(31) ငယ်သူငယ်ချင်းများ
Viewers 58k

(31) ငယ်သူငယ်ချင်းများ

ချိုးချန်ရဲ့မွေးနေ့ပါတီကို တကယ့်မွေးနေ့မွေးရက်မှာ မကျင်းပခဲ့ပါဘူး။ အဲဒိအစား စုချွမ်က အများစုအားလပ်မယ့်ရက်တစ်ရက်ကို ရွေးလိုက်တယ်။ ရည်ရွယ်ချက်ကတော့ သူငယ်ချင်းတွေအကုန်လုံးဆုံလို့ရအောင်လို့တဲ့။

ဒါကြောင့်ပဲ ချိုးချန်က စုချွမ်ရဲ့ဖိတ်ကြားချက်အကြောင်း သူ့ကိုပြောပြချိန်မှာ လာမယ့်လူတွေရဲ့အကြောင်းကိုလည်း အကျဉ်းချုပ်ရှင်းပြတယ်။ သူတို့သူငယ်ချင်းတွေအကုန်လုံးက ငယ်ရွယ်စဉ်မှာ ဘဝတက်လမ်းကိုရှာဖွေဖို့ ရှင်းသောင်းကထွက်လာကြသူတွေဖြစ်တယ်။ သူငယ်ချင်းတွေက စုချွမ်နဲ့သူအပါအဝင် နောက်ထပ်နှစ်ယောက်ထပ်ပေါင်းပြီး စုစုပေါင်း လေးယောက်ရှိတယ်။ ဒီလေးယောက်က နှစ်တိုင်းနှစ်တိုင်းမှာ သုံးလေးကြိမ်လောက်တွေ့ဆုံကြပြီး အရင်တွေ့ချင်တဲ့လူက ဆုံကြဖို့ ပွဲစီစဉ်ရလေတယ်။ ဒီတစ်ကြိမ် စုချွမ်လုပ်သလိုမျိုးပေါ့။

တိုက်ဆိုင်တာလားမသိပေမယ့် ပိုင်လန်အတွက်တော့ အဲဒိနေ့မှာ ဖန်မီတင်းရှိတယ်ဆိုတာသတိရဖို့ အစီအစဉ်ဇယားပြန်လှန်နေစရာတောင် မလိုပါဘူး။ ပရိသတ်တွေ့ဆုံပွဲက ညနေပိုင်း ၃-၄ နာရီလောက်မှာ ကျင်းပမှာ။ ဒါကြောင့် ပိုင်လန်က သူများသူငယ်ချင်းဟောင်းတွေတွေ့ဆုံနေတဲ့ကြားထဲ ကန့်လန့်ကန့်လန့်ဝင်ပါစရာမလိုဘူးလို့တွေးတယ်။ အခုချိန်မှာ သူ့အတွက် အလုပ်ကပိုအရေးကြီးတာလေ။

ဒါပေမယ့် ချိုးချန်က မရမကကို တောင်းဆိုနေခဲ့မယ်လို့ မထင်လိုက်မိဘူး “ကိုယ်တို့တွေ အတူသွားမယ်၊ စုချွမ်ကို နေ့ပြောင်းဖို့ပြောလိုက်မယ်” 

ပိုင်လန်က နည်းနည်းတော့အံ့သြသွားတယ်။ ပြီးတော့ အတည်ပေါက်ပြောနေတဲ့ ချိုးချန်ရဲ့မျက်နှာကိုမြင်ပြီး အရင်ဘဝက ချိုးချန်အတိတ်တွေကို ပြန်သတိရမိတယ်။ စိတ်ထဲသံသယဝင်သွားတာကြောင့် ပိုင်လန်က မနေနိုင်ဘဲထုတ်မေးလိုက်လေတယ် “မသွားလို့မကောင်းဘူးဆိုတာ စုချွမ်ဖိတ်တာမို့လို့လား?”

