(26) ပိုင်ရှင်အသစ်
Viewers 48k

(26) ပိုင်ရှင်အသစ်

နှစ်ပတ်အကြာမှာတော့ ‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’ရဲ့ ပထမဆုံးတရားဝင်ဓါတ်ပုံတွေကို အင်တာနက်ပေါ်မှာ ဖြန့်ဝေခဲ့တယ်။

အဓိကဇာတ်လိုက်မင်းသားလီချွမ်ချင်ရဲ့ တစ်ယောက်တည်းဓါတ်ပုံတွေထဲမှာ ပိုင်လန်က အပ်ချုပ်သူတစ်ယောက်ရဲ့လုပ်ငန်းခွင်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး လည်ပင်းမှာ ပေကြိုးတစ်ချောင်းဆွဲထားတယ်။

သူ့မျက်လုံးတွေက အောက်ကိုကြည့်နေပြီး မျက်နှာပေါ်မှာက အပြုံးရေးရေးတစ်ခုရှိတယ်။ တောက်ပတဲ့မီးရောင်တစ်ခုက သူ့မျက်နှာတစ်ဖက်ခြမ်းပေါ်တည့်တည့်ကျနေပြီး ဆန့်ကျင်ဘက်ဖြစ်စွာပဲ အခြားတစ်ဖက်ခြမ်းကတော့ အမှောင်သန်းနေတယ်။ ဒါကပဲ အဓိကဇာတ်ဆောင်ကို အပြုံးအောက်မှာ မုန်တိုင်းထန်တဲ့ခံစားချက်တွေ ဖုံးကွယ်ထားသယောင် ဖြစ်စေတယ်။ နောက်ပြီး လျော့ရဲရဲရှပ်အင်္ကျီအောက်နားကို ဘောင်းဘီထဲထည့်ထားပုံက ပိုင်လန်ရဲ့ခါးပိုင်းနဲ့ လည်ပင်းကို ပိုပြီးရှည်သွယ်သယောင်ဖြစ်စေပြီး အလွန်ကို ဆွဲဆောင်မှုရှိစေတယ်။ ဒီလိုခန့်ညားလှပြီး အနည်းငယ်ဆက်စီကျတဲ့သူ့အသွင်အပြင်က ကြည့်ရှုသူတွေကို ပိုပြီးစွဲမက်လာစေတာပေါ့။

စိတ်ထဲကနက်နက်ရှိုင်းရှိုင်းခံစားချက်တွေကိုဖော်ထုတ်ဖို့ရာအတွက်  ဒီလို ဆန့်ကျင်ဘက်တွေကိုယှဉ်တွဲခိုင်းနှိုင်းထားတဲ့ ပုံစံတွေဖော်ပြရာမှာ ကျူခွန်းက အရမ်းပိုင်နိုင်ခဲ့တယ်။ ဒါက နောက်ဆယ်နှစ်အကြာကသူ့လက်ရာတွေကို အခုမျက်မြင်တွေ့လိုက်ရသလိုပါပဲ။ ဒီလို ကျူခွန်းရဲ့အရည်အချင်းတွေကြောင့်ပဲ ပိုင်လန်ရဲ့ဓါတ်ပုံက ပိုပြီးလျှို့ဝှက်ဆန်းကျယ်လာလေတယ်။

ဒါကြောင့် ဓါတ်ပုံတွေကို ဖော်ပြခဲ့ပြီးချက်ချင်းမှာ ပိုင်လန့်ပရိသတ်တွေကြားထဲ ရေပန်းစားဆုံးအကြောင်းအရာတစ်ခု ဖြစ်သွားခဲ့တယ်။ ဖန်အများစုကတော့ သိပ်ကြိုက်ကြောင်းရေးသားခဲ့ကြပေမယ့် အရင်နွေးထွေးပြီးအပြစ်ကင်းတဲ့ပုံရိပ်လေးကို ပိုလွမ်းတယ်လို့ ပြောတဲ့လူတွေလည်းရှိသေးတယ်။ ဒါပေမယ့် ကြိုက်ကြတဲ့လူတွေက အရေအတွက်ပိုများပါတယ်။ 

ဒီလိုပုံရိပ်ပြောင်းတဲ့နေရာမှာ UNI ရဲ့ကြော်ငြာတွေကလည်း အများကြီးအထောက်အကူဖြစ်ခဲ့တယ်လို့ ပိုင်လန်တွေးခဲ့တာ။ ဘာကြောင့်လဲဆိုတော့ အရင်ဘဝတုန်းက ‘လက်တွဲဖော်များ’အပြီး ပုံရိပ်ပြောင်းဖို့ကြိုးစားတာမှာ အခက်အခဲတွေအများကြီး တွေ့ကြုံခဲ့ရတာကြောင့်လေ။

ဒါပေမယ့်လည်း ပိုင်လန်မေ့နေခဲ့တာက ပြန်လည်မွေးဖွားပြီးနောက်ပိုင်းမှာ ကိုယ်ခန္ဓာကသာ (၂၄)နှစ်အရွယ်ဆိုပေမယ့် သူ့အပြုအမူတိုင်း ဝတ်စားဆင်ယင်မှုတိုင်းမှာ လူငယ်တစ်ယောက်ရဲ့မရင့်ကျက်မှုတွေ မရှိတော့တာကိုပဲ။ စူပါမားကတ်ထဲက မတော်တဆဓါတ်ပုံမှာတောင်မှ ပိုင်လန်က နူးညံ့မှုနဲ့ရင့်ကျက်မှုကို တစ်ပြိုင်နက်ထဲဖော်ပြနိုင်ခဲ့တယ်လေ။

