(15) ယုန်ကလေးပေါက်စီ
“—! ဝူး ဝါး —-”
ရိုက်ခံလိုက်ရတဲ့ ချိုးရှောင်ဟိုင်က မျက်နှာတစ်ခုလုံးနီတဲ့အထိ ငိုနေတယ်။ ပုံစံလေးက သနားစရာဖြစ်နေပေမယ့် သူက ချိုးချန်ရဲ့လည်ပင်းကိုလည်း လွှတ်လိုက်ဖို့စိတ်ကူးမရှိဘဲ တွယ်ဖက်ထားဆဲပဲ။
ချိုးချန်လည်း အဖေတစ်ယောက်ပဲမလား။ သူက စိတ်ထဲက သနားသွားပေမယ့် ပါးစပ်ကတော့ ဆူပူတဲ့စကားတွေပဲ ထွက်လာတယ်။ “အခုတော့ တွယ်ကပ်နေလိုက်တာ မျှော့လား..ဟင်၊ မင်းကို မရိုက်ရက်ဘူး မထင်နဲ့.. ရိုက်မှာ၊ အိမ်ကထွက်ပြေးတာ ဘယ်နှခါရှိနေပြီလဲ၊ ပြောစမ်း!”
“ဝူး..ဝူး….” ချိုးရှောင်ဟိုင်က စိတ်မချမ်းမြေ့ဖြစ်စရာကောင်းလောက်အောင် ငိုနေပြီး သူ့ကိုယ်သူ ချိုးချန်ရဲ့ခေါင်းနဲ့လည်း ပွတ်တိုက်နေတယ်။ “… သုံးခါ”
“ငါ့ဖင်ကို သုံးခါ! ငါးခါ ရှိပြီကွ!” ချိုးချန်က ချိုးရှောင်ဟိုင်ရဲ့တင်ပါးကို နောက်ထပ်သုံးလေးငါးချက်လောက် ထပ်ရိုက်လိုက်တယ် “နောက်တစ်ခါ ထွက်ပြေးမယ်ကြံရင် ငါ့စကားတွေကို မြဲမြဲမှတ်ထား၊ မင်းကို လိုက်မရှာတော့ဘူး၊ ကြိုက်တဲ့နေရာသာပြေး..ငါ လိုက်ရှာမှာလားစမ်းကြည့်လိုက်!”
ပိုင်လန်က ဘေးနားမှာ တိတ်တိတ်လေးပဲ ကြည့်နေတယ်။ ဒါက သူ မမြင်ဖူးခဲ့တဲ့ ချိုးချန်ရဲ့မျက်နှာတစ်ဖက်ခြမ်းပါ။ သူက လှည့်ထွက်ပြီး မီးဖိုချောင်ထဲကိုသွားကာ ရေနွေးနွေးလေးတစ်ခွက်သွားယူတယ်။ ချိုးရှောင်ဟိုင်က အသံတွေတုန်လာတဲ့အထိ ငိုနေပြီး အစောလေးတင်မှ ပန်ကိတ်တွေလည်းစားထားတော့ ရေဆာနေမှာ ကြိမ်းသေတယ်။ ပြီးတော့ သူ နားမထောင်သင့်တဲ့စကားတွေကိုလည်း အလိုလိုရှောင်ပြီးသား ဖြစ်သွားတယ်လေ။
ချိုးရှောင်ဟိုင်က ကြို့ထိုးလိုက်ပြီး သနားဖို့ကောင်းတဲ့လေသံလေးနဲ့ ပြောလိုက်တယ် “…. သားက ထွက်ပြေးတာမဟုတ်ပါဘူး၊ ဖေဖေနဲ့ အတူနေချင်လို့ပါ…..”
“အဆင်မပြေဘူးလို့ ပြောထားတယ်လေ၊ ဖေဖေက ဒီမှာ အမြဲမနေဘူး” ချိုးချန်က မျက်မှောင်ကြုံ့လိုက်တယ် “မင်းကိုတွေ့ဖို့ အိမ်အမြဲပြန်လာပဲ မဟုတ်ဘူးလား၊ အိမ်စာတွေအကုန်လုံးကို နေ့တိုင်းလက်မှတ်ထိုးပေးတာပဲလေ”
“ဒါပေမယ့် သားမှ မမြင်ရတာ..၊ သားအိပ်တဲ့အချိန်မှ အမြဲလာပြီးတော့..ဟင့်.” ချိုးရှောင်ဟိုင်ရဲ့မျက်ရည်တွေက ပါးပြင်ထက်မှာ အဆက်မပြတ်ကျဆင်းလာတယ်။
“လူကြီးမင်း..ခင်ဗျားဖာသာအိပ်နေတာတော့ ကျုပ်ကို အပြစ်မပြောနဲ့လေ..” ချိုးချန်က ပြောတယ် “ငါ မွေးထားတာ လူလား၊ဝက်လား မသဲကွဲတော့ဘူး၊ ဘာဖြစ်လို့ အိမ်ပြန်လာတဲ့အချိန်တိုင်း အိပ်နိုင်နေရတာလဲ”
“သားက..သားက ဝက်မဟုတ်ဘူး!! အဲ့ဒါ စွပ်ပြုတ်သောက်လိုက်လို့ အိပ်သွားတာ” ချိုးရှောင်ဟိုင်က အမောတကောဖြစ်သွားလို့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကုန်တယ် “သားက စွပ်ပြုတ်မသောက်ချင်ဘူး၊ အဲဒါ ဖေဖေက အန်တီယန့်ကို ပြောပေး.. စွပ်ပြုတ်မသောက်တော့ဘူးလို့..”