ချိုးချန်က ခပ်ကြိတ်ကြိတ်ရယ်လိုက်လေရဲ့။ သူ့ကြည့်ရတာ အပျော်လှိုင်းဖြတ်နေပုံရတယ် “ဟား ဟား ဟား ကောင်းတယ်ဟေ့၊ နောက်ဆုံးတော့မင်းလည်း ဘယ်လိုသဝန်တိုရမလဲသိသွားပြီပေါ့” ပြီးနောက်မှာတော့ သူက ပိုင်လန့်ကို ဆုချသင့်တယ်ဆိုပြီး ပြင်းပြင်းပြပြအနမ်းလေးပေးလိုက်ပါတယ်။ 

အခုချိန်မှာ သူတို့က မအိပ်မှီလေး ကုတင်ပေါ်မှာလဲလျောင်းနေကြပြီး စကားတွေပြောနေကြတဲ့အတွက် ပိုင်လန်ကလွယ်လွယ်ကူကူပဲ ချိုးချန်အောက်မှာဖိခံလိုက်ရရင်း ပြန်ခုခံဖို့နည်းနည်းလေးတောင်လှုပ်လို့မရဘူး။ နောက်ဆုံး လွတ်မြောက်သွားတဲ့အချိန်မှာတော့ ပိုင်လန်ရဲ့နှုတ်ခမ်းလေးက အနည်းငယ်ဖူးပြီးယောင်ကိုင်းသွားတယ်။ သူ့ရဲ့လှပတဲ့မျက်ဝန်းလေးတွေမှာ အရည်ကြည်လေးတွေဝေ့သီနေပြီး အသက်ရှုနှုန်းက မူမမှန်ဖြစ်နေတယ်။ ကောင်းကောင်းအသိစိတ်မကပ်သေးတဲ့ ညို့ဓါတ်ပြင်းတဲ့အလှပိုင်ရှင်က ချိုးချန်ကို အမြဲတမ်းဖိထားချင်လာအောင် ဆွဲဆောင်နေပါတယ်။

ချိုးချန်က ပိုင်လန်ရဲ့နှုတ်ခမ်းကိုလျက်လိုက်တယ်၊ ပြီးတော့မှပြုံးပြီးရှင်းပြတယ် “သွားရမယ်ဆိုတာ နောက်ထပ်နှစ်ယောက်ကြောင့်ပါ၊ ဝမ်ယွင်နဲ့လင်ကုန်းချန်တဲ့၊ သူတို့ကိုတွေ့ကြည့်လို့ မင်းအတွက်အမှားမရှိဘူး၊ တစ်ယောက်က ဆရာဝန် နောက်တစ်ယောက်က လုံခြုံရေးလုပ်ငန်းလုပ်တယ်၊ သိကျွမ်းထားတော့ အသုံးဝင်တာပေါ့၊ အော် ပြီးတော့ လင်ကုန်းချန်က ဖန်းဟွာရဲ့ယောက်ျားလေ၊ သူတို့ကအတူမနေတော့ပေမယ့် အဆက်အသွယ်တော့ ရှိတုန်းပဲ” 

ပိုင်လန်က ပိုပိုပြီးတော့တောင် အံ့သြလာရပြီ။

သူ့သူငယ်ချင်း တစ်ယောက်ချင်းစီကို မိတ်ဆက်ပေးဖို့လား၊ ဒီလိုအခွင့်အရေးမျိုးက အရင်ဘဝတုန်းကတော့ ပိုင်လန်တစ်ခါမှ အိမ်မက်တောင်ထည့်မမက်ဖူးတဲ့အရာလေ။

ပိုင်လန်ရဲ့နှလုံးသားထဲမှာ နွေးထွေးမှုလေးက ဖြတ်စီးဆင်းသွားတဲ့အခါ ခုဏက သံသယဝင်မိတာကို အပြစ်ရှိတယ်လို့ခံစားလိုက်ရတယ်။ သူက မျက်လွှာကိုချပါတယ် “ဒါဆိုလည်း ရက်မပြောင်းနဲ့တော့၊ အကုန်လုံးဆုံဖို့ဆိုတာလွယ်တာမဟုတ်ဘူး၊ ကျွန်တော့်ပွဲက တစ်နေကုန်မှမဟုတ်တာ၊ ပြီးတာနဲ့ အဲ့ဒိကိုလိုက်လာခဲ့မယ်” 

“တကယ်လို့ မင်း စိတ်မချဘူးဆိုရင်လည်း..” ချိုးချန်ကပြုံးပြီးနောက်တစ်ကြိမ်နမ်းပြန်တယ် “အဲ့နေ့ကျ ကိုယ်.. နာရီပတ်ထားမယ်လေ” 

သူတော့ တစ်ညလုံးစနောက်ခံရတော့မယ်လို့ ပိုင်လန်ကကြိုမြင်မိနေတယ်။ ဒါကြောင့် လည်ချောင်းကိုရှင်းရင်းခေါင်းစဉ်ပြောင်းလေတယ်။

