(18) ကိုယ်တိုင်း ပေကြိုး
ပိုင်လန်က ချိုးရှောင်ဟိုင်ရဲ့ပါးစပ်တွေကို သုတ်ပေးနေရင်း လူငယ်လေးရဲ့နှုတ်ဆက်စကားကို အသိအမှတ်ပြုသလို ခေါင်းညိမ့်ပြလိုက်တယ် “မတွေ့တာကြာပြီနော်”
လူငယ်လေးရဲ့အနက်ရောင်သူငယ်အိမ်က ကျဉ်းမြောင်းသွားလေတယ်။ သူက အကြည့်တွေကို ချိုးရှောင်ဟိုင်ဆီဝေ့ဝဲကွေ့ပတ်သွားပြီးမှ ပိုင်လန့်ဆီပို့လွှတ်လိုက်တယ် “တိုက်ဆိုင်ချက်ကတော့ ဟင်….၊ တက်လာတဲ့သတင်းတွေကိုလည်း ကြားပါတယ်၊ သရုပ်ဆောင်တာလည်း သိပ်ကောင်းတယ်နော်၊ လှလှပပလေး ဖြေရှင်းသွားနိုင်တယ်၊ ပြောစမ်းပါဦး.. တိုက်(D) ၆ လွှာမှာ နေရတာ ပျော်ရဲ့လားလို့”
လူငယ်လေးက ပိုင်လန့်ကိုလှောင်ပြောင်ဖို့ တမင်သက်သက်လိပ်စာကို ထုတ်ပြောတယ်။ သဘောက မင်းကိုသိပါတယ်ပေါ့လေ။ ဒါပေမယ့် သူပြောတဲ့အထပ်က (၂)လွှာ ကွာနေတယ်ဆိုတာကိုတော့ မသိရှာပါဘူး။
ဒါကြောင့် ပိုင်လန်က ချိုးချန်ရဲ့ချမ်းသာမှုကိုပဲ အံ့သြပေးရမလား၊ အချစ်တိုင်းအပေါ်မှာ တပြေးညီစောင့်ရှောက်တာကိုပဲ ချီးကျူးပေးရမလား မသိတော့ပါဘူး။ ပိုင်လန်က ခပ်ပါးပါးလေးပဲ ပြန်ပြောလိုက်တယ် “ပတ်ဝန်းကျင်က မဆိုးပါဘူး”
“အဝင်အထွက်က နည်းနည်းတော့ ကသီလင်တများတယ် ဒါပေမယ့် ၆လွှာက မြင်ကွင်းသိပ်ကောင်းတယ်” လူငယ်လေးက မျက်ခုံးတွေကိုပင့်တင်ရင်း ဆက်ပြောတယ် “ဒါကြောင့်မို့ ငါက အလယ်ခန်းကိုရွေးထားတာလေ၊ ရှုခင်းအကောင်းဆုံး အခန်း၊ တစ်ခန်းလုံးကိုလည်း ငါ့အကြိုက်ကိုလိုက်ပြီးပြင်ထားတာ၊ အနက်ရောင်ချည်းပဲ ထားချင်တာကိုး၊ ဒါမှ အဖြူရောင်ပရိဘောဂတွေနဲ့ ပနံရနေမှာ၊ အပြင်အဆင်က နည်းနည်းတော့ ကျောချမ်းစရာကောင်းလိမ့်မယ်၊ ပြီးတော့ တခြားသူတွေနဲ့လည်း အံဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး”
“ရှုခင်းက တကယ့်ကိုကောင်းပါတယ်” ပိုင်လန်ကထောက်ခံရုံ ထောက်ခံပါတယ်။
ပိုင်လန်ရဲ့စကားက လူငယ်လေးကို ရွဲ့နေသလိုမျိုး ခံစားလိုက်ရတာကြောင့် သူကပိုပြီးတော့တောင် ရှူးရှူးရှဲရှဲ ဖြစ်လာပြီး ဆက်လက်တိုက်ခိုက်လေတယ် “အော် မေ့သွားလို့၊ ဘယ်အခန်းဖြစ်ဖြစ်အရေးမကြီးဘူးလေ ဟုတ်တယ်မလား၊ သူက စိတ်ပါလာပြီဆို ဘယ်နေရာဖြစ်ဖြစ် လုပ်တော့တာပဲ”
R-RED အဖွဲ့ရဲ့ခေါင်းဆောင်က ယာတုလို့ခေါ်တယ်။ သူက လူငယ်လေးကို ဖမ်းကိုင်ရင်း ဆတ်ခနဲဆွဲလိုက်တယ် “ယာချီ သွားစို့၊ စကားတွေပြောတာ ရပ်သင့်ပြီ”
ဒါပေမယ့် ဒီအချိန်မှာပဲ ချိုးရှောင်ဟိုင်က ခေါင်းလေးစောင်းကာ ပိုင်လန့်ကို မေးလေတယ် “အားပိုင်..သားတို့က (၈)လွှာမှာ နေတာ မဟုတ်ဘူးလား၊ သား ရေထားတယ်လေ၊ မမှားပါဘူး..”
