(35) စီးကရက်
Viewers 58k

(35) စီးကရက်

“ဒီနေ့ ဒီကို ဘာကိစ္စနဲ့လှည့်ဝင်လာရတာလဲ?”

ချိုးချန်က ကုန်သွယ်ရေကြောင်းပို့ဆောင်ရေးကုမ်ပဏီရဲ့ရုံးချုပ်မှာ များသောအားဖြင့်ရုံးထိုင်လေ့မရှိဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ မမျှော်လင့်ထားတဲ့ဧည့်သည်တစ်ယောက် ရောက်လာတယ်။

ဝမ်ယွင်က အနည်းငယ်တော့အံ့သြနေပုံရတယ်။ သူက မျက်လုံးအပြူးသားနဲ့ ချိုးချန်ရဲ့ ဇိမ်ခံရုံးခန်းကြီးထဲကို လျှောက်ဝင်လာပါတယ်။

ရုံးချုပ်က ဆိပ်ကမ်းဘေးနားကပ်ရပ်တည်ရှိတဲ့ ကြီးမားလှတဲ့အဆောက်အဦးကြီးပါ။ ကြမ်းပြင်ကနေ မျက်နှာကျက်ထိတိုင်မြင့်တဲ့ မှန်ပြတင်းပေါက်ကြီးကြီးတွေကြောင့်လည်း ပင်လယ်ကြီးရဲ့ပတ်ပတ်လည်မြင်ကွင်းကိုမြင်ရပြီး ကျယ်ဝန်းလှတဲ့ရုံးခန်းကြီးကို ပိုပြီးပြည့်စုံစေတယ်။ 

ဝမ်ယွင်က ဘာမှမပြောခင် ပင့်သက်တစ်ချက်ကိုအရင်ရှိုက်တယ် “မင်းကိုကြည့်ရတာ ဒီနှစ်တွေအတွင်း ဘာမှမပြောင်းလဲဘူးလို့ထင်ရပေမယ့်… ငါ ဒီနေရာကိုရောက်လာတော့မှ ခံစားမိတယ်၊ မင်းက သူဌေးကြီးတောင်ဖြစ်နေမှကိုး..” 

ချိုးချန်ကရယ်တယ်။ ပြီးတော့မှ ဝမ်ယွင်ကို ဆိုဖာခုံပေါ်ထိုင်ဖို့ အချက်ပြလိုက်တယ် “ထိုင်”

ဒီအချိန်မှာ ညင်သာတဲ့ရုံးခန်းတံခါးခေါက်သံသုံးချက်ကြားလိုက်ရပြီး သေသပ်ကျနစွာဝတ်ဆင်ထားတဲ့ အတွင်းရေးမှူးတစ်ယောက်က လက်ဖက်ရည်အိုးတင်ထားတဲ့လင်ပန်းကို ကိုင်ဆောင်လို့ဝင်လာတယ်။ သူမက လင်ပန်းကို ခုံပေါ်တင်ပြီးတာနဲ့ ချက်ချင်းပြန်ထွက်သွားတာပေါ့။ ဒီလိုမျိုး အမိန့်နာခံတတ်အောင်သေချာလေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းမျိုးက ကုမ်ပဏီရဲ့အဆင့်အတန်းမြင့်မားမှုကို ဖော်ပြနေပါတယ်။

ဒါပေမယ့် ဒီထဲမှာ ချိုးချန်တော့မပါဘူး။ သူဝတ်နေကျပွင့်ရိုက်ရှပ်အင်္ကျီတွေက ပိုင်လန့်ကျေးဇူးနဲ့ တော်ဝင်ဝတ်စုံကချုပ်ပေးတဲ့ ကိုယ်တိုင်းရှပ်အင်္ကျီတွေဆီပြောင်းသွားပေမယ့် သူကတော့ အင်္ကျီကို အပေါ်ဆုံးကြယ်သီးဖြုတ်၊ လက်တံတောင်ဆစ်ခေါက်တင်ပြီး ဝတ်တုန်းပဲ။ သူ့ရဲ့မာနကြီးပြီး အရိုင်းဆန်တဲ့အမူအကျင့်တွေကတော့ ခါတိုင်းပုံစံ နည်းနည်းလေးမှတောင် မပြောင်းလဲသေးပါဘူး။