“မွေးနေ့ကျရင် စားချင်တာများရှိလား? ရှိရင် ချက်ပေးမယ်လေ” 

“ကိုယ်စားချင်တာကို မေးဖို့လိုသေးလို့လား?” ချိုးချန်က မကောင်းဆိုးဝါးအကြံဆိုးလေသံကြီးနဲ့ပြောတယ်။ 

ပိုင်လန်ကတော့ ရှေ့ဖြစ်လာမယ့်အန္တရယ်ကိုကြိုမြင်လိုက်ပါပြီ။ သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာ လှုပ်ရှားမှုတွေဖြစ်သွားပြီး မိနစ်ပိုင်းအတွင်းမှာပဲ အရှင်လတ်လတ်အစားခံလိုက်ရခြင်းကို ကြုံတွေ့လိုက်ရလေတယ်။

ဒီညမှာ ချိုးချန်ကိုယ်ခန္ဓာရဲ့အပူငွေ့တွေက ပိုင်လန့်ကို အရင်ချိန်တွေထက်ပိုပြီးတော့တောင် နွေးထွေးစေခဲ့ပါတယ်။

***

ချိုးချန်ရဲ့မွေးနေ့ပါတီအတွက် ရေကန်ဘေးနားကလပ်တစ်ခုလုံးကို ငှားရမ်းထားတယ်။

ကလပ်ထဲမှာက ရေကူးကန်ရယ်၊ ဘတ်စကတ်ဘောကွင်းရယ်၊ ဘိလိယက်အခန်းရယ်၊ ကာရာအိုကေတွေနဲ့ အနှိပ်ခံစပါးတစ်ခုလည်း ရှိတယ်။ အပန်းဖြေပျော်ရွှင်စရာပစ္စည်းမျိုးစုံက တစ်မိုးအောက်တည်းမှာပဲ။ နောက်ပြီးပတ်ပတ်လည်မှာက စိမ်းလန်းနေတဲ့သစ်ပင်ပန်းပင်တွေလည်း ရှိတာကြောင့် ဒီနေရာမှာ တစ်နေ့လုံးအပန်းဖြေနိုင်တယ်။

ပြီးတော့ အထဲမှာလည်း ကလေးငယ်သီးသန့်ဧရိယာလည်းရှိပြီး ပျင်းရိငြီးငွေ့မနေဖို့ရာ အာမခံတယ်။ ဒါကလည်း ဒီနေ့ရဲ့အထူးဧည့်သည်တော်ချိုးရှောင်ဟိုင်အတွက် စုချွမ်ကအားထုတ်ကြိုးပမ်းပေးထားတာ။ 

ချိုးချန်က ဘယ်တော့မှ ချိုးရှောင်ဟိုင်ကို တွေ့ဆုံပွဲတွေကို ခေါ်လာလေ့မရှိဘူး။ အဓိကအကြောင်းရင်းက ကလေးကငယ်လွန်းတာကြောင့် တွေ့ဆုံပွဲနေရာက မသင့်တော်တာကြောင့်လေ။ ဒီတစ်ကြိမ်စုချွမ်ရဲ့အထူးတလယ်စီစဉ်မှုကြောင့်သာမဟုတ်ရင် ချိုးချန်ရဲ့လည်ပင်းကိုတင်းနေအောင်ဖက်ထားပြီး လူစိမ်းကြောက်တတ်တဲ့ချိုးရှောင်ဟိုင်ကို အခြားသူတွေက မြင်တွေ့ခွင့်ရမှာ မဟုတ်ဘူး။ 

ချိုးချန်လည်း မကြုံစဖူးထူးဆန်းတာကြောင့် အံ့သြပြီးရင်းအံ့သြနေတယ်။ ခါတိုင်း ဘာဆိုဘာမှမကြောက်ဘဲ လက်လက်ထနေတဲ့ချိုးရှောင်ဟိုင်က လူစိမ်းတွေဆီကအကြည့်ခံလိုက်ရတာနဲ့ ပျော့ခွေနေတဲ့ပဲပင်ပေါက်လိုဖြစ်သွားမယ်မှန်း မထင်ထားဘူး။ အထူးသဖြင့် စုချွမ်ကပြုံးပြပြီး ခေါင်းကိုထိဖို့လက်ကိုမြှောက်လိုက်တဲ့အချိန်မှာ ဘယ်လိုတွေဖြစ်နေမှန်းကို မသိတော့ဘူး။ သူက တွန့်လိမ်ငြင်းဆန်ရင်း ချိုးချန်ရဲ့ကိုယ်ပေါ်မှာ ခေါင်းကိုဖွက်ထားတယ်။ မသိရင် တွင်းနက်နက်တူးပြီး ဆင်းပုန်းချင်နေသလိုမျိုးပေါ့။

