(16) ဆေးဘက်ဝင်စွပ်ပြုတ်
ချိုးရှောင်ဟိုင်တစ်ယောက် ဒီသက်လတ်ပိုင်းအမျိုးသမီးကိုမြင်ပြီး ပထမဆုံးလုပ်တာက ပိုင်လန့်နောက်ကို ဝင်ပုန်းလိုက်တာပဲ ဖြစ်တယ်။ ပြီးတော့ သူ့လက်သေးသေးလေးတွေနဲ့လည်း ပိုင်လန့်ခြေထောက်ကို ကုတ်တွယ်ထားသေးတယ်။
ပိုင်လန်က အနည်းငယ်တုန့်ဆိုင်းသွားပြီးမှ အမျိုးသမီးကို ပြုံးပြလိုက်လေတယ် “ဟုတ်ကဲ့... ခင်ဗျားက?”
သက်လတ်ပိုင်းအမျိုးသမီးရဲ့အပြုံးတွေက ပိုပြီးတောက်ပလာပါတယ် “ကျွန်မက မစ္စတာချိုးငှားထားတဲ့ ကလေးထိန်းပါ၊ ကျွန်မနာမည်က ယန်လိ၊ ရှောင်ဟိုင်ကတော့ ကျွန်မကို အန်တီယန်လို့ခေါ်တယ်” စကားတွေပြောပြီးနောက်မှာ သူမက ရှောင်ဟိုင့်ကို ပြုံးပြလိုက်ပေမယ့် ချိုးရှောင်ဟိုင်ကတော့ ပိုပြီးနောက်ကိုဆုတ်ဝင်သွားတယ် “မစ္စတာချိုးက ကျွန်မကို ပြောပြထားပါတယ်၊ ဒီရက်ပိုင်းရှောင်ဟိုင်က ရှင့်အိမ်မှာနေမယ်ဆိုတာကိုပေါ့၊ ဒါပေမယ့် သိရသလောက် မစ္စတာပိုင်လည်း အလုပ်များတဲ့သူပဲလေ၊ ကလေးပါ စောင့်ရှောက်နေရရင် အဆင်မပြေဖြစ်လာနိုင်တယ်လို့ ကျွန်မကထင်လို့ပါ၊ ဒါကြောင့် ကျွန်မကူညီမယ်ဆိုရင် ပိုပြီးကောင်းသွားမလားလို့လေ”
ပိုင်လန်က မျက်ခုံးတွေမြင့်တက်သွားရင်း ငြင်းပယ်မယ်ကြံရုံရှိသေးတယ် ယန်လိက ရယ်ပြီး ဆက်ပြောပြန်တယ် “မစ္စတာပိုင်က ကြင်နာတတ်တယ်၊ ရှောင်ဟိုင့်ကိုလည်း စောင့်ရှောက်ပေးချင်တာ သိပါတယ်၊ ဒါပေမယ့် ကျွန်မတောင် ရှောင်ဟိုင်ရဲ့အစားအသောက်၊ နေထိုင်ပုံတွေနဲ့ရင်းနှီးဖို့ ခြောက်လလောက် အချိန်ပေးခဲ့ရတာ၊ မစ္စတာချိုးကလည်း အိမ်မှာအမြဲမရှိတော့ ရှောင်ဟိုင်တစ်ယောက် ထမင်းစားရင် ဘယ်လောက်ချေးများလည်း မသိဘူး၊ ပြီးတော့ ကလေးဆိုတော့ ပြောရဆိုရလည်း ခက်သေးတယ်၊ သူ့ကိုလုပ်ပေးနေတဲ့သူ ပြောင်းသွားရင် နေသားမကျဖြစ်နေမှာစိုးလို့၊ ကျောင်းစာတွေလည်း ထိခိုက်လာမှာ စိုးလို့ပါ”
ယန်လိက ရှောင်ဟိုင့်ကိုကြည့်ပြီး သဘောမနောကောင်းလှတဲ့ အပြုံးလေးတစ်ခု ပေးလိုက်တယ် “ရှောင်ဟိုင်က အတွေ့အကြုံအသစ်အဆန်းလေးတွေ လိုချင်နေတာဖြစ်မှာပါ၊ ဒါပေမယ့် ကျွန်မ စဉ်းစားတာကတော့ ရှောင်ဟိုင်ကျောင်းဆင်းပြီးရင် အိမ်ကိုပြန်လာတာက ပိုသက်တောင့်သက်သာ ရှိမလားလို့လေ၊ ကျောင်းပိတ်ရက်တွေတော့ မစ္စတာပိုင့်ဆီ လာလည်ချင် လာလည်ပါစေပေါ့၊ ဒါဆို အကုန်လုံးအတွက်လည်း အဆင်ပြေတယ်မလား၊ ကျွန်မကလည်း မစ္စတာချိုးဆီက လစာယူထားရတော့ အလကားသက်သက်ကြီးဖြစ်နေမှာလည်း စိုးလို့ပါ”
