(29) ပွဲဦးထွက်တင်ဆက်ခြင်း
ပိုင်လန်က စက္ကန့်ပိုင်းလောက်ရပ်သွားတယ်။ ဒါပေမယ့် ပြုံးလိုက်တာကြောင့် အမူအရာတော့ အများကြီးပျက်မသွားဘူး “ကျွန်တော်မပြောင်းပါဘူး၊ ငှားခပေးထားတာဆိုတော့ ဆက်နေဖြစ်မှာပါ”
“အင်း.. ကြည့်ရတာ ဒီ ‘ဇာတ်ကောင်စရိုက်အတွေ့အကြုံယူ’တာက မင်းအတွက်အများကြီးအဆင်ပြေပုံရတယ်” ကောင်းဖန်ဖန်က ရင်းရင်းနှီးနှီးပြုံးပြနေပေမယ့် အပြုံးတွေရဲ့အောက်မှာတော့ ဓါးတစ်ချောင်းကိုဖွက်ထားတယ် “အဲဒိမှာနေပြီးတော့ သာမန်တိုက်ခန်းတစ်ခုကိုပြန်ပြောင်းရမယ်ဆိုရင် နေတတ်မှာမဟုတ်တော့ဘူးနော်၊ အင်း.. အရမ်းကောင်းတဲ့သူငယ်ချင်းပဲ၊ အစ်မမှာတောင် တစ်ယောက်မှမရှိဘူး”
“ဒီလိုလုပ်ပါလား၊ ကျွန်တော်က အိမ်သူကြီးလုပ်ပြီးတော့ အစ်မဖန်ကို အခန်းတစ်ခန်းပြန်ငှားမယ်လေ” ပိုင်လန်က ရက်ရောလှစွာပြောပါတယ် “ကျွန်တော်တို့အိမ်က အခုဆိုရင် ‘ဘဝလက်တွဲဖော်များ’ထဲကနဲ့တူသွားပြီ၊ တကယ်လို့အစ်မဖန်လာနေမယ်ဆိုရင် သေချာပေါက်မင်းသမီးဖြစ်မှာ”
ကောင်းဖန်ဖန်က ပီတိတွေဝေဖြာပြီး လက်ခုပ်နှစ်ဖက်ကို ထတီးတယ် “မင်းသားက ပိုင်လန်ဖြစ်မယ်ဆိုရင်တော့ အစ်မကကြိမ်းသေပေါက်မနက်ဖြန်ပြောင်းလာမယ်”
“ကျွန်တော်ကတော့ အစ်မဖန်သိမ်ငယ်နေမှာကို ခွင့်မပြုနိုင်ပါဘူးနော်” ပိုင်လန်က နောက်ထပ်ပြုံးပါတယ် “အစ်မဖန်နဲ့ရှေ့သွားနောက်လိုက်ညီတဲ့တစ်ယောက်ကို ကျွန်တော်က ကြိမ်းသေရှာပေးမှာပါ၊ ဒါပေမယ့် အစ်မဖန် ကြိုက်တတ်တာလေးတွေတော့ ကျွန်တော့်ကို ကြိုပြောပေးနော်”
ပိုင်လန်က ကောင်းဖန်ဖန်ဆီ စကားလမ်းကြောင်းလွှဲလိုက်တယ်။ သူတို့က နည်းနည်းလောက်အပြန်အလှန်နောက်ပြောင်ပြီးတဲ့အချိန်မှာ ဇိမ်ခံကွန်ဒိုအကြောင်းအရာကနေ သွေဖီသွားကြပါတယ်။
ဒါပေမယ့်လည်း မေးခဲ့တဲ့မေးခွန်းကတော့ လွန်ခဲ့တဲ့လအနည်းငယ်က ပိုင်လန်ရဲ့စပွန်ဆာကောလဟလကို အစဆွဲထုတ်လိုက်သလိုဖြစ်သွားပြီ။ တကယ်လို့ ကြည့်ရှုသူတွေက ပိုင်လန်အိမ်ငှားတာကို ယုံကြမယ်ဆိုရင်တောင်မှ ဇိမ်ခံအိမ်ကိုသဘောတွေ့သွားပြီး မပြောင်းချင်ဖြစ်နေပါပြီလို့ မှတ်ယူသွားကြမှာပါပဲ။ ဒါဆိုရင် ပိုင်လန်ရဲ့ဂုဏ်သတင်းကို အနည်းနဲ့အများတော့ ရိုက်ခတ်လာပါလိမ့်မယ်။