ဖန်းဟွာကလည်း ဒီအရာကို သတိထားမိဟန်တူတယ်၊ ဒါကြောင့်လည်း သူမက ဖန်မီတင်းတွေ အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုတွေမှာ ပိုင်လန့်အဝတ်အစားပိုင်းတွေကို သူ့ကိုယ်ပိုင်ဟန်အတိုင်းပဲ စီစဉ်ပေးတယ်။ ပုံစံတွေက ငယ်ရွယ်စဉ်မှာရင့်ကျက်ပြီးသားလူတစ်ယောက်ရဲ့ ကျက်သရေရှိမှုနဲ့ ဆွဲဆောင်နိုင်စွမ်းရှိမှုတွေကို အသားပေးထားပါတယ်။  ဒီအရာတွေအားလုံးက ပိုင်လန့်ကို ‘လက်တွဲဖော်များ’ဇာတ်လမ်းတွဲပြီးနောက်မှာ ပြီးပြည့်စုံတဲ့ပုံရိပ်တွေဖြစ်လာစေတာပေါ့။

သုံးလကြာပြီးတဲ့နောက်မှာတော့ ရွှေရုပ်ရှင်က ရိုက်ကူးမှုရဲ့ သုံးပုံနှစ်ပုံလောက်ပြီးနေပါပြီ။ ရိုက်ကူးနှုန်းကတော့ မဟားတရားကိုမြန်တာပါပဲ။

ဒီတစ်လျှောက်လုံးမှာလည်း ပိုင်လန်က ကုန်ကျစရိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သေသေချာချာလေး လေ့လာနေပေမယ့်လည်း ဘာသဲလွန်စမှမတွေ့ဘူး။ 

နောက်တစ်မျိုးပြောရရင် ကျူခွန်းက ဖုံးကွယ်တဲ့နေရာမှာ ဆရာတစ်ဆူမဟုတ်တာကြောင့်လည်း ဒီအတိုင်းကံကောင်းနေပြီး ပြဿနာမရှိဘူးလို့ပဲ ပြောရမလားပေါ့။

ဒါပေမယ့် နည်းနည်းတော့ထူးဆန်းနေတယ်လို့ခံစားနေရတာကြောင့် ပိုင်လန်က နေ့လည်စာစားချိန်ကို အခွင့်ကောင်းယူပြီး မေးလိုက်မိပါတယ်။

“ဒါရိုက်တာကျူ ဒါရိုက်တာ့ကိုကြည့်ရတာ အခုတလော အရမ်းပျော်နေပုံရတယ်၊ ကိစ္စကောင်းလေးတွေ ရှိမယ်နဲ့တူတယ်” 

ဒီနေ့နေ့လည်ဘက်မှာ ကျူခွန်းနဲ့ချွယ်ချီမင်တို့နှစ်ယောက်လုံးက ပိုင်လန်နဲ့သူ့နေ့လည်စာထမင်းဘူးကြီးဘေးနားမှာ ဝိုင်းနေကြတယ်။ ဒါကြောင့် ပိုင်လန်လည်း မသိမသာနဲ့ ဒီမေးခွန်းလေး မေးလိုက်တာလေ။

ရိုက်ကူးမှုရဲ့သုံးပုံနှစ်ပုံလောက်အပြီးမှာတော့ ပိုင်လန်နဲ့ကျူခွန်းက တအားရင်းနှီးနေပါပြီ။ ကျူခွန်းက တွေဝေခြင်းအလျဉ်းမရှိဘဲ အသားလွှာပတ်ထားတဲ့ကညွတ်ဖူးကို သုံးခုမြောက်အဖြစ် တူနဲ့ကောက်ယူလိုက်ပြီး ပါးစပ်ထဲကိုထည့်ကာ အကျယ်ကြီးဝါးတယ် “ကောင်းတဲ့ကိစ္စလေးတွေ ရှိတာပေါ့ ဟား ဟား ဟား၊ နှစ်သစ်ကူးတုန်းက နည်းနည်းတော့အလုပ်များလိုက်ပေမယ့် တစ်ယောက်ယောက်က အိပ်ခါနီးငါ့ခေါင်းအောက်မှာ ခေါင်းအုံးလာထားပေးမယ်လို့ မထင်လိုက်ဘူးကွာ၊ လောင်ကျောက်နဲ့ငါတော့ ဒီလိုဖြစ်လာမယ်လို့ ယုံတောင်မယုံနိုင်ဘူး၊ ငါတို့ကံတွေအရမ်းကောင်းနေတာပဲ ဖြစ်ရမယ်” 

‘လောင်ကျောက်’ ဆိုတာ သူ့သူငယ်ချင်းကျောက်ကျင်းရွှမ်ဖြစ်ပါတယ်။ သူက အထည်အလိပ်ကုမ်ပဏီရဲ့သူဌေးဖြစ်ပြီး ကျူခွန်းကို နိုင်ငံပြန်လာဖို့ပြောတဲ့လူပါ။ 

