(32) နာမည်ကဒ်နှစ်ခု
ဒီလိုသိမ်မွေ့နက်နဲလှတဲ့စကားရဲ့အဓိပ္ပါယ်ကို ပိုင်လန်တောင်မှ သိလိုက်မိတယ်ဆိုရင် ချိုးချန်မကြားမိဘူးဆိုတာ ဖြစ်နိုင်ချေမရှိဘူး။
ချိုးချန်က ချက်ချင်းပဲ ပိုင်လန့်လက်ကိုကောက်ကိုင်လိုက်ပြီး တစ်ဆိတ်ကိုတစ်အိတ်လုပ်ကာ အိုဗာအိုက်တင်နဲ့ ဆုပ်ကိုင်ထားလေတယ် “ဟေ့ ငါတို့ကြားထဲ ဝင်မနှောင့်ချင်စမ်းနဲ့၊ မဟုတ်လို့ကတော့ ဒီညငါ အိပ်ခန်းထဲဝင်လို့ရမှာမဟုတ်တော့ဘူး၊ မင်းတို့သူငယ်ချင်းကို သနားစမ်းပါ”
နှစ်ယောက်သားက ပြိုင်တူရယ်လိုက်ကြတယ်။ ဒါပေမယ့်လည်း စုချွမ်ရဲ့လှောင်ပြောင်လိုဟန်ရည်ရွယ်ချက်က ဟာသမဟုတ်ဘဲ အမှန်ဖြစ်ပြီး ချိုးချန်ရဲ့ချေပချက်ကလည်း သာမန်ကာလျှံကာစနောက်လိုက်တာမဟုတ်မှန်း ပိုင်လန်ကတော့ အပ်တတ်ပြောနိုင်တယ်။
ဝမ်ယွင်နဲ့လင်ကုန်းချန်တို့လည်း ဒီအခြေအနေကိုမြင်တယ်။ သူတို့က စုချွမ်ရဲ့အပြုအမူတွေကို သိပ်မအံ့သြကြဘူး၊ အဲဒိအစား ပိုင်လန့်ကိုပဲ စပ်စုချင်စိတ်တွေနဲ့ကြည့်နေကြတယ်။
ချိုးချန်ရဲ့ဆုံးမစကားကိုကြားလိုက်ရပေမယ့်လည်း စုချွမ်ကတော့ မသိလိုက်သလိုမျိုး အရေးမစိုက်ဘဲနေတယ် “ဟေ့ အမှန်တရားက အမှန်တရားပဲ၊ ငါတို့တွေအကုန်လုံးက အားကျနေကြတာ၊ မင်းက ငါတို့ကိုပြောခွင့်တောင်မပေးဘူး” သူ့စကားတွေက စည်းဘောင်ကျော်နေပေမယ့် ငယ်သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ အလွယ်တကူခွင့်လွှတ်ပေးလို့ရပါတယ်။
ချိုးချန်က စုချွမ်ကို ခပ်ပြုံးပြုံးကြည့်တယ်။ ပြီးတော့မှ လက်ချောင်းတွေနဲ့ခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ပိုင်လန့်လက်ကို အပေါ်ဆွဲယူရင်း လက်ဖမိုးကို အနမ်းအကြီးကြီးပေးပါတယ်။
“အိုကေလေ၊ နောက်ပိုင်းလည်း မင်းတို့ကောင်တွေကို ဆက်ပြီးအားကျနေရစေ့မယ်”
စုချွမ်က နောက်ထပ်မကြည့်ရဲတော့သလိုမျိုး ဟန်ဆောင်ပန်ဆောင်လုပ်ရင်း အကျယ်ကြီးသက်ပြင်းချပါတယ် “ကြည့်စမ်းပါဦးကွာ အဟက် အဟက်”
အစောတုန်းက ဘာမှမဖြစ်ခဲ့သလိုမျိုး အရာအားလုံးက ရင်းနှီးတဲ့အခြေအနေကိုပြန်ရောက်လာတယ်။
ဘေးဘက်မှာထိုင်နေတဲ့ဝမ်ယွင်က တစ်စုံတစ်ခုကိုသေချာဆုံးဖြတ်လိုက်ပြီး နာမည်ကဒ်ကိုထုတ်ယူကာ စကားခေါင်းစဉ်ပြောင်းလိုက်ပါတယ်။
