(17) တော်ဝင်ဝတ်စုံ
Viewers 48k

(17) တော်ဝင်ဝတ်စုံ 

ခရီးစဉ်ရဲ့ (၁၀)နာရီကြာပျံသန်းမှုအပြီးမှာတော့ ပိုင်လန်ရဲ့တိုက်ခန်းကို ချိုးချန်တစ်ယောက် ပြန်ရောက်လာတဲ့အချိန်က မနက်(၃)နာရီတောင်ကျော်နေပြီ။

သူက ခရီးစဉ်တစ်လျှောက်လုံးမှာ ဒေါသတွေကို ထိန်းချုပ်နေခဲ့ရတာကြောင့် အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ ချိုးရှောင်ဟိုင်အခန်းထဲကို တိတ်တဆိတ်ဝင်လာခဲ့တယ်။ သူ့သားမျက်နှာလေးကိုတော့ အရင်ဆုံးမြင်ရမှဖြစ်မှာလေ။ ဒါပေမယ့် ကုတင်ပေါ်မှာ ဘယ်သူမှရှိမနေဘူးလို့ မထင်ထားလိုက်မိဘူး။ ချိုးချန်က ကြောင်သွားပြီးမှ ပင်မအိပ်ခန်းရှိရာကို ချက်ချင်းပြန်လှည့်လာတယ်။ 

သူထင်တာ မမှားပါဘူး။ ချိုးချန်က ချက်ချင်းပဲ ပင်မအိပ်ခန်းရဲ့ ကြီးမားတဲ့အပြာရင့်ရောင်အိပ်ရာကြီးပေါ်မှာ လူအကြီးတစ်ယောက်နဲ့ လူအသေးတစ်ယောက်ကို ရှာတွေ့သွားတယ်။

အိပ်ရာရဲ့တစ်ဖက်ခြမ်းမှာ ပိုင်လန်က မျက်မှောင်အနည်းငယ်ကျုံ့ပြီး အိပ်ပျော်နေတယ်။ သူ့ကျောဘက်မှာတော့ ချိုးရှောင်ဟိုင်က ကပ်နေပြီး ခြေလက်တွေနဲ့ ရေဘဝဲတစ်ကောင်လို ကုတ်တွယ်ထားလေတယ်။ သူ့မျက်နှာသေးသေးလေးက ပိုင်လန့်ကျောကုန်းမှာ တင်းတင်းကျပ်ကျပ်ဖိကပ်ထားပြီး နှစ်ယောက်စလုံးက ပူးကပ်နေတာမှ ချိုးရှောင်ဟိုင်ရဲ့ သွားရည်တွေတောင် ပိုင်လန့်ကျောပေါ်အကွက်လိုက်လေ။ မြင်ကွင်းက ချိုးရှောင်ဟိုင်တစ်ယောက် ဖက်လုံးအကြီးကြီးကို ဖက်ထားတဲ့အတိုင်းပါပဲ၊ ဖက်လုံးက ကြီးလွန်းတော့ သူ့ခြေထောက်တွေတောင် ပြည့်ပြည့်ဝဝ မခွနိုင်တော့ပါဘူး။ ဒါပေမယ့် နှစ်ယောက်သားက စိတ်ချလက်ချ အိပ်ပျော်နေလိုက်တာ ငြိမ်းချမ်းနေတာပါပဲ။

လရဲ့အေးမြတဲ့အလင်းရောင်အောက်မှာ ချိုးချန်က အေးချမ်းလှတဲ့ သည်မြင်ကွင်းကို ကြည့်ရှုနေတယ်။ သူ့နှလုံးသားထဲက ဒေါသတွေနဲ့ ခြောက်ခြားမှုတွေတောင် အနည်းငယ်လျော့ပါးသွားသလိုပါပဲ။ ကိစ္စတွေကို ရေဆုံးမြေဆုံးထိလိုက်ပြီး အောက်ခြေထိဖော်ထုတ်ဖို့လား…. သူ့အတွက်တော့ သူ့ရှေ့ကနှစ်ယောက် ကောင်းကောင်းအိပ်ပျော်နေတာကလွဲလို့ ကျန်တာဘာမှအရေးမကြီးတော့ပါဘူး။

ချိုးချန်က စိတ်မထိန်းနိုင်တော့ဘဲ ချိုးရှောင်ဟိုင်ရဲ့ခေါင်းလေးကို ဖွဖွကိုင်မိတယ်။ ဘေးနားကပိုင်လန့်ကိုရောပါပဲ။

ဒီတစ်ကြိမ်က သူ့အမှားသာဖြစ်ခဲ့ပြီး ဒီနှစ်ယောက်စလုံးအပေါ်မှာ အကြွေးတင်မိသွားပါပြီ။

သူ ရှောင်ဟိုင့်အပေါ်မှာ မှားခဲ့တယ်၊ ပိုင်လန့်အပေါ်မှာလည်း အကြွေးတင်ခဲ့တယ်……

ချိုးချန်က မျက်လွှာကိုချလိုက်ပြီး သူ့နှလုံးသားတစ်ခုလုံးလည်း အရည်ပျော်မတတ်ပါပဲ။ သူက နှစ်ယောက်ဘေးနားမှာ ဝင်လှဲလိုက်လေတယ်။

မနက်ဖြန်၊ မနက်ဖြန်ဆိုတာ စတင်ခြင်းတစ်ခုပါ။

ဒီဖြစ်ရပ်အတွက် သက်ဆိုင်သူ မှန်သမျှကို ပြန်ပြီးပေးဆပ်စေရပါလိမ့်မယ်၊ ရှိသမျှအကုန်လုံးနဲ့ ပြန်ပြီး ပေးလျှော်အောင် လုပ်ရပါလိမ့်မယ်။