ပိုင်လန်က စားနေတာတွေ ချက်ချင်းရပ်သွားတယ်။ သူက လောင်ကျောက်ကိုထည့်ပြောပြီဆိုမှတော့ သေချာတယ် ရုပ်ရှင်ဘတ်ဂျတ်ကိစ္စပဲဖြစ်မှာ။

ဒီနေ့ရဲ့သူ့သာမန်ကာလျှံကာမေးခွန်းလေးက ကိစ္စကြီးနဲ့တည့်တည့်တိုးသွားလိမ့်မယ်လို့ ပိုင်လန်မထင်ထားဘူး။ 

ဘေးနားကချွယ်ချီမင်လည်း သိချင်စိတ်ရှိတာကြောင့် ပြုံးပြီး ဝင်ပြောတယ် “ဒါရိုက်တာကြီး.. ပျော်စရာလေးတွေ ကျွန်တော်တို့လည်း နည်းနည်းလောက်မျှပါဦး” 

ကျူခွန်းရဲ့မျက်နှာဝဖိုင့်ဖိုင့်က အပြုံးတွေအများကြီးကြောင့် တွန့်လိမ်သွားလေတယ်။ သူက ကျေနပ်နေတဲ့လေသံကြီးနဲ့ပြောတယ် “အခုတော့ ပြောပြလို့ ရသွားပါပြီ၊ အားလုံးလည်း လုပ်ပြီးကိုင်ပြီးသေချာသွားပြီဆိုတော့၊ ရုပ်ရှင်ရိုက်နေတုန်း ခံစားချက်တွေအနှောင့်အယှက်ဖြစ်မှာလဲ မစိုးရိမ်ရတော့ဘူးလေ” 

“ခံစားချက်တွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့?” ပိုင်လန်က ရင်ပူသွားပြီး ထူးဆန်းနေမှာတွေ ဘာတွေ မတွေးတော့ပဲ တည့်မေးချလိုက်လေတယ် “ဒါဆို ကုန်ကျစရိတ်မှာ အခက်အခဲဖြစ်နေတာလား?”

ကျူခွန်းရဲ့မျက်နှာပေါ်မှာ အံ့သြတဲ့အရိပ်အယောင်ဖြတ်ပြေးသွားတယ် “Wow .. တော်လှချည်လား၊ တန်းပြီးခန့်မှန်းနိုင်တယ်၊ ဒါမှမဟုတ် မင်းလည်း သိနေခဲ့တာလား” 

ချွယ်ချီမင်လည်း လန့်သွားတယ်။ သူက တုန်လှုပ်သွားပြီးမေးလိုက်ရတယ် “တကယ်လို့ ဘတ်ဂျတ်ပြဿနာရှိတယ်ဆိုရင် ကျွန်တော်တို့ကိုလည်း အသိပေးဖို့လိုတယ်နော် ဒါရိုက်တာကြီး” 

ချွယ်ချီမင်ရဲ့ ရုပ်ရှင်သက်တမ်းအတွေ့အကြုံတွေအရ ရုပ်ရှင်တွေမှာအဓိကပြဿနာဆိုတာ ဘတ်ဂျတ်ငွေခန်းသွားတဲ့ကိစ္စပဲ။

အကယ်၍ ထုတ်လုပ်သူရဲ့အတွေ့အကြုံကလည်း မပြည့်ဝဘူး၊ အဖွဲ့သားတွေရဲ့ပူးပေါင်းဆောင်ရွက်မှုလည်း မရှိဘူးဆိုရင် သတ်မှတ်ထားတဲ့ဘတ်ဂျတ်ကျော်သွားနိုင်ဖို့ အလွယ်လေးပဲ။ အဲဒိအချိန်ရောက်မှ မြှပ်နှံသူအသစ်ရှာကြကြေးဆိုရင်တော့ ကျားအမြီးပြေးဆွဲတာထက်တောင် ခက်သေးတယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်တာ တစ်ဝက်လောက်တောင်ရောက်ပြီးလို့ ရုပ်လုံးပေါ်ပြီးတဲ့အချိန်မဟုတ်လား။ မြှပ်နှံသူအသစ်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ခက်ခဲသွားပြီလေ။ ပြီးတော့ အမြန်အဆန်ပြန်လည်မဖာထေးနိုင်ရင်တော့ ထုတ်လုပ်ရေးတစ်ခုလုံး အလဟဿဖြစ်သွားဖို့ရာ ရာခိုင်နှုန်းအတော်များပါတယ်။

ဒီနေရာမှာတော့ ရိုက်ကွင်းတစ်လျှောက်လုံး ကျူခွန်းက အစကတည်းက အသေအချာအစီအစဉ်ဆွဲထားပြီး ငွေကိုချွေတာထားတာကြောင့် အခြေအနေကောင်းသေးတယ်လို့တော့ပြောရမယ်။ ဒါပေမယ့်လည်း သူ့ရဲ့တရုတ်ပြည်ပထမဦးဆုံးရုပ်ရှင်ဖြစ်တာကြောင့် ရိုက်ကွင်းနေရာ၊ ပို့ဆောင်ထောက်ပံ့ရေး၊ ရိုက်ကူးရေးပစ္စည်းတွေနဲ့ တည်းဖြတ်ရေးလိုအပ်ချက် စတာတွေရဲ့ မမျှော်လင့်ထားတဲ့ကုန်ကျစရိတ်တွေက အများအပြားရှိတယ်။