ကောင်းဖန်ဖန်ရဲ့မေးခွန်းကလည်း ဒီလိုဖြစ်စေဖို့ တမင်ရည်ရွယ်ပြီးမေးခဲ့တာပါ။
အပြင်ပန်းမှာတော့ ပိုင်လန်က ကောင်းဖန်ဖန်နဲ့ ဟန်မပျက်ဆက်လက်အင်တာဗျူးနေခဲ့ပေမယ့်လည်း သူမနဲ့များ ပြဿနာရှိခဲ့ဖူးသလားလို့ စိတ်ထဲအလျင်အမြန်တွေးတောနေရတယ်။ ဒါပေမယ့် ဘယ်လောက်ပဲတွေးတွေး ဘာမှထွက်မလာဘူး။ ဒါကြောင့်အခုချိန်မှာ သူ့ရဲ့တစ်ခုတည်းသော သဲလွန်စက ကင်မရာမန်းဘေးနားမှာ မတ်တပ်ရပ်နေတဲ့ ခန်းကျန့်နဲ့မိန်းကလေးပဲ ရှိပါတော့တယ်။
အခု သူတို့အစီအစဉ်ရိုက်ကူးနေတဲ့အဆောက်အအုံတစ်ခုလုံးကို ‘ဟာမိုနီအနုပညာကုမ်ပဏီ’က ငှားရမ်းထားတယ်။ ဒီနေရာက ပရော်ဖက်ရှင်နယ်ရုပ်ရှင်ရိုက်ကူးထုတ်လုပ်တဲ့နေရာပါ။
ဟာမိုနီအနုပညာက ပြည်တွင်းမှာရှိတဲ့ တီဗွီအစီအစဉ်ထုတ်လုပ်ရေး ထိပ်တန်းကုမ်ပဏီငါးခုထဲက တစ်ခုအပါအဝင်ဖြစ်တယ်။ သူတို့ဆီမှာ တီဗွီအစီအစဉ်အကြီးအသေးပေါင်း(၁၀၀)ကျော်ရှိပြီး မတူညီတဲ့ရိုက်ကွင်းအမျိုးမျိုးပြုလုပ်ရအောင်လည်း အဆောက်အအုံတစ်ခုလုံးကို ငှားရမ်းထားတာ။ အဝတ်လဲခန်းတွေ ပစ္စည်းထားသိုခန်းတွေနဲ့ အထပ်တစ်ထပ်ချင်းစီမှာ သီးခြားစတူရီယိုတွေရှိတယ်။ တကယ်လို့ လူတစ်ယောက်က ရိုက်ကူးရေးမရှိဘူးဆိုရင်တော့ ဟိုလျှောက်ဒီလျှောက်လုပ်ပြီး ကြည့်လို့ရနေမှာ မဟုတ်ဘူး။
နောက်ပြီး ပိုင်လန်သတိထားမိတာတစ်ခုက ခန်းကျန့်မှာ ဟာမိုနီရဲ့ဝန်ထမ်းကဒ်မရှိပါဘူး။ ဒါကြောင့် ခန်းကျန့် ဒီလိုကင်မရာမန်းဘေး မတ်တပ်ရပ်နေနိုင်တယ်ဆိုတာ သူ့ဘေးက ပိုင်လန်မသိတဲ့မိန်းကလေးကြောင့်ဖြစ်နိုင်ပါတယ်။
ပိုင်လန်က တွေးနေတဲ့အချိန်မှာပဲ အစီအစဉ်က ရိုက်လို့ပြီးသွားခဲ့ပြီး သူနဲ့ကောင်းဖန်ဖန်က ကင်မရာမြင်ကွင်းထိုင်ခုံတွေဆီက ထလိုက်ကြတယ်။ ပိုင်လန်က သိမ်မွေ့နူးညံ့စွာနဲ့ပဲ ကောင်းဖန်ဖန်ကို ယဉ်ကျေးမှုအရစကားတွေဖလှယ်နေတုန်းပါပဲ။ နှစ်ယောက်သားက စတိတ်စင်ပေါ်ကနေတောင် မဆင်းရသေးပါဘူး၊ မိန်းကလေးက ခန်းကျန့်ကိုဆွဲခေါ်လာပြီး သူတို့ရှေ့မှာ ပိတ်ရပ်တယ်။