ဒီစကားတွေကြားတဲ့ ယာချီက မျက်နှာပျက်သွားတာပေါ့။
ပိုင်လန်က ချိုးရှောင်ဟိုင်ကို ပွတ်ပေးလိုက်ပြီး ဒီ အလိုက်သိလှတဲ့ကလေးလေးကို နောက်ထပ်ကြက်ဥမုန့် ထပ်ကျွေးရင် ကောင်းမလားလို့လည်း စဉ်းစားနေတယ်။
ယာချီက အမှန်တကယ့်ကို ဒေါသထွက်နေပါပြီ။ သူက သူငယ်ချင်းကို ဘေးကိုတွန်းပစ်လိုက်ရင်း အံကိုကြိတ်ကာ ပိုင်လန့်ကို ဒေါသတကြီးပြောတယ် “မင်းက ငါ့ကိုကြိတ်လှောင်နေတာပေါ့ ဟင်? မပူပါနဲ့ … ဒီအကွက်တွေက ငါ့အတွက် ရိုးနေပြီ၊ … မင်းကိုမင်း တခြားသူတွေနဲ့ မတူဘူးများ ထင်နေတာလား? စောက်ရူးထမနေနဲ့၊ သူက မင်းကို လူမြင်ကွင်းကို အတူတူခေါ်သွားဖူးသလား ပြန်စဉ်းစားကြည့်စမ်းပါဦး၊ သတင်းစာတွေထဲမှာ မပါလိုက်နဲ့ ပါလိုက်တာနဲ့ ချက်ချင်းဖျက်ပစ်လိုက်တာပဲ မဟုတ်ဘူးလား၊ သူက မင်းကို အိမ်ပေးတယ် ကားပေးတယ် သုံးစွဲမကုန်တဲ့ခရတ်ဒစ်ကဒ်ပေးတယ် ရက်ရက်ရောရောထောက်ပံ့တယ်။ ဒါပေမယ့် သူ့ဘေးမှာတော့ ဘယ်တော့မှ ရပ်ခိုင်းမှာမဟုတ်ဘူး၊ အဲ့ဒါဘာကြောင့်လဲ သိရဲ့လား.. အဲ့နေရာက အစောကြီးကတည်းက တစ်ယောက်ယောက်က ဦးထားပြီးပြီကွ”
စကားလုံးတွေကို နားထောင်နေတဲ့ပိုင်လန်က မျက်နှာပေါ်မှာတော့ ဘာခံစားချက်မှ မပြဘူး။ ဒါပေမယ့် သူ့နှလုံးသားထဲမှာတော့ ထူးဆန်းသလို ခံစားနေရတယ်။
သူက အရင်တုန်းက ကုမ်ပဏီမှာ ကြားခဲ့ဖူးတဲ့ ကောလဟလတွေကို ပြန်တွေးနေမိတယ်။ ဒါက အတင်းအဖျင်း သက်သက်မှ မဟုတ်တာဘဲ။
ကောလဟလတွေထဲမှာက ချိုးချန်နဲ့ယာချီက ဆက်ဆံရေးတွေ ရှိခဲ့ဖူးတယ်တဲ့။ သတင်းတွေက သိပ်ကို မရေမရာပါပဲ၊ ပြီးတော့ ဆက်ဆံရေးရှိတယ်ဆိုတာ အပေးအယူပုံစံမျိုး ဟုတ်ချင်မှလည်း ဟုတ်မှာလေ။ ဒါပေမယ့် တလောလေးကမှ ကြားခဲ့ဖူးတာက လူထူထပ်နေတဲ့လျှောက်လမ်းမှာ ယာချီက ချိုးချန်ကို ဖမ်းဆွဲထားတာ မြင်ခဲ့တဲ့သူရှိတယ်တဲ့။ လူငယ်လေးက အတင်းအကျပ်တွယ်ကပ်ထားပြီး မေးခွန်းမေးနေတာ “ခင်ဗျားဆီမှာ ခံစားချက်အမှန် နည်းနည်းလေးတောင် မရှိဘူးလား” တဲ့။ ချိုးချန်ကတော့ လွတ်အောင်ရုန်းထွက်ရင်း ရှေ့ဆက်လျှောက်သွားတယ်တဲ့လေ။
တက်ကြွနေတဲ့ သတင်းဖွသူကတော့ သူ့အမြင်လေးတွေကိုပါ ထပ်ပေါင်းထည့်လိုက်ပါသေးတယ် …. အနည်းဆုံးတော့ ယာချီက ရသင့်သလောက်လည်း ရပြီး နာမည်ကြီးလာပြီလေ၊ ဒါတောင်သူက မကျေနပ်နိုင်သေးဘဲ ဘယ်အချိန်မှာလက်လွှတ်သင့်တယ်ကို မသိနိုင်လောက်အောင် မွှန်နေတာလားတဲ့…..