သူ့ရှေ့ကနှစ်ယောက်စိတ်ရှုပ်သွားတာကိုတွေ့ပြီး ကျူခွန်းက သူ့ပါးစပ်သူရိုက်လိုက်တယ် “အိုက်ယား… ဒါကြောင့် အိမ်ကမိန်းမကပြောတာ ရှင်ကကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်နေတဲ့အချိန်မှာ မဟုတ်တာတွေချည်းပြောနေတာတဲ့၊ မိန်းမပြောတာ သိပ်မှန်တာပဲ” သူက အနားကပ်လာပြီး အသံနှိမ့်ပြောတယ် “အပြင်မှာလျှောက်ပြောလို့ မရဘူးနော်၊ အခုအားလုံးအဆင်ပြေသွားပြီဆိုပေမယ့် တခြားသူတွေ အလုပ်လုပ်နေတဲ့အချိန် စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး” 

ပိုင်လန်က ချက်ချင်းကတိပေးပါတယ် “ဟုတ် ကျွန်တော်တို့ မပြောပါဘူး၊ ပြီးတော့ ကျွန်တော်တို့ ကူညီနိုင်တာရှိရင်လည်း ဒါရိုက်တာကြီး အားမနာပဲ တောင်းဆိုလို့ရတယ်နော်” 

ကျူခွန်းက ပိုင်လန့်ရင်ထဲက စိုးရိမ်ကြောင့်ကြမှုတွေကို မမြင်ဘူး၊ အဲဒိအစား အာမခံတဲ့အမူအရာနဲ့ သူ့ရင်ဘတ်ကိုသာသူပုတ်ရင်း ပြောတယ် “စိတ်မပူပါနဲ့၊ ဒါက မင်းရဲ့ပထမဆုံးရုပ်ရှင်ဖြစ်သလို ငါ့အတွက်လည်း ပထမဦးဆုံးပါ၊ မင်းနဲ့လောင်ချွယ်က အရာရာသိပြီးတတ်ပြီးဖြစ်တော့လည်း ငါလည်းပြောပြချင်ပေမယ့် ဘယ်ကစပြောရမယ်မသိဘူး၊ မိုးနတ်မင်းကြီးက ငါတို့ဘက်မှာရှိတယ်လို့ပဲပြောရမယ်၊ ဘာတွေပဲဖြစ်လာပါစေ ငါ ဒီရုပ်ရှင်ကိုကြိမ်းသေပြီးအောင်ရိုက်မှာ…..”  

“ဒါဆို ဒါရိုက်တာကြီးပြောချင်တဲ့အခြေအနေက ဘယ်လိုမျိုးများလဲ?” ပိုင်လန်က ချက်ချင်းပဲမေးလိုက်တယ်။ 

“အင်း.. အဲဒါက လောင်ကျောက်နဲ့ဆိုင်တယ်၊ လောင်ကျောက်မိသားစုက စက်ရုံနည်းနည်းပိုင်တယ်၊ ပြီးတော့ အဲ့စက်ရုံတွေကိုလည်း ဆွေမျိုးတွေထဲကပဲ အုပ်ချုပ်ကြတာ၊ နှစ်သစ်ကူးတုန်းက သူ့ဆွေမျိုးတွေထဲကတစ်ချို့က မွေးရပ်မြေလည်း ပြန်မလာဘဲ ဆက်သွယ်မရဖြစ်သွားတာ၊ နှစ်သစ်ကူးပြီး ကုမ်ပဏီသွားကြည့်တော့မှပဲ သူတို့တွေက စက်ရုံကပိုက်ဆံတွေအလွဲသုံးစားလုပ်ပြီး ထွက်ပြေးသွားတာသိတော့တယ်၊ ပျောက်သွားတာ သိန်းလေးဆယ် ငါးဆယ်လောက်ရှိမယ်၊ ကြိုတင်ငွေချေထားတာတွေပါ ပါသွားတယ်၊ လောင်ကျောက်တော့ သေမလိုဖြစ်သွားတာပေါ့၊ ပြီးတော့ မိသားစုထဲက လူကြီးတွေက ရဲတိုင်ဖို့လက်မခံဘူးလေ၊ သူ့ခမျာလည်း တခြားစက်ရုံတွေကငွေလှည့်ရတော့တာပေါ့၊ ဒါပေမယ့် တအားဒုက္ခရောက်သွားတာလေ၊ ဒါကြောင့် သူ့မိသားစုလူကြီးတွေက ငါတို့ရုပ်ရှင်ကုန်ကျစရိတ်တွေကို အရင်ဆုံးဖြတ်ခိုင်းတော့တာပေါ့”

“နောက်တော့?” ပိုင်လန်က မေးရင်းနဲ့ပဲ သူ့စိတ်ထဲမှာလည်း ဘယ်လောက်ကူညီနိုင်မလဲလို့ တွက်ချက်နေတယ်။ 