“အစောတုန်းက မိတ်ဆက်တာ မပြည့်မစုံဖြစ်သွားတယ်၊ ကိုယ့်နာမည်ဝမ်ယွင်ပါ၊ ဒါကိုယ့်ကဒ်၊ တွေ့ရတာဝမ်းသာပါတယ်၊ နောက်လည်း လိုတာရှိရင် ကဒ်ပေါ်ကဖုန်းနံပါတ်ကို ဆက်လိုက်လို့ရတယ်”
ကိုယ့်ကိုကိုယ်မိတ်ဆက်ပြီး နာမည်ကဒ်ပေးတာက ဘာမှထူးဆန်းတဲ့အရာမဟုတ်ပေမယ့် ဘယ်အချိန်မဆိုခေါ်လို့ရတယ်လို့ ဝမ်ယွင်ပြောလိုက်တဲ့စကားက ပိုင်လန်နဲ့ချိုးချန်ရဲ့ဆက်ဆံရေးကို အသိအမှတ်ပြုလိုက်တာပဲဖြစ်တယ်။ မတိုင်မီက စုချွမ်ရဲ့အပြုအမူတွေအတွက် သူက အားနာနေဟန်ရှိပါတယ်။
ဒါကြောင့် ပိုင်လန်က ဝမ်ယွင်ကိုနောက်တစ်ကြိမ်ကြည့်လိုက်တဲ့အချိန်မှာ ချိုးချန်ကိုဖြတ်ခနဲကြည့်တဲ့ ဝမ်ယွင်ရဲ့အပြုအမူကို မြင်လိုက်မိတယ်။ ပိုင်လန်က မျက်လွှာကိုချကာ မမြင်ချင်ယောင်ဆောင်ရင်း ကျေးဇူးတင်ကြောင်းပြောပြီးလက်ခံတယ်။
လင်ကုန်းချန်လည်း အဖြစ်အပျက်တွေကိုမြင်တာကြောင့် သူ့နာမည်ကဒ်ကိုလည်းခပ်မြန်မြန်ထုတ်ပေးလာတယ်။ သူက ပိုပြီးတော့တောင်မှ ဖော်ရွေပုံရတယ်။
“အိုး လောင်ချိုးကပြောတယ်၊ မင်းက ရှောင်ဟွာနဲ့အလုပ်အတူလုပ်တယ်ဆို၊ နောက်ပိုင်းလည်း သူ့ကိုဂရုစိုက်ပေးဖို့ တောင်းဆိုပါရစေ၊ ဒါနဲ့ မင်း ရှောင်ဟွာရဲ့စားပွဲပေါ်မှာ ပန်းစည်းတို့ သစ်သီးခြင်းတို့ ဘာပဲဖြစ်ဖြစ်တွေ့တယ်ဆိုရင် ငါ့ကိုဖုန်းခေါ်ပေးလို့ရမလား” သူက နာမည်ကဒ်ကိုထုတ်ပြီးနောက်မှာ ဖုန်းကိုလည်း ထုတ်လိုက်တယ် “မင်း ဖုန်းနံပါတ်ပြော၊ ငါ့နံပါတ် မင်းကိုပို့လိုက်မယ်၊ save ထားလိုက်”
သူရဲ့မိတ်ဆက်တဲ့အမြန်နှုန်းက ပိုင်လန်တောင် ကြက်သေသေသွားမလားပဲ။ စကားလေးနှစ်ခွန်းနဲ့ ဖုန်းနံပါတ်လဲတဲ့အဆင့်ရောက်သွားတယ်။ ချိုးချန်ကရယ်ပြီးဝင်ပြောပေးလိုက်ရတယ် “ပေးလိုက် ပေးလိုက်၊ ဒီကောင်ကြီးက အတော်လေးအသုံးဝင်တာ၊ လုံခြုံရေးကုမ်ပဏီပိုင်ရှင်ကြီး၊ စတော့ကာတို့ ဟတ်ကာတို့နဲ့တိုးရင် သူ့ဆီသွားရှာလို့ရတယ်”
“ပြဿနာမရှိပါဘူး ရပါတယ် အပြန်အလှန်စောင့်ရှောက်ကြတာပေါ့” လင်ကုန်းချန်က သဘောတူသလိုမျိုး ခေါင်းကိုခပ်ကြမ်းကြမ်းညိတ်တယ် “ဒါပေမယ့်လောင်ချိုးကပြောတော့ မင်းနောက်ကိုအာ့ဟုန်လိုက်တယ်ဆို၊ သူကဖြေရှင်းတာကျွမ်းပါတယ်၊ မင်းနဲ့မသိခင်တုန်းက ငါ့ဆီမှာလေ့ကျင့်ထားတာပဲ”
