(20) မာတီနီ
အရသာရှိပြီးကောင်းမွန်လှတဲ့ စားသောက်ပွဲကြီးပြီးဆုံးသွားတဲ့အချိန်မှာ ဧည့်သည်တွေအားလုံးက ဟိုတယ်ဝန်ထမ်းတွေရဲ့လမ်းညွှန်မှုနဲ့ ဘေးဘက်မှာရှိတဲ့ခန်းမထဲကို သွားကြတယ်။
ဒီနေရာက ကြီးမားတဲ့ကပွဲခန်းမကြီးပါ၊ နောက်ပြီး ဆိုဖာထိုင်ခုံတွေနဲ့ ဘားကောင်တာတွေလည်းရှိတယ်။ ခန်းမထဲက မီးအလင်းရောင်ဖျောဖျော့ရယ်၊ မြန်သွားလိုက် နှေးသွားလိုက်ဖြစ်နေတဲ့ DJ သံရယ်က ပတ်ဝန်းကျင်တစ်ခုလုံးကို ကလပ်အလား ထင်မှားစေတယ်။
လူငယ်အများစုကတော့ ဒီအခြေအနေမှာ မြူးထူးပျော်မွေ့နေကြလေရဲ့။ သူတို့က မင်္ဂလာဆောင်မှာစားသောက်နေရသလိုဖြစ်နေတဲ့ ဟန်ဆောင်ပန်ဆောင်မှုတွေကို ချက်ချင်းပဲခွာချလိုက်ရင်း ကပွဲကြမ်းပြင်ဆီသို့ပြေးသွားကာ တွန်းထိုးပျော်ပါးနေကြတယ်။ ဒါကမှ အနုပညာကုမ်ပဏီတစ်ခုရဲ့ပါတီနဲ့တူတာလေ။
ဒါကြောင့်ပဲ ခန်းမတစ်ခုလုံးက သက်ဝင်လှုပ်ရှားနေတယ်။ အနီရောင် အစိမ်းရောင် ခရမ်းရောင် အပြာရောင် မီးရောင်တွေက တဖြတ်ဖြတ်လက်နေပြီး DJ သံကလည်း ပိုပြီးမြန်လာတယ်။ တဒုန်းဒုန်းနဲ့ ဘေ့စ်သံတွေလည်း ပြင်းထန်နေတာ လူတွေရဲ့နားစည်နဲ့ကြမ်းပြင်တွေပါ တုန်ခါနေသလိုပါပဲ။ ကပွဲကြမ်းပြင်ပေါ်မှာ စက္ကန့်နဲ့အမျှ လူတွေက ပိုပြီးထူထပ်လာတယ်။ ဝန်ထမ်းတွေသာမက အနုပညာရှင်အချို့ကလည်း ဝါသနာနဲ့ဗီဇကို မထိန်းချုပ်နိုင်တော့ဘဲ ညရဲ့ဆွဲဆောင်မှုအောက်မှာ သူတို့ပုံရိပ်တွေကို စွန့်လွှတ်လိုက်ကြတော့တယ်။
ပိုင်လန်ကတော့ ပျော်ပွဲရွှင်ပွဲတွေကို စိတ်မဝင်စားဘူး။ သူက သူ့ကိုယ်သူ အသက်(၃၀) ကျော်လူတစ်ယောက်အဖြစ် ခံယူထားတော့ ဒီလိုကမူးရှုးထိုးလုပ်ရပ်တွေက ပင်ပန်းစေလိမ့်မယ်ဆိုပြီးပဲ နားလည်ထားတယ်။
အစောကြီးကတည်းက ဆိုဖာခုံပေါ်မှာထိုင်နေတဲ့ ပိုင်လန်က သက်သောင့်သက်သာ ဖြစ်နေပြီ။ သူက ဖျော်ရည်တစ်ခွက်ကိုမှာပြီး အသက်ဝင်လှုပ်ရှားနေတဲ့ကပွဲကြမ်းပြင်ကို ကြည့်နေတာ။ ဒါဆို ဘေးနားက လူငယ်စစ်စစ်လေးရုန်စစ်ချီကရော.. သူကလည်း ကဖို့အတွဲမရှိသလိုလို ကရမှာရှက်သလိုလိုနဲ့ ပိုင်လန့်ဘေးနားမှာ ထိုင်နေတာပါပဲ။ သိချင်စိတ်တွေနဲ့ပိုင်လန်က 'မင်းဘာလို့သွားမကတာလဲ' လို့မေးလိုက်တော့လဲ ခံစားချက်မရှိတဲ့မျက်နှာနဲ့ ချော်လဲမှာစိုးလို့လို့ ပြန်ဖြေတယ်။ ဒါကြောင့် သူလဲ နောက်ထပ် ထပ်မမေးတော့ဘူး။