စာအုပ်စီးရီးတွဲတွေက ပြီးခဲ့တဲ့နှစ်နိုဝင်ဘာကမှ ဈေးကွက်ထဲရောက်တာဖြစ်ပြီး အခုဆို လေးလလောက်ပဲရှိသေးတယ်။ ဝက်ပ်ဆိုဒ်တွေထဲ ပိုင်လန်ဝင်ကြည့်တုန်းကတော့ ပထမဦးဆုံးစာအုပ်က အားလပ်ရက်ရာသီတွေနဲ့တိုက်ဆိုင်နေတာကြောင့် အရောင်းပန်းသွက်ခဲ့သေးတယ်။

နောက်ပိုင်းသိန်းပေါင်းများစွာအကျိုးအမြတ်ရမှာနဲ့နှိုင်းယှဉ်လိုက်ရင်တော့ အခုချိန်မှာ မူပိုင်ခွင့်ကို ရောင်းထုတ်မယ်ဆိုရင် အမြတ်နည်းမယ်ဆိုတာ လုံးဝကြိမ်းသေတယ်။ ဒါပေမယ့်လည်း (၂၃)သိန်းနဲ့ဝယ်ထားတဲ့စာအုပ်တွေက ပြန်ရောင်းရင်တော့ သိန်းသုံးလေးဆယ်လောက်တော့ ပြန်ရနိုင်မယ်လို့ ခန့်မှန်းရတယ်။

ဒါပေမယ့် ပိုင်လန်က ကျူခွန်းရဲ့ဝမ်းသာအားရအသံကြီးကိုကြားမယ်လို့ မထင်ထားခဲ့ဘူး “ဘာတွေစိတ်ပူနေတာလဲ? နောက်တော့ ရုပ်ရှင်မှာရင်းနှီးမြှပ်နှံပေးမယ်ဆိုပြီး လောင်ကျောက်ဆီကို တစ်ယောက်ယောက်က ဆက်သွယ်လာတယ်တဲ့၊ အဖြစ်အပျက်တွေက အရမ်းကိုတိုက်ဆိုင်လွန်းတော့ ငါတောင်လန့်သွားသေးတယ်၊ ပြီးတော့ ရင်းနှီးမြှပ်နှံသူက အထူးတောင်းဆိုချက်တွေလည်း မရှိဘူး၊ ပြောတာက ကန်တော့ပွဲတုန်းက ဓါတ်ပုံတွေတွေ့ပြီး ဇာတ်ကြောင်းကိုလည်းစိတ်ဝင်စားလို့လို့ပြောတယ်”

ပိုင်လန်က လန့်သွားတယ်။ ဒီကိစ္စက အရင်ဘဝတုန်းက မရှိခဲ့ဖူးဘူးလေ။ ဒါကလည်း လိပ်ပြာတောင်ပံခတ်တာပဲလား၊ အကြောင်းရှိလို့ အကျိုးဖြစ်တာပဲလား...  “ဒါဆို အကုန်လုံးသေချာသွားပြီပေါ့? သူတို့တွေက စိတ်မပြောင်းတော့ဘူးပေါ့?”

“ဟား ဟား ၊ ညီလေးရယ် မင်းကိုကြည့်ရတာ ငါ့ထက်ပိုစိုးရိမ်နေသလိုပဲ” ကျူခွန်းက ပိုင်လန်ရဲ့ပုခုံးကို တရင်းတနှီးပုတ်တယ် “အကုန်လုံးဖြေရှင်းပြီးသွားပြီ၊ စာချုပ်လည်းချုပ်ပြီးသွားပြီ၊ ငွေတစ်ဝက်တောင်ချေပြီးသွားပြီ၊ ပြီးတော့ မြှပ်နှံသူအသစ်ရဲ့ဘတ်ဂျတ်ကမှ ပိုပြီး လောင်ကျောက်ထက်တောင် ခိုင်မာမှုရှိသေးတယ်၊ အခုချိန်ကစပြီး ငါတို့တွေ ငွေအတွက်ပူစရာမလိုတော့ဘူး၊ ဟား..ဟား..ဟား..” ကျူခွန်းက ပျော်ရွှင်နေတဲ့အချိန်တိုင်းမှာ သတိမမူပြုမူလေ့ရှိတယ်။ အခုချိန်မှာ သူ့ရယ်သံကြီးက အကျယ်ကြီးဖြစ်နေပြီး အသံတိုးတိုးရယ်ဖို့တောင် မေ့လျော့နေလေတယ်။ 

“သိပ်ကောင်းတာပေါ့” ပိုင်လန်ကပြောနေပမယ့် မျက်မှောင်ကိုလည်းကြုံ့ထားဆဲပါပဲ။

သူ့ဘေးနားကချွယ်ချီမင်ကတော့ သံသယဝင်တတ်တဲ့လူမျိုးမဟုတ်ဘူး။ ရုပ်ရှင်တွေအတွက် ရင်းနှီးမြှပ်နှံသူရှာတာ သာမန်ဖြစ်ရပ်ပဲလေ။ ရိုက်ကူးစဉ်တစ်ဝက်မှာ ရှာတာဆိုရင် ပိုလို့တောင်ခက်သေးတယ်။ ဒါကြောင့် သူကတော့ စိတ်အေးသွားပြီး ပြုံးကာပြောလိုက်တယ် “ဒါဆို အခုကျွန်တော်တို့ရုပ်ရှင်က ပိုင်ရှင်အသစ်ဖြစ်သွားပြီပေါ့၊ ဘယ်သူများလဲဆိုတာ ဒါရိုက်တာကြီး ကျွန်တော်တို့ကို အရိပ်အမြွက်လေးများမပြောချင်ဘူးလား?”