ဒါပေမယ့် အခုအပြင်မှာ သူ့ကိုတွေ့လိုက်ရတော့ ယာချီက ချိုးချန်အပေါ်မှာ အမှန်တကယ်ခံစားချက်ရှိမှန်း ပိုင်လန် နားလည်လိုက်တယ်။ သူက ကြိုက်တာကြောင့် ပွင့်ပွင့်လင်းလင်း ပါးစပ်ကနေ တိုက်ရိုက်မေးလိုက်တာလေ။ တဲ့တိုးသမားယာချီက ချစ်ရမှာလည်း မကြောက်ဘူး၊ မုန်းရမှာလည်း မကြောက်ဘူး၊ ဒါက ငယ်ရွယ်သူလေးမှာပဲရှိတတ်တဲ့ သတ္တိတစ်မျိုးပေါ့။
ဒီလိုတွေးလိုက်ပြန်တော့လည်း ယာချီက ပွင့်လင်းလှတယ်လို့ ခံစားမိပြန်တယ်။ သူက တစ်ယောက်ယောက်ကို နောက်ကနေဓါးနဲ့ထိုးမယ့်လူမျိုး မဟုတ်နိုင်လောက်ပါဘူး။ ဒါပေမယ့် ဒီနေရာမှာ ချိုးရှောင်ဟိုင်ကတော့ ယာချီရဲ့အပြုအမူတွေကို ထိတ်လန့်နေပါပြီ။ ကလေးက အနားကပ်လာလို့ ပိုင်လန်က မနေနိုင်ဘဲ ဖက်ပေးထားရင်း အားပေးနေရတယ်။
“ငါက မင်းကိုအားအားယားယား လိမ်နေတယ်လို့များ တွေးနေသေးလား၊ ကောင်းပြီ… စိတ်ကောင်းလေးမွေးပြီး မင်းကိုတစ်ခုလောက်တော့ သတိပေးလိုက်မယ်.. သူ့ဆီက ယူစရာရှိတာယူ ပြီးရင်အကုန်လုံးကို မေ့ပစ်လိုက်၊ ဒါမှမဟုတ်ရင်လည်း အလကားအချိန်ကုန်တာပဲ အဖတ်တင်မယ်! ချိုးချန်က ဘာကြောင့် အနုပညာလောကထဲကလူတွေနဲ့ပဲ တွဲပြီး အပြင်လူတွေ ဘာလို့မထိတာလဲ မင်းမသိဘူးမလား၊ သူက အဲ့တစ်ယောက်ရဲ့အရိပ်ကိုပဲ လိုက်ရှာနေတာကွ၊ အဲ့ဒိလူကလွဲပြီး သူ့ရင်ထဲမှာ ဘယ်သူမှ…….. ဟေး..ငါပြောတာကိုရော နားထောင်နေရဲ့လား!?” ယာချီရဲ့မျက်နှာက ဒေါသကြောင့် လှုပ်ခတ်လှုပ်ခတ်ဖြစ်လာတယ်။
ဒါပေမယ့် ချိုးရှောင်ဟိုင်ရဲ့ ခပ်မြန်မြန်ပြန်ဖြေစကားကြောင့်ပဲ ပိုင်လန့်မျက်လုံးတွေ မြင့်တက်သွားရတယ် “ဟုတ်ကဲ့ နားထောင်နေပါတယ်!”
“ဖွီး.. ဒီကလေးကတော့ စံပါပဲကွာ” နောက်ထပ်အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ယာလန်က မနေနိုင်ဘဲ ထရယ်တယ်။
ပြီးတော့ သူက ယာချီရဲ့ပုခုံးကို ခပ်တင်းတင်းလှမ်းဖက်လိုက်ရင်း ပြောလေတယ် “အိုကေ.. တော်လောက်ပြီ၊ မစ္စတာပိုင်လည်း မင်းရဲ့စိတ်ကောင်းစေတနာတွေကို သိသွားပြီ၊ ဘာကိုများ မကျေမနပ်ဖြစ်နေသေးတာလဲ၊ မင်းပဲပြောတာလေ.. အင်္ကျီအသစ်လေးတွေဝတ်မယ် အချစ်အသစ်ထပ်ရှာမယ်ဆို..၊ သွားစို့ သွားစို့ အချိန်မရှိတော့ဘူး” သူက ယာချီ့ကိုပြောပြီးမှ ပိုင်လန့်ဘက်လှည့်ရင်းထပ်ပြောပြန်တယ် “မစ္စတာပိုင်.. စိတ်ထဲမထားပါနဲ့နော်၊ ကလေးက စိတ်မကြည်ရင် ပါးစပ်က ပေါက်ကရတွေထွက်တတ်လွန်းလို့ပါ၊ ဒါပေမယ့် ခဏလောက်ကြာရင် ပြန်ကောင်းသွားပြန်ရော၊ အချိန်ရမယ်ဆိုရင် နောက်တစ်ခါမှ မစ္စတာပိုင့်ကို လာတောင်းပန်ခိုင်းလိုက်ပါ့မယ်”
