(21) တရုတ်နံနံကင်းမွန်ဟင်း
Viewers 48k

(21) တရုတ်နံနံကင်းမွန်ဟင်း 

တစ်ပတ်အကြာမှာတော့ ‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’ ရဲ့ ဖွင့်ပွဲအခမ်းအနားကို ရောက်လာတယ်။

အခမ်းအနားမှာ ကံကောင်းခြင်းအဖြာဖြာအတွက် မိုးနတ်မင်းကြီးကို ကန်တော့ဆုတောင်းရုံသာမကဘူး၊ ရုပ်ရှင်ရဲ့အခြေခံအချက်အလက် အကြောင်းအရာတွေကို မီဒီယာမှာမိတ်ဆက်ဖို့လည်း ရည်ရွယ်တယ်။ … ဇာတ်ကောင်တွေကိုမိတ်ဆက်ပေးမယ်.. အသွင်အပြင်ဒီဇိုင်းတွေကို ချပြမယ်.. ဒါမျိုးတွေပေါ့။

ဒါကြောင့် ဒီနေ့မှာ ပိုင်လန်က ဇာတ်လိုက်မင်းသား ‘လီချွမ်ချင်’ ရဲ့ပုံစံအတိုင်းဝတ်စားပြီး ပွဲတက်လာတယ်။ ဒီပွဲမှာလည်း အရေးကြီးတဲ့ဇာတ်ကောင်တွေအားလုံးက ရုပ်ရှင်ထဲကသူတို့ပုံစံအတိုင်း ဝတ်ထားကြတာပေါ့။ ကျူခွန်းဘာလုပ်ချင်မှန်း ပိုင်လန်နားလည်ပါတယ်။ 

ရုပ်ရှင်တစ်ခုက မင်းသားမင်းသမီးနာမည်တွေနဲ့ မဆွဲဆောင်နိုင်ဘူးဆိုရင် အခြားနည်းလမ်းတွေနဲ့ အရောင်းမြှင့်တင်ရမှာပဲလေ။ နှစ်မျိုးမရှိနိုင်တဲ့ ဇာတ်လမ်းနောက်ခံကျောရိုးတို့၊ အထူးပြုလုပ်ချက်တို့၊ စိတ်ဝင်စားဖို့ကောင်းတဲ့ရိုက်ချက်တို့ စတာတွေနဲ့ပေါ့။ ပြီးတော့ ပရိသတ်တွေကလည်း သရုပ်ဆောင်တွေကို မသိပေမယ့် အဝတ်အစားဒီဇိုင်းတို့၊ ဆက်တင်အပြင်အဆင်တို့၊ ရှုခင်းရှုကွက်တို့ စတာတွေကို မှတ်မှတ်ထင်ထင်ရှိနေတဲ့ ရုပ်ရှင်တွေလည်း ရှိတာကြောင့် ဒီလိုအခြေအနေမှာ သရုပ်ဆောင်တွေသာ အရည်အချင်းရှိကြည့် ရုပ်ရှင်က အောင်မြင်ပြီလို့ ဆိုနိုင်တယ်။

ရွှေရုပ်ရှင်ကို အကျဉ်းချုပ်ဖော်ပြရမယ်ဆိုရင် ခက်ခဲတဲ့ဘဝပေးအခြေအနေတွေထဲကို မထင်မှတ်ပဲကျရောက်သွားပြီး ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်ကျော်ရတဲ့ မင်းသားလေးတစ်ပါးလိုလူတစ်ယောက်ရဲ့ အကြောင်းပါ။ နောက်ပြီး အပ်ချုပ်သည်တစ်ယောက်ရဲ့ဘဝဆိုရင်လည်း မမှားဘူး။ ဒီရုပ်ရှင်ကို ဖျော်ဖြေမှုလို့ခေါင်းစဉ်တပ်မယ်ဆိုရင် ဒီအကြောင်းအရာတွေနဲ့ပဲ ဒရမ်မာချိုးဖို့လုံလောက်နေပြီ။ ဒါပေမယ့်လည်း ကြည့်ရှုသူပရိသတ်တွေအတွက် မျက်စိပသာဒပါဖြစ်အောင် ကျူခွန်းက အထက်ပါနည်းလမ်းတွေကိုလည်း ရွေးခဲ့တာ။

ဒါကြောင့်ပဲ အခမ်းအနားကို ပြုလုပ်နေကြဟိုတယ်မှာမကျင်းပပဲ ပရိဘောကစတိုးတစ်ခုမှာ ပြုလုပ်ခဲ့တယ်။ ဘတ်ဂျတ်ပိုင်းကြည့်မယ်ဆိုလည်း ပရိဘောကအရောင်းဆိုင်က ကွက်တိပဲလေ။ အရောင်းဆိုင်ရဲ့ဂိုဒေါင်ထဲမှာက အရည်အသွေးမြင့်ပရိဘောဂမျိုးစုံရှိပြီး ရှေးခေတ်အပြင်အဆင်မျိုး ရစေတယ်။ ဒီမှာက ကြီးကျယ်ပြီးခမ်းနားလှတဲ့ မီးဆိုင်းမီးဆွဲတွေလည်း ရှိတယ်၊ နန်းတွင်းစတိုင် ဘရိုကိတ်လိုက်ကာတွေနဲ့ ပန်းထိုးနောက်မှီကုလားထိုင်တွေရယ်၊ အမြိတ်အနားလေးတွေပါတဲ့ခေါင်းအုံးတွေပါ ရှိတယ်။ ဒါတွေက ရုပ်ရှင်ထဲက ဆက်တင်တွေအတိုင်းပါပဲ။