ယန်လိရဲ့ ပြုမူပြောဆိုပုံနဲ့စကားတွေက အရမ်းကိုကျိုးကြောင်းသင့်ပြီး ဆီလျှော်လှတယ်။ ထပ်ပြီး သူမရဲ့တင့်တယ်တဲ့ ဝတ်ပုံစားပုံနဲ့ နှစ်လိုဖွယ်ရာအပြုံးတို့ကိုပါ ပေါင်းစပ်လိုက်တဲ့အခါ သူမကိုကြည့်ရတာ ကလေးထိန်းနာနီတစ်ယောက်နဲ့မတူဘဲ ချမ်းသာတဲ့မိသားစုက ပညာတတ်အမျိုးသမီးတစ်ယောက်နဲ့သာ တူလေတယ်။ ဒါ့အပြင် သူမက လက်မှာ ပုလဲကြီးကြီးတစ်လုံးတည်းပါတဲ့ လက်စွပ်တစ်ကွင်းကိုပါ ဝတ်ဆင်ထားသေးတယ်။ ဒါတွေအကုန်လုံးကပဲ သူမစကားကိုလက်ခံချင်လာအောင် တွန်းအားပေးနေတာပေါ့။
ဒါပေမယ့် ဒီအချိန်မှာပဲ နောက်နားမှာရပ်နေတဲ့ ချိုးရှောင်ဟိုင်က တုန်တုန်လှုပ်လှုပ်ဖြစ်လာတယ်။ သူက ပိုင်လန်ရဲ့ဘောင်းဘီကို ဆွဲဆုပ်ထားပြီး အထစ်ထစ်အငေါ့ငေ့ါပြောလေတယ် “သား… သားက အိမ်ကို မပြန်ချင်ဘူး၊ ဖေဖေကပြောတယ် သားက ဦးဦးအိမ်မှာ နေလို့ရတယ်တဲ့! သားက အကုန်စားနိုင်ပါတယ်၊ သားက ယုန်ပေါက်စီလည်း မစားတော့ဘူးလေ၊ သားက… သားက ဦးဦးနဲ့ပဲ နေချင်တာ…..”
ပိုင်လန်ကပြုံးပြီး ချိုးရှောင်ဟိုင်ရဲ့ခေါင်းလေးကို ပုတ်ပေးလိုက်တယ်။ ပြီးတော့ ယန်လိကို ပြောလိုက်တယ် “အန်တီယန်က သိပ်ကိုစေ့စပ်တာပဲ၊ ကျွန်တော်လည်း ရှောင်ဟိုင့်ကို ကောင်းကောင်းဂရုမစိုက်နိုင်မှာ စိုးပါတယ်၊ ဒါပေမယ့် မစ္စတာချိုးက ရှောင်ဟိုင့်ကို ကတိပေးထားတာ ပျက်သွားအောင် မလုပ်ချင်ဘူး၊ ဒီလိုလုပ်ပါလား.. ရှောင်ဟိုင်ကကျွန်တော်နဲ့နေချင်တယ်ဆိုရင် နေပါစေ၊ တကယ်လို့ သူအဆင်မပြေတော့ဘူး အိမ်ပြန်ချင်တယ်ဆိုရင် ကျွန်တော်ချက်ချင်း အိမ်ပြန်လိုက်ပို့ပေးပါ့မယ်၊ ဒါဆို အဆင်ပြေမှာပါ”
ချိုးရှောင်ဟိုင်က ပိုင်လန်ရဲ့ခြေထောက်ကို ချက်ချင်းပဲ တင်းကျပ်နေအောင် ဖက်လိုက်တယ် “သား အိမ်မပြန်ချင်ဘူး၊ သားက လိမ္မာမှာပါ…”
ပိုင်လန်က ချိုးရှောင်ဟိုင်ခေါင်းလေးကို ဆက်ပုတ်ပေးနေရင်း ချိုးရှောင်ဟိုင်ရဲ့ မငြိမ်းအေးနိုင်တဲ့စိတ်တွေကို စိတ်ချသွားအောင် ပြုလုပ်ပေးနေတယ်။