ယာချီက ဒေါသတကြီးရုန်းကန်ရင်းပြောတယ် “ငါ့ကိုလွှတ်စမ်း!” ဒါပေမယ့် ကျန်သုံးယောက်က အတင်းချုပ်ထားတယ်။ ဝိုင်းဝန်းကူညီကြတဲ့ အဖွဲ့သားတွေကိုကြည့်ပြီး R-RED အဖွဲ့သားတွေ ကြားထဲမှာ အတော်လေးကောင်းတဲ့ ဆက်ဆံရေးရှိမှန်း သိသာပါတယ်။
ပိုင်လန်က ဇဝေဇဝါနဲ့ပဲ ပြုံးပြလိုက်ရတယ် “မလိုပါဘူးခင်ဗျာ.. ရပါတယ်”
အဖွဲ့ခေါင်းဆောင် ယာတုက နောက်တစ်ကြိမ်တောင်းပန်လိုက်ပြန်ရင်း နောက်ဆုံးမှာတော့ အားလုံးက အခန်းတစ်ခုထဲ ဝင်သွားကြပြီး ဆိုင်တစ်ခုလုံးက တိတ်ဆိတ်သွားပြန်တယ်။
ပိုင်လန်က လက်မောင်းထဲက ချိုးရှောင်ဟိုင်က ပွတ်ပေးနေတယ် “လန့်သွားလို့လား၊ အဲ့ဒိကိုကိုက နည်းနည်းလေး စိတ်လှုပ်ရှားသွားလို့ပါ၊ ဘာမှမဖြစ်ဘူးနော်”
ချိုးရှောင်ဟိုင်က ခေါင်းညိမ့်ပြရင်း နားလည်ပါတယ်ပေါ့။
“ဒါပေမယ့် အဲ့ကိုကိုက ဘာတွေပြောနေတာလဲဟင်၊ ဖေဖေ့ရင်ထဲကလူတဲ့၊ ဖေဖေ့ရင်ထဲကလူက သားလေ”
ပိုင်လန်က မနေနိုင်ဘဲ ထုတ်ရယ်လိုက်ရပြန်တယ် “ဟုတ်တာပေါ့..အဲ့ဒါသားပါ”
***
မိနစ်အနည်းငယ်အကြာမှာတော့ ဆရာလီဖူထွက်လာတယ်။
လီဖူက ခန့်မှန်းခြေအသက် (၆၀)ကျော်လောက်ရှိပြီ။ မီးခိုးရောင်ဘက် သန်းလုပြီဖြစ်တဲ့ ဆံပင်တွေနဲ့ ပိန်ပိန်ပါးပါးအသွင်ရှိတယ်။ ဒါပေမယ့် လက်ပြင်တစ်ချက်မကုန်း သန်မာဆဲပါပဲ။
ပိုင်လန့်ကိုတွေ့တွေ့ချင်းမှာ လီဖူကပြုံးပြလိုက်ပြီး ခန့်ညားလှပတယ်လို့လည်း ချီးကျူးလိုက်လေတယ်။ ဘာကြောင့်လဲဆိုတော့ နဂိုရှိမှ နဂိုင်းထွက်ဆိုသလို ဝတ်စုံတစ်စုံကို ဝတ်ဆင်ဖို့ဆိုတာ ရုပ်ခံကလည်း အရေးကြီးတာကိုး။ လီဖူက ချိုးရှောင်ဟိုင်ကို လက်ပြလိုက်ပြီး ချစ်ခင်နှစ်သက်တဲ့အမူအရာနဲ့ ခေါင်းပုတ်ပေးလိုက်တယ်။ သူက ဒီအရွယ်ကလေးငယ်လေးတွေအတွက် အင်္ကျီအမြဲချုပ်ပေးချင်ခဲ့တာ။ ဒါပေမယ့်သူလည်းချုပ်ပြီးရော ကလေးတွေက ထွားလာပြန်ရောလေ။
သူ့ရဲ့ ဖော်ရွေပြီးနူးညံ့ညင်သာတဲ့ သဘောထားက အခြားနာမည်ကြီးအပ်ချုပ်ဆရာတွေနဲ့မတူဘူး။ သူတို့တွေ ခဏလောက် စကားစမြည်ပြောအပြီးမှာတော့ ပိုင်လန်လည်း လိုက်လျောညီထွေဖြစ်သွားတယ်။ သူက ချိုးရှောင်ဟိုင်ကို စားပွဲတစ်လုံးမှာ နေရာချပေးပြီး ယူလာတဲ့ပုံဆွဲခဲတံတွေနဲ့ ကစားနေစေတယ်။ ပြီးတော့မှ ဆရာလီဖူနဲ့ အလုပ်အကြောင်းပြောကြလေတယ်။
လီဖူရဲ့လည်ပင်းမှာက တွဲလောင်းကျနေတဲ့ ပေကြိုးတစ်ချောင်းရှိတယ်။ သူက ပိုင်လန့်ကို မတ်တပ်ရပ်ဖို့ ညွှန်ပြလိုက်တာပေါ့ “တကယ်တမ်း ကျွန်တော်က ရှင်းပြတဲ့နေရာမှာ သိပ်မကျွမ်းကျင်ဘူး၊ ဘေးနားက လိုက်ကြည့်ပြီး နားမလည်တာရှိရင် မေးပေါ့၊ ရတယ်မလား?”