ချိုးချန်က လက်ဖက်ရည်အိုးကိုမပြီး ဝမ်ယွင်အတွက်ငှဲ့ပေးတယ် “အခုခေတ်က စီးပွားရေးလုပ်တော့မယ်ဆိုရင် အလုပ်ချည်းပဲမဟုတ်တော့ဘူး၊ အနောက်တိုင်းသားတွေက အပေါ်ယံအသွင်အပြင်တွေကိုပါ အရမ်းအလေးထားနေကြပြီ၊ ငါက ဒီနေရာကို လူတွေ တွေ့တွေ့ချင်းရှိန်သွားအောင်လုပ်ထားတာ၊ ဒါမှနောက်ပိုင်းပြောရဆိုရ ချောမွေ့သွားအောင်လို့”

ဝမ်ယွင်က လက်ဖက်ရည်အတွက် ကျေးဇူးတင်စကားပြောလိုက်လေရဲ့ “ငါတို့အကုန်လုံးက အများကြီးပြောင်းလဲသွားကြသလိုပဲ၊ အချိန်တွေလည်းကြာခဲ့ပြီဆိုတော့ တစ်ခါတစ်ခါ သူစိမ်းတွေလားအောက်မေ့ရတယ်၊ နောက်တစ်ခါကျရင် အားချန်(လင်ကုန်းချန်)ဆီသွားကြည့်ရမယ် သူ့ရုံးခန်းလည်း ဘယ်လိုဖြစ်နေပြီလဲမသိဘူး”

“အားချန်က ပိုလို့တောင်ပြောင်းထားသေးတယ်” ချိုးချန်က ရယ်ပါတယ် “သူ့အဆောက်အဦးတစ်ခုလုံးက ခံတပ်ကြီးလိုပဲ၊ ပြတင်းပေါက်တွေတောင် သံတိုင်တွေနဲ့” 

“အဲ့ကောင်ကြီးတောင် အလုပ်တွေဖြစ်နေတာ” ဝမ်ယွင်ကခေါင်းယမ်းတယ် “ငါတော့ အလုပ်များလွန်းလို့ သွားလည်ချိန်လည်းမရဘူး၊ သိတောင်မသိဘူး” 

ချိုးချန်က ပြုံးပြန်တယ်။ ပြီးတော့မှ ဝမ်ယွင်ရှေ့ဆိုဖာပေါ် ထိုင်ချလိုက်ပါတယ် “ပြော.. ဒီနေ့လာရတဲ့အကြောင်းရင်း” 

“မင်းစကားကဘာလဲ၊ ငါလာတာ မကြိုက်တဲ့လေသံနဲ့?” ဝမ်ယွင်က မကျေနပ်ဟန်နဲ့ နောက်တယ်။

“မဟုတ်ပါဘူး၊ ပြောစရာရှိတာပြောစမ်းပါ၊ ဘာကိစ္စရှိလို့လဲ?”

“အိုကေလေ ဒါဆိုလည်း ကွေ့ပတ်မနေတော့ပါဘူး၊ အားချွမ်က ငါ့ကို သူ့အစားလာတောင်းပန်ခိုင်းတာ၊ ပိုင်လန့်ကို”

“သူ့အစား?” ချိုးချန်မျက်နှာပေါ်မှာ အပြုံးပါးပါးလေးတော့ရှိတယ်။ 

“သူထင်တာက အခုမင်းသူ့ကို မကျေမနပ်ဖြစ်နေတယ်လို့ ထင်နေတာ” ဝမ်ယွင်က လက်ဖက်ရည်တစ်ငုံသောက်တယ် “မွေးနေ့တုန်းကလည်း မပြောသင့်တဲ့စကားတွေပြောလိုက်မိတာကိုလည်း သူ့ကိုယ်သူသိပါတယ်တဲ့”

ချိုးချန်က သူ့ဘောင်းဘီပေါ်က မရှိတဲ့ဖုန်တွေကို ခါထုတ်လိုက်တယ် “သိတယ်ဆိုလည်း ဘာလို့ပြောနေသေးလဲ?”

