(22) နေလောင်ခံလိမ်းအဆီ
စိန်စီထားတဲ့လက်ပတ်နာရီလေးက ပိုင်လန်ရဲ့လက်ကောက်ဝတ်မှာ ပြန်ရောက်လာခဲ့တယ်။
ဆက်သွယ်မရဖြစ်နေတဲ့ပိုင်လန့်ကို ချိုးချန်တစ်ယောက် တအားကြီးစိတ်ဆိုးနေတာလေ။ အကြောင်းရင်းကိုမေးတော့လည်း ယောင်ဝါးဝါးအဖြေတွေချည်းပဲလာတာကြောင့် ချိုးချန်က ဒေါသတွေထွက်ပြီးရင်းထွက်လာတာဆိုတာ… ပိုင်လန့်ကို အပြစ်ပေးဖို့လိုပြီလို့ တွေးလိုက်တဲ့အထိပဲ။ ချိုးရှောင်ဟိုင် အိမ်ကထွက်ပြေးတုန်းကလိုပေါ့။
ဒါကြောင့် အားလပ်ရက်တွေလည်း ကုန်ဆုံးဖို့ တစ်ပတ်ကျော်လောက်လိုသေးတဲ့အချိန်မှာ ချိုးချန်က ပိုင်လန့်ကို အထုတ်ပြင်ဖို့ အမိန့်ပေးလိုက်ရင်း အဲဒိနေ့လည်ခင်းမှာပဲ အတူထွက်လာခဲ့ကြတယ်။
ပိုင်လန်ကလည်း ပြောသမျှစကားနားထောင်ပါတယ်။ ရိုးရိုးရှင်းရှင်းအိတ်ကလေးတစ်လုံး ကောက်ထည့်လိုက်တယ်။ ဒါပေမယ့် သွားခါနီးအချိန်မှာတော့ သူက ဖုန်းကိုကောက်ကိုင်လိုက်ရင်း မနေနိုင်လွန်းလို့ မေးလိုက်ရတယ် “ကျွန်တော်တို့ ဘယ်သွားကြမှာလဲ”
ချိုးချန်က ပိုင်လန့်ဖုန်းကို အေးစက်စက်တစ်ချက်လှမ်းကြည့်တယ် “အော်.. ဖုန်းသုံးရမယ်မှန်း သိသေးတယ်ပေါ့၊ ဒါပေမယ့် ဆောရီးပဲ ကိုယ်တို့သွားမယ့်နေရာမှာ လိုင်းမိမှာမဟုတ်ဘူး”
“…...” ပိုင်လန်က ပြောစရာစကားကင်းမဲ့သွားတယ်။ ဒါကြီးက တမင်သက်သက်လက်စားချေနေတာ မဟုတ်ဘူးလား။ “နှစ်သစ်ကူးပြီးငါးရက်နေရင် အစ်မဖန်းက ကျွန်တော့်ကိုဖုန်းဆက်လိမ့်မယ်”
“လက်ထောက်ခန့်ထားတာ ဘာလုပ်ဖို့ခန့်ထားတာလဲ? သူ မင်းကိုဆက်မရရင် အာ့ဟုန်ကို ဆက်မှာပေါ့ကွ” ချိုးချန်က သူ့သားရဲ့အဝတ်အိတ်လေးလေးကြီးသယ်ရင်း လောဆော်လိုက်တယ် “သွားကြစို့”
ဘေးနားက ချိုးရှောင်ဟိုင်တစ်ယောက် ပျော်လွန်းလို့ အထက်အောက်ခုန်ပေါက်နေတာပေါ့။ သူက ပိုင်လန့်လက်ကိုလာဆွဲတယ် “အားပိုင် သွားကြမယ်၊ သားတို့အတူတူဆော့လို့ရပြီ!”
သူတို့နှစ်ယောက်လျှောက်လာရင်း ရှေ့ကလျှောက်သွားတဲ့ချိုးချန်ကို တစ်ချက်ကြည့်ရင်းမှ ပိုင်လန်က လေသံတိုးတိုးလေးနဲ့ကပ်မေးလိုက်ရတယ် “ဒို့တွေဘယ်သွားကြမှာလဲ သိလား?”
ချိုးရှောင်ဟိုင်က တောက်တောက်ပပပြုံးပါတယ် “မသိဘူး..ဟီး..ဟီး..”