***

နောက်တစ်နေ့မနက်မှာတော့ ပိုင်လန်က ကိုယ်ပေါ်မှာဖိခံနေရတယ်လို့ ခံစားနေရတာကြောင့် အိပ်ရာကနိုးလာတယ်။ နိုးနိုးချင်းသိသွားတာက သူက လူနှစ်ယောက်ကြားမှာ ညှပ်ခံထားရတာလေ။ အကြီးတစ်ယောက် အသေးတစ်ယောက်၊ တစ်ယောက်က အပေါ်ပိုင်းကိုဖိထားပြီး၊ နောက်တစ်ယောက်က အောက်မှာ။

ဒါပေမယ့် နည်းနည်းလေး လှုပ်လိုက်ရုံပဲရှိသေးတယ်၊ အကြီးတစ်ယောက်က ချက်ချင်းနိုးလာတယ်။ 

သူက မျက်စိတစ်ချက်စွေကြည့်လိုက်ပြီး ကိုယ်ခန္ဓာကို ခက်ခက်ခဲခဲလှည့်နေရတယ်။ ဒါပေမယ့် ခဏချက်ချင်းပဲ သူ့အသက်ရှုသံတွေက ဆေးလိပ်နံ့သင်းတဲ့ အနမ်းပြင်းပြင်းအောက်မှာ ကျရှုံးသွားလေတယ်။

ပိုင်လန်ကတွန်းမထုတ်ပါဘူး၊ မျက်လုံးကိုသာပိတ်ပြီး အနမ်းကိုတုန့်ပြန်တယ်။

ဒီနေ့ရက်တွေမှာ သူက အရင်ဘဝရဲ့အိမ်မက်ဆိုးတွေကြောင့် အနားမရနိုင်တာကြာပြီလေ။ ပိုင်လန်က အိမ်မက်ထဲက မြင်ကွင်းတွေကို ပြန်တွေးတောပြီး သူ့မျက်စိရှေ့က ချစ်စရာကောင်းတဲ့ ချိုးရှောင်ဟိုင်နဲ့ ယှဉ်မိရင်း နောက်ကွယ်ကလုပ်ကြံသူတွေရဲ့ ရက်စက်မှုနဲ့ယုတ်မာပက်စက်မှုတွေက သူ့နှလုံးသားတစ်ခုလုံးကို အေးခဲလာစေတယ်။ 

မူကြိုကျောင်းရှေ့က ယန်လိရဲ့အပြုံးတွေ၊ စွပ်ပြုတ်ဗူးကိုလှမ်းပေးရင်း အသေးစိတ်မှာကြားချက်တွေ ဒါတွေအားလုံးက သူမ ဆေးအကြောင်းသိတယ်ဆိုတာ ပိုင်လန့်ကို သေချာစေတယ်။ ဒါက ထိန်းရခက်တဲ့ကလေးတစ်ယောက်ကို အိပ်ခိုင်းထားဖို့ချည်းသက်သက်ရယ်တော့ မဟုတ်ဘူး။ ပြင်းထန်တဲ့အိပ်ဆေးတွေ အချိန်အကြာကြီးသုံးစွဲခြင်းက ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးမှုကို ထိခိုက်လာနိုင်တယ်ဆိုတာ သိပြီးဖြစ်မှာပါ။ ဒါက ဖွံ့ဖြိုးမှုနှောင့်နှေးတဲ့ နာတာရှည်ရောဂါဖြစ်နိုင်ပြီး ရောဂါလက္ခဏာပြနှုန်းက အလွန်နှေးတာကြောင့် သိရှိသွားတဲ့အချိန်မှာတော့ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပြီးသွားပြီးလောက်ပါပြီ။ အကြောင်းရင်းကတော့ လွယ်လွယ်ကူကူနဲ့ရှာဖွေမရနိုင်တော့ဘူးလေ။

သူမဘာကြောင့် ငယ်ရွယ်လှတဲ့ကလေးတစ်ယောက်အပေါ်မှာ ရက်စက်နိုင်တဲ့အကြောင်းရင်းကို ပိုင်လန်မသိဘူး။ ဒါက သူ့အရင်ဘဝရဲ့ အတွေ့အကြုံတွေထဲမှာလည်း မပါဘူး။ ဒါပေမယ့် အခု ချိုးချန်ရဲ့ ရင်းနှီးကျွမ်းဝင်တဲ့ကိုယ်သင်းနံ့ကြောင့်ပဲ ပိုင်လန်ရဲ့နှလုံးသားက အနားရသွားတယ်။ သူက သူ့ကို မျှော့တစ်ကောင်တွယ်ကပ်ထားသလိုမျိုး နီးကပ်နေအောင် တွယ်ဖက်ထားခဲ့တယ်။ အနမ်းကကြာရှည်လာတာနဲ့အမျှ ချိုးချန်ရဲ့ရန်လိုတဲ့အပြုအမူတွေက တဖြည်းဖြည်းလျော့ပါးလာပြီး နှလုံးသားကလည်း သက်တောင့်သက်သာရှိလာပြီး ချမ်းမြေ့လာတယ်။ ပိုင်လန်ရဲ့တစ်ကိုယ်လုံး ပျော့ခွေသွားတော့မတတ်ပါပဲ……..

