(27) မိသားစုသူငယ်ချင်း
အဲဒိညမှာ ချိုးချန်အိမ်ပြန်ရောက်လာပြီး သော့ကိုလှည့်၊ အိမ်တံခါးကိုဖွင့်လိုက်တဲ့အချိန် အထဲမှာ ခါတိုင်းလိုတီဗွီကလာတဲ့ ကာတွန်းသံဆူဆူညံညံတွေကို မကြားရဘူး။ သူက ဖိနပ်ကိုချွတ်ပြီး ဧည့်ခန်းထဲချောင်းကြည့်လိုက်တယ်။
ဧည့်ခန်းထဲမှာ ပိုင်လန်ကချိုးရှောင်ဟိုင်ကို ပေါင်ပေါ်တင်ပြီးဖက်ထားတာကို သူမြင်တယ်။ သူတို့နှစ်ယောက်ရဲ့ခေါင်းတွေပူးကပ်နေတာ လျှို့ဝှက်ချက်တွေတီးတိုးတိုင်ပင်နေကြတဲ့အတိုင်းပဲ။ နှစ်ယောက်လုံးက အာရုံစိုက်နေကြတော့ ချိုးချန်ဝင်လာတာတောင် မသိကြဘူး။
ချိုးချန်ရဲ့မျက်ခုံးတွေမြင့်တက်သွားလေရဲ့။ သူက လျှောက်ဝင်လာပြီးမေးလိုက်တယ် “နှစ်ယောက်သား ဘာတွေလုပ်နေကြတာလဲ?”
သူ့အသံကြားတော့ နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်းလှည့်ကြည့်တယ်။
ပိုင်လန့်ကိုကြည့်ရတာ နည်းနည်းတော့စိတ်ရှုပ်ထွေးနေပုံရတယ်။ ချိုးရှောင်ဟိုင်ရဲ့မျက်လုံးတွေကတော့ နှစ်ဖက်လုံးနီရဲနေလေရဲ့။
ချိုးချန်က အံ့အားသင့်သွားတာပေါ့ “အိုး.. ငါတို့ဝက်လေးကို ဘယ်သူအနိုင်ကျင့်လိုက်တာလဲ?”
ချိုးရှောင်ဟိုင်က ခေါင်းကိုတစ်ဖက်လှည့်လိုက်ပြီး မေးတာပြန်မဖြေဘူး။ သူက နှုတ်ခမ်းစူပြီး ပိုင်လန့်ရင်ဘတ်ထဲ ခေါင်းကိုဝှက်ထားတယ်။
ပိုင်လန်လည်း ချိုးချန်အမေးကို ပြန်မပြောပါဘူး။ ပေါင်ပေါ်ကကောင်လေးကိုပဲပွေ့ဖက်ထားပြီး အနမ်းတွေဆက်တိုက်ပေးနေတယ် “တော်ပြီနော်၊ နောက်ထပ်မငိုနဲ့တော့၊ အားပိုင်တို့ သဘောတူထားပြီးပြီလေ၊ လက်သန်းချင်းတောင်ချိတ်ပြီး ကတိပေးထားပြီးပြီ၊ ဟုတ်တယ်မလား?”
ချိုးချန်က ပိုင်လန့်နားဝင်ထိုင်ပြီးမေးလိုက်တယ် “ဘာဖြစ်နေတာလဲ?”
ပိုင်လန်က စိုးရိမ်တာတစ်ဝက်၊ အကူအညီမဲ့တာတစ်ဝက် ပေါင်းစပ်ထားတဲ့မျက်နှာကိုသာ ဖော်ပြနိုင်ပါတယ်။ ဒီအချိန်မှာ ချိုးရှောင်ဟိုင်က သနားစဖွယ်အသံလေးနဲ့ပြောလေတယ်
“…ဘာလို့ မေမေက မိန်းကလေးပဲဖြစ်မှ ရမှာလဲ..ဟင်၊ သားက အားပိုင်ကို သားမေမေဖြစ်စေချင်တာကို..”
