(30) ပိုင်သခင်လေး
ကော်ဇောနီဘေးတစ်ဖက်တစ်ချက်ဆီမှာ မတ်တပ်ရပ်နေကြတဲ့သတင်းသမားတွေက မမျှော်လင့်ထားတဲ့ဒီလူနှစ်ယောက်အတွဲ ကားပေါ်ကဆင်းလာတာကို မြင်လိုက်ကြတဲ့အခါ အစီစဉ်တကျဖြစ်နေတဲ့လူအုပ်ကြီးက ရုတ်တရက်ပဲဝရုန်းသုန်းကားဖြစ်သွားတယ်။ သူတို့က သိချင်စိတ်တွေကို ချွန်းအုပ်ထားရပေမယ့် ပထမဦးဆုံးလူတစ်ယောက်ရဲ့မေးခွန်းမေးသံကို ကြားလိုက်ရတဲ့အချိန်မှာတော့ ကျန်လူတွေပါ ထိန်းချုပ်မထားနိုင်တော့ပဲ အဆုတ်ကွဲအောင်စတင်အော်ကြလေတယ်။
“မစ္စတာချိုး မစ္စတာချိုး!! ရှင်က ဒီလိုပွဲမျိုးတက်တာရှားတယ်လေ ဒီည ဘာကြောင့်ပွဲတက်လာခဲ့တာပါလဲ?
“မစ္စတာချိုး! ဒီဘက်ကိုတစ်ချက်လောက်ကြည့်ပေးလို့ရမလား!! ကျေးဇူးတင်ပါတယ်!!”
“ဒီနေ့ မစ္စတာပိုင်နဲ့ကားတစ်စီးတည်းအတူစီးလာတယ်နော်၊ နှစ်ယောက်သားက ဘယ်လိုဆက်ဆံရေးပါလဲ? တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းသိကြတဲ့ဆက်ဆံရေးပါလား?”
“နှစ်ယောက်သား အပန်းဖြေခရီးအတူသွားခဲ့တာမှန်ပါသလား!? ဘယ်သွားကြလဲ သိလို့ရမလား!?”
“ဒီနေ့ နှစ်ယောက်လုံးက ကုမ်ပဏီကနေအတူထွက်လာတာလား? ဒါမှမဟုတ် အခြားနေရာကနေများ အတူလာကြတာလား?”
“မစ္စတာချိုး.. ဒီနေ့ပွဲကို ဘယ်လိုအနေအထားနဲ့တက်ရောက်တာပါလဲ? တိုတယ်အင်တာတိန်းမန့်ရဲ့ စီအီးအိုအနေနဲ့လား မစ္စတာပိုင်ရဲ့သူငယ်ချင်းအနေနဲ့လား?”
“မစ္စတာပိုင်! ခင်ဗျားနဲ့မစ္စတာချိုးဆက်ဆံရေးကိုပြောပြလို့ရမလား? သူဌေးနဲ့ဝန်ထမ်းပဲလား ဒါမှမဟုတ် အခြားတစ်မျိုးများရှိသေးလား!?”
“ဒီညရုပ်ရှင်ပရီမီယာက အရမ်းကိုကြီးကျယ်ခမ်းနားတာ မစ္စတာချိုးအကူအညီကြောင့်ပါလား!?”
