(34) ဘီယာကြော်ငြာရိုက်ကွင်းမှာ
ပိုင်လန်ရဲ့အရက်သောက်နိုင်စွမ်းက အရမ်းကိုနည်းတယ်။
သူ ပထမဦးဆုံးအကြိမ်သောက်ခဲ့တုန်းကလည်း ဆိုးဆိုးရွားရွားအဖြစ်ပျက်တွေကြုံခဲ့တာပဲလေ။ အဲဒိတုန်းက သူက ကလပ်မှာလူတွေကိုအဖော်ပြုပေးဖို့လှည့်စားခံလိုက်ရပြီးနောက်မှာ ချိုးချန်လက်ထဲ စနောက်ခံလိုက်ရပြီး အဆုံးသတ်သွားခဲ့တယ်။ အခုချိန်မှာလည်း ပိုင်လန်က ကျန်းမာရေးအခြေအနေကြောင့် ငြင်းလို့မရမယ့်အချိန်ကလွဲပြီး ကျန်တဲ့အချိန် အရက်ကိုမထိတော့ဘူး။ အချိန်အကြာကြီးဖြတ်ထားခဲ့ပြီးမှ ရုတ်တရက်ကြီးပြန်သောက်ရမယ်ဆိုရင် မူးပြီးမှောက်သွားဖို့ရာ အလွယ်ကလေးဖြစ်နေမှာပါပဲ။
ဖန်းဟွာက ပိုင်လန့်ကိုယ်စားဒီကြော်ငြာကို လက်ခံပေးလိုက်တဲ့အချိန်မှာ သူ့ရဲ့အယ်လ်ကိုဟောလ်ခံနိုင်ရည်ကို ထည့်မတွက်မိခဲ့ဘူး။ သူမက ကုမ်ပဏီဘရန်းလည်း အလွန်ကောင်း၊ ဆိုင်ခွဲတွေအများကြီးနဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိတာကိုပဲ မြင်လိုက်မိတာ။ အရင် UNI ကုမ်ပဏီထက်မသာရင်တောင် လုံးဝနောက်ကောက်မကျတာကြောင့် ဖန်းဟွာလည်း ပိုင်လန့်အမြင်ကိုမမေးတော့ဘဲ စာချုပ်ချုပ်ခဲ့ပါတယ်။
ဒီလိုနည်းနဲ့ ပိုင်လန်လည်း ငြင်းမရဘဲ ရိုက်ဖို့အကြောင်းဖန်လာတယ်။ သူက သူ့အကြောင်းကို အစောကြီးကတည်းက ရိုက်ကွင်းအဖွဲ့တွေဆီ အသိပေးခဲ့တယ်။ NG တွေအများကြီးဖြစ်လို့ ခေါင်းမူးလာရင် ခဏတဖြုတ်အနားယူရပါလိမ့်မယ်လို့ ကြိုတင်ညှိနှိုင်းထားခဲ့ပါတယ်။
ဒါပေါ့ …ဒီကိစ္စဖြေရှင်းဖို့က နောက်ထပ်တစ်နည်းလည်းရှိသေးတယ်။ ရိုက်ကူးနေစဉ်မှာ တကယ့်ဘီယာမဟုတ်ဘဲ အခြားအယ်လ်ကိုဟောလ်မပါဝင်တဲ့အရည်တစ်မျိုးမျိုးနဲ့ အစားထိုးရိုက်ကူးဖို့လေ။ ကင်မရာရှေ့မှာ ဒီလိုမျက်စိလှည့်စားတာမျိုးက ပြင်ဆင်တည်းဖြတ်တာသာကောင်းကောင်းလုပ်နိုင်ရင် အတုလားအစစ်လား ဘယ်သူမှသိနိုင်မှာမဟုတ်ဘူး။
ဒါပေမယ့် ပိုင်ရှင်ကတော့ ဒီလုပ်ကွက်ကိုချက်ချင်းပဲကန့်ကွက်တယ်။ သူ့ဘီယာအရောင်က အလွန်ကြည်လင်ပြီးလှပတယ်လို့ပြောခဲ့တယ်။ အမြှပ်ထူထူလေးတွေနဲ့ ပြီးပြည့်စုံလွန်းတာကြောင့် အခြားအရာနဲ့အစားမထိုးနိုင်ပါဘူးတဲ့လေ။ နောက်ပြီး သူ့ဘီယာမဟုတ်တဲ့ အခြားအရာအတွက်ကြောင့်လည်း ပိုက်ဆံအများကြီးသုံးပြီးကြော်ငြာမရိုက်နိုင်ပါဘူးတဲ့။ ဒါကြောင့် ပိုင်လန်လည်း မူးကိုမူးမှဖြစ်မယ့်အခြေအနေကိုရောက်သွားတယ်။
