(28) ကင်မရာ ရှေ့နှင့်နောက်ကွယ်တွင်
လပေါင်းများစွာကြာပြီးမှ နောက်တစ်ကြိမ်ခန်းကျန့်နဲ့ပြန်တွေ့ရတဲ့အချိန်မှာ ပိုင်လန်က အရင်ကလို ရွံရှာစက်ဆုပ်မှုတွေကို မခံစားရတော့ဘူး။ ရှင်းရှင်းပြောရရင် အခုချိန်မှာ သူဘာမှမခံစားရတော့ဘူး။ ပျော်ရွှင်မှုတွေရော ဝမ်းနည်းမှုတွေရော ဘာဆိုဘာမှမရှိတော့ဘူး။ သူ့မျက်စိရှေ့လူက လုံးဝသူစိမ်းတစ်ယောက်လိုဖြစ်သွားခဲ့တယ်။
အခုချိန်မှာအခြေအနေတွေက စီစဉ်ထားတဲ့အတိုင်းတိုးတက်လာတာကို ပိုင်လန်ကကျေနပ်နေသင့်တာ။ အရင် ခန်းကျန့်ရိုက်ဖို့ ပိုင်လန်နောက်ကွယ်က‘ထောက်ခံ’ပေးလိုက်တဲ့ဇာတ်ကားကလည်း နှစ်သစ်ကူးမှာ ကောလဟလတွေနဲ့တောမီးလောင်နေခဲ့တယ်။
ထုတ်လုပ်ရေးတစ်ခုလုံးကလည်းရပ်ဆိုင်းသွားပြီး လူတစ်ဝက်လောက်က ရဲစခန်းမှာစစ်ဆေးမေးမြန်းခံလိုက်ရတယ်။ ဇာတ်ဆောင်မင်းသားဝူရှန်အန်းတောင်မှ ဆေးသုံးစွဲတယ်လို့ထင်ရတာကြောင့် သုံးရက်လောက်အချုပ်ခံလိုက်ရလေတယ်။ ဒါကြောင့်ပဲ သက်ဆိုင်သူတွေက သေချာပေါက်ထုတ်လွှင့်ခွင့်မပေးနိုင်ဘူးလို့ အရေးဆိုကြပြီး ဇာတ်ကားတစ်ကားလုံး ဖျက်သိမ်းလိုက်ရတယ်။
ဒါက ဝူရှန်အန်းနဲ့ခန်းကျန့်အပေါ်မှာ ပိုင်လန်ဆင်ထားတဲ့ထောင်ချောက်ပဲ။ အစပျိုးနေတဲ့နှစ်ယောက်သားရဲ့ကျော်ကြားမှုတွေကလည်း တမဟုတ်ချင်း ပြန်ပြုတ်ကျသွားတယ်။ သူတို့က မူးယစ်ဆေးနဲ့ပတ်သက်တာကြောင့်လည်း အလုပ်မရှိဘဲ လပေါင်းများစွာနေခဲ့ရလေတယ်။ ဒါက သိပ်ကိုပြင်းထန်လွန်းတယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် ပိုင်လန်ကတော့ ဒီသတင်းတွေကိုကြားတဲ့အချိန်မှာ ပျော်ရွှင်ဖို့အချိန် များများစားစားတောင်မရှိပါဘူး။ သူက အလုပ်တွေလည်းအချိန်ပြည့်လုပ်နေရသေးတယ် ပြီးတော့ ချိုးမိသားစုသားအဖကိုလည်း ဂရုစိုက်နေရသေးတယ်လေ။
အခုချိန်မှာတော့ ခန်းကျန့်တစ်ယောက် ဒီနေရာမှာရပ်နေနိုင်တာကိုကြည့်ခြင်းအားဖြင့် စစ်ဆေးမှုကလွတ်မြောက်လာပြီလို့ ပြောလို့ရတယ်။ ဒါတင်မကသေးဘူး မူးယစ်ဆေးဝါးအဖြစ်အပျက်ကို ပရိသတ်တွေမေ့မသွားခင်မှာတောင် တီဗွီအစီအစဉ်မှာ ခန်းကျန့်ပါဝင်နိုင်တယ်ဆိုတာက နောက်ကွယ်မှာထောက်ပံ့သူရှိနေတယ်လို့ သဘောသက်ရောက်နေတယ်မဟုတ်လား။
အဝတ်လဲခန်းကိုသွားတဲ့စင်္ကလြမ်းတစ်လျှောက် ပိုင်လန်က ခန်းကျန့်ကိုဖြတ်သွားမိတဲ့အချိန်မှာ သူ့ခေါင်းထဲမှာ အတွေးတွေပေါ်လာတယ်။
ဒါပေမယ့် အခြားတစ်ဖက်ကခန်းကျန့်ကတော့ သူနဲ့ဝူရှန်အန်းပေါင်းပြီးလုပ်ခဲ့တဲ့အပြစ်တွေကို ပိုင်လန်သိတယ်ဆိုတာ မရိပ်မိသေးဘူး။ ဒီအချိန်မှာ သူက ပိုင်လန်နဲ့သူငယ်ချင်းဆက်ဆံရေးကို စဉ်းစားနေတုန်းပဲ။ သူတွေးတာက သူ့စိတ်ကိုပိုင်လန်ရိပ်မိသွားတာကြောင့် တစ်မနက်ခင်းကဖုန်းကိုင်တဲ့အဲ့ဒိလူအကျိုးအတွက် ခပ်ခွာခွာနေလိုက်တယ်လို့ပဲ ထင်လိုက်တာ။