ဒီအခိုက်အတန့်လေးမှာပဲ ချိုးရှောင်ဟိုင်ရဲ့ အိပ်ချင်မူးတူးအသံက ထွက်လာတယ် “ဖေဖေ!…. ဘာလို့ အချင်းချင်း ကိုက်နေကြတာလဲဟင်”  

လူနှစ်ယောက်နမ်းနေရင်းလည်း သီးသွားနိုင်တယ်ဆိုတာ ပိုင်လန်အခုတော့ နားလည်လိုက်ပါပြီ။

***

ချိုးချန်က ချိုးရှောင်ဟိုင်အတွက် တစ်ကိုယ်လုံးစစ်ဆေးဖို့ သီးသန့်ဆေးခန်းတစ်ခုကို လျှို့ဝှက်ခေါ်သွားခဲ့တယ်။

စစ်ဆေးချက်အဖြေတွေက အားလုံးကောင်းပါတယ်။

ဖြစ်နိုင်တာက ယန်လိတစ်ယောက် ပေါ်သွားမှာကြောက်ပြီး အစပိုင်းမှာ ဆေးပမာဏလျှော့ထားခဲ့ဟန်တူတယ်။ ချိုးရှောင်ဟိုင်ရဲ့ဖွံ့ဖြိုးဆဲ အစိတ်အပိုင်းတွေအားလုံးက သာမန်အတွင်းမှာပဲရှိတယ်။ ဒါပေမယ့် အချိန်တစ်ချို့ကြအောင် ဆေးသောက်ခဲ့တာကြောင့် ရေရှည်ပျက်စီးမှုဖြစ်လာမလားတော့ ဘယ်သူမှမခန့်မှန်းနိုင်ဘူး။ ဒါက နောက်ထပ်သုံးနှစ်လောက်ကြာအောင် စမ်းသပ်ပြီးမှပဲ ကောက်ချက်ချနိုင်မှာ။ ဆရာဝန်က ဒီအကြောင်းတွေကို ပြောနေတဲ့အခါ ချိုးချန်မျက်နှာတစ်ခုလုံးက အခြေအနေမဟန်တာ ပိုင်လန် အရင်ဘဝတုန်းက တွေ့ခဲ့ဖူးသလိုမျိုးပါပဲ။

ယန်လိနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမေးမြန်းမှုတွေကို ပိုင်လန်တစ်ယောက် အသေးစိတ်မသိဘူး။ ဟုန်ဟုန်က ယန်လိချက်တဲ့ စွပ်ပြုတ်တွေအားလုံးကို ယူသွားပြီးတဲ့အချိန်မှာ ချိုးချန်ကလည်း ဒီမိန်းမအကြောင်းကို ပိုင်လန်နဲ့ချိုးရှောင်ဟိုင်ရှေ့မှာ ဘယ်တော့မှ အစမဖော်တော့ဘူး။ တစ်ညနေခင်းမှာ ချိုးချန်က ချိုးရှောင်ဟိုင်ကို အန်တီယန်ဇာတိပြန်သွားပြီဆိုတဲ့အကြောင်း၊ ပြန်မလာတော့ဘူးဆိုတဲ့အကြောင်းပဲ ပြောဆိုခဲ့တယ်။

ချိုးရှောင်ဟိုင်က မျက်လုံးလေးပြူးပြီး ပြန်မေးခဲ့တာက သူ အိမ်ပြန်စရာ မလိုတော့ဘူးလားတဲ့၊ သူ ဒီနေရာမှာ တစ်သက်လုံးနေသွားလို့ ရပြီလားတဲ့….ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ မေးနေခဲ့ပါတယ်။

ချိုးချန်က ဘယ်ကိုမှမကြည့်ဘူး၊ ပိုင်လန့်ကိုလည်း မကြည့်ဘူး၊ သူ့သားရဲ့ခေါင်းလေးကိုသာ ဖိထားပြီး ‘အိုကေ. မင်းဒီမှာနေနိုင်တယ်’ ဆိုပြီးပဲ ပြောခဲ့တယ်။ 

ပိုင်လန်ကတော့ ဒီစကားကို အကျိုးအကြောင်းသင့် ဒီလိုဘာသာပြန်လိုက်တယ်။ ယန်လိအကြောင်းသိပြီးတဲ့ ချိုးချန်က အချိန်တိုတွင်း နောက်ထပ်နာနီတစ်ယောက်ကို ယုံကြည်နိုင်မှာ မဟုတ်ဘူးလေ။ သူက ချိုးရှောင်ဟိုင်နဲ့လည်း ခွဲနေချင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် နောက်ထပ်အခြေကျဖို့ မကြိုးစားခင် ဒီနေရာမှာနေတာ သင့်လျှော်တယ်လေ။

ဒီစကားကို ချိုးရှောင်ဟိုင် ကြားတဲ့အချိန်မှာ သူက အပျော်လွန်ပြီး ချိုးချန်ဗိုက်ပေါ်မှာ လူးလိမ့်နေခဲ့တယ်။ ချိုးချန်ကတော့ သူ့သားကို ဖယ်မထုတ်လိုက်ပဲ ဖက်ထားပေးခဲ့ပါတယ်။

အရာအားလုံးက ဒီလိုပါပဲ။ ဆုံးရှုံးခါနီးအခြေအနေကျမှပဲ တန်ဖိုးထားတတ်ဖို့ အလေးထားတတ်ဖို့ သင်ယူမိကြတာပါပဲ။ 

