(19) နှစ်ဟောင်းကုန်ဧည့်ခံပွဲ
လာမယ့်နေ့ရက်တွေမှတော့ ပိုင်လန်က သူ့အချိန်တစ်ဝက်လောက်ကို တော်ဝင်ဝတ်စုံမှာ အပ်ချုပ်ပညာသင်ယူနေရတယ်။ သင်ယူရတဲ့အချိန်အများစုကလည်း လီဖူနဲ့အတူ ဖောက်သည်တွေလက်ခံတဲ့နေရာမှာ ကူညီပေးနေရတာပါ။ ဒါပေါ့ … သူ့ရုပ်ရည်သွင်ပြင်ကို မမှတ်မိနိုင်အောင်လည်း နည်းနည်းလေးတော့ ဖုံးကွယ်ထားရတာပေါ့။ ကံကောင်းတာက ဖောက်သည်အများစုက တယ်လီဗေးရှင်းပေါ်ကစတားတစ်ယောက် ဒီနေရာမှာ ရောက်နေလိမ့်မယ်လို့ ဘယ်သူမှ မထင်ကြဘူးလေ။ ဒါကြောင့် သူတို့က ပိုင်လန့်ကိုမြင်တာတောင် ပိုင်လန်နဲ့တူလိုက်တာဆိုပြီးပဲ မှတ်ချက်ပြုကြပြီး နောက်ထပ်ဘာမှဆက်မတွေးကြတော့ဘူး။
ဒီအချိန်မှာ ‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’ ရဲ့ အဓိကအမျိုးသမီးဇာတ်ကောင်နဲ့ အခြားသရုပ်ဆောင်တွေကိုလည်း ရွေးချယ်ပြီးသွားပြီ။
ဖန်းဟွာပြောသလိုပါပဲ.. ရုပ်ရှင်က ဘတ်ဂျတ်သိပ်မသုံးတော့ ဇာတ်ကောင်တွေကလည်း သာမန်ရုပ်ရှင်မင်းသား မင်းသမီးတွေပဲ။
အမျိုးသမီးဇာတ်လိုက်နေရာမှာသရုပ်ဆောင်မယ့် မင်းသမီးက ရှန်းအိုက်ရူ လို့ခေါ်တယ်။ ဇာတ်ပို့မင်းသားနေရာကတော့ လော်ဖန်းပါ။ ဒီနာမည်တွေက ပိုင်လန်ရင်းနှီးနေတဲ့နာမည်တွေ မဟုတ်ဘူး။ သူက ဗီလိန်နေရာမှာ သရုပ်ဆောင်မယ့် သရုပ်ဆောင်ဟောင်းကြီးတစ်ဦးကိုပဲ သိပြီး ထိုသူကလည်း နောက်လာမယ့်နှစ်အနည်းငယ်အတွင်းမှာမှ ရွှေအဆင့်အကောင်းဆုံးဇာတ်ပို့ဆု ရရှိမှာ။ ဒီလို လူသိနည်းတဲ့သရုပ်ဆောင်တွေအပြင် ပိုင်လန့်လို ရုပ်ရှင်အတွေ့အကြုံမရှိတဲ့ ဇာတ်လမ်းတွဲမင်းသားနဲ့ပါပေါင်းလိုက်တော့ ရုပ်ရှင်က ချမ်းသာတဲ့ဒုတိယမျိုးဆက်တွေရဲ့ အရဲစွန့်အိပ်မက်လို့ ရုပ်ရှင်လောကထဲကလူတွေက ပြောကြလေတယ်။ ရင်းနှီးမြှပ်နှံသူကလည်း ဒါရိုက်တာနဲ့ သူ့သူငယ်ချင်း အထည်အလိပ်ကုမ်ပဏီသူဌေး ဖြစ်နေတာကိုး။
ဒီလိုပြောကြပေမယ့်လည်း ပိုင်လန်ကတော့ ကျူခွန်းတစ်ယောက် ကိုယ်ပိုင်နည်းလမ်းတွေနဲ့ သူငယ်ချင်းဖြစ်သူရဲ့ပိုက်ဆံတွေကို အလဟဿဖြုန်းတီးပစ်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်။ ဒါတွေက နောက်တစ်လအကြာ ရိုက်ကွင်းစရိုက်မယ့်အချိန်မှာ ပိုပြီးမြင်သာလာတယ်။ အခုချိန်မှာ သူလုပ်ထားရမှာက ကိုယ့်ကိုကိုယ်အကောင်းဆုံးပြင်ဆင်ထားဖို့ပါပဲ။
ဟုတ်ပါတယ်.. ပိုင်လန်ပြင်ဆင်ထားရမယ့်အထဲမှာ အနာဂတ်မှာလိုအပ်လာမယ့် ရုပ်ရှင်ရဲ့ကုန်ကျစရိတ်တွေ ကြိုရှာထားဖို့လည်း ပါတာပေါ့။
ဒီနေ့ရက်တွေထဲမှာ ဖန်းဟွာက ပိုင်လန့်ကိုကူညီပြီး တိုတယ်အင်တာတိန်းမန့်ရဲ့ နိုင်ငံခြားမူပိုင်ခွင့်ရုံးခွဲကိုဆက်သွယ်ပေးခဲ့ရာမှာ အဖြေပြန်လည်ရရှိလာတယ်။