“ဟုတ်ကဲ့.. ဆရာ့ကို ဒုက္ခပေးသလိုမျိုး ဖြစ်သွားပြီ” ဒါပေါ့.. ပိုင်လန်ကလည်း မကန့်ကွက်ပါဘူး။
လီဖူက ပေကြိုးကိုယူလိုက်တယ်။ ပိုင်လန်လည်း မတ်မတ်ရပ်လိုက်ပြီး မေးစေ့နဲ့ရင်ဘတ်ကို ဆန့်ထုတ်လိုက်လေတယ်။ လီဖူက ရယ်တာပေါ့ “မစ္စတာပိုင့်ကိုကြည့်ရတာ တစ်ခါမှ ကိုယ်တိုင်းနဲ့ မချုပ်ဖူးဘူးနဲ့တူတယ်၊ ဒီလိုမျိုးဝတ်စုံတွေက ကိုယ်ခန္ဓာနဲ့ချပ်ကပ်နေပြီး သက်သောင့်သက်သာလည်း ဖြစ်နေမှ၊ ကိုယ်တိုင်းတာ ဒီဇိုင်းဆွဲတာ ပုံကြမ်းဆွဲတာကနေ ချုပ်တာအထိ တစ်ခုချင်းစီက တစ်ယောက်ချင်းစီအတွက် သီးသန့်ပဲ၊ ဒါမျိုးနောက်တစ်ထည်လည်း ကမ္ဘာပေါ်မှာ ရှိမှာမဟုတ်ဘူး၊ ဒါက တစ်ယောက်ချင်းစီရဲ့စတိုင်နဲ့ အခြေအနေပေါ်လိုက်ပြီး ချုပ်ထားတာဆိုတော့ လူကပြောင်းလဲသွားရင် ဝတ်စုံကလည်း တော်တော့မှာ မဟုတ်ဘူး”
“ကျွန်တော် နားလည်ပါပြီ” ပိုင်လန်က သင်ခန်းစာကို သေချာနားထောင်နေတယ်။
လီဖူက ချက်ချင်းမတိုင်းသေးဘဲ ပိုင်လန့်တစ်ကိုယ်လုံးကို သုံးလေးငါးခေါက်ပတ်ပြီး လှည့်ပတ်ကြည့်ရှုနေတယ် “ဒါဆို ဘယ်လိုပုံမျိုး လိုချင်လဲ”
ဝတ်စုံတွေမှာ ပုံသဏ္ဍာန်အမျိုးမျိုးရှိမှန်း ပိုင်လန်သိတယ်။ ကြယ်သီးတစ်လုံးတပ်၊ အဖုံးနှစ်ထပ်၊ ကော်လာပုံစံမျိုးစုံ ခါးပတ်ကွင်းမျိုးစုံ စသည်ဖြင့်ပေါ့။ အရင်ဘဝတုန်းကတော့ သူ့အဝတ်အစားတွေအတွက် စတိုင်လစ်တစ်ယောက်ရှိခဲ့တာကြောင့် အခုလိုလည်းမေးခံလိုက်ရရော ဘာပြန်ပြောရမှန်းမသိတော့ဘူး။
ဒါကြောင့် ပိုင်လန်က ‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’ထဲက ဇာတ်ကွက်ကိုပြန်စဉ်းစားပြီး အသေအချာလေး ပြန်ဖြေလိုက်တယ် “တစ်ချိန်က တောက်ပခဲ့တဲ့လူတစ်ယောက် အခုတော့ဆင်းရဲသွားပြီး အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်၊ ဒါပေမယ့် သူက သူငယ်ချင်းဟောင်းတွေနဲ့ သွားတွေ့ရမယ့်အချိန်မှာ ဘယ်လိုဝတ်စုံမျိုးကို ဝတ်သင့်တယ်လို့ ဆရာထင်ပါသလဲ”
လီဖူက အဖြေစကားကြောင့် ရယ်ပြုံးပြုံးဖြစ်သွားတယ် “လူငယ်လေး..မင်း အရမ်းကြီး ရိုးသားနေစရာမလိုပါဘူး၊ ရုပ်ရှင်အတွက် အဝတ်အစားတွေအားလုံးက သပ်သပ်ပေးမှာပါ၊ ဒါက မင်းအတွက် လက်ဆောင်သက်သက်ပါပဲ”
“ကျွန်တော်က သိချင်လို့ပါ၊ ဆရာဆိုရင်တော့ ချမ်းသာတဲ့လူတွေအကြောင်း ကျွန်တော့်ထက်ပို ကောင်းကောင်းသိမှာပဲလေ၊ ဆရာ့အမြင်မှာ ဘယ်လိုပုံစံမျိုးက ပိုကောင်းလဲ၊ ဒီဇိုင်းတွေ ပိတ်သားတွေအပြင် သူတို့က တခြားရွေးချယ်ကြတဲ့အရာတွေများရှိသေးလား?”
ပိုင်လန်ရဲ့မေးခွန်းက တကယ်တော့ ‘ရွှေ’ရုပ်ရှင်ထဲက အဓိကဇာတ်လိုက်ရဲ့ဖရိုဖရဲအတွင်းစိတ်အခြေအနေပါပဲ။ ဒါက လီဖူကိုမေးရမှာ မဟုတ်ဘဲ ဒါရိုက်တာကိုမေးရမှာ။