ပိုင်လန်က အံ့သြရပြန်တယ်။ သူက ဖုန်းနံပါတ်ကိုပြန်ပေးရင်း နာမည်ကဒ်နှစ်ခုကိုလည်း စေ့စေ့စပ်စပ်ကြည့်နေမိတယ်။ သူ့နှလုံးသားကတော့ မနေနိုင်မထိုင်နိုင် ခုန်လာမိလေရဲ့။
လင်ကုန်းချန်ရဲ့နာမည်ကဒ်မှာက “ဝေ့အန်းလုံခြုံရေး” ဆိုပြီးစာလုံးအကြီးတွေနဲ့ရိုက်နှိပ်ထားတယ်။ ဒီကုမ်ပဏီက နိုင်ငံရဲ့လုံခြုံရေးလုပ်ငန်းတွေထဲမှာ အဆင့်တစ် အဆင့်နှစ်ထဲ ဝင်လောက်အောင်ကြီးမှန်း ပိုင်လန်မှတ်မိပါတယ်။ ပြီးတော့ လင်ကုန်းချန်ရဲ့ရာထူးက သူဌေးတဲ့။ တကယ့်ကို ‘တူရာတူရာစုတယ်’ဆိုတဲ့စကားက အလိမ်အညာတော့မဟုတ်ဘူး။ သူဌေးကြီးတစ်ယောက်ရဲ့ဘေးမှာ သူဌေးလယ်ဗယ်သူငယ်ချင်းတွေပဲရှိနိုင်တယ်လေ။
ဒါပေမယ့် နောက်ထပ်နာမည်ကဒ်တစ်ခုဖြစ်တဲ့ဝမ်ယွင်ရဲ့ကဒ်ကတော့ ပိုင်လန့်ကို ဆွံ့အသွားစေခဲ့ပါတယ်။
‘ဝမ်ယွင်၊ ရန်ရှို့ဆေးရုံ’ ။ ဝမ်ယွင်က နှလုံးအထူးကုဆရာဝန်တစ်ယောက်ပါ။
ဒီဆေးရုံက ပိုင်လန်အရင်ဘဝတုန်းက ရောဂါပြခဲ့တဲ့ ဆေးရုံချင်းမတူပေမယ့် စိတ်ဝိဉာဉ်အနက်ရှိုင်းဆုံးမှာသိမ်းဆည်းထားတဲ့ အရင်ဘဝအကြောင်းတွေကိုတော့ ပြန်သတိရမိလာအောင်လှုံဆော်ပေးနိုင်ခဲ့တယ်။
ပိုင်လန်က အခုထက်ထိ သူ့ရောဂါအကြောင်း ချိုးချန်ကိုပြောသင့်မပြောသင့် စိတ်မဆုံးဖြတ်ရသေးပါဘူး။
‘အိုကေတွဲကြစို့’လို့ ချိုးချန်ကိုပြောလိုက်ကတည်းက သူတို့နှစ်ယောက်ဆက်ဆံရေး ဘယ်လောက်ကြာကြာမြဲမြံနိုင်မှာလဲလို့ များများစားစားမတွေးတောခဲ့ဘူး။
တကယ်လို့ သုံးနှစ် ဒါမှမဟုတ် ငါးနှစ်အတွင်းမှာ သူတို့လမ်းခွဲခဲ့မယ်ဆိုရင် သူ့ရောဂါအကြောင်း ချိုးချန်ကိုပြောပြစရာအကြောင်းအရင်းမှ မရှိတာပဲ။
ဒါပေမယ့်လည်း တစ်နေ့ပြီးတစ်နေ့၊ တစ်ညပြီးတစ်ည ရင်းနှီးလာတဲ့နေ့ရက်တွေက ပိုင်လန့်ကို အပြစ်ရှိသူလို ခံစားရစေတယ်။ ချိုးချန်ကိုလည်းမယုံကြည်သလို၊ သူတို့အချစ်ရေးကိုလည်း အလေးမထားသလိုမျိုး သူ့ကိုယ်သူတွေးတောလာမိစေတယ်။ ဒါပေမယ့် သူ့စိတ်သူပြောင်းပြီး ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်မယ်ဆိုရင်ရော.. ဒါဆိုရင်လည်း နောက်ဆက်တွဲခေါင်းကိုက်စရာတွေနဲ့ ပူပန်စရာတွေ တပုံတပင်ရှိလာဦးမှာပဲ။