ပိုင်လန်က ဒီသားအဖကို တစ်ဖက်ကနေ ကြည့်နေခဲ့တယ်။ အခုတော့ ချိုးချန်တစ်ယောက် သင်ခန်းစာရပြီး သူ့အိမ်မက်ထဲက မြင်ကွင်းမျိုး ဘယ်တော့မှမပေါ်လာစေဖို့ မျှော်လင့်ရတာပါပဲ။

ဒါပေမယ့် ချိုးချန်ရဲ့ နူးညံ့မှုတွေနဲ့အပြိုင် အခြားတစ်ဖက်မှာလည်း ပိုင်လန့်ကို ရှော့ခ်ရစေတဲ့ အခြားမျက်နှာတစ်ခုရှိသေးတယ်။ 

ရက်အနည်းငယ်အကြာ ညနေခင်းသတင်းတစ်ခုမှာ ထုတ်လွှင့်နေခဲ့တာက ‘ယန်မျိုးနွယ်အမျိုးသမီး အဆောက်အဦးပေါ်မှခုန်ချ၍ ကိုယ့်ကိုကိုယ် အဆုံးစီရင်’ ဆိုတဲ့ခေါင်းစဉ်နဲ့ပဲဖြစ်တယ်။ ပိုင်လန်က ချက်ချင်းပဲချန်နယ်ပြောင်းလိုက်ရင် နောက်ထပ်မကြည့်တော့ဘူး။ အဲဒိအချိန်မှာ ချိုးရှောင်ဟိုင်က ယန်ပေါက်စီကိုကိုင်ထားရင်း တပြက်ပြက်မြည်အောင် ဝါးစားနေတုန်းပဲ။ သူက ပြုံးနေပြီး မနက်ဖြန်အားကျန်းကိုကျွေးဖို့ တစ်ခုချန်ထားမယ်လို့ပြောနေတယ်။ အားကျန်းက သူ့ပေါက်စီတွေကို တအားကြိုက်တာတဲ့လေ။

တစ်ဖက်မှာထိုင်နေတဲ့ချိုးချန်က ပိုင်လန့်ကိုကြည့်နေပြီး ရုတ်တရက် စကားစပြောတယ်။

သူပြောတာက ရေလုပ်သားအိုကြီးတွေက သိပ်ကိုအယူသည်းကြတယ်တဲ့၊ အသိဉာဏ်ဖွံ့ဖြိုးမှုနောက်ကျတဲ့ကလေးတွေက ကျိန်စာတိုက်ခံရလို့ဖြစ်တယ်လို့ သူတို့က စွဲစွဲမြဲမြဲယုံကြည်ကြတယ်။

ဒါကြောင့် ကျိန်စာတိုက်တဲ့လူကို အိမ်ကနေနှင်ထုတ်ပြီး အဝေးကြီးကိုပို့ပစ်ဖို့ လိုတယ်တဲ့။ ဒီလိုမှမဟုတ်ရင် အနီးနားကလူတွေကို ဒုက္ခပေးလိမ့်မယ်တဲ့လေ။

ချိုးချန်က ဒီစကားတွေကို ပြောနေတဲ့အချိန်မှာ မျက်ဝန်းတွေက ကြောက်စရာကောင်းလောက်အောင် အေးစက်နေခဲ့တယ်။ 

ဒါပေမယ့်ဒီနေရာမှာ ပိုင်လန်အံ့အားသင့်ရတာက ချိုးချန်က အရာအားလုံးဝန်ခံလိမ့်မယ်လို့ မထင်မိတာပဲ။ ဒီစကားတွေရဲ့အဓိပ္ဗါယ်က ယန်လိနောက်ကွယ်ကခိုင်းတဲ့လူတွေကို သိရှိပြီးဖြစ်တယ်ဆိုတာ ပေါ်လွင်တယ်။ ဒီလူတွေက ချိုးမိသားစုအတွင်းပိုင်းက လာတာပဲဖြစ်နိုင်တယ်။ ချိုးချန်ရဲ့အန္တရာယ်ရှိတဲ့အမူအရာ၊ ခြိမ်းခြောက်နိုင်တဲ့အငွေ့အသက်တွေကို ချင့်ချိန်ပြီးပြောရရင် နောက်ကွယ်ကလူတွေရဲ့အသိုက်ကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းလို့ မရနိုင်သေးဘူးဆိုတာ သေချာတယ်။ ပိုင်လန်က တိတ်ဆိတ်ပြီးငြိမ်သက်သွားဖို့ပဲ တတ်နိုင်ပါတယ်။ သူက နောက်ဆယ်နှစ်အကြာ ချိုးချန်ရဲ့ ရက်စက်ပြီးအကြင်နာမဲ့လှတဲ့ နည်းလမ်းတွေကို တွေးတောနေမိတယ်။ ဒါကလည်း ဘဝတစ်လျှောက်လုံးမှာ ဒီလိုဖြစ်ရပ်မျိုးတွေ အဖန်တလဲလဲဖြစ်ပေါ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။

အခြေအနေတွေက ချိုးရှောင်ဟိုင်တစ်ယောက် အနားကပ်လာပြီး ‘ကျိန်စာဆိုတာဘာလဲ၊ စားလို့ရလား’လို့ မေးတော့မှပဲ ပြင်းထန်တဲ့လေထုက သိသိသာသာလျော့ပါးသွားလေတယ်။

ချိုးချန်က သက်ပြင်းချပြီး ငါ့သားက တကယ့်ဝက်ပဲဆိုတဲ့ အမူအရာမျိုးဖြစ်နေတယ်။ ဒင်းက အိပ်မယ်၊ စားမယ်ပဲ သိတယ်လေ။ 