ချိုးချန်မျက်နှာက မည်းသွားပြီး အေးစက်စက်ရယ်လိုက်တယ် “အန်တီယန်က နေ့တိုင်း ကြိုးစားပမ်းစားချက်ပေးနေတာကို .. မသောက်ချင်ဘူး? ဘယ်လို သခင်လေးလဲ? ငါ.. မင်းအဖေတောင် ဒီလောက်ကံမကောင်းခဲ့ဘူး၊ စွပ်ပြုတ်မသောက်ရင် ရိုက်မှာနော်”
ချိုးရှောင်ဟိုင်က အရေထူတယ်လေ၊ ပြီးတော့ ရိုက်ခံရမှာကို မကြောက်ဘူး။ သူက ခေါင်းကိုမော့ပြီး အကျယ်ကြီးအော်ပြောတယ် “ဖေဖေက သားကို ဦးဦးနဲ့အတူနေခိုင်းမယ်ဆိုရင် စွပ်ပြုတ်သောက်မယ်!”
စကားလမ်းကြောင်းက ဒီဘူတာပဲဆိုက်တာပဲ။ ချိုးချန်က စိတ်မရှည်တော့ဘဲ မတ်တပ်ထရပ်လိုက်တယ် “တော်ပြီ၊ အိမ်ပြန်မယ်၊ ဘာပဲဖြစ်ဖြစ် ငါလည်း နိုင်ငံခြားခရီးထွက်စရာရှိတယ်၊ မင်း.. နောက်ထပ် ထွက်ပြေးမယ်ဆိုရင်…. ပြေးကြည့်လိုက်! ဘယ်သူမှ လိုက်ရှာမှာ မဟုတ်ဘူး”
ဒီအချိန်မှာ ပိုင်လန်က ဖန်ခွက်လေးကိုကိုင်ပြီး မီးဖိုချောင်ထဲက ထွက်လာတဲ့အခါ အော်ဟစ်နေတဲ့ ချိုးရှောင်ဟိုင်ကို ချိုးချန်က ချီထားတာ မြင်လေတယ် “မပြန်ချင်ဘူး! ဖေဖေနဲ့ပဲ နေမှာ!” ပိုင်လန်က ဖန်ခွက်ကို ကမ်းပေးလိုက်တယ်။
“မပြန်ခင် ဒါလေးအရင်တိုက်လိုက်ဦး၊ နောက်ထပ် ငိုချင်ရင် ငိုနေဦးမှာ” ပိုင်လန်က ပြောလိုက်တယ်။
ချိုးချန်က ဖန်ခွက်ကို လှမ်းယူလိုက်လေတယ် “မင်းမှာ နားဆို့ရှိလား? တစ်စုံလောက် ချေးစမ်းပါ”
စူးစူးဝါးဝါးအော်ဟစ်နေတဲ့ ချိုးရှောင်ဟိုင်က ရုတ်တရက် ရပ်သွားပြီး ဖန်ခွက်ကို စိုက်ကြည့်တယ်။ သူက ပိုင်လန်ကို လက်ညှိုးထိုးပြီး ချိုးချန်ကို ပြောလိုက်တယ် “သား ဒီမှာ ကျန်းရှင်းချန်နဲ့နေမယ်ဆိုရင်ရော? ဦးဦးက သားအိမ်စာတွေ ကူလုပ်ပေးလို့ရတယ်လေ၊ သား..သား ဒီမှာနေပြီး ဖေဖေ့ကိုစောင့်နေမယ်လေ! နော်? နော်? နော်?”
ချိုးချန်က ပြောတယ် “ဘာကွာလို့လဲ၊ ဟိုမှာနေလည်း စောင့်တာပဲ ဒီမှာနေလဲ စောင့်ရမှာပဲ၊ ဘယ်မှာနေနေ ဘာထူးလဲ?”
“သား သားက ကျန်းရှင်းချန်ကို ကြိုက်တယ်လေ၊ အားကျန်းကလည်း ဒီမှာနေတာပဲ၊ သားက သူ့ဆီသွားပြီး ကစားလို့ ရတယ်လေ!” ချိုးရှောင်ဟိုင်က ချိုးချန်ရဲ့ကော်လာကို တင်းတင်းဆွဲဆုပ်ထားတယ်။
ချိုးချန်က ဘာမှတုန့်ပြန်ခြင်းမရှိတဲ့ ပိုင်လန့်ကို ကြည့်လိုက်ပြီးမှ သူ့သားဘက်ကို လှည့်ရင်းမေးလိုက်တယ် “မင်းကို ဒီမှာနေခိုင်းရင် နောက်ထပ်ထွက်ပြေးဦးမှာလား?”
ချိုးရှောင်ဟိုင်ရဲ့မျက်ဝန်းလေးတွေ ဝင်းလက်သွားတာပေါ့။ သူက အားတက်သရော ခေါင်းညိမ့်ပြတယ် “ဟင့်အင်း! မပြေးဘူး! ဖေဖေအိမ်ပြန်လာတာကို လိမ်လိမ်မာမာလေးနဲ့ စောင့်နေမယ်”
“ခဏလေး” ပိုင်လန်က တစ်စုံတစ်ခုလွဲနေတယ်လို့ ခံစားလိုက်ရတယ် “ကျွန်တော့်မှာ အချိန်မရှိဘူးနော်၊ သူ့ကို ကြည့်ပေးလို့ မရဘူး”
ချိုးချန်က သူ့ကို ‘စောစောက မပြောတဲ့ မင်းအမှား’ ဆိုတဲ့ အကြည့်နဲ့ကြည့်လိုက်ပြီး မျက်ခုံးတွေကို ပင့်တင်ရင်း ပြန်ပြောလိုက်တယ် “မပူနဲ့၊ ကိုယ် ခရီးသွားနေတဲ့အချိန် ငါးရက်တစ်ပတ်လောက်ပဲ၊ အာ့ဟုန်ကို ကူညီခိုင်းလိုက်မယ်” သူက ပြောလို့လည်းပြီးရော အရာအားလုံးဆုံးဖြတ်ပြီးသွားတဲ့ပုံစံနဲ့ ချိုးရှောင်ဟိုင်ဆီ ဖန်ခွက်ထိုးပေးလိုက်တယ် “ရော့ ရေသောက်”
ချိုးရှောင်ဟိုင်ကလည်း ချက်ချင်းပဲ သောက်လိုက်တယ်။ သူက ချိုးချန်ရဲ့လက်ကို ဖမ်းကိုင်ထားရင်း “ဂလု ဂလု” မြည်အောင်သောက်ပြီး နှုတ်ခမ်းတွေကို လျှာနဲ့သပ်လိုက်လေတယ်။
“ပန်ကိတ်ကျန်သေးလား? သားက စားလို့ မပြီးသေးဘူး”
“…..”
