(25) ဟုန်ယွိ
အစားအစာကိုယ်တိုင်ယူစနစ်ရဲ့ကောင်းကွက်ကိုပြော ဆိုရင်တော့ လွတ်လပ်ပြီးလွယ်ကူတာပဲ။ ပြီးတော့ စားမယ့်နေရာကိုလည်း ကန့်သတ်ချက်မရှိ လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်တယ်လေ။
သူတို့တွေ ထိုင်ခုံမှာမထိုင်မီ ချိုးချန်က လူတွေကိုနှုတ်ဆက်ဖို့အတွက် ပိုင့်လန့်ကို ဟိုဟိုသည်သည်လျှောက်ခေါ်သွားသေးတယ်။ ထိုင်ပြီးစားသောက်နေတဲ့အခါမှာလည်း လူတွေအများကြီးက သူတို့နားလာပြီး စကားစမြည်ပြောကြသေးတာပဲ။ ချိုးချန်တစ်ယောက် ဒင်နာပွဲတွေတက်ပြီးတိုင်းမှာ အိမ်ပြန်လာပြီး သူချက်တဲ့ခေါက်ဆွဲတွေစားချင်နေသေးလဲဆိုတာ ပိုင်လန်အခုတော့ နားလည်သွားပါပြီ။
ဒီညမှာ ပိုင်လန်က အများကြီးစားဖို့ရည်ရွယ်ချက်မရှိဘူး။ နိုင်ငံခြားအပန်းဖြေခရီးကပြန်လာပြီး နောက်ထပ်တစွပ်စွပ်ထပ်စားနေမယ်ဆိုရင် ရုပ်ရှင်ကင်မရာထဲ ဖောင်းအစ်အစ်ကြီးဖြစ်နေတော့မှာ သေချာတယ်။ ဒါကြောင့် သူက အသီးနဲ့အရွက်လေးတွေကိုပဲ ချင့်ချင့်ချိန်ချိန်စားနေရတယ်။ ဒါပေမယ့် ချိုးချန်ရဲ့စားနိုင်သောက်နိုင်စွမ်းကတော့ သူနဲ့မတူဘူး၊ အတော့်ကိုကြီးမားတယ်။ သူက အသားတွေပြည့်လျှံနေတဲ့ ပန်းကန်ကြီးကို စားဖို့ကြိုးစားနေပမယ့်လည်း လာနှုတ်ဆက်သူတွေကြောင့် တစ်ဝက်ပဲစားလိုက်နိုင်ပြီး ကျန်တာတွေက အေးစက်ကုန်တယ်။ ဒါကြောင့် ပိုင်လန်လည်း မနေသာတော့ပဲ ထိုင်ခုံကထပြီး ချိုးချန်အတွက် စားစရာသွားယူပေးရတယ်။ သူက ပေါင်မုန့်နှစ်ခြမ်းရယ်၊ အရွက်အချို့ရယ်၊ ခရမ်းချဉ်းသီးသုံးလေးကွင်းနဲ့ အမဲသားကင်နည်းနည်းကို ယူလိုက်ပြီး အားလုံးကိုစုပေါင်းစပ်ပေါင်းထည့်ကာ ဟမ်ဘာဂါလုပ်ပေးတယ်။ ပြီးတော့ ချိုးချန်ခဏလေးစကားရပ်သွားတဲ့အချိန်မှာ ပေးလိုက်တယ်။
ချိုးချန်က သိပ်ကိုကျေနပ်နေတာပေါ့။ သူက ဟမ်ဘာဂါတစ်ခုလုံးကို သုံးကိုက်ထဲနဲ့ အကုန်စားလိုက်ပြီး နောက်ထပ်လည်း စားချင်နေသေးပုံပေါ်တယ်။ သူတို့စားပွဲမှာတော့ ရုန်စစ်ချီကတော့ အတွင်းကျကျထောင့်နေရာမှာ ထိုင်နေတာပါ။ သူ့ရှေ့မှာ ပိုင်လန်ပိတ်နေတာကြောင့်လည်း မနှောင့်ယှက်ချင်တော့ ထသွားထလာမလုပ်ဘူး။ သူက ချိုးချန်ရဲ့ကျေနပ်နေတဲ့အမူအရာကို မြင်လိုက်ရပြီး မျက်ဝန်းလေးတွေက အရောင်တောက်သွားတယ်။ ဒါကြောင့် ပိုင်လန်လည်း သူ့အတွက်ဟမ်ဘာဂါတစ်ခု လုပ်ပေးလိုက်ရတော့တာပေါ့။ ချိုးချန်လိုပဲ သူလည်း ဟမ်ဘာဂါရဲ့အရသာမှာ ပျော်ဝင်သွားပါတယ်။
ဗိုက်ပြည့်အောင် စားသောက်ပြီးတဲ့အခါ ရုန်စစ်ချီက သူ့မိသားစုလူကြီးတွေနဲ့ထွက်သွားတယ်။ ဘယ်သူ့သွားတွေ့တာလဲတော့ မသိဘူး။ ချိုးချန်ကလည်း ပိုင်လန့်ကိုဆွဲပြီး အခန်းကိုနောက်တစ်ပတ် ထပ်ပတ်ပြီးတဲ့အခါမှာတော့ အိမ်ပြန်ဖို့အချိန်ရောက်လာပါပြီ။
ဝိတ်တာတစ်ယောက်က ရှန်ပိန်ခွက်တွေကိုလာဖြည့်ပြီးသွားတဲ့အချိန်မှာ ချိုးချန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ် “နောက်ဆုံးလူတစ်ယောက်ကို သွားနှုတ်ဆက်ဖို့ကျန်သေးတယ်၊ ပြီးသွားရင် ကိုယ်တို့တွေပြန်လို့ရပြီ”
ပိုင်လန်ကခေါင်းညိတ်ပြီးသဘောတူပြလိုက်တယ်။ တစ်ညနေခင်းလုံးလည်း သူ့ခါးတွေတစ်ခုလုံး ညောင်းကိုက်နေပြီလေ။
ချိုးချန်က သူ့ကိုဘေးတိုက်ကြည့်လိုက်တယ် “ပင်ပန်းနေပြီလား?”