နောက်ပြီး တက်ရောက်သူမင်းသားမင်းသမီးတွေရဲ့ ထည်ဝါပြီးအသေးစိတ်ကျလှတဲ့ အဝတ်အစားတွေနဲ့ပါပေါင်းလိုက်တော့ ဒီနေ့အခမ်းအနားက အထူးတလည်ကွဲထွက်ပြီး သေသပ်ခမ်းနားလှလေတယ်။

အချောအလှကြီးမဟုတ်တဲ့ မင်းသမီးရှန်းအိုက်ရူတောင်မှ ရှေးခေတ်ဝတ်စုံလေးရယ် နောက်ခံကားချပ်လေးတွေကြားထဲမှာ ရင်သပ်ရှုမောလောက်အောင်ဖြစ်နေတယ်။ ကျောပေါ်မှာ ဆံပင်အခွေအလိပ်လေးတွေက ဖြာကျနေပြီး ရေညှိစိမ်းရောင်ဝတ်စုံလေးရယ် မီးခိုးရောင်ခြုံထည်လေးနဲ့ ပန်းရောင်နားစွဲလေးတွေနဲ့ ပနံရနေတဲ့ ရှန်းအိုက်ရူက လူမြင်ကွင်းကိုရောက်လာတာနဲ့ချက်ချင်းပဲ ကင်မရာမီးရောင်တွေ တဖြတ်ဖြတ်လက်သွားတာပေါ့။

ပိုင်လန်ကလည်း ဒီနေ့မှာ ပွဲကို အစောကြီးရောက်လာတယ်။ သူ့ကိုမြင်လိုက်တဲ့ခဏမှာပဲ ရှန်းအိုက်ရူက ငေးငေးလေးဖြစ်သွားပြီး ရှိုးတိုးရှန်းတန်းဖြစ်သွားတယ်။ ပိုင်လန်ကပြုံးပြပြီး လူကြီးလူကောင်းတွေလိုမျိုး ဘယ်ဘက်လက်မောင်းကွေးကို သူမအတွက် ဆန့်ထုတ်ပေးလာတယ်။

ဒီအပြုအမူက ကြိုတင်စီစဉ်ထားတာ မဟုတ်တဲ့အတွက် ရှန်းအိုက်ရူက ခဏလောက်တော့ ကြောင်သွားတယ်။ သူမမျက်လုံးတွေကလည်း အရောင်ရင့်ရင့်ဝတ်စုံနဲ့ ခန့်ညားလှတဲ့ ပိုင်လန့်တစ်ကိုယ်လုံးကို လှည့်ပတ်သွားလာနေတာပေါ့။

သူ့ကိုယ်နေဟန်ထားက ဖြောင့်မတ်ရှည်လျားပြီး သူ့အပြုံးတွေက ရက်ရောတယ်။ ခမ်းနားလှတဲ့ခန်းမရဲ့ မီးဆိုင်းအလင်းရောင်ဖျော့ဖျော့အောက်မှာ ပိုင်လန့်မျက်ဝန်းတွေက နူးညံ့ပြီး ကျက်သရေရှိလှတယ်။ ဇာတ်လမ်းထဲကလို တစ်ချိန်က အားလုံးရဲ့အထက်မှာရှိခဲ့တဲ့ လက်လှမ်းမမှီနိုင်တဲ့လူတစ်ယောက်လိုပါပဲ။ နိမ့်ပါးနေတဲ့အချိန်မှာတောင် နတ်သမီးပုံပြင်တွေထဲက မင်းသားလေးတစ်ပါးလို ရှိနေဆဲပါပဲ။ ဒါက အမှန်တကယ်ကို ဇာတ်လိုက်မင်းသားလီချွမ်ချင်ပဲပေါ့။

ရှန်းအိုက်ရူရဲ့နှလုံးသားလေးက တဒုတ်ဒုတ်နဲ့ခုန်နေတယ်။ သူမက ပိုင်လန်ရဲ့နူးညံ့တဲ့မျက်ဝန်းတွေထဲ မျောပါသွားတော့မတတ်ပဲ။ ဒါကြောင့်ပဲ အယောင်ယောင်အမှားမှားနဲ့ပဲ ပိုင်လန်ကမ်းလာတဲ့ လက်မောင်းကို လှမ်းချိတ်လိုက်ရတယ်။

ဒီအချိန်မှာ “ချပ်..ချပ်..ချပ်.. ချပ်” ဆိုပြီး ကင်မရာမီးတွေက ဒေါသတကြီးလက်ကုန်ကြတယ်။ 

မီဒီယာအများစုက နူးညံ့ပြီးအချစ်တွေအပြည့်နဲ့တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြတဲ့ ပိုင်လန်နဲ့ရှန်းအိုက်ရူရဲ့ ဒီဓါတ်ပုံလေးတွေကို ဖော်ပြခဲ့ကြတယ်။ ပြီးတော့ သူတို့က ဓါတ်ပုံနဲ့တွဲပြီး ရုပ်ရှင်ရဲ့စာမြည်းကို ပိုပိုသာသာလေး ရေးသားခဲ့ကြတယ်။

ဒါပေမယ့်လည်း ဒီနေရာမှာ စိတ်မကောင်းစရာတစ်ခုက ‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’ရဲ့ဒီသတင်းကို အနုပညာလောကရဲ့ခေါင်းစီးပိုင်းတွေမှာ မဖော်ပြခဲ့ကြတာပဲ။

အကြောင်းရင်းကရော…. ဒီနေ့အတွက် အကြီးကျယ်ဆုံးထိပ်တန်းသတင်းကတော့ ရက်အတူတူထဲမှာပဲ ကန်တော့ပွဲအခမ်းအနားပြုလုပ်တဲ့ ‘ဧကရာဇ်ဖန်း’ကြောင့်ပေါ့။