ပိုင်လန်က တိတ်တိတ်လေးပဲ ဖန်ခွက်ကို ပြန်ယူလိုက်တော့တယ်။
***
ခဏကြာတော့ အခြေအနေတွေ ငြိမ်ကျသွားပြီး ညဘက်အရောက်မှာ ဟုန်ဟုန်တစ်ယောက် ချိုးရှောင်ဟိုင်ရဲ့အထုတ်အပိုးတွေ ယူလာပေးတယ်။
နဂိုက အခန်းလေးခန်းပါတဲ့ ဒီဇိမ်ခံကွန်ဒိုမှာ ကလေးတစ်ယောက်အတွက် အခန်းတစ်ခန်းပြင်ပေးလိုက်ဖို့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကလေးသူငယ်ပညာရေးကို အရေးကြီးတယ်လို့ထင်တဲ့ ပိုင်လန်က ညဘက်တွေမှာ ဧည့်ခန်းမှာပဲ အိပ်ချင်ပေမယ့် ချိုးချန်က အကျယ်ကြီးအော်ရယ်ပြီး တားဆီးလိုက်တယ်။
တက်ကြွလွန်နေတဲ့ ချိုးရှောင်ဟိုင်ကို အိပ်မောကျသွားအောင် အချိန်ကြာကြာသုံးလိုက်ရပြီးတဲ့နောက်မှာတော့ ချိုးချန်က တံခါးကို လော့ပိတ်လိုက်တယ်။ ပြီးတော့ ချက်ချင်းပဲ ပိုင်လန့်ကို အိပ်ရာပေါ်ဆွဲတင်သွားရင်း အကြိမ်ရေအချို့လုပ်လေတယ်။ လုံခြုံမှုမရှိဆုံးပတ်ဝန်းကျင်အခြေအနေက စိတ်လှုပ်ရှားစရာအကောင်းဆုံးအခိုက်အတန့်ကို ဖြစ်ပေါ်စေတယ်လေ။ ဒီအယူအဆနဲ့ပတ်သက်ရင် ချိုးချန်လည်း အခြားယောကျ်ားတွေနဲ့ ဘာမှမကွာဘူး။ ဒီညမှာ သူက ခါတိုင်းထက်ပိုပြီး စိတ်ဆန္ဒတွေပြင်းပြနေတယ်။
ကံကောင်းသွားတာက ဒီနေ့တစ်နေ့လုံး ပိုင်လန်တစ်ယောက် အနားယူလိုက်ရလို့။ ဒါမှမဟုတ်ရင် ဒီလိုဆက်ဆံခံရလို့ အသက်ရှင်မှာတောင် မဟုတ်ဘူး။ ဒါပေမယ့် သူက မောပန်းပြီး တဖြည်းဖြည်းအိပ်ချင်လာတဲ့အချိန်မှာတောင် မေးစရာရှိတာမေးလိုက်ဖို့ သတိရပါသေးတယ်။
“မနက်ဖြန် သွားမှာလား?”
ချိုးချန်က ပိုင်လန်ရဲ့အဝတ်ဗလာနောက်ကျောကို ဖိကပ်ထားရင်း ပျင်းရိပျင်းတွဲပြန်ဖြေတယ် “အင်း”
ပိုင်လန်က မျက်လုံးတွေကိုမှိတ်ရင်း အနားယူနေတာပေါ့ “ဒါဆို ခင်ဗျားသားကို တစ်ယောက်ယောက် လာကြည့်ဦးမှာလား?”
“ဘာပြောတာလဲ?”
“သူ့ကို တစ်ယောက်ယောက်က လာရှာမယ်ဆိုရင် ကျွန်တော်က ခွင့်ပြုရမှာလား၊ ခွင့်မပြုရဘူးလား?”
ချိုးချန်က ခပ်အုပ်အုပ်ရယ်လေတယ် “မေးစရာရှိတာ တည့်တည့်မေး၊ စကားပလ္လင်ခံ မနေနဲ့”
“….သူ့အမေက ဘယ်မှာလဲ?” ပိုင်လန်က သက်ပြင်းတစ်ချက်ချတယ်။
ချိုးချန်က ဆုချတဲ့အနေနဲ့ ပိုင်လန့်ပုခုံးကို ကိုက်လိုက်လေတယ် “ထွက်ပြေးသွားပြီ”
“ရှောင်ဟိုင်ရော မြင်ဖူးလိုက်လား?”
“မြင်ဖူးလည်း မသိဘူး၊ အဲ့အချိန်တုန်းက သူက နို့တောင်မပြတ်သေးဘူး၊ ဒါကြောင့် ဘယ်သူလာလာ ခွင့်ပြုစရာမလိုဘူး”
ပိုင်လန်က လုံခြုံစိတ်ချအောင် မေးကြည့်ချင်တာပါ “ဒါဆို အန်တီယန် ဆိုတာက?”