“ဘာလို့လဲဆိုတော့ မနာလိုလို့တဲ့၊ ငါ့ကိုဝန်ခံတယ်” 

ဝမ်ယွင်စကားကြောင့် ချိုးချန်က ချက်ချင်းပဲအကြည့်တစ်ချက်ပေးလိုက်တယ်။

ဝမ်ယွင်လည်း အကြည့်ချင်းဆုံရင်း သက်ပြင်းချပါတယ် “ငါပြောတာက မင်းလိုလူမျိုးနဲ့တွေ့လို့ ပိုင်လန်ကံကောင်းတာကို သူ မနာလိုဘူးလို့ပြောတာ၊ အခုလည်း သူဌေးဟုန်က သူ့ကိုတော်တော်လေး စိတ်ဒုက္ခပေးနေတာ” 

ဒီစကားကိုကြားပြီးတော့မှ ချိုးချန်ရဲ့အမူအရာတွေပုံမှန်ဖြစ်သွားတာ “ဒါတွေဖြစ်လာလိမ့်မယ်လို့ သူရှင်းရှင်းလင်းလင်းသိပြီးသားပဲ မဟုတ်ဘူးလား၊ အရင် ငါနဲ့သူဌေးဟုန်ကြားရွေးချယ်ခွင့် သူ့ကိုပေးခဲ့တာပဲ၊ သူကိုယ်တိုင်ရွေးခဲ့တာလေ ဘယ်သူကဖိအားပေးခဲ့လို့လဲ” 

ဝမ်ယွင်က ခဏလောက်ရပ်ပြီးမှမေးလိုက်တယ် “ဒါဆို ဒီလိုအဖြစ်မျိုး ပိုင်လန်မှာလည်းဖြစ်မယ်ဆို မင်းဘယ်လိုလုပ်မှာလဲ?”

ချိုးချန်ရဲ့အကြည့်တွေက ဝမ်ယွင်အပေါ်နောက်တစ်ကြိမ်ဖြတ်သွားပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ အကြည့်တွေကစူးရှလွန်းလို့ ဝမ်ယွင်က သူ့စကားတွေအတွက် ရှက်တောင်သွားရတယ်။

ချိုးချန်က ရုတ်တရက်ကြီး အေးစက်စက်ပြုံးလိုက်တယ် “ပိုင်လန်က အဲ့လိုရွေးချယ်မှုမျိုး ဘယ်တော့မှရမှာမဟုတ်ဘူး၊ ငါကလည်း ရွေးချယ်မှုပေးလာတဲ့ဘယ်သူ့ကိုမဆို အလွတ်ပေးမှာ မဟုတ်ဘူး” 

ဝမ်ယွင်က နည်းနည်းတော့တွန့်သွားလေရဲ့။ သူက လည်ချောင်းရှင်းလိုက်ပြီးမှ ဆက်ပြောတယ် “ဒါဆို အားချွမ်ရဲ့တောင်းပန်စကားကို မင်း ပိုင်လန့်ဆီပြောပေးလို့ရမလား” 

“ရတယ်” ချိုးချန်က ပြောပြီး အိတ်ကပ်ထဲက စီးကရက်ဘူးကိုဖွင့်တယ်။ ပြီးတော့ ဝမ်ယွင်ကိုပါမေးတယ် “ယူဦးမလား?”

ဝမ်ယွင်က ခေါင်းခါပြီးငြင်းလိုက်တယ် “မွေးနေ့ပွဲတုန်းက မင်းသောက်တာမတွေ့လို့ ဖြတ်လိုက်ပြီလားလို့တောင် ထင်လိုက်သေးတယ်၊ ငါ့အမြင်ပြောရရင် မင်းဆေးလိပ်တွေသောက်နေတာ မကောင်းဘူးနော်” 

“ရှောင်ဟိုင်ရှိနေတယ်လေ၊ ငါက ရုံးခန်းမှာပဲသောက်တာ” ချိုးချန်က စီးကရက်ကို ပါးစပ်မှာခဲရင်း နေသားကျနေသလိုမျိုး မီးညှိတယ်။ သူက မီးခိုးတစ်ရှိုက်မှုတ်ထုတ်လိုက်ပါတယ်။ 

“ဟုတ်တယ်၊ ဆေးလိပ်ငွေ့တွေက ကလေးတွေအတွက်မကောင်းဘူး” ဝမ်ယွင်က ပြုံးပြီးထောက်ခံတယ် “နောက်ပြီး ကျန်းမာရေးမကောင်းတဲ့လူတွေရောပဲ၊ ငါ့လူနာတွေလိုပေါ့ သူတို့လည်း ဆေးလိပ်ငွေ့ရှူလို့ ဘာကောင်းကျိုးမှမရှိဘူး၊ အိုး.. ငါ မင်းကိုပြောဖို့မေ့နေတယ် ငါဆေးရုံပြောင်းလိုက်ပြီ”