***

“အမလေး.. မိုးနတ်မင်းကြီးကျေးဇူးပါ၊ ပိုင်လန်က ရုပ်ရှင်အသစ်ရိုက်နေပြီတဲ့! ငါ သွားကိုသွားကြည့်ဦးမှာ” 

“လူတစ်ယောက် နာမည်ကြီးလာပြီဆိုရင် ပိုချောပြီးပိုကြည့်ကောင်းလာတယ်တဲ့၊ မမှားဘူး၊ သတင်းစာထဲကပိုင်လန့်မျက်နှာလေး ဘယ်လောက်ချောလဲ ကြည့်စမ်း”

“ဟုတ်တယ်နော်၊ ငါဆို သူ့ကို ကျန်းရှင်းချန်ကတည်းက စွဲလမ်းခဲ့ရတာ၊ ဟဲ့ ရှန်းအိုက်ရူလည်း ပိုချောလာတယ်လို့ မထင်မိဘူးလား၊ အရင်ကားတုန်းက သူ့ရုပ်က သာမန်ပဲလို့ထင်ထားတာ.. ဒီလိုလေးဝတ်ပြီး ပိုင်လန့်နားရပ်လိုက်တော့လည်း မဆိုးပါဘူး”

“တောင်းမှာအကွတ် လူမှာအဝတ်ဆိုတာ တယ်မှန်တယ်၊ ပြီးတော့ နောက်ခံဆက်တင်လေးတွေကိုလည်းကြည့်.. ခမ်းနားပြီးထည်ဝါတယ်၊ အင်း.. ငါတောင် စိတ်ဝင်စားလာပြီ…”

“ဘာပဲဖြစ်ဖြစ် ငါကတော့ သွားကြည့်မှာပဲ ဟီးဟီး၊ နင်တို့ပြောနေကြတဲ့ ‘ဧကရာဇ်ဖန်း’ဆိုလား ဘာလား.. ငါကတော့ အဲ့ကားကို serious ကြီးဖြစ်လွန်းတယ်လို့ထင်တယ်၊ စုချွမ်ပါပေမယ့်လည်း နိုင်ငံရေးကားကြီးဆိုတော့ ငါ့အကြိုက်မဟုတ်ဘူး”

“လျှောက်ပြောမနေနဲ့၊ ဧကရာဇ်ဖန်းကမှ တကယ်ကောင်းမှာ၊ ဒါရိုက်တာကလည်း လီကျိယွမ်.. စုချွမ်ကလည်း ငယ်ငယ်လေးကနေကြီးတဲ့အထိ သူတစ်ယောက်တည်း သရုပ်ဆောင်မှာ.. ရုပ်ရှင်က တစ်ခြား effect တွေဘာတွေ ဘာမှထည့်စရာမလိုဘူး… အနုပညာအစစ်အမှန်ဆိုတာ ဒါမှအစစ်..”

“ဟဲ့.ဒါဆို. နင်က ငါ့ပိုင်လန်လေးကို အစစ်အမှန်မဟုတ်တဲ့ ရုပ်ပြစားလေးလို့ ပြောချင်တာလား!? နင့်ဗီဒိုထဲက UNI ဂျတ်ကတ်တွေကိုလည်း အားနာပါဦး.. အဲ့ဒါတွေဝယ်တုန်းက နင့်ကို ဘယ်သူအဖော်လိုက်ပေးထားတာလဲ..ဟင်” 

“ဟုတ်ပါတယ် အစ်မရယ်.. ငါက ဒီလိုပြောတာမှ မဟုတ်တာ.. ငါပြောချင်တာက ရုပ်ရှင်နှစ်ခုက ပုံစံချင်းမတူဘူး.. တစ်ခုက ဖျော်ဖြေရေးဘက်ကိုအားသာတယ်၊ နောက်တစ်ခုက လေးနက်တဲ့ဘက်ကိုသွားတယ်လို့..”

“မသိဘူး.. မသိဘူး.. ငါကတော့ ငါကြိုက်တာငါကြည့်မှာ၊ နင် ငါနဲ့ ပိုင်လန်ကြည့်ဖို့မလိုက်ရင် ငါလည်း ဧကရာဇ်ဖန်းကို လိုက်မကြည့်ပေးဘူး”

“ကောင်မစုတ် သူ့စိတ်ချည်းပဲ.. အေးပါဟယ်..ငါလည်း ပိုင်လန်ကြိုက်ပါတယ်.. ပြီးတော့ စရိတ်နည်းရုပ်ရှင်ဖြစ်နေပေမယ့် ဘယ်သူသိမှာလဲ.. ထူးထူးဆန်းဆန်းဇာတ်အလှည့်အပြောင်းလေးတွေ ပါချင်လည်းပါမှာပေါ့. နော့်…ဟုတ်ဖူးလား”

***

‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’ နဲ့ ‘ဧကရာဇ်ဖန်း’တို့ရဲ့ကန်တော့ပွဲအခမ်းနားကို တစ်နေ့တည်းပြုလုပ်ကြသည့်အခါ ဖျော်ဖြေရေးချယ်နယ်အချို့က ဒီမတူကွဲပြားတဲ့ရုပ်ရှင်နှစ်ခုကို ဘာရယ်မဟုတ် နှိုင်းယှဉ်ဖော်ပြခဲ့ကြတယ်။

ကနဦးအစဖော်ပြချက်တွေကတော့ ‘ဧကရာဇ်ဖန်း’က ထုတ်လုပ်စရိတ်ကြီးမားတယ်.. လူတွေအများကြီးပါဝင်တယ်… အခြားသာမန်ရုပ်ရှင်တွေနဲ့ကွဲပြားတယ်… ဒါမျိုးတွေပေါ့။