“ကလေးထိန်းပါ” ချိုးချန်က ပိုင်လန့်ကို ပက်လက်အနေအထားဆွဲလှည့်လိုက်တယ်။ သူက ကျေနပ်နေတဲ့ အမူအရာကြီးနဲ့လေ “ယုန်ဖြူလေး မင်းက ကိုယ့်ကို စစ်ဆေးမေးမြန်းနေတာလား?”
“စစ်ဆေးမယ်ဆိုရင်ရော ခွင့်ပြုမှာမို့လို့လား?” ပိုင်လန်က ပြုံးတယ်။
“ဟင်. ကိုယ်ကဖြင့် မင်းစစ်ဆေးဖို့အတွက် တစ်ကိုယ်လုံးတောင် ရက်ရက်ရောရော ချွတ်ပေးထားတာကို”
ချိုးချန်က ခပ်နှိမ့်နှိမ့်ရယ်လိုက်ရင်း အထက်ကိုတက်လာတယ်။ ပြီးတော့ အချစ်တိုက်ပွဲ နောက်ထပ်တစ်ကြိမ် စပြန်တယ်။
သူတော့ မမေးသင့်တဲ့မေးခွန်းအမှားကြီးကိုမှ မေးလိုက်မိလေခြင်းလို့ ပိုင်လန်က တွေးမိလိုက်တယ်။ ဒါကြောင့် သူ ‘အပြစ်ပေး’ ခံလိုက်ရတာလေ။
***
နောက်တစ်နေ့မနက်မှာတော့ ချိုးချန်က တက်ကြွပျော်ရွှင်ပြီး မြူးထူးပျော်ပါးနေတဲ့ ချိုးရှောင်ဟိုင်ကို အရင်ဆုံး မူကြိုလိုက်ပို့ပြီးမှ လေဆိပ်ကိုထွက်သွားတယ်။ သွားမယ့်နေရာကိုလား… ချိုးချန်ကလည်း မပြောဘူး၊ ပိုင်လန်ကလည်း မမေးတော့ ရှင်းရှင်းလင်းလင်းမသိဘူး။ ဖုန်းထဲက ဆက်သွယ်လို့ရနေသရွေ့ အရာအားလုံးအဆင်ပြေပါတယ်။
ပြောရရင်လည်း ချိုးရှောင်ဟိုင်ကို ထိန်းကျောင်းနေရတာနဲ့ ပိုင်လန်အတွက် ဆောင်းဦးလယ်ပွဲတော်မှာတောင် ဝမ်းနည်းပူဆွေးနေဖို့ အချိန်မရှိဘူး။
သားအဖနှစ်ယောက်လုံး ထွက်သွားပြီးတဲ့အခါ တိတ်ဆိတ်သွားတဲ့အိမ်ထဲမှာ ပိုင်လန်က မတ်တပ်ရပ်နေရင်း အကြာကြီးသက်ပြင်းချနေမိတယ်။ မနက်ကပဲ အိပ်ရာနှိုးတဲ့ဆူပူသံတွေ၊ သွားတိုက်ပါဟဲ့၊ အင်္ကျီဝတ်ပါဟဲ့၊ မနက်စာစားပါဟဲ့ အော်ဟစ်သံတွေ ပွက်လောရိုက်နေခဲ့တာ။ သူက ချိုးရှောင်ဟိုင်တစ်ယောက် အိမ်သာသွားလား မသွားလားပါ သေချာစစ်လိုက်ရသေးတယ်။ ဒီလိုမျိုး တစ်ပတ်ဆယ်ရက်လောက် နေရမှာကိုတွေးပြီး ပိုင်လန်က ခါးနာသလိုလို ခေါင်းကိုက်သလိုလို ဖြစ်လာတယ်။
ပိုင်လန့်မှာ လမုန့်တစ်ဖာအကြောင်းကို တွေးတောဖို့အချိန်တောင် မရှိခဲ့ဘူး။ မနေ့ညက ချိုးရှောင်ဟိုင်ရဲ့မျက်လုံးတွေ လမုန့်ပေါ်မှာ မျက်စိကျနေတာတွေ့တဲ့အခါ သူ့မှာရွေးချယ်စရာများများမရှိတော့ဘဲ မုန့်ထုတ်ကိုဖောက်ပေးလိုက်ရတယ်။ ဒါပေမယ့် မုန့်တွေက ရက်လွန်နေတာကြောင့် ချိုးရှောင်ဟိုင်စားမိမှာစိုးပြီး ချက်ချင်းပဲ လွှင့်ပစ်လိုက်ရတယ်။ ဒါကြောင့် သူက ကတိပေးလိုက်လား၊ မပေးလိုက်ဘူးလား သတိမရတော့ပေမယ့် ဒီနေ့ ယုန်ပုံစံပေါက်စီလေးတွေလုပ်ပြီး သခင်ပိစိလေးကို အစားပြန်ပေးရမှာလေ။
ဒီနေရာမှာ မျှော်လင့်မထားပေမယ့်လည်း ရက်ရောလှတဲ့ထောက်ပံ့သူကြီးချိုးချန်က ကလေးထိန်းနာနီတစ်ယောက်ရဲ့ဒုက္ခကို နားလည်ပေးပြီး ထွက်မသွားခင် ဆုအကြီးကြီးပေးမယ့် အရိပ်အယောင်ပြသွားတယ်။ သူက ကျေးဇူးတင်တဲ့အနေနဲ့ ပိုင်လန်ရဲ့ကတ်ထဲကို ငွေအများကြီး အများကြီး ထည့်ပေးသွားတယ်လေ။
ဒီအချိန်မှာ ပိုင်လန်က နားလည်လိုက်တယ်။ သူ့ကတ်ထဲကငွေတွေက အိမ်သုံးစရိတ်မဟုတ်ဘဲ ‘လက်ဆောင်’ပေးသွားတယ် ဆိုတာကိုပေါ့။ ဘာကြောင့်လဲဆိုတော့ အဲဒိနေ့မနက်က သိန်းငါးဆယ်က သုံးလို့ကုန်သွားလို့ ပိုက်ဆံထပ်လိုတယ် ရှာမှဖြစ်မယ်လို့ သူ ချိုးချန်ကို ပြောခဲ့ဖူးတယ်လေ။