အရင်ရင်းနှီးတဲ့ဆက်ဆံရေးကိုပြန်ရအောင်သာလုပ်နိုင်ရင် ပိုင်လန်က မခေါ်မပြောလုပ်တော့မှာ မဟုတ်ဘူးလို့ သူကကောက်ချက်ချတယ်။ ပြီးတော့ ပိုင်လန်ရဲ့ကျော်ကြားမှုကလည်း တစ်စတစ်စကျယ်ပြန့်လာတာကြောင့် သူငယ်ချင်းဟောင်းကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြန်ချေပြနေလည်း သူ့အတွက်ဘာအကျိုးမှရှိမှာ မဟုတ်ပါဘူး။
သူက ပိုင်လန့်ကိုမြင်လိုက်မိတဲ့ခဏမှာ တစ်ဖက်လူက အရင်လိုခန့်ညားလှပနေဆဲပါပဲ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပုံလည်း ပိုပေါက်လာပြီး ညို့ငင်ဖမ်စားနိုင်စွမ်းလည်း ပိုများလာတယ်။ နောက်ပြီး ကျော့မော့သပ်ရပ်နေအောင်ဝတ်စားထားတာကလည်း အဆင့်အတန်းမြင့်သခင်လေးတစ်ယောက်လို ထင်မှတ်မှားစေတယ်။ သူ့ကိုယ်ပေါ်မှာလည်း မရင့်ကျက်တဲ့အရိပ်အယောင်နည်းနည်းလေးမှတောင် မရှိပါဘူး။ ဒါကိုမြင်တဲ့ခန်းကျန့်ရဲ့နှလုံးသားလေးက တစ်စထက်တစ်စပိုပြီးယားယံလာလေတယ်။ သူက ခြေလှမ်းတွေကိုနှေးလိုက်ပြီး နောက်ပြန်လှည့်ကာ နှုတ်ဆက်တယ် “အားလန် မတွေ့တာကြာပြီနော်”
နောက်နားမှာမတ်တပ်ရပ်နေတဲ့ဟုန်ဟုန်ကမှ ခန်းကျန့်ဆီကိုခေါင်းစောင်းပြီးလှည့်ကြည့်လိုက်သေးတယ်။ ဒါပေမယ့် ပိုင်လန်ကတော့ လမ်းလျှောက်တောင်မပျက်ဘူး။
ခန်းကျန့်တစ်ကိုယ်လုံးက တောင့်ခဲသွားလေရဲ့။ ဒါပေမယ့် ပိုင်လန်လျစ်လျူရှုသွားတာကို ခွင့်မပြုနိုင်တာကြောင့် သူက အကျယ်ကြီးအော်လိုက်တယ်။
“အားလန် ငါအမှားလုပ်မိတာရှိခဲ့ရင် ငါတောင်းပန်ပါတယ်ကွာနော်? ငါတောင်းပန်ပါတယ် ငါ့အမှားတွေပါ၊ ငါ့ကိုခွင့်လွှတ်ပါ! ငါ မင်းကိုအများကြီးဖုန်းခေါ်ခဲ့ပါသေးတယ် မင်းက ကိုင်မှမကိုင်တာ၊ မင်းက အဲဒိလိုကြီးဖြစ်နေမယ်ဆိုရင် ငါက စိတ်မကောင်းဖြစ်နေရတာပေါ့”
သူက စင်္ကလြမ်းတစ်ခုလုံးကြားလောက်အောင် အကျယ်ကြီးအော်တယ်။ အစတုန်းက ဂရုမစိုက်ကြတဲ့ဝန်ထမ်းတွေတောင် အခုတော့ အကုန်လုံးလှည့်ကြည့်လာပြီ။
ဒါကြောင့် ခန်းကျန့်က နောင်တရနေတဲ့အသွင်ကိုတောင်မှ ဖန်တီးလိုက်လေတယ်။ သူက ပြောနေတုန်းမှာလည်း လေသံကိုမလျှော့ပါဘူး “ငါ့ကိုငါလည်း မကောင်းတဲ့ကောင်မှန်းသိပါတယ်၊ တကယ်လို့ မင်းစိတ်ဆိုးအောင် ငါလုပ်မိတာများရှိမယ်ဆိုရင် ငါ့ကိုတည့်တည့်ပဲပြောလိုက်ပါကွာ၊ ငါ သေချာပေါက်ပြင်ပါ့မယ်! ငါတို့က အတန်းဖော်တွေအကြာကြီးဖြစ်ခဲ့တာပဲလေ၊ အဲဒိတုန်းက ခင်မင်မှုတွေကိုထောက်ထားပြီးတော့ ငါ့ကိုဒီတစ်ကြိမ်တော့ခွင့်လွှတ်ပေးပါကွာ?”
တကယ်လို့ ပိုင်လန်သာ ဂရုမထားဘဲဆက်လျှောက်သွားမယ်ဆိုရင်တော့ မနက်ဖြန်ရဲ့သတင်းမှာ သူ့လိုတက်သစ်စလေးက မာနတစ်ခွဲသားနဲ့သွေးနားထင်ရောက်နေတယ်လို့ ကောလဟလတွေထွက်ကုန်ပါလိမ့်မယ်။
ပြီးတော့ခန်းကျန့်ကလည်း သတိပေးလိုက်သေးတယ်မဟုတ်လား… အကယ်၍တစ်ယောက်ယောက်က လာမေးမယ်ဆိုရင် သူ့မှာသက်သေအဖြစ် ဖုန်းကောလ်မှတ်တမ်းတွေရှိတာကြောင့် ထင်ယောင်ထင်မှားဖြစ်နိုင်တယ်လေ။
ဒါကြောင့် ပိုင်လန်လည်း ရွေးချယ်စရာမရှိဘဲ ရပ်လိုက်ပြီးပြန်လှည့်လာတယ်။
သူက ခန်းကျန့်ရဲ့ပညာသားပါပါအကွက်တွေကို ရင်ဆိုင်လိုက်ပြီး အေးဆေးပဲမေးလိုက်တယ် “မင်း ဘာလုပ်ခဲ့လဲ မသိဘူးလား?”