“အစ်မဖန်ဖန် အစ်မရဲ့အင်တာဗျူးတွေတိုင်းက အမြဲစိတ်လှုပ်ရှားဖို့ကောင်းတယ်နော်၊ ဒီနေ့လည်း အဲ့လိုပဲ” မိန်းကလေးက ပိုင်လန့်ကို မမြင်ရတဲ့လေလို သဘောထားပြီး ကောင်းဖန်ဖန်ဆီကိုပဲ စိတ်အားထက်သန်စွာပြောပါတယ် “ဘယ်သူတွေ ဘယ်လိုပဲဟိတ်ဟန်ထုတ်ပြီး ဟန်ဆောင်နေပါစေ အစ်မဖန်ဖန်က စကားသုံးလေးခွန်းလောက်နဲ့ ဖော်ထုတ်ပေးနိုင်တယ်၊ ကြည့်ရတာ တကယ်တန်တယ်၊ ကျွန်မတော့ ဖေဖေ့ကိုပြောပြီး အစီအစဉ်မှာ ဘတ်ဂျတ်ပိုထည့်ခိုင်းမှဖြစ်တော့မယ်၊ အစ်မဖန်ရဲ့ရှိုးလည်း ပိုနာမည်ကြီးလာအောင်ပေါ့ မဟုတ်ဘူးလား”
“ချီးကျူးပေးလို့ အစ်မက အများကြီးကျေးဇူးတင်ပါတယ်” ကောင်းဖန်ဖန်က သူမရဲ့ထေ့ငေါ့လုံးတွေကို မကြားချင်ယောင်ဆောင်နေပြီး အလွန်တရာယဉ်ယဉ်ကျေးကျေးပြန်ပြောပါတယ် “ရှာရှာညီမ စတူရီယိုရောက်လာတယ်ဆိုတော့ ဒီနေ့အားတယ်နဲ့တူတယ်”
မိန်းကလေးက ခန်းကျန့်လက်ကိုချိတ်လိုက်တယ် “ခန်းကျန့်လေ သူ့အတွက်ကလွဲပြီး ဘယ်သူရှိဦးမှာလဲ? သူ့အတွက် တစ်ချို့ဟာလေးတွေကူညီပေးဖို့ရောက်လာတာ၊ ဒီနေ့က ရိုက်ကွင်းနဲ့ရင်းနှီးနေအောင် ခေါ်လာတာလေ၊ နောက်ဆို သူက အလုပ်တွေများလာတော့မှာ”
ကောင်းဖန်ဖန်အကြည့်တွေက ခန်းကျန့်ဆီရောက်လာတယ်။ သူမက ရင်းရင်းနှီးနှီးပြုံးပြပါတယ် “မစ္စတာခန်းက A Confused Account က ချန်ရွှီမဟုတ်လား? ကျွန်မ အဲ့ကားကိုကြည့်ဖူးတယ်၊ ရှင်က သရုပ်ဆောင်အရမ်းကောင်းတယ်၊ တစ်နေ့ကျရင်တော့ ကျွန်မရှိုးမှာတွေ့ဆုံဖို့ မျှော်လင့်နေမယ်နော်”
ခန်းကျန့်က နှိမ့်ချတဲ့အမူအရာလေးနဲ့ပြောပါတယ် “မဟုတ်ရပါဘူးဗျာ.. ကျွန်တော်က အများကြီးလိုပါသေးတယ်”
“ဘယ်သူပြောလဲ?” မိန်းကလေးက ချက်ချင်းပဲကန့်ကွက်တယ် “ရှင်က တစ်ချို့တစ်ချို့ မျက်နှာနှစ်ဖက်နဲ့လူတွေထက်စာရင် အများကြီးပိုကောင်းတယ်! အစ်မဖန်ဖန်.. အစ်မလည်း အဲ့လိုထင်တယ်မလား?”
ကောင်းဖန်ဖန်က ခပ်ပြုံးပြုံးလုပ်ရင်း ရေလိုက်ငါးလိုက်ပြောပါတယ် “မစ္စတာခန်းက ညီမရှာရှာရဲ့ချစ်ခင်နှစ်သက်မှုကိုခံပြီဆိုရင်တော့ သေချာတယ် အကုန်လုံးထက်ပိုတော်လို့ပဲဖြစ်မှာ”