ပြောရမယ်ဆိုရင်လည်း ဧကရာဇ်ဖန်းက ဒါရိုက်တာ လီကျိယွမ်၊ မင်းသားက ရုပ်ရှင်ဘုရင်ကြီးစုချွမ်၊ မင်းသမီးတောင်မှ ထိပ်တန်းမင်းသမီးဘွဲ့ကို ပူပူနွေးနွေးရထားတဲ့ ဖေးဟုန်။ ဇာတ်ပို့မင်းသားက ငယ်ရွယ်တဲ့ A-list စတား အိုးရန်ယီ.. ဒါတင်မကသေးပါဘူး.. အခြားပေါ်ပြူလာမင်းသားမင်းသမီးတွေလည်း အများကြီးပါသေးတယ်။ ပြီးတော့ ကန်တော့ပွဲအခမ်းအနားကလည်း အရမ်းကိုခမ်းနားသိုက်မြိုက်ပြီး ဧည့်မခံလိုက်တာနဲ့ စိတ်ဆိုးမာန်ဆိုးဖြစ်သွားမယ့် အရေးကြီးဧည့်သည်တော်တွေလည်း အများအပြားတက်ရောက်တယ်။

တကယ်တမ်း ရုပ်ရှင်နှစ်ခုက ထူးထူးဆန်းဆန်းသွားပတ်သက်နေတာလည်း ရှိသေးတယ်။ ဧကရာဇ်ဖန်းရုပ်ရှင်မှာ ဗီလိန်အကြီးစားအမတ်ချုပ်ကြီးနေရာမှာသရုပ်ဆောင်မယ့် ဝါရင့်သရုပ်ဆောင် ချွဲချီမင်က နောက်ပိုင်းမှာ နောက်တစ်ယောက်ပြောင်းသွားတယ်။ ပရိသတ်တွေက အကြောင်းရင်းကိုခန့်မှန်းနေတဲ့အချိန်မှာပဲ ချွဲချီမင်ရဲ့ကုမ်ပဏီက ထုတ်ပြန်ခဲ့တာမှာ သူက ‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’မှာ ပါဝင်မှာမို့လို့တဲ့လေ။

ဒီသတင်းကလည်း ရုပ်ရှင်နှစ်ခုကို ပိုပြီးကောလဟလထွက်စေခဲ့တာပေါ့။ 

ဒါပေမယ့် ဒီလိုမျိုးနှိုင်းယှဉ်လိုက်တာကပဲ ‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’ကို ‘ဧကရာဇ်ဖန်း’ရဲ့ကျော်ကြားမှုအတောင်ပံအောက်ရောက်စေပြီး အလွန်တရာ လူသိများစေခဲ့လေတယ်။ ပြီးတော့ ပိုင်လန်နဲ့ ရှန်းအိုက်ရူတို့ရဲ့ လှပတဲ့ရှေးခေတ်ဝတ်စုံဓါတ်ပုံလေးတွေနဲ့ပါ ပေါင်းလိုက်တဲ့အခါ ပရိသတ်တွေက ဧကရာဇ်ဖန်းပြီးနောက် ရွှေရုပ်ရှင်ကို စိတ်ဝင်တစားဖြစ်လာကြလေတယ်။ ဒါကြောင့် ကောင်းတဲ့အလှည့်အပြောင်းတစ်ခုလို့ပဲ ဆိုရမှာပေါ့လေ။

***

ရုပ်ရှင်ရဲ့ကုန်ကျစရိတ်ကန့်သတ်ချက်ကြောင့်လည်း ရွှေရုပ်ရှင်ရဲ့ရိုက်ကူးရေးရက်စွဲတွေက အမြဲတမ်းပြည့်ကျပ်နေတယ်။

ရုပ်ရှင်ထဲမှာက ခမ်းနားကြီးကျယ်တဲ့ဆက်တင်တွေ ပရိဘောဂတွေပဲ သုံးတာကြောင့် ဒီပစ္စည်းတွေကို တစ်နေ့တစ်နေ့ငှားရမ်းခပဲ မသေးလှဘူး။ ဒါကြောင့် ကျူခွန်းက ငွေချွေတာတဲ့အနေနဲ့ အလေအလွင့်မရှိအောင်လုပ်နေတာကြောင့် ရုပ်ရှင်ရဲ့ရိုက်ကွင်းတွေက အလုပ်ရှုပ်နေတာပါပဲ။

ဒါတွေကိုလည်း ပိုင်လန်ကမျှော်လင့်ပြီးသားပါ။

ဒါပေမယ့် သူ မသိတာတစ်ခုက ဘယ်အချိန် ဘတ်ဂျတ်ပြတ်သွားမယ်ဆိုတာပဲ.. နောက်ပြီး အဲ့အချိန်မှာပဲ ကျူခွန်းနဲ့ပရိုဂျူဆာကျောက်ကျင့်ရွှမ် တို့က ရုပ်ရှင်ဆက်မရိုက်တော့ဘူးလို့ ကြေငြာခဲ့ပြီး ဘာမှအဖတ်ဆည်လို့မရတော့ဘူး။ ဒါကြောင့် သတင်းတွေကို မြန်မြန်ဆန်ဆန်သိရဖို့ ကျူခွန်းရဲ့အသိုင်းအဝိုင်းထဲကို ဝင်ဆန့်နေမှဖြစ်ကြောင့် ပိုင်လန်လည်း နည်းလမ်းလေးတွေ ထုတ်သုံးရတော့တာပေါ့။

ဒီနေရာမှာ အရင်ဘဝနဲ့မတူတာတစ်ခုက ပိုင်လန်က ကံမကောင်းရှာတဲ့စတားလေးမဟုတ်တော့ပါဘူး။ အခုသူက ရိုက်ကွင်းပေါ်မှာ ချွယ်ချီမင်နောက် ဒုတိယလိုက်တဲ့ပုဂ္ဂိုလ်ပါ။ ဒါကြောင့် ကျူခွန်း သူ့အပေါ်ဆက်ဆံပုံကလည်း ပိုယဉ်ကျေးပြီး တရင်းတနှီးမရှိလှဘူး။