ယန်လိက ချိုးရှောင်ဟိုင်ကို ချစ်ခင်တဲ့မျက်ဝန်းတွေနဲ့ ကြည့်လိုက်လေတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အပြစ်တင်ချင်ဟန်လည်း ရှိတယ် “အိုး.. ကြည့်ရတာ မစ္စတာပိုင်က လူတွေနဲ့ရင်းနှီးအောင်လုပ်တဲ့နေရာမှာ တော်ပုံရတယ်၊ ကျွန်မတုန်းက ရှောင်ဟိုင်နဲ့ရင်းနှီးဖို့ အတော်ကြိုးစားယူခဲ့ရတာ”
ဒီစကားရဲ့နောက်ကွယ်မှာ အခြားအဓိပ္ဗါယ်တစ်ခု ရှိနေမလား မရှိနေဘူးလား မသေချာပေမယ့် ပိုင်လန်က အများကြီးလည်း မတွေးချင်ဘူး။ သူက ပြုံးပြီးတော့သာ ပြန်ပြောလိုက်တယ် “အန်တီယန် ဒီကိုအဝေးကြီးလာရတာ အလဟဿဖြစ်သွားပြီ၊ ကျွန်တော် မစ္စတာချိုး ပြန်လာရင် အန်တီယန်ရဲ့စေတနာတွေကို သေချာပေါက်ပြောလိုက်ပါ့မယ်”
ယန်လိက သက်ပြင်းချတယ် “ကျွန်မက ရှောင်ဟိုင့်ကို သနားလို့ပါ၊ သူ့ခမျာ အမေလည်း မရှိရှာဘူးလေ၊ အင်း.. သနားစရာကောင်းတဲ့ ကလေးလေးပါ”
ပိုင်လန်က ဘာမှဆက်မပြောတော့ဘူး။ အဲဒိအစား မျက်နှာပေါ်က အပြုံးတွေလည်း လျော့ကျသွားတယ်။ ရှောင်ဟိုင် ဘာကြောင့် အန်တီယန့်ကို မကြိုက်လဲ သူနည်းနည်းသဘောပေါက်လာမိသလိုပါပဲ။
“ဒါဆိုလည်း ရှောင်ဟိုင့်ကို မစ္စတာပိုင်နဲ့ပဲ ထည့်ပေးလိုက်ပါ့မယ်” ယန်လိက စကားကိုပြောရင်းနဲ့ အဝတ်နဲ့ထုပ်ထားတဲ့ အိတ်ကို မ လိုက်လေတယ်။ အထဲမှာက စတီးစွပ်ပြုတ်ဗူးတစ်ဗူးလေ။ “ဒါက ဒေါက်တာချန်းရဲ့အညွှန်းအတိုင်းချက်ထားတဲ့ ဆေးဘက်ဝင်စွပ်ပြုတ်၊ ရှောင်ဟိုင့် ကိုယ်ခန္ဓာကို အားဖြည့်ဖို့လေ၊ ကလေးက မကြာမကြာဖျားတတ်ပြီး မစ္စတာချိုးကလည်း အရမ်းစိတ်ပူတတ်တယ်၊ ဆေးက ရေရှည်စွဲသောက်မှ ကောင်းတဲ့အာနိသင်ရှိမှာ၊ တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်ရင်လည်း ဘာမှမထူးဘူး၊ မစ္စတာပိုင်ယူသွားဖို့ သုံးရက်စာ ကျွန်မချက်လာတယ်၊ ညစာစားပြီးတိုင်း ရှောင်ဟိုင့်ကို တစ်ပန်းကန်တိုက်ဖို့ မစ္စတာပိုင်ကိုပဲ အားကိုးပါတယ်”
ချိုးရှောင်ဟိုင် မနေ့ညကပြောတဲ့စွပ်ပြုတ်အကြောင်း ပိုင်လန်က သတိရသွားတယ်။ သူက ယူပြီး ပြောလိုက်ပါတယ် “ကျေးဇူးတင်ပါတယ်၊ အန်တီယန် ပင်ပန်းသွားပြီ”
ချိုးရှောင်ဟိုင်ကတော့ စွပ်ပြုတ်ဗူးကို စိုက်ကြည့်နေရင်း ငြင်းလိုက်ချင်ပေမယ့် အခုလေးတင်ပေးထားတဲ့ကတိကိုသတိရသွားတယ်။ သူက ကျောကိုမတ်လိုက်ပေမယ့် အဆုံးမှာတော့ ပိုင်လန့်ခြေထောက်ကြားထဲ မျက်နှာကိုသာ ဖွက်ထားလိုက်တော့တယ်။