ဒီကလေးတစ်ကောင်က လူတွေကိုအံ့အားသင့်အောင်လုပ်တဲ့နေရာမှာတော့ သိပ်တော်တာ။
***
နောက်ထပ်ဖြေရှင်းချက်တွေလည်း မပေးဘူး၊ ဘာအကြောင်းမှလည်း မပြောဘူး.. ချိုးချန်က ကားကိုပဲ တောင်ရဲ့အနောက်ဘက်ဆီမောင်းလာရင်း ရုတ်တရက်ဆိုသလို အဝေးပြေးလမ်းပေါ်တက်လိုက်တယ်။
ကားမောင်းနေတဲ့ မိနစ်သုံးလေးဆယ်တစ်လျှောက်လုံးမှာလည်း ချိုးရှောင်ဟိုင်က မနားမနေ ပေါက်ပေါက်ဖောက်လာတယ်။ အများစုက သူ့အဖေနဲ့ ရှင်းသောင်းပြန်တုန်းကစီးခဲ့တဲ့ သင်္ဘောကြီး ဘယ်လောက်ကြီးကြောင်း၊ ဘယ်လောက်လှကြောင်းတွေချည်းပဲ။ ဘေးနားက ပိုင်လန်လည်း အင်း..အင်း လိုက်ပြီး စကားပြောဖော်လုပ်ပေးနေရတာပေါ့။ သူတို့နှစ်ယောက် စကားပြောနေရင်း သတိဝင်လာတဲ့အချိန်မှာတော့ မောင်းလာတဲ့ကားလေးက မြို့ရဲ့အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်ပေါက်ကို ရောက်နှင့်နေပါပြီ။
“…...” ပိုင်လန်နဲ့ချိုးရှောင်ဟိုင်က ကားပေါ်ကနေ ကန်ချမခံရရုံတမယ်ပဲ။ ပိုင်လန်က နည်းနည်းလေး လန့်ဖြန့်သွားတဲ့အမူအရာနဲ့ နေကာမျက်မှန်ကို ကောက်တပ်ပြီးပြောလိုက်တယ် “ကျွန်တော် ပတ်စ်ပို့မယူလာဘူး”
“ဒီမှာရှိတယ်” ချိုးချန်က ဖုန်းပြောနေရင်းတန်းလန်းနဲ့ သူ့ကိုလှည့်ဖြေတယ်။
သိပ်မကြာတဲ့အချိန်တွင်းမှာ ချိုးချန်လက်ထောက်ရှောင်လီတစ်ယောက် ဘယ်နေရာကမှန်းမသိ ရောက်လာတယ်။ ချိုးချန်က သူ့ကိုကားသော့ပစ်ပေးလိုက်ရင်း တစ်ခွန်းနှစ်ခွန်း မှာကြားလိုက်ပြီးတော့မှ လက်တစ်ဘက်က အိတ်ကြီးကြီးနှစ်လုံးကိုကောက်ဆွဲရင်း တစ်ချိန်တည်းမှာပဲ ကျန်လက်တစ်ဘက်က ပိုင်လန့်ခါးကိုဖက်ကာ တံခါးပေါက်ဆီကို လျှောက်ဖို့ပြင်လေတယ် “သွားကြမယ်၊ အရူးလား.. ဘာလို့ကြောင်တောင်တောင်နဲ့ ဒီနေရာမှာ မတ်တပ်ရပ်နေတာလဲ?”
ပိုင်လန်တစ်ကိုယ်လုံးက တောင့်ခဲသွားတာပဲ။ သူက ဘေးဘီကို လှည့်ပတ်ကြည့်လိုက်ရတယ်။
ယောက်ျားရင့်မာကြီးနှစ်ယောက် လမ်းလျှောက်နေတယ်.. တစ်ယောက်ရဲ့လက်တွေက အခြားတစ်ယောက်ရဲ့ခါးမှာဖက်ထားတယ်… ဒါက လိင်တူကြိုက်နေပါတယ်လို့ ဝန်ခံလိုက်တာမဟုတ်ရင် ဘာလဲ….ပြီးတော့ သူက ချိုးရှောင်ဟိုင်လက်တွေကို ဆွဲထားတုန်းပဲ…..
ဒါကြောင့် ပိုင်လန်က ခြေဖဝါးကို မကြွဘဲ လျှောက်လမ်းပေါ်မှာပဲ ကပ်ထားတယ်၊ သဘောက မကြိုက်ဘူးပေါ့.. “ခင်ဗျား….”
ချိုးချန်လည်း နေကာမျက်မှန်တပ်ထားပါတယ်။ ဒါပေမယ့် နေကာမျက်မှန်အောက်က သူ့နှုတ်ခမ်းတွေကတော့ အနည်းငယ်တွန့်သွားတယ် “မင်း အပြစ်ပေးခံရသင့်တယ်လို့ ကိုယ်ပြောတာ နောက်နေတာမဟုတ်ဘူး”
ပိုင်လန်က ဘာပြန်ပြောရမယ်မှန်း မသိတော့ဘူး။ မျက်မှောင်ပဲ ကြုံ့ထားနိုင်တယ်။ …. ဒါက ဘယ်လို ‘အပြစ်ပေး’နည်းလမ်းပါလိမ့်? ……. သူ့ကိုအပြစ်ပေးချင်တာလား.. ဒါမှမဟုတ် အစ်မဖန်းကို အပြစ်ပေးချင်တာလား..
ချိုးချန်က မျက်ခုံးတွေကိုပင့်တင်လိုက်တယ် “မင်းပဲပြောခဲ့တာလေ.. ဂရုမစိုက်ဘူးဆို.. အခုတော့ဘာလဲ.. ဂရုစိုက်သွားပြီလား?” (T/N အရင်က ပါပါရာဇီလိုက်ခံရတုန်းက ရေးချင်တာရေးကြပါစေလို့ ပိုင်လန်က ဟုန်ဟုန့်ကိုပြောခဲ့တာကို ရည်ညွန်းသည်)
ပိုင်လန်က ချိုးချန်ကို ခဏလောက်ကြည့်နေသေးတယ်။ ချိုးချန်ဘာလုပ်ချင်မှန်း သူစဉ်းစားလို့ကို မရသေးဘူး။ ဒါကြောင့် သူက ခပ်ခွာခွာရပ်လိုက်ပြီး ခါးပေါ်က ချိုးချန်လက်ကို ဖယ်လိုက်တယ်။ ပြီးတော့မှ ဘယ်ညာလှည့်စပ်စုနေတဲ့ချိုးရှောင်ဟိုင်ကို ကုန်းပြီးကောက်ချီလိုက်တယ်။
“ဒီမှာ လူတွေအများကြီးပဲ၊ လျှောက်မသွားနဲ့နော် ပျောက်သွားလိမ့်မယ်” သူက ချိုးရှောင်ဟိုင်ကို ဘာမှမဖြစ်သလို လှည့်ပြောလိုက်လေတယ်။
ကလေးကတော့ လူကြီးတွေကြားထဲက အခြေအနေတွေကို ဘာမှနားမလည်ပါဘူး။ သူက တက်တက်ကြွကြွနဲ့ခေါင်းညိတ်ပြလိုက်ပြီး စိတ်ဝင်စားနေတဲ့အရာကို လက်ညှိုးထိုးပြတယ်။
“အားပိုင်.. သားတို့ သင်္ဘောစီးမှာလား၊ သား ဖေဖေနဲ့သင်္ဘောစီးတုန်းက အဲလိုသေတ္တာအကြီးကြီးတွေကို မြင်ဖူးတယ်၊ ဒီမှာလည်း သေတ္တာကြီးတွေ ရှိတယ်၊ ဖေဖေကပြောတယ် သေတ္တာကြီးတွေက အရမ်းလေးတာတဲ့၊ အထဲမှာ ကားကြီးတွေလည်း ရှိတယ်တဲ့…….