ကျူခွန်းရဲ့စရိုက်အရ နောက်ပိုင်းကျ ပိုရင်းနှီးလာမယ်ဆိုပေမယ့် ပိုင်လန်က အချိန်မဆွဲချင်တော့ဘူး။ သူက ခဏလောက်စဉ်းစားပြီး ခန်းကျန့်ရဲ့နည်းလမ်းဟောင်းတွေအတိုင်း အစာအိမ်ကိုအသုံးချရမယ်လို့ တွေးမိတယ်။ ကျူခွန်းက အစားအသောက်ခုံမင်စွဲလမ်းတယ်ဆိုတာ ပိုင်လန်အရင်ကတည်းကသိတယ်။ ဒါကြောင့်ပဲ သူ့မှာဘီယာဗိုက်ကြီးဖြစ်နေတာလေ။ ဒါက အရင်ဘဝတုန်းကထက် ဆယ်နှစ်ရှေ့စောသေးပေမယ့်လည်း ဗိုက်ကတော့ သိသာနေတာပဲ။

ဒါကြောင့် ပိုင်လန်က နေ့လည်စာထမင်းဘူးတွေလုပ်ပြီး ရိုက်ကွင်းကိုယူလာတယ်။ ဆင်ခြေပေးတာက အပြင်စာ စားမရလို့၊ အစာအိမ်အောင့်မှာစိုးလို့ ကိုယ်တိုင်ပြင်ဆင်လာရတာပေါ့လေ။

ဒီအပြုအမူတွေက ရှိုးလုပ်နေတာပါလို့ လူတစ်ချို့က အတင်းတုပ်ကြပေမယ့် ပိုင်လန်ကတော့ တစ်ခြားသူတွေအတွက် အမြဲတမ်းအပိုထမင်းဘူးတွေ ယူယူလာတယ်။ ဒါကြောင့် ပြောချင်ဆိုချင်သူတွေလည်း ပါးစပ်လေးတွေပိတ်သွားကြတယ်။ အစပိုင်းမှာတော့ ဟုန်ဟုန်နဲ့ရင်းနှီးသူတွေကလွဲပြီး ဘယ်သူမှ သူ့ဆီကယူမစားရဲကြဘူး။ ဒါပေမယ့် နောက်ပိုင်းသူ့ဆီချဉ်းကပ်လာတဲ့သူကလည်း မျှော်လင့်ထားတဲ့ ဖက်တီးကျူခွန်းမဟုတ်ဘဲ ချွယ်ချီမင်သာ ဖြစ်ခဲ့ပါတယ်။ 

ဒီနေ့ရဲ့နေ့လည်စာစားချိန်မှာတော့ ချွယ်ချီမင်က ပိုင်လန့်နားကို စိမ်ပြေနပြေလမ်းလျှောက်လာရင်း မေးလိုက်တယ် “မစ္စတာပိုင်ရဲ့ဒီဟင်းက T မြို့လက်ရာနဲ့တူတယ်?”

ချွယ်ချီမင်က ဒီနှစ်မှာ အသက်(၆၀)ကို တစ်စွန်းတစ်စကျော်နေပြီ။ သူ့ပုံစံက ခန့်ညားလှပြီး ငယ်ငယ်တုန်းကဆိုရင် ချောမောတယ်လို့ သတ်မှတ်လို့ရနိုင်တယ်။ သူက ရုပ်ရှင်ထဲကဇာတ်ကောင်အတွက် ဆံပင်ကိုအဖြူရောင်ဆေးဆိုးခဲ့ပြီး အသွင်အပြင်က မဟာဆန်နေတယ်။ သူက ဇာတ်ကားထဲမှာ ဇာတ်လိုက်လီချွမ်ချင်ကို မိုးပေါ်ကနေကန်ချတဲ့ ဗီလိန်ဇာတ်ကောင် နံပါတ်(၄)ဦးလေး လီဟိုင်ယွမ်အဖြစ်သရုပ်ဆောင်ရမှာ။ ရုပ်ရှင်ထဲမှာဆိုရင် သူ့ဇာတ်ဝင်ခန်းတွေက အမျိုးသားဇာတ်ပို့သရုပ်ဆောင်ထက်တော့ အောက်မရောက်ဘူး။

“စီနီယာချွယ် အားမနာပါနဲ့.. ကျွန်တော့်ကို အားလန်လို့ပဲခေါ်ပါ.. စီနီယာပြောတာမှန်တယ်ဗျ.. ဒါက T မြို့ကအရသာပါ၊ စားကြည့်ပါဦးခင်ဗျ” ပိုင်လန်က ပြုံးပြီးပြောပါတယ်။ 

“အေးအေး ဒါဆို အားနာနာနဲ့ပဲ စားရတော့မှာပေါ့.. ကိုယ့်ကိုလည်း လောင်ချွယ်လို့ခေါ်လို့ရတယ်၊ အမှန်ပြောရရင်လေ မင်းရဲ့နေ့လည်စာထမင်းဘူးကို ကြည့်ကြည့်နေတာကြာပြီ၊ အရမ်းကိုလည်း အားကျနေတာဟေ့..”