ပိုင်လန်ရဲ့ခံစားချက်မဲ့မေးခွန်းက ခန်းကျန့်ကိုကြောင်အသွားစေတယ်။ ဒါပေမယ့် သူက ချက်ချင်းပဲတုန့်ပြန်ပါတယ်။
“ငါ ငါမသိလို့ မင်းကိုမေးနေတာလေ?”
ပိုင်လန်က အလွန်တရာစိတ်ပျက်သွားတဲ့အမူအရာကိုဖော်ပြလိုက်ပြီး ခေါင်းကိုယမ်းကာ ပြန်လှည့်ထွက်သွားတယ်။
ဒီလိုရိုးရိုးရှင်းရှင်းအမူအရာအနည်းငယ်က ဇာတ်ကြောင်းကိုလုံးဝချိန်းသွားစေခဲ့တယ်။ အခုတော့ ခန်းကျန့်ကပဲ နှစ်ယောက်သားဆက်ဆံရေးကိုပျက်ဆီးအောင်လုပ်ခဲ့ပြီး ဘာလုပ်မိမှန်းတောင်မသိလိုက်ဘဲ မျက်နှာထူထူနဲ့ ခွင့်လွှတ်ဖို့လာပြောနေတယ်ပေါ့…. ဘေးနားမှာ ပွဲကြည့်ပရိသတ်လုပ်နေတဲ့လူတွေက သူ့ကိုထူးထူးဆန်းဆန်းကြည့်လာကြတယ်။ သူတို့က ခန်းကျန့်ရဲ့အပြစ်ရှိတဲ့အမူအရာကို မြင်သွားကြပြီး “အာ ဒီလိုကိုး” ဆိုတဲ့ သို့လောသို့လောအတွေးတွေကို တွေးလာကြရင်း လုပ်စရာရှိတာသာ ဆက်လုပ်နေကြလေတယ်။
ပိုင်လန့်နောက်နားကလိုက်နေတဲ့ဟုန်ဟုန်တစ်ယောက်ပဲ ရပ်လိုက်ပြီး ထောင့်တစ်နေရာမှာမတ်တပ်ရပ်ကာ စေ့စေ့စပ်စပ်ကြည့်ရှုနေလေတယ်။ ဒါကလည်း ခန်းကျန့် ပိုင်လန်ရှေ့မှာပေါ်လာတာနဲ့ နီးနီးကပ်ကပ်စောင့်ကြည့်ရမယ်လို့ ချိုးချန်က ညွှန်ကြားထားခဲ့တာမို့ပါ။
ခန်းကျန့်တစ်ယောက် အဲဒိနားမှာရပ်ပြီး ဆက်သရုပ်ဆောင်နေတုန်းမှာပဲ နောက်နားကနေ တစ်ယောက်ယောက်ထွက်ပေါ်လာတယ်။ ဒါက ပုပုသေးသေးမိန်းကလေးတစ်ယောက်ပါ။ ဒါပေမယ့် သူမခေါင်းစခြေဆုံးတစ်ကိုယ်လုံးမှာတော့ နာမည်ကြီးတံဆိပ်တွေကိုပဲဆင်ယင်ထားတယ်။ သူမမှာ ရှည်လျားတဲ့ဆံပင်ကောက်ကောက်တွေရှိပြီး လိုဂိုအကြီးကြီးပါတဲ့ တီရှပ်နဲ့ ဘောင်းဘီရှည်ကိုဝတ်ထားတယ်။ လက်ကောက်ဝတ်မှာလည်း ဈေးကြီးလှတဲ့ပြောင်လက်လက်ဟန်းချိန်းလေး ရှိတယ်။ ရှည်လျားလှတဲ့မျက်တောင်တွေရယ် မျက်လုံးကြီးကြီးတွေရယ်နဲ့ အဝတ်အစားပါသေချာရွေးချယ်ဝတ်ဆင်ထားတဲ့အခါ သူမအလှက သာမန်လူတွေထက်တော့ ထူးခြားလေတယ်။
ဒါပေမယ့် ဝတ်ပုံစားပုံအရပြောရရင် သူမက အနုပညာလောကထဲကမဟုတ်တာ သေချာတယ်။ သူမက အချစ်ခံရပြီးအလိုလိုက်ခံရတဲ့ ချမ်းသာတဲ့မိသားစုဒုတိယမျိုးဆက်နဲ့ ပိုတူတယ်။
မိန်းကလေးက ရင်းနှီးတဲ့အမူအရာနဲ့ ခန်းကျန့်ရဲ့လက်မောင်းကိုလှမ်းချိတ်လိုက်ပြီးတော့မှ ပြောပါတယ် “အားကျန့်.. ရှင် တောင်းပန်ပါတယ်လို့အကျယ်ကြီးအော်လိုက်တာ ကျွန်မအဝေးကြီးကနေတောင်ကြားတယ်၊ ဘာဖြစ်တာလဲ၊ ဘာလို့ ရှင့်ကို အဲ့လူက မထီမဲ့မြင်လုပ်သွားတာလဲ?”
ခန်းကျန့်က ခေါင်းကိုငုံ့ထားပြီး ချိတ်ထားတဲ့လက်ကလေးကိုပုတ်ပေးရင်း အပြုံးနဲ့ပြန်ပြောတယ် “ဘာမှမဟုတ်ဘူး၊ နည်းနည်းလေးနားလည်မှုလွဲသွားတာ၊ မင်း တခြားအခန်းကိုသွားပြီး သူငယ်ချင်းသွားရှာမယ်ဆို၊ ဘာလို့အစောကြီးပြန်လာတာလဲ?”