ပိုင်လန်က ပုခုံးတွေကိုဖြည်းဖြည်းလေး ဟိုလှည့်သည်လှည့်လုပ်ရင်း အကျောဆန့်နေရတယ် “တစ်ညနေလုံး ဒီလိုတောင့်တောင့်ကြီးမတ်တပ်ရပ်နေရတာလေ၊ သရုပ်ဆောင်နေတဲ့အချိန်မှာတောင် လုပ်စရာမလိုဘူး”
“နောက်ကျရင် အကျင့်ဖြစ်သွားမှာပါ” ချိုးချန်ကပြုံးပြီး ရှန်ပိန်ခွက်ကိုမြှောက်လိုက်တယ် “ဒါပေမယ့် ဒီနေ့ည မင်း အရမ်းအရမ်းစမတ်ကျနေတယ် သိလား”
ပိုင်လန်က လီဖူအထူးစပါယ်ရှယ်ချုပ်ပေးထားတဲ့ဝတ်စုံလေးကိုဝတ်ထားတာ။ ပုခုံးသားတွေက သေသပ်ချပ်ရပ်နေပြီး ခါးလိုင်းသားတွေကတော့ အပိုအလိုမရှိ ကွက်တိဖြစ်နေတယ်။ အောက်ပိုင်းရှုးသွားတဲ့ဘောင်းဘီလေးနဲ့ပါ ပေါင်းစပ်လိုက်တော့ ပိုင်လန်ရဲ့ပုံသဏ္ဍန်က ပိုပြီးရှည်သွယ်သယောင်ဖြစ်နေပြီး ထူးခြားလှပလို့နေတယ်။ ပြီးတော့ လီဖူသင်ပေးထားတဲ့ ကိုယ်နေဟန်ထားတွေနဲ့လည်း သူ့ကို ဆွေကြီးမျိုးကြီးအိမ်တော်က သခင်လေးပုံစံအတိုင်း ပြီးပြည့်စုံစေတယ်။
ပိုင်လန်က ဖျော်ရည်ဖန်ခွက်ကိုမြှောက်ပြီး ချိုးချန်နဲ့ ခွက်ချင်းတိုက်လိုက်တယ် “ကျေးဇူးပဲ၊ ဝတ်စုံတန်ဖိုးက ယွမ်တစ်သိန်းလောက်ရှိတာ၊ စမတ်မကျရင်လည်း လီဖူ ချုပ်ပေးရကျိုးမနပ်ဖြစ်သွားမှာပေါ့”
ချိုးချန်က အနားကပ်လာတယ်။ ပြီးတော့ ဖန်ခွက်မကိုင်ထားတဲ့ကျန်လက်တစ်ဖက်နဲ့ ပိုင်လန့်ကျောဘက်ကို တင်းတင်းဖက်ထားတယ် “အခုချိန်မှာဝန်ခံရရင် ကိုယ်လုပ်ချင်နေတာ မင်းရဲ့ဒီဝတ်စုံလေးကို ချွတ်ပစ်ချင်နေတာ”
ပိုင်လန်ကတော့ အေးဆေးပဲအဖြေပြန်ပေးလိုက်လေရဲ့ “ရှောင်ဟိုင့်ကိုအရင် နိုင်အောင်လုပ်လိုက်ပါဦး၊ အဲဒါဆို ချွတ်လို့ရမယ်”
ချိုးချန်လည်း သဘောပေါက်ပါတယ်။ သူက စိတ်ပျက်သလိုခံစားနေရတယ် “တောင့်တင်းနေတာတွေကိုဖြေဖျောက်ဖို့က ဒီထက်ပိုပြီး လှုပ်လှုပ်ရှားရှားလုပ်ပေးမှရမှာ”
သူတို့နှစ်ယောက် အိမ်ပြန်နောက်ကျတဲ့ရက်တွေတိုင်းမှာ ချိုးရှောင်ဟိုင်က ခါတိုင်းထက်ပိုပြီး သိသိသာသာကြီးကို တွယ်ကပ်နေလေ့ရှိတယ်။ မတိုင်မီမှာ ပိုင်လန်ကသူ့ကို အတူလိုက်အိပ်ပေးနေတာကြောင့် ချိုးရှောင်ဟိုင်တစ်ယောက် ဒီဖီလင်ကို သဘောကျသွားပုံရတယ်။ ဒီညနေလည်း အိမ်ပြန်နောက်ကျပြီး သူ့ကိုအဖော်လုပ်ပေးနိုင်မှာမဟုတ်တော့ ချိုးရှောင်ဟိုင်တစ်ယောက် သေချာတယ် မာစတာအိပ်ခန်းထဲမှာ သူတို့နဲ့အတူ အိပ်ချင်တယ်ဆိုပြီး ဂျီကျနေလိမ့်ဦးမှာ။
ပိုင်လန်ကတော့ ကျောကုန်းတစ်ခုလုံး ညောင်းညာကိုက်ခဲနေပြီလို့ ခံစားနေရတယ် “သွားမယ်လေ၊ နောက်ဆုံးနှုတ်ဆက်ရမှာ ဘယ်သူလဲ?”
ချိုးချန်ကပြုံးပါတယ်၊ ပြီးတော့ ဧည့်ခံပွဲရဲ့တစ်ဖက်ခြမ်းကိုညွှန်ပြတယ် “ပွဲမှာ မွေးနေ့ရှင်မဟုတ်ဘဲ လူအုံနေတဲ့နေရာပေါ့”
သူပြောတဲ့နေရာက စုချွမ်ရပ်နေတဲ့နေရာပါ။ ပြီးတော့လည်း ဘီတပ်ကုလားထိုင်ပေါ်ကလူကြီးရှိတဲ့နေရာလေ။
***
“မတွေ့ရတာကြာပြီနော်၊ အကြီးအကဲဟုန်ကိုကြည့်ရတာ ခန့်ညားနေဆဲပါပဲ” ချိုးချန်က ဟုန်ယွိဘေးနားကလူတွေ အတော်အတန်တိတ်ဆိတ်သွားမှ စတင်နှုတ်ဆက်လိုက်တယ်။
ဘေးနားကလူတွေက ချိုးချန်ကိုလမ်းဖယ်ပေးလိုက်ကြတယ်၊ ဒါမှပဲ ဝှီးချဲပေါ်ကဟုန်ယွိမြင်နိုင်မှာလေ။
ဒီလိုမျိုး သတင်းတွေထဲမှာပဲကြားခဲ့ဖူးတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက်ကို အပြင်ဘက်မှာရှင်းရှင်းလင်းလင်းမြင်ဖူးတာ ပိုင်လန့်အတွက် ပထမဦးဆုံးအကြိမ်ပါ။
ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်နေတဲ့ဟုန်ယွိက အသက်(၆၀)စွန်းစပြုနေပြီ။ လူပုံသဏ္ဍာန်က ပိန်ပိန်ပါးပါးနဲ့ သူ့ဆံပင်တွေကတော့ မီးခိုးရောင်ဘက်သန်းနေပြီ။ သူ့ကြည့်ရတာ အနည်းငယ်ပင်ပန်းနေပုံရပေမယ့် မျက်လုံးတွေကတော့ အလွန်တရာတောက်ပလို့နေတယ်။
ဟုန်ယွိ ဝှီးချဲပေါ်မှာထိုင်ရတဲ့အကြောင်းရင်းကို လူတွေအကုန်လုံးသိကြတာက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကားအက်စီးဒန့်ဖြစ်ပြီး ခြေထောက်တွေပျက်စီးသွားခဲ့လို့ပါ။ ကားတိုက်မှုကိုလည်း တမင်သက်သက်လုပ်ကြံခဲ့တာလို့ သံသယရှိခဲ့ကြတယ်။ ဒီအချက်ကလွဲရင်တော့ ဟုန်ယွိက အသက်ကြီးလာပေမယ့် အတော်လေးစွဲမက်ဖွယ်ကောင်းတယ်လို့ ပြောလို့ရတယ်။