ဒီမတော်တဆဖြစ်ရပ်ရဲ့ခြောက်လှန့်မှုတွေအပြီးမှာ ပိုင်လန့်အတွက် အားလပ်ချိန် များများစားစားမကျန်တော့ဘူး။

ဖန်းဟွာပေးထားတဲ့အိမ်စာကလည်း ရက်အတော်များများနောက်ကျနေပြီ၊ သူက ရွေးစရာမရှိဘဲ လုပ်ဖို့ပဲ တတ်နိုင်တော့တယ်။

ကြိုတင်အကြောင်းကြားခဲ့ပြီးနောက်မှာ ကလေးထိန်းနာနီတစ်ပိုင်းဖြစ်နေတဲ့ ပိုင်လန်က ‘တော်ဝင်ဝတ်စုံ’ကို ချိုးရှောင်ဟိုင်ကို ခေါ်သွားဖို့အပြင် မရှိတော့ပါဘူး။

***

‘တော်ဝင်ဝတ်စုံ’ အကြောင်းပြောရမယ်ဆိုရင် ဆိုင်က ဘိုးဘေးဘီဘင်လက်ဆင့်ကမ်းခဲ့တဲ့ သီးသန့်ကိုယ်တိုင်းဝတ်စုံချုပ်ဆိုင်တော့ မဟုတ်ဘူး။ဒါပေမယ့် ဒီလောကထဲကအားလုံးကတော့ ဆိုင်အကြီးအကဲရဲ့အစွမ်းက လွန်ခဲ့တဲ့ခေတ်တွေကိုပါ ပြန်ပြောင်းအောက်မေ့သတိရစေတယ်လို့ သိရှိကြတယ်။ အသိဉာဏ်ပညာနဲ့ကျွမ်းကျင်မှုတွေကို ရှေးအစဉ်အဆက် အမွေရထားသလိုမျိုးပါပဲ။ ဒါပေမယ့် လီဖူနဲ့လီဟွာ ညီအစ်ကိုနှစ်ယောက်က ‘တော်ဝင်ဝတ်စုံ’ကို တည်ထောင်ထားတာ မကြာသေးပါဘူး။ အခုလက်ရှိမှာတော့ သူတို့ရဲ့အမှတ်တံဆိပ်က နံပါတ်(၁) ဒါမှမဟုတ် နံပါတ်(၂) နေရာမှာ ရှိနေပြီလေ။

အစ်ကိုကြီးဖြစ်တဲ့ လီဖူက အပ်ချုပ်ပညာအရည်အချင်းတွေကို အမွေဆက်ခံထားပြီး ညီငယ် လီဟွာက ဆိုင်အတွင်းအပြင်လည်ပတ်ရေး စီးပွားရေးကိစ္စတွေကို ဦးစီးတယ်။ လီဟွာက သူ့အစ်ကိုလီဖူကို ကူညီပြီး သင်ကြားပေးဖို့နဲ့ အလုပ်လုပ်ပေးဖို့ ကျွမ်းကျင်တဲ့တပည့်အချို့ကိုပါ ရှာပေးထားပါသေးတယ်။ အဝတ်အထည်ချုပ်လုပ်ခြင်းလောကမှာ ပြင်ပဈေးကွက်တွေအများကြီးရှိတာကြောင့် လီဟွာက အထွက်နှုန်းကို အောင်မြင်တိုးတက်အောင် ပြုလုပ်ပေးနိုင်ခဲ့ပြီး ဝယ်ယူသူတွေကြားထဲမှာ သူတို့ရဲ့အမှတ်တံဆိပ်ကို ကျယ်ပြန့်လာစေခဲ့ပါတယ်။

ဒါကြောင့် ဒီဆိုင်မှာ ဆရာလီဖူအပြင် တပည့်ဆယ့်နှစ်ယောက်ရှိတယ်။ အခုချိန်မှာ အားလုံးက အတွေ့အကြုံရင့်ထိပ်တန်းအပ်ချုပ်သူတွေ ဖြစ်နေကြပြီး တတိယမျိုးဆက် တပည့်တစ်ယောက်ပါ ရှိနေပြီဖြစ်တယ်။ လီဟွာက သူ့ရဲ့စီးပွားရေးအမြင်တွေကိုသုံးပြီး တပည့်တပန်းတွေအားလုံးကို ထွက်ခွာသွားတာမျိုးမရှိအောင် အောင်အောင်မြင်မြင်အုပ်ချုပ်ထားတယ်။ ဒါကြောင့် ‘တော်ဝင်ဝတ်စုံ’ဆိုတဲ့နာမည်က ထိပ်တန်းအရည်အသွေးတွေကို ကိုယ်စားပြုရုံသာမက အောင်မြင်တဲ့မိသားစုလုပ်ငန်းရဲ့ ပြယုဒ်တစ်ခုပါဖြစ်လေတယ်။

ဒီနေ့မှာ ပိုင်လန်အတွက် ဖန်းဟွာစီစဉ်ထားတဲ့ဆရာက အခြားသူမဟုတ်ဘဲ ဆရာလီဖူပါ။ 

ဒီအကြောင်းသာ ဒီလောကထဲကလူတွေသိသွားရင် ပြောမဆုံးပေါင်တောသုံးတောင် ဖြစ်ကုန်ကြမှာ ဧကန်မုချပါပဲ။ ဆရာလီဖူကိုယ်တိုင်ချုပ်လုပ်တဲ့ အင်္ကျီတန်ဖိုးက ဂဏန်း(၆)လုံးထိရှိတာကိုး။ တကယ်လို့ ဂုရုဆရာကြီးသာ သင်ပေးမယ်ဆိုရင် ပိုင်လန်တစ်ယောက် အသက်မွေးဝမ်းကျောင်း တိုက်ရိုက်ပြောင်းလိုက်ရင်တောင် ရနေပါပြီ။