အရင်ဘဝကသူ့ဆရာဝန် ဒေါက်တာဖုန့်ယင်းချီရဲ့စစ်ဆေးချက်အရ သူ့ရောဂါက မျိုးရိုးဗီဇလိုက်တာဖြစ်တယ်။ အရမ်းကြီးမပြင်းထန်ပေမယ့် အသေးအဖွဲလေးလည်းမဟုတ်ဘူး။ ဒေါက်တာရဲ့ ကောင်းကောင်းအိပ်ပြီးစိတ်ဖိစီးမှုကင်းအောင်နေရမယ်နော် ဆိုတဲ့မှာကြားချက်တွေကို သူ့ဘဝရဲ့နောက်ဆုံးနေ့တွေမှာ လုံးလုံးကြီးလျစ်လျှူရှုခဲ့တာကြောင့်သာ မဟုတ်ရင်၊ အဲဒိအစား ဖုန့်ယင်းချီရဲ့ညွှန်ကြားချက်တွေကို လိုက်နာခဲ့မယ်ဆိုရင် ပိုင်လန်က နောက်ထပ်ဆယ်စုနှစ်နှစ်ခုစာလောက် ပြဿနာမရှိဘဲ ကောင်းကောင်းနေနိုင်ခဲ့ဦးမှာ။
ဖုန့်ယင်းချီအကြောင်းပြောပြန်ရင်လည်း သူက နှလုံးအထူးကုတွေထဲ စီနီယာအကျဆုံးဖြစ်ပြီး နိုင်ငံတွင်းမှာ နံပါတ်တစ် ဒါမှမဟုတ် နံပါတ်နှစ်ချိတ်တယ်။ သူ့စစ်ဆေးချက်တွေက မှားနိုင်ဖွယ်ရာမရှိဘူး။ ဒီအတွက်ကြောင့် ပိုင်လန်က ပြန်လည်မွေးဖွားပြီးနောက်မှာလည်း ဖုန့်ယင်းချီဆီသွားပြီး ကုသမြဲပဲ။ ဒါမှ အခြေအနေကိုကြိုသိရပြီး အရင်ဘဝထက် ပိုကောင်းကောင်းနေနိုင်မှာ ဖြစ်တယ်။
ဒါကြောင့် ပိုင်လန်က နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်ကြာမှပေါ်လာမယ့် ရောဂါလက္ခဏာကို အခု ချိုးချန်ကိုပြောပြရမှာ အတော်လေးအရှက်မရှိရာကျတယ်မဟုတ်လား။ ဘယ်လိုပဲတွေးတွေး သူများတကာကို မလိုအပ်ဘဲပူပန်အောင်လုပ်ဖို့ မလိုအပ်ဘူးလေ။ ဒါပေမယ့်လည်း ဘယ်အရာမှ ၁၀၀%သေချာနေတာမဟုတ်တော့ မတော်တဆဒီဘဝမှာလည်း ရောဂါစောစောဖြစ်လာခဲ့ရင် ချိုးချန်တစ်ယောက် ဘယ်လိုလုပ်တော့မလဲ? သူ့အတွေးတွေကပဲ အရမ်းကြီးတကိုယ်ကောင်းဆန်သလိုများဖြစ်နေလား?
သူက ဒီအကြောင်းကို ထပ်ကာထပ်ကာစဉ်းစားနေရင်း ချိုးချန်နဲ့လည်းပိုပြီးချည်နှောင်လာခဲ့ပြီးမှာ သူ့နှလုံးသားထဲလွန်ဆွဲမှုတွေလည်း တဖြည်းဖြည်းကြီးထွားလာတယ်။
ဒါကြောင့် ဝမ်ယွင်ရဲ့နာမည်ကဒ်ကိုမြင်လိုက်ရချိန်မှာ ပိုင်လန်က သူ့အမူအရာတွေပျက်ယွင်းသွားတာကို မထိန်းချုပ်နိုင်ခဲ့ဘူး။
သူ့ဘေးမှာထိုင်တဲ့ချိုးချန်က အနားတိုးလာရင်းမေးပါတယ် “ဘာဖြစ်လို့လဲ?”