ဟုန်ယွိအကြောင်းပြောရမယ်ဆိုရင်တော့ ဟုန်မိသားစုက မြို့တော်မှာ နိုင်ငံရေးအသင်းအဖွဲ့ထူထောင်ထားတာထက်ကို ပိုပြီးထူးခြားပြောင်မြောက်တာက သူကိုယ်တိုင်ရဲ့အောင်မြင်မှုတွေကြောင့်ဖြစ်တယ်။
သူ့အလုပ်က သိပ်ကိုရှုပ်ထွေးပွေလီလှပေမယ့် စာတစ်ကြောင်းနဲ့ဖော်ပြရမယ်ဆိုရင်တော့ သိပ်ကိုရိုးရှင်းတယ်။ ဒါက လူတွေကိုစကားပြောလာစေပြီး သဘောတူညီလာအောင် ကြားဝင်စေ့စပ်ညှိနှိုင်းပေးတာပဲ။ ဒါပေမယ့် သူလုပ်ပေးတဲ့လူတွေရဲ့သဘောတူညီချက်တွေကတော့ အမျိုးမျိုးသော နိုင်ငံရေးဂိုဏ်းအုပ်စုတွေကြားက ကွဲပြားခြားနားချက်တွေဖြစ်တယ်။
ပါတီအုပ်စုတွေကြားထဲမှာ စကားဟိုသယ်ဒီသယ်လုပ်ပြီး ကြားဝင်စေ့စပ်ပေးသူတွေက သာမန်ဆိုရင်တော့ ပါတီတွေအကုန်လုံးရဲ့ရွံမုန်းခြင်းကိုခံရတာ။ ဒါပေမယ့် ဟုန်မိသားစုက နဂိုနိုင်ငံရေးမိသားစုဖြစ်တာနဲ့အညီ မြို့တော်မှာ အတော်သြဇာရှိတယ်။ ပြီးတော့ ဟုန်ယွိကလည်း အရေးကြီးကြားဝင်ညှိနှိုင်းမှုများစွာကို လှလှပပလေးဖြေရှင်းထားတာကြောင့် သူ့အသိုင်းအဝိုင်းက ပိုပိုကြီးကျယ်လာပြီး သူကိုယ်တိုင်ကလည်း လျင်မြန်လျင်မြန်အာဏာကြီးလာတာပေါ့။ ဒါကြောင့် ရုန်မိသားစုရဲ့မွေးနေ့ပါတီမှာ မွေးနေ့ရှင်ရုန်အိုက်ကိုယ်တိုင်ကတောင် တစ်ခြားနည်းမရှိဘဲ သူ့ဆီသွားရောက် ဂရုတစိုက်နှုတ်ဆက်ရတာလေ။
ဟုန်ယွိက ချိုးချန်ရဲ့အသံကိုကြားပြီး ပြုံးပြတယ် “အိုး.. ချိုးသူဌေးပါလား၊ ခုဏက မင်းကိုလှမ်းတွေ့လိုက်တော့ စကားပြောဖို့အခွင့်အရေးရရင်ကောင်းမှာပဲလို့ တွေးနေတာ၊ ဒါပေမယ့် လူက လှုပ်ရှားဖို့အဆင်မပြေတော့ ချိုးသူဌေးရောက်လာတာကိုပဲ စောင့်နေရတယ် ခွင့်လွှတ်ပေးပါ ခွင့်လွှတ်ပေးပါ”
ချိုးချန်က ရှေ့တက်လာပြီး ခါးညွှတ်ကွေးကာလက်ဆွဲနှုတ်ဆက်လိုက်တယ်။ သူက ပြုံးပြီးပြောပါတယ် “အကြီးအကဲဟုန့်ကို ဒုက္ခများစေပြီ၊ ဒီနေရာမှာ လူကြီးတွေအကုန်လုံးက အရေးကြီးကိစ္စတွေပြောဆိုနေကြမှာပဲဆိုပြီး ကျွန်တော်က စောစောလာမနှောင့်ယှက်ရဲတာပါ၊ အဲဒါကြောင့် နောက်ကျသွားပါတယ်”
“နောက်ကျတာတော့ သေချာတယ်ဟေ့” ဟုန်ယွိကပြုံးတယ်၊ သူ့မျက်လုံးတွေက ကွေးတက်သွားပြီးမှ နောက်ဆက်ပြောပြန်တယ် “ရှောင်စုက မင်းလာပြီးစကားပြောတာကို အစောကြီးကတည်းက စောင့်နေရှာတာ၊ သူ့ခမျာ တစ်ညလုံးလည်း ငါလိုအဘိုးကြီးကို အဖော်လုပ်ပေးနေရတာ အရမ်းပျင်းနေလောက်ပြီ”
ဒီအချိန်မှာ ဟုန်ယွိနောက်မှာ တစ်ချိန်လုံးမတ်တပ်ရပ်နေပြီး ဝှီးချဲနောက်မှီပေါ်လက်တင်ထားတဲ့ စုချွမ်က ချက်ချင်းပဲ ခါးကိုကုန်းပြီးပြောလာတယ်။ သူ့မျက်နှာပေါ်မှာ နူးညံ့တဲ့အရိပ်အယောင်လေးတွေရှိနေပြီး ခါတိုင်း အပြင်ဘက်အမူအရာတွေနဲ့ကွဲပြားနေပါတယ် “အဲ့လိုမဟုတ်ပါဘူး ဆရာ၊ စုချွမ်မပျင်းပါဘူး”
{T/N:ဆရာဆိုသည်မှာ စာသင်ပေးသောဆရာ မဟုတ်ပါ၊ သက်ကြီးဝါကြီးလေးစားသမှုဖြင့် ခေါ်ခြင်းဖြစ်သည်}
ဟုန်ယွိရဲ့အပြုံးတွေက လျော့မသွားဘူး။ သူက ခေါင်းကိုစောင်းပြီးပြောလိုက်တယ် “မင်းက ငါမသိဘူးလို့ထင်နေတာလား၊ တစ်ညလုံး ခါတိုင်းထက် တိတ်ဆိတ်နေပြီးတော့ မင်းဆရာကို စိတ်မချမ်းမသာဖြစ်အောင်လုပ်နေတယ်လေ၊ ချိုးသူဌေးက မင်းရဲ့သူဌေးဆိုတော့လည်း မင်းတို့နှစ်ယောက်လုံး ပြောစရာစကားတွေအများကြီးရှိမှာ သဘာဝပဲ၊ ငါ့ကို အားနာစရာမလိုဘူးနော်”
သူ့စကားတွေက သာမန်ပဲထင်ရပေမယ့် အတွင်းမှာတော့ အဓိပ္ပါယ်အမျိုးမျိုးပြည့်နှက်နေတယ်လို့ ထင်ရတယ်။ ဒါကြောင့် ချိုးချန်က ပြောပါတယ် “တိုတယ်က မစ္စတာစုနဲ့စာချုပ်ချုပ်နိုင်တာ အကြီးအကဲဟုန်ရဲ့အကူအညီ အများကြီးပါပါတယ်၊ ကျွန်တော်တို့ မစ္စတာစုကို ကောင်းကောင်းစောင့်ရှောက်မှာပါ၊ အကြီးအကဲဟုန် စိတ်မပျက်စေရပါဘူး”
“ကောင်းတာပေါ့ ကောင်းတာပေါ့” ဟုန်ယွိကပိုလို့တောင် ပြုံးလာတယ်။ ဒါပေမယ့် ရုတ်တရက်ပြောချလိုက်တာက “ဒါဆို သူဌေးချိုးသဘောက ကုမ်ပဏီနဲ့မဆိုင်တဲ့ပြင်ပအလုပ်တွေဆိုရင်တော့ ကူညီမပေးနိုင်ဘူးပေါ့?”