ပိုင်လန်က အချိန်တစ်ချို့ကြာအောင် တိတ်ဆိတ်နေခဲ့တယ်။ သူက လက်ဆောင်ကို ငြင်းပယ်လိုက်ချင်ပေမယ့် ‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’ ရဲ့အနာဂတ်ကြုံတွေ့လာရမယ့် ငွေကြေးပြဿနာတွေကို စဉ်းစားမိသွားတဲ့အခါ အံကိုကြိတ်ရင်းနဲ့ပဲ ချိုးချန်ရဲ့နားလည်ရခက်တဲ့မျက်ဝန်းနဲ့အပြုံးတွေအောက်မှာ ကျေးဇူးတင်စကားပြောရင်း ပိုက်ဆံကိုလက်ခံခဲ့လေတယ်။ သိုက်တူးသမားလို့ အထင်ခံရရင်လည်း သိပ်တော့အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့အပေါ်ထားတဲ့ချိုးချန်ရဲ့အမြင်တောင်မှ သိပ်မမြင့်တာ.. ရေးကြီးခွင်ကျယ် ဟန်ဆောင်ပန်ဆောင်လုပ်နေစရာ ဘာမှမရှိဘူးလေ။
ဒါကြောင့် ချိုးချန်ထွက်သွားတဲ့မနက်ပိုင်းကတည်းက ပိုင်လန်က သူ့ငွေကြေးပိုင်ဆိုင်မှုတွေကို တွက်ချက်နေခဲ့တယ်။
အရင်ဘဝတုန်းက ကျူခွန်းပြောစကားအရဆိုရင် ရုပ်ရှင်ရဲ့ငွေကြေးပြဿနာတွေက သူ့သူငယ်ချင်းရဲ့အထည်အလိပ်ကုမ်ပဏီ ဒုက္ခရောက်ပြီး ငွေမလည်ပတ်နိုင်တော့တဲ့ အချိန်မှာ စဖြစ်တာပဲ။ အဲဒိအချိန် အထည်အလိပ်ကုမ်ပဏီရဲ့ဘဏ္ဍာရေးကို ဆိုးဝါးသွားစရာ ဘာအကြောင်းများရှိမလဲလို့ ပိုင်လန်ကတွေးနေမိတယ်။ သဘာဝဘေးလား.. ဖျက်စီးခံရတာလား.. ဒါမှမဟုတ် မတော်တဆ ဖြစ်တာမျိုးလား? ဒါတွေက သူနဲ့မနီးစပ်ခဲ့တော့ ပိုင်လန်က တစ်ခုမှတွေးမရခဲ့ဘူး။
ဒါကြောင့် အခုချိန်မှာ သူလုပ်ရမယ့် တစ်ခုတည်းသောအရာက ပိုက်ဆံရှာတာပဲ။ ပိုင်လန်က တွက်ချက်နေမိတယ်။ ချိုးချန်ပေးတဲ့ကဒ်ရယ်၊ သူရတဲ့ကြော်ငြာခရယ် ပြီးတော့ UNI က ရတာတွေရယ် အကုန်လုံးကိုပေါင်းလိုက်တာတောင်မှ သူ့မှာရှိတာ (၁၅)သိန်းစွန်းစွန်းရယ်။ ပြီးတော့ ဒီထဲက တစ်ဝက်လောက်က ချိုးချန်ပိုက်ဆံဖြစ်တယ်။
ဒီပိုက်ဆံက သာမန်လူတစ်ယောက်အတွက် နှစ်အနည်းငယ်လောက် အေးဆေးထိုင်စားလို့ရပေမယ့် ရုပ်ရှင်ရိုက်ဖို့ဆိုရင်တော့ သွားကြားထိုးတံဖိုးလောက်ပဲရမယ်။ ပြီးတော့ အချိန်လည်း မရှိတော့ဘူး။ ဒါပေါ့…နောက်ဆယ်နှစ်အကြာမှာ ဘယ်စတော့ရှယ်ယာတွေက ငွေဖြစ်မလဲဆိုတာ သူသိတာပေါ့။ ဒါပေမယ့် ဒါက လပိုင်းအတွင်းဖြစ်လာမှာမဟုတ်ဘူးလေ။ သူလိုတာက ငွေမြန်မြန်ရနိုင်မယ့်နည်းလမ်း။ ဒီ ပိုက်ဆံ (၁၅)သိန်းကို မြန်မြန်ဆန်ဆန် အဆပွားသွားမယ့် အရာမျိုး။ ပိုက်ဆံများများရှိမှလည်း ကျူခွန်းကို ကူညီနိုင်မှာလေ။
ဒါကြောင့် ပိုင်လန်က အင်တာနက်ကိုဖွင့်ပြီး ချန်နယ်အသစ်တွေကို မွှေနှောက်နေတယ်၊ နိုင်ငံခြားဆိုဒ်တွေရော အပါအဝင်ပဲ။ ဒါပေမယ့် ဘာမှရှာမတွေ့ပါဘူး။
တက္ကသိုလ်မှာ သူ့မေဂျာက နိုင်ငံခြားဘာသာစကားဖြစ်ခဲ့တော့ ရင်းနှီးမြှပ်နှံမှုနဲ့ပတ်သက်ပြီးပြောရရင် ပိုင်လန်အတွက် လုံးဝဥဿုံနားမလည်နိုင်တဲ့အရာပဲ။ ဒါကလည်း ဘာသာစကားတစ်ခုခုတတ်ထားရင် အလုပ်ကောင်းကောင်းရလိမ့်မယ်ဆိုတဲ့ သူ့အစ်ကိုပိုင်လိရဲ့အကြံဉာဏ်ကို လိုက်နာခဲ့တာ။ ဒါပေမယ့် ဒါက အမှန်တကယ်တော့ လုံးဝမဟုတ်ဘူး။ အခုခေတ်မှာ လူတော်တော်များများက ဘာသာစကားတစ်ခုထက်ပို တတ်ကျွမ်းကြပြီး အများစုက တက္ကသိုလ်သွားစရာတောင် မလိုဘူး။ တကယ်လို့ သူလည်း အနုပညာလောကထဲ အမှတ်မထင်ရောက်မလာဘူးဆိုရင် ဘွဲ့ရပြီးတာတောင် အလုပ်ရှာနိုင်ပါ့မလား မသိတော့ဘူး။ ရှာနိုင်ရင်လည်း အများဆုံးဖြစ်မှ အတွင်းရေးမှူးတို့၊ ဘာသာပြန်သူတို့ပေါ့။
ပြီးတော့ ဘာသာပြန်တာက…… ဟင်..ဘာသာပြန်တာ!?