စကားဝိုင်းတစ်လျှောက်လုံးမှာ ‘မျက်နှာနှစ်ဖက်နဲ့လူ’လို့တံဆိပ်ကပ်ခံရတဲ့ ပိုင်လန်ကတော့ ဘေးဘက်မှာရပ်ရင်းပြုံးပြနေရတယ်။ သူ့နောက်မှာက စတိတ်စင်ကြီးရှိပြီး ညာဘက်မှာက ကင်မရာပစ္စည်းတွေနဲ့ပြည့်နေကာ တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့ဘယ်ဘက်မှာလည်း ကောင်းဖန်ဖန်ကပိတ်ရပ်နေပါတယ်။ ဒီလူတွေက သူ့ကိုအဖက်မလုပ်ဘူး၊ ဒါပေမယ့် သူကလည်း တမင်သက်သက်ကြီးကွေ့ပတ်မသွားချင်တာကြောင့် ခဏတော့ရပ်နေလိုက်ရတယ်။
ဒါပေမယ့် မိန်းကလေးက ကောင်းဖန်ဖန်ကိုစကားပြောနေတုန်းမှာပဲ ခန်းကျန့်က သူ့ကို တောင်းပန်တဲ့အကြည့်ပေးလာတယ်။ ပြီးတော့မှ မိန်းကလေးကိုလှည့်ပြောလိုက်တယ် “ရှာရှာ.. သွားကြစို့၊ အစ်မဖန်လည်း အခုမှရိုက်ကူးရေးပြီးထားတာ ပင်ပန်းနေလိမ့်မယ်၊ အနားယူမှာကို သွားရှုပ်သလိုဖြစ်နေပြီ”
မိန်းကလေးက ပိုင်လန့်ကို ခြိမ်းခြောက်သလိုတစ်ချက်ကြည့်တယ်။ ပြီးမှ ကောင်းဖန်ဖန်ကိုပြောတယ် “ဒါဆို အစ်မဖန်ဖန်ကို မနှောင့်ယှက်တော့ဘူးနော်၊ နောက်ဆုံးတစ်ခါပဲထပ်ပြောချင်တယ် အစ်မရဲ့အင်တာဗျူးက အရမ်းအရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းတာပဲလို့၊ ကျွန်မအရမ်းကြိုက်တယ်”
ပြောပြီးတဲ့အချိန်မှာ မိန်းကလေးက ခန်းကျန့်ကိုဆွဲ၊ တစ်ဖက်ကိုထွက်သွားပြီး စတူရီယိုထဲကအခြားအရာတွေကို အကျယ်ကြီးရှင်းပြနေလေရဲ့။ သူမအဖေရဲ့အုပ်ချုပ်မှုအပိုင်းတွေ၊ ရှိုးအစီအစဉ်တွေ စတာတွေကိုပေါ့။
ခန်းကျန့်နဲ့မိန်းကလေးက စတူရီယိုထွက်ပေါက်ဆီကိုလျှောက်သွားကြတာကြောင့် တကယ်လို့ပိုင်လန်သာ အပြင်ထွက်ချင်တယ်ဆိုရင် သူတို့နောက် လိုက်သွားရမှာ။ ဒါပေမယ့် သူက လိုက်မသွားချင်တာကြောင့် နေရာမှာပဲမတ်တပ်ရပ်ရင်း ခဏလောက်ထပ်စောင့်နေတယ်။ ကောင်းဖန်ဖန်လည်း သူနဲ့အတွေးတူပုံရပါတယ်။
ပိုင်လန်က ခန်းကျန့်တို့နှစ်ယောက် စတူရီယိုထဲကထွက်သွားတာကိုစောင့်ပြီးမှ ကောင်းဖန်ဖန်ဘက်ကိုလှည့်ပြီးနှုတ်ဆက်လိုက်တယ်။ ကောင်းဖန်ဖန်လည်း ပိုင်လန့်ကို ပြုံးပြီးပြောပါတယ် “ဒီနေ့အတွက် အများကြီးစိတ်ပူမနေပါနဲ့၊ ရှိုးက တည်းဖြတ်ဦးမှာပါ၊ အခန်းတွေက ကြိုက်သလိုဖြတ်ပစ်လို့ရတယ်၊ လီရှာ ဘာမှဝင်ပြောလို့မရဘူး”
ပိုင်လန်က အံ့သြသွားရတယ်။ ကောင်းဖန်ဖန်တောင်မှ ဒီလိုပြောလာပြီဆိုတော့ သူကလည်း သိချင်တာလေး မေးလိုက်တယ် “ကျွန်တော်သိချင်တာ လီရှာက..?”