ပိုင်လန်က စိတ်ကိုထိန်းလိုက်ရင်း ခေါင်းကိုမော့ကာပြုံးပြတယ် “ဟင့်အင်း ဘာမှမဖြစ်ပါဘူး”
ချိုးချန်ရဲ့အကြည့်တွေ ပိုင်လန့်ပေါ်ဖြတ်ပြေးသွားပေမယ့် သူ့မှာဒီကိစ္စကိုဆက်မေးဖို့အချိန်လည်း မရှိတော့ဘူး။ ကိုယ်ပေါ်မှာအိပ်နေတဲ့ ချိုးရှောင်ဟိုင်တစ်ယောက် စတင်လှုပ်လာပြီလေ။
***
ချိုးရှောင်ဟိုင်ရဲ့ခေါင်းလေးကလှုပ်လာပြီး လက်ကိုမြှောက်ကာ မျက်လုံးတွေကိုပွတ်ရင်းနဲ့ အိပ်ရာက နိုးလာတယ်။
အိပ်ချင်မူးတူးနဲ့ လက်တွေကမျက်နှာကိုပွတ်နေပြီး ပုံစံကယောင်ချာချာဖြစ်နေတုန်းပဲ။
ချိုးချန်က လျောကျနေတဲ့ခြုံစောင်ကို ပြန်ဆွဲတင်ပေးတယ်။ ပြီးတော့မှ ငုံ့ကြည့်ပြီးမေးလိုက်တယ် “အိပ်ရေးဝပြီလား?”
ချိုးရှောင်ဟိုင်က မျက်တောင်တွေကိုအားယူခတ်နေရင်းမှာပဲ ချိုးချန်ကိုယ်ပေါ်ပွတ်သတ်နေကာ ဝမ်းနည်းတဲ့လေသံလေးနဲ့ပြောတယ် “လည်ပင်းနာတယ်…”
“တစ်ချိန်လုံး ဘယ်ဘက်ကိုစောင်းပြီးအိပ်နေတာကိုး၊ ညာဘက်လှည့်လိုက်၊ သက်သာသွားလိမ့်မယ်” ချိုးချန်က သူ့သားကို ဖွဖွပုတ်ပေးတယ်။
ချိုးရှောင်ဟိုင်က “သြော်” လို့တစ်ခွန်းပြောလိုက်ပြီးမှာ အခြားတစ်ဖက်ကိုလှည့်လိုက်တယ်။ ဒီအခါမှာ ချိုးချန်ညာဘက်မှာထိုင်နေတဲ့ပိုင်လန့်ကိုမြင်သွားပြီး ခေါင်းထောင်လာတယ်။ သူက တိုးတိတ်ညင်သာတဲ့အသံလေးနဲ့ပြောပါတယ် “အားပိုင် လာပြီ~”
ပိုင်လန်က လက်လှမ်းရင်း ချိုးရှောင်ဟိုင်ရဲ့လည်ပင်းကိုပွတ်ပေးတယ် “နာသေးလား?”
ချက်ချင်းပဲ ချိုးရှောင်ဟိုင်က သူ့အဖေကိုယ်ပေါ်ကတွန့်လိမ်ထိုးရင်း ပိုင်လန့်ဆီလက်ကမ်းတယ် “အားပိုင် ချီ…..”