ရာဇဝတ်မှုရုပ်သံဇာတ်လမ်းတွဲကိုရိုက်ခဲ့တဲ့ ခန်းကျန့်ရဲ့အသားအရေက နေလောင်ခံရတာကြောင့် ညိုတိုတိုဖြစ်လာခဲ့ရင်း သူ့ကိုပိုပြီးယောကျ်ားဆန်လာခဲ့စေတယ်။ အခုသူက လည်သာဘောင်းဘီကို အဖြူရောင်ဒီနင်းဂျတ်ကတ်နဲ့တွဲဝတ်ထားတယ်။ ပုံစံက မနာခံတတ်တဲ့ကောင်ဆိုးလေးစတိုင်ဖြစ်နေပြီး စိတ်ခံစားမှုပြင်းလွန်းတဲ့သူ့အမူအရာတွေက မိန်းကလေးတိုင်းကို တစ်ချက်ကြည့်ရုံနဲ့ ကြွေကျစေနိုင်ပါတယ်။
“ရှင့်ကိုစိတ်ပူလို့လေ၊ ဘေးနားမှာ စောင့်ကြည့်ပေးချင်လို့လေ” မိန်းကလေးက ချစ်ကျီစယ်နေသလို ကပ်ချွဲတယ် “ကြည့်ဦး၊ ကျွန်မသွားတာ တစ်စက္ကန့်လောက်ပဲရှိသေးတယ်၊ ရှင့်ကိုတခြားသူက လာအနိုင်ကျင့်သွားပြီ”
“ကိုယ့်ကိုလွယ်လွယ်နဲ့အနိုင်ကျင့်လို့မရပါဘူးကွာ၊ မင်းပျော်ဖို့ပဲပိုအရေးကြီးတာပါ၊ ကိုယ့်နားမှာနေရင် မင်းပျင်းနေမှာစိုးလို့” ခန်းကျန့်က နူးညံ့တဲ့အပြုံးလေးကိုပေးတယ်။ ပြီးတော့ သူ့ရဲ့ရှည်လျားလှတဲ့အရပ်ကြီးအုပ်မိုးပြီး မိန်းကလေးရဲ့ခေါင်းကို ဖွဖွလေးပုတ်လိုက်တယ်။
“ဟွန်း.. ယောကျ်ားတွေများ အမြဲတမ်းသန်မာချင်ယောင်ဆောင်တယ်” မိန်းကလေးက ခန်းကျန့်ရဲ့လက်ကို ရှောင်တိမ်းလိုက်ပြီး ဟုန်ဟုန့်ဘက်ကိုမေးဆတ်ပြလိုက်တယ် “ခုဏက အဲ့ဒါပိုင်လန်မလား? သူ့ကြည့်ရတာ ရုပ်ရှင်ထဲမှာတော့ ကြည့်ကောင်းရဲ့နဲ့ အပြင်မှာကျတော့ မိန်းမလိုမိန်းမရနဲ့ ဘယ်လိုကြီးမှန်းမသိဘူး၊ ထားလိုက်တော့ သူ့ကိုအရေးလုပ်မနေနဲ့၊ သူ့ကိုလည်း ဘယ်သူမှအဖက်လုပ်မှာ မဟုတ်ဘူး၊ အခုမှနာမည်ကြီးမလိုဖြစ်နေတဲ့ နောက်ပေါက်လေးကများ”
ခန်းကျန့်က မျက်ခုံးတွေကိုပင့်လိုက်တယ် “သူက တိုတယ်အင်တာတိန်းမန့်က အဖိုးတန်လေးကွ၊ ကိုယ့်လိုအလုပ်မရှိအကိုင်မရှိမှ မဟုတ်တာ”
“ကျွန်မတစ်ယောက်လုံးရှိနေတာကို ရှင်က အလုပ်မရှိမှာစိုးနေသေးတယ်” မိန်းကလေးက ဂုဏ်ယူဝင့်ကြွားစွာနဲ့ မျက်နှာကိုမော့ချီတယ် “ဘာတိုတယ်အင်တာတိန်းမန့်လဲ၊ အခုလုပ်နေတာ ဘယ်သူပိုင်တဲ့အစီအစဉ်လဲ သူတို့ မသိသေးဘူးနဲ့တူတယ်၊ လုပ်နိုင်တာနဲ့ မလုပ်နိုင်တာ ကွဲကွဲပြားပြားသိသွားအောင် သင်ပေးလိုက်ဦးမယ်!”
အရိပ်အယောင်တစ်ခုက ခန်းကျန့်မျက်လုံးထဲဖြတ်ပြေးသွားပေမယ့် သူက အပြင်ဘက်မှာတော့ သက်ပြင်းချလိုက်ပါတယ် “မလုပ်နဲ့၊ တောင်းဆိုတာပါကွာ၊ နောက်ပိုင်းကျရင် ပြဿနာရှာလို့ဆိုပြီး မင်းအဖေဆီကအဆူခံနေရပါဦးမယ်၊ ကိုယ်က မင်းအဖေကို အကောင်းပဲမြင်စေချင်တာ”
ဒီစကားတွေကိုကြားတဲ့မိန်းကလေးက မျက်နှာပေါ်မှာ အပျော်တွေဖုံးမရဖိမရပေါ်လာတယ်။ ဒါပေမယ်လည်း ဗျစ်တောက်ဗျစ်တောက်ပြောဆဲပါပဲ “ကျွန်မကရှင့်ကိုကူညီဖို့ကြိုးစားနေတာလေ၊ အဲဒါကို ရှင်က လာဝင်တားနေတယ်၊ ရှင်က ဝင်တားလေလေ ကျွန်မကပိုလုပ်ချင်လေလေပဲ သိလား!”