“မစ္စတာချိုး.. ခင်ဗျားဒီနေ့တက်ရောက်လာတာ ရုပ်ရှင်ကိုစိတ်ဝင်စားလို့လား၊ မစ္စတာပိုင်ကိုစိတ်ဝင်စားလို့လား? မစ္စတာချိုး ကျွန်တော်တို့ကို တစ်ချက်လောက်ပြောပေးပါ”
ပိုင်လန်နဲ့ချိုးချန်ရဲ့မျက်နှာပေါ်မှာ အဆုံးမသတ်နိုင်တဲ့မီးရောင်တွေက တဖြတ်ဖြတ်လက်နေတယ်။ သူတို့နှစ်ယောက်က အလယ်မှာခြေတစ်လှမ်းစာလောက်ခြားပြီး ပခုံးချင်းယှဉ်ဘေးတိုက်လမ်းလျှောက်နေကြတယ်။
မီဒီယာတွေနဲ့ပတ်သက်နေကျပိုင်လန်က ခါတိုင်းလိုပဲပြုံးပြနေရင်း ကင်မရာတွေဘက်ကို တည်တည်ငြိမ်ငြိမ်ပဲ ကြည့်ပါတယ်။ ချိုးချန်ကလည်း ဒီမြင်ကွင်းတွေနဲ့အရမ်းရင်းနှီးတယ်။ ဘယ်လို ကသိကအောက်မေးခွန်းမျိုးပဲ မေးခံရပါစေ ဖြတ်တိုက်သွားတဲ့လေလိုပဲ သဘောထားတာ။
ဒီအချိန်မှာ ဖန်းဟွာက ကော်ဇောနီရဲ့အဆုံးမှာမတ်တပ်ရပ်နေပြီး သူမကိုကြည့်ရတာ ဖျစ်ညှစ်ပြုံးနေရပုံပေါ်တယ်။ သူမက ဒီပွဲအကြောင်းကြိုသိခွင့်မရလိုက်ဘူးလေ။
ချိုးချန်က ပိုင်လန်နဲ့အတူပွဲတက်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီးချင်းပဲ ဖန်းဟွာကို ‘ကြင်နာစွာနဲ့’ ကြိုတော့အသိပေးလိုက်ပါတယ်။ ဒါပေမယ့် အချိန်အဲ့လောက်ကပ်နေမှတော့ ဖန်းဟွာတစ်ယောက် ယောက်ယက်ခတ်ရုံအပြင် ဘာမှလုပ်ဖို့အချိန်မရှိတော့ပါဘူး။ ဘုရားသခင်ကျေးဇူးတော်အရ ချိုးချန်က ပိုင်လန်နဲ့ ခပ်ခွာခွာနေဖို့တော့ သတိရသေးပေမယ့်လည်း သတင်းသမားတွေရဲ့ တုန့်ပြန်ပုံကတော့ အလွန်တရာပြင်းထန်လှတယ်။
“မစ္စတာချိုး!!မေးခွန်းလေးတွေဖြေပေးလို့ရမလား!?”
“တကယ်လို့ မစ္စတာချိုးက မဖြေချင်ရင် မစ္စတာပိုင်က ဖြေပေးပါလား! ပရိသတ်တွေက အရမ်းကိုသိချင်နေကြလို့ပါ!!”
“မစ္စတာချိုး.. ရှင်အရင်ကလည်း တိုတယ်အင်တာတိန်းမန့်ကအနုပညာရှင်တွေနဲ့ သတင်းထွက်ခဲ့ဖူးတယ်နော်၊ အခုရော မစ္စတာပိုင်နဲ့တွဲနေတာပါလား!?”
“မစ္စတာပိုင်.. ရှင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့သတင်းထွက်ဖူးတဲ့ မစ္စတာချိုးကို ဘယ်လိုမြင်ပါသလဲ!?”
“မစ္စတာပိုင်.. လက်ကစိန်နာရီက မစ္စတာချိုးဝယ်ပေးထားတာလား သိပါရစေ?”
“မစ္စတာပိုင်.. ဒီနေ့လည်း နာရီဝတ်လာတယ်နော်၊ ကျွန်တော်တို့ကို တစ်ချက်လောက်ပြလို့ရမလား?”
“မစ္စတာချိုး.. နာရီက ရှင်ဝယ်ပေးထားတာလား!?”
“မစ္စတာချိုး.. မေးခွန်းတစ်ခုလောက်တော့ဖြေသွားပေးပါ၊ အကုန်လုံးက အရမ်းကိုသိချင်နေကြပါတယ်!!”
“ခဏလောက်ရပ်လို့ရမလား မစ္စတာချိုး!? နှစ်ယောက်တွဲဓါတ်ပုံလေးရိုက်ချင်လို့ပါ!”