ချိုးချန်လည်း သူ့သားကိုမပေးချင်ရှာပါဘူး “ခေါ်သွား..အကြာကြီး ဒီဝက်ဖိခံထားရတာ ကျဉ်တောင်ကျဉ်နေပြီ”
ပိုင်လန့်ကိုယ်ပေါ်ရောက်သွားတဲ့ချိုးရှောင်ဟိုင်က ပိုင်လန့်လည်ပင်းကိုလက်နဲ့သိုင်းဖက်လိုက်ရင်းမှာပဲ မမေ့မလျော့ပြန်လှည့်ပြီး ကန့်ကွက်ပါသေးတယ် “သားက ဝက်မဟုတ်ဘူး”
ချိုးချန်က “ဟာ့” လို့တစ်ချက်ရယ်လိုက်ရင်း “ဟုတ်ပါတယ်၊ ဝက်မဟုတ်ဘူး၊ တစ်နေ့တစ်နေ့ ဝက်စာနီးနီးပဲစားတာပါ”
“အဲ့တာက ဘာကြောင့်လဲဆိုတော့ စားစရာတွေက စားလို့ကောင်းလို့” ချိုးရှောင်ဟိုင်က အတတ်နိုင်ဆုံးကိုယ့်ကိုကိုယ်ခုခံကာကွယ်တယ်။ ပြီးနောက်မှာ ခေါင်းကို ပိုင်လန့်မေးစေ့အောက်ဝင်တိုးရင်း ဂျီကျနေသလို ပူဆာတယ် “အားပိုင်...ဗိုက်ဆာတယ်၊ ယုန်ပေါက်စီစားချင်တယ်~”
“ခဏလေးတော့ စောင့်ပါဦး ငါ့သားရယ်” ချိုးချန်က ခေါင်းယမ်းတယ်။
သမီးတစ်ယောက်မွေးထားတဲ့လင်ကုန်းချန်ကတော့ အကျယ်ကြီးထရယ်ပါတယ် “ဒီကောင်လေးကြည့်ရတာ လုံးဝပြောင်းသွားသလိုပဲ၊ လူလည်လေး၊ အခုလေးတင် အသေအလဲရှက်ပြီး အထိမခံဖြစ်နေတာ မဟုတ်ဘူးလား? ချက်ချင်းကြီး ဗိုက်ဆာတယ်ပြောလာတယ်”
ဝမ်ယွင်လည်း အများကြီးအံ့သြသွားပုံရတယ် “ရှောင်ဟိုင့်ကို ကလေးထိန်းနဲ့ထားတာမဟုတ်ဘူးလား? သူ့ကြည့်ရတာ ပိုင်လန့်ကိုအတော်ကပ်ပုံရတယ်”
ချိုးချန်က ကျောကိုဆန့်ပြီး နှစ်ယောက်စလုံးကိုတစ်ချိန်တည်းမှာဖက်သလိုမျိုး ပိုင်လန့်ခုံနောက်မှီပေါ်လက်တစ်ဖက်တင်လိုက်တယ်။
“သြော် ငါ အစောတုန်းက မပြောလိုက်မိဘူးလား? အခု ငါတို့ အတူနေကြတယ်လေ”
အားလုံးရဲ့မျက်နှာတွေမှာ အံ့သြမှုအပေါင်းသရဖူဆောင်းသွားလေရဲ့။
လင်ကုန်းချန်က ချက်ချင်းကြီးကိုဝမ်းနည်းသွားပြီး ထအော်တယ် “မင်းက တစ်ခြားသူတွေကို အားကျပြီးသေအောင်လုပ်နေတာလား? ငါလည်း ငါ့ရှောင်ဟွာနဲ့ငါ့သမီးလေးနဲ့ နေချင်လိုက်တာ!”
တစ်ဖက်မှာထိုင်နေတဲ့စုချွမ်ကတော့ ပွဲရှင်တစ်ယောက်ရဲ့သဒ္ဓာတရားထက်သန်လှတဲ့အပြုံးလေးကို ဆင်မြန်းရင်းနဲ့ပဲ ခံစားချက်တွေမပေါ်အောင် မျက်လွှာချနေရလေတယ်။
ခဏကြာပြီးမှ သူကထပြောတယ် “ဗိုက်ဆာတယ်ဆိုရင်လည်း စားစရာတွေလာချခိုင်းလိုက်တော့မယ်၊ တော်ကြာ ရှောင်ဟိုင် ဗိုက်ဟောင်းလောင်းဖြစ်နေဦးမယ်”