ချိုးချန်က သူ့သားရဲ့ပေါင်မုန့်တုံးလေးကို ပုတ်လိုက်တယ်။ ပြီးတော့မှ စုချွမ်ကိုပြောတယ် “ဒီကလေး လူကြောက်တတ်တယ်”

စုချွမ်က နွေးထွေးပြီးကြံရာမရတဲ့အပြုံးလေးကိုပေးပါတယ် “သူငယ်ငယ်တုန်းက ငါချီဖူးပါတယ်၊ ဘာလို့မမှတ်မိရတာလဲ” 

ချိုးချန်က ချိုးရှောင်ဟိုင်ရဲ့နားရွက်ကို ဖွဖွဆိတ်တယ် “ဒီကောင်လေးက ဘာစားရမလဲဆိုတာပဲ မှတ်မိတာ၊ ဟေ့ ဘာလုပ်မှာလဲ၊ အန်ကယ်စုကို နှုတ်ဆက်လိုက်လေ” 

ချိုးရှောင်ဟိုင်က ကျုံ့သွားပြန်ရင်း ခေါင်းကိုလိမ်ကာ နောက်ဆုံးမှာနှုတ်ဆက်တယ် “ဟယ်လို အန်ကယ်စု”

“ဟယ်လို” စုချွမ်ကခါးကိုညွှတ်ရင်းပြန်နှုတ်ဆက်တယ်။ ပြီးမှ ချိုးချန်ဘက်လှည့်ပြီး ပြုံးတယ် “ပိုင်လန်ရော? ဘာလို့ မင်းနဲ့အတူမလာတာလဲ?”

“အလုပ်ရှိလို့လေ၊ ညနေကျရင်လာလိမ့်မယ်” ချိုးချန်က ပြန်ဖြေတယ်။ 

စုချွမ်က နားလည်ပေးတဲ့အမူအရာနဲ့ ခေါင်းညိတ်တယ် “ဟုတ်ပါတယ်… အခုချိန်က သူ့အတွက်အရေးကြီးအချိန်ဖြစ်နေတာကိုး… ရလာတဲ့အခွင့်အရေးတွေအကုန်လုံးကို ကောင်းကောင်းဆုပ်ကိုင်ထားဖို့လိုတယ်၊ အခြားကိစ္စတွေနဲ့အာရုံနောက်မနေသင့်ဘူး” 

ချိုးချန်က ပြုံးရုံပြုံးတယ် “လူတွေပြောနေကြတာ.. မင်းစိတ်ထဲ ဘဝင်မကျဖြစ်နေတယ်ဆို..ကြည့်ရတာမှန်တဲ့ပုံပဲ”  

“မင်းက ကောလဟလတွေ နားထောင်တာလား?” စုချွမ်က မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်ပါတယ် “ငါက နည်းနည်းလောက်စိတ်မကောင်းဖြစ်ရုံပါ၊ တကယ်ဆို အကုန်လုံးဆုံဖို့ဆိုတာ ရှားတယ်မဟုတ်လား၊ သူလည်းလာမယ်ဆိုရင် မင်း ပိုပျော်မလားဆိုပြီး ငါကဖိတ်လိုက်တာ” ပိုင်လန်က နာမည်ကြီးဖို့ကိုပဲရှေ့တန်းတင်ထားတယ်ဆိုတဲ့အချက်ကို သူ့ရဲ့ဒီစကားတွေက ပိုသိသာစေတယ်။ 

“ငယ်ရွယ်တုန်းအချိန်မှာ ကြိုးစားထားတာကောင်းပါတယ်” ခံစားချက်မိသွားသလိုမျိုး ချိုးချန်ရဲ့အပြုံးက နည်းနည်းတော့ဖျော့သွားတယ်။ 