ပို ပိုပြီးဆိုးရွားလာနေတဲ့မေးခွန်းတွေကြားထဲမှာ ဒီမေးခွန်းတစ်ခုပဲ သမာရိုးကျဆန်တယ်။ ဒါကြောင့် ချိုးချန်က ဖြေဖို့ဆုံးဖြတ်လိုက်ပြီး ပိုင်လန်ရဲ့ပုခုံးကိုပုတ်လိုက်တယ်။
ပိုင်လန်က လှည့်ကြည့်တဲ့အခါ ချိုးချန်က သတင်းသမားဘက်ကိုညွှန်ပြတယ် “ဓါတ်ပုံအတူရိုက်ကြစို့”
ပိုင်လန်ကပြုံးပြီးချိုးချန်ဘေး ကပ်ရပ်ပါတယ်။ သူတို့ရဲ့အရပ်ကွာခြားမှုကြောင့်လည်း ချိုးချန်က ခေါင်းနည်းနည်းစောင်းပေးတယ်။
“ချပ်..ချပ်..ချပ်” အသံတွေက ဟိုဟိုသည်သည်ကထွက်လာတယ်။ အခြားတစ်ဖက်မှာ မတ်တပ်ရပ်နေတဲ့သတင်းသမားတွေက မကျေနပ်တာကြောင့် ချက်ချင်းပဲအော်ကြတယ်။ “ဒီဘက်လှည့်ပေးပါ!! ဒီဘက်ကိုလှည့်ပေးပါ!! ကျေးဇူးတင်ပါတယ်!!”
နှစ်ယောက်သားက အတူတူပဲ အခြားတစ်ဖက်ကိုလှည့်ရပ်ပေးတဲ့အခါ နောက်ထပ်မီးရောင်တွေက တဖြတ်ဖြတ်လက်သွားပြန်တယ်။ ဓါတ်ပုံရိုက်လို့ပြီးဆုံးချိန်မှာတော့ ချိုးချန်က သာမန်အပြုံးတစ်ခုကိုပေးရင်း ပြောတယ် “ရုပ်ရှင်က အတော်လေးကောင်းပါတယ်၊ ဒီနေ့ကျွန်တော် ရုပ်ရှင်လာကြည့်တာပါ၊ အားလုံးလည်း သေချာလေးအားပေးကြပါလို့ ပြောချင်ပါတယ်”
သူပြောလို့ပြီးသွားတဲ့အချိန်မှာ နောက်ထပ်များပြားလှတဲ့မေးခွန်းတွေက တမဟုတ်ချင်းထွက်လာတယ်။ ချိုးချန်ကတော့ ပြုံးရုံပြုံးပြီး ပိုင်လန်ရဲ့နောက်ကျောကို အသာအယာထိလိုက်ရင်း ကောဇောနီဆုံးအောင် နှစ်ယောက်အတူလျှောက်သွားကြလေတယ်။
ဤအချိန် ရုပ်ရှင်ရုံ၏ထောင့်တစ်နေရာတွင်..
အပြင်ဘက်က ပွက်လောရိုက်နေတဲ့ဆူညံဆူညံမြင်ကွင်းကို ဟုန်ယွိက တစ်ချက်ကြည့်လိုက်ရင်း သူ့ဘေးမှာမတ်တပ်ရပ်နေတဲ့စုချွမ်ကိုလှည့်ကြည့်ကာ ပြုံးပြလိုက်တယ် “ဒီနေ့ အရမ်းကိုပွဲဆူနေတယ်လို့ မထင်ဘူးလား”
စုချွမ်က ပြုံးပြီးပြန်ပြောတယ် “ဒါပေါ့..သူဌေးဟုန် စိတ်ဝင်စားတဲ့အရာတွေက ပေါ့သေးသေးတော့ ဘယ်ဟုတ်ပါ့မလဲ”
“ငါလည်း အပြင်မထွက်တာအတော်ကြီးကိုကြာနေပြီ” ဟုန်ယွိက သက်ပြင်းချတယ် “အခုလိုကြည့်လိုက်တော့လည်း မျိုးဆက်သစ်လူငယ်လေးတွေများ တကယ့်ကိုအရည်အချင်းရှိတာပဲ”
စုချွမ်က ခါတိုင်းလိုပဲ လှလှပပပြုံးပါတယ်။ ပြီးတော့မှ သူ့ခံစားချက်တွေကို ဘယ်သူမှမမြင်နိုင်အောင် မျက်လွှာကိုချလိုက်တယ်။