***
တိုက်ဆိုင်တာလား တမင်ဖန်တီးယူတာလား မသိနိုင်ပေမယ့် ဒီနေ့ညစာစားပွဲမှာ အဓိကပြောကြတဲ့အကြောင်းအရာတွေက ရှင်းသောင်းနဲ့ပတ်သက်တာတွေချည်းပဲ။ စကားဝိုင်းကိုဦးဆောင်တဲ့လူကလည်း စုချွမ်ပဲဖြစ်တယ်။ သူတို့တွေက အတိတ်နေ့ရက်တွေအကြောင်းကိုပြောပြီးတဲ့အချိန်မှာလည်း ရှင်းသောင်းရဲ့လက်ရှိသတင်းတွေအကြောင်း ပြောကြပြန်တယ်။ ဒီမွေးရပ်မြေတစ်ခုတည်းက ငယ်သူငယ်ချင်းတွေမှာ ပြောစရာအကြောင်းအရာတွေ အများကြီးရှိပုံပေါ်တယ်။ ပိုင်လန်ကတော့ ဘေးနားမှာထိုင်ရုံထိုင်နေပြီးနားထောင်နေရတယ်၊ အများကြီးလည်း ဝင်မပြောဘူး။
ဒါပေမယ့် သူက တစ်ချိန်လုံးအားနေတာလည်း မဟုတ်ပြန်ဘူး။ တစ်နေ့ခင်းလုံး စကားပြောချင်ဆိုချင်စိတ်တွေကို မြိုသိပ်ထားပုံရတဲ့ချိုးရှောင်ဟိုင်က ပိုင်လန့်မျက်နှာမြင်မှပဲ အာပေါင်အာရင်းသန်သန်ပြောဆိုခွင့်ရတဲ့အတွက် ပိုင်လန်ကလည်း နားထောင်ပေးနေရတယ်။
သူက အိမ်ကစထွက်ချိန်ကစလို့ ရေကူးချိန်အထိ ပြီးတော့အိပ်ပျော်သွားတဲ့အကြောင်းပါမချန် အစကနေအဆုံး ဘာတွေဖြစ်ခဲ့လဲဆိုတာ အသေးစိတ်ပြန်ပြောင်းပြောပြနေလေတယ်။
နောက်ပြီး ညစာစားပွဲပေါ်မှာလည်း ငါး၊ပုစွန်၊ဂဏန်းကစလို့ အမျိုးမျိုးသောပင်လယ်စာတွေနဲ့ပြည့်နေပြီး ခွာရစားရခက်ခဲတဲ့အစားအစာတွေဖြစ်တာကြောင့်လည်း ပိုင်လန်က တစ်ချိန်တည်းမှာ လက်က အခွံခွာလိုက် အရိုးနွှင်လိုက်လုပ်နေရပြီး ပါးစပ်ကလည်း ချိုးရှောင်ဟိုင်ရဲ့စကားတွေကိုသံယောင်လိုက်နေရတယ်။
ညစာစားပွဲက စက်ဝိုင်းပုံရှိပြီး ချိုးရှောင်ဟိုင်က ချိုးချန်နဲ့ပိုင်လန့်ကြားမှာထိုင်နေတယ်။ ပိုင်လန်က သခင်ငယ်လေးကို လုပ်ကိုင်ပေးရင်းဗျာများနေပေမယ့် သခင်ကြီးချိုးချန်ကလည်း အကောင်ကြီးကြီးခွာပြီးသားပုစွန်တွေကို ဝေပုံချခွဲတမ်းစစ်ရင်း အလုပ်ရှုပ်နေပါတယ်။ ချိုးချန်က သူတို့သုံးယောက်အတွက် အခြားပန်းကန်ထဲကဟင်းတွေယူတဲ့တာဝန်ကိုလုပ်ဆောင်တယ်။ ဒီလိုအတွင်းအပြင်တာဝန်တွေကို ညီညီမျှမျှထမ်းဆောင်တဲ့အခါ အရာအားလုံးက သဘာဝကျကျပဲလိုက်ဖက်ညီလှတယ်။ ဒါကို စားပွဲတစ်ဖက်က အခြားလူတွေကလည်း ကြည့်နေကြရင်း အတွေးရေယာဉ်ဖြန့်ကျက်နေကြပါတယ်။
ညစာစားနေတုန်းမှာလည်း ချိုးရှောင်ဟိုင်က သူ့အသံကိုမလျှော့ဘူး၊ ပြောချင်ရာတွေပြောပြီး ပေါက်ပေါက်ဖောက်နေတာ။ ဒါကို ဘေးနားမှာထိုင်တဲ့လင်ကုန်းချန်က မနေနိုင်မထိုင်နိုင်ခိုးနားထောင်ရင်း တဖြည်းဖြည်းနဲ့ သူပါ စကားဝိုင်းထဲဝင်လာပြီး လုံးဝကိုအာရုံပြောင်းလာတယ်။ အတိအကျပြောရရင်တော့ ချိုးရှောင်ဟိုင်က ရေကူးဝတ်စုံလဲတဲ့အကြောင်းပြောနေတုန်းမှာ အိပ်မယ်ဆိုရင်တော့အဝတ်တွေအကုန်လုံးချွတ်ဖို့လိုတယ်လို့ ပြောလိုက်တဲ့နေရာပဲ။ ဒီစကားက လင်ကုန်းချန်ကို သီးလုနီးနီးရယ်မောသွားစေတယ်။