“ဟာမိုနီအင်တာတိန်းမန့်စီအီးအို လီမင်ရဲ့သမီးလေ၊ ဒီမှာတော့ မင်းသမီးလေးပေါ့” ကောင်းဖန်ဖန်ရဲ့အပြုံးက သဘာဝတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒိနောက်မှာတော့ သူမက ပိုင်လန့်ကို စိတ်အားတက်ကြွစွာကြည့်လိုက်ပါတယ် “ဒါပေမယ့် ရှင့်အနောက်ကနှစ်ယောက်နဲ့တော့ မယှဉ်နိုင်ပါဘူး၊ ရှင့်မှာ မစ္စတာချိုးနဲ့မစ္စတာဟုန်ရှိမှတော့ ကျွန်မက လီရှာအတွက် ကလေးထိန်းဝင်လုပ်ပေးဖို့ပဲ ရှိတော့တာပေါ့”
ပိုင်လန်က ဘာပြန်ပြောရမယ်မှန်းမသိဘူး၊ ခဏကြာမှ ပြုံးပြလိုက်ရတယ် “အစ်မဖန်ကို ဒုက္ခများစေမိပြီ”
ကောင်းဖန်ဖန်က ပိုင်လန်ရဲ့လုံးဝအပြစ်ကင်းစင်ပုံရတဲ့မျက်နှာလေးကိုကြည့်နေရင်းနဲ့ နောက်ဆုံးစကားတစ်ခွန်းကို မဖြစ်မနေပြောလိုက်ပါသေးတယ် “ကိုယ့်စိတ်ထဲရှိတဲ့အတိုင်းထုတ်မပြောတာ အကောင်းဆုံးပဲလို့ ရှေးလူကြီးတွေပြောကြတာ တကယ်မမှားဘူး”
***
ရွှေရုပ်ရှင်ရဲ့ဇာတ်အိမ်က တီဗွီအစီအစဉ်မှာ ပိုင်လန်ပြောခဲ့တဲ့သလိုမျိုး ဦးနှောက်သုံးစရာလည်းမလို စဉ်းစားတွေးတောနေစရာလည်းမလိုတဲ့ ဖျော်ဖြေရေးဇာတ်ကားတစ်ခုဖြစ်တယ်။ ဒါရိုက်တာကျူခွန်းတစ်ယောက် ဒီလိုဖျော်ဖြေရေးစတိုင်မျိုးရိုက်ကူးရတဲ့အကြောင်းက သူ့သူငယ်ချင်းအမြတ်ရဖို့အတွက်သာမဟုတ်ဘူး အရေးကြီးဆုံးအချက်က အရည်အသွေးမြင့်လှတဲ့အဝတ်အစားတွေရဲ့ ပကတိအကြောင်းအရာတွေကို ဖော်ပြပေးချင်လို့ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အပန်းဖြေကြည့်ရှုစရာရုပ်ရှင်တစ်ခု ထုတ်လုပ်ဖို့ပေါ့။
ဒါက နာမည်မကြီးတဲ့ထုတ်လုပ်ရေးသေးသေးလေးတစ်ခုပဲလေ။ တကယ်လို့ ပျင်းစရာကောင်းတဲ့အနုပညာလက်ရာဇာတ်ကားမျိုးဖန်တီးမယ်ဆိုရင်တော့ ရင်းနှီးငွေတွေကို ပင်လယ်ထဲပစ်ချလိုက်တာကမှ ပလုံလို့မြည်ပါလိမ့်ဦးမယ်။ ဒါကြောင့် ရွှေရဲ့ဇာတ်ကြောင်းကရှင်းပြီး လှည့်ကွက်တွေကခန့်မှန်းရလွယ်တယ်၊ ပြီးတော့ ဇာတ်သွားနှုန်းကလည်း သိပ်မြန်တယ်။ နောက်ပြီးတော့ တန်ဖိုးကြီးခမ်းနားလှတဲ့ဇိမ်ခံပစ္စည်းတွေနဲ့ပေါင်းပြီး ကျူခွန်းက ပရိသတ်တွေများများကြည့်ရှုလာအောင် ရည်ရွယ်ပြီး ဖျော်ဖြေရေးအသွင်ဖြင့်သာ ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့တယ်။