ဒါပေမယ့် သူတို့နှစ်ယောက်လုံးက လူသိများတဲ့လူတွေဖြစ်ကြတယ်လေ။ UNI ရဲ့ကြော်ငြာတွေ လမ်းမတွေပေါ်မှာပြည့်ပြီး နှစ်ယောက်သားက ကုမ်ပဏီရဲ့အနှစ်သက်အခံရဆုံး စတားလေးတွေ ဖြစ်လာတာ။ ဒါကြောင့် အများစုက မိတ်ဆွေဖွဲ့ချင်ကြတော့ ဒီအခွင့်အရေးကို ဘယ်လက်လွတ်ခံကြလိမ့်မလဲ။ နှစ်ယောက်သား ထိုင်ခုံပေါ်မှာလည်း ထိုင်ပြီးရော လာနှုတ်ဆက်တဲ့လုပ်ဖော်ကိုင်ဖက်တွေကို ပြန်နှုတ်ဆက်နေရတာနဲ့ ပျင်းဖို့တောင် အချိန်မရှိတော့ပါဘူး။
သူတို့အဖြစ်အပျက်လိုမျိုး တူညီလှတဲ့ အခြားမြင်ကွင်းတစ်ခုလည်း ခန်းမကြီးရဲ့အခြားတစ်ဖက်မှာ ရှိသေးတယ်။
ပြီးတော့ အဲဒိတစ်ခုက ပိုပြီးကြီးမားတယ်။
ထိပ်တန်းအနုပညာရှင်စုချွမ်နဲ့ တိုတယ်အင်တာတိန်းမန့်သူဌေးကြီးချိုးချန် တို့က ပုံမှန်အတိုင်းပဲထိုင်နေကြတယ်။ သူတို့က မကြာမကြာ စကားတွေပြောနေကြပြီး အသေအချာသာ သတိထားကြည့်မယ်ဆိုရင် နှစ်ယောက်သားက သိဟောင်းကျွမ်းဟောင်းတွေဖြစ်တယ်ဆိုတာ သေချာသိနိုင်တယ်။ ဒါလိုမှမဟုတ်ရင်လည်း တိုတယ်အနုပညာနဲ့စာချုပ်ချုပ်ပြီးကတည်းက ပြည်ပမှာပဲအနေများတဲ့စုချွမ်က သူဌေးနဲ့ သိကျွမ်းတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။
ပြီးတော့လည်း သူ့ရဲ့ကိုယ်ပိုင်ဘဝကို လူထုမှာထုတ်ပြောဖို့ အသည်းအသန်ငြင်းဆန်တတ်တဲ့ စုချွမ်တစ်ယောက်လည်း ဒီညမှာ ခါတိုင်းနဲ့မတူညီပဲ စိတ်ကောင်းဝင်နေတယ်။ လူတွေက သူ့ကို ပြည်ပအခြေအနေတွေမေးမြန်းတဲ့အခါ သူက စိတ်ပါလက်ပါပဲ ပြန်ဖြေပေးနေတယ်။ ဒါပေါ့.. လူတွေက တဲ့တိုးကြီးတော့ဘယ်မေးရဲကြပါ့မလဲ.. သာကြောင်းမာကြောင်းအခြေအနေလောက်ပဲပေါ့။ သူ့ဘေးနားကလူတွေကလည်း အထက်ပိုင်းဝန်ထမ်းအကြီးစားတွေဖြစ်တာတောင်မှပဲ စုချွမ်ရဲ့နက်ရှိုင်းပြီးဆွဲဆောင်တတ်တဲ့မျက်ဝန်းလေးနဲ့ အပြုံးချိုချိုလေးတွေကို ငေးကြည့်နေကြရင်း သူတို့ခေါင်းထဲမှာလည်း ယောက်ယက်ခတ်နေရရှာတယ်။
ဒီဖြစ်စဉ်မှာ မသက်ရောက်နိုင်တာဆိုလို့ Big Boss ချိုးချန်တစ်ယောက်ပဲရှိတယ်။
ခါတိုင်းလိုပါပဲ.. ချိုးချန်က ဝတ်နေကြပွင့်ရိုက်ရှပ်အင်္ကျီကိုပဲ ဝတ်ဆင်ထားဆဲဖြစ်ပြီး အပြင်မှာတော့ အနက်ရောင်အနောက်တိုင်းဝတ်စုံကို ထပ်ထားတယ်။ အပေါ်ပိုင်းမတပ်ထားတဲ့ ကြယ်သီးတွေကြောင့်လည်း သူ့ရဲ့လည်ပင်းကဂျုံပင်ရောင်အသားညိုညိုတွေနဲ့ ရွှေဆွဲကြိုးကြီးကို လှစ်ဟာပြထားသလိုရှိတယ်။ သူက ချွင်းချက်မရှိချောမောလွန်းလှတဲ့ ထိပ်တန်းအနုပညာရှင်ဘေးမှာ ထိုင်ခုံနောက်မှီပြီး ပျင်းရိပျင်းတွဲထိုင်နေတာလေ။ ဒါပေမယ့် သူ့ရဲ့ရမ္မက်သွေးကြွစေနိုင်တဲ့သြဇာလွှမ်းမိုးနိုင်စွမ်းကလည်း အားလုံးကိုဖမ်းစားနိုင်တဲ့စုချွမ်နဲ့ယှဉ်ရင် နည်းနည်းလေးမှ အောက်မလျှော့ပါဘူး။