ဒါပေမယ့် ဒီမေးခွန်းကို လီဖူကြားတဲ့အချိန်မှာတော့ သူ့မှာ ပြန်လည်ဝေမျှဖို့ အတွေ့အကြုံတွေ အများကြီးရှိပါတယ် “မင်းပြောနေတာက မွေးကတည်းက ပါးစပ်မှာရွှေဇွန်းကိုက်ပြီးမွေးလာတဲ့လူတွေအကြောင်းပဲ၊ သူတို့တွေက ဒို့တွေနဲ့အရမ်းကိုခြားနားတယ်၊ သူတို့က ကိုယ်ခန္ဓာပေါ်မှာ ရွှံ့တက်နေတာတောင် သူတို့ကိုသူတို့ မြင့်မြတ်တယ်လို့ထင်နေတဲ့လူစားမျိုးတွေ၊ ဒီလိုမာနကြီးတတ်တာကလည်း အရိုးထဲထိအောင်စွဲနေတာ ငယ်ငယ်လေးကတည်းက၊ သူတို့အတွက် ဘာဝတ်သလဲ ဘာစားသလဲ က အရေးမကြီးဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်၌ကိုက အသွေးထဲအသားထဲကမှာ အခြားသူတွေနဲ့မတူဘူးလို့ ထင်နေကြလို့ပဲ”
“ဥပမာပေးရရင် ကိုယ်တွေလိုလူမျိုးတွေပေါ့.. ပိုက်ဆံတွေအများကြီးရှာနိုင်ပေမယ့်၊ သူတို့မျက်စိထဲမှာတော့ ကိုယ်တွေက ကြမ်းပြင်ပေါ်မှာဒူးထောက်ပြီး အဝတ်ဝတ်ပေးရတဲ့ အလုပ်သမားသာသာပဲ၊ ကိုယ်တွေက နိုင်ငံမှာ အချမ်းသာဆုံးဖြစ်လာရင်တောင် ဒီအချက်က ကွဲပြားသွားတာရှိမှာမဟုတ်ဘူး၊ သခင်နဲ့အစေခံဆိုတဲ့ ခြားနားချက်လိုပေါ့” လီဖူက ခံစားချက်တွေတလှေကြီးပါတဲ့အပြုံး ပြုံးပြတယ် “ဒါကြောင့် မင်းရဲ့မေးခွန်းကို ဖြေရမယ်ဆိုရင် အဲ့ဒိလူက သူ့သူငယ်ချင်းတွေနဲ့သွားတွေ့ဖို့ သာမန်အဝတ်တစ်ထည်ကိုပဲ ဝတ်သွားမှာပါပဲ၊ သူ့နှလုံးသားထဲမှာကိုက သူ့ကိုယ်သူ အရှင်သခင်လို့ တွေးနေပြီးသားလေ”
စကားသုံးလေးခွန်းနဲ့တင် ဇာတ်ကောင်တစ်ခုက ပိုင်လန့်ခေါင်းထဲပေါ်လာတယ်။
သူက ကံမကောင်း အကြောင်းမလှပေမယ့် ဇွဲနပဲကြီးပြီး ရက်ရောတယ်၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ရက်လည်းရက်စက်တတ်သေးတယ်။ သူ့မှာ ရှုပ်ထွေးတဲ့ စိတ်နေသဘောထားတွေရှိတယ်။ ကာရိုက်တာမျိုးစုံက ပိုင်လန့်စိတ်ထဲမှာ တန်းစီနေတာပေါ့ “သင်ကြားပေးလို့ ကျေးဇူးပါဆရာ”
“ဘာမှတောင် မသင်ပေးရသေးပါဘူး” လီဖူက ပြုံးပြီးလက်ဝှေ့ယမ်းပြလိုက်တယ် “မစ္စတာပိုင်က ရုပ်ရှင်ထဲမှာပဲ စိတ်နှစ်ထားပြီးပြီဆိုတော့ ..အင်း… အပ်ချုပ်သူတစ်ယောက် လုပ်ငန်းခွင်မှာဝတ်တဲ့ပုံစံမျိုးပဲ ချုပ်ပေးလိုက်တော့မယ်”
ဝတ်စုံပြုလုပ်သူရဲ့ယူနီဖောင်းက ဝတ်စုံတစ်စုံပဲဆိုတာ အသိသာကြီးပဲလေ။ လီဖူ အခုဝတ်ထားတာကလည်း ဝတ်စကုတ်နဲ့ရှပ် လိုက်ဖက်ညီတဲ့ လိုင်းအစင်းဝတ်စုံတစ်စုံပါ။ သူ့ကိုကြည့်ရတာ တက်ကြွပြီးစတိုင်ကျလှတယ်။
ပိုင်လန်ကလည်း သဘောတူပါတယ် “ကျွန်တော်က ဆရာဝတ်ထားတဲ့ပုံစံမျိုးကို သဘောကျတယ်၊ ရိုးရှင်းပြီးရှေးဆန်တယ် ဒါပေမယ့် တမူထူးခြားတဲ့အသွင်အပြင်မျိုးလည်းရှိတယ်”
“လူငယ်လေးတစ်ယောက်က ဒီလိုတွေးတယ်ဆိုတာ ဘယ်လောက်ရှားပါးလိုက်လဲ” ဒီတစ်ကြိမ်မှာတော့ လီဖူရဲ့မျက်လုံးတွေမြင့်တက်သွားရတယ် “များသောအားဖြင့်ထင်ကြတာက ဝတ်စုံဆိုတာ ကိန်းကြီးခန်းကြီးနိုင်တယ်၊ ရှေးရိုးစွဲပြီး ပြောင်းလဲမှုမရှိဘူးပေါ့၊ ဒါပေမယ့် သူတို့မသိတာက ဝတ်စုံတစ်စုံက အခြားအဝတ်တွေထက်ပိုပြီး ဆွဲဆောင်မှုရှိတာပဲ၊ မင်းအခုဝတ်ထားသလိုပေါ့၊ အင်း.. အပေါ်အောက်အရောင်တော့လိုက်ဖက်ပါရဲ့… ဒါပေမယ့် ဘောင်းဘီကပွလွန်းပြီး အင်္ကျီပုခုံးက မင်းကိုယ်နဲ့အံဝင်မနေဘူး….” လီဖူက စကားပြောရင်း အားတွေပါလာပြီး ဟိုသည်ပတ်ကြည့်ကာ ပိုင်လန့်ကိုထိုင်ခိုင်းလိုက် လမ်းလျှောက်ခိုင်းလိုက်လုပ်နေတယ်။ သူက ကျေနပ်သွားတဲ့အထိ ထပ်ကာထပ်ကာလုပ်ခိုင်းတယ် “အိုကေ..အကြမ်းဖျင်းတော့ ရပြီ”