မူရင်းထုတ်ဝေသူရဲ့ သဘောထားအရ စာရေးဆရာကလည်းအသစ်ဖြစ်တယ်၊ ပြီးတော့ စာအုပ်က အနောက်တိုင်းစိတ်ကူးယဉ်ပုံစံမျိုးဖြစ်တာကြောင့် တရုတ်လူမျိုးတွေလက်ခံနိုင်တဲ့ အနေအထားမဖြစ်နိုင်မှာကိုတွေးပြီး ပိုင်လန်ရဲ့ တစ်တွဲလုံးစာငွေပေးချေမှုကို ငြင်းပယ်ခဲ့ကြတယ်။
ပိုင်လန်က အတင်းဖိအားမပေးပါဘူး။ ဒါပေမယ့်လည်း ဒီလိုလုပ်မှပဲ စာအုပ်ရဲ့မူပိုင်ခွင့်က သူ့ဆီပြည့်ပြည့်ဝဝရောက်လာမှာဖြစ်ပြီး ပြန်ရောင်းရင် အမြတ်အကြီးကြီးထွက်နိုင်မှာ။ ဒါကြောင့် ပိုင်လန်က တန်ဖိုးအားလုံးကို တစ်ခါတည်းပေးမယ်လို့ ကမ်းလှမ်းခဲ့ပြီး နိုင်ငံခြားရုံးခွဲကလည်း သူနဲ့ G နိုင်ငံကြားမှာ ကြားခံဆောင်ရွက်ပေးခဲ့ပါတယ်။ ညှိနှိုင်းဖို့အချိန်ကလည်း နှစ်ပတ်ပဲရှိတယ်။ ပထမစာအုပ်က ထွက်ပြီးပြီဆိုတော့ ပိုင်လန်ခန့်မှန်းရတာက တစ်လအတွင်းမဖြေရှင်းနိုင်ရင် အားလုံးလွဲချော်သွားမှာလေ။
အချိန်အကန့်အသတ်ဖြစ်နေတာကြောင့်လည်း နိုင်ငံခြားရုံးခွဲက ဈေးနှုန်းကို ယွမ်(၁၅)သိန်းအောက် ထပ်မဆစ်နိုင်တော့ဘဲ နောက်ဆုံးမှာ (၂၃)သိန်းနဲ့ဈေးတည့်သွားကြတယ်။ ပိုလာတဲ့ငွေ (၈)သိန်းအတွက်ကိုတော့ ပိုင်လန်ကအသည်းအသန်စဉ်းစားပြီး နောက်ဆုံးမှာ ဘဏ်ချေးငွေထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက ဘဏ်ကိုသွားပြီး ချေးငွေလက်ကမ်းစာစောင်ကိုပါ သွားယူခဲ့သေးတယ်။
သူက အနည်းငယ်လူသိများပြီး ဘဏ်ထဲမှာလည်း ငွေသင့်တော်သလောက်ရှိတာကြောင့် ဒီလိုအလယ်အလတ်ချေးငွေ ရရှိနိုင်မှာပဲလို့ ပိုင်လန်ကခန့်မှန်းထားတယ်။ ဒါပေမယ့် တစ်ခုရှိတာက သူ့မှာအပေါင်ထားစရာ အာမခံပစ္စည်းမရှိဘူး။ သူ့မှာ အိမ်ရောကားရော မရှိဘူးလေ။ သူက စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ချိုးချန်ကိုလည်း အာမခံသူလုပ်ပေးဖို့ အကူအညီမတောင်းချင်ဘူး။ ပြီးတော့ ဒီလိုအကူအညီတောင်းဖို့ရာလည်း သိပ်ကိုရှက်တာလေ။
ပြန်ဆပ်ဖို့အတွက်လား.. ပိုင်လန့်မှာ အပြီးသတ်ပိုက်ဆံမရသေးတဲ့အလုပ်တွေရှိပြီး နောက်ထပ်အလုပ်တွေလည်း ရှာပေးဖို့ အစ်မဖန်းကိုအကူအညီတောင်းလို့ ရပါသေးတယ်။
ပိုင်လန်တစ်ယောက် ဘဏ်ကပြန်လာတဲ့ တူညီတဲ့ညနေခင်းမှာပဲ ချိုးချန်က သူ့ကို ကိုယ်လုံးအောက်မှာဖိထားရင်း သူ့နားရွက်တွေကိုလျက်နေခဲ့ကာ ကွဲအက်အက်အသံနဲ့ပြောခဲ့တယ် “မင်း ဘဏ်ကနေ ပိုက်ဆံ(၈)သိန်းချေးမယ်ဆိုရင် မနက်ဖြန်မနက် ကိုယ်က ဘဏ်ကိုသွားပြီး ပြန်ပေးလိုက်မှာပဲ၊ မင်းက ပိုက်ဆံချေးချင်မှတော့ အကြွေးရှင်က ကိုယ်ပဲဖြစ်ရမယ်”
ပိုင်လန်က သက်ပြင်းချတယ် “အချိန်တွေ အများကြီးပိုနေတယ်ပေါ့” ။ သူ့ကို ဘဏ်သွားလား ဘယ်သွားလား စုံစမ်းထောက်လှမ်းလို့ရလောက်တဲ့အထိ ချိုးချန်မှာ အချိန်ပိုနေပုံရတယ်။
ချိုးချန်က ပိုင်လန်ရဲ့နားရွက်အဖုလေးကို ဖွဖွလေးကိုက်လိုက်တယ် “တကယ်လို့ တစ်ချိန်လုံးစောင့်ကြည့်မနေလို့ မင်းထွက်ပြေးသွားတဲ့အခါကျရင် ကိုယ်ဘယ်လိုလုပ်ရမလဲ ပြော?”