ချိုးချန်က ထိုင်နေရင်းမှာပဲ မာတီနီတစ်ခွက်ကိုမှာလိုက်ပြီး ပတ်ပတ်လည်က စကားတွေကိုနားထောင်နေကာ ကပွဲကြမ်းပြင်ကို ပျင်းရိပျင်းတွဲငေးနေခဲ့တယ်။
ဒါက ကြည့်လိုက်ရင် သာမန်လိုပဲထင်ရပေမယ့် ချိုးချန်တစ်ယောက်ပဲ သိတဲ့အချက်က သူထိုင်နေတဲ့နေရာကနေကြည့်မယ်ဆိုရင် ဟိုးဘက်ထောင့်နားမှာထိုင်နေတဲ့ ပိုင်လန်ကို တိုက်ရိုက်မြင်ရတာပဲဖြစ်တယ်။ နည်းနည်းတော့ဝေးပေမယ့်လည်း မြင်ကွင်းက ကွယ်မနေဘဲ ရှင်းလင်းနေတာ။
ဒီအချိန်မှာ ယာချီက ပိုင်လန့်ဘေးနားကပ်လာပြီး စကားပြောလိုက်တာကို ချိုးချန်လှမ်းမြင်လိုက်တယ်။ ယာချီက စကားတွေပြောနေရင်း သူ့ဘက်ကိုလည်း လှမ်းကြည့်လိုက်သေးတယ်။
ချိုးချန်က မျက်လုံးတွေကိုမှေးကျဉ်းလိုက်တယ်။ တစ်ဘက်မှာရှိတဲ့ပိုင်လန်ကလည်း ယာချီပြောသလိုမျိုး သူ့ကိုလှမ်းကြည့်လိုက်တာ မြင်လိုက်ပေမယ့် ချိုးချန်တစ်ယောက် နည်းနည်းလေးတောင် အမူအယာပျက်ယွင်းမသွားဘူး။ ဒါပေမယ့် ပိုင်လန်ကတော့ ကမန်းကတန်းအကြည့်လွှဲသွားလေတယ်။
ချိုးချန်က ထွက်သွားတဲ့ယာချီနောက်ကျောကို စက္ကန့်အနည်းငယ်လောက်စိုက်ကြည့်ပြီးမှ မျက်လုံးက ပိုင်လန့်ဆီပြန်လှည့်လာတယ်။ ယာချီတစ်ယောက် ပိုင်လန့်ကို ဘာတွေပြောလိုက်မယ်မှန်း အကြမ်းဖျင်းသူခန့်မှန်းလို့ရတယ်။ ဘာပဲဖြစ်ဖြစ် သူက တော်ဝင်ဝတ်စုံက အဖြစ်အပျက်အသံသွင်းချက်တွေအားလုံးကို နားထောင်ပြီးနေပါပြီ။
ပြီးတော့ အခုလည်း..သူသိချင်သေးတယ်။ ဒီစကားမျိုးတွေ ထပ်ပြောခံရတဲ့ပိုင်လန် ဘယ်လိုတုန့်ပြန်မှာပါလိမ့်….?
ချိုးချန်က မာတီနီကို ဖြည်းဖြည်းချင်း တစ်ငုံသောက်လိုက်ပြီး စောင့်စားနေတယ်။
ဒီနေ့အစောပိုင်းက ပိုင်လန်ဖွင့်ပြောလာဖို့အတွက် သူစောင့်နေခဲ့သလိုမျိုးပေါ့။
ပိုင်လန်ရဲ့ကိုယ်ပိုင်နှုတ်ခမ်းတွေနဲ့ သူ့ကိုမေးလာဖို့အတွက်ပေါ့… ဥပမာပြောရရင် ဒီနေ့ပါတီပွဲကို နှစ်ယောက်စလုံးတက်ရမယ်… ဘယ်လိုမျိုးစီစဉ်ထားလဲပေါ့… နှစ်ယောက်အတူသွားမှာလားပေါ့….
ဒါပေမယ့် သူ ဘယ်လောက်ကြာကြာစောင့်နေခဲ့ပေမယ့် ပိုင်လန့်နှုတ်ခမ်းဖျားကထွက်လာတဲ့ မေးခွန်းတွေကို ချိုးချန်မကြားခဲ့ရဘူး။ ဒါကြောင့် အခု ပိုင်လန့်ကိုနောက်ထပ်အခွင့်အရေးပေးဖို့ သူဆုံးဖြတ်ထားတယ်။
ဒါပေမယ့်လည်း ဒီအချိန်မှာ စကားသံတစ်ခုက သူ့နားနားကပ်ရပ်ထွက်ပေါ်လာပြီး အတွေးတွေကို ဝင်နှောင့်ယှက်တယ်။
“ပျင်းနေပြီလား? တစ်နေရာရာ သွားချင်လား?”