ခန်းကျန့်က သူမကို မတားပါဘူး။ လက်မောင်းတွေနဲ့သာ သိုင်းဖက်လိုက်ရင်း အဝေးကိုလျှောက်သွားပါတယ်။
“အိုကေ အိုကေ ခင်ဗျားလေးသဘောပါပဲ၊ ဒီအမျိုးသမီးစစ်သည်တော်ကြီးရဲ့ဒေါသတွေ ပြေပျောက်သွားအောင် ကျွန်တော်မျိုးကြီးက ကော်ဖီတစ်ခွက်လောက်ဖျော်ပေးရမလား?”
“ဘာပြော.. အာ…” မိန်းကလေးရဲ့ဒေါသသံတွေ ပျောက်ဆုံးသွားတာပေါ့။
တစ်ချိန်လုံး မမှိတ်မသုန်စိုက်ကြည့်နေတဲ့ဟုန်ဟုန်ကတော့ မျက်လုံးတွေကိုမှေးကျဉ်းရင်း အားလုံးကိုမှတ်သားနေတယ်။ ခဏကြာတော့ ဖုန်းကောလ်အချို့ခေါ်လိုက်ပြီး ပိုင်လန့်အဝတ်လဲခန်းထဲ လိုက်ဝင်သွားပါတယ်။
***
ဒီနေ့မှာ ပိုင်လန်တက်ရောက်စကားပြောတဲ့အစီအစဉ်က ‘ကင်မရာရှေ့နှင့်နောက်ကွယ်’ လို့ခေါ်တဲ့ ရိုက်ကွင်းနောက်ကွယ်က အထူးဖြစ်ရပ်တွေကို တင်ဆက်ပေးတဲ့အစီအစဉ်ပါ။
ရုပ်ရှင်ပဲဖြစ်ဖြစ် ဖျော်ဖြေပွဲပဲဖြစ်ဖြစ် ရိုက်ကွင်းတစ်ခုရိုက်ပြီဟေ့ ဆိုရင်တော့ ပိတ်ကားနောက်ကွယ်က ပြောစရာအကြောင်းအရာလေးတွေ အနည်းနဲ့အများတော့ရှိကြတာပဲ မဟုတ်လား။ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ NG scenes တွေဆိုရင် နည်းနည်းလောက်တည်းဖြတ်လိုက်တဲ့အခါ ကြည့်ကောင်းတဲ့ဟာသဇာတ်ကွက်တွေဖြစ်လာတယ်။ ဒါတွေကို ဇဝနဉာဏ်ရွှင်တဲ့အစီအစဉ်တင်ဆက်သူနဲ့ ပေါင်းထုတ်လွှင့်လိုက်တဲ့အခါ အစီအစဉ်က ပရိသတ်တွေကြားမှာ အလွန်တရာနာမည်ကြီးပါတယ်။ ဒီအစီအစဉ်ကို စနေနေ့ညရဲ့အဖိုးတန်အချိန်မှာ အပတ်စဉ်ထုတ်လွှင့်ပါတယ်။
(NG scenes .. No Good ဇာတ်ဝင်ခန်း)
ရွှေရုပ်ရှင်က ဒီအစီအစဉ်မှာပါဝင်ခွင့်ရတယ်ဆိုတာ ပိုင်လန်အတွက်တော့ မမျှော်မှန်းနိုင်တဲ့အရာပဲ။ ရွှေရုပ်ရှင်က ထုတ်လုပ်ရေးကလည်းသေးပြီး ထူးထူးခြားခြားပါဝင်နေတာမျိုးလည်း မရှိဘူးလေ။ ရင်းနှီးမြှပ်နှံသူအသစ်ကြောင့် ပရိုမိုးရှင်းကို ပိုပိုလျှံလျှံဆင်းနိုင်တယ်ဆိုပေမယ့် ဒီလိုမျိုးအလွန်တရာနာမည်ကြီးအစီအစဉ်မှာ ပါဝင်ဖို့ကိုတော့ ပိုက်ဆံနဲ့ပေးဝယ်လို့မရနိုင်ပါဘူး။
ဒါကြောင့် ပိုင်လန်က ဖန်းဟွာကိုမေးလိုက်တဲ့အချိန်မှာ သူမပြန်ဖြေခဲ့တာက ရုပ်ရှင်ရဲ့ရင်းနှီးမြှပ်နှံသူပိုင်ရှင်အသစ်ကြောင့်ပါတဲ့။
ပိုင်လန်က တကယ့်ကို စိတ်တွေရှုပ်ထွေးသွားခဲ့တယ်။ ဟုန်ယွိက တကယ်ပဲ ရွှေရုပ်ရှင်ကို အောင်အောင်မြင်မြင်ဖြစ်စေချင်တာလား? အခြားရည်ရွယ်ချက်တွေဘာတွေများ မရှိဘူးလား? ဒါမှမဟုတ် ပိုပြီးခြိမ်းခြောက်လို့ကောင်းအောင်ပဲ ပိုတွန်းတင်ပေးနေတာလား? ဒီကမ္ဘာကြီးမှာ အလကားရတဲ့နေ့လည်စာ ဘယ်တုန်းကမှ မရှိပါဘူး။ ဒါကြောင့် ပိုင်လန်ကတော့ တိုက်နံရံတွေပေါ်က ဘေလ်ဘုတ်အကြီးကြီးတွေနဲ့ မကြာမကြာလွှင့်နေတဲ့ဇာတ်ကားထရေလာတွေကို မြင်ရတဲ့အချိန်မှာ သံသယက အမြဲခေါင်းပြူထွက်လာဆဲပါပဲ။
ချိုးချန်ကိုပြောရမယ်ဆိုရင်တော့လား.. သူကတော့ ရွှေရုပ်ရှင်မှာ ဟုန်ယွိရဲ့ခြေလှမ်းတွေကို သိပြီးနေပုံရပါတယ်။