ဘီယာကြော်ငြာအတွက် ဇာတ်ညွှန်းကတော့ သိပ်ခက်ခက်ခဲခဲကြီး မဟုတ်ဘူး။အသည်းကွဲသွားတဲ့လူငယ်တစ်ယောက် ခံစားချက်တွေကိုမေ့ပျောက်ချင်လို့ ဘားမှာဘီယာလာသောက်တဲ့ဇာတ်လမ်းပဲ။
လူငယ်လေးက ဘားမှာထိုင်နေတဲ့အချိန် တောက်ပလွန်းတဲ့မိန်းမလှလေးတစ်ယောက် သူ့ဆီလျှောက်ဝင်လာတယ်။ သူမရဲ့ ဆံပင်ရှည်ရှည်ခွေလိပ်လိပ်လေးတွေက ဝတ်ထားတဲ့မီနီစကပ်နဲ့ လိုက်ဖက်ညီနေပြီး လူငယ်လေးအပါအဝင် ဘားထဲမှာရှိနေတဲ့ ယောကျ်ားတွေအကုန်လုံးရဲ့အကြည့်တွေကလည်း သူမဆီ တမဟုတ်ချင်းကပ်ငြိလို့လာတယ်။
လူငယ်လေးက ချက်ချင်းပဲထရပ်ပြီး မိန်းမလှလေးရှေ့မှာပိတ်ကာထားရင်း သူမကိုဆွဲဆောင်ဖို့နည်းအမျိုးမျိုးနဲ့ကြိုးစားတယ်။ မိန်းကလေးက သူမရှေ့မှာပိတ်ရပ်နေသူကို အလိုမကျဖြစ်သွားပြီး မျက်မှောင်ကြုံ့ကာ ဘာဖြစ်ချင်လို့လဲလို့မေးပါတယ်။ ဒီအခါမှာ လူငယ်လေးက မိန်းကလေးကိုင်ထားတဲ့ဘီယာပုလင်းကို လက်ညှိုးထိုးပြတယ်။ ဒါက ရေခဲသေတ္တာထဲကျန်တဲ့နောက်ဆုံးတစ်ပုလင်းလေ။ အခုတော့ မိန်းကလေးကယူသွားလို့ ဘာမှမကျန်တော့ဘူး။
လှပလွန်းတဲ့မိန်းကလေးက ဒေါသထွက်သွားလေရဲ့။ ပြီးတော့ လူငယ်လေးရဲ့ခေါင်းပေါ်ကို ဘီယာနဲ့လောင်းချရင်း ပုလင်းခွံကိုလက်ထဲထိုးထည့်ကာ ဆန့်ကျင်ဘက်ကို ကြွကြွရွရွထွက်သွားတယ်။ ကျန်ခဲ့တဲ့လူငယ်လေးခမျာ ပုလင်းခွံကိုပဲကိုင်ထားရင်း ပုလင်းဖင်မှာကပ်နေတဲ့လက်ကျန်အနည်းငယ်ကို အငမ်းမရသောက်သုံးနေရတယ်။ ဘားထဲက ကျန်လူတွေကလည်း ထူးဆန်းလှတဲ့သကောင့်သားကို ပြူးကြည့်လျက်သားဖြစ်ကုန်ကြတာပေါ့။ ဒင်းက မိန်းကလေးကိုစိတ်ဝင်စားတာမဟုတ်ဘဲ အစကနေအဆုံး ဘီယာပုလင်းကိုပဲ တမ်းတမ်းစွဲနေခဲ့တာကြောင့်လေ။
ကြော်ငြာဇာတ်ညွန်းက သဘာဝမကျပါဘူး။ အပြင်လောကမှာရှိတတ်တာမျိုးလည်း မဟုတ်ဘူး။ ဒါကြောင့် စကားပြောဇာတ်ဝင်ခန်းလည်း မပါဘူး။ သရုပ်ဆောင်တွေရဲ့ကိုယ်နေဟန်ထား မျက်နှာအမူအရာတွေကိုသုံးပြီး ပြဇာတ်တွေထဲကလို ဟာသဇာတ်ကွက်တွေနဲ့ ပရိသတ်တွေကိုရယ်မောစေရမှာ။
ဟုတ်ပါတယ်။ ပိုင်လန်က ဒီကြော်ငြာမှာ လူငယ်လေးနေရာက သရုပ်ဆောင်မှာဖြစ်ပါတယ်။
မိန်းမလှလေးကရော….. လတ်တလောမှ ထိပ်တန်းမင်းသမီးဖြစ်လာပြီး မကြာသေးမီက ရုန်အိုက်ပါတီမှာ ပိုင်လန်ဆုံခဲ့ဖူးတဲ့ ဖေးဟုန်ပါ။
***
ပြီးခဲ့တဲ့နှစ် Golden Emperor award မှာ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုအတွက် ဖေးဟုန်အနိုင်ရရှိခဲ့တုန်းက နောက်ကွယ်မှာအချိတ်အဆက်လေးတွေတော့ရှိလိမ့်မယ်လို့ လူအတော်များများထင်ခဲ့ကြတယ်။ လူတွေက သူမရဲ့ပုံသဏ္ဍာန်ကို ခါးသေးရင်ချီဆက်စီကျလွန်းတယ်လို့ ဝေဖန်ခဲ့ကြတယ်။ သူမ သရုပ်ဆောင်တဲ့ဇာတ်ကောင်တိုင်းက ညှို့ဓါတ်ပြင်းတဲ့အငွေ့အသက်တွေချည်းရနေပြီး တမူကွဲထွက်မှုမရှိဘူးလို့ပြောခဲ့ကြပါတယ်။