ချိုးချန်ကလှည့်ကြည့်လိုက်တဲ့အခါ ဘေးနားမှာထိုင်နေတဲ့စုချွမ်က အခြားသူတွေနဲ့ စကားဖောင်ဖွဲ့လို့ပြီးသွားတာကိုမြင်တယ်။ စုချွမ်ကလည်း သူ့လိုပဲ လက်ထဲမှာ မာတီနီခွက်လေးကိုလှည့်နေတာ။ ခွက်လေးက တစ်ချွင်ချွင်မြည်ပြီး မျက်နှာပေါ်မှာလည်း အပြုံးလေးနဲ့။ သူနဲ့စကားပြောနေခဲ့တဲ့လူတွေကတော့ စုချွမ်ရဲ့အမူအရာကိုကြည့်ပြီး အလိုက်တသိနဲ့ အလျှိုလျှိုထွက်သွားပေးကြပြီး သူတို့နှစ်ယောက်တည်းထားခဲ့ပေးတယ်။
“ဒီလိုပွဲမျိုးမှာ သူဌေးက အလိုက်တသိနဲ့ရှောင်ပေးရတယ်ဆိုတာ မင်းကိုငါ သတိပေးစရာလိုသေးလား?” စုချွမ်ရဲ့လှပတဲ့နှုတ်ခမ်းထောင့်စွန်းလေးက ကွေးနေပြီး သူ့မျက်လုံးတွေကတော့ အမှောင်ထဲမှာ တဖြတ်ဖြတ်လက်နေတဲ့ ကြယ်ပင်လယ်ကြီးလိုပါပဲ။
ဒီလို သူ့ရဲ့ပုံပန်းသွင်ပြင်က ချိုးချန်အတွက်တော့ ရင်းနှီးနေပြီးသားပါ။ သူက တစ်စက္ကန့်လောက်ပဲရပ်သွားပြီးမှ ခေါင်းညိတ်တယ် “အိုကေလေ.. မင်းကို အိမ်အရင်ပြန်ပို့ပေးရမှာလား?”
စုချွမ်က ခေါင်းခါပါတယ် “ရှားရှားပါးပါး အခွင့်အရေးရတုန်းလေး ဘလူးပဲရော့ သွားရအောင်”
ချိုးချန်က သဘောတူလိုက်တယ်။ သူက ခွက်ထဲက အရည်တွေကို တစ်ကျိုက်တည်းမော့ချလိုက်ပြီး တစ်ချိန်တည်းမှာပဲ ဟိုးအဝေးကထောင့်နားဆီ တစ်ချက်ပြန်ကြည့်တယ်။
သိပ်ကောင်းတယ်.. ပိုင်လန်က ရုန်စစ်ချီနဲ့ စကားပြောနေတုန်းပဲ။ ချိုးချန်က “ဟင်း”ခနဲ အသံလုပ်ရင်း ဖန်ခွက်ကို ပြန်ချတယ်။ သူက ဝုန်းခနဲမတ်တပ်ထရပ်ပစ်လိုက်ပြီး ခေါင်းကို ဆတ်ခနဲလှည့်လိုက်တယ် “သွားစို့”
စုချွမ်ကပြုံးတယ်။ သူလည်း ဖန်ခွက်ကိုချရင်း ကြော့ကြော့မော့မော့လေး ထရပ်လိုက်တာပေါ့။
ချိုးချန်က ဘေးနားကလူတွေကိုနှုတ်ဆက်ရင်း ခန်းမကြီးရဲ့ဝင်ပေါက်ကို ခြေလှမ်းကျဲကြီးနဲ့လျှောက်သွားတယ်။
ဧည့်ခံပွဲထဲက အရေးကြီးဆုံးလူတစ်ချို့ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်လေ။ ဒါကြောင့် သဘာဝကျကျပဲ လူအကုန်လုံးရဲ့မျက်လုံးတွေက ဒီဘက်ရောက်လာတယ်။ ဖြစ်ပုံက ဝန်ထမ်းအချို့ သူတို့နားကိုရောက်လာပြီး စကားပြောဖို့ကြိုးစားနေကြတာ.. သူဌေး ပြန်တော့မှာလား… နည်းနည်လောက်ထပ်နေပါဦး…ကျွန်တော်တို့နဲ့သောက်ပါဦး…. ဒီလိုလောကဝတ်တွေပြောဆိုနေကြတာပေါ့…
ချိုးချန်က လက်ကိုဝှေ့ယမ်းရင်း ကောင်းကောင်းပျော်ကြလို့ပဲပြောပြီး ခြေလှမ်းတွေတောင်မရပ်ဘူး။ စုချွမ်ကတော့ သူ့နောက်မှာလိုက်လျှောက်ရင်း အိန္ဒြေရရလေး အားလုံးကိုပြုံးပြနေတယ်။