ပိုင်လန်က ရုတ်တရက် သွားသတိရမိတယ်။ ဒီအချိန်လောက်ဖြစ်နိုင်တယ်.. G နိုင်ငံက စာအုပ်စီးရီးတွဲတွေက တစ်ကမ္ဘာလုံးနဲ့ချီပြီး နာမည်ကြီးသွားတဲ့ဖြစ်စဉ်တစ်ခုလေ။ နောက်ပိုင်းမှာ ဒီစာအုပ်က ဘာသာစကားအသီးသီးကို ပြန်ဆိုခဲ့ရပြီး နှစ်ပေါင်းများစွာကြာတာတောင် အရောင်းရဆုံးစာရင်းဝင်ခဲ့ပြီး ရုပ်ရှင်အဖြစ်လည်း အသက်သွင်းခဲ့ကြသေးတယ်။ စာရေးသူကလည်း စာတိုက်ရုံးမှာလုပ်တဲ့ သာမန်အလုပ်သမားဖြစ်ပြီး ဒီစာအုပ်အပြင် အခြားမရှိတာကြောင့် ဘယ်သူမှ မထင်မှတ်ထားဘဲ အလွန်တရာနာမည်ကြီးလာခဲ့တာလေ။ နောက်ပိုင်းမှာ စာအုပ်ထုတ်ဝေသူကို အင်တာဗျူးခဲ့ကြတာမှာ သူက ပြုံးဖြဲဖြဲလုပ်ရင်း ရတနာပုံဆိုက်သလိုခံစားရပါကြောင်း အမြဲပြောခဲ့ပါတယ်။
ဒီကျော်ကြားမှု လေမုန်တိုင်းက တရုတ်ပြည်ကို လအနည်းငယ်နောက်ကျပြီးမှ ဝင်ရောက်တိုက်ခတ်ခဲ့တယ်။ ဒါကြောင့် ပြည်တွင်းထုတ်ဝေရေးစာအုပ်တိုက်တွေကလည်း မူပိုင်ခွင့်ဝယ်ယူရာမှာ နောက်ကျခဲ့တယ်။ ဒီအချိန်မှာ စာအုပ်ကလည်း တဟုန်ထိုးကျော်ကြားပြီးဖြစ်တာကြောင့် ထုတ်ဝေရေးတွေလည်း မတတ်သာဘဲ ဈေးကြီးပေးကာ မူပိုင်ခွင့်ဝယ်ယူရလေတယ်။ အင်တာနက်ပေါ်မှာလည်း လူပြောသူပြောများပြီး ပိုင်လန်တောင်မှ ကြိုက်နှစ်သက်တာကြောင့် စီးရီးတစ်တွဲလုံးဝယ်ယူပြီး ထိုင်ဖတ်ခဲ့ပါသေးတယ်။
ဒီအကြောင်းတွေကိုတွေးမိတဲ့အခါ ပိုင်လန်ရဲ့နှလုံးခုန်နှုန်းက တဒိတ်ဒိတ်မြန်လာတယ်။ သူက ချက်ချင်းပဲ ဦးဆုံးထုတ်ဝေတာကြောင့်မူပိုင်ခွင့်ပိုင်ဆိုင်တဲ့ G နိုင်ငံထုတ်ဝေရေးရဲ့ဝက်ပ်ဆိုဒ်ကို ဝင်လိုက်တယ်။ ဆိုဒ်တစ်ခုလုံးကို မွှေနှောက်ရှာဖွေပြီးတဲ့နောက်မှာတော့ စီးရီးတွဲရဲ့ပထမဦးဆုံးစာအုပ်က ‘နောက်လထွက်ရှိမည့်စာအုပ်များ’ စာရင်းမှာရောက်နေတာကို သွားတေ့ွတယ်။
ဒါက ဘာကိုဖော်ပြသလဲဆိုရင် သူပြန်မွေးဖွားလာတာတောင် စာအုပ်က ရှိနေတုန်းပဲဖြစ်ပြီး စာအုပ်နာမည်မကြီးခင် အခိုက်အတန့်လေးကို ရောက်ရှိနေတာလေ။ ဒီအချိန်က အကောင်းဆုံးအခိုက်အတန့်ပါပဲ…..