ပိုင်လန်က ချိုးရှောင်ဟိုင်ကို တင်းတင်းဖက်ထားရင်းပြန်ပြောတယ် “အဲဒါက အရေးမကြီးဘူးလေ၊ အားပိုင်က မေမေမဟုတ်လည်း ရှောင်ဟိုင်ဖို့ အရသာရှိတဲ့ဟင်းတွေအများကြီး လုပ်ပေးနေတာပဲလေ”
ချိုးချန်ရဲ့မျက်ခုံးတွေက ပိုလို့တောင်မြင့်တက်သွားရတယ်။ ဘာဖြစ်နေလဲဆိုတာ သူအကြမ်းဖျင်းခန့်မှန်းလို့ရသွားပြီ။
“ဒါပေမယ့် ချန်ကျန်းကျန်းပြောတာက မေမေဆိုတာ အားပိုင်လိုပဲလေ” ချိုးရှောင်ဟိုင်က တိုးတိုးလေးနဲ့ မရဲတရဲလေးပြောရှာတယ်။
ပိုင်လန်က ချိုးရှောင်ဟိုင်ဆံပင်လေးတွေကို ပွတ်ပေးနေပါတယ် “ဟုတ်တယ်လေ၊ ဒါကြောင့် အားပိုင်က ရှောင်ဟိုင့်ဘေးနားမှာအမြဲနေပေးမှာပေါ့၊ မေမေဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးဘူး”
“အားပိုင်က ဒီမှာအမြဲနေမှာလား?”
“နေမှာပေါ့၊ ရှောင်ဟိုင်က အားပိုင်ကို မလိုတော့ဘူးဆိုတဲ့အထိနေမှာ၊ အားပိုင်က ဒီမှာအမြဲရှိမှာ” ပိုင်လန်က နူးညံ့ကြင်နာစွာပြောပါတယ်။
ဒီစကားကိုကြားတဲ့ချိုးရှောင်ဟိုင်က ပိုင်လန့်ရင်ခွင်ထဲ ပိုလို့တောင် တိုးဝှေ့ဝင်လာတယ် “ဟင့်အင်း ဟင့်အင်း သားက အားပိုင်ကိုမလိုတော့ဘူးလို့ ဘယ်တော့မှမပြောဘူး၊ ပြီးတော့ အားပိုင်ကို သားမေမေလုပ်စေချင်တာ”
“ဟုတ်တယ်လေ၊ ရှောင်ဟိုင်က အားပိုင်ကို အမြဲပိုင်ဆိုင်မှာပဲလေ၊ အဲ့ဒါအတူတူပဲမဟုတ်ဘူးလား”
“ဒါဆို အတူတူပဲဆိုရင် ဘာလို့ သားက အားပိုင်ကိုမေမေလို့ခေါ်လို့မရတာလဲ?”
“ဘာဖြစ်လို့လဲဆိုတော့ အားပိုင်က မိန်းကလေးမဟုတ်လို့ပေါ့၊ မေမေက မိန်းကလေးဖြစ်မှရတာလေ”
ပိုင်လန်ရဲ့ချော့မော့ပြောဆိုသံက နူးညံ့နေတုန်းပါပဲ။ သူက ဒီအကြောင်းအရာကိုပဲ ရည်ရွယ်ပြောဆိုချင်နေပုံရပြီး အလွန်တရာစိတ်ရှည်လက်ရှည်ရှင်းပြနေတယ်။
“ဘာလို့လဲ? သားက မိန်းကလေးတွေကိုမှ မကြိုက်တာ၊ ဘာလို့ မေမေက မိန်းကလေးဖြစ်မှရမှာလဲ?”
ချိုးရှောင်ဟိုင်က မြည်းတစ်ကောင်လို ခေါင်းမာမာနဲ့ငြင်းဆန်နေတယ်။
ဒီအချိန်မှာ ချိုးချန်နားလည်လိုက်ပါပြီ။ ပိုင်လန်နဲ့ချိုးရှောင်ဟိုင်တို့ ဒါချည်းပဲထပ်ကာတလဲလဲ ဘယ်နှကြိမ်လောက် ပြောပြီးဆိုပြီး ဖြစ်နေတာကိုပေါ့။