ဒါပေမယ့် ဒီအချိန်မှာပဲ ဒီလူနှစ်ယောက်ကိုဦးတည်ပြီး မီးရောင်တစ်ခုက ရုတ်တရက်လက်သွားတယ်။
ဒါက အဖြူရောင်မီးလေးပါ၊ မိုဘိုင်းဖုန်းရဲ့ ကင်မရာမီးသီးက ထွက်လာတာ။
ချိုးချန်နဲ့စုချွမ်ရဲ့ခြေလှမ်းတွေက ရုတ်တရက်ရပ်သွားတယ်။ ဘေးနားကလူတွေလည်း ချွေးပျံကုန်တာပေါ့။
ဘာကြောင့်လဲဆိုတော့… လူအများစုက သိကြတယ်၊ စုချွမ်က နောက်ကလိုက်ပြီးဓါတ်ပုံရိုက်တာကို သိပ်မုန်းတယ်ဆိုတာလေ။ သူက များသောအားဖြင့် အင်တာဗျူးတွေတောင် လက်ခံလေ့မရှိဘူး။ သူ့နောက်ကိုလိုက်တဲ့ သတင်းထောက်တွေနဲ့ပါပါရာဇီတွေကလည်း အဆုံးသတ်မှာ ရှင်းမပြနိုင်လောက်တဲ့ သတင်းဆိုးတွေနဲ့ပြဿနာတွေ ကြုံတွေ့သွားရတတ်တယ်။ ဒါကြောင့်ပဲ လူတွေနားလည်ထားကြတာက သူတို့မှာ အင်အားမရှိဘဲနဲ့တော့ စုချွမ်နောက်ကိုလိုက်ဖို့ မဖြစ်နိုင်ဘူးဆိုတာပဲ။ စုချွမ်နောက်ကွယ်မှာ အရမ်းပါဝါရှိတဲ့လူတစ်ဦး စောင့်ရှောက်နေတာကိုး။
ပြီးတော့ ဒီလိုနှစ်ကုန်ပါတီပွဲမှာ အပြင်လူရှိနိုင်စရာအကြောင်းရင်း မရှိဘူး။ ပါပါရာဇီတွေလည်း မရှိနိုင်တာကြောင့် လူတိုင်းက စိတ်ချလက်ချပျော်ရွှင်နေကြတာ။
ဒါကြောင့် အခုလေးတင်ဓါတ်ပုံရိုက်လိုက်တဲ့လူက ဝန်ထမ်းပဲဖြစ်မှာ။ ဒါပေမယ့် ဒီလိုအပြုအမူမျိုးက တားမြစ်ထားပြီး မလုပ်သင့်ဘူးလေ။
သူတို့ရှေ့မှာ မိန်းမငယ်လေးတစ်ယောက်က ဖုန်းကိုကိုင်ပြီး မတ်တပ်ရပ်နေတယ်။ သူမက စိတ်လှုပ်ရှားလွန်းလို့ ဘာလုပ်လိုက်မှန်းမသိ ဖြစ်သွားတယ်တူပါရဲ့။ သူမလက်ထဲက ကင်မရာမီးရောင်လက်သွားပြီးတဲ့အခါမှာတော့ ပတ်ဝန်းကျင်လေထုက သိပ်သည်းသွားရင်း မျက်လုံးအများစုက သူမအပေါ်ရောက်လာတယ်။ အခုတော့ သူ့အမှား သူသိသွားပြီလေ။ သူမမျက်နှာက တုန်လှုပ်မှုတွေကြောင့် အစိမ်းရောင်ကနေ အဖြူရောင်ဖြစ်လာတယ် “အိုး, ကျွန်မ… ကျွန်မ… ကျွန်မ…”
စုချွမ်ရဲ့နှုတ်ခမ်းတွေက ကွေးသွားတယ်။ သူက ချိုးချန်ပခုံးပေါ် လက်တင်လိုက်ရင်း ညှို့ငင်နေသလိုမျက်ဝန်းတွေနဲ့ ဖုန်းကိုင်ထားတဲ့မိန်းကလေးကို စိုက်ကြည့်တယ်။
“အခုလေးတင်ရိုက်တဲ့ဟာ ဖျက်လိုက်တော့၊ ပြီးတော့ အသစ်ပြန်ရိုက်၊ ကိုယ်က ဓါတ်ပုံရိုက်ရင် ပြင်ဆင်ပြီးရိုက်တာမှ ပိုသဘောကျတာ”
သူ့အသံက နှေးလည်းမနှေးဘူး၊ မြန်လည်း မမြန်ဘူး၊ ညှို့ဓါတ်ပါတဲ့အပြုံးလေးကလည်း သူ့ရှေ့ကမိန်းကလေးကို အထစ်ထစ်အငေါ့ငေါ့ ဖြစ်စေတယ်။
“ဟု…ဟုတ်၊ ကျွန်မ ဖျ…ဖျ..ဖျက်လိုက်ပါ့မယ်၊ တောင်း..တောင်းပန်ပါတယ်၊ မရည်ရွယ်ပါဘူး….”