“ငါပြောလိုက်ရင် ခင်ဗျားတို့တွေအကုန်လုံး လန့်ဖြန့်ကုန်မှာသေချာတယ်” ကျူခွန်းက ထမင်းစားတဲ့တူတွေကို လှည့်နေပြီးမှပြောလိုက်တယ် “ငါတို့ပိုင်ရှင်အသစ်က မြို့တော်က နာမည်ကြီးပြီးအာဏာရှိတဲ့ ဟုန်မိသားစုလေ” 

ဒီစကားကိုကြားပြီး ပိုင်လန်ရဲ့နှလုံးသားလေးက ဒိန်းခနဲတစ်ချက်ဆောင့်ခုန်တယ်။ 

***

အဲဒိနေ့ ရိုက်ကွင်းပြီးဆုံးတဲ့အချိန်မှာ ပိုင်လန်က တိုက်ခန်းကိုပြန်လာခဲ့ရင်း သူ့ခေါင်းတစ်ခုလုံးလည်း ချာချာလည်နေပြီလို့ ခံစားနေရတယ်။

နေ့လည်ပိုင်းတစ်လျှောက်လုံးလည်း ကျပ်ညပ်သပ်နေတဲ့ရိုက်ကူးရေးတွေ လုပ်ခဲ့ရပေမယ့်လည်း သူက နေ့လည်စာစားချိန်မှာရှော့ရသွားတာကနေ ရုန်းမထွက်နိုင်သေးဘူး။

ဟုန်မိသားစု..တစ်နည်းအားဖြင့်.. ဟုန်ယွိရဲ့ ဝင်ရောက်စွက်ဖက်မှုကို ရိုးရိုးတိုက်ဆိုင်တာတစ်ခုမှုတစ်ခုလို့ သူ မထင်ဘူး။

ပိုင်လန်က အများကြီးတွေးတောနေခဲ့ပြီးနောက်မှာ.. ချိုးချန်ပြောသလို ဟုန်ယွိနဲ့စုချွမ်ရဲ့ ရင်းနှီးလှတဲ့ဆက်ဆံရေးရယ်၊ ပြီးတော့ ဟုန်ယွိရဲ့ပါဝါအာဏာတွေရယ် အစချီပြီး ….. ဟုန်ယွိက စုချွမ်ရဲ့ခြေလှမ်းတွေကို သိပြီးဖြစ်ရမယ်လို့ ကောက်ချက်ဆွဲမိတယ်။ သဘောက စုချွမ် သူ့ကိုစွန့်ခွာချင်နေပြီး ချိုးချန်ကိုအကူအညီတောင်းလိမ့်မယ်လို့ ဟုန်ယွိသိပြီးသားပေါ့။ ဒါဆို ရုန်အိုက်ရဲ့မွေးနေ့ပါတီမှာ သူပြောတဲ့စကားတွေက ချိုးချန်နဲ့စုချွမ်ကို ရည်ညွှန်းတာလား။ အပေါ်ယံဟန်ဆောင်ထားတဲ့စကားတွေအောက်မှာ ဟုန်ယွိက ဒီလူနှစ်ယောက်ရဲ့ပတ်သက်မှုကို အတော်လေးဆတ်ဆတ်ထိမခံဖြစ်နေခဲ့တာလား။

ပြီးတော့ သူက ရုတ်တရက်ကြီး ရွှေရုပ်ရှင်ရဲ့အဓိကရင်းနှီးမြှပ်နှံသူ ဖြစ်လာတယ်။ သူ ဘာလုပ်ချင်နေတာလဲ?

ရုန်အိုက်ရဲ့ပါတီမှာ ချိုးချန်က သူနဲ့ပိုင်လန်ရဲ့ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်းကြီးဖော်ပြပြီး သိသာစေခဲ့တယ်။ ဒါက သဘောတူညီချက်ပဲဖြစ်ဖြစ် ခံစားချက်အစစ်အမှန်ပဲဖြစ်ဖြစ် ပိုင်လန့်ကို သူ့အပိုင်ဖြစ်ကြောင်းပြသခဲ့တာ။ ဒါတွေကြောင့်များ ဟုန်ယွိက ရွှေရုပ်ရှင်မှာဝင်ရောက်စွက်ဖက်ဖို့ ဆုံးဖြတ်လိုက်တာလား။ ရည်ရွယ်ချက်က ချိုးချန်ကိုသတိပေးဖို့ ပိုင်လန့်ကိုလက်ခုပ်ထဲထည့်ထားတာလား ဒါမှမဟုတ် ချိုးချန်နဲ့အပေးအယူလုပ်ဖို့ ပိုင်လန့်ကို ဓားစာခံထားချင်တာလား။