ပြီးတော့ ပိုင်လန်တစ်ယောက် ချိုးရှောင်ဟိုင်ကိုအလျော့မပေးတာ ဒီတစ်ကြိမ် ပထမဦးဆုံးပဲ။ သူက နည်းနည်းလေးတောင် လျော့မပေးချင်ဘူး။ အရင်တုန်းကတော့ ချိုးချန်တောင်မနာလိုဖြစ်ရလောက်အောင် ချိုးရှောင်ဟိုင်ကိုအလိုလိုက်လွန်းတဲ့အတွက် အခု သူ့သား ခေါင်းမာပြီးပိုင်လန့်ကိုမေမေအတင်းလုပ်ခိုင်းနေတာကို ချိုးချန်မအံ့သြတော့ဘူး။ ဒါကြောင့် အမှန်ပြောရရင် ချိုးချန်က ရှေ့ကနှစ်ယောက်ငြင်းခုံနေတာကို နည်းနည်းလောက်ထပ်စောင့်ကြည့်ချင်သေးတယ်။ ဒါပေမယ့်လည်း သူ ဒီလိုလုပ်မယ်ဆိုရင် ပိုင်လန်ကခွင့်လွှတ်မှာမဟုတ်ဘူး။
ဒါကြောင့် ချိုးချန်က ဝင်ပြောလိုက်တယ် “ပါးစပ်က ခေါ်လို့မရရင် စိတ်ထဲကခေါ်ကြည့်လေ ငတုံးလေးရဲ့”
ပိုင်လန်ရဲ့မျက်လုံးက သူ့ကိုလှမ်းကြည့်လာပြီး ချိုးရှောင်ဟိုင်ရဲ့ခေါင်းက ဒီဘက်လှည့်လာတယ်။ ကောင်ငယ်လေးက ခဏစဉ်းစားပြီးတော့မှ ကြောင်တောင်တောင်လေးပြန်ပြောတယ် “ဒါပေမယ့် သားက စိတ်ထဲကခေါ်ရင် အားပိုင်က ကြားမှမကြားတာ”
“ခေါ်လည်မခေါ်ကြည့်ဘဲနဲ့ ဘယ်လိုသိမှာတုန်း၊ စမ်းခေါ်ကြည့်လိုက်၊ ‘မေမေ’လို့စိတ်ထဲကတွေး ‘အားပိုင်’လို့ပါးစပ်ကခေါ်လိုက်၊ ခေါ်ကြည့်လေ” ချိုးချန်ကမေးဆတ်ပြရင်း ပြောလိုက်တယ်။
ချိုးရှောင်ဟိုင်က မျက်လုံးကိုပြူးပြီး ပိုင်လန့်ဘက်ကိုပြန်လှည့်လာတယ် “အားပိုင်~?”
ချိုးချန်က ပိုင်လန့်ကို တမင်သက်သက်လမ်းကြောင်းပေးရင်းကြည့်လိုက်လေရဲ့ “ကြားလား ခေါ်နေတယ်လေ?”
“…...” ဒီသားအဖနှစ်ယောက်ကြားထဲမှာ ပိုင်လန်က ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။ ဒါပေမယ့်လည်း ချိုးရှောင်ဟိုင်ရဲ့ မျှော်လင့်ချက်တကြီးစိုးရိမ်နေတဲ့မျက်ဝန်းတွေကိုကြည့်ပြီး အလျှော့ပေးလိုက်ဖို့ရာပဲ တတ်နိုင်ပါတော့တယ် “အင်း..ကြားတယ်”
ချိုးရှောင်ဟိုင်ရဲ့မျက်နှာက ချက်ချင်းကိုဝင်းပသွားတော့တာပဲ။ သူက အကျယ်ကြီးအော်တယ် “တကယ်!? အားပိုင်! အားပိုင် အားပိုင် အားပိုင်~! ဟိဟိဟိ” သူ့တစ်ကိုယ်လုံးကတော့ ပိုင်လန့်ရင်ဘတ်ပေါ်တွယ်တက်ရင်း ခါတိုင်းလို ပွတ်သတ်နေလေတယ်။
ပိုင်လန်က လက်တစ်ဖက်နဲ့ ချိုးရှောင်ဟိုင်ကို ဖက်ထားပေမယ့် ချိုးချန်ကိုတော့ အပြစ်တင်ချင်တဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်။