ဝမ်ယွင်က လိပ်စာကဒ်ကိုထုတ်ပြီး ချိုးချန်ကိုပေးတယ်။ မျက်လုံးတွေကတော့ ချိုးချန်ရဲ့တုန့်ပြန်ပုံကို အသေးစိတ်အကဲခတ်လို့ပေါ့။

ချိုးချန်က ယူပြီး တစ်ချက်ပဲကြည့်လိုက်တယ် “တက္ကသိုလ်ဆေးရုံ? မဆိုးပါဘူး၊ နာမည်ကြီးပဲ၊ ရာထူးတက်သွားတယ်လို့ ယူဆရမှာလား”

ဝမ်ယွင်က ချိုးချန်နဲ့မျက်လုံးချင်းဆုံပြီးမှ ဖြည်းဖြည်းချင်းအကြည့်လွှဲလိုက်တယ်။ သူက ပြုံးနေတယ် “မင်းကြိုက်သလိုယူဆလို့ရတယ်၊ အဲဒိမှာက စိတ်ဝင်စားဖို့ကောင်းတဲ့ကေ့စ်တွေအများကြီးပဲ” 

***

ဘီယာကြော်ငြာကိုရိုက်ကူးရခြင်းက ပိုင်လန့်ကို ကိစ္စအများကြီးတွေးတောမိစေခဲ့တယ်။ ဥပမာပြောရရင် အဆင့်အတန်းတစ်ခုမှာရှိတဲ့လူတွေကပဲ တစ်ချို့တစ်ချို့သောအရာတွေကို လုပ်ကိုင်နိုင်ကြတာကိုပေါ့။ 

သူ့ရဲ့ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်းမှာ ပိုင်လန်က ကျေးဇူးတရားအတွက် ချိုးချန်နဲ့အတူနေဖို့ဆုံးဖြတ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ သရုပ်ဆောင်ခြင်းအပေါ်မှာလည်း အများကြီးအားစိုက်ထည့်ခဲ့ပါတယ်။ ကိုယ်ပိုင်ခံစားချက်တွေ၊ ကိုယ်ပိုင်ပျော်ရွှင်မှုတွေနောက်ကိုလိုက်ဖို့ဆုံးဖြတ်ခဲ့ပြီး ကိုယ်တိုင်ရွေးချယ်ထားတဲ့လမ်းကြောင်းပေါ်မှာ ကိုယ်တိုင်ကပြဖို့ ဆန္ဒရှိခဲ့ပါတယ်။ ကျော်ကြားမှုတွေ အောင်မြင်မှုတွေကရော… ပြန်လည်မွေးဖွားလာတဲ့ပိုင်လန့်အတွက် ပျော်ရွှင်ဖို့နဲ့စိတ်အေးချမ်းသာစွာရှိဖို့ကလွဲပြီး ဘာမှအရေးမကြီးတော့ပါဘူး။ သူ့မှာသာ ရည်မှန်းချက်တွေအများကြီးမရှိဘူးဆိုရင် ချိုးချန်ကိုလည်း ဝန်ထုတ်ဝန်ပိုးဖြစ်လာစေမှာမဟုတ်ဘူးလို့ သူက မှတ်ယူခဲ့တာပါ။

ဒါပေမယ့် အခုတော့ သူက ချိုးချန်ဘေးနား အတူတူရပ်နေချင်ခဲ့မိတယ်။ သူ့ပျော်ရွှင်မှုကလည်း ချိုးချန်ပျော်ရွှင်မှုနဲ့ တိုက်ရိုက်အချိုးကျခဲ့ပါတယ်။ အရင်ဘဝတုန်းကလို ခန်းကျန့်အပေါ်ကောင်းပေးခဲ့သလိုမျိုး အခုဘဝမှာလည်း ချိုးချန်ကို ဂရုတစိုက်ပြုစုပေးချင်ခဲ့တယ်။ ပြဿနာစဖြစ်ရတဲ့အကြောင်းရင်းက ချိုးချန်ကြောင့်ဆိုရင်တောင်မှ အဲဒိပြဿနာကြောင့်ပဲ သူ့အတွက် ဝန်ထုတ်ဝန်ပိုးဒုက္ခအိုးလည်း မဖြစ်ချင်ပါဘူး။ ပိုင်လန်က ဒီလိုအခြေအနေမျိုးမှာ ဘာမှမလုပ်ပဲထိုင်နေပြီး တစ်စုံတစ်ယောက်လာကယ်မှာကို စောင့်မနေချင်ပါဘူး။