ပိုင်လန်မသိခဲ့တာက လီဖူက ဝတ်စုံချုပ်ပြီးချိန်မှာ တွဲဖက်ပစ္စည်း တစ်သေတ္တာကိုပါ တွဲပို့လိုက်တာပဲ {T/N: ဖြစ်နိုင်တာက ဝတ်စကုတ်၊ရှပ်၊ခါးပတ်…စသည်ဖြင့် }။ ဒါက ဗီဒိုတစ်ခုလုံးတောင်ဖြည့်လို့ရနေပြီ။ လီဖူပြောစကားအရဆိုရင် သူ့လို ‘သင့်တော်(အချိုးအစားကျ)’တဲ့ဖောက်သည်မျိုး မတွေ့ဖူးဘူးဆိုပဲ။ သူက အချိန်အားရင်အားသလို ပုံကြမ်းတွေဆွဲပြီး တပည့်တွေကိုပါ လေ့ကျင့်စေခဲ့တာလေ။
သင်ကြားချိန်အတွင်းမှာတော့ ပိုင်လန်က လီဖူပြတဲ့ ‘ကိုယ်တိုင်း တိုင်းနည်း’ အသေးစိတ်ကို အင်တိုက်အားတိုက်လိုက်မှတ်နေခဲ့ရတယ်။
ဒါကြောင့် အိမ်ပြန်လာတဲ့အချိန်မှာ ပိုင်လန်က ပေကြိုးတစ်ကြိုး ယူလာပါတယ်။
သင်ထားတာတွေ မေ့မသွားအောင်လို့ ဒီညမှာ ပိုင်လန်က ချိုးရှောင်ဟိုင်ကို ဆွဲခေါ်ရင်း ကိုယ်တိုင်း တိုင်းကြည့်တယ်။ ဒါပေမယ့် ချိုးရှောင်ဟိုင်က ပူးပေါင်းဆောင်ရွက်တတ်တဲ့ မော်ဒယ်တစ်ယောက်မဟုတ်ဘူး။ သူက ဂနာမငြိမ်ဘဲ ယားတယ်ယားတယ်ဆိုပြီး လှုပ်ရွနေတယ်။ တော်တော်ကြာအောင် ရွစိတက်နေတာကြောင့် ပိုင်လန်က လက်လျှော့လိုက်ရလေတယ်။
ညဦးပိုင်းမှာတော့ ချိုးချန်တစ်ယောက် အိမ်ပြန်ရောက်လာတယ်။ ချိုးရှောင်ဟိုင်ကို အိပ်ရာထဲသိပ်ပြီးနောက်မှာတော့ ပိုင်လန်က နောက်တစ်ခါ ပေကြိုးကိုယူပြန်ရင်း ချိုးချန်ကို မော်ဒယ်လုပ်ခိုင်းပြန်တာပေါ့။ ဒါပေမယ့် ချိုးချန်လည်းပဲ ပူးပေါင်းဆောင်ရွက်တတ်တဲ့ မော်ဒယ်မဟုတ်ပါဘူး။ သူကတော့ သူ့သားလို ရွစိထိုးနေတာ မဟုတ်ဘဲနဲ့ လွယ်လွယ်ကလေး စိတ်ထကြွနေတာပါ။
ဥပမာပေးရရင် သူ့ခြေသလုံးကိုတိုင်းဖို့ ပိုင်လန်တစ်ယောက် သူ့ရှေ့မှာ ဒူးထောက်လိုက်တဲ့အချိန်ပဲ။ မတ်တပ်ရပ်နေတဲ့ ချိုးချန်က လက်ကိုလှမ်းရင်း ပိုင်လန်ရဲ့မေးဖျားကို ဆုပ်ကိုင်လိုက်တယ်။ ပြီးတော့ လက်မနဲ့ ပိုင်လန့်နှုတ်ခမ်းတွေတစ်လျှောက် ပွတ်ဆွဲတော့တာပဲ။ ဒီလိုအနေအထား၊ ချိုးချန်ရဲ့အပြုံးတွေနဲ့ သူ ဘာလိုချင်နေလဲဆိုတာ ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။
ဒါပေမယ့် ချိုးချန်ရဲ့ ရမ္မက်ပြည့်လျှမ်းနေတဲ့အမူအရာက ပိုင်လန့်ကို ဒီနေ့ကြားလာခဲ့တဲ့စကားတွေအကြောင်း ရုတ်တရက်သတိရသွားစေတယ်။ သူ့တစ်ကိုယ်လုံး အေးခဲသွားသလိုပါပဲ။ သူက မျက်လွှာကိုချရင်း ချိုးချန်ရဲ့ဘောင်းဘီဇစ်ဆီကို အလိုလျောက်သံပတ်ပေးထားသလိုမျိုး လက်လှမ်းလိုက်တယ်။
သူ့လှုပ်ရှားမှုတွေက သဘာဝကျ မနေခဲ့ပါဘူး။ ဒါကြောင့် ချိုးချန်က ချက်ချင်းပဲ တားဆီးလိုက်လေတယ် “မကြိုက်ဘူးလား?”
“လုပ်နေကျမဟုတ်လို့ပါ” ပိုင်လန်က မျက်လွှာကိုချထားရင်းပဲ အတက်အကျမရှိတဲ့ အသံတုန်းနဲ့ ပြန်ဖြေတယ်။
ချိုးချန်ကပိုင်လန့်ကို ဆွဲမရင်း ထခိုင်းလိုက်တယ်။ ပြီးတော့ အကဲခတ်တဲ့မျက်လုံးတွေနဲ့ကြည့်နေတယ် “ကိုယ် မင်းကို ဘယ်တုန်းက အတင်းအကျပ်လုပ်ဖူးလဲ?”