ပိုင်လန် ဘာကြောင့်ဒီလောက်ခေါင်းမာနေရလဲ ချိုးချန်လည်း သိပါတယ်။ သူက ချိုးရှောင်ဟိုင်တစ်ယောက် ရုတ်တရက်မှားပြောမိပြီး သူငယ်ချင်းတွေဆီက အလှောင်ခံရမှာကို စိုးရိမ်နေတာ။
ဒါပေမယ့်လည်း အမှန်တရားက အမှန်တရားပဲ၊ မပြောတာနဲ့ပဲ တကယ်မရှိတာမှ မဟုတ်တာ။ သူကတော့ နောက်တော့မှ ချိုးရှောင်ဟိုင်ဆီက အပြစ်တင်ခံရင်ခံလိုက်မယ်၊ အခုတော့လိမ်ညာပြီးပဲဖြစ်ဖြစ် သူ့သားကိုပျော်စေချင်ပါတယ်။
“သူ နောက်တော့နားလည်သွားမှာပါ” ချိုးချန်ကလက်လှမ်းပြီး ချိုးရှောင်ဟိုင်ရဲ့ဆံပင်တွေကိုဖွနေတယ်။ ပြီးတော့မှ ပိုင်လန့်ဘက်ကိုလှည့်ပြီး အောက်နှုတ်ခမ်းလေးကို ဖွဖွလေးကိုက်လိုက်လေရဲ့။
“ဟူး…ဘယ်လိုများ.. ငါ့သားဖြစ်လာလဲမသိဘူး”
ဒီနေရာမှာမြင်နိုင်တာတစ်ခုရှိပါတယ်။ ချိုးချန်ရဲ့ပြုစုစောင့်ရှောက်ပုံတွေက တစ်ခါတစ်ရံကြမ်းတမ်းတယ်လို့ ထင်ရပေမယ့် တစ်ခါတစ်ရံတော့လည်း စိုးရိမ်သောကတွေကင်းဝေးသွားလောက်အောင် စွမ်းဆောင်နိုင်လေတယ်။
***
နောက်တစ်နေ့မှာ ချိုးရှောင်ဟိုင်က ပိုင်လန့်လက်ကိုတစ်ဖက် ချိုးချန်လက်ကိုတစ်ဖက် လွှဲရမ်းပြီး ပျော်ပျော်ရွှင်ရွှင်ကျောင်းသွားတက်တယ်။
သူ့ခြေထောက်သေးသေးလေးနှစ်ဖက်က ခုန်ဆွခုန်ဆွလုပ်နေတာ မြေကြီးနဲ့လွတ်မတတ်ပဲ။
ပိုင်လန်က ချိုးရှောင်ဟိုင်ကို ကျောင်းခန်းထဲလိုက်ပို့နေတဲ့အချိန်မှာ ချိုးချန်က နေကာမျက်မှန်ကိုချွတ်ရင်း ဆရာမနဲ့ဟိုဘက်နားသွားစကားပြောလိုက်ဦးမယ်လို့ အချက်လှမ်းပြတယ်။ ပိုင်လန်ကတော့ စာသင်ခန်းထဲ ပရိသတ်သေးသေးလေးတွေပတ်လည်ဝိုင်းလို့ အလုပ်များနေတာကြောင့် ချိုးချန်နဲ့ဆရာမ ဘာတွေပြောကြသလဲတော့ မကြားလိုက်ဘူး။ စာသင်ခန်းထဲကထွက်လာကြတော့ ဆရာမမျက်နှာပေါ်ကအပြုံးတွေ အေးခဲနေတာပဲ တွေ့လိုက်တယ်။ ချိုးချန်က သူ့နေကာမျက်မှန်ကို ပြန်တပ်လိုက်တယ်။
နှစ်ယောက်သားက မူကြိုကျောင်းထဲက အတူတူထွက်လာရင်း ပိုင်လန်က မနေနိုင်တော့လို့မေးလိုက်ရလေတယ် “ဆရာမကို ဘာတွေသွားပြောလိုက်တာလဲ၊ ကိစ္စတွေရှုပ်ထွေးကုန်အောင် မဟုတ်ကဟုတ်ကတွေသွားပြောလိုက်တာတော့ မဟုတ်ဘူးမလား”
ချိုးချန်က အကြံဆိုးနဲ့ထရယ်တယ် “ကိုယ်က ရှုပ်ထွေးအောင်မဟုတ်တာနဲ့ပဲ အခြားသူတွေကိုလည်း လုပ်ခွင့်ပြုလိုက်တာမဟုတ်ဘူး၊ ဆရာ ဆရာမတွေနဲ့ ရင်းနှီးမှုတည်ဆောက်ထားရမှာ မိဘတွေရဲ့တာဝန်ပဲလေ”