ဒါကိုလည်း စုချွမ်က မြင်တယ်၊ ပြီးတော့ ဘာမှထပ်မပြောတော့ဘူး။ ရှေ့ကလျှောက်သွားတဲ့ ဝမ်ယွင်နဲ့လင်ကုန်းချန်ကိုသာလှမ်းခေါ်လိုက်ရင်း ပျော်ရွှင်စရာမွေးနေ့ပါတီကို စတင်လိုက်ပါတော့တယ်။ 

***

ဒါပေမယ့်လည်း ဒီနေ့မှာ မွေးနေ့ရှင်ကိုအနားယူစေပြီးအပန်းဖြေစေတဲ့ စုချွမ်ရဲ့အစီအစဉ်က နည်းနည်းတော့ ပြဿနာဝင်နေတယ်။ 

အကြောင်းရင်းက ကလပ်ထဲဝင်လာချိန်ကစလို့ အခုထက်ထိ ချိုးချန်ကိုတင်းတင်းဖက်ပြီး ကုတ်တွယ်ထားတဲ့ ချိုးရှောင်ဟိုင်က နည်းနည်လေးတောင်ခွာပေးဖို့စိတ်ကူးမရှိဘူး။ 

တွယ်ကပ်နေတဲ့ချိုးရှောင်ဟိုင်ကို စနောက်ရတာ အတော်လေးရယ်မြူးစရာကောင်းတာကြောင့် လူကြီးတွေက သဘောတွေ့နေတယ်။ သူတို့က ချိုးသားအဖကို ကလပ်ထဲလုပ်သမျှအကုန်လုံး အဖော်ပြုပေးနေကြတယ်။ ခဏလောက်ကစားပြီးတဲ့နောက်မှာတော့ ချိုးရှောင်ဟိုင်ကို ရေနွေးရေကူးကန်က ဆွဲဆောင်နေတဲ့အကြောင်း သိရှိသွားကြလေတယ်။ ကလေးငယ်လေးက ရေကူးဘောင်းဘီတိုလေးနဲ့ ရေကူးကန်ထဲ ရေတဗွမ်းဗွမ်းဆော့နေတယ်။ ဆော့နေရင်းမှာပဲ မကြည်မသာတာတွေပျောက်သွားပြီး ပြုံးပျော်ရွှင်မြူးလာလေတယ်။ သူက လေထိုးဒိုးနပ်ကွင်းလေးကိုကိုင်ရင်း ရေထဲမှာ စတင်ကစားတော့တယ်။

ဒါကြောင့် ပရိသတ်တေ့ွဆုံပွဲပြီးဆုံးသွားလို့ ပိုင်လန် ကလပ်ကိုရောက်လာတဲ့ ညနေခင်းနေဝင်ချိန်မှာတော့ တစ်နေ့လည်လုံးရေကူးလို့မောပန်းသွားတဲ့ ချိုးရှောင်ဟိုင်က ချိုးချန်ရဲ့ရင်ဘတ်ပေါ်မှာ တခူးခူးနဲ့အိပ်မောကျနေတယ်။ အခုချိန်ကျမှ လူကြီးတွေလည်း သေချာထိုင်ပြီး စကားလေးဘာလေးပြောရတာ။

ချိုးရှောင်ဟိုင်ကိုချီထားပြီးထိုင်နေတဲ့ချိုးချန်က ဝိတ်တာတစ်ယောက်ခေါ်ဆောင်လာတဲ့ပိုင်လန်ကို မြင်တဲ့အခါ ဘေးနားမှာလာထိုင်ဖို့လက်ဝှေ့ယမ်းပြတယ်။

အခု အခန်းထဲက ဆိုဖာထိုင်ခုံတွေပေါ်မှာ စုချွမ်ရယ် ပိုင်လန်မသိတဲ့အခြားနှစ်ယောက်ရယ်လည်း ရှိတယ်။ 

တစ်ယောက်က ချိုးချန်နီးပါးအရပ်ရှည်ပြီး အညိုဘက်သန်းတဲ့အသားအရည်နဲ့ ကြွက်သားအဖုဖုက နှစ်ဆနီးပါးရှိတယ်။ ပုံက နည်းနည်းတော့ကြမ်းချင်တယ်။ နောက်တစ်ယောက်ကတော့ ဖြူဖွေးပြီး ရွှေရောင်မျက်မှန်ကိုင်းနဲ့ ရည်မွန်ပုံရလေတယ်။ အမူအရာကတည်ငြိမ်ပြီး ပညာရှင်ရုပ်မျိုးရှိတယ်။ သူငယ်ချင်းလေးယောက်အတူထိုင်နေတဲ့အခါ အကုန်လုံးကချောမောလှပနေတာမဟုတ်ပေမယ့် အကြည့်မလွှဲချင်တဲ့ခံစားချက်မျိုးကိုတော့ ပေးစွမ်းနိုင်တယ်။ 