တစ်ခုသောညနေခင်းမှာ နှစ်ယောက်သားက တီဗွီမှာလွှင့်နေတဲ့ရွှေရုပ်ရှင်ထရေလာကို ကြည့်နေရင်းမှာပဲ ချိုးချန်က ပိုင်လန့်ကိုလှမ်းဆွဲလိုက်ရင်း ဆိုဖာပေါ်မှာတက်ဖိထားပြီး အနက်ရှိုင်းဆုံးထိနမ်းလေတယ်။ အနမ်းပေးပြီးနောက်မှာ ချိုးချန်ပြောတာက တစ်စုံတစ်ယောက်က ပိုက်ဆံတွေဘယ်လောက်ပဲသုံးသုံး ပိုင်လန်ကတော့ သူ့အပိုင်ပဲဖြစ်ရမယ်တဲ့။ ပိုင်လန်ကမော့ကြည့်လိုက်ပြီး ချိုးချန်တော့ ရှားတောင့်ရှားခဲဆိုလိုရင်းတွေလွဲကုန်ပြီလို့ တွေးလိုက်တယ်။ ဟုန်ယွိကဖြင့် သူ့ကိုစိတ်မဝင်စားမှန်း လုံးဝသေချာနေတာကြီးကို။
ဒါပေမယ့် သူ မတွေးမိလိုက်တာတစ်ခုက ချိုးချန်ရဲ့နောက်ထပ်အယူအဆက ပိုပြီးတော့တောင်လွဲမှားနေတာကိုပဲ။ ဘာကြောင့်လဲဆိုတော့ ချိုးချန်က သူနဲ့ ဆိုဖာခုံပေါ်မှာလုပ်ကြဖို့ကိုပဲ အာရုံစူးစိုက်ထားတာကိုး။
အခုချိန်က ချိုးရှောင်ဟိုင်တစ်ယောက် သူ့ရဲ့အခန်းထဲမှာ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတယ်ဆိုပေမယ့်လည်း ပိုင်လန်ကတော့ မသိမသာတွန်းထိုးငြင်းဆန်နေဆဲပဲ။ ဒါပေမယ့်လည်း အဆုံးမှာတော့ ချိုးချန်ရဲ့ဖြားယောင်းသွေးဆောင်မှုတွေကြောင့် နှစ်ယောက်သားက အဝတ်အစားတွေတောင်မချွတ်နိုင်ဘဲ ဧည့်ခန်းထဲမှာ တိတ်တိတ်လေးနဲ့ခိုးကြောင်ခိုးဝှက်လေး လုပ်ကြလေတယ်။ လေ့ကျင့်ခန်းပြီးဆုံးချိန်မှာ ချိုးချန်က ပိုင်လန်ရဲ့နားရွက်နီနီလေးနားမှာလဲှပြီး အမောဖြေနေတယ်။ အနည်းငယ်တုန်ယင်နေသေးတဲ့ပိုင်လန်ကတော့ ဒီလိုထူးဆန်းပြီးစိတ်အေးလက်အေးမရှိတဲ့ပတ်ဝန်းကျင်ကမှ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်လို့ ဝန်မခံချင်ပေမယ့်လည်း စိတ်ထဲမှာတော့လက်ခံလိုက်လေရဲ့။
ပြီးတော့လည်း ပိုင်လန့်နှလုံးသားလေးကလည်း ချိုးချန်ရဲ့တည်ငြိမ်ပြီးဂရုမထားသလိုအမူအရာတွေကြောင့် အများကြီးစိတ်သက်သာရာရသွားခဲ့တယ်။
သူက ကျူခွန်းနဲ့ကျောက်မိသားစုပိုက်ဆံပြဿနာတွေကိုလည်း စိတ်ပူစရာမလိုဘူး၊ ပြီးတော့ ဟုန်ယွိစုချွမ်ဇာတ်လမ်းကြားမှာ ညပ်နေတယ်ဆိုရင်တောင် စိတ်ပူသင့်တာက သူ မဟုတ်ဘူး၊ ချိုးချန်ကိုယ်တိုင်ပဲ။ အဓိကဇာတ်လိုက်တောင်မှ အပူအပင်မရှိဖြစ်နေသေးရင် သူက အနေသာကြီးပဲမဟုတ်လား?
ပိုင်လန်က သူ့ကိုယ်သူ မှန်ထဲမှာနောက်ထပ်တစ်ကြိမ်ပြန်စစ်ဆေးလိုက်ရင်း အင်္ကျီကော်လံကို တည့်နေအောင်လုပ်လိုက်ပြီးမှ အဝတ်လဲခန်းထဲကထွက်ပြီး စတိတ်စင်ပေါ်တက်သွားလေတယ်။
***
“ဒီနေ့ ကျွန်မတို့ရဲ့အစီအစဉ်မှာ ချောမောခန့်ညားတဲ့ဧည့်သည်တစ်ယောက်ကိုဖိတ်ခွင့်ရတာ အများကြီးပျော်စရာကောင်းပါတယ်။ ညီမလေးတို့ အကျယ်ကြီးမအော်ကြနဲ့ဦးနော်၊ သူက ပိတ်ကားပေါ်မှာအရမ်းချောတယ်ဆိုတာ အစ်မဖန်လည်းသိတယ်၊ ဒါပေမယ့် အစ်မဖန် မင်းတို့ကိုသေချာပြောနိုင်တာက အပြင်ကလူက ပိုပြီးတော့တောင်ချောတယ်နော့”
အမျိုးသမီးအစီအစဉ်တင်ဆက်သူ ကောင်းဖန်ဖန်က တစ်ယောက်ထိုင်ခုံပေါ်မှာ ကျကျနနထိုင်နေရင်း ရွှန်းရွှန်းဝေအောင်ပြောနေတယ် “ပရိသတ်ကြီးရေ… ‘ဘဝလက်တွဲဖော်များ’ဇာတ်လမ်းတွဲမှာ ချစ်စရာကောင်းတဲ့ကျန်းရှင်းချန်အဖြစ်သရုပ်ဆောင်တဲ့ ပိုင်လန့်ကိုကြိုဆိုလိုက်ရအောင်!”