ပိုင်လန်က ချိုးချန်ကို သံသယမျက်ဝန်းနဲ့ကြည့်လိုက်တယ်။ ချိုးချန်ကတော့ သူ့လက်မောင်းတစ်ဖက်ကို ပိုင်လန့်ပုခုံးပေါ်တင်လိုက်လေရဲ့ “ဘယ်လိုမျက်နှာထားနဲ့ကြည့်နေတာတုန်း၊ ဒီမှာ ကိုယ်ပြောမယ်.. မင်းက အခုချိန်ကစပြီး ရှောင်ဟိုင့်မိဘအုပ်ထိန်းသူနေရာမှာ တစ်ယောက်အပါအဝင်ဖြစ်သွားပြီ၊ ကိုယ် ဆရာမကို ပြောပြီးသွားပြီ”
ပိုင်လန်ကတော့ ဆွံ့အသွားတဲ့အမူအရာနဲ့သာ ကြည့်လိုက်နိုင်လေတယ်။
ချိုးချန်က မျက်ခုံးတွေကိုပင့်ရင်းပြောပါတယ် “အိုကေ အိုကေ.. ရင်းနှီးတဲ့မိသားစုသူငယ်ချင်းလို့ပြောလိုက်တာပါ၊ မိသားစုသူငယ်ချင်း…”
ဒါကမှ ပိုပြီးယုတ္တိရှိဦးမယ်… ပိုင်လန်ကတွေးပါတယ်။
အခုချိန်မှာ ကျောင်းထဲကဆရာမကတော့ မယုံရေးချမယုံ ဆိုတဲ့အမူအရာဖြစ်နေပေမယ့်လည်း ရွေးချယ်စရာမရှိဘဲ ဇွတ်မှိတ်ယုံလိုက်ရပါတယ်။
***
အခြားတစ်ဖက်မှာလည်း ချိုးရှောင်ဟိုင်တစ်ယောက် အရမ်းကိုပျော်ရွှင်နေလေတယ်။
“အားကျန်း.. ဒီမှာကြည့် ယုန်ပေါက်စီတွေ၊ အားပိုင်က မင်းစားဖို့တဲ့~”
ချိုးရှောင်ဟိုင်က ထိုင်ခုံမှာထိုင်ပြီးပြီးချင်းပဲ အိတ်ထဲက နေ့လည်စာထမင်းဘူးကို ထုတ်လိုက်တယ်။ အထဲမှာက နူးညံ့ပွရွနေတဲ့ ယုန်ပုံသဏ္ဍာန်မုန့်လုံးဖြူဖြူလေးတွေပါ။ သူက ဘေးနားမှာထိုင်နေတဲ့ရုန်ကျန်းရှေ့ကိုတွန်းပို့ပေးလိုက်တယ်။
ဘေးနားကကောင်လေးက ချောမောလှပတဲ့ကောင်ငယ်လေးတစ်ယောက်ပါ။ ချောလွန်းလို့ ယောကျ်ားလေးတစ်ယောက်နဲ့တောင်မတူဘူး။ ဒါပေမယ့် နှုတ်ဆိတ်တည်ငြိမ်ပြီး မျက်နှာထားတင်းလွန်းတော့ မိန်းကလေးဆန်တယ်လည်း မဟုတ်ဘူး။
ရုန်ကျန်းက သူ့ရဲ့ရှည်လျားလှတဲ့မျက်တောင်တွေကိုခတ်လိုက်ပြီး ခေါင်းကိုငုံ့ကာ ထမင်းဘူးကို စေ့စေ့စပ်စပ်ကြည့်တယ်။ ပြီးမှ ပြောလေရဲ့ “ကျေးဇူး..”
ချိုးရှောင်ဟိုင်က ရုန်ကျန်းဘက်ကို တိတ်တိတ်လေးကပ်လိုက်ပြီးမှ စိတ်လှုပ်ရှားစွာပြောလိုက်တယ် “အားကျန်း. ငါ မင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်၊ မင်းသိလား အခု အားပိုင်က ငါ့မေမေဖြစ်သွားပြီ၊ ငါ အားပိုင်ကို မေမေလို့ခေါ်လို့ရပြီ! မကောင်းဘူးလား!?”