ပိုင်လန်က တံခါးပေါက်ကဝင်လာတဲ့အချိန်မှာ ရယ်သံသဲ့သဲ့ကလွင့်ပျံလာတယ်။ လူတွေအကုန်လုံးက စိတ်အေးလက်အေးဖြစ်နေပုံရပြီး ပတ်ဝန်းကျင်က သက်တောင့်သက်သာဖြစ်နေတယ်။ သူဝင်လာတာကိုတွေ့လိုက်တဲ့အချိန်မှာတော့ ချိုးချန်ကလွဲပြီး အကုန်လုံးငြိမ်ကျသွားကာ ရင်းနှီးတဲ့လေထု ပျောက်ကွယ်သွားလေတယ်။ 

ပိုင်လန်က ချိုးချန်ဘေးမှာဝင်ထိုင်တယ်။ ပြီးတော့ ငိုက်စိုက်ကျနေတဲ့ချိုးရှောင်ဟိုင်ရဲ့ခေါင်းလေးကိုကြည့်လိုက်တယ်။ 

ချိုးချန်က သူ့သားရဲ့နောက်ကျောကိုဖွဖွပုတ်ပေးတယ်။ နောက်ပြီး စကားပလ္လင်ခံမနေဘဲ ရိုးရိုးရှင်းရှင်းပဲပြောတယ် “ငါ မင်းတို့ကိုမိတ်ဆက်ပေးမယ်၊ ဒါက ပိုင်လန်တဲ့၊ ညာဘက်ကတစ်ယောက်က ဝမ်ယွင်၊ ဘယ်ဘက်ကတစ်ယောက်က လင်ကုန်းချန်” 

ပိုင်လန်ကလည်း ချိုးချန်ရဲ့အကြည့်တွေအတိုင်းလိုက်သွားပြီး ထိုနှစ်ယောက်ကိုနှုတ်ဆက်တယ်။

စုချွမ်ကပြုံးပြီးရုတ်တရက်ဝင်ပြောပါတယ် “မင်းက ငါ့လိုအစီအစဉ်မှူးကိုတော့ ကျော်သွားတယ်?”

ဒီအချိန်မှာ စုချွမ်က ချိုးချန်ရှေ့မျက်နှာချင်းဆိုင် တစ်ယောက်ထိုင်ဆိုဖာပေါ်မှာထိုင်နေတာ။ ခြေထောက်တွေကိုလည်း ခန့်ညားလှစွာချိတ်ထားပြီး ကိုယ့်အိမ်ကိုယ့်ယာလိုမျိုး သက်သောင့်သက်သာနဲ့ အေးအေးလူလူအနားယူနေတယ်။ သူ့ရဲ့အလွန်တရာချောမောလှပတဲ့ပုံပန်းသဏ္ဍာန်မှာ ခါတိုင်းကင်မရာရှေ့တွေမှာလို ခပ်တည်တည်အမူအရာမျိုးလည်း မရှိဘူး။ ဟုန်ယွိနဲ့အတူရှိတိုင်းဖြစ်နေကျလို နူးညံ့ပြီးလိမ္မာတဲ့ပုံစံမျိုးလည်း မဟုတ်ဘူး။ အခုချိန်မှာ သူက တက်ကြွပြီးလွတ်လပ်နေတယ်။

ဒါကြောင့်ပိုင်လန်က ကိုယ်တိုင်ပဲစပြီး ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်တယ် “ဟယ်လို မစ္စတာစု၊ ဒီနေ့ဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်” 

စုချွမ်ကပြုံးပြီးခေါင်းညိတ်ပြတယ် “ကိုယ်တို့တွေအကုန်လုံးက မစ္စတာပိုင်ကိုစောင့်နေကြတာ၊ အားချန်က ပါးစပ်ကထုတ်ပြောမယ့်သာမပြောတာ မွေးနေ့ကိတ်မခွဲခင် မင်းကိုစောင့်နေတာသေချာတယ်” 