“ဒို့တွေက သင်္ဘောစီးမှာမဟုတ်ဘူး၊ လေယာဉ်ပျံစီးမှာ”
“လေယာဉ်ပျံ!!” ချိုးရှောင်ဟိုင်ရဲ့မျက်လုံးဝိုင်းဝိုင်းလေးက ပြူးသွားတာပဲ “သားသိတယ်! လေယာဉ်ပျံဆိုတာ မိုးပေါ်မှာပျံတဲ့ ငှက်အကြီးကြီး ~~”
ချိုးချန်က နောက်ကနှစ်ယောက်ကိုကြည့်ပြီး တိုးတိုးရယ်လိုက်ကာ ရှေ့ကိုဆက်လျှောက်သွားတယ်။ စောစောကအပြုအမူတွေကိုဆက်လုပ်ဖို့ သူ့မှာစိတ်ကူးမရှိတော့ဘူး။
….ပိုင်လန်က တစ်စုံတစ်ယောက်ရဲ့သားကို ရင်းရင်းနှီးနှီးပွေ့ချီထားတယ်လေ… ဒီနေရာမှာ ပါပါရာဇီတွေရှိနေခဲ့မယ်ဆိုရင် သတင်းဖြစ်မှာ ဧကန်မုချပဲပေါ့။
ဒါကြောင့် ချိုးချန်က အထဲကို ခြေလှမ်းအကျဲကြီးတွေနဲ့ဝင်သွားလိုက်ပြီး နောက်ကနှစ်ယောက်ကိုခေါ်ကာ ကာစတန်လုပ်ထုံးလုပ်နည်းတွေကို ဆောင်ရွက်တယ်။
သူတို့က လေဆိပ်ဖြတ်သန်းခွင့်ကိစ္စတွေအတွက် အထူးသီးသန့်လမ်းကြောင်းကိုသုံးတာကြောင့် သာမန်ခရီးသည်တွေနဲ့လည်း မကြုံရဘဲ အနှောင့်အယှက်လည်း မရှိဘူး။ ဒါပေမယ့် ဒီနေ့ခေတ်လိုအချိန်မျိုးမှာတော့ မိုဘိုင်းဖုန်းကင်မရာတွေဆိုတာ နေရာအနှံ့ပဲလေ။ ဒါကြောင့် ဓါတ်ပုံအရိုက်မခံရဘူးလို့တော့ သေချာပေါက်အာမမခံနိုင်ဘူး။ ပိုင်လန်ကတော့ ကိုယ်ပိုင်လေယာဉ်ပေါ်ရောက်သွားပြီးမှပဲ စိတ်သက်သာရာရသွားပြီး နေကာမျက်မှန်ကို စိတ်အေးလက်အေးချွတ်လိုက်နိုင်တယ်။ သူတို့ချည်းပဲရှိတဲ့ ကိုယ်ပိုင်လေယာဉ်ပေါ်မှာတော့ ဓါတ်ပုံရိုက်ခံရစရာအကြောင်းမရှိတော့ဘူးမလား။
သူက နာရီအနည်းငယ်လောက် လေယာဉ်ပျံပေါ်အိပ်ပြီးတဲ့အခါမှာ ပင်လယ်ပြင်ရဲ့အငွေ့အသက်ကို ခံစားလိုက်ရတယ်။ သဲဖြူဖြူလေးတွေကလည်း သူတို့ခြေထောက်အောက်မှာ။ သူတို့က အခု နာမည်သိပ်မကြားဖူးတဲ့ ကျွန်းနိုင်ငံလေးကိုရောက်နေပြီ။
အရှေ့က အဆုံးမရှိကျယ်ပြောလှတဲ့ အပြာရောင်ပင်လယ်ပြင်ကြီးကလည်း မိုးကုတ်စက်ဝိုင်းထိမျက်စိတစ်ဆုံးပါပဲ။
***
မိုးပြာရောင်ပင်လယ်ကြီးနဲ့ သန့်ရှင်းကြည်လင်လှတဲ့သဲတွေရယ် .. နွေးထွေးပြီးညင်သာလှတဲ့လေပြေလေညှင်းလေးတွေရယ်.. ဒါတွေက ကိုယ်ပိုင်ကမ်းခြေဗီလာမှာရှိတဲ့ ပိုင်လန်ရဲ့အားလပ်ရက်နေ့ရက်တွေပဲပေါ့။ နှစ်ရက်လောက် နေပူစာလှုံလိုက်ပြီးနောက်မှာ သူ့အရိုးတွေတောင် ပျော့ခွေချင်သွားတယ်။
ဒီနှစ်ရက်အတွင်း ပိုင်လန်လုပ်တဲ့အစီအစဉ်ကိုပြောပါဆိုရင်တော့ သိပ်ကိုရိုးရှင်းပါတယ်။
နေ့ဘက်မှာ သူက ချိုးသားသားနဲ့ ရေထဲမှာ သဲထဲမှာ ဆော့ကြတယ်၊ ညဘက်ရောက်ရင်လည်း... ချိုးဖေဖေနဲ့ ရေထဲသဲထဲမှာ ဆော့ကြတာပါပဲ.. ဒါပေမယ့် ဆော့ပုံဆော့နည်းလေးတော့ ကွာတယ်။