ချိုးချန်က သဘာဝကျကျပဲရယ်လိုက်တယ် “ကျွန်တော်နဲ့ မစ္စတာစုတို့က တစ်မြို့တည်းသားချင်းတွေဆိုတာ အကြီးအကဲလည်း သိပြီးဖြစ်ပါလိမ့်မယ်၊ ကိုယ့်မွေးရပ်မြေသူငယ်ချင်းကို ကျွန်တော်အကောင်းဆုံးဂရုစိုက်ပေးမှာပါ”
ဟုန်ယွိက တပြုံးပြုံးနဲ့ခေါင်းညိတ်တယ်။ သူ့ကြည့်ရတာကျေနပ်သွားပုံရပါတယ်။ ဒါပေမယ့် မျက်လုံးတွေက တစ်ချက်လက်သွားရင်း ချိုးချန်ဘေးနားရပ်နေတဲ့ ပိုင်လန့်ဘက်ကိုကြည့်လာပြန်တယ် “သူဌေးချိုးနဲ့ပါလာတဲ့သူကို ရင်းနှီးနေသလိုပဲ၊ မိတ်ဆက်ပေးပါဦး”
ချိုးချန်က နောက်နည်းနည်းဆုတ်ရပ်လိုက်ပြီး ဘယ်ဘက်လက်နဲ့ ပိုင်လန့်ခါးကို ထိန်းမတ်ပေးထားတယ်။
“သူ့နာမည်က ပိုင်လန်လို့ခေါ်ပါတယ်၊ တိုတယ်ကအနုပညာရှင်တစ်ယောက်ပါပဲ၊ ဒီနေ့လေး ရှားရှားပါးပါးအခွင့်အရေးရတုန်း အတွေ့အကြုံယူရအောင် ခေါ်လာခဲ့လိုက်တာ”
ပိုင်လန်က ဟုန်ယွိနဲ့အကြည့်ချင်းစုံပြီး အမျိုးအမည်မသိခံစားနေရတယ်။ သူက ခေါင်းကိုညိတ်ပြီးနှုတ်ဆက်တယ် “ကျွန်တော်က ပိုင်လန်ပါခင်ဗျာ၊ မစ္စတာဟုန့်ကိုတွေ့ရတာ ဝမ်းသာပါတယ်”
ဟုန်ယွိက ပြုံးပြီးနှုတ်ဆက်မှုကိုခံယူတယ်။ ပြီးတော့မှာတော့ အကြည့်တွေပြန်ရွှေ့လိုက်ပြီး ပြောပြန်တယ် “သူဌေးချိုးကတော့ တကယ့်ကိုအမျှော်အမြင်ရှိတဲ့လုပ်ငန်းရှင်ပဲ၊ တင်ပေးသမျှလူတွေအကုန်လုံးက အစွမ်းထက်တဲ့လူငယ်တွေချည်းပဲ၊ ဒါပေမယ့် မင်းရဲ့အာရုံတွေကို အနုပညာလုပ်ငန်းမှာပဲ အာရုံစိုက်ထားမယ်ဆိုရင် နှမြောစရာကောင်းတယ်၊ မင်းရဲ့ထက်မြက်မှုနဲ့ဆိုရင် ဒီထက်ပိုပြီးလုပ်နိုင်မှာ၊ ဒါနဲ့.. ဒီနှစ် အသက်ဘယ်လောက်ရှိသွားပြီလဲ?” သူ့ရဲ့နောက်ဆုံးစကားတစ်ခွန်းက ရုတ်တရက်ကြီး ပိုင်လန့်ကိုရည်စူးပြီးမေးလိုက်တာပါ။
ပိုင်လန်က တစ်စက္ကန့်လောက်အံ့အားသင့်သွားပြီးမှ ဖြေလိုက်ရတယ် “(၂၄)နှစ်ပါခင်မျာ”
“(၂၄)..” ဟုန်ယွိက နောက်ထပ်ပြုံးပြန်ရော “တော်တော်ငယ်သေးတာပဲ၊ မင်းလည်း အခွင့်အရေးရတုန်းလေး ကောင်းကောင်းဆုပ်ကိုင်ထားနိုင်ရမယ်နော်၊ အနုပညာလောကမှာ ငယ်ရွယ်မှုဆိုတာ တန်ဖိုးအရှိဆုံးအရင်းအမြစ်ပဲ၊ ရုပ်ရည်တွေဘာတွေ အသာထားဦး အသက်ချင်းလေးပဲယှဉ်လိုက် ဟောဒီကရုပ်ရှင်ဘုရင်ကြီးတောင် မင်းလိုဂျူနီယာလေးကိုမယှဉ်နိုင်ဘူး၊ ဟုတ်တယ်မဟုတ်လား?”