ပိုင်လန်က တစ်စက္ကန့်လောက်ရပ်သွားပြီးမှ ပြန်ပြောတယ် “တစ်ဦးတည်းငွေချေလို့ ရောင်းထွက်သွားပြီဆို.. ကျွန်တော်က ဘယ်ကိုပြေးနိုင်ဦးမှာလဲ?”
ချိုးချန်က ပိုင်လန်နဲ့ မျက်လုံးချင်းဆုံလိုက်ပြီး မျက်မှောင်ကြုံ့လိုက်တယ် “အင်း..မှန်တယ်… တစ်ဦးတည်းငွေချေထားတယ်…. ကိုယ်ပဲ အားလုံးပိုင်တယ်…”
ပိုင်လန်က ချိုးချန်ကို ခံစားချက်မဲ့မျက်ဝန်းတွေနဲ့ကြည့်နေခဲ့တယ် “ခင်ဗျား နောက်ထပ်အသစ်တစ်ယောက် ရှာတွေ့ပြီဆိုရင် ပြောပေး… အဲဒိအခါကျရင် ကျွန်တော့်ကို စွန့်လွှတ်လိုက်လို့ရပြီ”
ဒီစကားကိုကြားတဲ့ချိုးချန်က မျက်လုံးထဲမှာ အရောင်တစ်ချက် လက်သွားတယ်။ ဒါပေမယ့် သူပြောလိုက်တာကတော့ “မင်းက အခြားသူတွေလိုမျိုး တွယ်ကပ်မနေဘူးပေါ့”
ပိုင်လန်က မျက်လွှာကိုချတယ်။ ပြီးတော့ ပြန်ဖြေတယ် “မဟုတ်….” ။ ဒါပေမယ့် နောက်ထပ်စကားလုံးတွေကတော့ သူ့ခံတွင်းထဲကိုဝင်လာတဲ့ ချိုးချန်နှုတ်ခမ်းနဲ့လျာတို့ရဲ့တားဆီးခြင်းကို ခံလိုက်ရလေတယ်။
ဒီလိုမျိုး ဖြစ်ပျက်နေတာ ပိုင်လန်တစ်ယောက် အသက်ရှုရခက်ခဲလာတော့မှပဲ ချိုးချန်က ဖြည်းဖြည်းချင်းလွှတ်ပေးတယ်။ သူက အက်ကွဲကွဲလေသံနဲ့ပြောပြန်တယ် “…ကောင်းပြီလေ၊ ဒါပေမယ့် အဲဒိနေ့မတိုင်ခင်တော့ လိမ္မာနေတာပဲ မြင်ချင်တယ်”
‘ဒါပေမယ့်’နောက်က ဒုတိယစကားတစ်ခွန်းကို ထုတ်ပြောစရာတောင်မလိုဘူးလို့ ပိုင်လန့်စိတ်ထဲ ဝိုးတဝါးခံစားနေရတယ်။ ဒါပေမယ့်လည်း သူက ရှည်ရှည်ဝေးဝေးတွေးချိန်တောင် မရလိုက်ဘူး.. ချိုးချန်ရဲ့မကောင်းဆိုးဝါးနှုတ်ခမ်းက သူ့ဦးနှောက်ထဲကအတွေးတွေအားလုံးကို နောက်တစ်ခါခိုးယူသွားလေတယ်။
အင်္ကျီကိုယ်တိုင်း တိုင်းတဲ့နေ့ကဖြစ်ရပ် ပြီးတဲ့နောက်မှာ ချိုးချန်တစ်ယောက်က သူ့ကိုယ်ခန္ဓာအနှံ့ တစ်လက်မမကျန် ကိုင်တွယ်စူးစမ်းရတာကို ကျေနပ်သဘောကျလာပုံရတယ်။ သူက ရိုးရိုးတန်းတန်း အရင်နည်းလမ်းတွေကို ပျင်းလာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပိုင်လန်ကတော့ ဒီလို ရှက်စရာရော စိတ်လှုပ်ရှားစရာပါကောင်းတဲ့ အပြောင်းအလဲတွေကို နေသားကျနိုင်ဖို့ သည်းခံကြိုးစားရုံပဲရှိပါတော့တယ်။
***
တစ်ပတ်အကြာမှာတော့ ချိုးချန်ရဲ့အကူအညီနဲ့ စာအုပ်စီးရီးတွဲ တရုတ်ပြည်မူပိုင်ခွင့်ကို ရရှိခဲ့တယ်။ စာအုပ်တွေက G နိုင်ငံရဲ့ စာအုပ်ဆိုင်တွေပေါ်မှာ သုံးပတ်ခန့်မျှ အချိန်အတိုင်းအတာရှိလာပြီး ဝယ်လိုအားတွေလည်း ပြင်းထန်စပြုလာတယ်။ ဒါကြောင့် ဒီအချိန်မှာ ပိုင်လန်လုပ်သင့်တာက တရုတ်ဘာသာပြန်ဖြန့်ဖြူးဖို့ ဝယ်လက်တစ်ယောက် စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ပါပဲ။