အရင်ဘဝတုန်းကတော့ ပိုင်လန်က ချွယ်ချီမင်နဲ့ အဆက်အသွယ်မရှိဘူး၊ ရင်းလည်းမရင်းနှီးဘူး။ ပြီးတော့ သူတို့အနုပညာလောကမှာက ပြောနေကြစကားရှိသေးတယ်။ အဲဒါက …. နာမည်ကြီးတစ်ယောက်က လာရှာရင်တော့ ပြဿနာမဟုတ်ပေမယ့် နာမည်မကြီးသေးတဲ့လူက စကားလာပြောရင်တော့ “ကပ်ဖားရပ်ဖား” လာလုပ်ပါတယ်ပေါ့…. ။ ဒါကြောင့် ပိုင်လန်က သူ့ထက်နာမည်ကြီးတဲ့ချွယ်ချီမင်ကို သာမန်လေးပဲဆက်ဆံခဲ့တာ။

ဒါပေမယ့် အခုတော့ ချွယ်ချီမင်ကိုယ်တိုင်က စိတ်ဝင်တစားစကားလာပြောတဲ့အခါ ပိုင်လန်က အလိုက်သင့်လေးမျှောလိုက်ရုံပါပဲ။ သူက ချက်ချင်းထမင်းဘူးကိုဖွင့်ပေးရင်း ချက်လာတဲ့ဟာတွေကိုပြင်ဆင်ပေးလိုက်တယ်။ ကြွပ်ကြွပ်ရွရွကြော်ထားတဲ့စားစရာတွေက သန့်ရှင်းလှတဲ့ထမင်းဘူးဝိုင်းဝိုင်းလေးထဲမှာ အရွက်စိမ်းစိမ်းလေးတွေနဲ့အတူရှိနေတယ်။ ကြည့်ရတာ အရသာရှိမယ့်ပုံပါပဲ။

ပိုင်လန်က ဟုန်ဟုန့်ကို ဘာလီလက်ဖက်ရည်တစ်ခွက်ပါ ငှဲ့ခိုင်းလိုက်ပြီး ချွယ်ချီမင်ကို ကမ်းပေးလိုက်တယ် “ကျွန်တော်က အသင့်စားတွေနဲ့မတည့်လို့လေ၊ ဒါကြောင့် ကိုယ့်ဖာသာကိုယ်ပဲ ချက်ရတော့တာပေါ့၊ လောင်ချွယ်က ဒီတရုတ်နံနံနဲ့ကင်းမွန်တွေကို ချက်ချင်းမှတ်မိတယ်ဆိုတော့ အစားအသောက်ဝါသနာပါလို့ပဲဖြစ်ရမယ်”

ချွယ်ချီမင်က ကမ်းပေးလာတာကို မငြင်းပါဘူး၊ ဝမ်းမြောက်ဝမ်းသာပဲ ယူလိုက်ပါတယ် “ကျေးဇူး.. မင်းက ပြင်ဆင်ချက်ပြုတ်တာ သိပ်တော်တာပဲ၊ ကိုယ်လည်း တစ်ခါက T မြို့မှာ ရုပ်ရှင်ရိုက်ဖူးတယ်၊ အဲဒိတုန်းက ဒီဟင်းဆိုတာ ထမင်းစားပွဲမှာ နေ့တဒူဝပဲလေ၊ ကြာတော့လည်း စားတောင်မစားချင်တော့ဘူး၊ ဒါပေမယ့် အခုပြန်တွေ့လိုက်ရတော့လည်း သွားရည်တွေတောင်ထွက်လာတယ်”

ပိုင်လန်က ပြုံးပြီးပြန်ပြောတယ် “အဲဒါ လောင်ချွယ်က ‘အော်သံများ’ ကားရိုက်တုန်းကမလား၊ ဆိပ်ခံတံတားပေါ်မှာလေ၊ ကျွန်တော်က အဲ့အခန်းကိုတစ်ချက်လေးပဲကြည့်လိုက်တာနဲ့တောင် မှတ်မိတယ်” ။ ရွှေရုပ်ရှင်ရဲ့သရုပ်ဆောင်စာရင်းတွေထွက်ပြီးတဲ့အခါ ပိုင်လန်က ချွယ်ချီမင်ရဲ့ရုပ်ရှင်တွေကို ရှာဖွေကြည့်ရှုပြီးသွားပြီ။ ဒါကလည်း သူပြင်ဆင်ထားရမယ့်အရာတွေထဲက တစ်ခုပဲလေ။

ချွယ်ချီမင်က အတော်လေးအံ့သြသွားပါတယ် “အဲ့ရုပ်ရှင်က တော်တော်တောင် ဟောင်းနေပြီ၊ မင်းက ကြည့်ဖူးတယ်ပေါ့?”

ပိုင်လန်ကရှက်သွားတဲ့အမူအရာလေးနဲ့ပြန်ဖြေပါတယ် “အာ.. တကယ်တော့ ကျွန်တော်က သရုပ်ဆောင်စာရင်းထွက်လာပြီးမှ ရှာကြည့်လိုက်တာ..” သူ့သဘောကတော့ စိတ်ဝင်စားလို့ကြည့်တာမဟုတ်ဘူးလို့ ပြောချင်တာပါ။

ချွယ်ချီမင်က ပိုလို့တောင် မျက်လုံးပြူးသွားသေးတယ် “အဲ့ဒါဆိုရင်တောင် တော်တော်လေး တော်နေပြီ၊ အခုခေတ်ကလေးတွေထဲမှာ အိမ်စာလုပ်တဲ့လူ မရှိတော့ဘူး၊ ကောင်းတယ် ကောင်းတယ် ဆက်လုပ် မင်းရဲ့စကေးတွေတိုးတက်လာလိမ့်မယ်”

ပိုင်လန်က စိတ်ရင်းလေးနဲ့ကျေးဇူးတင်လိုက်တယ် “မဟုတ်ပါဘူးဗျာ၊ ဒီကဂျူနီယာလေးက အခုမှ ဒီလောကထဲစဝင်တုန်းဆိုတော့ စီနီယာ့ကိုပဲ ဒုက္ခပေးရမှာ” 