အဖြူနဲ့အမဲကွဲပြားချက်ကို ကောင်းကောင်းသိတဲ့ ရုန်ကျန်းက သူ့ရဲ့မျက်လုံးကြီးကြီးတွေနဲ့ ချိုးရှောင်ဟိုင်ကိုကြည့်ပြီး အေးအေးဆေးဆေးပဲ ခေါင်းညိတ်ပြလိုက်တယ်လေ “ဖြစ်သင့်တာပဲကို”
ချိုးရှောင်ဟိုင်က သွားတွေအကုန်လုံးပေါ်တဲ့အထိပြုံးတယ် “မင်းပြောတာမှန်တယ်၊ ချန်ကျန်းကျန်းပြောတာမှားတယ်! အားပိုင်က တကယ်ကြီး ငါ့မေမေဖြစ်လို့ရတယ်”
ရုန်ကျန်းက နောက်ထပ်ခေါင်းညိတ်ပြပြန်တယ်။ နောက်ပြီး အိတ်ကပ်ထဲက လက်ကိုင်ပုဝါကိုထုတ်ပြီး လက်ကိုသုတ်တယ်။ ပြီးတော့မှ ထမင်းဘူးကိုဂရုတစိုက်ဖွင့်လေတယ်။ သူက ခပ်ဝဝပေါက်စီတစ်လုံးကိုယူလိုက်ပြီး နှစ်ခြမ်းခွဲလိုက်တယ်။ တစ်ခြမ်းကို ချိုးရှောင်ဟိုင်ဆီပေးပါတယ် “ရော့”
ချိုးရှောင်ဟိုင်လည်း အသာအယာပဲယူလိုက်တယ်။ ပြီးတော့မှ ယုန်နားရွက်ကနေ တစ်ကိုက်စကိုက်တယ်။ ချိုးရှောင်ဟိုင်ကိုကြည့်ရတာ ပေးထားတဲ့လက်ဆောင်ကို ပြန်ယူစားရတာ တစ်စက်လေးမှ ရှက်ပုံမရဘူး။ ရုန်ကျန်းလည်း ချိုးရှောင်ဟိုင်စားနေတာကိုကြည့်ပြီးမှ သူ့တစ်ခြမ်းကို နားရွက်နေရာကစပြီး ဖြည်းဖြည်းချင်းစားလေတယ်။
ဒီအချိန်မှာ ဆံပင်ရှည်လေးကို ပိုနီတေးပုံစံစုချည်ထားပြီး ပန်းရောင်တောက်တောက်ဝတ်စုံလေးနဲ့ ကလေးမလေးတစ်ယောက်က သူတို့နှစ်ယောက်စားပွဲနားရောက်လာတယ်။ ကောင်မလေးက ရပ်လိုက်ပြီး ချိုးရှောင်ဟိုင်ကို လက်ညှိုးထိုးကာ ကလေးသံလေးနဲ့ပြောပါတယ် “ချိုးရှောင်ဟိုင်.. နင် ဘာလို့ စာသင်ခန်းထဲမှာ စားနေရတာလဲ”
ချိုးရှောင်ဟိုင်က သူ့နှာခေါင်းနဲ့လည်ပင်းကို ခပ်မြန်မြန်ပဲကွယ်လိုက်တယ် “ဘာဖြစ်လဲ၊ စားလို့တောင်ကုန်နေပြီ”
ကလေးမလေးရဲ့မျက်နှာက နီရဲသွားတယ်။ သူမက အထစ်ထစ်အငေ့ါငေါ့နဲ့ပြောလေတယ် “နင် နင် မနက်စာ မစားလာဘူးလား? ငါ ငါတို့ဆို အိမ်မှာအမြဲတမ်း ကိတ်မုန့်စားတယ်၊ ကိတ်မုန့်က ဒါတွေထက်ပိုကောင်းတယ် သိလား၊ ငါ နင့်အတွက်ယူလာခဲ့မယ်၊ နင် နင်ကြိုက်မှာ သေချာတယ်!”
စကားတွေကိုကြားတဲ့ချိုးရှောင်ဟိုင်က ခဏတော့ရပ်သွားတယ်။
ရုန်ကျန်းက ရုတ်တရက်ဝင်ပြောပါတယ် “မနက်စာကို ကိတ်မုန့်စားလို့မရဘူး”
ချိုးရှောင်ဟိုင်က ခေါင်းလှည့်ပြီးခပ်မြန်မြန်မေးလိုက်တယ် “ဘာလို့လဲ?” သူလည်း ကိတ်မုန့်စားရတာကြိုက်တယ်လေ။
“ဗိုက်နာလိမ့်မယ်..” ရုန်ကျန်းက ပေါက်စီကိုဝါးရင် ဖြည်းဖြည်းပဲပြောတယ် “..ဆရာဝန်ပြောတာ”
“လျှောက်ပြောနေတယ်! ငါ ငါစားတာ ဗိုက်မနာဘူး!” ကောင်မလေးကကြားပြီး ချက်ချင်းအော်ပြောတယ်
“အားကျန်းက လျှောက်မပြောဘူး” ချိုးရှောင်ဟိုင်က ရင်ဘတ်ကိုကော့လိုက်ရင်း ရုန်ကျန်းဘက်က ကာကွယ်ပြောဆိုတယ် “တကယ်လို့ အားကျန်းက နာတယ်လို့ပြောရင် တကယ်နာလိမ့်မယ်!”
ကလေးမလေးက ချက်ချင်းပဲ ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီးမှ နောက်ဆုံးမှာ ဒေါသတကြီး ခြေကိုဆောင့်လေတယ်။
“ချိုး ချိုးရှောင်ဟိုင် နင် ငတုံး! ငါ ဆရာမနဲ့ သွားတိုင်ပြောမှာ!”