ဒါကြောင့် ပိုင်လန်က ‘ရှုပ်ထွေးနေသောလမ်းမများ’ ကိုလက်ခံဖို့ စွန့်စွန့်စားစားဆုံးဖြတ်ချက်ချခဲ့တယ်။ ဒါက ဖန်းဟွာထောက်ခံပေးထားတဲ့ ရာဇဝတ်မှုရုပ်သံဇာတ်လမ်းတွဲပါ။

သူ့မှာလိုအပ်နေတာက ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ့်အသိုင်းအဝိုင်းကို သူကိုယ်တိုင် တဖြည်းဖြည်းတည်ဆောက်နိုင်ဖို့ပဲ။ ဒါကလည်း ရက်စက်လှတဲ့လောကကြီးမှာ ဝင်ဆန့်နိုင်ဖို့ ပိုက်ဆံကလွဲရင် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်တာမို့ပါ။

သူ့ရဲ့ပိုင်ဆိုင်မှုငွေကြေးတွေကိုပြောရမယ်ဆိုရင်လည်း ရွှေရုပ်ရှင်ကိုနောက်ဆုံးပိတ်ရုံတင်ပြသလို့ပြီးတဲ့အချိန်မှာ စာအုပ်စီးရီးတွဲတွေရဲ့ဒုတိယတစ်အုပ်က ဈေးကွက်ထဲဝင်လာပြီဖြစ်တယ်။ ဈေးကွက်ထဲရောက်လို့နှစ်ပတ်အတွင်းမှာပဲ ပထမစာအုပ်ရဲ့စံချိန်ကိုကျော်ဖြတ်ပြီး အုပ်ပေါင်းလေးသန်းရောင်းချခဲ့ရတယ်။ ဒါက ပိုင်လန့်အတွက် အကြီးအကျယ်ပွပေါက်တိုးခဲ့ပြီး စီးပွားရေးကဏ္ဍမှာ ပထမဦးဆုံးအုတ်မြစ်ချနိုင်ခဲ့ပါတယ်။

ပိုင်လန်က နောင်ဆယ်နှစ်အကြာမှာ အဓိကခေတ်ရေစီးကြောင်းဖြစ်လာမယ့် အွန်လိုင်းဈေးဝယ်စင်္ကြန်ကို မျက်စိကျခဲ့တယ်။ နောက်ပိုင်းနိုင်ငံရေး၊စီးပွားရေးတွေမှာပါ လွှမ်းမိုးလာမယ့် ဒီစင်္ကြန်ကို ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ပြီး ပိုက်ဆံစားတဲ့အိမ်ခြံမြေလုပ်ငန်းကိုတော့ လက်လျော့ခဲ့ပါတယ်။ သူက ငွေတွေအကုန်လုံးကို အွန်လိုင်းဈေးဝယ်ခြင်းအတွက် ရင်းနှီးဖို့ဆုံးဖြတ်ခဲ့တယ်။ အခုချိန်မှာ ဒီလိုအွန်လိုင်းကုမ်ပဏီတွေက မြေစမ်းခရမ်းပျိုးဘဝပဲရှိသေးပြီး ရင်းနှီးမြှပ်နှံသူအသည်းအသန်လိုက်ရှာနေကြရတာပါ။

ဟုတ်တာပေါ့.. ဒီလိုရင်းနှီးမြှပ်နှံမှုမျိုးက စွန့်စားမှုမရှိဘူးတော့မဟုတ်ဘူး။ အရင်ဘဝမှာတော့ အွန်လိုင်းဈေးဝယ်ခြင်းက အရမ်းခေတ်စားခဲ့ပေမယ့် ဒီဘဝမှာ လိပ်ပြာတောင်ပံအကျိုးဆက်ဖြစ်ပြီး ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူအာမခံနိုင်မှာလဲ။ အောင်မြင်မှုဆိုတာ စွန့်လွတ်စွန့်စားပြီး မရမကဖမ်းဆုပ်နိုင်မှ ရမှာလို့ ဆိုရိုးစကားတွေလည်းရှိပေမယ့် ပိုက်ဆံတွေလည်းကုန်ပြီး မျှော်လင့်ချက်တွေလည်းပျက်စီးသွားခဲ့ရင်ရော…..