ဒီနေရာမှာ စုချွမ်လို့အမည်ရတဲ့လူက နောက်တစ်ကြိမ်ကုန်းလိုက်ပြန်ရင်း မျက်လွှာချပြီး ပြောလိုက်ပြန်တယ် “ဆရာပြောတာမှန်ပါတယ်”
စကားဝိုင်းက ထူးဆန်းပြီးရင်းထူးဆန်းလာတယ်လို့ ပိုင်လန်ခံစားနေရတယ်။ အရင် သူထင်ထားတာက ဟုန်ယွိနဲ့စုချွမ်တို့ ပတ်သက်မှုရှိတယ်လို့ (၉၀)% လောက် သေချာပြောနိုင်ပေမယ့် စကားတွေနားထောင်ပြီးမှ ဟုတ်ရောဟုတ်ရဲ့လားလို့ ဝေခွဲမရတွေ ဖြစ်ကုန်ပြီ။
ဒါပေမယ့် ချိုးချန်ကတော့ ဒီလိုစကားဝှက်တွေကို သည်းခံနိုင်ပုံမရဘူး။ သူက စကားလမ်းကြောင်းပြောင်းရင်း အစောက ဘာတွေဆွေးနွေးနေကြတာလဲလို့ ဟုန်ယွိကိုမေးနေတယ်။ ဆယ်မိနစ်ယောက် အဆက်အစပ်မရှိစကားတွေပြောပြီးနောက်မှာ သူက ပိုင်လန့်လက်ကိုဆွဲရင်း ပြန်ထွက်သွားပါတယ်။
သူတို့စကားဝိုင်းအလယ်မှာ အစောပိုင်းစကားနှစ်ခွန်းပြောတာကလွဲပြီး စုချွမ်က နောက်ထပ်ဘာမှထပ်မပြောဘူး။ ဒါပေမယ့် သူ့အကြည့်တွေကတော့ တစ်ချိန်လုံး ချိုးချန်ဆီမှာ တဝဲလည်လည်ဖြစ်နေတယ်။ သူက ဟုန်ယွိနောက်မှာမတ်တပ်ရပ်နေတာကြောင့်လည်း ဟုန်ယွိက သူ့အကြည့်တွေကို မမြင်နိုင်ဘူး။
ဒီအခြေအနေတွေက ပိုင်လန့်ကို စိတ်မသက်မသာဖြစ်စေတယ်။ ဒါပေမယ့် ချိုးချန်တုံ့ပြန်ပုံက ပိုလို့တောင် တဆိတ်ထူးဆန်းသေးတယ်။
သူက စုချွမ်ရဲ့အကြည့်တွေကို သတိမပြုမိသလို ဟန်ဆောင်နေပြီး ဟုန်ယွိကိုပဲ စကားတွေပြောနေတာလေ။
သာမန်အခြေအနေမျိုးမှာ စကားပြောနေချိန် သင့်ကိုတစ်စုံတစ်ယောက်ကငေးကြည့်နေမယ်ဆိုရင် ယဉ်ကျေးသမှုလေးနဲ့ပဲဖြစ်ဖြစ်တော့ အသိအမှတ်ပြုကြောင်း တစ်ချက်နှစ်ချက်ပြန်ကြည့်ပေးသင့်တယ်မလား။ ချိုးချန်ကလည်း လူမှုရေးမသိတတ်တဲ့လူ မဟုတ်ပါဘူး။ ဒီနေ့ညအတွေ့အကြုံအရဆိုရင် ချိုးချန်ကဆိုရှယ်ကောင်းတယ်လို့တောင် ပိုင်လန်မြင်မိသေးတယ်။ ဒါကြောင့် စုချွမ်အပေါ် သူ့တုန့်ပြန်ပုံတွေက တမင်သက်သက်ကြီးကို လျစ်လျူရှုနေသလိုပဲ။ အကြောင်းရင်းက ပိုင်လန့်ကို အထင်မလွဲစေချင်တာဆိုရင်တော့ ချိုးချန်နဲ့မတူသလို ကလေးဆန်ဆန်ပြုမူနေတာပဲ ဖြစ်ရမယ်။
ဒါကြောင့် သူတို့နှစ်ယောက် ကားပေါ်ရောက်တဲ့အချိန်မှာ ပိုင်လန့်အတွေးတွေက ယောက်ယက်ခတ်နေတာ ချိုးချန်က သူ့ကိုဆွဲဖက်ပြီး လက်မောင်းထဲထည့်ထားလိုက်တဲ့အထိပါပဲ။
***
ကိုယ်တိုင်ကားမောင်းရတာကြိုက်တဲ့ချိုးချန်က ဒီညမှာအရက်သောက်ထားတာကြောင့် ရွေးချယ်စရာမရှိ ရှောင်လီကို အပို့အကြိုလုပ်ခိုင်းရတယ်။ သူတို့ကားကလည်း ဒီလိုအခြေအနေမျိုးအတွက် သိပ်ကိုအသုံးဝင်လှတယ်လေ။ ဒါက ချိုးချန်စီးနေကြ လန်းရိုဗာ မဟုတ်ဘူး၊ အနက်ရောင်လင်မိုဆင်း ကားရှည်ရှည်ကြီးပါ။ သဘောက ဒရိုင်ဘာနဲ့ သူတို့ထိုင်နေတဲ့နောက်ခန်းကြားထဲမှာ နံရံခြားထားတယ်ဆိုတာပဲ။
“မျက်နှာက ဘာဖြစ်နေတာလဲ?” ချိုးချန်က ပိုင်လန့်ကို ဆွဲဖက်ရင်း ပုခုံးတွေကိုနှိပ်ပေးနေတယ် “သိချင်တာရှိပေမယ့်လည်း ထုတ်မမေးဘူး၊ ရင်ထဲသိမ်းထားနေရတာ အရမ်းကိုပျော်စရာကောင်းလား?”
ပိုင်လန်က ချိုးချန်ကို မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ်၊ ပြီးတော့မှ ကိုယ်ခန္ဓာကိုဖြေလျော့လိုက်ပြီး ချိုးချန်ကိုမှီထားရင်း မေးပါတယ် “စုချွမ်နဲ့ဟုန်ယွိတို့နှစ်ယောက်က ဘယ်လိုဆက်ဆံရေးမျိုးရှိတာလဲ?”
“မင်းမေးချင်တာဒါလား?” ချိုးချန်က ခပ်ဖွဖွရယ်တယ် “မင်းမျက်မြင်ကိုယ်တွေ့ပဲ မဟုတ်ဘူးလား”
ပိုင်လန် ပြောစရာစကားတွေ ကင်းမဲ့သွားတာပေါ့။ ကြိုတင်ခန့်မှန်းမိပေမယ့်လည်း နားနဲ့ဆတ်ဆတ်ကြားလိုက်ရတဲ့အခါမှာလည်း လန့်ဖြန့်သွားခဲ့ရတယ်။ စုချွမ်ရဲ့ရုပ်ရည်၊ အရည်အချင်းတွေနဲ့တောင်မှ နောက်ကွယ်ကထောက်ပံ့မယ့် စပွန်ဆာလိုသေးတယ်တဲ့လား။ စုချွမ်ရဲ့ဒီအကြောင်းတွေကို အရင်ဘဝတုန်းက နည်းနည်းမှတောင် မကြားဖူးဘူး။ ပြီးတော့ ဟုန်ယွိရဲ့အရှိန်အဝါနဲ့နောက်ခံဘက်ဂရောင်း.. ဒါတွေက မဖြစ်နိုင်ဘူးလို့ထင်ရလောက်တဲ့အထိပဲ။ ဒါပေမယ့်လည်း အခုတော့….
“ခုဏက ဟုန်ယွိပုံစံကြည့်ရတာတော့ အဲ့လိုမထင်ရဘူး”
ချိုးချန်က ပိုင်လန်ရဲ့ခေါင်းနောက်ပိုင်းကို ထိန်းကိုင်ထားပြီး မျက်နှာငုံ့ကာ အနမ်းပေးနေတယ် “အရင် မင်းကိုယ့်ဆီလာပြီး အပေးအယူလာလုပ်တဲ့အချိန်တုန်းက နောက်ဆယ်နှစ်နေရင် ဘာဖြစ်နေလိမ့်မလဲလို့ တွေးခဲ့မိဖူးလား?”