ပိုင်လန်ရဲ့တစ်ကိုယ်လုံးက ကြက်သေသေပြီး ကျောက်ရုပ်လိုတောင့်တင်းသွားတယ်။ ဒါက အိပ်ယာပေါ်ပစ်လှဲတုန်း တစ်စုံတစ်ယောက်က ခေါင်းအုံးအဆင်သင့်ခံပေးထားတာနဲ့ အလားသဏ္ဍာန်တူတယ်။ သူ့ဦးခေါင်းခွံတစ်ခုလုံးတောင် ထုံသွားရလောက်အောင် သိပ်ကို နူးညံ့အိစက်နေတာပါပဲ။
ဒါပေမယ့် ပိုင်လန်က ပိုပြီးသေသေချာချာလေး ရှေ့ဆက်တွေးကြည့်လိုက်တဲ့အခါ သူကိုယ်တိုင်က ပုံနှိပ်ထုတ်ဝေရေးလောကနဲ့ အစိမ်းသက်သက်ဖြစ်နေတာကို စဉ်းစားမိသွားတယ်။ နောင်တစ်ချိန်ပြန်ထုတ်ဖို့ မူပိုင်ခွင့်ဝယ်တယ် ထားဦး၊ ဘယ်လို နည်းလမ်းတွေနဲ့လုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိဘူး။ အကယ်၍ သူ့စာအုပ်တွေရောင်းမထွက်ရင် ပိုက်ဆံ(၁၅)သိန်းက ရေစုန်မျောသွားမှာလေ။
ကွန်ပြူတာမောက်စ်ပေါ်က ပိုင်လန်ရဲ့လက်က မလှုပ်ရှားနိုင်သေးဘူး။ ချီတုန်ချတုန် ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် သူက ဝက်ပ်ဆိုဒ်ကိုပိတ်ပြီး အခြားသတင်းတွေကို ဆက်လက်ရှာဖွေနေလိုက်တယ်။
ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့်ရှာပြီးတဲ့အချိန်မှာ ပိုင်လန်က တစ်ခုခုကို နားလည်သွားတယ်။ ဘာပဲဖြစ်ဖြစ် သူက နယ်ပယ်အားလုံးမှာ လူသစ်တစ်ယောက်ပဲ ဖြစ်လာမှာ။ ဘာဗဟုသုတမှလည်း မရှိဘူး၊ ဘာအဆက်အသွယ်မှလည်း မရှိဘူး။ သရုပ်ဆောင်တာကလွဲပြီး ဘာမှလည်းမတတ်ဘူး။ မျက်စိစုံမှိတ်ပြီး ရင်းနှီးမြှပ်နှံမှုလုပ်တဲ့အခါ အရာအားလုံးက အတူတူပဲဖြစ်လာမှာ။ ဒါကြောင့် အခုချိန် စိတ်လိုက်မာန်ပါရှိတုန်းလေးမှာ ပိုင်လန်က အင်တာနက်ကိုပြန်ဖွင့်ပြီး အီးမေးလ်တစ်စောင် ရေးလိုက်လေတယ်။
အီးမေးလ်ရေးပြီးသွားတဲ့အခါ ပိုင်လန်ရဲ့လက်မှာ ချွေးတွေနဲ့စိုစွတ်နေခဲ့တယ်။ သူက မတ်တပ်ထရပ်ပြီး ရေးအေးအေးလေးသွားသောက်ကာ စိတ်ငြိမ်အောင် လုပ်လိုက်ရတယ်။ ပြီးတော့ ဖန်းဟွာဆီကို ဖုန်းခေါ်လိုက်တယ်။
မူပိုင်ခွင့်ဆိုတာ အနုပညာလောကထဲမှာ အရေးကြီးတဲ့အရာတစ်ခုဖြစ်လေတယ်။ ဒါကြောင့် တိုတယ်ကုမ်ပဏီကလူတွေက နားလည်တတ်ကျွမ်းမှာ သေချာတယ်လေ။ အကျိုးအမြတ်တွေကို တိုတယ်နဲ့ မျှဝေခံစားဖို့ ပိုင်လန်က အရေးမစိုက်ပါဘူး။ သူလိုချင်တာက ငွေ(၁၅)သိန်းကို ဖြစ်နိုင်သမျှမြန်မြန်ပွားလာစေချင်တာ။
ဒါပေါ့.. သူ ဖုန်းခေါ်လိုက်တဲ့အခါ ဖန်းဟွာလုပ်တဲ့ပထမဦးဆုံးအရာက သူ့ကိုအော်ဆူတာပဲ။ ပရော်ဖက်ရှင်နယ် မကျဘူး၊ သရုပ်ဆောင်တာကိုပဲ ဇောက်ချမလုပ်ဘူး..ပါဘူး ညာဘူးပေါ့။ ဒါပေမယ့် သူမက ပိုင်လန့်ကို နောက်နှစ်ရက်သုံးရက်နေရင် ကုမ်ပဏီလာခဲ့ဖို့ မှာလိုက်ပြီး ဆွေးနွေးဖို့ အစည်းအဝေးထိုင်ကြမယ့်အကြောင်း ပြောခဲ့တယ်။ ပိုင်လန်က အားနာပါးနာနဲ့ပဲ ရယ်လိုက်ရပါတယ်။ ဒီလို တတ်ကျွမ်းနားလည်သူရဲ့အကြံဉာဏ်မျိုးဆိုတာ ရနိုင်တာမဟုတ်ဘူးလေ။ ဒါပေါ့ ဒီကိစ္စက သူတို့အတွက်လည်း အကျိုးရှိတယ်လေ။