အချိန်က ဒီဇင်ဘာလရဲ့ အစပိုင်းကို ရောက်ရှိလာတယ်။ နောက်နှစ်သစ်ရဲ့ဇန်နဝါရီလမှာတော့ ရွှေရုပ်ရှင်ကို စတင်ရိုက်ကူးကြမှာ ဖြစ်ပါတယ်။ ဖန်းဟွာက ပိုင်လန့်ကို ကြော်ငြာရိုက်ကူးဖို့ တက်ကြွဖျတ်လတ်ပြီး လူငယ်စတိုင်ရှိတဲ့ကြော်ငြာမျိုး အနည်းငယ်ရှာပေးထားတယ်။ ‘လက်တွဲဖော်များ’ပြီးတဲ့နောက် ပိုင်လန်ရဲ့ပုံရိပ်တွေ တီဗွီမှာ အဆက်မပြတ်မြင်တွေ့နေအောင် ကြော်ငြာနဲ့ပဲ ပြုလုပ်ထားရမှာလေ။
ဒီအချိန်မှာ ပိုင်လန်က အရင်ဘဝနဲ့ ကွဲပြားခြားနားတဲ့လမ်းကြောင်းပေါ် ရောက်နေပါပြီ။ သူက ‘လက်တွဲဖော်များ’နဲ့ ဂုဏ်သိက္ခာရှိရှိ လူသိများအောင်မြင်ခဲ့ပြီးနောက်မှာ ပရိသတ်တွေကလည်း သူ့ကို နွေးထွေးပြီးဖော်ရွေတက်ကြွတဲ့ တက်သစ်စလေးအဖြစ် လက်ခံလာကြတယ်။ ဒီအခွင့်အရေးကိုလည်း ကုမ်ပဏီက အသုံးချပြီး ပိုင်လန့်အတွက် ဖန်တွေ့ဆုံနှုတ်ဆက်ပွဲတွေ ပြုလုပ်ပေးတယ်။ ဒါတွေက သူ့အရင်ဘဝတုန်းကတော့ အိပ်မက်တောင် မမက်ခဲ့ဖူးတဲ့ အရာမျိုးပါ။
ဒီလို မြို့အသီးသီးမှာ ပြုလုပ်တဲ့ ဖန်နှုတ်ဆက်ပွဲတွေကြောင့်လည်း ပိုင်လန်က အခုတလော အလုပ်တွေနဲ့ ရှုပ်ရှက်ခတ်လာတယ်။ ဟိုပြေးသည်ပြေးနဲ့ အားလုံးကို မနားမနေ လုပ်နေရတာပေါ့။ ဒီနေရာမှာ တစ်ဦးတည်းသော မကျေမနပ်ဖြစ်နေသူတစ်ယောက်တော့ရှိတယ်။ အဲဒါက ချိုးရှောင်ဟိုင်ပဲ။ သူကွန်ပလိန်းတက်တာက အခုအလုပ်များတဲ့သူက ဖေဖေမဟုတ်ပဲ အားပိုင်တဲ့လေ။ အားပိုင်မရှိရင် အရသာရှိတဲ့အစားအသောက်တွေလည်း မရှိဘူးတဲ့လေ။ ချိုးရှောင်ဟိုင်က တစ်ခြားဘာမှ နားမလည်ရင်သာနေမယ် ဒီအချက်ကိုတော့ အရေးကြီးတဲ့အရာတစ်ခုလို သေချာပေါက်နားလည်သဘောပေါက်ထားတယ်။
***
နှစ်တစ်နှစ်ရဲ့အဆုံးသတ်ကို ရောက်လာတဲ့အခါ အလုပ်တွေအပြင် အသီးသီးသော နှစ်ကုန်ပါတီတွေလည်း အများအပြားရှိလာတယ်။
လွန်ခဲ့တဲ့နှစ်ပိုင်းတွေကတည်းကစပြီး ကုမ်ပဏီအကြီးကြီးတွေရဲ့ နှစ်ကုန်ပါတီတွေမှာ သူတို့ရဲ့ဝန်ထမ်းတွေကို ဖျော်ဖြေစေဖို့ အနုပညာရှင်တွေကို ဖိတ်ခေါ်ခဲ့ကြတယ်။ ဒါကြောင့် နှစ်ကုန်ပြီဆိုရင် အဆိုတော်တွေ လူရွှင်တော်တွေနဲ့ အစီအစဉ်တင်ဆက်သူတွေအတွက် အဆက်မပြတ် အလုပ်တွေများနေတဲ့အချိန်ပေါ့။
