တော့တယ်။ ချိုးချန်တစ်ယောက်များ သူ့သားပျောက်တာသိသွားပြီး စိုးရိမ်တကြီး ဖုန်းတွေလျှောက်ဆက်နေမလားလို့ ပိုင်လန်ကထင်မိတယ်။ ဒါပေမယ့် သူ့ဖုန်းကလည်း အမြဲတမ်းမအားဘူး။ ပိုင်လန်က ဖုန်းဝင်ဖို့အကြိမ်ကြိမ်ကြိုးစားခေါ်တယ်။ ချိုးရှောင်ဟိုင်တစ်ယောက်ကတော့ စကားတစ်ခွန်းမှမပြောဘဲ တုန်ရီနေတဲ့ နှုတ်ခမ်းလေးတွေနဲ့ ပိုင်လန့်ကို ကြည့်နေလေတယ်။
“သားက.. သားက.. ဒီကိုလာတာ ဦးကို သားအိမ်စာတွေ ကူလုပ်ခိုင်းမလို့၊ အိမ်စာလုပ်ပြီးသွားရင် သား အိမ်ပြန်မှာပါ”
ပိုင်လန်က ချိုးရှောင်ဟိုင်ရဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မျက်နှာလေးကို ကြည့်လိုက်တယ် “ဘယ်လိုအိမ်စာတွေမို့လို့ ဒီထိအောင် လိုက်လာပြီး ဦးနဲ့လာလုပ်တာလဲ?”
“….. ကျန်းရှင်းချန်က ကျန်းလဲ့ကို အမြဲတမ်းအိမ်စာ ကူလုပ်ပေးတယ်လေ၊ ဦးက သားဖေဖေကို သိတယ်ဆိုတော့ သားကိုလည်း ကူလုပ်ပေးမှာ မဟုတ်လားဟင်?” ချိုးရှောင်ဟိုင်က နှုတ်ခမ်းလေးကိုကိုက်ပြီး ခေါင်းငုံ့ထားကာ ခြေထောက်နှစ်ဖက်ကို လိမ်နေတယ်။
ပိုင်လန်က ခေါင်းသေးသေးလေးကိုကြည့်နေရင်း ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားတယ် “သားဖေဖေကို ကူလုပ်ခိုင်းတာ ပိုမကောင်းဘူးလား”
ချိုးရှောင်ဟိုင်က သူ့လက်ကလေးတွေနဲ့ ဆိုဖာကို ကုတ်နေတယ် “အန်တီယန်က ပြောတယ်၊ ဖေဖေက အရမ်းအလုပ်များတာ၊ သွားမနှောင့်ယှက်ရဘူးတဲ့၊ ဦး.. ကူလုပ်ပေးလည်း ရပါတယ်၊ ဖေဖေက ခဏနေရင်ရောက်လာမှာပဲ… ဖေဖေက သားကိုလာကြိုမှာလေ” ဒါလည်း ပြောပြီးရော ချိုးရှောင်ဟိုင်က ပိုင်လန့်ကို မျှော်လင့်ချက်တွေအပြည့်နဲ့ လှမ်းကြည့်တယ်။
ယုံကြည်မှုတွေ တပွေ့တပိုက်နဲ့ ဖြူစင်လှတဲ့အကြည့်တစ်ချက်က ပိုင်လန်ရဲ့နှလုံးသားကို နာကျင်မှုဝေဒနာတွေနဲ့ စူးရှသွားစေတယ်။
ဘာကြောင့်လဲဆိုတော့ ဆိုဖာပေါ်ထိုင်နေတဲ့ ချိုးရှောင်ဟိုင်ရှေ့မှာ လွှင့်ပစ်ရမလား မလုပ်ရဘူးလား ပိုင်လန် ဝေခွဲမရဖြစ်နေတဲ့ လမုန့်တစ်သေတ္တာရှိလို့လေ။
မိသားစုမေတ္တာ… တစ်ချို့တွေက လိုချင်ကြတယ်၊ ဒါပေမယ့် မရနိုင်ကြဘူး။ တစ်ချို့တွေက ပိုင်ဆိုင်ကြတယ်၊ ဒါပေမယ့် တန်ဖိုးထားရကောင်းမှန်း မသိကြဘူး။
ပိုင်လန်က နည်းလမ်းပြောင်းပြီး ချိုးချန်ဆီမတ်စေ့ချ်တစ်စောင် ခပ်မြန်မြန်ပဲ ပို့လိုက်တယ်
[အိမ်မှာ ခင်ဗျားရဲ့သားရောက်နေတယ်၊ လာခေါ်ပေးပါ]
သူက မတ်စေ့ချ်လည်း ပို့ပြီးရော ချိုးရှောင်ဟိုင်ရဲ့ခေါင်းလေးကို ပုတ်လိုက်တယ် “အစားအရင်စားပြီးမှ အိမ်စာလုပ်ကြစို့၊ ဖေဖေ့ကိုလည်း စောင့်ရင်းနဲ့နော်”
ချိုးရှောင်ဟိုင်က ခေါင်းမော့ကြည့်လေတယ်။ သူ့မျက်ဝန်းတွေမှာတော့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေလေတယ်။
“ဘာစားချင်လဲ? ကာရီ? ကြက်ကြော်? ကြက်ဥပေါင်း? ဒါမှမဟုတ် ဘာစားချင်လဲ?” ပိုင်လန်က ကလေးတွေကြိုက်တတ်တဲ့အရာတွေကို ရွတ်ပြနေပါတယ်။
ချိုးရှောင်ဟိုင်ကလည်း တုံးတုံးအအပုံစံလေးနဲ့ အပြုံးကြီးကြီးတစ်ခု ပြန်ပေးလိုက်တယ် “ကြက်သွန်မြိတ်ကွင်းလေးတွေပါတဲ့ ပန်ကိတ်!”
“…...”
ပိုင်လန်က သက်ပြင်းချလိုက်မိတယ်။ အင်းလေ.. ဒီအဖေက မွေးမှတော့ ဒီသားပဲထွက်လာမှာ မဆန်းပါဘူး။
***
နာရီဝက်အကြာမှာတော့ ချိုးချန်က သုန်မှုန်နေတဲ့မျက်နှာထားနဲ့ ရောက်ချလာတယ်။
ပါးစပ်ထဲ ကြက်သွန်မြိတ်ပန်ကိတ်တွေအပြည့်သွပ်ထားတဲ့ ချိုးရှောင်ဟိုင်က သီးမတတ်ဖြစ်သွားတာပေါ့။ သူက အမျှော်အမြင်ရှိရှိနဲ့ ပိုင်လန့်ခြေထောက်ကြား ဝင်ပုန်းလေတယ်။
ဒါပေမယ့် မကြာပါဘူး၊ ချိုးချန်ရဲ့ဆွဲထုတ်ခြင်း ခံလိုက်ရပြီး အမေးအမြန်းမရှိ ရိုက်ခံလိုက်ရတယ်။ ပြင်းထန်တဲ့ရိုက်ချက်ကြီးကြီးတွေက သူ့တင်ပါးပေါ်မှာ တဖြန်းဖြန်းကျရောက်နေပြီး သားအဖနှစ်ယောက်ရဲ့ပုံစံကို အပြည့်အဝပုံဖော်နေလေတယ်။
……………………..