ချွယ်ချီမင်က တပြုံးပြုံးနဲ့ခေါင်းညိတ်တယ်။ သူက ကင်းမွန်တစ်ဖတ်ကို တူနဲ့ကောက်လိုက်ပြီး ပိုင်လန်နဲ့အတူတူ နေ့လည်စာစားလေတယ်။

နှစ်ယောက်သားက သူတို့ရဲ့အရင်ရိုက်ကွင်းတွေအကြောင်းကို ပြောဆိုနေကြတယ်။ များသောအားဖြင့်တော့ ချွယ်ချီမင်ကပြောပြီး ပိုင်လန်ကနားထောင်နေတာပါ။ ပြီးတော့ မေးခွန်းတွေလည်းအများကြီးပြန်မေးတယ်။ 

သူတို့တွေပြောနေတာက ချွယ်ချီမင်က တူကိုချ ဘာလီလက်ဖက်ရည်ကိုတစ်ငုံသောက်ပြီး လည်ချောင်းရှင်းလိုက်တဲ့အထိပဲ။ သူက ဆက်ပြောပြန်တယ် “တွေ့နေမြင်နေရသလောက်တော့ မင်းက ဒီဇာတ်ကောင်အပေါ်မှာ နိုင်နိုင်နင်းနင်းရှိတယ်၊ မင်းရဲ့လှုပ်ရှားပုံလေးတွေ အပြုအမူလေးတွေက သာမန်တော့မဟုတ်ဘူး၊ ကင်မရာရှေ့မှာလည်း အမူအရာကောင်းကောင်းလုပ်နိုင်တယ်၊ ဒါပေမယ့် စီနီယာတစ်ယောက်အနေနဲ့ အကြံတစ်ခုပေးချင်တာက ကိုယ့်အမြင်အရဆိုရင် မင်းက ဒီထက်ပိုပြီး စေ့စပ်သေချာဖို့လိုသေးတယ်”

ချွယ်ချီမင်က သူ့ကိုအကြံပေးလာမယ်လို့ ပိုင်လန်က မထင်မဘူး။ သူက တူကိုချရင်း မေးလိုက်ရတယ် “ဒီထက်ပိုပြီးတော့….?”

“တွေးကြည့်လေ.. သရုပ်ဆောင်တဲ့အချိန်ကျရင် ကိုယ်နဲ့အနီးဆုံးပရိသတ်က ကိုယ့်မျက်စိရှေ့ကလူပဲ မဟုတ်ဘူးလား? ” ချွယ်ချီမင်က ဂရုတစိုက်ရှင်းပြတယ် “မင်း ဒိုင်ယာလော့တွေပြောနေတဲ့အချိန်ကျရင် ကင်မရာကိုအာရုံစိုက်တာ နည်းနည်းလျှော့၊ ပြီးတော့ မင်းရှေ့က အတူသရုပ်ဆောင်နေတဲ့သူကိုပဲ ပိုပြီးသိမ်းသွင်းနိုင်အောင်ကြိုးစား၊ ဒီလိုလုပ်မယ်ဆိုရင် ရလဒ်ကအရမ်းကောင်းလိမ့်မယ်”

“ကျွန်တော်နဲ့အတူ သရုပ်ဆောင်တဲ့လူကို...?” ပိုင်လန်က ဇဝေဇဝါဖြစ်ပြီး မေးပါတယ်။

ချွယ်ချီမင်က ပြုံးပြီးမှ ထပ်ပြောတယ် “ကန်တော့ပွဲနေ့တုန်းကတောင် ကောင်းကောင်းလုပ်ခဲ့ပြီးတော့”

ပိုင်လန်က တဖြည်းဖြည်းတွေးရင်းစဉ်းစားရင်းနားထောင်နေတာပေါ့။

အဲဒိနေ့ကစပြီးတော့ ပိုင်လန်က ချွယ်ချီမင်ရဲ့ ‘အခြားသူတွေအပေါ်လွှမ်းမိုးနည်း’တွေကို လိုက်နာကျင့်သုံးလေတယ်။{T/N: i.e.ကိုယ့်ရဲ့ သြဇာအရှိန်အဝါတွေကိုသုံးပြီး အခြားသူတွေကို မျောပါလာအောင်လုပ်တာပါ၊ ကန်တော့ပွဲနေ့တုန်းက ပိုင်လန့်ကိုကြည့်ပြီး ရှန်းအိုက်ရူ ကြိတ်ခွက်သွားသလိုပါ}

***

ဒီမမျှော်လင့်ထားတဲ့တွေ့ရှိချက်တွေနဲ့ ပိုင်လန်က သရုပ်ဆောင်နယ်ပယ်သစ်ထဲမှာ နှိုက်နှိုက်ချွတ်ချွတ် ကြိုးစားရှာဖွေခဲ့လေတယ်။

သူူ သတိပြုမိသွားတဲ့အချိန်မှာတော့ နေ့လည်စာလာစားတဲ့လူအုပ်ကြားထဲမှာ ဒါရိုက်တာကြီးကျူခွန်းတောင် ပါလာပြီဆိုတာပါပဲ။