ဒါပေမယ့် လီဖူ သူ့ကိုသင်ကြားပေးရတဲ့အကြောင်းရင်းက ရုပ်ရှင် ‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’ မှာ တော်ဝင်ဝတ်စုံက အတတ်ပညာပိုင်းဆိုင်ရာအကြံပေးအဖြစ် ပါဝင်မှာကြောင့်ဖြစ်တယ်။ သီးသန့်ဝတ်စုံချုပ်ခြင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်အားလုံးကို တော်ဝင်ဝတ်စုံက ထောက်ပံ့မှာဖြစ်ပြီး ဒါကိုလည်း အလွန်တရာဉာဏ်ကောင်းလှတဲ့ လီဟွာပဲ စီစဉ်တာလေ။ တရားဝင်အကြံပေးအဖြစ် သဘောတူထားပြီးဖြစ်တာကြောင့် လီဟွာက အစ်ကိုဖြစ်သူလီဖူကို ကူညီစေခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်က ဖန်းဟွာကိုတောင် အံ့အားသင့်သွားခဲ့စေတယ်။ သူမက မျက်နှာပူပူနဲ့ပဲ ပိုင်လန်လာပြီး သင်မယ့်အကြောင်း ဝတ်စုံလာချုပ်မယ့်အကြောင်းကို ပြောခဲ့တယ်။ ဒါပေမယ့် ဒါက ဆရာလီဖူကိုယ်တိုင် လုပ်ပေးစရာမလိုဘူးလေ။

ဒီအကြောင်းကိုကြားတဲ့လီဖူက ရွှင်မြူးတက်ကြွစွာရယ်ပါတယ်။ ပြီးတော့ တော်ဝင်ဝတ်စုံက ဒီလောက်ကုန်ကျမှုလေးကိုလည်း တတ်နိုင်ပါတယ်လို့ ပြောခဲ့တယ်။ ပိုင်လန်ကသာ မမျှော်လင့်ဘဲ ကံကောင်းသူတစ်ဦးဖြစ်သွားရုံပါပဲတဲ့။ ဒါပေမယ့် ဒီသတင်းကောင်းကိုတော့ ပိုင်လန်တစ်ယောက် တော်ဝင်ဝတ်စုံကို ရောက်လာမှပဲ သိရှိခဲ့ပါတော့တယ်။

***

တော်ဝင်ဝတ်စုံက A မြို့ရဲ့ လူကုံတန်ရပ်ကွက်မှာ တည်ရှိပြီး အတွင်းပိုင်းအပြင်အဆင်တွေက အခြားရယ်ဒီမိတ်ဆိုင်တွေနဲ့ တအားကွာခြားတယ်။

အရောင်ရင့်ရင့် ပရိဘောဂတွေရယ်၊ လျှပ်စစ်မီးရောင်ဖျော့ဖျော့တွေရယ်က အရမ်းကိုအဆင့်မြင့်လှပြီး တစ်ဘက်ခြမ်းမှာ ပြသထားတဲ့ အထည်အလိပ်တွေကြောင့်လည်း အမြင်ပိုတင့်တယ်ပြီး လက်ရာမြောက်စေတယ်။ ဒါပေမယ့် ဆိုင်ထဲမှာတော့ ပြသထားတဲ့ ချုပ်ပြီးသားဝတ်စုံ တစ်စုံမှတောင် မရှိပါဘူး။

အရှေ့ဘက်မှာရှိတဲ့ ကောင်တာရယ်၊ ကောင်တာရှေ့မှာခင်းထားတဲ့ ကတ္ထီပါတပ်ဆိုဖာထိုင်ခုံတွေကလွဲပြီး တစ်ဆိုင်လုံးက သီးခြားအခန်းငယ်လေးတွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါက ဖောက်သည်ဗွီအိုင်ပီတစ်ယောက်ချင်းစီအတွက် လိုအပ်ချက်တွေကိုဆွေးနွေးဖို့၊ ကိုယ်တိုင်းယူဖို့နဲ့ စမ်းသပ်ဝတ်ဆင်ကြည့်ဖို့ သင့်တော်အောင် ပြုလုပ်ထားတာ။

ဒါကြောင့်ပဲကြီးမားလှတဲ့ဆိုင်ကြီးက အလွန်တရာတိတ်ဆိတ်နေလေတယ်။ ကြိုတင်အပွိုင့်မန့်နဲ့ပဲ လက်ခံတာကြောင့်လည်း ဧည့်ကြိုစားပွဲကလွဲရင် အခြားလူတစ်ယောက်မှ မမြင်ရဘူး။

ဒီနေ့မှာပိုင်လန်က ချိုးရှောင်ဟိုင်လက်ကိုဆွဲပြီး ဆိုင်ထဲဝင်လာခဲ့တုန်းက မနေနိုင်တော့ဘဲ နှုတ်ခမ်းပေါ်လက်ညှိုးတစ်ချောင်းတင်ရင်း “ရှူး” ဆိုပြီး သတိပေးလိုက်ရတယ်။