သူ့ရဲ့စကားလုံးတွေက အသိပေးချင်သလိုလိုနဲ့ တစ်ချိန်တည်းမှာလည်း ပျော်စေပျက်စေ စနောက်နေတယ်။ ပိုင်လန်ကပြုံးပြပြီး ထပ်ပြောလိုက်ရပြန်တယ် “နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်” 

“မဟုတ်ပါဘူး၊ အလုပ်ကပိုအရေးကြီးပါတယ်၊ သွားရမှာပေါ့၊ ဒါပေမယ့်လည်း အခုရတဲ့ဒီအချိန်လေးမှာတော့ အေးအေးဆေးဆေးနားလိုက်လေ၊ ပြီးမှ ကိုယ်တို့ကိုပြောပြ မင်းနဲ့အားချန်အကြောင်း..” စုချွမ်ကပြောတယ် “ကိုယ်ကြားတာ မစ္စတာပိုင်က ဟင်းချက်ကောင်းတယ်တဲ့၊ အခုလေးတင်အားချန်က မင်းကိုချီးမွမ်းနေသေးတယ်” 

“မဟုတ်ရပါဘူးဗျာ” ပိုင်လန်ကပြုံးပြီး ရိုးရိုးရှင်းရှင်းပဲငြင်းဆိုတယ်။ 

ဘာကြောင့်လဲမသိပေမယ့် ဒီအဆက်အစပ်မရှိစကားတွေကြားထဲမှာ ပိုင်လန်က ရင်းနှီးမှုကိုမခံစားရဘူး။ ဒါကြောင့် သူ့ပြန်စကားတွေက တိုတိုတုတ်တုတ် တစ်ခွန်းစနှစ်ခွန်းစလောက်ပဲရှိတယ်။

ဘေးနားကကျန်နှစ်ယောက်ကတော့ စူးစမ်းနေပုံရတာကြောင့် ဘာမှဝင်မပြောကြသေးဘူး။

“မစ္စတာပိုင်လိုအလုပ်များတဲ့လူတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျဟင်းချက်နိုင်တယ်ဆိုတာ တော်တော့်ကိုရှားတယ်” စုချွမ်က ပြုံးပြီးပြောတယ် “ဒီခေတ်ကြီးထဲမှာ လက်ထပ်ထားတဲ့မိန်းမတွေတောင် ဒီလိုအိမ်အလုပ်တွေကို မလုပ်ချင်ကြဘူး၊ မင်းလိုလူမျိုးက ရဖို့ခက်တယ်” 

ဘာအဓိပ္ပါယ်ပါလိမ့်… ပိုင်လန့်မျက်နှာပေါ်ကအပြုံးတွေ နည်းနည်းတော့ပြယ်သွားလေရဲ့။ ဒါကို အရိပ်အကဲမြန်တဲ့ဝမ်ယွင်မြင်တဲ့အခါ ကြားထဲဖြတ်ပြောတယ်  “ငါတို့က ဒီကိစ္စကို လက်ထပ်ဖူးတဲ့အားချန်(လင်ကုန်းချန်)ကိုမေးကြည့်ရမှာ၊ ဟေ့ မင်းကို.. အရင်တုန်းက ခယ်မဟောင်းလေးကဟင်းချက်ကျွေးလား?”

“ကျွေးတာပေါ့ကွ၊ မင်းတို့လို FA ကောင်တွေ အားကျလွန်းလို့သေတောင်သွားဦးမယ်!” အပြင်ပန်းဒေါသထွက်ချင်ယောင်ဆောင်နေတဲ့ လင်ကုန်းချန်က ချက်ချင်းပဲ ထပြောတယ် “ဒါနဲ့ နေစမ်းပါဦး လေးလုံး.. မင်းအစောတုန်းက ဘာပြောလိုက်တာလဲ၊ ဘာ.. လက်ထပ်ဖူးတဲ့.. ခယ်မဟောင်းလေး.. ဟုတ်လား? ပြောပုံက အချိုးကိုမပြေဘူး၊ နားထောင်ရတာကန့်လန့်ကန့်လန့်နဲ့၊ မင်းပြောရမှာ ငါ့သမီးအမေလို့ပြောရမှာ!” 