ဒါပေမယ့် ဒီအချိန်မှာပဲ တရုတ်နှစ်သစ်ကူးအားလပ်ရက်တွေကို ရောက်လာတယ်။

အစီအစဉ်အတိုင်းဆိုရင် ရုပ်ရှင်အဖွဲ့သားတွေက ပိတ်ရက်မတိုင်ခင် ဗီလာကဇာတ်ဝင်ခန်းတွေ အကုန်ပြီးအောင်ရိုက်ပြီး အားလပ်ရက်တွေကုန်ဆုံးတဲ့အခါ နောက်ပိုင်းဇာတ်ဝင်ခန်းတွေအတွက် စတူဒီယိုထဲရွှေ့ကြမှာ။ ဒါကြောင့် ဗီလာထဲက NG ဆင်းန်း တွေအကုန်လုံးကို တစ်နေ့တည်းမှာပဲ အပြီးသတ်ပြန်ရိုက်နေရတယ်။ ဒါက အကုန်လုံးက အတော်လေးကို တွန်းတွန်းတိုက်တိုက်လုပ်နေရတယ်။

ဒါပေမယ့် ဒီလိုလုပ်မှပဲ ပိတ်ရက်အပြည့်အဝ နှစ်ပတ်တိတိရမှာလေ။ လူတွေအကုန်လုံးက သူတို့ရဲ့နှစ်သစ်ကူးအစီအစဉ်တွေကို ဆွေးနွေးတိုင်ပင်နေကြတယ်။ တစ်ချို့က မွေးရပ်မြေပြန်မယ့်လူနဲ့.. တစ်ချို့ကတော့ နိုင်ငံခြားခရီးထွက်မယ့်လူနဲ့ပေါ့။ ပိုင်လန်ကတော့ မေးခွန်းတွေအကုန်လုံးကို ရှောင်ရှားနေခဲ့တယ်။

သူ့အနေနဲ့ ‘အိမ်ပြန်မှာလို့’ ရောဖြေလိုက်လည်း ရပေမယ့် တကယ့်အဖြေမှန်ကိုတော့ သူကိုယ်တိုင်တောင်မသိသေးဘူး။ 

ချိုးချန်ကတော့ ရှင်းသောင်းမှာကုန်ဆုံးမယ့်နှစ်သစ်ကူးအတွက် ချိုးရှောင်ဟိုင်ကို ခေါ်သွားခဲ့ပြီးပြီ။ သူတို့နှစ်ယောက်က နှစ်သစ်ကူးမတိုင်ခင်တစ်နေ့မှာ ထွက်သွားခဲ့ပြီး တိုက်ခန်းတစ်ခုလုံးက ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်သွားခဲ့တယ်။

အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တဲ့ပိုင်လန်က နာရီကိုချွတ်ပြီးအံဆွဲထဲထည့်လိုက်တယ်။ 

အံဆွဲထဲက ပျံ့ကျဲနေတဲ့ပစ္စည်းတွေကြားထဲမှာ သူ မသုံးတော့တဲ့ မိုဘိုင်းဖုန်းအဟောင်းတစ်လုံးကို မြင်လိုက်ရလေတယ်။

ပိုင်လန်က ဖုန်းကိုယူပြီး အားသွင်းလိုက်ပါတယ်။ ပြီးတော့ဖွင့်လိုက်တယ်။ သူထင်ထားသလိုပါပဲ.. ဖုန်းထဲမှာ သိပ်မကြာခင်က သူ့အစ်ကိုပိုင်လိပို့ထားတဲ့မက်စေ့တစ်စောင် ရှိနေခဲ့တယ်။

‘မင်း စိတ်ဆိုးပြေပြီလား? နှစ်ကူးကျရင် အိမ်ပြန်လာခဲ့ဦး’

ပိုင်လန်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေက ဆတ်ခနဲလှုပ်ရှားသွားလေတယ်။ သူက ဖုန်းအဟောင်းကို အံဆွဲထဲပြန်ပစ်ထည့်လိုက်ပြီး ဖုန်းအသစ်ကိုလည်း ပါဝါပိတ်လိုက်တယ်။

ပြီးတော့ အိပ်ရာပေါ်မှာလှဲရင်း သူ့ကိုယ်သူအိပ်ပျော်အောင် အချိန်အကြာကြီး အားတင်းပြီးလုပ်ယူနေရတယ်။ နိုးလာတဲ့အခါမှာလည်း တစ်ယောက်တည်း စားသောက်နေခဲ့ရတာပေါ့။ 

နောက်ကျရင်အကျင့်ဖြစ်သွားမှာပါလို့လည်း တစ်ကိုယ်တည်းတွေးနေခဲ့တယ်။

***

ဒါပေမယ့်လည်း သူ့ရဲ့ငြိမ်းချမ်းပြီးတိတ်ဆိတ်လှတဲ့ နေ့ရက်တွေက နှစ်သစ်ကူးပြီးသုံးရက်ပဲခံပါတယ်။

အဲဒိညနေမှာ တိုက်ခန်းရဲ့တံခါးမကြီးက ပြင်းပြင်းထန်ထန်အကန်ခံလိုက်ရလို့ ပွင့်သွားတယ်။ ချိုးချန်က သုန်မှုန်နေတဲ့မျက်နှာထားနဲ့ ခြေလှမ်းအကျဲကြီးဝင်ချလာတာပေါ့ “တစ်ယောက်တည်း ဘာတွေလုပ်နေတာလဲ!? ဖုန်းကိုင်ရမယ်ဆိုတာ မသိဘူးလား?”

ချိုးရှောင်ဟိုင်ကတော့ အမြောက်ဆန်သေးသေးလိုပဲ.. ပိုင်လန့်ဆီ တဟုန်ထိုးပြေးလာရင်း ခြေထောက်ကိုအားပါးတရဖက်လိုက်တယ် “အားပိုင် သားကိုမထားခဲ့နဲ့နော်.. အားပိုင်ကိုလွမ်းနေတာ~”

ပိုင်လန်က ဒီညမှာ ချိုးရှောင်ဟိုင်ကို ခါတိုင်းထက်ပိုပြီး တင်းတင်းကျပ်ကျပ်ပွေ့ဖက်ပေးခဲ့တယ်။

…………………………………….