နောက်ပြီး ဆုရရှိခဲ့တဲ့ဇာတ်ကောင်က သူမနဲ့ချွတ်စွပ်ကွက်တိပဲ။ မြင်သူတကာမျက်စိမလွှဲနိုင်လောက်တဲ့ ပုံပန်းသွင်ပြင်နဲ့ အေးဆေးတဲ့စရိုက်မျိုးပေါ့။ ဒီလိုကာရိုက်တာမျိုးက အလွယ်တကူကြိုက်ခံရတတ်ပြီး သရုပ်ဆောင်ဖို့လည်းလွယ်တယ်။ ထပ်ပြီးတော့မှ ရုပ်ရှင်ကလည်း box office မှာဝင်ငွေကောင်းခဲ့တယ်။ ဒါကြောင့် သူမလည်း အလွယ်တကူဆုရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဖေးဟုန်သာ အမှန်တကယ်ကြီးသရုပ်ဆောင်ဆိုးရွားခဲ့မယ်ဆိုရင်တော့ ဘယ်လောက်ပဲ နောက်ကွယ်လုပ်ကွက်ခင်းခင်း ဆုရမှာမဟုတ်ဘူး။ သူမက ထိပ်တန်းမင်းသမီးဘွဲ့ကို မထိုက်တန်ရင်တောင်မှ အရည်အချင်းရှိသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။
ဒါကြောင့် ဖေးဟုန်လိုမင်းသမီးမျိုးကို ဒီဘီယာကြော်ငြာရဲ့မိန်းကလေးနေရာမှာ သရုပ်ဆောင်စေတာဟာ သူမအတွက်တော့ အလွယ်လေးပဲ။ သူမက ရဲရဲနီနေတဲ့ဂျတ်ကတ်နဲ့ စကပ်တိုတိုလေးကိုဝတ်ထားပြီး ဖွံ့ထွားတဲ့ရင်နှစ်မွှာနဲ့လှပဖြူဖွေးတဲ့ခြေတံရှည်ရှည်လေးကို ဖော်ပြထားတယ်။ ဒါက ရိုက်ကွင်းပေါ်က လူငယ်တွေတော်တော်များများကို ခေါင်းလည်ထွက်သွားစေလောက်အောင် ဆွဲဆောင်နေခဲ့ပါတယ်။
ဒီကြော်ငြာအတိုလေးထဲမှာ ပိုင်လန်က ဖြစ်ဖြစ်မြောက်မြောက်မရှိလှတဲ့ အသည်းကွဲလူငယ်လေးနေရာက ပုံဖော်ထားတယ်။ သူ့စတိုင်က ချောမောလွန်းပြီး နိုက်ကလပ်သွားမယ့်လူတစ်ယောက်လိုမျိုး ငွေရောင်လည်ပင်းကွပ်ပိုးသားရှပ်အင်္ကျီကို ဝတ်ဆင်ထားတယ်။ ပုံစံက သူ့ရဲ့ခါတိုင်း ခန့်ညားပြီးကျက်သရေရှိတဲ့အသွင်အပြင်နဲ့မတူဘဲ ညှို့ဓါတ်ကျပြီးဆွဲဆောင်မှုရှိလေတယ်။
ဒါကြောင့် ဘီယာလောင်းချတဲ့အခန်းကို စတင်ရိုက်ကူးကြတဲ့အချိန်မှာ ဖေးဟုန်က ပထမဦးဆုံးအကြိမ်အဖြစ် အမှားလုပ်ခဲ့မိပါတယ်။ ဘီယာတစ်ခွက် ခေါင်းပေါ်စီးကျလာတဲ့အခါ ပိုင်လန်က ခေါင်းအနည်းငယ်စောင်းပေးလိုက်ပြီး သူ့မျက်နှာလေးပေါ်မှာ ဘီယာတွေကစီးဆင်းသွားတယ်။ သူက နှုတ်ခမ်းတွေကိုလျက်လိုက်ပြီး အပြုံးဓါတ်ပါတဲ့မျက်ဝန်းလေးနဲ့ ဖေးဟုန်ကိုကြည့်ပါတယ်။ ဖေးဟုန်လည်း ရုတ်တရက်ပျော်ဝင်သွားသလိုမျိုး ဘာဆက်လုပ်မှန်းမသိဖြစ်သွားတာပေါ့။
ဒါရိုက်တာက အော်လိုက်ရပါတယ် “ကဒ်!”