စွပ်ပြုတ်ဗူးကို ယူလိုက်ပြီးတာတောင် ယန်လိကထပ်ပြီး သောက်ပြီးတဲ့အခါလိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ပြောနေသေးတယ်။ ခဏကြာတော့ ပင်ပန်းနွမ်းနယ်လာတဲ့ရှောင်ဟိုင့်ကိုမြင်ပြီး မခွဲနိုင်မခွာရက်လေသံလေးနဲ့ ပြောလိုက်တယ် “ရှောင်ဟိုင်.. မစ္စတာပိုင်ပြောစကား နားထောင်ရမယ်နော်၊ ကြားလား၊ မစ္စတာပိုင့်ကို အနှောင့်အယှက် မဖြစ်စေနဲ့နော်”
ပိုင်လန်ရဲ့ပေါင်ကို ဖက်ထားတဲ့ ချိုးရှောင်ဟိုင်က ခေါင်းညိမ့်ပြပါတယ်။
ဒီအခါမှာ ပိုင်လန်က ချိုးရှောင်ဟိုင်ကို ကောက်ချီလိုက်လေတယ် “အိုကေ.. ဦးဦးတို့သွားကြစို့၊ အန်တီယန့်ကို နှုတ်ဆက်လိုက်ပါဦး”
ပိုင်လန်ရဲ့အပြုအမူကို ချိုးရှောင်ဟိုင်တစ်ယောက် အငိုက်မိသွားပုံရတယ်။ ဒါက ပိုင်လန် သူ့ကိုချီတဲ့ ပထမဦးဆုံးအကြိမ်လေ။ ဒါပေမယ့် ဒီအခွင့်အရေးကိုပဲ အသုံးချပြီး ပိုင်လန့်ကို တင်းတင်းကျပ်နေအောင် ဖက်ထားတယ်။ သူက လိမ်လိမ်မာမာလေးပဲ နှုတ်ဆက်လိုက်ပါတယ် “ဘိုင်ဘိုင် အန်တီယန်”
ပိုင်လန်လည်း ယန်လိကို ရိုးရိုးရှင်းရှင်းနှုတ်ဆက်လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ ချိုးရှောင်ဟိုင်ကိုသာ ကားနားချီလာခဲ့တယ်။
***
ကားထဲဝင်ပြီးတဲ့နောက်မှာတော့ ပိုင်လန်က ချိုးရှောင်ဟိုင်ကို သေချာနေရာချလိုက်ပြီး ခါးပတ်ပတ်ပေးနေတယ်။
ဒီတစ်ကြိမ် တိတ်ဆိတ်ပြီး လုပ်ပေးသမျှ ငြိမ်ခံနေတဲ့ချိုးရှောင်ဟိုင်ကို အသားမကျနိုင်စွာ ဒရိုင်ဘာဟုန်ဟုန်တောင် ရှေ့ခန်းကနေ မကြာခဏလှည့်ကြည့်ရလေတယ်။
ခါတိုင်း အော်ဟစ်ဆူညံနေတဲ့ကလေးက ငြိမ်သက်နေတာလေ။ ဒါက ချိုးရှောင်ဟိုင်တစ်ယောက် စိတ်မအေးလက်မအေးဖြစ်နေတာကြောင့်လို့ ပိုင်လန်က သိတယ်။ ဒါကြောင့် သူက နူးညံ့တဲ့အသံနဲ့ ပြောလိုက်လေတယ် “အခု ဦးဦးတို့ ယုန်ပေါက်စီလေးတွေ သွားဝယ်ကြမယ်နော်”
ချိုးရှောင်ဟိုင်က ခေါင်းခါပြီး ငြင်းပါတယ် “သား မစားချင်ဘူး”
ပိုင်လန်က ငုံ့နေတဲ့ခေါင်းလေးကို ပွတ်ပေးလိုက်တယ် “စိတ်မပူပါနဲ့၊ သား စားချင်တာပြောလေ၊ တကယ်လို့ သားက မလိမ္မာရင် ဦးဦးက ရိုက်မှာ၊ ဒါပေမယ့် စိတ်ချ ပြန်တော့မပို့ဘူး”
ချိုးရှောင်ဟိုင်ရဲ့ မျက်လုံးလေးတွေက ပြူးကျယ်သွားလေတယ်။ မျက်နှာပေါ်မှာလည်း အရောင်မျိုးစုံဖြတ်ပြေးသွားတာပေါ့။ သူက အသံသေးသေးလေးနဲ့ အတည်ပြုလိုက်ပါသေးတယ် “…..တကယ်နော်?”