ပိုင်လန်ကတော့ ဒီလိုအနုပညာရှင်အမျိုးအစားတွေထဲမှာ မပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုပါတီတွေမှာ ရုပ်ရှင်မင်းသားမင်းသမီးတွေကို ဖိတ်ကြတာရှားတယ်လေ။ ဒါပေမယ့် UNI လို မိတ်ဖက်ကုမ်ပဏီက ဖိတ်တာကိုတော့ ပိုင်လန်ကသွားပေးရတယ်။ သွားပြီး ဖျော်ဖြေရေးစင်မြင့်ကိုလည်း တက်စရာမလိုဘူး၊ ပရိသတ်တွေနဲ့လည်း အများကြီးထိတွေ့စရာမလိုပေမယ့် သူတို့ကုမ်ပဏီတွေက အလုပ်သဘောအရ ရင်းနှီးနေကြတော့ ဖိတ်ကြားချက်ကိုလက်ခံပြီး မျက်နှာလေးဖြစ်ဖြစ်သွားပြပေးမှ ကောင်းမှာမလား။
ပြီးတော့ရော.. သူက အခြားကုမ်ပဏီရဲ့နှစ်ကုန်ပါတီပွဲတောင် ဆင်နွှဲခဲ့ပြီးသွားပြီ.. ကိုယ့်ကုမ်ပဏီကိုလည်း ငြင်းပယ်ဖို့ မဖြစ်နိုင်ပါဘူး။
ဒီနှစ်မှာတော့ တိုတယ်အနုပညာရဲ့နှစ်ဟောင်းကုန်ဧည့်ခံပွဲက အရမ်းကိုကြီးကျယ်ခမ်းနားခဲ့ပါတယ်။
ဘာကြောင့် ပြီးခဲ့တဲ့နှစ်တွေထက် ကြီးကျယ်ခမ်းနားနေရသလဲ… အဓိကအကြောင်းရင်းကိုလား.. လွန်ခဲ့တဲ့နှစ်တွေတည်းက တိုတယ်နဲ့စာချုပ်ချုပ်ထားခဲ့တဲ့ ထိပ်တန်းရုပ်ရှင်မင်းသားစုချွမ်က ပြည်ပမှာ အနုပညာလှုပ်ရှားမှုတွေပြီးဆုံးပြီး တရုတ်ပြည်ပြန်လာတာကို ကြိုဆိုနှုတ်ဆက်ဖို့အတွက်လေ။
စုချွမ်အကြောင်းပြောရမယ်ဆိုရင် သူက ဒီနှစ်မှာ အသက်(၃၃)နှစ် ရှိပြီး အနုပညာလောကမှာ (၁၅)နှစ်သက်တမ်းရှိ ဝါရင့်ရုပ်ရှင်မင်းသားတစ်ဦးပါ။ ပြီးတော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက လက်မှတ်ရောင်းချရမှု စံချိန်တင်မြင့်မားတဲ့ အဆင်းရောအချင်းပါပြည့်စုံတဲ့ အနုပညာရှင်လေ။ ဒါပေမယ့် သူက ငယ်ရွယ်တုန်း လုပ်နိုင်ကိုင်နိုင်စွမ်းရှိတုန်းပဲဖြစ်တာကြောင့် အနာဂတ်က ထွန်းလင်းတောက်ပနေဆဲပါပဲ။
ဒီနှစ်မှာ စုချွမ်က F နိုင်ငံရဲ့ ဂန္ဓဝင်လက်ရာ အောင်မြင်တဲ့ရုပ်ရှင်တစ်ခုဖြစ်တဲ့ Gorgeous ဆိုတဲ့ရုပ်ရှင်မှာ ပါဝင်ခဲ့ရတယ်။ သူက ပြည်တွင်းမှာလည်း ဆုအကြီးအသေးပေါင်းများစွာ ရရှိခဲ့ပြီးပြီ။ ရွှေအဆင့်အကောင်းဆုံးရုပ်ရှင်မင်းသားဆုကိုရော… စုချွမ်ရရှိခဲ့ပြီးတာ ပြည်ပမထွက်ခင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပါ။
ဒါပေမယ့် သူ့ပရိသတ်တွေရဲ့အကြိုက်ဆုံးကို ပြောပါဆိုရင်တော့ စုချွမ်ရဲ့ရုပ်ရည်ပဲဖြစ်မယ်။ ငယ်ရွယ်စဉ်အချိန်တုန်းကတောင် သူ့အသွင်အပြင်က တမူထူးကဲနေပြီးပြီ။ အသက်ရလာတဲ့အချိန်မှာလည်း ပိုပြီးရင့်ကျက်တဲ့သွင်ပြင်ရှိလာပြီး ဆွဲဆောင်မှုလည်း ပိုရှိလာတယ်။ သူ့ပရိသတ်တွေပြောကြတာကတော့ စုချွမ်နဲ့သာမျက်လုံးချင်းစုံမိမယ်ဆိုရင် သူ့ရဲ့ခန့်ညားထည်ဝါလှတဲ့ကိုယ်ရောင်ကိုယ်ဝါတွေနဲ့ မင်းကို ပြုစားလိုက်လိမ့်မယ်တဲ့။ ဒီနေရာမှာ ပိုပြီးရှားပါးတာက သူ့ရဲ့ရုပ်ရည်သွင်ပြင်ကိုတောင် ကျော်လွန်နိုင်တဲ့ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ပဲ။ သူသရုပ်ဆောင်ခဲ့တဲ့ ကာရိုက်တာတွေတိုင်းမှာ ပရိသတ်တွေက မကောင်းမကန်းဖြစ်နေတယ်လို့ခံစားရတာ ဘယ်မှာမှ မရှိဘူး။
အရင်ဘဝမှာ ပိုင်လန်က စုချွမ်ရဲ့ရုပ်ရှင်တွေကို များများစားစားမကြည့်ဖူးဘူး။ ဒါကလည်း ကျူခွန်းက သူ့ကို စုချွမ်ရဲ့သရုပ်ဆောင်နည်းလမ်းက အသွင်အပြင်ပေါ်မှာ အခြေခံတယ်လို့ ပြောထားတာကြောင့်ပဲ။ သူကြည့်တာတောင် သင်ယူနိုင်မှာ မဟုတ်ဘူးတဲ့။ ဒါကြောင့် ပိုင်လန်ကလည်း အချိန်မဖြုန်းတော့ဘူးပေါ့။ ကျူခွန်းရဲ့ဒီစကားတွေက ချီးကျူးတာလား ဘာလားတော့ ပိုင်လန်လည်း မသိပါဘူး။
စုချွမ်လို နာမည်ကြီးတစ်ယောက်အနေနဲ့ သာမန်ဆိုရင်တော့ ဟိုးအရင်တည်းက ကုမ်ပဏီတွေနဲ့လက်တွဲဖြုတ်ပြီး ကိုယ်ပိုင်အေဂျင်စီထောင်ပြီးနေပြီ။ ဒါပေမယ့် ဘယ်သူမှ မမျှော်လင့်ခဲ့တာက လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက စုချွမ်က တိုတယ်အနုပညာနဲ့ စာချုပ်ချုပ်ခဲ့တယ်။ ဒါက အနုပညာလောကထဲက လူတွေကို သို့လောသို့လောမေးခွန်းတွေ ဖြစ်စေခဲ့တာပေါ့။
ဒါပေမယ့် နောက်ပိုင်းကျတော့ ဒီဆုံးဖြတ်ချက်က အတော်လေးအမြော်အမြင်ရှိတယ်လို့ ပြောဆိုလာကြတယ်။ အကြောင်းရင်းကတော့ တိုတယ်အနုပညာက စုချွမ်ကို ကိုယ်ပိုင်လှုပ်ရှားခွင့်ပေးခဲ့ပြီး တစ်ချိန်တည်းမှာပဲ နောက်ကွယ်ကနေ အကြီးကြီးပံ့ပိုးခဲ့တာကြောင့်ပဲ ဖြစ်တယ်။ ဒါကြောင့် စုချွမ်တစ်ယောက် ပြည်ပထွက်ပြီးလှုပ်ရှားတဲ့အခါမှာလည်း ပြဿနာကြီးကြီးမားမား မတွေ့ခဲ့ရပါဘူး။
အခုတော့ သူက တရုတ်ကိုပြန်လာပြီး ‘ဧကရာဇ်ဖန်း’ ဆိုတဲ့ ရာဇဝင်ဇာတ်လမ်းဖြစ်တဲ့ အပြောင်မြောက်ဆုံးရုပ်ရှင်မှာ အဓိကဇာတ်ဆောင်မင်းသားဖြစ်လက်ခံလိုက်ရုံမကဘူး၊ သူ့မန်နေဂျာကလည်း ထုတ်ပြန်ခဲ့တာက စုချွမ်က နောက်ဆိုရင် အထူးပြုလုပ်ချက်တွေအများအပြားပါဝင်တဲ့ ဝင်ငွေမြင့်ရုပ်ရှင်တွေ ရိုက်ကူးတော့မှာ မဟုတ်ဘူးလို့ပြောခဲ့တယ်။ သူက ဇာတ်ကောင်စရိုက်အားကောင်းပြီး နက်နဲတဲ့ခံစားချက်ရှိတဲ့ရုပ်ရှင်မျိုးကိုသာ ရိုက်ချင်တော့တယ်ပေါ့။ ဒါကြောင့်လည်း သူက တရုတ်ပြည်ကို ပြန်လာခဲ့ရတာဖြစ်ပါတယ်တဲ့။ ‘Gorgeous’ ရဲ့စံချိန်တင်အောင်မြင်မှုကြောင့်လည်း သူတရုတ်ပြည်ကိုပြန်လာတာ ပြည်ပမှာ မဝင်ဆန့်လို့ဖြစ်တယ်လို့ ဘယ်သူမှ မပြောရဲခဲ့ကြပါဘူး။