ဒါကြောင့်နောက်ဆုံး ဆုံးဖြတ်ချက်မချခင်တစ်ညမှာ ပိုင်လန်က ချိုးချန်ကိုအတင်းဆွဲခေါ်ထိုင်ခိုင်းရင်း အရာအားလုံးကိုရှင်းပြနေတယ်။ ပြောရရင် ချိုးချန်က သူ့ထုတ်ဝေရေးကုမ်ပဏီရဲ့ အဓိကရင်းနှီးမြှပ်နှံသူတစ်ဦးပဲမလား။ စာအုပ်ရောင်းရငွေတွေက သူနဲ့လည်းဆိုင်တယ်လေ။

ဒါပေမယ့် ဆုံးအောင်တောင်မရှင်းပြလိုက်ရဘူး၊ ချိုးချန်ပြောလာတာက မင်းသဘောပါပဲတဲ့။ ပိုက်ဆံမလောက်ရင် ကတ်ဒ်ထဲကလည်းထုတ်လို့ရပါတယ်တဲ့။ ဒါပေမယ့် တိုက်ခန်းကိုရောင်းချင်ရင်တော့ ပိုကောင်းတဲ့နောက်တစ်ခန်းရှာတွေ့တဲ့အထိ စောင့်ပါဦးတဲ့။

ပိုင်လန်က ကြောင်တောင်တောင်ဖြစ်သွားပြီး မေးလိုက်ရတယ် “ဘာတိုက်ခန်းလဲ?”

ချိုးချန်က ကွင်းထိုးဖိနပ်ကိုစွပ်လိုက်ပြီး စားပွဲရှိရာသွားကာ အံဆွဲထဲမွှေနှောက်ရင်း စာရွက်တစ်ထပ်ထုတ်လာတယ်။ သူက ဝန်ခံလိုက်ပါတယ် “မင်းရဲ့စာရွက်စာတမ်းတွေသုံးပြီး ဒီအိမ်လွှဲပေးထားတယ်” 

သူကိုင်ထားတဲ့ စာရွက်အထပ်လိုက်က လောလောလတ်လတ်ကမှ ခိုးလုပ်ထားတဲ့ စာချုပ်တွေလေ။ ပိုင်လန်က ငေးကြည့်ဖို့ပဲတတ်နိုင်တော့တယ်။ 

ဒီလူဆိုးကြီးချိုးချန်ကတော့ ပိုင်လန့်ကိုဆွဲဖက်ရင်း အနမ်းတွေဖြန့်ကျဲပေးနေတယ်။ သူက ပြောတယ် “ကိုယ့်ကို လက်ထိပ်ခတ်ပြီးရဲစခန်းပို့မှာလား? မလုပ်ပါနဲ့၊ ဆော့ချင်ရင် မနက်ဖြန်သွားဝယ်ပေးမယ်လေ အိမ်မှာပဲဆော့ကျတာပေါ့” 

အမှန်တရားဘက်တော်သားသူရဲကောင်းကြီးပိုင်လန်ကတော့ အိပ်ရာပေါ်မှာ လူဆိုးကြီးရဲ့တက်ဖိခြင်းကိုခံလိုက်ရတယ်။

နောက်တစ်နေ့ရဲ့နောက်တစ်နေ့မှာ လက်ထိပ်တစ်စုံက အမှန်တကယ်ကြီးကို အိပ်ရာဘေးနားရောက်လာတယ်။ ပိုင်လန်ကတော့ အမှန်တကယ်လက်တွေ့စမ်းသပ်ချင်နေတာကို ဝန်ခံတာထက်စာရင် သေပဲသေလိုက်မှာ။ 

***

ရာဇဝတ်မှုသည်းထိတ်ရင်ဖိုဇာတ်လမ်း ‘ရှုပ်ထွေးနေသောလမ်းမများ’ က ရဲသင်တန်းကျောင်းကအခုမှပူပူနွေးနွေးကျောင်းဆင်းလာတဲ့ တပ်သားသစ်လေးတစ်ယောက်ရဲ့အကြောင်းကို ဦးတည်ပါတယ်။ သူက အဖြူအမဲကွဲပြားပြီး အမှန်တရားအပေါ်မှာရဲရဲဝင့်ဝင့်ထောက်ခံတယ်။ ရဲဝန်ထမ်းအသက်မွေးဝမ်းကျောင်းအလုပ်အပေါ်မှာလည်း အင်တိုက်အားတိုက်မြှပ်နှံထားပါတယ်။ ဒါပေမယ့်နောက်ပိုင်း တာဝန်ကျရာထမ်းဆောင်ရင်း အမှန်တရားရဲ့ခါးသီးမှုတွေကို နဖူးတွေ့ဒူးတွေ့မြင်လာရတဲ့အခါ သံယောဇဉ်နဲ့အမှန်တရားကြားလွန်ဆွဲရလေတယ်။