“တွေးဖူးတယ်” ပိုင်လန်က ခေါင်းညိတ်တယ်။
ချိုးချန်မျက်ခုံးတွေ မြင့်တက်သွားတာပေါ့ “သြော်? ဒါဖြင့် ပြောစမ်းပါဦး”
“ခင်ဗျားက အသစ်တွေ့သွားပြီးတော့ ကျွန်တော်က ဂုဏ်သိက္ခာရှိရှိနောက်ဆုတ်ပေးလိုက်မယ်….”
ချိုးချန်က မျက်လုံးတွေကို မှေးကျဉ်းလိုက်တယ် “မင်းက ကိုယ့်ကို တအားတွေယုံကြည်ထားတာပဲ”
“ကျွန်တော် အတွက်အချက်မသင်ဖူးပေမယ့် အရိပ်အကဲနားလည်ပါတယ်”
ချိုးချန်က ပိုင်လန့်နှုတ်ခမ်းကို ကိုက်ပြီး အပြစ်ပေးလိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ သူက အာဏာရှင်ဆန်ဆန်ပဲ တစ်လက်မမချန် ရသင့်ရထိုက်တာကို ရယူနေပြီး အကြာကြီးကြာနေတာတောင် မလွှတ်ပေးဘူး။
“ဒါဆိုရင် ကိုယ်က မင်းဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားပြီး လက်မလွှတ်ပေးချင်လောက်အောင် ဖြစ်သွားမယ်ဆိုရင်ရော? မင်းဘာလုပ်မှာလဲ?”
“အခုဖြစ်နေသလိုမျိုးလား?” ပိုင်လန်က အသက်ခက်ခက်ခဲခဲရှူနေရပေမယ့် ဒီစကားတွေကိုတော့ ပြောဖြစ်အောင်ပြောလိုက်သေးတယ်။
ချိုးချန်က ခဏရပ်လိုက်ပြီးမှ ကျေနပ်စွာထရယ်တယ်။ ပြီးတော့ တစ်ဖက်လူကို ပေါင်ပေါ်ဆွဲတင်လိုက်ရင်း ကြင်ကြင်နာနာလေးပွတ်သပ်ပေးနေတယ်။
“ကိုယ်သိနေတယ်၊ ဒါဖြင့် အိမ်မှာ ရှောင်ဟိုင်လည်းရှိနေမှာဆိုတော့ မင်းရဲ့တောင့်တင်းနေတဲ့ပြဿနာတွေ အခုပဲဖြေရှင်းလိုက်ကြမလား?”
ပိုင်လန်က ပိုတောင့်သွားပြီးမှ ခေါင်းလှည့်ပြီး ဒရိုင်ဘာနောက်က အပေါက်ပိတ်ထားလားလို့ သေချာအောင်လှည့်ကြည့်တယ်။
“အော်မိမှာစိုးရင် ပါးစပ်ပိတ်ထားပေးမယ်လေ၊ ရှောင်လီကြားမှာ မဟုတ်ပါဘူး” ချိုးချန်က ပိုင်လန့်လည်ပင်းကို စိတ်ရှိလက်ရှိကိုက်လိုက်ပြီးမှ အက်ကွဲကွဲအသံနဲ့ပြောတယ်။
ဒါပေမယ့်လည်း လှုပ်ရမ်းနေတဲ့ကားက သိသာလွန်းနေမှာရယ်၊ ပြီးတော့ ရှောင်လီကလည်း ပိုင်လန်မကြာမကြာတွေ့နေရတဲ့လူဖြစ်တာကြောင့် သူက ခေါင်းခါပြီး အသည်းအသန်ငြင်းလိုက်ရပြန်တယ်။ သူက သက်ပြင်းချပြီးမှ ပြောလိုက်တယ် “…. ခဏလေး… တကယ်တော့ ရှောင်ဟိုင်နဲ့မအိပ်ခင် ကျွန်တော်တို့ ရေချိုးရဦးမှာလေ”
ချိုးချန်ရဲ့မျက်လုံးတွေ ပြူးကျယ်ကုန်လေရဲ့ “အင်း…. မင်းပြောမှ ကိုယ်တို့ ရေချိုးခန်းထဲမှာ တစ်ခါမှမလုပ်ဖူးသေးဘူးပဲ”
“ဒါဆို ကျေးဇူးပြုပြီး ကျွန်တော့်ဘောင်းဘီထဲကလက်တွေ ထုတ်ပေးလို့ရမလား” ပိုင်လန်က အကူအညီမဲ့စွာ တောင်းဆိုလိုက်ရတယ်။
ချိုးချန်က နှုတ်ခမ်းတွေကိုတွန့်ပြလိုက်ပြီး လက်တွေကို နောက်ဆုတ်ပေးလိုက်တယ်။ ဒါပေမယ့် ပိုင်လန့်ကိုတော့ ဖက်ထားဆဲဖြစ်ပြီး သူ့ရင်ခွင်ထဲမှာ မှီခိုင်းထားတယ်။ သူက အစောတုန်းက အကြောင်းအရာကို ပြန်သွားပါတယ်။
“ဟုန်ယွိနဲ့စုချွမ်တို့ဆက်ဆံရေးက (၁၂)နှစ်ကြာ စာချုပ်ချုပ်ထားတာ၊ အချိန်ကပြည့်ပြီးသွားပြီ၊ ဒါကြောင့် နည်းလမ်းတကျပြောမယ်ဆိုရင် စုချွမ်လဲ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေပြန်ရသင့်နေပြီ၊ ဒါပေမယ့် ကြည့်ရတာ ဟုန်ယွိက သဘောတူပုံမရဘူး”
ပိုင်လန်က ခဏလောက်စဉ်းစားလိုက်တယ် “ဒါဆို စုချွမ်က လွတ်မြောက်နိုင်မယ့်နောက်ထပ်လမ်းကြောင်း ရှာနေတာလား?”
“ဖြစ်နိုင်ပါတယ်”
“အဲဒိလမ်းကြောင်းက ခင်ဗျားလား?”