ကျွန်းတစ်ခုလုံးလျှောက်ပတ်ကြည့်ပြီးတဲ့အချိန်မှာတော့ ပိုင်လန်နားလည်လိုက်တာက ဒီကျွန်းက ချိုးမိသားစုရဲ့ ကုန်တင်ကုန်ချဆိပ်ကမ်းတွေထဲကတစ်ခုဖြစ်တယ် ဆိုတာပဲ။ ဒီကျွန်းမှာ ဆီနဲ့သဘာဝကုန်ကြမ်းတွေ တင်ပို့တာအပြင် ချိုးမိသားစုက ကော်ဖီစေ့လုပ်ငန်းရင်းနှီးမြှပ်နှံတာလည်း လုပ်တယ်။ ကော်ဖီစေ့က ဒီတိုင်းပြည်ရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်တာကြောင့် သူတို့ကိုယ်ပိုင်လေယာဉ်လည်း ကြိုက်တဲ့နေရာပျံလို့ရနေတာ။
မြေကြီးလက်ခတ်မလွဲတဲ့ဆိုရိုးတစ်ခုကို ပိုင်လန်ကြားဖူးတယ်.. မင်းမှာ ပိုက်ဆံတွေအများကြီးရှိနေရင် အဲဒိပိုက်ဆံတွေကိုသုံးပြီး နောက်ထပ်ပိုက်ဆံတွေအများကြီးထပ်ရှာလို့ရအောင် နည်းလမ်းတွေပဲရှာဖွေနေလိမ့်မယ်..တဲ့။
အပြင်လူတွေက လျှို့ဝှက်သိုသိပ်လှတယ်လို့ ပြောကြတဲ့ ချိုးမိသားစုနဲ့ပဲသက်ဆိုင်တဲ့ အန်းကျင့်လုပ်ငန်းစုက ဈေးကွက်ဖွင့်ထားတဲ့ကုမ်ပဏီတစ်ခု မဟုတ်ဘူး။ ဒါပေမယ့် အခြားကုမ်ပဏီတွေမှာ ဝင်ရောက်ရင်းနှီးထားတဲ့ သူတို့ရဲ့ရှယ်ယာပိုင်ဆိုင်မှုတွေကို စစ်တမ်းကောက်မယ်ဆိုရင်တော့ အန်းကျင့်လုပ်ငန်းစုက တဖြည်းဖြည်းနဲ့အတော်လေးပျံ့နှံ့လာပြီလို့ ဆိုနိုင်တယ်။
ဒီလိုရင်းနှီးမြှပ်နှံမှုမျိုးက နောက်ဆယ်နှစ်အကြာမှာ ကုမ်ပဏီကိုဆယ်ဆပွားတိုးပွားလာစေလိမ့်မယ်။ အရင်ဘဝတုန်းက ပိုင်လန်ကြားဖူးခဲ့တာက အဲဒိအချိန်မှာ ချိုးချန်က ချိုးမိသားစုခေါင်းဆောင်ဖြစ်ခဲ့တာ အတော်လေးကြာခဲ့ပြီ ဆိုပဲ။
ဒါကြောင့် အခုလက်ရှိချိုးချန်ကို တိုတယ်အနုပညာရဲ့သာမန်သူဌေးလေးပါပဲလို့ ပြောမယ်ဆိုရင် ပိုင်လန် မယုံဘူး။ ငွေရှာနည်းလမ်းတွေမြောက်မြားစွာရှိတဲ့ အန်းကျင့်လုပ်ငန်းစုအတွက်တော့ အနုပညာလောကဆိုတာ ပြည်သူလူထုနဲ့ဆက်ဆံဖို့ တံခါးဖွင့်ထားလိုက်တဲ့သဘောပါပဲ။
ဒါဆိုရင် လေဆိပ်က ချိုးချန်ရဲ့အပြုအမူတွေက ဘာလုပ်ချင်နေတာလဲ….. ဒီအဖြေကို နေရောင်ခြည်အောက်မှာနေပူစာလှုံရင်း ရက်အနည်းငယ်လောက် တွေးတောပြီးတဲ့အချိန်မှာ ပိုင်လန်အဖြေရသွားခဲ့တယ်.... ဘာလဲ… ချိုးချန်က အားလုံးကို ပေါ်သွားစေချင်တာလား၊ ပရိသတ်တွေကို သိစေချင်နေတာလား…
သူ့နောက်ကို ပါပါရာဇီတွေလိုက်ခံရကတည်းက ‘အချစ်တော်လေး’ ဆိုတဲ့ သရုပ်မှန်ပေါ်သွားနိုင်တဲ့အခြေအနေကို ပိုင်လန်က အစောကြီးကတည်းက အသင့်ပြင်ထားပြီးသား။