ပိုင်လန်ရဲ့ဇာတ်ကောင် ကာလရှည်ကြာသူလျှို လော်ကျိုက်က ဒီတက်သစ်စရဲတပ်သားလေးရဲ့ ဘဝတိုးတက်ရာလမ်းကြောင်းကို ရှုပ်ထွေးပြီးဗြောင်းဆန်သွားစေတယ်။ လူသတ်မှုတစ်ခုက လော်ကျိုက်ကိုပြန်ပြီးပတ်သက်လာတဲ့အခါ ဒီရဲတပ်သားလေးဟာ အမှန်တရားနဲ့မိတ်ဆွေသူငယ်ချင်းကြား၊ တာဝန်နဲ့ကျေးဇူးကြားမှာ အတော်ကြီးရုန်းကန်ခဲ့ရပြီး နောင်တမရစေဖို့ ကြိုးစားဆုံးဖြတ်ခဲ့ရပါတယ်။

ဇာတ်လမ်းတွဲက ရှုပ်ထွေးမှုတွေ ကြိုးစားရုန်းကန်မှုတွေ အများကြီးပါပေမယ့် တစ်ချိန်တည်းမှာပဲ လူသားဆန်ပြီးအကောင်းမြင်တဲ့အချက်တွေလည်းပါတယ်။ ပိုင်လန်က ဇာတ်ညွှန်းကို အကြမ်းဖျင်းဖတ်ပြီးချိန်မှာ အသက်မွေးဝမ်းကျောင်းအလုပ်အတွက် ရဲဝန်ထမ်းလုပ်ဖို့မရွေးချယ်ခဲ့တာကိုတောင် နောင်တရချင်လာတယ်။

‘ရှုပ်ထွေးနေသောလမ်းမများ’ က မြူးကြွပြီးသွက်လက်တဲ့ဇာတ်ညွှန်းအပြင် အနောက်တိုင်းဇာတ်လမ်းတွေရဲ့ပုံစံကို အတုခိုးထားပြီး တစ်ချို့အပိုင်းတွေမှာ နာမည်ကြီး A-list သရုပ်ဆောင်တွေကို ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်စေတယ်။ အဓိကနောက်ခံဇာတ်လမ်းအပေါ်မှာ တစ်ခန်းရပ်ဇာတ်လမ်းတိုတွေနဲ့ ဖွဲ့စည်းထားပြီး ဇာတ်ရှိန်အတက်ဆုံးနောက်ဆုံးဇာတ်သိမ်းပိုင်းလည်းပါတယ်။ ဒါတွေက ဇာတ်လမ်းတွဲကို ပိုပြီးစိတ်လှုပ်ရှားဖွယ်ရာ စိတ်ဝင်စားဖွယ်ရာဖြစ်စေတာပေါ့။

နောက်ပြီး နာမည်ကြီးဧည့်သည်သရုပ်ဆောင်တွေအနေနဲ့ ပိုင်လန့်အရင်ဘဝမှာ ဘယ်တုန်းကမှတီဗွီရှိုးတွေမရိုက်ဖူးခဲ့တဲ့ ရုပ်ရှင်ဘုရင်ကြီးစုချွမ်လည်း ပါဝင်လာတယ်။

ဒါကို တိုက်ဆိုင်မှုလို့ပြောရမလား.. တမင်သက်သက်လို့ပြောရမလား.. ဒါမှမဟုတ် ဟုန်ယွိလုပ်ခိုင်းတာဖြစ်နိုင်မလား.. စုချွမ်သူ့ဖာသာသူဆုံးဖြတ်ချက်ချတာလား..