ဒါပေမယ့်လည်း ပိုင်လန်တစ်ယောက် ဇဝေဇဝါဖြစ်ရတာက အရင်ဘဝတုန်းက စုချွမ် တရုတ်ပြည်ပြန်လာတယ်လို့ မကြားဖူးတာပဲ။
သူ သေခါနီးအချိန်တွေမှာ မှတ်မိသလောက်ဆိုရင် စုချွမ်က တရုတ်မှာ ရံဖန်ရံခါ ရုပ်ရှင်လာရိုက်တတ်ပေမယ့် ပြည်ပမှာပဲ နေထိုင်ခဲ့တယ်။ ဒါမှမဟုတ် သူပဲ ကံမကောင်းလွန်းတာကြောင့် ဒီလိုသတင်းမျိုးတွေကို လွတ်သွားခဲ့တာလား။
ပိုင်လန်က ခန်းမပတ်ပတ်လည်မှာ ချိတ်ဆွဲထားတဲ့ စုချွမ်ရဲ့ပိုစတာအကြီးကြီးတွေကို ကြည့်နေမိတယ်။ ပြီးတော့ ဖြစ်ရပ်တွေကလည်း အရင်ဘဝနဲ့ တစ်စထက်တစ်စ ပိုပြီးဝေးကွာလာတယ်လို့ ခံစားနေရလေတယ်။
***
တိုတယ်အနုပညာရဲ့ အကြီးကျယ်အခမ်းနားဆုံး နှစ်ဟောင်းကုန်ဧည့်ခံပွဲနောက်ကွယ်မှာတော့ ချိုးမိသားစုက ထောက်ပံ့ပေးထားပြီး သူတို့ရဲ့ ကလပ်နဲ့ဟိုတယ်ကို အသုံးပြုခွင့်ပေးထားတယ်။
ဒီနေ့မှာ ဟိုတယ်တစ်ခုလုံးကို တိုတယ်အနုပညာက သိမ်းပိုက်ထားပြီး တလက်လက်တောက်ပနေတဲ့ ရွှေရောင်ကပွဲခန်းမကြီးအပြင် ဧည့်သည်တွေအမူးလွန်ပြီး အိမ်မပြန်နိုင်ရင် နားနေဖို့ ဟိုတယ်အခန်းတွေကိုလည်း အခမဲ့အသုံးပြုခွင့်ပေးထားပါသေးတယ်။
တိုတယ်အင်တာတိန်းမန့်မှာ စာချုပ်ချုပ်ထားတဲ့အနုပညာရှင် လေးငါးဆယ်ခန့်ရှိတယ်။ ဒါ့အပြင် လုပ်ငန်းပိုင်း၊ ကြော်ငြာပိုင်း၊ လူထုဆက်ဆံရေးပိုင်း၊ ပညာရှင်ပိုင်း၊ ရုပ်ရှင်ဇာတ်လမ်းတွဲပိုင်းတွေနဲ့ အခြားအုပ်ချုပ်မှုပိုင်းဆိုင်ရာ ဝန်ထမ်းတွေပေါင်းလိုက်ရင် အားလုံးစုစုပေါင်း လူသုံးလေးရာလောက်ရှိတယ်။ ဒီလိုအကုန်အကျခံနိုင်ခြင်းကတော့ အတိုင်းထက်အလွန်ပါပဲ။
ပြီးတော့လည်း ဒီအချိန်ကမှ တကယ့်ကို အရောင်းမြှင့်တင်ဖို့ အချိန်ကောင်းပဲလေ။ ဟိုတယ်ရဲ့ပင်မဧည့်ခန်းဆောင်ကြီးကို ကော်ဇောနီလျှောက်လမ်းလိုမျိုး အလှဆင်ထားပြီး ရှည်လျားလှတဲ့လျှောက်လမ်းရယ် အင်တာဗျူးဖြေဖို့နေရာတွေရယ်က သတင်းမီဒီယာတွေကို လွယ်လင့်တကူ အင်တာဗျူးလို့ရအောင် လုပ်ထားပေးတယ်။
ဒီညမှာ ကတော့ပုံအထက်အောက်ဆင့်ဆင့်စီထားတဲ့ဖန်ခွက်တွေထဲ ရှန်ပိန်တွေစီးဆင်းနေခဲ့ပြီး မီးရောင်တွေက တဖြတ်ဖြတ်လက်နေတယ်။ သတင်းရထားတဲ့ပရိသတ်တွေကလည်း ဟိုတယ်ရှေ့မှာ ရောက်နေခဲ့ပြီး သူတို့ရဲ့အနှစ်သက်ဆုံး မင်းသားမင်းသမီးတွေကို ကားပေါ်ကအဆင်း တစ်ချက်လောက်မြင်ခွင့်ရဖို့အရေး စုပြုံတိုးဝှေ့နေကြတယ်။ ဒီအတွက်ကြောင့်ပဲ လူငယ်ထိပ်တန်းမင်းသား စုချွမ် ရောက်လာတဲ့အခါ ပွဲတော်တစ်ခုလုံး အော်ဟစ်သံတွေနဲ့ မိုးလုံးညံသွားလေတယ်။ လူတွေက လက်ခုပ်တွေတီးပြီး အဆက်မပြတ်အော်ဟစ်နေကြတယ်။ ဒါတွေက စုချွမ်ရဲ့ထင်ပေါ်ကျော်ကြားမှုကို လွယ်လွယ်ကလေး မြင်နိုင်ပါတယ်။