ဒါပေမယ့် သူ့ကို ထင်ပေါ်ကျော်ကြားမှုဆိုတဲ့ခေါင်းစဉ်အောက်ရောက်အောင် အစ်မဖန်းက ကြိုးစားပမ်းစား လုပ်ပေးထားရတာ။ ချိုးချန်သာ ရုတ်တရက်ဒီလိုလုပ်ချင်တယ်ဆိုရင် ဒုက္ခများရမှာက သူမဟုတ်ဘူး.. အစ်မဖန်းလေ..။
အကယ်၍ချိုးချန်က ဖွင့်ချချင်တယ်ဆိုရင်လည်း လူသိသွားမှာကို ပိုင်လန်မကြောက်ဘူး။ ဒါပေါ့.. မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ချိုးချန်လိုအာဏာရှိတဲ့လူတစ်ယောက်က ဖော်ထုတ်ချင်နေပါတယ်ဆိုမှ သူက ဘယ်လိုနည်းနဲ့ တားနိုင်မှာလဲ။ ဒါကြောင့် ပိုင်လန်က ခေါင်းရှုပ်မခံတော့ဘူး။
အစ်မဖန်းတစ်ယောက်တော့ သူမ ကြိုးစားလုပ်ထားတဲ့အရာအားလုံးက ပိုင်လန်ရက်အနည်းငယ်လောက်ဖုန်းလေးပိတ်၊ နာရီလေးချွတ်ထားလိုက်မိတာနဲ့ပဲ အားလုံးပျောက်ကွယ်သွားတော့မယ်ဆိုတာများသာ သိရင် သွေးတစ်ပွက်ပွက်တောင် အန်ချလိမ့်ဦးမှာပဲ။
အတွေးတွေနဲ့ပြည့်နေပြီး ပျင်းရိပျင်းတွဲလဲလျောင်းနေတဲ့ ပိုင်လန်က ဖျော်ရည်အေးအေးလေးသောက်ဖို့ဆုံးဖြတ်လိုက်တယ်။ လည်ချောင်းလည်းရှင်းမယ်.. ခေါင်းလည်းရှင်းမယ်ပေါ့လေ။
ဒါပေမယ့် သူ့ခေါင်းကို တစ်ဘက်လှည့်လိုက်တဲ့အချိန်မှာတော့ ဘေးနားမှာလဲလျောင်းနေပြီး အခုလေးတင်ဖုန်းပြောလို့ပြီးသွားတဲ့ ချိုးချန်ရဲ့မျက်ဝန်းတွေနဲ့ ဆုံမိသွားတယ်။
ချိုးချန်ဖုန်းက လိုင်းဝင်နေတုန်းပဲ၊ ဒါပေမယ့် သူ့ကြည့်ရတာတော့ တခြားအတွေးတွေရှိပုံရတယ်။
“ဘိ–” ချိုးချန်က ဖုန်းကိုပိတ်လိုက်တယ်။ သူက မျက်လုံးတွေကိုမှေးကျဉ်းရင်း ပိုင်လန့်ကိုကြည့်ပြီးပြောတယ် “နေလောင်ခံခရင် လိမ်းပေးရမလား?”
ပိုင်လန်က ဟိုးအဝေးကချိုးရှောင်ဟိုင်ကို လှမ်းကြည့်တယ်။ ကလေးလေးက ပျော်ပျော်ရွှင်ရွှင် သဲရဲတိုက်ဆောက်ရင်းဆော့နေတယ်လေ။ “ရပါတယ်..”
“အားနာစရာ မလိုဘူး” ချိုးချန်က ဒီဘက်ကိုရောက်လာပြီး ဘေးနားခုံပေါ်က နေလောင်ခံခရင်ဘူးကို ယူပြီး လက်ဖဝါးထဲလောင်းထည့်တယ် “နေက ဒီလောက်ပြင်းတာ၊ အသားတွေနေလောင်ကုန်ရင် ရုပ်ရှင်ဘယ်လိုရိုက်မလဲ၊ မင်း များများလေးလူးသင့်တာ”
“….” ပိုင်လန်က တိတ်တဆိတ်ပဲ အအေးကိုသောက်ရင်း လိမ်လိမ်မာမာလေး ပြန်လှဲချလိုက်တယ် “ကျေးဇူး..”
ချိုးချန်က မကောင်းဆိုးဝါးအပြုံးနဲ့ပြုံးပါတယ်။ သူက ပိုင်လန့်ကို ခြေလှမ်းကျဲကြီးနဲ့ ခွကျော်လိုက်ပြီး ဘေးမှာကပ်ထိုင်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ကြီးမားနွေးထွေးတဲ့လက်ကြီးနဲ့ ပိုင်လန့်ပခုံးတွေ ကုပ်ပိုးသားတွေကို ဖိလိမ်းနေလေတယ် “ဘာမှမပူနဲ့၊ ကိုယ်က ညင်ညင်သာသာလေးလုပ်ပေးမယ်၊ မနာစေရဘူး.. အိုကေ?”