***
နောက်တစ်နေ့မှာတော့ ပွဲရဲ့ဓါတ်ပုံအကြီးအသေးပေါင်းများစွာက အနုပညာသတင်းတွေရဲ့ရှေ့မျက်နှာစာတစ်ဝက်လောက်ထိကို နေရာယူထားခဲ့ကြတယ်။
ပွဲပြီးလို့ထွက်လာတဲ့နာမည်ကြီးအနုပညာရှင်တွေက အပြင်ဘက်မှာအကြာကြီးစောင့်ဆိုင်းနေကြတဲ့ သတင်းသမားတွေရဲ့တားဆီးခြင်းကိုခံရပြီး မေးခွန်းတွေမေးခံရတယ်။ ဒါကြောင့် ရုပ်ရှင်အကြောင်းဆွေးနွေးကြတဲ့ အကြောင်းအရာတွေက မျိုးစုံပြီး ပေါများလှလေတယ်။
အကြောင်းရင်းက မရေရာပေမယ့် ပိုင်လန်နဲ့ချိုးချန်တို့ ကောဇောနီပေါ် အတူတကွလမ်းလျှောက်တဲ့ဓါတ်ပုံတွေကတော့ သတင်းတွေထဲမှာ ပါတယ်ဆိုရုံလေး ပါလာတယ်။ ပြီးတော့ သတင်းသမားတွေမေးကြတဲ့ အနှောင့်အသွားမလွတ် မေးခွန်းတွေအကုန်လုံးလည်း ဒီမနက်သတင်းစာမှာ လုံးဝလုံးဝမပါလာဘူး။
မနက်ခင်းရဲ့ထမင်းဝိုင်းမှာ ပိုင်လန်က လတ်လတ်ဆတ်ဆတ် ပင်လယ်စာကြက်ဥပန်ကိတ်ကို ကိုက်ရင်း သတင်းစာကိုလှန်လှောနေပါတယ်။ ချိုးချန်က ပျင်းရိစွာနဲ့ ပန်းကန်ပြားကို ဟိုထိုးသည်ထိုးလုပ်ရင်းပြောတယ် “စိတ်မပူနဲ့၊ မင်းရှာနေတဲ့အရာတွေ မရှိဘူး”
သူ့မှာ ပိုင်လန်ရဲ့စောစောအိပ်စောစောထတဲ့အလေ့အကျင့်တွေလည်း ကူးစက်သွားပြီလေ။ ညဘက်မှာ ဘာပွဲမှတက်စရာမလိုဘူးဆိုရင်တော့ ချိုးချန်က ပိုင်လန်ရဲ့စားသောက်နေထိုင်မှုပုံစံအတိုင်း လိုက်လုပ်တယ်။
ပိုင်လန်က သတင်းစာကိုခပ်မြန်မြန်လေးလှန်တယ်။ ပြီးတော့ အခြားပိုသေးတဲ့သတင်းကော်လံတွေကိုလည်း ကြည့်နေတယ်။
“မနေ့ကအကြောင်းကို စိတ်ပူစရာမလိုဘူးလို့ပြောတာ ကြိုတင်စီစဉ်ထားလို့လား?”
“မင်းအခု ဒီမနက်သတင်းစာကိုကြည့်နေပြီးတော့.. သဘောမပေါက်သေးဘူးလား?”
ချိုးချန်က ကြက်ဥပန်ကိတ်နောက်တစ်စိတ်ကို ပါးစပ်ထဲသွပ်ထည့်တယ်။ ပြီးတော့ မြိုမချရသေးခင်မှာပဲ နောက်ထပ်အစိတ်အကြီးကြီးတစ်ခုကို ထပ်ထည့်ပြန်ပါတယ်။ သူ့ကြည့်ရတာ အရသာကို အတော်လေးနှစ်သက်ပုံရတယ်။
ပိုင်လန်က ခဏရပ်သွားပြီး သတင်းစာမှာပါတဲ့နောက်ထပ်သတင်းခေါင်းစဉ်တစ်ခုကို ကြည့်နေတယ်။ ဧကရာဇ်ဖန်းရုပ်ရှင်ကားက အစိုးရအာဏာပိုင်တွေဆီက စုံစမ်းစစ်ဆေးခံနေရတယ်တဲ့လား!?
“ဒါတွေအကုန်လုံးက ဟုန်ယွိလုပ်တာလား?”