အကြောင်းရင်းမှန်က ဘာပဲဖြစ်ဖြစ် အခုသူက ဟုန်ယွိ၊ စုချွမ်နဲ့ ချိုးချန်တို့ရဲ့ အကြံအစည်တွေကြားထဲမှာ မလူးသာမလွန့်သာရှိနေတာ ရှင်းလင်းသေချာသွားပါပြီ။

ပိုင်လန်က တွေးရင်းတွေရင်းနောက်ဆုံးမှာ သက်ပြင်းတစ်ချက်သာချလိုက်နိုင်တယ်။ ပြန်လည်မွေးဖွားလာတာကို အကောင်းဖက်ကလှည့်မြင်ခဲ့တဲ့ သူ့ကိုယ်သူတောင် လှောင်ရယ်ရယ်ချင်သွားတယ်။ 

ဒါတွေက သူ ပြန်လည်မွေးဖွားလာတာတောင်မှ ထိန်းချုပ်မရနိုင်ဘဲ၊ ဖြစ်ချင်သလိုဖြစ်နေတဲ့ကိစ္စတွေ အများအပြားရှိသေးတယ်လို့ ဆိုလိုချင်တာမလား။ ကျူခွန်းကိုတောင် မရမကလိုက်ကပ်ပြီး ရင်းနှီးအောင်လုပ်ယူထားရပေမယ့် အဆုံးသတ်မှာတော့ အကူအညီမပေးနိုင်ဖြစ်နေဆဲပဲ မဟုတ်လား။ တကယ်လို့များ ကိစ္စတွေက သူသံသယရှိသလိုများ ဖြစ်လာခဲ့တယ်ဆိုရင် ရွှေရုပ်ရှင်ကတော့ ရိုက်ကူးမှုပြီးသွားပေမယ့်လည်း ကျော်လွှားမသွားနိုင်တဲ့ပြဿနာမျိုးကြုံတွေ့နိုင်ဖို့ အရမ်းကိုများပါတယ်။ ဥပမာပြောရရင် အရင်ဘဝတုန်းကလိုမျိုး ရုပ်ရှင်ရုံတွေပေါ် ဘယ်တော့မှ ရောက်မလာခဲ့တာမျိုးပေါ့….

ပိုင်လန်က အလွန်တရာကို အကူအညီမဲ့ပြီးအားပြတ်သွားသလို ခံစားလိုက်ရတယ်။ 

ဒါကြောင့် အိမ်ပြန်ရောက်တဲ့အချိန်မှာ နည်းနည်းလေးတောင် မလှုပ်ချင်တော့ဘူး။ သူက ဆိုဖာခုံပေါ်ထိုင်ရင်း ရောက်တတ်ရာရာငေးနေမိတယ်။

ဒါက အိမ်ရှေ့တံခါးသော့ဖွင့်သံကြားလိုက်ရပြီး တံခါးပွင့်သွားတဲ့အထိပါပဲ။ ပိုင်လန်က လှည့်ကြည့်လိုက်တဲ့အခါ ချိုးရှောင်ဟိုင်ကျောင်းသွားကြိုပြီးပြန်လာတဲ့ရှောင်လီကို တွေ့လိုက်တယ်။ 

ရှောင်လီက ပိုင်လန်ကို ခေါင်းညိတ်ပြတယ်။ ပြီးတော့ ချိုးရှောင်ဟိုင်ကိုပဲအထဲပေးဝင်လိုက်ပြီး သူပါလိုက်မဝင်တော့ဘဲ တံခါးကိုသာပြန်ပိတ်ပေးသွားတယ်။ အိမ်မှာ ပိုင်လန်ဖြစ်ဖြစ် ချိုးချန်ဖြစ်ဖြစ် တစ်ယောက်ယောက်ရှိနေရင် ရှောင်လီက အိမ်ထဲဝင်လာခဲပါတယ်။

ချိုးရှောင်ဟိုင်က အိမ်ထဲဝင်လာရင်း ရှားရှားပါးပါးစောစောပြန်ရောက်နေတဲ့ ပိုင်လန့်ကိုမြင်တဲ့အခါ မျက်လုံးလေးတွေ တောက်ပသွားလေတယ်။ ချက်ချင်း ဖိနပ်ကိုကန်ချွတ်လိုက်ရင်း ကျောပိုးအိတ်တောင်မချဘဲ ပိုင်လန့်ပေါင်ပေါ်ပြေးတက်တယ်။

“အားပိုင်~ အိမ်ပြန်ရောက်နေပြီလား” ပိုင်လန့်ခါးကိုဖက်ထားတဲ့ချိုးရှောင်ဟိုင်က သူ့ကိုမော့ကြည့်ပြီး ပြုံးပြလာတယ်။ 

“အင်း.. ပြန်ရောက်နေပြီ” ပိုင်လန်လည်း ဒီကောင်လေးကို ပြန်ပြုံးပြလိုက်ရတာပေါ့။ 

ပိုင်လန်က ချိုးရှောင်ဟိုင်ရဲ့အိတ်ကို ကူချွတ်ပေးပြီး ပေါင်ပေါ်မှာချီတင်ထားတယ်။ 

ကလေးငယ်လေးရဲ့ကိုယ်အပူချိန်က ရေနွေးအိတ်တစ်လုံးလို သိပ်ကိုနွေးထွေးလွန်းတော့ ပိုင်လန့်နှလုံးသားထဲက လေးလံလွန်းလှတဲ့ဖိစီးမှုတွေတောင်မှ အများကြီးလျော့နည်းသွားသလိုပဲ။

ချိုးရှောင်ဟိုင်က ပျော်ပျော်ရွှင်ရွှင်ဖက်တွယ်ထားပြီး ပိုင်လန့်ရင်ဘတ်မှာပွတ်သပ်နေတာ သူ့ယုန်ခေါင်းအုံးအမှတ်နဲ့ ဖက်နေသလားတောင်ထင်ရတယ်။

“အားပိုင် အားပိုင် ဒီနေ့လေ ဆရာမက အတန်းထဲမှာ မေးခွန်းတစ်ခုမေးတယ်” 

“ဘာမေးခွန်းလဲ?”