ဖေးဟုန်ရဲ့အမူအရာက အဆင်ပြေမနေဘူး။ သူတို့ ပြန်ရိုက်မှရမှာ။
ဒါက ဆက်တိုက်ကိုဖြစ်ပျက်နေသလိုပဲ။ တစ်ခါ နှစ်ခါ သုံးခါ နောက်ပြီး လေးငါးခြောက်ခါပဲ။ သူတို့ရဲ့ NG scene တွေအကုန်လုံးက ဖေးဟုန် ပိုင်လန့်ပေါ် ဘီယာလောင်းချတဲ့နေရာချည်းပဲ။
ဒီလိုဖြစ်လာမှတော့ ရိုက်ကွင်းအဖွဲ့သားတွေက ရွေးချယ်စရာမရှိဘူး။ ဆံပင်လေမှုတ်စက်ကိုယူပြီး ပိုင်လန့်အင်္ကျီတွေကို ချက်ချင်းခြောက်အောင်လုပ်ရတယ်။ ဒီနေ့မှာ သူတို့က ပြန်ရိုက်လို့ရအောင် ရှပ်အင်္ကျီငါးထည်ပြင်ဆင်လာခဲ့ပေမယ့် အကြိမ်ရေအများကြီးပြန်လဲရပြီး မလောက်မငဖြစ်သွားလိမ့်မယ်လို့တော့ မတွေးထားခဲ့မိဘူး။
ပထမခြောက်ခါက ဖေးဟုန်အမှားပါ။ ဒါပေမယ့် ခုနှစ်ကြိမ်မြောက်ကစပြီး ချောချောမွေ့မွေ့ဖြစ်မယ်ကြံရုံရှိသေးတယ် ပိုင်လန်က ထဖောက်တယ်။ အရက်ငွေ့တွေက နှာခေါင်းတွင်းဝင်လာတဲ့အခါ ခံနိုင်ရည်မရှိတဲ့ပိုင်လန်လည်း ကောင်းကောင်းမရိုက်နိုင်တော့ဘူးလေ။
ဒီအချိန်မှာ အကုန်လုံးရဲ့မျက်နှာက သိပ်မကောင်းတော့ဘူး။ ခဏနား အနားယူပြီးမှ ဆက်ရိုက်ရမယ်ဆိုတာက အချိန်ပိုဆင်းခိုင်းတာနဲ့ အတူတူပဲဖြစ်သွားပြီ။ အဖွဲ့သားအများစုကတော့ ဖေးဟုန်ကို တိတ်တိတ်လေးပွစိပွစိလုပ်ကြတယ်။ ရှေ့ခြောက်ကြိမ်လုံးမှာ သူမအမှားတွေက မျက်နှာအမူအရာမှားရတာနဲ့၊ လှုပ်ရှားပုံအံမကိုက်ရတာနဲ့၊ တစ်ကြိမ်ဆို ချော်လဲမလိုဖြစ်သွားတာတောင်ပါသေးတယ်။ တစ်မျိုးပြီးတစ်မျိုး မရိုးရဘူး။ မသိရင် တမင်သက်သက်လုပ်နေသလားတောင် ထင်ရတာ။
သူမ အမှားလုပ်တဲ့အခါတိုင်းလည်း ပိုင်လန်က မျက်နှာပြန်သစ်ရတယ်၊ မိတ်ကပ်ပြန်လိမ်းပြီး အဝတ်ပြန်ဝတ်ရတယ်။ ပြန်ရိုက်ဖို့ မိနစ်နှစ်ဆယ်လောက် ပြန်ပြင်ဆင်ရတယ်။ ဒါကြောင့် ပိုင်လန်ပဲ ဒုက္ခခံရတာမဟုတ်ဘဲ ရိုက်ကွင်းအဖွဲ့သားတွေပါ အလုပ်ရှုပ်ကုန်ကြတယ်။
ခေတ္တခဏအနားယူကြတဲ့အချိန်မှာတော့ ဖေးဟုန်က အရမ်းကိုစိတ်မကောင်းဖြစ်နေဟန်ရှိပါတယ်။ သူမက လက်နှစ်ဖက်ကို ယှက်ဖြာရင်း အဖွဲ့သားတွေကိုတောင်းပန်တယ် “ကျွန်မလည်း အမှန်တကယ်ကိုမရည်ရွယ်ပါဘူးရှင်၊ လုပ်ဖို့ကြိုးစားလိုက်တိုင်း လက်တွေကတုန်တုန်လာလို့ပါ၊ မစ္စတာပိုင်ကို ဒုက္ခပေးမိတယ်လို့တွေးလိုက်မိရော ပိုပြီးအယောင်ယောင်အမှားမှားဖြစ်လာတယ်၊ ကျွန်မ တကယ့်ကို ရိုက်ကွင်းပြီးစေချင်နေပါပြီ၊ ကျွန်မ.. ကျွန်မ မစ္စတာပိုင့်ကို သွားတောင်းပန်လိုက်ပါဦးမယ်”