“သိသာနေတာပဲ မဟုတ်ဘူးလား?” ချိုးချန်က နောက်ထပ်အစိတ်အကြီးကြီးကို ပါးစပ်ထဲထည့်ပြန်တယ်။ “တစ်ဖက်က ရွှေရုပ်ရှင်ကို နာမည်ကြီးအောင်လုပ်ပေးပြီး တစ်ဖက်က ဧကရာဇ်ဖန်းကို ထိန်းချုပ်ထားတယ်၊ ဟုန်ယွိက သူ့အာဏာဘယ်လောက်ကြီးလဲဆိုတာ စုချွမ်ကို သတိပေးချင်တာဖြစ်လိမ့်မယ်၊ ဒါကြောင့် သူက အခု မင်းနဲ့မင်းရုပ်ရှင်ကို တစ်စက်ကလေးမှ ထိခိုက်ခံမှာမဟုတ်ဘူး”
ပိုင်လန်က လန့်သွားပြီးမှ မမေးရမနေနိုင်မေးလိုက်ရတယ် “ဒါတွေကို ခင်ဗျား အရင်ကတည်းက သိပြီးသားလား?”
“စကားတွေက ဘယ်တော့မှထိန်းချုပ်လို့မရဘူး၊ အမြဲပေါက်ကြားနေတာ” ချိုးချန်က ဝန်ခံတယ်။
ပိုင်လန်က ရပ်သွားပြီးမှ မေးပြန်တယ် “ဒါဆို မနေ့ညက… အဲ့လိုလုပ်မယ်လို့ ကြိုစဉ်းစားထားတာလား?”
ချိုးချန်က မျက်ခုံးကိုပင့်တယ် “ကူညီပေးချင်တဲ့လူ အဆင်သင့်ရှိမှာတော့ ကိုယ်တို့က အသာလေးထိုင်လိုက်သွားရုံပဲလေ”
နှစ်ယောက်သားက လူမြင်ကွင်းမှာ မကြာခဏအတူတွဲထွက်ပေးမယ်ဆိုရင် ဒါကိုအသုံးချပြီး ကောလဟလဖန်တီးတဲ့အရေအတွက်တွေ လျော့နည်းသွားမှာဖြစ်တယ်။
ပိုင်လန်က သတင်းစာကိုချပြီး ချိုးချန်ကိုကြည့်တယ်။ သူ့ဦးနှောက်ကတော့ ဘာမှလိုက်မတွေးနိုင်တော့သလို ခံစားနေရတယ်။
“ဒါပေမယ့် စုချွမ်က အကူအညီပေးဖို့ ခင်ဗျားဆီလာတောင်းပန်မယ်ဆိုရင်ရော? ဘယ်လိုလုပ်မှာလဲ?”
ချိုးချန်က ပိုင်လန့်နားကိုကပ်လာပြီး မကောင်းဆိုးဝါးပြုံးနဲ့ပြုံးတယ် “ဘာလဲ… စိတ်မချနိုင်ဖြစ်နေတာလား?”
ပိုင်လန်က ပွင့်ပွင့်လင်းလင်းပဲ ခေါင်းညိတ်ပြပါတယ် “နည်းနည်းပေါ့”
ဒါပေမယ့် ဒီ‘နည်းနည်းပေါ့’လေးကလည်း ချိုးချန်ကို အများကြီးအပျော်လွန်သွားခဲ့စေတယ်။ သူက ပိုင်လန့်ကိုလှမ်းဆွဲပြီး နှုတ်ခမ်းကိုအားရပါးရနမ်းလိုက်တယ်။
ဒီအချိန်မှာ စားပွဲတစ်ဖက်မှာထိုင်နေတဲ့ချိုးရှောင်ဟိုင်က မြင်ပြီး ရုတ်တရက်ထပြောတယ် “ဖေဖေ .. မနမ်းခင် ပါးစပ်အရင်သုတ်ရမယ်လို့ အားကျန်းကပြောတယ်”
သူက ခက်ရင်းလေးကိုကိုင်ထားပြီး ကြက်ဥပန်ကိတ်စားနေတာ။ ပါးစပ်ထဲမှာလည်း ခရမ်းချဉ်သီးဆော့စ်တွေနဲ့ ပေပွနေတာပဲ။
သူ့သားဆီက ဆုံးမစကားကိုကြားရတဲ့ချိုးချန်က အနမ်းပေးတာကိုရပ်လိုက်ရင်း တစ်ဖက်ကိုလှည့်လိုက်တယ်။ အာရုံက သားဘက်ရောက်သွားပြီလေ။
“အားကျန်း? သူက ဘာလို့အဲ့လိုပြောတာလဲ? မင်း ပါးစပ်မသုတ်ဘဲ သူ့ကိုသွားပြေးနမ်းလိုက်တာလား?”