နောက်တစ်မျိုးပြောမယ်ဆိုရင်လည်း ဒီလိုဇာတ်သွားနှုန်းမြန်တဲ့ဇာတ်ကြောင်းက သရုပ်ဆောင်သစ်တွေရဲ့ချို့ယွင်းချက်တွေကိုလည်း ဖုံးအုပ်ပေးနိုင်တယ်။ ဒါကလည်း ရုပ်ရှင်ထဲမှာ အသစ်တွေအများကြီးပါတာကြောင့် ကျူခွန်းက ဒီလိုရိုက်ဖို့လုပ်ခဲ့တာ။ ဒါပေမယ့် သူ မထင်လိုက်မိတာက ပိုင်လန်နဲ့ချွယ်ချီမင်တို့ရဲ့ အတွဲညီညီသရုပ်ဆောင်မှုကိုပါ။ ဒီဆန့်ကျင်ဘက်ကာရိုက်တာနှစ်ခုက မျှော်မှန်းထားတာထက်ကိုပိုပြီး ထူးခြားပြောင်မြောက်အောင် သရုပ်ဖော်နိုင်ခဲ့တယ်။ ပေါက်ကွဲမှုခံစားချက်တွေအပိုသာသာနဲ့ ပရိသတ်တွေကို ဇာတ်ထဲပိုနစ်မြောလာအောင် ပြုလုပ်နိုင်ခဲ့တယ်။ သူတို့နှစ်ယောက်ကြောင့်ပဲ အမုန်းတွေက ပိုပြင်းထန်လာတယ်၊ ဒေါသတွေက ပိုပေါက်ကွဲလာတယ်၊ ဒီလိုနဲ့ အဆုံးသတ်ဇာတ်သိမ်းရောက်တဲ့အချိန်မှာ ပိုပြီးအားရကျေနပ်ဖွယ်ရာဖြစ်လာတယ်။ ဒါကြောင့် ရုပ်ရှင်လည်းပြီးရော ကျူခွန်းက ရင်ဘတ်ကိုကော့ပြီး သူ့သူငယ်ချင်းလောင်ကျောက်ကို အာမခံလိုက်တယ်။ ရွှေရုပ်ရှင်က ပိုက်ဆံဘယ်လောက်ပြန်ဝင်မလဲတော့ သူ မသိပေမယ့် ကြိမ်းသေအရှုံးမရှိပါဘူးလို့လေ။
ကျူခွန်းက အစပိုင်းမှာ ရုပ်ရှင်အတွက်ပရိုမိုးရှင်းဆင်းဖို့ ဘတ်ဂျတ်လုံလောက်မှုမရှိတာကို သိတာတောင်မှပဲ သူ့အလုပ်သူ အကောင်းဆုံးလုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းနေ့တွေမှာ ရင်းနှီးမြှပ်နှံသူအသစ်အကူအညီနဲ့ မားကတ်ကပိုကြီးလာပြီး ခန့်မှန်းမရတဲ့မြင်းရိုင်းတစ်ကောင်လို ပြိုင်ပွဲရှေ့တန်းကို ရောက်ရှိလာတယ်။ ရွှေရုပ်ရှင်က box office မှာ အဖွင့်မျက်နှာပန်းလှခဲ့ပြီး ပရိသတ်ပေါင်းများစွာရဲ့အာရုံကို ဆွဲယူလိုက်နိုင်ပါတယ်။
ဒီနေရာမှာ နှိုင်းယှဉ်ပြီးပြောရမယ်ဆိုရင် ရာဇဝင်ရုပ်ရှင်ကား ‘ဧကရာဇ်ဖန်း’ကတော့ ကန်တော့ပွဲအခမ်းအနားကစပြီး ရွှေရုပ်ရှင်ထက်များစွာသာလွန်နေပေမယ့်လည်း ရုံတင်ခါနီးအချိန်ကိုရောက်လာတဲ့အချိန်မှာ စိတ်ဝင်စားခံရမှုနှုန်းက သာတူညီမျှတန်းတူဖြစ်လာပါတယ်။
***
ရွှေရုပ်ရှင်ရဲ့ပရီမီယာပွဲဦးထွက်ပြသခြင်းကို A မြို့ရဲ့ သက်တမ်းအရင့်ဆုံး ဟုန်ဖန်းရုပ်ရှင်ရုံမှာ ကျင်းပခဲ့တယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတော့ ရုပ်ရှင်ရုံကို ပြီးခဲ့တဲ့ရာစုနှစ်တွေကလိုမျိုး ရှေးဟောင်းတော်ဝင်အငွေ့အသက်တွေပါအောင် ပြန်လည်ပြင်ဆင်ခဲ့တယ်။ ဒါက ရွှေရုပ်ရှင်ရဲ့ဆက်တင်ဒီဇိုင်းတွေနဲ့အများကြီးသင့်တော်ပါတယ်။ ဒါကြောင့် ရွှေရုပ်ရှင်ပွဲဦးထွက်ပြသဖို့အတွက် ရုပ်ရှင်ရုံတစ်ခုလုံးကိုငှားရမ်းခဲ့တာပေါ့။ ဒီနေရာမှာ အနုပညာလောကသားတွေက အတင်းပြောကြတယ်.. ပိုက်ဆံပေါတဲ့လူတွေများ ပိုက်ဆံသုံးဖို့နေရာပဲ လိုက်ရှာနေတာတဲ့။