ပိုင်လန်က ဘာထပ်ပြောနိုင်ဦးမှာလဲ? ခပ်တိုးတိုးလေးပဲ ကျေးဇူးထပ်တင်လိုက်ရတာပေါ့ “ဟုတ် ကျေးဇူးပါ”
ဒါပေမယ့် လက်တွေ့မှာတော့ ချိုးချန်ရဲ့စကားက လိမ်တာမှန်းသိသာလှတယ်။ နူးညံ့ပေးလိုက် အားထည့်သုံးလိုက်လုပ်နေတဲ့ ချိုးချန်လက်တွေက ပိုင်လန်ရဲ့အထိမခံနိုင်တဲ့ လက်မောင်းအတွင်းသားတွေနဲ့ ခါးနားမှာ ဝဲပျံနေပြီး ပိုင်လန့်တစ်ကိုယ်လုံးတွန့်လိမ်နေအောင်လုပ်နေတာလေ။ ချိုးချန်က ဒီအမူအရာတွေကိုကြည့်ပြီး သိပ်သဘောကျနေတာ။ သူ့ရဲ့ခပ်သွက်သွက်လက်တွေက ပိုင်လန့်ရေကူးဘောင်းဘီခါးပိုင်းအောက်ကို ဝင်သွားတယ်။
ပိုင်လန်က ရပ်ခိုင်းမယ့်အချိန်မှာပဲ ချိုးချန်က ရုတ်တရက်ထပြောတယ် “မနက်ဖြန်ပြန်ကြမယ်၊ မင်း ကိုယ့်ကို တစ်ခုခုပြောချင်တာများရှိလား?”
လက်နှစ်ဖက်လုံးက ပိုပြီးအရှက်မရှိရဲတင်းလာလိုက်တာ ပိုင်လန်ကတော့ သူ့နှိပ်စက်မှုအောက်မှာ ကယ်ပါယူပါဖြစ်နေပြီ။
သူ့ကိုယ်သူတည်ငြိမ်အောင် ခဏလောက်အသက်ပြင်းပြင်းရှူပြီးနောက်မှာမှ ပိုင်လန်က နှုတ်ခမ်းတွေကိုဖွင့်နိုင်တယ် “ကျွန်တော်တို့ လေဆိပ်မှာတုန်းက ဓါတ်ပုံရိုက်ခံလိုက်ရသေးလား?”
ချိုးချန်က ကိုယ်ကိုနှိမ့်ချပြီး ပိုင်လန့်နားရွက်နား ကပ်ပြောတယ် “တစ်ပုံနှစ်ပုံပေါ့၊ ပြောပါဦး မင်းအမြင်လေး…. ဓါတ်ပုံတွေကိုယ်ဘယ်လိုလုပ်လိုက်ရမလဲ?”
“သဘော..ကျ..သလို…လုပ်ပါ” ပိုင်လန်ရဲ့အသံက မထိသင့်တဲ့နေရာကို ထိနေတဲ့ ချိုးချန်လက်မကြောင့် တုန်တုန်ရီရီဖြစ်နေတယ်။ ကံကောင်းတာက ချိုးရှောင်ဟိုင်ဘက်ကကြည့်မယ်ဆိုရင်တော့ ချိုးချန်ကိုယ်နဲ့ကွယ်နေတဲ့အတွက် သူ့လက်တွေကို မြင်ရမှာမဟုတ်ဘူး။
“သြော်… ကိုယ်သဘောကျသလို လုပ်ရမယ်ပေါ့? … ကိုယ်သဘောကျတာဘာတွေလဲ ပြောကြည့်ပါလား?”
“… ကျွန်တော့်ကို အပြစ်ပေးဖို့… ပြီးတော့ …. ပိုပြီးနာခံလာအောင်လုပ်ဖို့ ”
“မှားတယ်၊ ထပ်ပြောဦး”
“… ပိုပြီး.. လိုက်လျောလာအောင်… သင်ခန်းစာပေးဖို့”
“မှားတယ်၊ ထပ်ပြော”
“… ခပ်ကြမ်းကြမ်းလေးကိုင်တွယ်.. ဒါမှ.. ကျွန်တော်…” ပိုင်လန်ရဲ့စကားက အလယ်မှာတိခနဲပြတ်ကျသွားတယ်။ ချိုးချန်က ရုတ်တရက်ကြီး သူ့နားရွက်ကို ကိုက်ထည့်လိုက်တာလေ။
“မင်းကလေ ဖွင့်ပြောလိုက်မယ့်အစား အသေပဲခံလိုက်မယ်ဆိုတာ ကိုယ်သိတယ်၊ မင်း ဒီလိုဘာမှမပြောဘဲ တစ်နေ့ကျ ရုတ်တရက်ပြောင်းလဲသွားရင် ကိုယ်ဘာလုပ်ရတော့မှာလဲ”
ချိုးချန်က နှုတ်ခမ်းတွေကိုဟပြီး သူကိုက်ထားတဲ့နေရာကို ပြန်လျက်ပေးနေတယ်။
“ကျွန်တော်ထင်တာတော့. ကျွန်တော်တို့နှစ်ယောက်မှာ ပြောင်းလဲနိုင်ချေအများဆုံးက ခင်ဗျားပဲ” ပိုင်လန်က ခေါင်းကိုတစ်ဘက်လှည့်လိုက်တယ်။
“သြော်? ဒါဆို မင်းသိချင်နေတဲ့စုချွမ်အကြောင်း ဘာလို့မမေးတာလဲ၊ ယာချီပြောသွားတဲ့စကားတွေကို ဘာလို့ပြန်မမေးတာလဲ၊ ဒါမှမဟုတ်… မင်းက မေးစရာမလိုဘူးလို့ တွေးနေတာလား?” နောက်ဆုံးတစ်ကြောင်းကိုပြောနေတဲ့အချိန်မှာ ချိုးချန်ရဲ့မျက်လုံးတွေထဲမှာ ခြိမ်းခြောက်တဲ့အမူအရာတွေဖြစ်လာတယ် “မင်းလုပ်လိုက်တာက ဖုန်းပိတ်လိုက်တာတစ်ခုပဲမလား?”