ဒါပေမယ့် ဒီအချိန် ဒီလိုတွေဖြစ်နေတုန်းမှာ ပိုင်လန်ကတော့ အထဲကိုရောက်နှင့်နေပြီးပြီ။ သူက ရုန်စစ်ချီရဲ့ဘေးမှာထိုင်ပြီး မြေပဲတွေစားနေရင်း ပါတီဖွင့်ပွဲကို စောင့်နေတာလေ။ ဖန်းဟွာက သူတို့ကို အထူးဂရုစိုက်ပါတယ်။ သူမက သူတို့ကို စောစောရောက်အောင် လုပ်ပေးပြီး အစီအစဉ်တကျ ပွဲတက်ရောက်စေတယ်။ ဒါမှသာ မီဒီယာတွေရဲ့ဂရုပြုမှုကို ရရှိပြီး စုချွမ်ရဲ့လွှမ်းမိုးမှုအောက် မရောက်နိုင်မှာ။ သူတို့နှစ်ယောက်ရောက်လာတဲ့အချိန်မှာလည်း သင့်တော်သလောက်စိတ်ဝင်စားမှု ရရှိထားပြီး အင်တာဗျုးတွေလည်း ဖြေထားပြီးပါပြီ။
ခန်းမထဲက ဧည့်ခံပွဲကို မီဒီယာတွေကို ဝင်ခွင့်မပြုထားပါဘူး။ ဒါက အနုပညာရှင်တွေနဲ့ ဝန်ထမ်းတွေအတွက်သာဖြစ်ပြီး လူတိုင်းလူတိုင်းလည်း ကိုယ်ပိုင်နေရာတွေနဲ့ အတိအကျလုပ်ထားတယ်။ သူတို့လုပ်ရမှာက ကြီးကျယ်လှတဲ့စားသောက်ပွဲကြီးမှာ ပျော်ရွှင်စွာဆင်နွှဲဖို့ပါပဲ။
ဒါကြောင့် စုချွမ်တစ်ယောက် ခန်းမထဲဝင်လာတဲ့အချိန်မှာ ပါတီပွဲစဖို့ အချိန်နီးနေပြီ။
ကုမ်ပဏီတစ်ခုရဲ့ နှစ်ကုန်ဧည့်ခံပွဲအစီအစဉ်အရဆိုရင် သူဌေးဖြစ်သူရဲ့ မိန့်ခွန်းကတော့ မပါမဖြစ်ပဲ မဟုတ်လား။ ချိုးချန်တစ်ယောက် ခန်းမထဲ ဘယ်အချိန်ရောက်လာလဲ ပိုင်လန်မသိလိုက်ဘူး။ သူက တစ်ဖက်လူ စင်မြင့်ပေါ်မှာတက်ရပ်တာကို မြင်မှပဲ သိတော့တာ။ ချိုးချန်က တိုတိုတုတ်တုတ်စကားအနည်းငယ်ပြောပြီး ပြန်ဆင်းသွားတယ်။
ပိုင်လန်က ချိုးချန်ထိုင်နေတဲ့နေရာကို ခဏခဏလှည့်ကြည့်မိနေတယ်။ သူဌေးချိုးချန်ရဲ့စားပွဲမှာတော့ ကုမ်ပဏီအထက်ပိုင်းအုပ်ချုပ်သူလယ်ဗယ်တွေချည်း ထိုင်နေကြတာလေ။ စားပွဲတစ်ခုလုံးမှာ တစ်ဦးတည်းသော အနုပညာရှင်က စုချွမ်ပဲ။ သူက ချိုးချန်ကပ်ရပ် ဘယ်ဘက်ဘေးနားမှာ ထိုင်နေတာ။
ဒါကြောင့် စားစရာတွေတည်ခင်းဧည့်ခံတာ အလယ်ပိုင်းကိုရောက်တဲ့အချိန်မှာ အသံတစ်သံက ရုတ်တရက် ပိုင်လန့်အနားမှာ ထွက်လာတယ်။
“သူ့ဘေးနားမှာထိုင်နေတဲ့သူကို ကြည့်လိုက်စမ်း၊ ပြီးတော့ ငါပြောဖူးတာတွေ ပြန်တွေးနေလိုက်”
ပိုင်လန်က အသံကြားလို့လှည့်ကြည့်လိုက်တဲ့အခါ ယာချီရဲ့နောက်ကျောလေးကိုပဲ မြင်လိုက်ရတော့တယ်။ တစ်ဖက်လူက သူပြောချင်တာတွေ ကပ်ပြောသွားပြီး လှည့်ထွက်သွားခဲ့တာလေ။
…………………………