စုချွမ်က ချိုးချန်ဘက်ကို ပိုတိုးတယ်။ ပုခုံးပေါ်က လက်တွေတင် မကဘူး.. သူက ခေါင်းကိုတောင် ချိုးချန်ဘက်ကိုစောင်းလိုက်တယ် “အိုကေ..မင်းက ကိုယ်နဲ့အားချန်ကို ဓါတ်ပုံအတူရိုက်ဖို့ ရှားရှားပါးပါးအခွင့်အရေး ပေးလိုက်တာပဲ”
မိန်းကလေးရဲ့နှုတ်ခမ်းတွေက ပွင့်လာပြီးမှပြန်ပိတ်သွားတယ်။ သူမက ငြင်းလိုက်ချင်ပေမယ့်လည်း စုချွမ်ကစိုက်ကြည့်နေတာကြောင့် အဆုံးမှာ တုန်ယင်နေတဲ့လက်တွေနဲ့ ဓါတ်ပုံအနည်းငယ်ရိုက်လိုက်လေတယ်။
စုချွမ်ကတော့ ထွက်မသွားခင်လေးတင် နောက်ထပ်စကားတစ်ခွန်း ထပ်ပြောခဲ့ပါသေးတယ် “ပြီးရင် ကိုယ့်လက်ထောက်ကို မင်းဆီကဓါတ်ပုံလာကူးခိုင်းလိုက်မယ်၊ အရမ်းမြန်မြန်ကြီး မဖျက်ပစ်နဲ့နော်”
မိန်းကလေးကတော့ ငိုချင်နေပါပြီ “ဟု..ဟုတ်…”
ဘာကြောင့်လဲဆိုတော့ သူမဓါတ်ပုံတွေက မှတ်မိနိုင်စရာ မရှိလောက်အောင် မှုန်ဝါးဝါးတွေချည်းမို့လေ။ ဒါပေမယ့် သူမက နောက်ထပ်ပြန်ရိုက်ချင်တယ်လို့ မေးဖို့မှ မရဲတော့တာ။
ဒါပေမယ့်လည်း ဒီလိုအနှောင့်အယှက်အသေးစားလေးကြောင့် နောက်ပိုင်းမှာ တိုတယ်အနုပညာကလူအားလုံးက အချက်နှစ်ချက်ကို ရှင်းရှင်းလင်းလင်း သိသွားကြတယ်။
နံပါတ် (၁) .. စုချွမ်က ကြားထားတဲ့ကောလဟလတွေအတိုင်းပဲ သွားနှောင့်ယှက်လို့ မရဘူး၊ သူတို့ နောက်ပိုင်း သတိထားဖို့လိုတယ်
နံပါတ် (၂) .. စုချွမ်က သူတို့သူဌေးကို အားချန်လို့ခေါ်ရလောက်တဲ့အထိ ရင်းနှီးတယ်
ဆိုတာပါပဲ။
ပိုင်လန်ကလည်း ဒီအဖြစ်အပျက်ကိုမြင်ပါတယ်။ ပြီးတော့ သူက ဖြစ်ရပ်တစ်ခုကို အစကနေအဆုံး မချွင်းမချန်အားလုံးမြင်လိုက်ရတယ်လို့ ခံစားနေရတယ်။
***
မိနစ်(၃၀) ကြာပြီးနောက်
တိုးညှင်းလှတဲ့ ဂျက်ဇ်ဂီတသံက မီးရောင်မှိန်မှိန်အခန်းထဲမှာ ပျံ့လွင့်နေတယ်။
အပြာရောင်အလင်းတွေက သီးသန့်အခန်းငယ်လေးကို ပိုပြီးပြည့်စုံစေပြီး စိတ်ကူးယဉ်ဆန်တဲ့ခံစားမှုကို ပေးလေတယ်။
ဒါက ဘလူးပဲရော့ဘားရဲ့ ဝိသေသလက္ခဏာတွေထဲကတစ်ခုပါ… အရာအားလုံးက အပြာရောင်တွေချည်းပဲလေ။
ချိုးချန်နဲ့စုချွမ်တို့နှစ်ယောက်က ပါတီပွဲကနေထွက်ပြီး စုချွမ်အကြံပေးတဲ့ဒီနေရာကိုရောက်လာကြပြီး တစ်ခွက်တစ်ဖလား လာသောက်ကြတယ်။
ဒီဘားက အဖွဲ့ဝင်တွေပဲ ဝင်ခွင့်ပြုတဲ့ဘားဖြစ်ပြီး လုံခြုံမှုအပြည့်ရှိပြီး နားအေးပါးအေးနဲ့ နှောင့်ယှက်တာတွေလည်း မခံရဘူး။ ဒီနေရာကို ချမ်းသာတဲ့လူတွေနဲ့ ပါဝါရှိတဲ့လူအများစုလာကြပြီး အားလပ်ချိန်တွေကိုကုန်ဆုံးကြတယ်လေ။
ချိုးချန်က ရေခဲရောထားတဲ့မာတီနီတစ်ခွက်ကိုမှာတယ်။ ဒါပေမယ့် စုချွမ်က သံပရာဗော်ကာ ပြောင်းမှာတယ်။
ဒီသီးသန့်အခန်းထဲမှာတော့ သူတို့စကားသံတွေက ပိုပြီးလွတ်လွတ်လပ်လပ်ရှိတယ်လေ။
“ဒီတစ်ခါ မင်းသွားတာ ဗြုန်းစားကြီးပြန်ရောက်ချလာတယ်၊ အကုန်လုံးရော အခြေကျခဲ့ရဲ့လား” စုချွမ်က ပျော့ပျောင်းတဲ့ဆိုဖာခုံပေါ်ထိုင်နေရင်း လက်ကလည်းမေးစေ့ကိုထောက်ထားပြီး ဒီမေးခွန်းကို မေးလိုက်တယ်။
“ဒီလိုပါပဲ” ချိုးချန်က ခွက်ထဲကရေခဲတုံးတွေကို မွှေနေလေရဲ့။
“မင်းက ငါ့ကိုအသေးစိတ်ပြောမပြချင်ဘူးပေါ့၊ ဘာလဲ ချိုးမိသားစုနဲ့ ပတ်သက်နေတာလား?”