“သူ့အတွက် လွတ်လပ်မှုက ဂုဏ်သိက္ခာထက် အရေးကြီးတယ်ဆိုရင် ကိုယ်က လမ်းကြောင်းဖြစ်ပေးလို့ရပါတယ်”
{T/N: ချိုးချန်ပြောချင်တာက သူက စုချွမ်ကို ဟုန်ယွိလက်ကလွတ်အောင်လုပ်ပေးလို့ရပေမယ့် ဟိုဘက်ကနေ စုချွမ်ကိုသိက္ခာချရင် တားဆီးနိုင်လောက်အောင်တော့ အာဏာမရှိဘူးလို့ ပြောချင်တာပါ}
ဒါပေမယ့် စုချွမ်ကတော့ လွတ်လပ်မှုကိုရွေးချယ်ချင်ပုံမရပါဘူး။ သူ့အတွက်တော့ အစွန်းအထင်မရှိအကောင်းပကတိဂုဏ်သိက္ခာက ပိုအရေးကြီးပုံရပါတယ်။ ပြီးတော့ သူ့အောင်မြင်မှုတွေကလည်း နိုင်ငံတွင်းမှာရော နိုင်ငံခြားမှာပါ အရှိန်အဟုန်ကောင်းနေတုန်းပဲလေ။ ပြီးတော့ ချိုးချန်… သူလည်းပဲ အကြောင်းရင်းတစ်ချို့ကြောင့် နည်းနည်းကြာတိုင်း အချစ်တော်သစ်လေးတွေ ပြောင်းပြောင်းနေတတ်တယ်မလား။
ဒီတစ်ကြိမ်မှာတော့ ပိုင်လန်က အကြာကြီးတိတ်ဆိတ်သွားပြီးမှ မေးလာခဲ့တယ် “ခင်ဗျား သူ့ကိုကူညီချင်ရတဲ့အကြောင်းပြချက်က?”
ချိုးချန်ကနောက်တစ်ခါ ပိုင်လန့်ခေါင်းကိုထိန်းကိုင်လိုက်ပြန်ရင်း အကြည့်ချင်းဆုံလိုက်ပြန်တယ်။ သူက ခပ်ပြုံးပြုံးနဲ့ပြောပါတယ် “နောက်ဆုံးတော့ မေးပြီပေါ့?”
ပိုင်လန်က ပြန်မဖြေပေမယ့်လည်း ချိုးချန်အကြည့်တွေကို ရှောင်လွှဲမသွားဘဲ ပြန်ကြည့်နေခဲ့တယ်။
ချိုးချန်ကပြုံးတယ် “ဟိုးအရင် စုချွမ်နဲ့ကိုယ်တို့နှစ်ယောက် လက်တွဲနိုင်မယ်လို့ ကိုယ်ထင်ခဲ့တဲ့အချိန်တုန်းက စုချွမ်က ဟုန်ယွိနဲ့လိုက်သွားခဲ့တယ်”
ချိုးချန်ရဲ့မျက်နှာပေါ်မှာ ကိုယ့်ကိုကိုယ်ဟားတိုက်ချင်တဲ့အမူအရာတစ်ခုကို ပိုင်လန်မြင်လိုက်ရလေတယ်။ ဒါပေမယ့်ဝင်မနှောင့်ယှက်ဘဲ ဆက်ပြောလာမှာကို စောင့်နေပါတယ်။
“အဲဒိတုန်းက ကိုယ်က ပင်လယ်ထဲ လှေတစ်စီးနဲ့ရွက်လွှင့်နေတဲ့ အပေအတေတစ်ယောက်ပဲ ဖြစ်သေးတာ၊ ပိုက်ဆံနည်းနည်းပါးပါးတော့ စုဆောင်းမိပေမယ့် ကမ်းကပ်ရတဲ့အချိန်ဆိုတာရှားတယ်၊ စုချွမ်ရဲ့အကြီးမားဆုံးဆန္ဒက အောင်မြင်ဖို့ပဲ၊ သူ့မှာက ‘မင်းကိုငါစောင့်၊ ငါ့ကိုမင်းစောင့်’ ဆိုပြီး ဂိမ်းကစားနေဖို့ အချိန်မရှိဘူး၊ ဒါကြောင့် သူက ဟုန်ယွိကိုရွေးသွားတယ်၊ ကိုယ်တို့နှစ်ယောက်လုံး အချစ်ထက်စာရင် စည်းစိမ်ကိုရှေ့တန်းတင်တယ်လို့ မင်းထင်မှာပဲ၊ ဒီနေရာမှာ ကိုယ်တို့နှစ်ယောက်လုံးက အတော်လေးတူကြတယ်၊ ဒါနဲ့ပဲ အဆုံးမှာတော့ ငယ်သူငယ်ချင်းတွေဖြစ်သွားကြတယ်ပေါ့လေ”
ပိုင်လန်က ချိုးချန်မျက်နှာပေါ်ကအပြုံးတွေကိုငေးကြည့်နေခဲ့တယ်။ ဒါပေမယ့်လည်း စိတ်အေးလက်သာ မဖြစ်သွားပါဘူး။
ဘာကြောင့်လဲဆိုတော့ အရင်ဘဝတုန်းက သဲလွန်စတွေနဲ့သက်သေတွေက အခုချိန်မှာ အားလုံးရုပ်လုံးပေါ်သွားပြီလေ။ ယာချီပြောသလိုပါပဲ။
လူတွေအကုန်လုံးက သူတို့စိတ်ထဲထင်ရာဖြစ်ချင်သလို တွေးကြပြောကြပေမယ့် အဖြစ်မှန်နဲ့တော့ တအားကွာခြားပါတယ်။ ဥပမာ ပိုင်လန့်ကိုပဲကြည့်လေ။ ယာချီရဲ့စကားတွေကို မကြားရခင်မှာတော့ သူ့ကိုယ်သူ ချိုးချန်ရဲ့အရင်အချစ်ဟောင်းတွေကို စိတ်ထဲမထည့်ဘူးလို့ တွေးခဲ့သေးတာ။ ဒါပေမယ့် အခုတော့ရော… အမှန်တကယ်ရင်ဆိုင်လိုက်ရတဲ့အချိန်မှာ သူ့နှလုံးသားထဲအထုံးတစ်ထုံးရှိနှင့်နေခဲ့ပြီးပါပြီ။ အခြားသူတွေကို ဖုံးကွယ်လို့ရချင်ရပေမယ့် သူ့ကိုယ်သူတော့ မဖုံးကွယ်နိုင်ဘူးမလား။
ဒီအတိုင်းပါပဲ ချိုးချန်လည်း အပြင်ပန်းတည်ငြိမ်သယောင်ထင်ခဲ့ရပေမယ့် အချစ်လေးတွေ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ပြောင်းနေတယ်ဆိုတာ လက်စားချေနည်းတစ်မျိုးပဲလို့ ပြောလို့ရမလား။ ချိုးချန်က စုချွမ်ထွက်သွားတာကို အကျိုးကြောင်းသင့် နားလည်ပေးနိုင်ပေမယ့်လည်း စိတ်ထဲမှာတော့ လက်မခံနိုင်ဖြစ်နေသလိုမျိုးပေါ့….
ဒါပေမယ့် ဒီလိုမျိုးဖြစ်နေမယ်ဆိုရင်တောင် ဒီဘဝမှာရော အရင်လိုပဲ ထပ်တူညီပြန်ဖြစ်လိမ့်မယ်လို့ ပိုင်လန့်ကို ဘယ်သူလာပြောနိုင်လို့လဲ?