“တကယ်ပေါ့၊ ပြီးတော့ ဦးဦးရိုက်တာ မနာတောင် ဟုန်ဟုန်ရှိသေးတယ်” ပိုင်လန်က သူနဲ့အတူ တစ်ယောက်ယောက်ကိုပါ ကြံရာပါဖြစ်အောင်လုပ်ဖို့ တွေးပြီးသားပါ။
ဟုန်ဟုန်က ကားနောက်ကြည့်မှန်ထဲကနေ ကြည့်လိုက်တယ်။
ချိုးရှောင်ဟိုင်လည်း ကြည်လင်ရွှင်ပျသွားလေတယ်။ သူက အားတက်သရော ခေါင်းညိမ့်ပြလိုက်တယ် “အင်း!” ဒါပေမယ့် တစ်စုံတစ်ခုက မှားနေတယ်လို့ တစ်ဆက်တည်း ခံစားမိသွားတာကြောင့် အပြေးကလေး ပြောလိုက်ပြန်လေတယ် “ဒါပေမယ့် သားက အရမ်းကို လိမ္မာတယ်နော်၊ ယုန်ပေါက်စီကလေ သားသားက စားချင်တယ်လို့ပြောတာမဟုတ်ဘူး၊ ဖေဖေက ဝယ်ကျွေးခိုင်းတာပါ”
ပိုင်လန်က ရယ်ပြီးပြောလိုက်ပါတယ် “ဒါပေါ့၊ ဦးဦးသိပါတယ်”
***
ဒီညမှာ ညစာစားပြီးတဲ့ ချိုးရှောင်ဟိုင်က မျက်နှာကြီးကို ရှုံ့တွန့်ပြီး စွပ်ပြုတ်ကို သောက်နေတယ်။ စွပ်ပြုတ်ရဲ့ခါးသက်လှတဲ့အရသာကြီးကို သက်သာစေဖို့ ပိုင်လန်က ပဲနီဌာပနာပေါက်စီတစ်လုံးကိုတောင် ပြင်ဆင်ထားပါသေးတယ်။ သူက ဒီလိုဆေးတိုက်ဖို့အတွက် တွဲဖက်စားနိုင်မယ့်အစားအသောက်တွေကိုပါ အင်တာနက်က ရှာထားတာ။ ဆေးအာနိသင်တွေကို မပျက်ပြယ်စေချင်ဘူးလေ။
ဒါပေမယ့် မထင်မှတ်ထားတာက ချိုးရှောင်ဟိုင်တစ်ယောက် တစ်ကျိုက်တည်းဆေးသောက်ပြီး မိနစ်အနည်းငယ်အကြာမှာပဲ မျက်ခွံတွေပိတ်လာပြီး အိပ်ငိုက်လာတာကိုပဲ။ သူက ပေါက်စီလေးတောင် မစားနိုင်တော့ဘူးလေ။ ဒီလိုအစွမ်းထက်လှတဲ့ဆေးအာနိသင်က ပိုင်လန့်ကို ရှော့အကြီးကြီးရသွားစေတယ်။ သူက ချိုးရှောင်ဟိုင်ကို ညဝတ်အင်္ကျီလဲပေးရင်း အိပ်ယာပေါ်တင်ပေးလိုက်တယ်။
ညဦးပိုင်းက တိတ်ဆိတ်နေပြီး ပိုင်လန်ကလည်း ဇာတ်ညွှန်းကို ပြန်ဖတ်နေတယ်။ သူက ကျူခွန်းသင်ပေးထားတဲ့အတိုင်း ရုပ်ရှင်တစ်ကားကိုကြည့်ပြီး အသေအချာလေးသင်ယူနေပါတယ်။ အချိန်အချို့ကြာပြီးနောက်မှာတော့ အိပ်ပျော်နေတဲ့ချိုးရှောင်ဟိုင်အကြောင်း ရုတ်တရက်သတိရသွားတယ်။ ကလေးက ၆-၇ နာရီလောက်မှာ အိပ်သွားတာဆိုတော့ ညသန်းခေါင်း ၁-၂ နာရီလောက်မှာ တရေးနိုးလာနိုင်တယ်လေ။
ဒါပေမယ့် ချိုးရှောင်ဟိုင်တစ်ယောက်ကတော့ ခြုံစောင်အောက်မှာ အိပ်မောကျနေတုန်းပဲ ရှိပါသေးတယ်။ တုတ်တုတ်တောင် မလှုပ်ဘူး။ ပိုင်လန်က တစ်ချက်ကြည့်လိုက်ရင်း မနက်ဖြန်ကျရင်တော့ ညစာမစားခင် ရေအရင်ချိုးခိုင်း၊ စားပြီး သွားမြန်မြန်တိုက်ခိုင်းရမယ်လို့တွေးနေတယ်။
နောက်တစ်နေ့ မနက်မိုးလင်းတဲ့အခါမှာတော့ အံအားသင့်စရာကောင်းလှတဲ့ အဖြစ်မှန်တစ်ခုက ပိုင်လန့်ကို စောင့်ကြိုနေတယ်။
ချိုးရှောင်ဟိုင်တစ်ယောက် အိပ်ရာထဲ ရှုးရှုးတွေပေါက်ချထားတယ်လေ။