ရုတ်တရက်ဆိုသလို အပြောင်အပျက်မေးခွန်းတွေက အလေးအနက်ကြီးဖြစ်လာတယ်။ ပိုင်လန်ကတော့ အယောင်ယောင်အမှားမှားဖြစ်လာတယ်။
ပေါက်ထွက်မတတ်စိုက်ကြည့်နေတဲ့ ချိုးချန်အကြည့်တွေအောက်မှာ ပိုင်လန်က မျက်လွှာကိုသာချထားတယ် “ဖုန်းပိတ်တာက ကျွန်တော့်မိသားစုတွေ ဖုန်းခေါ်မှာစိုးလို့..”
ချိုးချန်က အေးစက်စက်ရယ်ပြန်တယ် “နှစ်သစ်ကူးမတိုင်ခင်တုန်းက ပိုင်လိ ကုမ်ပဏီကိုဖုန်းဆက်ပြီး ပြောင်းသွားတဲ့မင်းဖုန်းနံပါတ်ကိုတောင်းသေးတယ်လို့ ကိုယ်ပြောစရာလိုသေးလား?”
ပိုင်လန်ကတောင့်ခဲသွားတယ်။ ဒါပေမယ့် သူပြန်မဖြေနိုင်ခင်မှာပဲ ချိုးချန်က သူ့မေးရိုးကိုဖမ်းကိုင်လိုက်ပြီး ခပ်ကြိတ်ကြိတ်ပြောလေတယ် “ကဲ.. ပြောစမ်း၊ ကိုယ့်ကို ရိုးရိုးသားသားဝန်ခံစမ်းပါ၊ မင်း ဖုန်းမကိုင်ချင်တဲ့လူက ကိုယ်ပဲမလား၊ ဟုတ်တယ်မလား ? မင်း ခဏလောက်ရှောင်ပုန်းချင်နေတာ ကိုယ့်ဆီက မလား? ဘာလို့လဲ အကြောင်းရင်းကိုပြောစမ်းပါ?”
ပိုင်လန်က ပြေးမလွတ်နိုင်တော့တဲ့ထောင်ချောက်ထဲ ပိတ်မိနေသလိုပဲ။ ဒါပေမယ့် အခုချိန်မှာ သူလုပ်ချင်တာက ပါးစပ်ကိုတင်းတင်းပိတ်ပြီး ဘာမှပြန်မဖြေချင်ဘူး။ ချိုးချန်ကလည်း ဒါကိုသိတယ်။
နွေးထွေးပြီးနူးညံ့တဲ့အပေါ်ယံလွှာရဲ့အောက်မှာ အလျော့မပေးဘဲခေါင်းမာတတ်တဲ့ စိတ်ဓါတ်လေးလည်းရှိတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကပိုင်လန်လိုပဲပေါ့။
သူ့မှာ ခြိမ်းခြောက်နိုင်လောက်တဲ့အရှိန်အဝါတွေလည်း မရှိဘဲ ပျော့တီးပျော့ဖတ်လေးဆိုပေမယ့် တစ်ခုခုကို စွဲစွဲမြဲမြဲဖြစ်လာပြီဆိုရင်တော့ ပိုင်လန်က မယိုင်မလဲခိုင်မာတဲ့ကျောက်ဆောင်ကြီးလိုပဲ။
ဒါက လွန်ခဲ့တဲ့နှစ်နှစ် ကလပ်မှာစတွေ့တုန်းက ချိုးချန်ခံစားမိတဲ့ ပိုင်လန်ရဲ့ထူးခြားတဲ့အရည်အချင်းပဲလေ။
အဲဒိနောက်မှာ ချိုးချန်က သူ့စာချုပ်ကို လွှဲပြောင်းယူခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ပျော်စရာကောင်းမယ်ထင်တာကြောင့် ဒီလူငယ်လေးနဲ့ကစားဖို့ သူ သိပ်ကိုစိတ်အားထက်သန်ခဲ့တာ။
ဒါပေမယ့် လွန်ခဲ့တဲ့လအနည်းငယ်လောက်ကတော့ ပိုင်လန်ကရုတ်တရက်ကြီး သူ့ကိုတွေ့ခွင့်တောင်းခဲ့တယ်။ လူငယ်လေးကိုကြည့်ရတာ လုံးဝဥဿုံပြောင်းလဲသွားသလိုပါပဲ။
သူက ပိုပြီးသည်းခံတတ်လာပြီး ရှောရှောရှူရှူဖြစ်လာတယ်၊ ပြောင်းလဲမှုတွေကို သင်ယူတတ်လာပြီး ကြံ့ကြံ့ခံနိုင်လာတယ်။
ဒါပေမယ့်လည်း သူတို့တွေအတူနေခဲ့တဲ့တောက်လျှောက် ယခုတစ်ကြိမ်မှာမှ ချိုးချန်နောက်တစ်ခါခံစားမိပြန်တယ်.. ပိုင်လန်က အရင်တိုင်းပါပဲ၊ သူ့ဆီမှာ ချိုးချန်ဖြတ်ကျော်လို့မရတဲ့ အတားအဆီးတစ်ခုရှိသေးတယ်..