သူမရဲ့နူးညံ့ပြီးညင်သာလှတဲ့တောင်းပန်စကားသံတွေက အဖွဲ့သားတွေရဲ့ဒေါသကို နည်းနည်းတော့လျှော့ချပေးလိုက်နိုင်တယ်။ နောင်တရနေတဲ့အမူအရာလေးနဲ့သူမ ပိုင်လန့်အဝတ်လဲခန်းတံခါးဝကို ပြေးသွားတာလည်း မြင်ကြရော အကုန်လုံးက ခေါင်းတွေကိုခါယမ်းရင်းလူစုခွဲသွားကြလေတယ်။
ဒီအချိန်မှာ ပိုင်လန်ကတော့ အဝတ်လဲခန်းရဲ့ဆိုဖာခုံပေါ်ထိုင်ရင်း မျက်လုံးတွေကိုပိတ်ထားကာ အမူးပြေသွားဖို့မျှော်လင့်နေတယ်။
ပိုင်လန်က အရက်မူးလာရင် အသားတွေနီမြန်းမလာပေမယ့် ခေါင်းထဲမူးနောက်မူးနောက်ဖြစ်လာပြီး ဗိုက်ထဲကနာလာတာ။ အစောတုန်းကလည်း မြန်မြန်ရိုက်ပြီးချင်ဇောနဲ့ ဝေဒနာကိုကြိတ်မှိတ်နေလိုက်ရပြီး အရက်ငွေ့တွေအများကြီးမြိုချလိုက်ရတယ်။ အကျိုးဆက်က အခုချိန်မှာ သူ့တစ်ကိုယ်လုံးယိုင်ထိုးနေလေတယ်။ သူက အမူးပြေဆေးတွေသောက်ပေမယ့်လည်း ဟုန်ဟုန်ကတော့ အစာအိမ်ကိုအားဖြည့်ဖို့ တစ်ခုခုစားရမယ်လို့ အကြံပြုပြီး ပိုင်လန်အတွက် စားစရာသွားရှာတယ်။
ဖေးဟုန် ပိုင်လန့်တံခါးကိုလာခေါက်တဲ့အချိန်မှာ သူက မျက်လုံးတွေကိုဖွင့်လိုက်ပြီး ဝင်လာခွင့်ပြုလိုက်တယ်။
ဖေးဟုန်က အခန်းထဲဝင်လာပြီး တံခါးကိုပိတ်လိုက်တယ်။ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက်မြင်ရချိန်မှာ ဖေးဟုန်မျက်နှာပေါ်ကတောင်းပန်ရိပ်တွေကတော့ အတော်လေးပျောက်ကွယ်သွားလေရဲ့။ သူမပုံစံက အမှုမထားသလို အေးဆေးတည်ငြိမ်နေတယ် “ဆောရီးပါ၊ ကျွန်မလည်း အဲ့လိုမလုပ်ချင်ပါဘူး၊ ဒါပေမယ့် အခြေအနေတွေက စေခိုင်းလာတော့လည်း …..၊ ရှင်နားလည်မယ်လို့မျှော်လင့်ပါတယ်”
ဖေးဟုန်ရဲ့စကားတွေက သူမလုပ်ရပ်အတွက် ဝန်ခံနေသယောင်ရှိတယ်။ ပိုင်လန်က ခပ်စူးစူးအကြည့်တစ်ချက်ပေးပါတယ်။ သူ့ကိုယ်ထဲကဝေဒနာတွေက သူမနဲ့ပြိုင်ပြောဖို့ရာ အခွင့်မသာတာကြောင့် တည့်တည့်ပဲမေးလိုက်တယ် “ချိုးခိုင်?”