***
ပိုင်လန်က ခေါင်းနပန်းကြီးစွာနဲ့ပဲ အိပ်ရာခင်းတွေ စောင်တွေကို ရှင်းလင်းနေရတယ်။ ချိုးရှောင်ဟိုင်ကို ပြုစုစောင့်ရှောက်ရတာ ကရိကထသိပ်များတယ်လို့ အန်တီယန်ပြောစကား မမှားဘူးလို့ တွေးနေမိတယ်။ သူက ကလေးတစ်ယောက်ကို ဘယ်တုန်းကမှ မပြုစုဖူးတာကြောင့် တဖြည်းဖြည်းနဲ့ကျင့်သားရအောင်ပဲ လုပ်နိုင်တယ်။
ဒီအခိုက်အတန့်မှာ ချိုးရှောင်ဟိုင်က စူတူတူမျက်နှာပေးနဲ့ တစ်ဖက်ခြမ်းမှာမတ်တပ်ရပ်နေတယ်။ အောက်ပိုင်းလေးလည်း တုံးလုံးတန်းလန်းလေးနဲ့ပေါ့လေ။ သူက မျက်လွှာချထားပြီးမှ ‘ဘောင်းဘီအဖြူ’ဝတ်ဖို့မေ့သွားကြောင်း ပြောလာတယ်။ နဂိုက အန်တီယန် အမြဲဝတ်ပေးနေကျလေ။ ဒါဝတ်ထားပြီးရင် အိပ်ရာပေါ်ရှုးမထွက်ကျတော့ဘူးမလား။ သူက ပြောပြီးသွားတော့ ဟုန်ဟုန်ယူလာတဲ့ အဝတ်အိတ်ဆီကိုပြေးသွားရင်း ဘောင်းဘီအဖြူဆိုတာကို ထုတ်လာတယ်။ ဒါက သေးခံတစ်ခုပါ။ သူက စိုးရိမ်တဲ့မျက်ဝန်းလေးနဲ့ကြည့်ပြီး ပိုင်လန့်ကို ပေးလိုက်တယ်။
ငါးနှစ်သားကလေးငယ်တစ်ယောက် အိပ်ရာထဲ ရှုးပေါက်ချတာ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲလား ပိုင်လန်က မလေ့လာဖူးတော့ သေချာမသိဘူး။ ဒါပေမယ့် တစ်ခုခုက မမှန်ဘူးလို့တော့ ခံစားနေရတယ်။ ပိုင်လန်က သေးခံကိုယူရင်း ပြောပါတယ် “ဒါတွေကို ညတိုင်းဝတ်အိပ်တာလား” ဒါပေမယ့် ချိုးချန်ရှိတဲ့ညကတော့ ချိုးရှောင်ဟိုင်တစ်ယောက် သေးမပေါက်ချဘူးလေ။
ချိုးရှောင်ဟိုင်က ခေါင်းညိမ့်တယ်။ ပြီးတော့ နောက်တစ်ခါ ခေါင်းရမ်းပြန်တယ် “သားက အရင်တုန်းက ဝတ်စရာမလိုပါဘူး၊ အခုတလောမှပါ” သူက ခြေထောက်တွေကို ဆောင့်နေတယ် “အန်တီယန်ကပြောတယ် သားက စွပ်ပြုတ်တွေအများကြီးသောက်လို့တဲ့၊ ဘာမှမဖြစ်ဘူးတဲ့၊ ဦးဦး .. သားဖေဖေကို ပြန်မပြောနဲ့နော်”
လာပြန်ပြီလား ဒီစွပ်ပြုတ်? ပိုင်လန်ရဲ့မျက်ခုံးတွေ ပင့်တက်သွားတဲ့အချိန်မှာပဲ အချိန်ကိုက် ဖုန်းမြည်သံထွက်လာလေတယ်။
ဒါက ချိုးချန်တစ်ယောက် နိုင်ငံခြားက ခေါ်နေတာ။ ပိုင်လန်က ချိုးရှောင်ဟိုင်အကြောင်းမေးလာတဲ့မေးခွန်းအချို့ကိုဖြေနေပေမယ့် ရှုးပေါက်ချတဲ့ကိစ္စကိုတော့ ချန်ထားခဲ့လိုက်တယ်။ အကြောင်းရင်းက သူ့ရှေ့မှာ သနားစရာကောင်းတဲ့မျက်ဝန်းလေးနဲ့စိုက်ကြည့်နေတဲ့ ချိုးရှောင်ဟိုင်ကြောင့်လေ။ ဒါကြောင့် သူက ဖုန်းကို ချိုးရှောင်ဟိုင်ဆီပေးလိုက်ရင်း သူ့အဖေနဲ့ပြောခိုင်းလိုက်တယ်။