ပိုင်လန်က အချိန်ကွက်တိ စင်ပေါ်ရောက်လာတယ်။ သူက ကင်မရာတွေဘက်လှည့်ပြုံးရင်း လက်တွေဝှေ့ယမ်းပြတယ်။ ပြီးတော့မှ ကောင်းဖန်ဖန်ရဲ့ဘေးဘက်မှာ ဝင်ထိုင်တယ်။
“အားလုံး မင်္ဂလာပါခင်မျာ၊ အစ်မဖန် မင်္ဂလာပါ၊ ဒီနေ့အစီအစဉ်ကိုလာရောက်ခွင့်ရတဲ့အတွက် ကျွန်တော်အများကြီးဝမ်းသာပါတယ်” သူ့လှုပ်ရှားပုံတွေက အလွန်တရာညင်သာပြီး အသစ်တစ်ယောက်လိုမျိုး ရှိုးတိုးရှန်းတန်းဖြစ်နေတာမျိုးလည်း မရှိပါဘူး။
ကောင်းဖန်ဖန်က ဆက်ပြောတယ် “ပိုင်လန့်ကို ဒီလို လူကိုယ်တိုင်ကိုယ်ကျလာရောက်ပြီး အစ်မတို့နဲဆွေးနွေးဖို့ ဖိတ်ခေါ်ခွင့်ရတာကိုပဲ အစ်မတို့က ကျေးဇူးတင်ရမှာ၊ ပြီးတော့ အခုအားလုံးလည်း ‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’ရုပ်ရှင်ထရေလာကိုလည်း ကြည့်ကြပြီးပြီလို့ ယုံကြည်တယ်၊ ဇာတ်ကားထဲက ဓါတ်ပုံလေးတောင်မှပဲ အလွန်တရာကိုလှပတယ်၊ အဓိကမင်းသားလီချွမ်ချင်က အရမ်းကိုခန့်ညားပြီး အစ်မဖန်တော့ပြောစရာစကားမရှိလောက်အောင်ပဲ၊ ပြီးတော့ ရုပ်ရှင်က ဘာအကြောင်းလဲဆိုတာကို အားလုံးကလည်းသိချင်နေကြတယ်၊ ဒါကြောင့် ပိုင်လန်ရေ..ပထမဆုံးအနေနဲ့ အစ်မတို့ကို ရုပ်ရှင်အကြောင်းလေးမိတ်ဆက်ပေးပါလား”
“ကျေးဇူးပါ အစ်မဖန်” ပိုင်လန်က ခေါင်းကိုစောင်းရင်းပြုံးပါတယ် “ကြည့်ရတာ ကျွန်တော့်ရဲ့အလှဆုံးရှုထောင့်လေးကို ရိုက်ပေးပါလို့ ဒါရိုက်တာကြီးကို အထူးတလယ်တောင်းဆိုထားရတာ အလကားတော့မဖြစ်ဘူးပဲ”
ကောင်းဖန်ဖန်က လက်ကိုခေါင်းပေါ်တင်လိုက်ရင်း ပြောတယ် “ဒါဆို ဒီဘက်ကရှုထောင့်ဖြစ်မယ်နဲ့တူတယ်၊ အစ်မဖန်တော့ ကြည့်နေရင်းနဲ့ကို မူးမေ့လဲတော့မယ်”
ပိုင်လန်က နှစ်နှစ်ခြိုက်ခြိုက်ထပ်ပြုံးပြီး ရုပ်ရှင်အကြောင်းကို ပြန်ဆက်ပါတယ် “ရုပ်ရှင်ရဲ့ဇာတ်ကြောင်းကတော့ တကယ့်ကို ဖျော်ဖြေရေးရုပ်ရှင်တစ်ခုလို့ပြောလို့ရပါတယ်၊ မင်းသားတစ်ပါးလိုလူတစ်ယောက်ရဲ့ လက်တုန့်ပြန်ဇာတ်လမ်းပေါ့နော်၊ သူက သူများတွေထက်ပိုပြီး ဟိုးအမြင့်ဆုံးမှာနေခဲ့ရပေမယ့် တစ်နေ့တော့ မြေကြီးပေါ်ကန်ချခံလိုက်ရတယ်၊ အဲဒါနဲ့ပဲသူက နောက်တစ်ကြိမ်စင်မြင့်ထက်ကိုပြန်တက်ဖို့ ကြိုးစားရတယ်၊ သူ့ခရီးလမ်းတစ်လျှောက်လုံးက အခက်အခဲတွေနဲ့ပြည့်နေပေမယ့်လည်း အဆုံးသတ်က အရမ်းလှပပါတယ်၊ စိတ်ဓါတ်ကျနေတဲ့အချိန်မှာကြည့်ဖို့ အရမ်းကိုသင့်တော်ပါတယ်၊ ကြည့်ရှုသူတွေအကုန်လုံးကို စိတ်ကျေနပ်မှုအပြည့်အဝပေးမှာပါ”
“အို? ဇာတ်ဝင်ခန်းတွေက အရမ်းလှနေတော့ အစ်မထင်တာက အနုပညာလက်ရာတွေနဲ့ပတ်သက်တဲ့ရုပ်ရှင်လို့ထင်လိုက်တာ” ကောင်းဖန်ဖန်က အံ့သြသွားတဲ့အမူအရာလုပ်လိုက်တယ်။