ဖေးဟုန်ကပြုံးတယ်။ သူမရဲ့ကျော့ရှင်းလှပတဲ့အသွင်အပြင်နဲ့ပေါင်းပြီး အပြုံးလေးက အလွန်ဆွဲဆောင်မှုရှိလေတယ်။ သူမက ဆိုဖာပေါ်ထိုင်လိုက်ရင်း အစောပိုင်းတည်ငြိမ်တဲ့အမူအရာကနေ စိတ်ပျက်လက်ပျက်ရှိတဲ့အမူအရာပြောင်းသွားတယ် “ဘယ်သူရှိသေးလို့လဲ? ချိုးခိုင်က ချိုးချန်ကို မုန်းနေတာ၊ ကျွန်မတို့အတူ ကြော်ငြာရိုက်မယ်လည်းကြားရော ဒီလိုလုပ်ခိုင်းတာပဲ၊ မွေးနေ့ပွဲတုန်းက ချိုးချန် ရှင့်ကိုဘယ်လိုဆက်ဆံလဲ အကုန်လုံးမြင်လိုက်ကြတာကိုး”
ပိုင်လန်ရဲ့စိတ်ထဲမှာ အကူညီမဲ့နေသလိုမျိုး ခါးသက်နေတယ်။ ဒါက တစ်ဖက်လူရဲ့နယ်ရုပ်လေးကိုတိုက်ခိုက်ဖို့ ကိုယ့်နယ်ရုပ်လေးလွှတ်လိုက်တာပဲလေ။ ဒီလိုအောက်တန်းကျတဲ့လုပ်ရပ်က သူ့ကို ပြောစရာစကားတွေပျောက်ဆုံးသွားစေတယ်။ ဒါပေမယ့်လည်း ရုန်မိသားစုမွေးနေ့ပါတီပွဲက ချိုးခိုင်ရဲ့အမူအရာကိုကြည့်ပြန်ရင်လည်း အထွေအထူးအံ့သြစရာတော့မဟုတ်ဘူး။
ပိုင်လန်က မသက်မသာခံစားနေရတယ်။ သူ့ပုံစံက အနိုင့်ကျင့်လို့ကောင်းမယ့်ပုံပေါ်နေလို့လား…?
ဖေးဟုန်ပြောစကားအရဆိုရင် ဖြစ်စဉ်တစ်ခုလုံးကို ချိုးခိုင်ကညွှန်ကြားပြီး ပြန်တင်ပြရမယ့်ပုံပဲ။ သူမရဲ့အနိုင်ကျင့်မှုက သူမဆန္ဒမဟုတ်ဘူး.. ဒါပေမယ့် ခံစားရတာကတော့ ပိုင်လန်ကိုယ်တိုင်ပဲလေ။
ဒါက ပထမဦးဆုံးအကြိမ်လည်းမဟုတ်တော့ ပိုင်လန်က မခံနိုင်လောက်အောင် ပြောထွက်သွားရတယ် “ခင်ဗျားက ဒုတိယတစ်ယောက်ပဲ”
စကားအဆက်အစပ်မရှိတော့ ဖေးဟုန်လည်းနားမလည်ဘူး “ဘယ်လို?”