သူက သိန်းငါးဆယ်တောင်းခံခဲ့တယ်။ ဒါပေမယ့်လည်း နောက်ထပ် ဘယ်တော့မှထပ်မတောင်းတော့ဘူး။
ရှောင်ဟိုင်ကို ကူညီပြီးနောက်မှာလည်း ချိုးချန်ကသာ အကြွေးကြီးကြီးတင်မိသွားပြီလို့ စဉ်းစားပေမယ့် တုံးအလှတဲ့ပိုင်လန်ကတော့ ဆုကြေးအဖြစ်တစ်စုံတစ်ခုတောင်းဆိုဖို့ကိုတောင် သတိမရခဲ့ဘူး။
ဒါကြောင့် သူ့ရှေ့က သရုပ်ဆောင်ကောင်းလှတဲ့ပိုင်လန်ကို ထပ်ကာထပ်ကာစမ်းသပ်ခဲ့ပေမယ့်လည်း ဒီလူသားကိုသံသယဝင်ရတာ ပင်ပန်းလွန်းလှတယ်လို့ ချိုးချန်ကတဖြည်းဖြည်းခံစားမိလာတယ်။
ဒါကြောင့် ပိုပြီးစိတ်ပူပန်ရတဲ့ကိစ္စမှာပဲ အာရုံစိုက်ထားတော့မယ်လို့ ဆုံးဖြတ်လိုက်လေတယ်။ ပိုင်လန် သူ့အနားမှာနေအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုလေ။
သူတို့နှစ်ယောက် ပထမဦးဆုံးတွေ့ဆုံခဲ့တဲ့ညတုန်းက သူ့နှလုံးသားက ရုတ်တရက်လှုပ်ရှားသွားခဲ့တယ်။ အခုတော့ ဒီခံစားချက်တွေလည်း တဖြည်းဖြည်း တိုးတိုးလာနေပြီ။
အကယ်၍ ပိုင်လန်သာ ထွက်ပြေးချင်တယ်ဆိုရင် ဘယ်မှသွားစရာနေရာမရှိအောင် သူလုပ်ထားရမှာပဲ။
ပိုင်လန်က သူ့အပေါ်ခံစားချက်ရှိမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ခံစားချက်မရှိဘူးဆိုရင်ရော…. ခြောက်တစ်လှည့်ချော့တစ်လှည့်နဲ့ အချစ်အမုန်းသံသရာထဲမှာ တွယ်ကပ်ထားမှာပဲ။
သူ မလုပ်နိုင်စရာ ဘာများရှိမှာလဲ?
ဒါပေမယ့် သူ ပူပန်ရတဲ့အရာတစ်ခုလည်းရှိသေးတယ်။ ဟုတ်တယ်.. အဲဒါက ဒီခေါင်းမာလှတဲ့ကောင်ဆိုးလေးပိုင်လန်က ဝန်ခံဖို့ခါးခါးသီးသီးငြင်းဆိုပြီး သူ့ကမ္ဘာလေးထဲမှာပဲ တံခါးပိတ်နေတာကို ဖျောင်းဖျဖို့ မတတ်နိုင်တာပဲ….
ဘာကြောင့်လဲဆိုတော့ .. ပိုင်လန်လည်း သူ့အပေါ်ခံစားချက်ရှိတာကို သူသိလို့ပေါ့။
သူက သစ္စာရှိပါ..သစ္စာရှိပါ ဆိုပြီး ထုတ်ထုတ်ပြောနေတာကြာပြီလေ။ အသစ်တွေ့ပြီဆိုရင် အဟောင်းကိုတော့အရင်စွန့်ပစ်လိုက်ပါဦးတဲ့။ ပြီးတော့လည်း နှစ်ကုန်ပါတီပွဲပြီးကတည်းက ပိုင်လန်က သူ့ကိုစရှောင်နေတော့တာပဲ။
တကယ်လို့ ခံစားချက်မရှိဘဲ အပေးအယူဆက်ဆံရေးသာဆိုရင် ပိုင်လန်က ဒီလိုအပြုအမူတွေနဲ့ တုန့်ပြန်နေမှာ မဟုတ်ဘူးလေ။
ဒါကြောင့်ချိုးချန်က တင်းတင်းစေ့ပိတ်ထားတဲ့နှုတ်ခမ်းလေးတွေကို နမ်းလိုက်ပြီးမှ သက်ပြင်းချပြီး ပြောလိုက်တယ် “မင်းက ဒီလို သဝန်တိုနေရပြီး ခွတီးခွကျဆက်ဆံရေးကိုကြိုက်နေပေမယ့် ကိုယ်ကတော့ မကြိုက်ဘူး၊ ကိုယ်တို့နှစ်ယောက်ကြားမှာ မပြောနိုင်စရာ ဘာစကားများ ရှိလို့လဲ၊ ဟုတ်တယ်…ကိုယ် မင်းကိုကြိုက်တယ်၊ ဒါကြောင့်မင်းနောက်ကိုလိုက်ပြီး ချစ်သူဖြစ်အောင်လုပ်တယ်၊ မင်းလည်း သဘောတူတယ်ဆိုရင် ပြောထုတ်လိုက်၊ ဒါဆို အားလုံးကဖြေရှင်းပြီးသားပဲ မဟုတ်ဘူးလား?
“……”
ဒါက ဝန်ခံလိုက်တာလား၊ ပိုင်လန်က တကယ့်ကို ပြောစရာစကားတွေပျောက်ဆုံးသွားခဲ့တယ်။
…………………………