ဒါကြောင့် ရှင်းသောင်းရဲ့စကားဝိုင်းက တဖြည်းဖြည်းလျော့ကျသွားပြီး ပရိသတ်တွေရဲ့အာရုံက ချိုးရှောင်ဟိုင်ဆီရောက်လာတယ်။
ပိုင်လန်နဲ့ချိုးချန်နှစ်ယောက်လုံးအနားမှာရှိကတည်းက ချိုးရှောင်ဟိုင်အများကြီးတက်ကြွလာခဲ့တာ အခုဆိုရင် သူကောင်းကောင်းမသိတဲ့ဦးလေးကြီးတွေကိုတောင် စကားလက်ခံပြောနေပြီ။
လင်ကုန်းချန်မှာ သမီးတစ်ယောက်ရှိတာကြောင့် သူက ကလေးတွေနဲ့ရင်းနှီးတယ်။ ဒါကြောင့် အများကိုယ်စား မေးခွန်းမေးတဲ့အလုပ်လုပ်ပါတယ်။
“ညီလေး… အသက်ဘယ်လောက်ရှိပြီလဲ?” ဒီအူကြောင်ကြားဦးလေးကြီးက မေးတယ်။
“ငါးနှစ်”
“နာမည်ဘယ်လိုခေါ်လဲ?”
“…. ချိုးရှောင်ဟိုင်” ချိုးရှောင်ဟိုင်က နည်းနည်းတော့ဝေခွဲမရဖြစ်သွားတယ်။ အစောကလေးတင် ဒီဦးလေးကြီးက သူ့နာမည်ခေါ်သေးတယ်လေ။
“အားတဲ့အချိန်တွေမှာ ဘယ်လိုအရာမျိုး လုပ်ရတာကြိုက်လဲ?”
ချိုးရှောင်ဟိုင်က ဘာပြောရမှန်းမသိဘူး။ ဒါကြောင့် ပိုင်လန်က ဘာသာပြန်ပေးလိုက်ရတယ် “ဦးဦးမေးတာက ကျောင်းဆင်းရင် ဘာတွေလုပ်လဲတဲ့”
“သြော်.. သားက ကာတွန်းကားကြည့်တယ်၊ ထမင်းစားတယ်၊ အိမ်စာလုပ်တယ်၊ ရေချိုးတယ်၊ ပုံပြင်နားထောင်တယ် ပြီးတော့ အိပ်တယ်”
ချိုးရှောင်ဟိုင်က ခေါင်းလေးကိုစောင်းရင်း သူလုပ်တဲ့အရာတွေကို အစဉ်လိုက်ရွတ်ပြတယ်။
“အိမ်စာလုပ်တာလား? ငါးနှစ်ပဲရှိသေးတယ် မဟုတ်ဘူးလား? စာလုံးတွေ ရေးရောရေးတတ်ပြီလား” လင်ကုန်းချန်က အလွန်အမင်းအံ့သြသွားချင်ယောင်ဆောင်တယ်။
“သား .. သားက ကိုယ့်နာမည်ကိုယ်ရေးတတ်တယ်၊ ပြီးတော့ ၁ ၂ ၃ ၄ ဂဏန်းတွေလည်း ရေးတတ်တယ်! အားပိုင်က သားကိုကူရေးပေးတာ!”
“အင်း တော်လိုက်တာ၊ ဒါနဲ့ကျောင်းမှာ သားကြိုက်တဲ့ ညီမလေးတွေဘာတွေ ရှိနေပြီလား”
“ဘာတွေမေးနေတာလဲ ကလေးကို၊.. မင်းလိုများထင်နေလို့လား” ဝမ်ယွင်က ဝင်နှောင့်ပါတယ်။
“ဒါပေမယ့် သူက လောင်ချိုးသားလေကွာ” လင်ကုန်းချန်က လက်ကာပြတယ်။
မျှော်လင့်ထားသလိုပါပဲ၊ ချိုးရှောင်ဟိုင်က ရိုးရိုးသားသားအဖြေပေးရှာတယ် “သားက အားကျန်းကိုကြိုက်တာ၊ ဒါပေမယ့် အားကျန်းက ညီမလေးမဟုတ်ဘူး”
………………………