“ခင်ဗျားက ကျွန်တော့ကို အခက်တွေ့အောင်လုပ်ပြီးမှ လာဝန်ခံတဲ့ ဒုတိယတစ်ယောက်ပဲလို့ပြောချင်တာ၊ တစ်ယောက်ယောက်က လုပ်ခိုင်းတယ်လို့ ဆင်ခြေပေးကြတာချည်းပဲလေ” ပိုင်လန်က ခေါင်းကိုမော့ပြီးရယ်ပါတယ်။
ပထမဦးဆုံးအကြိမ်က ‘ကင်မရာရှေ့နှင့်နောက်ကွယ်’ အစီအစဉ်ရဲ့ကောင်းဖန်ဖန်ဖြစ်တယ်။
“ဒါတွေက ဒီလောကထဲမှာ မတွေ့ချင်မှအဆုံးဖြစ်နေတာပဲ မဟုတ်ဘူးလား?” ဖေးဟုန်က နှုတ်ခမ်းတွေကိုမဲ့လိုက်တယ် “အပေါ်ယံမှာတော့ တောက်ပနေတဲ့အနုပညာလောကကြီးပေါ့ ဒါပေမယ့် အထဲမှာတော့ မှောင်မိုက်နေတာကြာလှပြီ”
“အမှန်ပဲ၊ နောက်ပြီးတော့ ခင်ဗျားတို့လို ပြဿနာရှာတဲ့လူတွေက ကိုယ်နဲ့မဆိုင်ဘူးလို့လဲ တွေးနေကြတယ် မဟုတ်လား” ပိုင်လန်က အပြုံးပါးပါးလေးနဲ့ပြောတုန်းပါပဲ “ဒါပေမယ့် ခင်ဗျားမထင်ထားတာက ဒီနေ့ရဲ့ခင်ဗျားလုပ်ရပ်တွေအကုန်လုံးကို ကျွန်တော်ပိုင်လန်က မှတ်မိနေမယ်ဆိုတာပဲ”
ပိုင်လန်က ရုတ်တရက်ပြီးအေးစက်လာပြီး ဖေးဟုန်ကိုအေးခဲသွားစေတယ်။
“အခုချိန်မှာ ကျွန်တော်ဆိုတဲ့ကောင်က လေးစားမှုပေးဖို့မထိုက်တန်သေးတာ ဖြစ်နိုင်ပါတယ်” ပိုင်လန်က ဖေးဟုန်ကို မျက်တောင်မခတ်စိုက်ကြည့်တယ် “သတိပေးလိုက်တဲ့အတွက် ကျေးဇူးပါ၊ ကျွန်တော့်ကိုကျွန်တော် ထိုက်တန်အောင်ကြိုးစားရဦးမှာပေါ့၊ ကျွန်တော်က လူတွေကို သူတို့လုပ်ချင်သလိုလုပ်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး” ပြီးတော့ ချိုးချန်ဖြေရှင်းပေးဖို့လည်း သူစောင့်နေမှာ မဟုတ်ပါဘူး။
သူက ချိုးချန်နောက်မှာပုန်းကွယ်နေတဲ့ဂရုစိုက်ခံလူတစ်ယောက် မဖြစ်ချင်ဘူး၊ ချိုးချန်နဲ့တန်းတူရပ်နေချင်တာပါ။
ဒီလိုပိုင်လန့်ကိုကြည့်နေရင်းမှာပဲ ဖေးဟုန်နှလုံးသားလေးက ရုတ်တရက်လှုပ်ရှားလာတယ်။
သူမ မျက်စိမလွှဲနိုင်ခဲ့တဲ့ ပထမဦးဆုံး NG ဖြစ်စဉ်ကအတိုင်းပါပဲ။
***
ရိုက်ကွင်းပြန်စကြတဲ့အချိန်မှာ ပိုင်လန်က လုံးဝကောင်းမလာသေးပေမယ့်လည်း အကုန်လုံးကို ချောချောမွေ့မွေ့ဖြတ်ကျော်သွားလိုက်နိုင်တယ်။
သူ့စကားတွေကြောင့်လား မသိပေမယ့် အနားယူပြီးချိန်ပြန်ရိုက်ကြတဲ့အခါမှာတော့ ဖေးဟုန်က သူ့ကို အခက်တွေ့အောင်မလုပ်တော့ဘူး။
တစ်ခုပဲ… ဘီယာကိုကျေနပ်မှုအပြည့်နဲ့သောက်ရမယ့် နောက်ဆုံးဇာတ်ဝင်ခန်းကို ခက်ခက်ခဲခဲရိုက်လိုက်ရပြီး ကံကောင်းတာက NG အများကြီးမဖြစ်ဘဲ ခပ်မြန်မြန်ပဲပြီးဆုံးသွားတယ်။ ဒါမှမဟုတ်ရင်လည်း နောက်တစ်ခါမူးပြီး အဖွဲ့သားတွေအားလုံးက စောင့်ပေးလိုက်ရဦးမှာ။
ပိုင်လန်က မြန်မြန်ဆန်ဆန်ရိုက်ပေးလိုက်ရပေမယ့် ရိုက်ကွင်းတစ်ခုလုံးပြီးဆုံးချိန်မှာတော့ ညအတော်လေးမှောင်နေပါပြီ။
ဒီနေ့မှာ သူ့ကိုလာကြိုကြတဲ့လူတွေထဲ ဟုန်ဟုန်သာမကဘဲ ချိုးချန်လည်းရောက်လို့နေတယ်။ ဒါက ပိုင်လန့်အလုပ်ခွင်ရှိရာ ချိုးချန်လာရောက်တဲ့ ပထမဦးဆုံးအကြိမ်ပါ။
ဟုန်ဟုန်တစ်ယောက် ကားသွားယူနေတဲ့အချိန်မှာတော့ ပိုင်လန်က ဆိုဖာခုံပေါ် မူးယစ်ရီဝေစွာထိုင်နေလေရဲ့။ သူက မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ ချိုးချန်ကိုမြင်တယ်။
“ဒီကို ဘာလို့လာတာလဲ?”