ဒီညမှာ ရုပ်ရှင်ရုံတစ်ခုလုံးကို ပိုပြီးကြီးကျယ်ခမ်းနားနေအောင် အလှဆင်ထားတယ်။ ကြီးမားရှည်လျားတဲ့ကောဇောနီလျှောက်လမ်းပေါ်မှာတော့ VIP ဧည့်သည်တွေနဲ့ပြည့်နေပါတယ်။
ရုပ်ရှင်ရဲ့သရုပ်ဆောင်တွေ၊ အဖွဲ့သားတွေသာ မကဘူး၊ ရင်းနှီးမြှပ်နှံသူပိုင်ရှင်တွေ ပါတနာတွေ စပွန်ဆာတွေ နဲ့သတင်းထောက်တွေ သတင်းသမားတွေ အများကြီးလည်း ဖိတ်ကြားခံရတယ်။ နောက်ပြီး နာမည်ကြီးရုပ်ရှင်ဝေဖန်ရေးသမားတွေနဲ့ နာမည်ကြီးအနုပညာရှင်အချို့လည်း တက်ရောက်ကြပါတယ်။
ဒီညက စတားတွေရဲ့ပွဲတော်လိုမျိုးဖြစ်လာပြီး သတင်းသမားတွေအကုန်လုံးကလည်း ကောဇောနီရဲ့တစ်ဖက်ခြမ်းမှာ စောင့်ဆိုင်းနေကြတယ်။ ပရီမီယာပွဲဖြစ်တဲ့အတွက် ရုပ်ရှင်နဲ့ပတ်သက်တဲ့အင်တာဗျူးတွေကိုတော့ ပရိသတ်တွေအကုန်လုံးရောက်ရှိပြီး ရုပ်ရှင်မပြမှီမှာ ပြုလုပ်မှာဖြစ်တယ်။ ဒါကြောင့် ကောဇောနီလျှောက်လမ်းပေါ်မှာတော့ အင်တာဗျူးတွေရှိမှာမဟုတ်ပါဘူး။
အနက်ရောင်ကားတွေနဲ့ A-list စတားတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာတယ်… ရုပ်ရှင်ဧကရီ ကျန်းမေရိ ၊ ဝါရင့်အစီအစဉ်တင်ဆက်သူ ခယ့်ချန်၊ ဟာသဘုရင် မိုတာ့ဝေ၊ ဂီတနတ်ဘုရား လီခွမ်လင် နဲ့ ငယ်ရွယ်တဲ့ထိပ်တန်းမင်းသား စုချွမ်တောင်မှ ပါသေးတယ်။ သတင်းသမားတွေက ဒီမြင်ကွင်းတွေကိုတွေ့ပြီး မျက်လုံးတွေပြူးကျယ်သွားကြတယ်။ သူတို့ရဲ့ကင်မရာတွေက အဆက်မပြတ်တဖြတ်ဖြတ်ဖြစ်သွားပြီး အင်တာဗျူးအစီအစဉ်မရှိရကောင်းလားဆိုပြီး ညည်းညူနေကြတယ်။ ဒီလိုမြင်ကွင်းမျိုးက ဆုပေးပွဲအခမ်းအနားတွေကလွဲပြီး ခဏခဏမြင်တွေ့နိုင်တဲ့အရာမျိုးမဟုတ်ဘူးလေ။
ရုပ်ရှင်ရဲ့ဇာတ်ဆောင်မင်းသားတဖြစ်လဲ ဒီညရှိုးရဲ့အဓိကမင်းသား ပိုင်လန်က နောက်ဆုံးမှ ပွဲတက်လာဖို့စီစဉ်ထားတယ်။ သူက အနည်းငယ်လှမ်းတဲ့ကားပါကင်ထဲရပ်ထားတဲ့ ကားထဲမှာ ပြင်ဆင်ရင်း အသင့်စောင့်ဆိုင်းနေပြီး စူပါစတားတွေ ကောဇောနီပေါ်လမ်းလျှောက်တာကြည့်နေရင်းနဲ့ပဲ စိတ်မသက်မသာခံစားနေရတယ်။
“နာမည်ကြီးစီနီယာတွေအကုန်လုံး ဖွင့်ပွဲကိုလာတာ နည်းနည်းတော့ မဟုတ်သလိုပဲ၊ ထူးဆန်းသလိုခံစားရတယ်”
ပိုင်လန်က ကားထဲက တီဗွီသေးသေးလေးကို ကြည့်နေတယ်။ တီဗွီမှာက ကောဇောနီလျှောက်လမ်းနဲ့အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်နေတာပါ။
အနက်ရောင်အနောက်တိုင်းဝတ်စုံကို စတိုင်ကျကျဝတ်ဆင်ထားတဲ့ချိုးချန်က ပိုင်လန့်ဘေးနားထိုင်နေတယ်။ သူလည်း ရုပ်ရှင်စပွန်ဆာတစ်ယောက်အနေနဲ့ ဒီညမှာ ဖိတ်ကြားခံရတာလေ။
“ဘာလို့လဲ၊ လန့်လို့လား?”