ချိုးရှောင်ဟိုင်ကလည်း နာခံစွာပဲ ခေါင်းညိမ့်ပါတယ်၊ ပြီးတော့ ပိုင်လန့်ဘက်ကို “ရှူး” ဆိုပြီး ပုံစံတူပြန်လုပ်ပြလေတယ်။

ဧည့်ကြိုစားပွဲမှာထိုင်နေတဲ့မိန်းကလေးက ရင်းနှီးတဲ့အမူအရာနဲ့ ပြုံးပြတယ် “မစ္စတာပိုင်.. တော်ဝင်ဝတ်စုံက ကြိုဆိုပါတယ်၊ လူကြီးမင်းရဲ့တွေ့ချိန်ရောက်ဖို့ မိနစ်အနည်းငယ်လောက်လိုပါသေးတယ်၊ အခု ဆရာက ဧည့်သည်နဲ့တွေ့နေတုန်းမို့၊ ဆိုဖာပေါ် ခဏလောက်ထိုင်စောင့်ပေးလို့ ရမလားရှင်”

ပိုင်လန်က ယဉ်ယဉ်ကျေးကျေးနဲ့ပဲ အပြုံးလေးနဲ့တုန့်ပြန်ပါတယ် “ကျေးဇူးပါခင်ဗျာ၊ နောက်ကျမှရောက်လာလို့ ကျွန်တော်ကတောင် တောင်းပန်ရဦးမှာ၊ မိသားစုအရေးကြီးကိစ္စလေးလည်းရှိတော့ ဒီနေ့ ကလေးကို အတူခေါ်လာလိုက်ရတယ်၊ ဆရာ စိတ်အနှောင့်အယှက်ဖြစ်မှာပဲ စိုးတာပါ”

ဧည့်ကြိုမိန်းကလေးက ပြုံးပြုံးရွှင်ရွှင်ပြန်ပြောတယ် “စိတ်မပူပါနဲ့ရှင်၊ ဆရာက ကလေးချစ်တတ်ပါတယ်၊ ဒီကမောင်လေးက လိမ္မာပြီးချစ်စရာကောင်းတော့ ဆရာတွေ့ရင် အရမ်းပျော်မှာပါ” 

ချိုးရှောင်ဟိုင်က ခေါင်းညိမ့်ပြီး အသံသေးသေးလေးနဲ့ပြောပါတယ် “သားက အရမ်း လိမ္မာတယ်”

ဧည့်ကြိုမိန်းကလေးက အသံထွက်ရယ်တယ် “မမ သိတာပေါ့၊ လိမ္မာတဲ့ကလေးတွေက ဘီစကွတ်စားရမယ်၊ မမ ဘီစကွတ်ယူပေးမယ်နော်” 

ချိုးရှောင်ဟိုင်က စိတ်အားထက်သန်စွာနဲ့ မျက်လုံးကိုပြူးပြီး ပိုင်လန့်ကိုကြည့်တယ်။ သဘောက ခွင့်ပြုချက်စောင့်နေပါတယ်ပေါ့။ ဒီရက်ပိုင်းအတွင်း သူ့ရဲ့စားရေးသောက်ရေးမှန်သမျှကို ပိုင်လန်က ကောင်းကောင်းစီမံခန့်ခွဲထားတာလေ။

ပိုင်လန်က ချိုးရှောင်ဟိုင်ခေါင်းကို ပုတ်တယ် “မမ ကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်လေ”

“ကျေးဇူးတင်ပါတယ် မမ” ချိုးရှောင်ဟိုင်က တက်ကြွစွာပြောပါတယ်။

ဧည့်ကြိုမိန်းကလေးက သူတို့နှစ်ယောက်ကို ဆိုဖာထိုင်ခုံဆီခေါ်သွားတယ်။ ပြီးတော့ ရေနွေးကြမ်းတစ်အိုးချပေးရင်း ကြက်ဥဌာပနာမုန့်တစ်ပန်းကန်ယူလာတယ်။ ဧည့်ဝတ်ကျေပွန်မှုကတော့ နေ့လည်ခင်းလက်ဖက်ရည်ဆိုင်တွေနီးနီးပါပဲ။

မိနစ်အနည်းငယ်ကုန်ဆုံးသွားပြီးနောက်မှာ ဧည့်ကြိုမိန်းကလေးက နောက်တစ်ကြိမ်လာတောင်းပန်ပြန်တယ်။ အရှေ့ကဧည့်သည်က မပြန်သေးပုံရတယ်။ ကိစ္စမရှိပါဘူးလို့ ပိုင်လန်ကပြုံးပြီး ပြောလိုက်ပါတယ်။ ပြီးတော့ ဝတ်စုံတွေက သီးသန့်ကိုယ်တိုင်းနဲ့ချုပ်တာမို့လို့ နောက်ထပ်ကြက်ဥမုန့်နည်းနည်းလောက်ထပ်စားလည်း ဖြစ်ပါတယ်လို့ ပြောလိုက်သေးတယ်။ ဒီစကားက မိန်းကလေးကို ခိုးခိုးခစ်ခစ်ရယ်စေပြီး နောက်ထပ်အချိုပွဲမုန့်တစ်ပန်းကန်တောင် လာချပေးသွားပါသေးတယ်။

သူတို့စောင့်နေတဲ့အချိန်မှာပဲ တံခါးအထက်ကခေါင်းလောင်းကမြည်လာပြီး ဧည့်သည်အုပ်စုတစ်စုဝင်လာတယ်။