ချိုးရှောင်ဟိုင်ကတော့ ထွက်ပြေးသွားတဲ့သူမကိုကြည့်နေပြီးမှ ခေါင်းကိုလှည့်ပြီး ရုန်ကျန်းရှေ့မှာ သက်ပြင်းချလေတယ်
“အဲဒါကြောင့် ငါ မိန်းကလေးတွေကို မကြိုက်တာ”
***
ချိုးရှောင်ဟိုင်တစ်ယောက် ကျောင်းမှာပျော်ရွှင်နေတဲ့အချိန်မှာပဲ ပိုင်လန်လည်း ရိုက်ကွင်းမှာ ရုပ်ရှင်ရိုက်နေတယ်။
ဒါပေမယ့် ရုပ်ရှင်ပိတ်ကားပေါ်ရောက်လာမလား မရောက်ဘူးလားဆိုတာကိုတော့ ဟုန်ယွိဝင်ရောက်လာတဲ့အချိန်ကစပြီး ပိုင်လန်လည်း သေချာမပြောတတ်တော့ဘူး။
ဒါပေမယ့် ဟုန်ယွိက အနည်းဆုံးတော့ သူတို့ရဲ့ဘတ်ဂျတ်ပြဿနာကိုဖြေရှင်းပေးလိုက်နိုင်ပြီး ကျောက်ကျင်းရွှမ်ကိုလည်း အာရုံမများစေတော့ဘဲ သူ့မိသားစုလုပ်ငန်းကိုသာ ဇောက်ချလုပ်နိုင်သွားစေတယ်။ သူ့ကို ရုပ်ရှင်အတွက်နဲ့ ဝန်မပိစေတော့ဘူးလေ။ ကျူခွန်းဘက်ကကြည့်မယ်ဆိုရင်လည်း သူငယ်ချင်းကိုအားနာနေရတဲ့ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားတယ်။ ဒါကြောင့် ပိုင်လန်လည်း ကြံဖန်ဖြည့်တွေးရတော့တာပေါ့။
ဒါပေမယ့် အရာအားလုံးက အပေါ်ယံကြည့်ပြီးအဆင်ပြေသယောင်ထင်ရပေမယ့်လည်း ဟုန်ယွိရဲ့ဝင်ရောက်စွက်ဖက်လာမှုက ပိုင်လန့်ကို အန္တရာယ်အငွေ့အသက်တွေ ခံစားရစေတယ်။
ပိုင်လန်က ခြိမ်းခြောက်ခံနေရသလိုတစ်ချိန်လုံးခံစားနေရပြီး ကိစ္စတွေက နောက်ပိုင်းမှာ သူထင်သလို အမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင်တောင်မှ သူကတော့ တစ်စုံတစ်ယောက်လာကယ်မှာကို ငြိမ်ငြိမ်လေးထိုင်စောင့်နေပြီး အားကိုးရာမဲ့ဖြစ်မနေချင်ဘူး။
ဒါကြောင့် ပိုင်လန်က သူ့စိတ်သူ ပြင်ဆင်လိုက်တယ်။ နဂိုတုန်းက သုံးစွဲဖို့ငွေအလုံအလောက်ရှိရင်ကျေနပ်ပြီလို့ သူတွေးခဲ့ပေမယ့် အခုတော့ သူ့ပိုင်ဆိုင်မှုတွေကို ပိုပြီးဂရုပြုရတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
ပထမဆုံးအနေနဲ့ သူ့မှာ မကြာသေးမီကမှဝယ်ထားတဲ့ စာအုပ်မူပိုင်ခွင့်တွေရှိပါတယ်။
အခု ငွေလည်းအရေးတကြီးမလိုတော့တာကြောင့် ပိုင်လန်က စာအုပ်တွေအလွန်နာမည်ကြီးလာပြီး ရောင်းအားမတရားတက်လာတဲ့အချိန် နောက်တစ်နှစ်ကိုစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါဆိုရင် နောက်နှစ်အနည်းငယ်အကြာမှာ မြင့်တက်လာမယ့်အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှပ်နှံဖို့ အရင်းအနှီးများများစားစားရလာမှာ။ ဒီနည်းလမ်းက မတရားဘူးလို့ပြောလို့ရပေမယ့် သူ့လိုအဆက်အသွယ်မရှိ၊ အာဏာမရှိတဲ့လူအဖို့ ငွေကိုပဲအားကိုးပြုရမှာပဲလေ။