“ဟုတ်တယ် နောက်ခံမြင်ကွင်းတွေက ဒီရုပ်ရှင်ရဲ့အရေးကြီးဆုံးအသက်ပဲ” ပိုင်လန်ကပြုံးပြီး သူမစကားကိုထောက်ခံတယ် “ရုပ်ရှင်ထဲမှာ ကျွန်တော်တို့သုံးတဲ့ အသုံးအဆောင်ပစ္စည်းတွေ အဝတ်အစားတွေအကုန်လုံးကို ပညာရှင်တွေအကုန်လုံးနဲ့တိုင်ပင်ပြီး ရွေးချယ်ထားတာ၊ ပြီးတော့ ကျွန်တော်ပြောပြချင်တာတစ်ခုက ဒီရုပ်ရှင်ကိုဖြစ်မြောက်အောင်လုပ်ခဲ့တဲ့သူက အထည်အလိပ်လုပ်ငန်းမှာ သက်တမ်းရင့်လုပ်ကိုင်ခဲ့တဲ့လူပေါ့နော်၊ သူတို့က အဝတ်အစားပိုင်းတင်မဟုတ်ဘူး ပရိဘောဂကုမ်ပဏီတွေအများကြီးနဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်၊ ရိုက်ကွင်းမှာသုံးတဲ့ဇိမ်ခံပစ္စည်းတွေအကုန်လုံးက တကယ့်ကိုလှပလွန်းတော့ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ကကြည့်ရတာတန်မှာပါ”
ကောင်းဖန်ဖန်က တက်တက်ကြွကြွနဲ့ရယ်မောလိုက်ပါတယ် “မင်းက အဆွယ်ကောင်းသားပဲ၊ ရွှန်းရွှန်းဝေအောင်ပြောတတ်တယ်၊ ကြည့်ချင်စိတ်ပေါက်လာအောင်လည်းပြောတတ်တယ်၊ မင်းသာ ရုပ်ရှင်မရိုက်ဘူးဆိုရင် အစ်မဖန်ဘေးနားမှာ နေရာတစ်နေရာပေးပြီး ကြိမ်းသေပေါက်ခေါ်ထားမှာ”
“ကျေးဇူးတင်ပါတယ် အစ်မဖန်၊ အခုကတိပေးလိုက်တာကို သက်သေအဖြစ်မှတ်တမ်းတင်လိုက်ပြီနော်” ပိုင်လန်ကပြုံးပြီး ကင်မရာကိုညွှန်ပြတယ်။
ကောင်းဖန်ဖန်ရဲ့အမူအရာတွေက ပိုပြီးတော့တောင် တက်ကြွပျော်ရွှင်လာတယ် “ကောင်းပါပြီရှင်! အစ်မဖန်ကိုသာ မင်းရဲ့ပရိသတ်တွေလက်က လုံလုံခြုံခြုံထားပေး၊ ဒီလိုဆို အစ်မဖန်က အကောင်းဆုံးလုပ်ပေးဦးမှာ!”
နှစ်ယောက်သားက ရိုက်ကွင်းအကြောင်းတွေ ဆက်ပြောနေရင်း ရယ်စရာကောင်းတဲ့ NG အပိုင်းတိုလေးတွေကိုကြည့်ရှုနေကြတယ်။ အမှန်က ပိုင်လန့်မှာ NG scenes တွေအများကြီးမရှိဘူး။ သူ့ရဲ့ BTS အများစုက သူယူလာတဲ့နေ့လည်စာထမင်းဘူးကြီးနဲ့ ပတ်သက်နေတာတွေပဲ။ ပရိသတ်တွေအကုန်လုံးက နေ့လည်စာဘူးထဲ ဘာပါလဲ သိချင်နေကြတာကြောင့် အစ်မဖန်က ဟင်းတွေအကြောင်း ပိုင်လန့်ကိုမေးရင်းချီးကျူးနေလေတယ်။
(BTS… behind the scenes)
ဒီအချိန်မှာ ကင်မရာမန်းဘေးနား မတ်တပ်ရပ်နေတဲ့လူနှစ်ယောက်ကို ပိုင်လန်က ရုတ်တရက်သတိထားမိတယ်။ တစ်ယောက်က အမှန်တကယ်ကိုခန်းကျန့်ဖြစ်ပြီး ကျန်တစ်ယောက်က ပိုင်လန်မမြင်ဖူးတဲ့ မိန်းကလေးတစ်ယောက်ပါ။ အစောတုန်းက ခန်းကျန့်လက်မောင်းကိုချိတ်ထားတဲ့ကောင်မလေးလေ။
ခန်းကျန့်ကိုမြင်ရတာတော့ နူးညံ့နွေးထွေးပုံရပေမယ့် မိန်းကလေးရဲ့မျက်နှာမှာက လှောင်ပြောင်ချင်တဲ့အမူအရာတွေရှိတယ်။
ပိုင်လန်က သူတို့နှစ်ယောက်ကို တစ်ချက်လှမ်းကြည့်ပြီး ကျော်သွားလိုက်ပေမယ့်လည်း သူ့ဘေးနားက တစ်လျှောက်လုံးဖော်ရွေနေခဲ့တဲ့ကောင်းဖန်ဖန်က ရုတ်တရက်ကြီး ပြောင်းလဲသွားလိမ့်မယ်လို့ သူ မထင်လိုက်မိဘူး။
“…. တလောလေးက သတင်းတွေထွက်လာသေးတယ်နော်၊ မင်းက ရွှေရုပ်ရှင်ရဲ့ဇာတ်ကောင်စရိုက်ကိုနားလည်ဖို့ မင်းသူငယ်ချင်းရဲ့ဇိမ်ခံတိုက်ခန်းမှာ ပြောင်းနေတယ်လို့လေ၊ အခု ရုပ်ရှင်ရိုက်လို့လည်း ပြီးသွားပြီဆိုတော့ ပြန်ပြောင်းဖို့များအစီအစဉ်ရှိသေးလား?”
………………………….