“အရက်မူးနေတဲ့မင်းကိုထားပြီး ကိုယ်က မလာလို့ရမလား” ချိုးချန်က အဝတ်လဲခန်းထဲ ခပ်အေးအေးပဲဝင်လာပြီး ဘေးနားဝင်ထိုင်ကာ လက်မောင်းတစ်ဖက် ပိုင်လန့်ပုခုံးပေါ်တင်လိုက်တယ် “ဘယ်လိုဖြစ်နေလဲ?”
ပိုင်လန်က ချိုးချန်ပုခုံးကိုမှီရင်း မျက်လုံးမှိတ်ထားတယ် “မူးနေတယ်”
“သိတာပေါ့” ချိုးချန်က ခပ်အုပ်အုပ်ရယ်ရင်း ပိုင်လန့်မေးစေ့ကိုဖွဖွလေး ပွတ်ပေးပါတယ် “ပြီးတော့ အခုချိန်မှာ မင်း အလွယ်တကူစိတ်ပါလာလိမ့်မယ်ဆိုတာကိုလည်း သိသေးတယ်”
သူက ပြောလို့လည်းပြီးရော ပိုင်လန့်ကို ဆိုဖာခုံပေါ်တက်ဖိလိုက်ရင်း ပြင်းပြင်းပြပြနမ်းပါတယ်။
ပိုင်လန်ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးက ချက်ချင်းပဲ ပူလောင်လာတာပေါ့။ ဒါက သူ့ကိုယ်သူ ခုခံနိုင်စွမ်းမရှိခဲ့တဲ့ ချိုးချန်နဲ့ပထမဦးဆုံးတွေ့ဆုံစဉ်ကအတိုင်းပဲ။
ချက်ချင်းကြီးအသက်ရှုနှုန်းတွေမြန်လာတဲ့ပိုင်လန်ကို ချိုးချန်က ဖိလိုက်ပြန်ရင်း နှုတ်ခမ်းတွေကိုလျက်နေတယ် “ဖန်းဟွာကိုတော့ လစာဖြတ်သင့်နေပြီ၊ မင်းကို ဒီလိုကြော်ငြာမျိုးရိုက်ခိုင်းတယ်”
သူ့တစ်ကိုယ်လုံး မွေးညှင်းပေါက်တွေဆီက အရက်ခိုးငွေ့တွေ စိမ့်ဝင်ပျံ့နှံ့လာသလိုမျိုး ပိုင်လန်ကခံစားနေရတာ။ ဆံစထိပ်ကနေ ခြေချောင်းဖျားထိတိုင်အောင် ပူနေသလိုပဲ။ သူ့စိတ်တွေကတော့ ဟိုးအရင် ကလပ်မှာအရက်မူးပြီး ချိုးချန်နဲ့စတွေ့ချိန်ကို ရောက်နေတယ်။ အဲဒိတုန်းကလိုပဲ.. အခုလည်း သူ့အောက်ပိုင်းက တင်းနေပြီလေ။
ပိုင်လန်က ချိုးချန်လည်ပင်းကို လက်မောင်းတွေနဲ့ တွယ်ဖက်လိုက်တယ်။ ပြီးတော့မှ မောဟိုက်လွန်းတဲ့အသံလေးနဲ့ပြောပါတယ် “အိမ်ပြန်ကြမယ်လေ၊ အခု ကျွန်တော် ထွက်မပြေးတော့ပါဘူး”
ချိုးချန်လည်း ကျေနပ်သွားပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ စိတ်အလိုမကျဖြစ်လာတယ်။ သူက ရှေ့ကလူကိုဆွဲယူရင်း လက်မောင်းထဲမှာတင်းကျပ်နေအောင်ပွေ့ဖက်ထားတယ် “မင်း နောက်တစ်ခါ ဘယ်တော့မှ အပြင်မှာမသောက်နဲ့”
ပိုင်လန်လည်း ဝိုးတိုးဝါးတား သဘောတူလိုက်မိသလိုပါပဲ၊ ဒီလိုနဲ့ သူ့စိတ်တွေလည်း စိတ်ချလက်ချဖြစ်လာပြီး အိပ်မက်ကမ္ဘာထဲကို ချဉ်းနင်းဝင်ရောက်လို့ လာလေတယ်။
……………………