တက်ကြွပြီးပျော်ရွှင်သွားတဲ့ ချိုးရှောင်ဟိုင်က ဖင်တုံးလုံးနဲ့ အထက်အောက်ခုန်နေရင်း သူ လိမ်လိမ်မာမာနေတဲ့အကြောင်း သူ့အဖေကို ပြောနေတယ်။ ပိုင်လန်က မနေနိုင်မထိုင်နိုင် ရယ်မိပါတယ်။ ဒါပေမယ့် ကျောင်းသွားဖို့ ရေချိုးအဝတ်အစားလဲရမယ့်အကြောင်း တွေးမိတဲ့အခါ ဖုန်းကိုပြန်ယူ ချလိုက်ရင်း စစ်ဖြစ်သလိုယောက်ယက်ခတ်နေတဲ့မနက်ခင်းကို စတင်လိုက်တော့တယ်။
ချိုးရှောင်ဟိုင်ကို အောင်အောင်မြင်မြင်ကျောင်းပို့ပြီးတဲ့အခါမှာ ပိုင်လန်က အိမ်ကိုပြန်လာရင်း စိုစွတ်နေတဲ့စောင်တွေ အိပ်ရာခင်းတွေကို လျှော်ဖွပ်ဖို့ သန့်ရှင်းရေးကုန်ပဏီကို ရှာလိုက်ပြီး မွေ့ယာကိုလည်း သန့်ရှင်းခိုင်းလိုက်တယ်။ ပြီးသွားတဲ့အချိန်မှာတော့ ကွန်ပြူတာရှေ့ထိုင်ရင်း ‘ငါးနှစ်ကလေး’ ‘အိပ်ရာထဲရှုးပေါက်ချ’ စတာတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေကို ရှာဖွေနေခဲ့တယ်။ ကလေးပြုစုပျိုးထောင်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပါ ဖတ်ရှုနေပြီး ချိုးရှောင်ဟိုင်ရဲ့အခြေအနေက သာမန်ပဲဆိုတာ သိသွားတဲ့အချိန်မှာတော့ ကွန်ပြူတာကိုပိတ်ရင်း ဆိုဖာပေါ်လှဲလျောင်းကာ တစ်ရေးတစ်မောအိပ်လေတယ်။ အားလပ်တဲ့အချိန်လေးမှာတော့ အနားယူမှရမယ်လေ။
နေ့ခင်းဘက်အိပ်ပျော်ခြင်းက အိမ်မက်ဆိုးတွေကို ဆောင်ကျဉ်းလာတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုသာဖြစ်တယ်။ ဒါကြောင့် ပိုင်လန်ကအိပ်နေပေမယ့်လည်း ကောင်းကောင်းအနားမရခဲ့ဘူး။ သူက အရင်ဘဝ သူမသေမီအချိန်က အဖြစ်အပျက်တွေကို အိမ်မက် မက်နေခဲ့လေတယ်။
ချိုးချန်တစ်ယောက် သူ့ဘေးနားမှာရှိနေရင် ပိုင်လန်က မောပန်းလွန်းတာကြောင့် တစ်ချိုးတည်း အိပ်ပျော်သွားလေ့ရှိတယ်။ ဒါကြောင့် ဒီအိမ်မက်ကို မမက်တော့တာတောင် တော်တော်ကြာနေပါပြီ။
ဒီတစ်ကြိမ်မှာ ဒီမြင်ကွင်းတွေကို နောက်ထပ်တစ်ခါ ပြန်မြင်ရတဲ့အချိန်မှာတော့ ယခင်အကြိမ်တွေလောက် စိတ်ပျက်အားငယ်ပြီး ဝမ်းနည်းမနေတော့ပါဘူး။ သူက အများကြီးကို တွေးတောဆင်ခြင်ပြီးနေပြီလေ။ ပြန်လည်မွေးဖွားနိုင်တဲ့အခွင့်အရေးဆိုတာ သိပ်ကိုကံကောင်းတဲ့အရာတစ်ခုပဲ မဟုတ်လား။
ပိုင်လန်က သူမေ့လဲကျသွားပြီးနောက်ပိုင်းအဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်နေတယ်။
မေ့မျောနေတဲ့သူ့ကိုကူညီဖို့ အရူးအမူးဖြစ်နေတဲ့ ချိုးချန်ရဲ့မျက်နှာထားက ခေါင်းမာပြီးအရှုံးမပေးချင်တဲ့ ပုံစံမျိုးပေါက်နေတယ်။ ပိုင်လန်အခုသိတဲ့ ချိုးချန်နဲ့ယှဉ်ရင်တော့ ကွဲပြားခြားနားမှုလေးတွေရှိတယ်။ ဒါပေမယ့် ဒါက အံ့သြစရာတော့မဟုတ်ဘူး။ အဲ့ဒိနှစ်ပိုင်းတွေအတွင်းမှာ ချိုးချန်က မိသားစုတွင်းစီးပွားရေးအခက်အခဲတော်တော်များများကို ရင်ဆိုင်ကြုံတွေ့လိုက်ရပြီး အများကြီးရင့်ကျက်ပြီး ပြောင်းလဲသွားခဲ့တာကိုး။