ဒါကြောင့် ပိုင်လန်က ကောင်းကောင်းလည်ပတ်နေတဲ့ ထုတ်ဝေရေးစာအုပ်တိုက်တစ်ခုကို ဝယ်လိုက်တယ်။
ဒီကုမ်ပဏီအတွက်ရှယ်ယာသုံးပုံတစ်ပုံကတော့ ငွေချေးပေးတယ်လို့ပြောတဲ့ချိုးချန်ဆီက ရတာပါ။
ကုမ်ပဏီကိုရပြီးတဲ့နောက်မှာတော့ ပိုင်လန်က အရင်ဘဝက ဒီစာအုပ်တွဲတွေကိုဘာသာပြန်ရင်းနာမည်ကြီးလာတဲ့ ဘာသာပြန်သူကိုပဲ ပြန်ငှားလိုက်တယ်။ ပြီးတော့ မြန်မြန်ဆန်ဆန်ပဲ ဘာသာပြန်လိုက်ပါတယ်။ ပထမဆုံးစာအုပ်ကို ထုတ်ဝေတဲ့အချိန်က အရင်ဘဝတုန်းကထက် လပေါင်းများစွာစောတယ်။ အချိန်က စာအုပ်ရဲ့ကျော်ကြားမှု တရုတ်ပြည်ကိုစဝင်လာတဲ့ အချိန်ကောင်းကွက်တိပါပဲ။
ဒီလိုအခြေအနေကောင်းတွေကြောင့် စာအုပ်က အင်တာနက်ပေါ်မှာတင်မကဘဲ အခြားနည်းလမ်းတွေအကုန်လုံးနဲ့ နာမည်ကြီးကျော်ကြားခဲ့ပါတယ်။ အရင်ဘဝတုန်းကလို အရင်ဆုံးထွက်လာပြီး ရောင်းအားတစ်ချို့တစ်ဝက်လောက်ကို ခိုးယူသွားတဲ့ တရားမဝင်ဘာသာပြန်တွေလည်းမရှိပါဘူး။ ဒါကြောင့် စာအုပ်ရောင်းအားက အရင်ဘဝထက်ပိုကောင်းပြီး ရလဒ်ကတော့ ရင်းနှီးငွေအကုန်(၃၅)သိန်းလုံးပြန်ရလိုက်တာပါပဲ။
ဒါပေမယ့် အခုချိန်က အစပိုင်းသာသာပဲရှိသေးတယ်ဆိုတာ ပိုင်လန်သိတယ်။ စာအုပ် (၆)အုပ်လုံးပြီးဆုံးချိန်မှာ ပြည်တွင်းရောင်းအားက သန်းဆယ်ချီပြီးဖြစ်လာမှာ။ ဒါကြောင့် နောင်ရေးကိုတွေးပြီး ပိုင်လန်က မဆိုင်းမတွဘဲ (၃၅)သိန်းရဲ့သုံးပုံတစ်ပုံလောက်ကို ပရော်ဖက်ရှင်နယ်ကျကျထုပ်ပိုးမှုပုံစံပြုလုပ်ပြီး ဈေးကွက်တင်ခဲ့တယ်။ ဒါက တရားမဝင်ဘာသာပြန်တွေကို အလဲထိုးဖို့အတွက်ပဲလေ။ နောက်ပိုင်းကိစ္စတွေအတွက်ကတော့ ပိုင်လန်က ငွေကိုအသုံးပြုပြီးငွေရှာဖို့ ရှင်းရှင်းလေးပါပဲ။
ဒါပေမယ့် ဒီဖြစ်ရပ်တွေအကုန်ဖြစ်လာဖို့ နောက်ထပ်လပေါင်းများစွာကြာဦးမှာဖြစ်တယ်။
မတ်လရဲ့အဆုံးပိုင်းမှာတော့ ရွှေရုပ်ရှင်က ရိုက်ကူးပြီးစီးသွားပြီး ရိုက်ကူးပြီးနောက်ပိုင်းအဆင့်တွေကိုရောက်လာတယ်။ ရုပ်ရှင်ပိတ်ကားပေါ်ရောက်မရောက် ပိုင်လန်က စိုးရိမ်ပူပန်နေပေမယ့်လည်း သူ့ရဲ့နေ့စဉ်အလုပ်တွေကတော့ ရုပ်ရှင်အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုတွေနဲ့ ပြည့်နေတယ်။
ဒါကြောင့်ပဲ တစ်ခုသောတီဗွီအစီအစဉ်ရိုက်ကူးရေးမှာ ပိုင်လန်က မေ့ပျောက်လုနီးပါးဖြစ်နေခဲ့တဲ့လူတစ်ယောက်ကို နောက်တစ်ကြိမ်ပြန်တွေ့ခဲ့ပါတယ်။
ခန်းကျန့်။
…………………………