“ငါ ပြောရင်တောင် မင်းနားလည်မှာမဟုတ်ဘူး” ချိုးချန်ကပြောရင်းနဲ့ စုချွမ်ကို တစ်ချက်ကြည့်လိုက်တယ် “မင်း ရှင်းသောင်းကထွက်သွားတာ ကြာပြီဟာကို၊ မှတ်မိတဲ့သူ ဘယ်သူရှိသေးလို့လဲ?”
စုချွမ်က ပြုံးတယ် “ငါ ကြီးလာတဲ့နေရာပဲကွာ၊ ဒီလောက်တော့ မေ့မသွားပါဘူး”
ချိုးချန်က ဖန်ခွက်ထဲကအရည်တွေသောက်ရင်းပြောတယ် “မင်း ဘာလို့ ရုတ်တရက်ကြီး တရုတ်ပြည်ပြန်ချင်စိတ်ပေါ်လာတာလဲ?”
“မင်းမေးခွန်းကြီးက ဘာလဲ? နားထောင်ရတာ မကြိုဆိုချင်တဲ့လေသံကြီးနဲ့?” စုချွမ်က နောက်လိုက်တယ်။
“မဟုတ်ပါဘူး” ချိုးချန်က အပြောင်အပျက်ပြောချင်စိတ်မရှိဘူး။ “ဘာမှမဖြစ်ဘူးဆိုရင် ကောင်းတာပဲလေ”
နွေးထွေးတဲ့ပုံရိပ်လေးက စုချွမ်မျက်နှာပေါ် ထင်ဟပ်လာတယ် “မင်းထင်သလို မဟုတ်ပါဘူး၊ အားလုံးကောင်းပါတယ်၊ ငါ ပြန်ချင်လို့ ပြန်လာတယ် ဒါပါပဲ”
ချိုးချန်က စုချွမ်ကိုကြည့်ရင်းပြောပြန်တယ် “မင်းအကူအညီလိုရင် ပြော၊ ဘာပဲဖြစ်ဖြစ် ငါ့ကုမ်ပဏီကလူပဲလေ မင်းက”
စုချွမ်ရဲ့မျက်လုံးလှလှလေးတွေ ကွေးသွားတာပေါ့။ သူက စကားလမ်းကြောင်းပြောင်းလိုက်တယ် “ရှောင်ဟိုင်တစ်ယောက်ရော ဘယ်လိုနေလဲ? ဘယ်နှနှစ်တောင်ရှိသွားပြီလဲ?”
“ငါးနှစ်၊ ဆူညံပွက်လောရိုက်နေတာပဲ” ဒီတစ်ကြိမ်က ချိုးချန်ပြုံးတဲ့အလှည့်ပါ။
“အရင်တစ်ခါ ငါတွေ့တုန်းက သေးသေးလေးပဲ ရှိသေးတယ်၊ အချိန်တွေကုန်တာ မြန်သလိုပဲ”
“ဟုတ်တယ်၊ ကလေးတွေက မျက်စိတစ်မှိတ်အတွင်း ကြီးလာတာပဲလေ” ချိုးချန်ရဲ့မျက်လုံးထဲမှာ နွေးထွေးမှုတွေမြင်ရတယ်။ ကြည့်ရတာ တုန်နေအောင်ချစ်တတ်တဲ့အဖေလိုမျိုးပါပဲ။
စုချွမ်က အံ့သြတဲ့အမူအရာနဲ့ စိုက်ကြည့်နေတာပေါ့။
ဒါပေမယ့် သူ မသိတာက အခုချိန်မှာ ချိုးချန်က လွန်ခဲ့တဲ့မိနစ်ပိုင်းတုန်းက နားစွန်နားဖျားကြားလိုက်တဲ့အရာကို တွေးနေတယ်ဆိုတာပဲ။
ဒါကြောင့် စုချွမ်လဲ သန့်စင်ခန်းခဏထသွားရော ချိုးချန်က အိတ်ထဲကနားကျပ်ကိုထုတ်လိုက်တယ်။ ဒီအပြုအမူကို ဟုန်ဟုန်က ‘ခိုးကြောင်ခိုးဝှက်’ လို့ပြောပေမယ့် ချိုးချန်ကတော့ ဒီရက်ပိုင်းအတွင်း ပိုပြီး စိတ်အားထက်သန်စွာ လုပ်ဆောင်လေ့ရှိပါတယ်။
….. သူ့နားထဲမှာက
“အားပိုင်~ ပြန်လာပြီ၊ ချီ….ချီ ….”