“ကွာရှင်းပြီးတာတောင် ဝန်မခံချင်သေးဘူး” ဝမ်ယွင်က မျက်မှန်ကို ပင့်တင်လိုက်တယ် “နောက်တစ်ခါပြန်တွဲရင်တောင် ex က ex ပဲကွ” 

“ကွာရှင်းတာက ငါ့သဘောမဟုတ်ဘူး၊ ရှောင်ဟွာက စိတ်ဆိုးနေလို့ ချွေးသိပ်ထားတဲ့သဘောပဲ” လင်ကုန်းချန်က မျက်ကလူးဆန်ပြာနဲ့ ထပြီးကန့်ကွက်တယ်။ 

ပိုင်လန်ကတော့ သူ့ကိုတအံ့တသြကြည့်လိုက်ရလေတယ်။ အရင်ဘဝတုန်းက ဖန်းဟွာပြန်လက်ထပ်တယ်ဆိုတဲ့သတင်း ကြားမိသေးလား သူ မသိတော့ဘူး။ သူမမှာ ခုနှစ်နှစ် ရှစ်နှစ်အရွယ် သမီးတစ်ယောက်ရှိတယ်လို့တော့ ရေးတေးတေးကြားခဲ့ဖူးတာပဲ မှတ်မိတော့တယ်။ 

“ကောင်းပါတယ်” ဝမ်ယွင်က မနိုင်ဘူးဆိုတဲ့လေသံနဲ့ပြောတယ် “မိန်းမကိုချွေးသိပ်တာ ကွာရှင်းပြီးချွေးသိပ်တယ်၊ မင်းလိုကောင်မျိုးက ကမ္ဘာပေါ်မှာနှစ်ယောက်မရှိဘူး”  

ချိုးချန်ကလည်း သူနဲ့အတူ လိုက်လှောင်တယ် “မင်း ဖန်းဟွာနဲ့အတူပြန်နေချင်တယ်ဆိုရင်တော့ ငါပြောလိုက်မယ်.. မင်းမှာအခွင့်အရေးမရှိဘူး” 

“ဘာ .. ရှောင်ဟွာဘေးနားမှာ ငါမသိတဲ့ကောင်တစ်ကောင်များ ကပ်နေလို့လား?” လင်ကုန်းချန်က လန့်ဖြန့်သွားတဲ့အမူအရာနဲ့မေးပါတယ်။ 

“အခုမင်းပုံစံက သူ့ကိုသတိရလို့ထမေးတဲ့ပုံစံဖြစ်နေတာ၊ သတိမရရင် လုံးလုံးလျစ်လျှူရှုထားမှာ မဟုတ်လား” စုချွမ်ကပြောရင်းနဲ့ခေါင်းကိုရမ်းတယ် “ကွာမရှင်းခင်ကနဲ့ တစ်ပုံစံတည်းပဲ”   

“အဲဒါ ငါက ငါတို့အနာဂတ်အတွက် အလုပ်တွေကြိုးစားလုပ်နေရတာလေ၊ ငါ့မိန်းမနဲ့ ငါ့သမီးသုံးနိုင်ဖြုန်းနိုင်အောင်ရှာဖွေနေတာပဲ.. မဟုတ်ဘူးလား?” လင်ကုန်းချန်က နောင်တရဟန်မရှိပါဘူး။ 

“မင်းက တစ်ချိန်လုံးငွေရဖို့ပဲစဉ်းစားမနေဘဲနဲ့ အားချန်ဆီက သင်ယူသင့်တာလေး သင်ယူရမှာ” စုချွမ်က သူ့ရဲ့လှပတဲ့မျက်ခုံးလေးကို ပင့်တင်ပြီးဆက်ပြောပါတယ် “သူက အကုန်လုံးကို ဘယ်အချိန်မှာအလိုလိုက်ရမယ်၊ ဘယ်လိုပျော်အောင်ထားရမယ်မှန်းသိတယ်.. ဟုတ်တယ်မဟုတ်လား?”

နောက်ဆုံးစကားတစ်ခွန်းက ပိုင်လန့်ကိုရည်ရွယ်ပြီးမေးလိုက်တာပါ။ စုချွမ်က သူ့ကိုပြုံးကြည့်နေရင်း ပိုင်လန့်ဆီကအဖြေကိုစောင့်နေတယ်။ 

ဒါပေမယ့် ပိုင်လန်ကလည်း သူပြောချင်တဲ့စကားရဲ့နောက်ကွယ်ကအဓိပါ္ဗယ်ကို ရှင်းရှင်းလင်းလင်းသိပါတယ်။ ချိုးချန်မှာ အရင်အချစ်လေးတွေအများကြီးရှိခဲ့ဖူးတယ်လို့ သူကသတိပေးချင်တာ…

……………….