ဧည့်ကြိုမိန်းကလေးက ယဉ်ကျေးပျူငှာလှစွာ ဆီးကြိုလိုက်တာပေါ့ “တော်ဝင်ဝတ်စုံမှ ကြိုဆိုပါတယ်ရှင်၊ ဆရာချန်က လူကြီးမင်းတို့ကို စောင့်နေပါတယ်၊ ဒီဘက်ကိုလိုက်ခဲ့ပါရှင်”

ဒါက အရွယ်စုံအုပ်စုတစ်စုလေ။ စကားတွေပြောနေကြတာကြောင့် ဆိုင်တစ်ဆိုင်လုံးက ဆူညံသွားတယ်။ ပိုင်လန်က နားထောင်ဖို့ရည်ရွယ်ချက်မရှိတာတောင် ကြားနေရတုန်းပါပဲ။

“ဟီးဟီး ငါ တစ်နေ့ကျရင် ဒီကိုရောက်လာနိုင်လိမ့်မယ်လို့ တွေးတောင်မတွေးမိဘူး၊ ငါ့အမေကိုသာ ပြောပြလိုက်ရင် ငေါက်ခနဲသေတောင်သေသွားဦးမယ်”

“ဘယ်လိုရှေးဟောင်းဆိုင်မျိုးမို့ ကုမ်ပဏီက ငါတို့ကိုဝတ်စေချင်ရတာလဲ”

“ဆုပေးပွဲနေ့ကျရင် ဝတ်ဖို့လေ၊ ငါတော့ အစ်ကိုမင်ကိုသနားတာနဲ့ပဲ လာလိုက်ရတယ်”

“ငါ့ဆံပင်ကိုကြည့်စမ်း ဘယ်လိုနေလဲ၊ တစ်ဖက်ကို ရိတ်ထားတာ၊ ဒီလိုပုံနဲ့ ဆုပေးပွဲမှာ အဆင်ပြေပါ့မလား” 

“ဆံပင်တုဆိုတာ မကြားဖူးဘူးလား စောက်ရူးရဲ့”

“ဟားဟားဟား.. ကင်မရာတွေရှေ့ရောက်ရင် ဆွဲဖြုတ်ပစ်မှာ မယုံမရှိနဲ့…”

သူတို့တွေကြားထဲမှာတော့ ရင်းနှီးတဲ့မျက်နှာတစ်ခုက ပိုင်လန့်ကို လှည့်မကြည့်ရမနေနိုင်အောင် ဖြစ်စေတယ်။ 

သူတို့တွေက ပိုင်လန် ‘သိခဲ့ဖူး’တဲ့ လူတွေပါပဲ။

တိုတယ်အနုပညာရဲ့ယောကျ်ားလေးအိုင်ဒေါလ်အဖွဲ့ R-RED ။ ပိုင်လန်ရဲ့ ကုမ်ပဏီတူလုပ်ဖော်ကိုင်ဖက်တွေလေ။ 

အဖွဲ့မှာက ယာကဲ၊ ယာတု၊ ယာချီ နဲ့ ယာလန် ဆိုတဲ့ အဖွဲ့သားလေးယောက်ပါပြီး အခု လေးယောက်စလုံးရောက်နေတာ။

R-RED အဖွဲ့က ချောမောခန့်ညားတဲ့အသွင်အပြင်နဲ့ ညှို့အားပြင်း အကစွမ်းရည်တို့ကြောင့် လူသိများပြီး အိုင်ဒေါလ်နယ်ပယ်မှာလည်း သူတို့ရဲ့ကျော်ကြားမှုက ခိုင်ခိုင်မာမာတည်ဆောက်ထားတယ်။ ဒါပေမယ့် သူတို့က ရုန်စစ်ချီလို စစ်မှန်တဲ့အရည်အချင်းရှိသူတွေနဲ့ ဦးတည်တဲ့လမ်းကြောင်းချင်း လုံးဝကွဲပြားတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲပြောပြော သူတို့က အခုလက်ရှိမှာ တိုတယ်အနုပညာကို သောက်သောက်လဲငွေရှာပေးတဲ့သူတွေဆိုရင်လည်း မှားနိုင်ချေတော့ မရှိပါဘူး။ 

အရင်ဘဝတုန်းကလည်း ဒီလေးယောက်နဲ့ ပိုင်လန် မသိကျွမ်းပါဘူး။

ဒါပေမယ့် သူပဲစိတ်ထင်နေတာလား မသိပေမယ့် … ဒီလေးယောက်က သူ့ကိုမြင်ပြီး မျက်နှာပေါ်မှာ ထူးဆန်းတဲ့အမူအရာတွေဖြစ်လာတယ်။ 

ခန့်မှန်းသလိုပါပဲ။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ကမောက်ကမလေထု ပြီးဆုံးသွားတဲ့အချိန်မှာ လူငယ်လေးတွေထဲက တစ်ယောက်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ကွေးတက်လာတယ်။ ဒီကောင်လေးမှာ တရုတ်ဆီးသီးပုံစံ မျက်လုံးလေးရှိပြီး ဘယ်ဘက်မျက်လုံးအောက်ဖက်မှာတော့ လှပသေးငယ်တဲ့ အမှတ်ကလေးတစ်ခုရှိလေတယ်။ သူက ခေါ်လိုက်တယ် “ပိုင်လန်?”

ကောင်လေးက သူ့လေသံထဲက မလိုမုန်းတီးမှုတွေကိုတောင် ဟန်ဆောင်ဖုံးကွယ်လို့ မရခဲ့ပါဘူး။

……………………….