အဝတ်အစားအချင်းချင်းပွတ်တိုက်သံ ကြားပြီးတဲ့နောက်မှာ “နောက်ကျနေပြီ၊ ဘာလို့ မအိပ်သေးတာတုန်း?” ပြီးတော့ တစ်ချက်ဖက်နမ်းလိုက်တဲ့အသံထွက်လာတယ်။
“ဟီးဟီး.. သားက အားပိုင်နဲ့ဖေဖေ့ကို စောင့်နေတာ”
“နောက်တစ်ခါ မစောင့်နဲ့နော်၊ မဟုတ်ရင် မနက်ဖြန်မနက် မထနိုင်ဘူး ဖြစ်နေဦးမယ်”
“ဒါမယ့် သားက အိပ်ရာပေါ်လှဲနေတာတောင် အိပ်လို့မရဘူး” ချိုးရှောင်ဟိုင်က ကလေးသံလေးနဲ့ ပြန်ဖြေတယ် “ဖေဖေရော… မလာသေးဘူးလား...?”
ပိုင်လန်က စက္ကန့်အနည်းငယ်လောက်ရပ်သွားပြီးမှ ပြန်ပြောလိုက်ရတယ် “သားဖေဖေက အလုပ်တွေရှိလို့ ပြန်လာလို့မရသေးဘူး၊ ဒို့တွေ အရင်အိပ်ကြမယ်နော်”
“သြော် ဒါဆို ဒီနေ့ သားက အားပိုင်နဲ့အတူ အိပ်လို့ရတာပေါ့ နော်?”
“အိုကေ.. အိပ်မယ်၊ သွား.. ကုတင်ပေါ်မှာ လှဲပြီးစောင့်နေနော်၊ အားပိုင် ရေချိုးပြီး လာခဲ့မယ်”
“အင်း အင်း! သားက အင်္ကျီတွေချွတ်ပြီး စောင့်နေမယ်နော်”
“…. ဟင်.. နေပါဦး၊ ဘာဖြစ်လို့ သားက အင်္ကျီတွေချွတ်မှာတုန်း?”
“အားပိုင်နဲ့ဖေဖေက အတူအိပ်ရင် နှစ်ယောက်စလုံး အင်္ကျီတွေချွတ်ထားတယ်လေ၊ သားလည်း အားပိုင်နဲ့ အင်္ကျီချွတ်ပြီး အတူအိပ်ချင်တာ!”
ခဏလောက်ငြိမ်သက်သွားပြီးတဲ့အချိန်မှာ ပိုင်လန်ရဲ့ အကူအညီမဲ့နေတဲ့အသံလေးက ထွက်လာပြန်တယ် “ဘယ်သူပြောတုန်း?”
“သားက မြင်တယ်လေ၊ အားပိုင်က ဖေဖေနဲ့အိပ်နေတာ၊ ဖေဖေက ပြောတယ်..တိုးတိုးနေတဲ့…အားပိုင်နိုးသွားအောင် မလုပ်နဲ့တဲ့.. အဲတာကြောင့် သားက အသံမထွက်ဘဲ တိတ်တိတ်လေးနေနေတာ”
“… ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်လေးရယ်၊ ဒါပေမယ့် ဒါကို…. ဒို့တွေနှစ်ယောက်ပဲသိအောင် လျှို့ဝှက်ထားကြမယ်နော်၊ ကောင်းပြီလား?”
“အင်း.. သားက ဖေဖေ့ကို ပြန်မပြောဘူး၊ အားပိုင်နဲ့ အင်္ကျီချွတ်ပြီး အတူအိပ်တယ်လို့”
“… မဟုတ်ဘူး၊ အဲဒါပြောတာ မဟုတ်ဘူး၊ အားပိုင်ပြောတာက သားမြင်လိုက်တဲ့ဟာကို ပြောတာ၊ အားပိုင်နဲ့ သားဖေဖေနဲ့က အိပ်နေရင်း အိုက်လာလို့.. အဲဒါကြောင့်….”
“ဒါမယ့် သားက အားကျန်းကိုပြောပြပြီးသွားပြီ၊ ဘယ်လိုလုပ်ရမလဲ”
“… မနက်ဖြန်.. ယုန်ပေါက်စီလေးတွေလုပ်ပြီး သူ့အိမ်သွားဆော့ကြမယ်၊ ပြီးတော့.……”
ချိုးချန်က ပိုင်လန်ရဲ့လုံးဝဥဿုံ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အသံတွေကို ကြားနေရပြီး တစ်ဖက်က ဖြစ်ပျက်နေမယ့် မျက်နှာပုံပန်းကိုလည်း ခန့်မှန်းလို့ရနေတယ်။
ရုတ်တရက်ပဲ ချိုးချန်က ဖန်ခွက်တစ်ခွက်လုံးကို မော့ချလိုက်ပြီး ရွှင်လန်းနေတဲ့အသံနဲ့ ပြောလေတယ် “အိမ်ပြန်ဖို့အချိန်ရောက်ပြီ၊ သွားကြစို့!”
စုချွမ်က ကြောင်အသွားတယ်။ ပြီးတော့ လန့်ဖြန့်သွားလေတယ်။
ဒီအချိန်မှာ သူပြောနိုင်တာတစ်ခုရှိတယ်။အဲဒါက ချိုးချန်ကိုပြောင်းလဲစေတဲ့တစ်စုံတစ်ရာ သေချာပေါက်ရှိကိုရှိနေပြီလို့ပါ။
…………………….