“ဟင့်အင်း” ပိုင်လန်က သက်ပြင်းချတယ်။ ချိုးချန်က သဘောထားကြီးလှတဲ့ချစ်သူတစ်ယောက်ဆိုတာ သူဝန်ခံပါတယ်လေ။
ချိုးချန်က မျက်လုံးတွေကိုမှေးကျဉ်းရင်းပြောတယ် “… ဒါဆို.. ဘာဖြစ်တာလဲ?”
ပိုင်လန်က အားငယ်သလိုခံစားနေရပေမယ့် ဘာ..ဆိုတာလည်း သူကိုယ်တိုင်မသိဘူး။ သူ့အစီအစဉ်တွေထဲမှာ မျှော်လင့်ချက်ထားဖို့မှ မပါတာလေ……..
ဒါကြောင့် သူက ချိုးချန်ကို ကျေနပ်စေလိုတာကြောင့် အနမ်းစပေးလိုက်ရတယ် “ကျွန်တော်တို့ ပုံမှန်အတိုင်းပဲ လုပ်မယ်လေ”
ချိုးချန်က ကျေနပ်မသွားပါဘူး။ သူက ပိုင်လန့်ပခုံးကို ကိုင်ထားရင်း မျက်လုံးထဲကို အသေအချာစိုက်ကြည့်နေတယ်။
ပိုင်လန်ကတော့ မျက်လုံးမလွှဲမိအောင် စိတ်တင်းနေရတယ်။
ချိုးချန်တစ်ယောက် ဘာမြင်သွားလဲ မသိပါဘူး။ နောက်ထပ်ဘာမှလည်း ထပ်မမေးတော့ဘူး။ အဲဒိအစား သူက ပိုင်လန့်ကို နံရံဘက်ဆီတွန်းပို့ရင်း ရုတ်တရက် ဒူးထောက်ချလိုက်တယ်။ လက်တွေကတော့ ပိုင်လန့်ကို နေရာမှာမြဲနေအောင် ကိုင်ထားလေရဲ့။
ပိုင်လန်က ကြက်သေသေသွားတယ်။ ချိုးချန် ဘာလုပ်ချင်နေမှန်း စက္ကန့်ပိုင်းလေးအတွင်းမှာ သူနားလည်လိုက်သလိုပဲ။ သူက မြန်မြန်ပြောလိုက်ရတယ် “ကျွန်တော် ဆိုလိုတာ ဒါမဟုတ်…….”
“မင်းက မဖြေချင်မှတော့…..” ချိုးချန်မျက်နှာက ပစ်မှတ်ကို နီးနီးလာတယ် “…..ကိုယ့်နည်းလမ်းအတိုင်းပဲ လုပ်ရတော့မှာပေါ့”
ပိုင်လန်ကနောက်ထပ် ဘာမှပြောနိုင်စွမ်းမရှိတော့ဘူး။
ဒီ့နောက်မှာတော့ ခံစားချက်တွေက သိပ်သည်းလာရင်း သူ့ခေါင်းတစ်ခုလုံးလည်း ဖရိုဖရဲရောထွေးကုန်တော့တာပါပဲ။
***
ညဘက်မှာတော့ ချိုးချန်က သတိမေ့ပြီးအိပ်ပျော်နေတဲ့ ပိုင်လန့်ကို ကြည့်နေတယ်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူရဲ့ မျက်လုံးထောင့်စွန်းလေးတွေမှာ မျက်ရည်စလေးတွေ တွဲခိုနေသေးတယ်။ ဒါကလည်း မတိုင်မီက အလွန်တရာ အထွတ်အထိတ်ရောက်သွားလို့ ဖြစ်နိုင်ပါတယ်။
ချိုးချန်က မျက်ရည်တွေကို သုတ်ပေးလိုက်တယ်။ ပြီးတော့ ဖုန်းကိုကောက်ယူရင်း ဟုန်ဟုန့်ဆီ ဖုန်းခေါ်လိုက်တယ်။
“ဒီနေ့ ပိုင်လန် ဘယ်သူနဲ့တွေ့ခဲ့လဲ?”
“ယာချီ”
ချိုးချန်ရဲ့အကြည့်တွေက အိပ်ရာဘေးနားစားပွဲပေါ်တင်ထားတဲ့ လက်ပတ်နာရီဆီရောက်သွားတယ် “အသံဖမ်းထားတဲ့ဖိုင် ယူလာခဲ့၊ ငါ နားထောင်ချင်တယ် ”
“…. ဟုတ်”
အခြားတစ်ဖက်ကဟုန်ဟုန်ရဲ့လေသံက သဘောမတူချင်သလိုဖြစ်နေတာ အသိသာကြီးပဲ။
ဒါပေမယ့် ချိုးချန်က ဖုန်းကိုချပစ်လိုက်ပြီး ပိုင်လန့်ဘေးမှာ လဲလျောင်းလိုက်တယ်။
ဒီလိုမျိုး စောင့်ကြည့်ကိရိယာတွေတပ်ထားလို့ ချိုးချန်က သူ့ကိုယ်သူအပြစ်ရှိတယ်လို့ မခံစားရဘူး။
နောက်ပြီးတော့လည်း ကိရိယာတွေတပ်ထားပြီးကတည်းက ပိုင်လန့်ကို သူ့ကမ္ဘာထဲ နည်းနည်းချင်းစီ ဝင်ခွင့်ပြုခဲ့လေတယ်။
………………