“ပွဲကြီးက ကြီးလွန်းတယ်၊ အကြီးအကဲဟုန်က ဘာလုပ်ချင်နေတာလဲ?” ပိုင်လန်က မချိပြုံးလေးနဲ့ ရယ်ပါတယ် “ဒီလူတွေတစ်ယောက်ချင်းစီကို ရီဗျူးဆိုးဆိုးတွေ ပြောခိုင်းမှာတော့ မဟုတ်လောက်ပါဘူးနော်”
ချိုးချန်က မျက်ခုံးတွေကို ပင့်တင်လိုက်တယ် “တစ်ချိန်လုံးတည်ငြိမ်နေပါတယ်လို့ ထင်လိုက်တာ မင်း စိတ်လှုပ်ရှားနေတာလား”
ပိုင်လန်က ချိုးချန်ကိုကြည့်တယ်။ ပြီးတော့ရုတ်တရက်ပဲ ချိုးချန်လက်ကို ကောက်ကိုင်လိုက်ပါရော။ သူတို့ရဲ့လက်ချောင်းဆယ်ချောင်းက ချိတ်တွယ်နေတာပေါ့။ သူက သူ့လက်ဖဝါးမှာ ချွေးစေးတွေထွက်နေပါတယ်လို့ ချိုးချန်ကို သိစေချင်တာ “ကျွန်တော်က အဲ့လောက်ထိ သတ္တိမကောင်းပါဘူး”
ချိုးချန်ကပြုံးပါတယ်။ ပြီးတော့ ပိုင်လန့်လက်ကိုပြန်ဆွဲပြီး လက်ထဲဆုပ်ကိုင်ထားတယ် “ဒါဆို သတ္တိရှိလာအောင် လုပ်ပေးရမှာပေါ့”
ပိုင်လန်က ဘာပြန်ပြောရမယ်မှန်း မသိဘူး၊ ဘာကိုဆိုလိုချင်တာလဲလို့တောင် မေးဖို့အချိန်မရလိုက်ဘူး၊ ချိုးချန်က သူတို့နဲ့ဒရိုင်ဘာကြားက ပြတင်းပေါက်ကို နှိမ့်ချလိုက်တယ် “ဖြည်းဖြည်းပဲမောင်းသွား”
“ဘာ ဘာလုပ်မလို့လဲ?” ပိုင်လန်က လန့်ဖြန့်သွားလေရဲ့။
“မသွားရဲဘူးလား?” ချိုးချန်က မျက်ခုံးပင့်ပြီးမေးပြန်တယ်။
ပိုင်လန်က နှုတ်ကိုဟပြီးပြောလိုက်ချင်သေးပေမယ့်လည်း အဆုံးမှာတော့ ဘာမှမပြောနိုင်တော့ဘူး။
အချိန်ဆယ်မိနစ်ကြာပြီးသွားတဲ့အချိန်မှာတော့ ကောဇောနီပေါ်လမ်းလျှောက်ဖို့အတွက် ပိုင်လန့်အလှည့်ရောက်ရှိလာပါပြီ။
သားနားလှတဲ့လင်မိုဆင်းကားအနက်ကြီးက ရုပ်ရှင်ရုံရှေ့မှာ ဖြည်းဖြည်းချင်းရပ်သွားတယ်။
ကားတံခါးတစ်ဖက်ကပွင့်သွားပြီး ခြေတံရှည်ရှည်တစ်ဖက်ထွက်လာတော့ သတင်းထောက်တွေရဲ့ကင်မရာမီးရောင်က အဆက်မပြတ်တဖြတ်ဖြတ်လင်းသွားတာပေါ့။
ချိုးချန်က ကားထဲက အရင်ထွက်လာတယ်၊ ပိုင်လန်ကတော့ နောက်ကလိုက်ဆင်းလာပါတယ်။
ဒီတစ်ကြိမ်က သူတို့နှစ်ယောက် ကင်မရာတွေရှေ့မှာ အတူတကွတွဲပြီးပေါ်ထွက်လာတဲ့ ပထမဦးဆုံးအကြိမ်ပါ။
***
စာရေးသူ၏မှတ်တမ်း : အားလုံးကိုကျေးဇူးတင်ပါတယ်၊ လူတွေအများကြီးက ရှောင်ဟိုင့်ကို တမ်းတနေကြတဲ့အတွက် အခန်းတွေထပ်ဖြည့်ထားပါတယ်။
TV ရှေ့တွင်…
ချိုးရှောင်ဟိုင် : ဟိုမှာ ဖေဖေနဲ့အားပိုင်! ဟုန်ဟုန်..ကြည့်..ဟိုမှာ!
ဟုန်ဟုန် : အင်း..
ချိုးရှောင်ဟိုင် : ဘာလို့သူတို့က လက်မတွဲထားကြတာလဲ၊ သားဆို အားကျန်းနဲ့အမြဲလက်တွဲထားတာ..
ဟုန်ဟုန် : မေ့သွားလို့လေ၊
ချိုးရှောင်ဟိုင် : ဟုန်ဟုန်.. မြန်မြန်လုပ်.. ဖေဖေ့ကိုဖုန်းခေါ်ပြီး သတိပေးလိုက်ဦး၊
ခေါင်းငုံ့ပြီး ချိုးရှောင်ဟိုင်ကိုကြည့်လိုက်သောဟုန်ဟုန် : ပေါက်စီစားဦးမှာလား?
ချိုးရှောင်ဟိုင် : စားမယ်!
………………………….