အရင်ဘဝတုန်းက သူ ရုန်စစ်ချီနဲ့လည်း တစ်ခါမှ မဆုံဖူးဘူး၊ ချိုးရှောင်ဟိုင်ကိုလည်း တစ်ခါမှ မချီပိုးခဲ့ဖူးဘူး၊ ပြီးတော့ သူကိုယ်တိုင်လည်းပဲ အခုလို ချိုးချန်ရဲ့လက်မောင်းကြားမှာ တစ်ခါမှ အနားမယူခဲ့ဖူးပါဘူး။
ဒီဘဝမှာတော့ ချိုးချန်ဘက်က ဘယ်လိုပဲဖြစ်နေပါစေ၊ ပိုင်လန်ရဲ့နှလုံးသားလေးကတော့ လှုပ်ရှားခဲ့ပြီးပါပြီ။ ထာဝရတစ်သက်လုံးလည်း မမျှော်မှန်းရဲပေမယ့် ခဏလေးပဲဆိုရင်တောင်မှ ပိုင်လန်လိုချင်တာက အလိမ်အညာတွေမပါဘဲ အရိုးသားဆုံးလေးပါပဲ။ ခန်းကျန့်နဲ့လိုအဖြစ်မျိုး နောက်တစ်ကြိမ်မခံစားနိုင်တော့ပါဘူး။
ဒါကြောင့်ပိုင်လန်က မျက်လွှာကိုချပြီးမှ တိတ်တဆိတ်မေးလိုက်တယ် “ဒါဆို နှစ်ယောက်စလုံးက သူငယ်ချင်းတွေပဲလား?”
ချိုးချန်က ရင်ဘတ်တွေ ကဆုန်ပေါက်လာတဲ့အထိ ရယ်ပါတယ်။ သူက ပြန်ဖြေတယ် “သူငယ်ချင်းပဲ”
ပိုင်လန်က လိုက်မရယ်ပါဘူး၊ ခေါင်းကိုပဲညိတ်လိုက်တယ် “ကျွန်တော်က မျှဝေသုံးစွဲတာတွေ လက်မခံဘူးနော်”
“တိုက်ဆိုင်လိုက်တာ၊ ကိုယ်လည်း အတူတူပဲ” ချိုးချန်ရဲ့မျက်ဝန်းတွေက နက်မှောင်သွားလေတယ်။
“ကျွန်တော်ပြောဖူးတာတွေ မှတ်ထားတယ်မလား၊ အသစ်ရှာတွေ့ပြီဆိုရင်…”
သူက စကားဆုံးအောင်တောင် မပြောလိုက်ရဘူး၊ ချိုးချန်က သူ့နှုတ်ခမ်းကို နောက်တစ်ကြိမ်ပိတ်လိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ ပိုင်လန်က ပြင်းပြင်းပြပြတုန့်ပြန်ပါတယ်။ သူ့တစ်ကိုယ်လုံး တစ်ဖက်လူရဲ့လက်မောင်းတွေကြားထဲ မြှပ်ဝင်သွားတဲ့အထိပေါ့။
ဒါကြောင့်ချိုးချန်လည်း စိတ်တွေမတရားလှုပ်ရှားလာတာ ဘရိတ်အုပ်မရတော့ဘူး။ နှစ်ယောက်လုံးက ရွေးချယ်စရာမရှိတော့ပဲ လက်တွေကိုအသုံးပြုဖြေရှင်းလိုက်ရတယ်။ ဒါမှမဟုတ်ရင်လည်း ကားထဲက ထွက်နိုင်မှာ မဟုတ်တော့ဘူး။
ဒါပေမယ့် ကံကောင်းတာတစ်ခုက သူတို့ကိုယ်သူတို့ ဖြေလျော့လာတာမှန်သွားတယ်လို့ ဆိုရမယ်။
ဘာကြောင့်လဲဆိုတော့ အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ မြင်တွေ့လိုက်ရတာက ချိုးရှောင်ဟိုင်တစ်ယောက် မာစတာအိပ်ခန်းထဲက အိပ်ရာအကြီးကြီးပေါ်မှာ သူ့ရဲ့ယုန်ရုပ်ခေါင်းအုံးကြီးကိုဖက်ပြီး ကွေးကွေးလေးအိပ်ပျော်နေတာကိုပဲ။
သေးသေးကွေးကွေးလူသားလေးက ကြီးမားလှတဲ့အိပ်ရာကြီးပေါ်မှာအိပ်နေတယ်။ မြင်ကွင်းက အထီးကျန်စရာကောင်းလှတယ်။
သူတို့က ဒီမြင်ကွင်းကိုလည်း မြင်လိုက်ရရော အစောတုန်းကစိတ်ဆန္ဒတွေ တမဟုတ်ချင်းလွင့်ပျောက်သွားပြီ။
နှစ်ယောက်သားက အလျင်အမြန်ရေချိုးလိုက်ကြရင်း ကုတင်ပေါ်ကို တိတ်တိတ်လေးတက်လာကြပြီးတော့ ချိုးရှောင်ဟိုင်ရဲ့တစ်ဖက်တစ်ချက်ဆီမှာ ဝင်လှဲလိုက်ကြလေတယ်။
အိပ်ပျော်နေတဲ့ချိုးရှောင်ဟိုင်လည်း တစ်စုံတစ်ခုကို ခံစားမိပုံပေါ်ပါတယ်။ မျက်လုံးတွေမှတ်ထားရက်နဲ့ပဲ မျက်နှာကရှုံ့တွလာပြီး ယုန်ခေါင်းအုံးကိုဆွဲကာ ပိုင်လန့်ဘက်ကိုလှိမ့်လာတယ်။
ပိုင်လန်က ဂရုတစိုက်ပဲ ချိုးရှောင်ဟိုင်ရဲ့ခြေလက်တွေကို ဆန့်ဆန့်ယန့်ယန့်ဖြစ်အောင် လုပ်ပေးတယ်။ ပြီးတော့ ခေါင်းလေးပေါ်ကို တစ်ချက်နမ်းလိုက်တယ်။
ပိုင်လန်က ချိုးရှောင်ဟိုင်ကိုနမ်းပြီး သူ့ခေါင်းကိုမော့လိုက်တဲ့အချိန်မှာ သူအနမ်းခံရမယ့်အလှည့်ပါ။ ချိုးချန်က သူ့နားကပ်လာပြီး အနမ်းတစ်ပွင့်ပေးလိုက်ပြန်တယ်လေ။ ပြီးတော့ ကားပေါ်မှာ မပြောခဲ့ရတဲ့စကားတစ်ခွန်းကို ထပ်ပြောပါတယ်။
“မင်း ဘာမှ ပူနေစရာမလိုဘူး၊ မင်းက ကိုယ်တို့သားအဖနှစ်ယောက်လုံးကို အစောကြီးကတည်းက ဆွဲဆောင်သိမ်းသွင်းထားပြီးပြီ”
…………………