ချိုးရှောင်ဟိုင်က ချက်ချင်းပဲ သူ့ကိုယ်သူခုခံကာကွယ်တယ် “သား.. သားက သုတ်ပြီးမှနမ်းတာပါ”
သူက ချက်ချင်းပဲ ကွက်တိကိုမိသွားတာလေ။
ပိုင်လန်ကတော့ ရုတ်တရက်ပဲ အပြစ်ရှိသလိုခံစားလိုက်ရတယ်။ ချိုးရှောင်ဟိုင်မေးခွန်းထုတ်တဲ့ အနမ်းဆိုတာကြီးကို သုံးလေးငါးခါ လက်ပူးလက်ကျပ်မိခံရပြီးမှာ ရှင်းပြလို့လဲ မထွက်တော့ဘူး။
“နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက်ကြိုက်မှ သားက နမ်းလို့ရမှာနော်၊ နမ်းချင်သလို နမ်းလို့မရဘူးနော်၊ သိလား?”
ဒီစကားကိုပြောပြီးနောက်မှာ ပိုင်လန်က လက်သုတ်ပဝါကိုယူပြီး ချိုးရှောင်ဟိုင်ရဲ့ပါးစပ်ကိုသုတ်ပေးတယ်။
“အင်း!” ချိုးရှောင်ဟိုင်က မေးစေ့ကိုမော့ပေးတယ်။ ပြီးတော့မှ တောက်တောက်ပပပြုံးရင်းပြောပါတယ် “သားက အားကျန်းကိုလည်း နမ်းခိုင်းပါတယ်”
***
ချိုးချန်ပြောခဲ့သလိုပါပဲ၊ ဟုန်ယွိက တစ်ယောက်ကို မြှင့်တင်နေတဲ့အချိန်မှာ တစ်ယောက်ကို ဖိနှိပ်ထားခဲ့တယ်။
သူက ပရီမီယာပွဲပြီးဆုံးတဲ့အချိန်မှာလည်း ရွှေရုပ်ရှင်အရောင်းမြှင့်တင်ရေးအတွက် ဆက်လက်ထောက်ပံ့ခဲ့တယ်။ ဟုန်ယွိအဆက်အသွယ်ကြောင့် ပွဲကိုလာတဲ့ နာမည်ကြီးအနုပညာရှင်အချို့ကလည်း ရုပ်ရှင်ကြည့်ပြီးမှာ မှတ်ချက်အကောင်းတွေပေးသွားကြတယ်။ ဒီလိုဆားဗစ်တွေနဲ့ရွှေရုပ်ရှင်က box office အဖွင့်မှာ ဂယက်မရိုက်ဘူးဆိုမှသာ ထူးဆန်းနေမှာပါ။
ဒါပေါ့.. ရွှေရုပ်ရှင်က ပရိသတ်တွေကိုဆွဲဆောင်နိုင်ပြီး သူ့နည်းသူ့ဟန်နဲ့ကောင်းတဲ့အချက်တွေလည်းရှိပါတယ်။ ဒါကြောင့်ပဲ ထုတ်လုပ်စရိတ် သိန်း(၄၀၀)အောက်သာရှိတဲ့ အသေးစားအလတ်စားရုပ်ရှင်က ဖွင့်ပွဲပထမအပတ်အတွင်းမှာ သိန်း(၇၂၀)ကျော် ရှာနိုင်လိုက်တယ်။ box office ပိတ်ချိန်ရောက်လာတဲ့အချိန်မှာလည်း ဝင်ငွေစံချိန်မချိုးလိုက်ပေမယ့် ရင်းနှီးမြှပ်နှံသူတွေကိုတော့ ရင်းနှီးငွေရဲ့ ငါးဆလောက် ပြန်ရသွားစေတယ်။
ဒါပေမယ့်လည်း တစ်ဖက်မှာတော့ ကြီးမားတဲ့ရာဇဝင်ရုပ်ရှင်ကား ဧကရာဇ်ဖန်းက အလွန့်အလွန်နှေးတဲ့နှုန်းနဲ့ ရိုက်ကူးနေရပြီး တစ်ဝက်တောင် မရောက်သေးဘူး။ ဇာတ်ညွှန်းတွေကစစ်ဆေးခံနေရတယ်ဆိုတဲ့ ကောလဟလတွေသာမကဘူး၊ အဖွဲ့သားအချို့ကလည်း အာမခံပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်။ ခမ်းခမ်းနားနား ဖွင့်ပွဲလုပ်ခဲ့တဲ့ဒီရုပ်ရှင်က အခုချိန်မှာ အမှောင်တောထဲ လမ်းပျောက်နေလေတယ်။