“ဆရာမက သားတို့ကိုမေးတာ အိမ်မှာဘယ်သူ့ကိုအချစ်ဆုံးလဲတဲ့၊ သားက ပြောလိုက်တယ် ဖေဖေနဲ့အားပိုင်လို့!”

ပိုင်လန်က ရယ်ပါတယ် “ကျေးဇူးပါ” 

“ပြီးတော့ ဆရာမက ထပ်မေးတယ်၊ အားပိုင်က ဘယ်သူလဲတဲ့”

“အဲ့ဒိတော့ သားက ဘာပြောလိုက်လဲ?” ပိုင်လန်ကပြုံးပြီး ချိုးရှောင်ဟိုင်ရဲ့ပြောပုံဆိုပုံအတိုင်း အတုခိုးပြောလိုက်တယ်။ 

“သားက ဆရာမကိုပြောလိုက်တာ အားပိုင်က အားပိုင်လို့” ချိုးရှောင်ဟိုင်ရဲ့မျက်လုံးလေးတွေက ပြူးကျယ်ပြီး တလက်လက်ဖြစ်လာတယ် “အားပိုင်က ကျန်းရှင်းချန်မဟုတ်တော့ဘူးလေ၊ သားတို့မိသားစုဖြစ်သွားပြီ!”

“သြော်?” ပိုင်လန်ရဲ့မျက်ခုံးတွေမြင့်တက်သွားတယ်။ “ဒါဆို သားပြောတာကြားတော့ ဆရာမက ဘာပြောလဲ?”

“ဆရာမက ပြောတယ် သူနားမလည်ဘူးတဲ့၊ ပြီးတော့ အားပိုင်က အိမ်မှာဘာလုပ်လဲလို့မေးတယ်” 

“ပြောပါဦး၊ အားပိုင်က အိမ်မှာဘာလုပ်တာတုန်း?” ပိုင်လန်က မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်နေတယ်။ 

“သားပြောလိုက်တာက အားပိုင်က ထမင်းချက်တယ်လို့၊ ယုန်ပေါက်စီလည်းလုပ်ပေးတယ်လို့၊ ပြီးတော့ သားကိုလည်းဖက်တယ် နောက်ပြီးနမ်းတယ်၊ သားအိမ်စာတွေလည်း ကူလုပ်ပေးတယ်လို့၊ ပြီးတော့ ဖေဖေနဲ့လည်း အတူအိပ်တယ်လို့!”

ချိုးရှောင်ဟိုင်က ရှိရုံတင်မဟုတ်ဘဲ အလွန်တရာကျော်ထွက်နေတဲ့ ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေတယ်။

ပိုင်လန်မျက်နှာပေါ်က အပြုံးလေးကတော့ တဒင်္ဂအေးခဲသွားရတယ် “ဒါ အားပိုင်တို့နှစ်ယောက်ကြားထဲက လျှို့ဝှက်ချက်လို့ ပြောထားတယ်လေ?”

“ဟုတ်တယ်လေ” ချိုးရှောင်ဟိုင်က သူ့ခေါင်းကို တဆတ်ဆတ်နဲ့ညိတ်နေတယ်“အဲ့ဒါကြောင့် အင်္ကျီချွတ်အိပ်တယ်လို့ သားက မပြောခဲ့ဘူးလေ” 

ပိုင်လန်ကတော့ လုံးဝဥဿုံ အကူအညီမဲ့နေပါပြီ “.….ကျေးဇူးတင်လိုက်တာကွာ”

ချိုးရှောင်ဟိုင်က သူ့စကားဆုံးအောင်မစောင့်ဘူး၊ ငြိမ်ငြိမ်လည်းမနေဘဲ တက်ကြွစွာနဲ့ထပ်ပြောတယ် “နောက်ပြီးတော့ ချန်ကျန်းကျန်းကပြောသေးတယ်၊ အဲဒါ မေမေတွေလုပ်တဲ့ အရာတွေတဲ့!”

နောက်ထပ်ပြီး ချိုးရှောင်ဟိုင်ရဲ့ မဝံ့မရဲအမူအရာလေးနဲ့ ပြောလိုက်တဲ့စကားတွေကိုကြားပြီးနောက်မှာတော့ ပိုင်လန်က ချန်ကျန်းကျန်းဆိုတာဘယ်သူလဲလို့ မေးဖို့တောင် အခွင့်အရေးမရတော့ပါဘူး။ 

“အားပိုင်~ သားမေမေ လုပ်ပေးပါလားဟင်?”

…………………………..