ဖန်းဟွာနဲ့စကားပြောဆိုပြီးတဲ့အချိန်မှာတော့ ပိုင်လန်က ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်ရပြီး ဇာတ်ညွှန်းတွေကိုပဲ ပြန်ဖတ်နေလိုက်တယ်။ သူက နေ့စဉ်ကိုယ်ကာယလေ့ကျင့်ခန်းတွေတောင် လုပ်လိုက်ပါသေးတယ်။ ခဏကြာ ဟုန်ဟုန်တစ်ယောက် ဖုန်းဆက်တဲ့အချိန်မှာတော့ ကျောင်းသွားကြိုဖို့ အချိန်ရောက်လာပါပြီ။ သူတို့က ချိုးရှောင်ဟိုင်ကို သွားကြိုဖို့ မူကြိုကျောင်းကို ထွက်လာကြတယ်။
ပိုင်လန်က ကားမောင်းတတ်ပေမယ့် ချိုးရှောင်ဟိုင်ရဲ့ လုံခြုံရေးကို တွေးဆပြီး ဟုန်ဟုန်ကားမောင်းပို့မယ့် အစီအစဉ်ကို မကန့်ကွက်တော့ဘူး။ ဟုန်ဟုန်တစ်ယောက်တည်း သွားကြိုခိုင်းလိုက်ရင်လည်း ရပေမယ့် ချိုးရှောင်ဟိုင်ရဲ့အားကိုးတကြီးမျက်ဝန်းလေးတွေကို ပြန်စဉ်းစားမိတဲ့အခါ ပိုင်လန်က ဂျတ်ကတ်နဲ့နေကာမျက်မှန်ကိုသာ ကောက်ယူပြီး နောက်တစ်ကြိမ်ဖေဖေကျန်းရှင်းချန် လုပ်ဖို့ ပြင်ဆင်လိုက်ပါတော့တယ်။
***
သူတွေးထားတဲ့အတိုင်းပါပဲ မူကြိုကျောင်းကို ရောက်တဲ့အချိန်မှာ “အိုး.. ကျန်းရှင်းချန်!!” “ကျန်းရှင်းချန်ပါလား!!” “ကျန်းလဲ့ရော ဘယ်မှာလဲ!!?” “ဟယ်လို ဖေဖေကျန်း!!” လို့ သံပြိုင်ဝိုင်းအော်တဲ့အသံတွေ စီစီညံသွားတယ်။ ငယ်ရွယ်လှတဲ့အသံသေးသေးလေးတွေ အကုန်လုံးနဲ့ သူ့ကိုဝိုင်းအော်နေကြပြီး တက်ကြွစွာကြိုဆိုကြလေတယ်။ ‘လက်တွဲဖော်များ’ ထုတ်လွှင့်တဲ့အချိန်က ကလေးငယ်လေးတွေအတွက် ညစာစားချိန်ဖြစ်တာကြောင့် ပိုင်လန့်မှာ သူတို့အမေတွေနဲ့အတူ တီဗီကြည့်ကြတဲ့ ပရိသတ်ငယ်လေးတွေ အမြောက်အမြားရှိလေတယ်။
ချိုးရှောင်ဟိုင်က ပိုင်လန်ရဲ့လက်ကို ကိုင်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ကြေငြာတယ် “ငါ့ဖေဖေက ကျန်းရှင်းချန်ကို လာကြိုခိုင်းထားတာ၊ ငါ အခုအိမ်ပြန်တော့မှာ”
အားကျတဲ့အကြည့်လေးတွေ အော်သံလေးတွေအောက်မှာ ပိုင်လန်ကပြုံးပြီး ဆရာမတွေနဲ့ကျောင်းသားတွေကို လက်ဝှေ့ယမ်းနှုတ်ဆက်ကာ အမှတ်တရလက်မှတ်အချို့လည်း ထိုးပေးခဲ့ပါသေးတယ်။ ဒီလိုလုပ်ပြီးမှပဲ သူက ချိုးရှောင်ဟိုင်ကို မူကြိုကျောင်းအပြင်ဘက် အောင်အောင်မြင်မြင် ဆွဲခေါ်လာနိုင်တာလေ။
ဂိတ်ပေါက်က ထွက်လာပြီးနောက်မှာ ချိုးရှောင်ဟိုင်က ပိုင်လန်ရဲ့လက်ကို ဆွဲထားတယ်။ သူကမော့ကြည့်ပြီးပြောလေတယ် “ပြီးရင် သားတို့ ယုန်ပေါက်စီသွားဝယ်မှာမလား၊ ဖေဖေကပြောတယ် ဦးဦး ဝယ်ကျွေးလိမ့်မယ်တဲ့”
ထွက်သမျှ စကားအခွန်းတိုင်းမှာ ‘ဖေဖေ’ချင်းမချတဲ့ ချိုးရှောင်ဟိုင်.. သည်ကလေး အမှန်တကယ်လိုချင်တဲ့အရာက သူ့အဖေဆီက ဂရုစိုက်မှုတစ်ခုသာ ဖြစ်ချင်ဖြစ်မှာပါ။
ပိုင်လန်က ပြုံးပါတယ်။ ပြီးတော့ ချိုးရှောင်ဟိုင်ခေါင်းလေးကို ပွတ်ပေးလိုက်တယ် “သွားမှာပေါ့”
ဒါပေမယ့် သူ ခေါင်းကိုမော့ပြီး အရှေ့ကိုကြည့်ုလိုက်တဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူတို့လမ်းကို လာပိတ်တယ်။
“ဟယ်လို..ရှင်က မစ္စတာပိုင်လား? ကျွန်မက ရှောင်ဟိုင့်ကို အိမ်ပြန်ဖို့လာခေါ်တာပါ”
သူ့ရှေ့က တစ်ယောက်က ကျက်သရေရှိစွာဝတ်ဆင်ထားတဲ့ ခပ်ပြည့်ပြည့် အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမက ပိုင်လန့်ကို နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြတယ်။
……………….