ဟုန်ယွိရဲ့ရည်ရွယ်ချက်တွေကို ချိုးချန်ဘာကြောင့်ပိုင်လန့်ကို မပြောပြခဲ့တာလဲဆိုရင်တော့ ချိုးချန်ကိုခြိမ်းခြောက်ဖို့ အကွက်တွေထုတ်ခဲ့တာမို့ပါပဲ။
ဒါကြောင့် ဟုန်ယွိက ဓါးစာခံအဖြစ် ချိုးချန်ဘေးနားကလူပိုင်လန့်ကိုရွေးလိုက်တယ်။ သူက ပိုင်လန့်ကိုနာမည်ကြီးစေချင်ရင် ကြီးအောင်လုပ်ပေးလို့ရတယ်၊ ဆန့်ကျင်ဘက်အနေနဲ့လည်း ဖျက်ဆီးပစ်လို့ရတယ်လို့ ချိုးချန်ကိုသိစေချင်တာပါ။ ရွေးချယ်မှုကိုတော့ ချိုးချန်လုပ်ဆိုတဲ့ သဘောပေါ့လေ။
ဒါပေမယ့်လည်း စုချွမ်သာ ဟုန်ယွိကိုစွန့်ခွာချင်တယ်ဆိုရင် လမ်းကြောင်းက ချိုးချန်တစ်ယောက်တည်းရှိတာတော့မဟုတ်ဘူး။ ဒါကြောင့် ချိုးချန်တစ်ဖက်တည်းကိုပဲခြိမ်းခြောက်နေလို့လည်း မရသေးဘူးမဟုတ်လား။ ဒါပေမယ့် စုချွမ်နဲ့နှစ်ပေါင်းများစွာအတူရှိခဲ့တဲ့ဟုန်ယွိက စုချွမ်နှလုံးသားအနက်ရှိုင်းဆုံးမှာဘယ်သူရှိလဲလို့ နားလည်ကောင်းနားလည်ပြီးတာလည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုတွေဘာပဲဖြစ်နေပါစေ.. ဟုန်ယွိရဲ့အထောက်အပံ့တွေနဲ့ ကျူခွန်းနဲ့ကျောက်ကျင်းရွှမ်တို့ရုပ်ရှင်က လှလှပပလေးအဆုံးသတ်သွားတယ်။
ပြီးတော့ ပိုင်လန်ကလည်း အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်လာတယ်။ တစ်လအတွင်းမှာပဲ သူက မျက်နှာသစ်သရုပ်ဆောင်အဖြစ်ကနေ အရည်အချင်းရှိ နာမည်ကြီး A-list မင်းသားဖြစ်လာတယ်။
ဒါကြောင့် အင်တာနက်ပေါ်မှာ ပရိသတ်အချို့က သူ့ကို ‘စုချွမ်အသေးစားလေး’လို့ နာမည်ပြောင်ပေးလာကြတယ်။ အနာဂတ်မှာထွန်းတောက်လာမယ့်အောင်မြင်မှုတွေ တိုးတက်မှုတွေကို မျှော်လင့်နေပါ့မယ်ဆိုပြီးတော့လေ။ ဒါပေမယ့် စုချွမ်ပရိသတ်တွေကတော့ တက်သစ်စလေးပိုင်လန်က စုချွမ်အရိပ်ကိုခိုပြီး အရှက်မရှိနင်းတက်ချင်ပါတယ်ဆိုပြီး ဒေါသအပြင်းအထန်ထွက်ကြလေတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဒါကဘယ်လိုအရိပ်ခိုတာဖြစ်ရမလဲလို့ ပိုင်လန့်ပရိသတ်တွေကလည်း တုန့်ပြန်ပါတယ်၊ စုချွမ်အသေးစားလေးလို့ခေါ်တာကိုက စုချွမ်ကို မျက်နှာသာပေးသလိုဖြစ်နေပြီတဲ့၊ စုချွမ်ဖန်တွေက နေရာတကာဝင်ပါချင်သတဲ့လေ။