သူ့ရှေ့က မြင်ကွင်းတွေက ပြောင်းသွားတယ်။ ချိုးချန်က လူနာတင်ကားတစ်စီးကိုခေါ်ပြီး သူ့ကိုဆေးရုံလိုက်ပို့တယ်။ ပြီးတော့ ခွဲစိတ်ခန်းရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေတဲ့ ချိုးချန်ကိုတွေ့ပြန်တယ်။ သူက ချိုးချန်နားကို လမ်းလျှောက်လာတော့ ချိုးချန်က ခြေလှမ်းတွေကိုပြောင်းလိုက်ပြီး ဆေးရုံနောက်တစ်ထပ်ကို တက်သွားတယ်။ ဒီမြင်ကွင်းက ပိုင်လန့်အိမ်မက်တွေထဲမှာ ပထမဦးဆုံးတစ်ကြိမ်ပဲ။ သူက ချိုးချန်ရဲ့သူငယ်ချင်းတစ်ယောက်လည်း ဆေးရုံတက်နေသလားလို့ ထင်မိသွားတယ်။ ပိုင်လန်က ချိုးချန်နောက်ကိုလိုက်လာရင်း အထူးဗွီအိုင်ပီအခန်းထဲ လိုက်ဝင်သွားလေတယ်။ အခန်းထဲရောက်ရောက်ချင်း သူမြင်လိုက်ရတာက ချိုးချန်ရဲ့စိုးရိမ်နေတဲ့မျက်နှာထားနဲ့ ကုတင်ပေါ်က တစ်ဝက်တစ်ပျက်ပေါ်ထွက်နေတဲ့မျက်နှာသေးသေးလေးတစ်ခုပါ……
ပိုင်လန်က နိုးလာတယ်။ အမှန်တကယ်က ရှော့ခ်ရလွန်းအားကြီးသွားလို့ လန့်နိုးလာတာပါ။ သူက ဆိုဖာပေါ်ကနေ ထထိုင်လိုက်တယ်။ တစ်ကိုယ်လုံးလည်းချွေးတွေကရွှဲနေပြီးတော့ သူ့နှလုံးကလည်း အလွန်တရာခုန်နေတယ်။
… အဲဒါက ကောင်လေးငယ်ငယ်လေးတစ်ယောက်ပါ။ ပိုင်လန်က သေချာသိတယ်။
ကောင်ငယ်လေးက ဆယ်ကျော်သက်လေးတစ်ယောက်နဲ့တူပြီး နောက်ထပ်ဆယ်နှစ်အကြာ ချိုးရှောင်ဟိုင်ရဲ့အသက်နဲ့ကွက်တိပါပဲ။
သူ့ရဲ့အရင်ဘဝမှာ ချိုးချန်က ချိုးရှောင်ဟိုင်ကို အလွန်တရာနက်နက်ရှိုင်းရှိုင်း ဖုံးအုပ်ကာကွယ်ထားခဲ့ပြီး လူရှေ့သူရှေ့ တစ်ခါမှခေါ်မထုတ်ခဲ့ဘူး။
အပြုအမူတွေအားလုံးက ပိုင်လန်ဒီအတောအတွင်းမြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့အများကြီးကွာခြားတယ်။
ဘာကြောင့်လဲဆိုတော့….
ချိုးရှောင်ဟိုင်မှာ တစ်စုံတစ်ခု ဖြစ်ခဲ့လို့ပဲပေါ့၊ ချိုးချန်က ဒီလိုမျိုး ဖုံးကွယ်ထားခဲ့ပုံကို ကြည့်ရတာ…
ပိုင်လန်က ဖြည်းဖြည်းချင်းလိပ်တက်လာတဲ့ ခံစားချက်တွေကိုမြိုချနေရတယ်။ ဖြစ်နိုင်ချေတစ်ခုက သူ့နှလုံးသားထဲကနေ ဆန်တက်လာတယ်။
မိနစ်အနည်းငယ်အကြာမှာတော့ သူက စွပ်ပြုတ်ဗူးထဲက အရည်တွေကို သယ်ဆောင်နိုင်တဲ့ခွက်တစ်ခုထဲပြောင်းထည့်ရင်း အပြင်ကိုထွက်သွားလေတယ်။
သုံးရက်ကြာပြီးတဲ့နောက်မှာ ပိုင်လန်က ချိုးချန်ဆီကို နိုင်ငံရပ်ခြားဖုန်းတစ်ကောလ် ခေါ်ခဲ့တယ်။
သူပြောတဲ့အကြောင်းအရာတွေကို ချိုးချန်တစ်ယောက် ကြားပြီးတဲ့အချိန်မှာတော့ ချက်ချင်းပဲ အပြန်လေယာဉ်ကို စီစဉ်ရင်း ညတွင်းချင်း တရုတ်ပြည်ကို ပြန်လာခဲ့ပါတယ်။
…………………