အခြေအနေတွေက ပိုပိုကြီးလာပြီး သတင်းတွေထဲမှာတောင် ဒီအွန်လိုင်းရန်ပွဲအကြောင်းဖော်ပြလာကြတယ်။
ပိုင်လန်ကတော့ အကူအညီကင်းမဲ့နေသလိုသာ ရယ်ပစ်လိုက်ချင်တာပဲ။ သူ့ဖန်တွေ စိတ်အားတက်ကြွနေကြတာကို သိပေမယ့်လည်း သူကိုယ်တိုင်ကိုက စုချွမ်အသေးစားလေးဆိုတဲ့နာမည်ပြောင်ကို မကြိုက်လှဘူး။ နောက်ဆုံးမှာတော့ ဖန်းဟွာကပဲ ပိုက်ဆံတွေသုံးပြီး အွန်လိုင်းပေါ်ကသတင်းတွေငြိမ်သွားအောင်လုပ်လိုက်ရတယ်။ ပြီးတော့လည်း နာမည်ပြောင်ကို ‘စုချွမ်အသေးစားလေး’ကနေ ‘ပိုင်သခင်လေး’လို့ ပြောင်းလိုက်ရလေတယ်။
‘ပိုင်သခင်လေး’ဆိုတဲ့ပုံရိပ်ကတော့ အနောက်တိုင်းဝတ်စုံပြည့်ကိုဝတ်ဆင်ပြီး ဒီဇိုင်နာထုတ်စိန်လက်ပတ်နာရီကိုပတ်ထားတဲ့ အသက်(၂၄)အရွယ် ပိုင်လန့်ကို ရည်ညွှန်းပါတယ်။ ဒီနာမည်ပြောင်က ပိုင်လန့်အပေါ်မှာ အတည်ဖြစ်သွားဖို့ အချိန်သိပ်မကြာခဲ့ပါဘူး။
နေ့ရက်တစ်ရက်ရဲ့ ပွဲအခမ်းအနားတစ်ခုမှာတော့ သေမှာမကြောက်တဲ့သတင်းသမားတစ်ယောက်က ဖြစ်ပြီးခဲ့တဲ့အွန်လိုင်းရန်ပွဲအကြောင်းထင်မြင်ချက်ကို စုချွမ်ကိုမေးမြန်းခဲ့တယ်။
စုချွမ်ကလည်း ပြုံးရုံပြုံးပြီး ပြန်ပြောခဲ့တယ်လေ “အသစ်လေးတွေအကုန်လုံးက အားပေးမှုကိုလိုအပ်တာပဲလေ၊ သူတို့ကိုနည်းနည်းလောက်ပိုပြီး လက်တွဲခေါ်ပေးနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်”
သူ ဒီစကားကိုပြောခဲ့ပြီးချိန်မှာ လူတွေအကုန်လုံးက သူ့စိတ်ထဲမကျေမနပ်တော့ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။
ဒါပေမယ့်လည်း ပိုင်လန်ကတော့ စုချွမ်ဆီကဖိတ်ကြားချက်တစ်ခု အမှန်တကယ်ကြီးကို လက်ခံရရှိခဲ့ပါတယ်။
စုချွမ်က ကလပ်တစ်ခုကိုငှားရမ်းထားပြီး ချိုးချန်နဲ့အတူ အခြားသူငယ်ချင်းတွေကိုလည်း ဖိတ်ကြားထားတယ်။ ဒီတစ်ကြိမ်မှာ ချိုးရှောင်ဟိုင်လည်း မပါမဖြစ်ပေါ့။
အကြောင်းရင်းက ချိုးချန်ရဲ့မွေးနေ့ကိုကျင်းပပေးဖို့အတွက်တဲ့လေ။
…………………………….