သရုပ်ဆောင်စာရင်းတွေ လက်ထဲရောက်လာချိန်မှာတော့ ပိုင်လန့်စိတ်တွေ ခဲဆွဲသလို လေးလံသွားခဲ့တယ်။ 

***

‘ရှုပ်ထွေးနေသောလမ်းမများ’ စတင်ရိုက်ကူးတဲ့တစ်ချိန်တည်းမှာပဲ ကံမကောင်းအကြောင်းမလှရှာတဲ့ ‘ဧကရာဇ်ဖန်း’ က အဆုံးသတ်ပြီးစီးသွားပြီဖြစ်ပါတယ်။

ဧကရာဇ်ဖန်းက ရိုက်ကူးနေစဉ်တစ်လျှောက်လုံး မုန်တိုင်းတွေနဲ့ပြည့်နေပေမယ့်လည်း ရုံတွေပေါ်ရောက်တာတဲ့အခါမှာတော့ ဝက်ဝက်ကွဲအားပေးမှုရရှိခဲ့တယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေရဲ့ကျော်ကြားမှုက ရုံပြိုင်ရုပ်ရှင်တွေကို နောက်ကောက်ချထားနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့် ကံမကောင်းတာက ဌာနဆိုင်ရာအသီးသီးရဲ့ဝင်ရောက်စွက်ဖက်မှုကြောင့် ရုပ်ရှင်က အများကြီးဖြတ်တောက်ပစ်ခဲ့ရပြီး ဇာတ်ကြောင်းက နည်းနည်းတော့မပြည့်မစုံဖြစ်သွားခဲ့တယ်။ စုချွမ်ရဲ့ကြိုးစားအားထုတ်မှုတွေလည်း အနည်းနဲ့အများတော့ထိခိုက်ခဲ့ပါတယ်။ ဝေဖန်သူအများစုကတော့ သူ့ရဲ့ရုပ်ရှင်ဘုရင်ကြီးဆိုတဲ့ဂုဏ်ပုဒ်ကို သက်ရောက်လာလိမ့်မယ်လို့ပြောခဲ့ကြတယ်။

ဒါကတကယ့်ကိုကံဆိုးခဲ့တာဖြစ်ပါတယ်။ ဘယ်အနုပညာရှင်ကများ သူတို့ရဲ့လက်ရာတွေကို ပြင်ပအဖွဲ့အစည်းတစ်ခုဆီက ရက်ရက်စက်စက်စွက်ဖက်တာကို ခံယူချင်မှာလဲ?

ဒါပေမယ့် ဘာတွေပဲဖြစ်နေပါစေ ‘ဧကရာဇ်ဖန်း’ ရဲ့ပွဲဦးထွက်ပရီမီယာကတော့ ခမ်းနားကြီးကျယ်ဆဲပါပဲ။

အဲဒိညမှာ စူပါစတားတွေနဲ့ဗွီအိုင်ပီတွေက နေရာအနှံမှာပြည့်နှက်နေခဲ့ပြီး ရုပ်ရှင်လောကရဲ့နှစ်ပတ်လည်အခမ်းအနားတစ်ခုလိုမျိုး ပြောစမှတ်တွင်ခဲ့တယ်။

ချိုးချန်လည်း ပွဲတက်ဖို့ဖိတ်ကြားစာတစ်ခုရတယ်။ ပိုင်လန်ရောပဲ။ ပိုင်လန်နဲ့စုချွမ်ကြားက အဖုအထစ်လေးတစ်ခုဖြစ်တဲ့ ‘စုချွမ်အသေးစားလေး’ ဆိုတဲ့ နာမည်ပြောင်ကို ပါပါရာဇီတွေ နောက်ထပ်သတင်းလုပ်ကြမှာစိုးတာကြောင့် ပိုင်လန်ဒီပွဲ တက်ကိုတက်ရောက်ရမယ်လို့ ဖန်းဟွာက အထူးသတိပေးလာတယ်။ 

ပိုင်လန် ပွဲတက်မယ်ဆိုတဲ့အခါ ချိုးချန်ကလည်း အလိုလျောက်ပဲ နောက်ကလိုက်ချင်နေပြီ။ ဒါပေမယ့် ချိုးရှောင်ဟိုင်က အိမ်မှာကျန်မနေခဲ့ချင်ဘူးဆိုပြီး ဝုန်းဒိုင်းထကြဲတယ်။

သုံးယောက်အတူသွားကြဖို့ ပိုင်လန့်အတွက် ဘာကိစ္စမှမရှိပါဘူး။ နောက်ပြီး အခုချိန်မှာ ကလေးတွေရဲ့လွတ်လပ်ခွင့်နဲ့ရပိုင်ခွင့်ကိုကာကွယ်ဖို့ ဥပဒေပြဌာန်းထားပြီဆိုပေမယ့်လည်း ချိုးရှောင်ဟိုင်လို ကလေးအတွက်တော့ ဒီလိုအခြေအနေမျိုးမှာ မျက်နှာပြလို့ကောင်းကျိုးမရှိဘူး။ ဒါကြောင့် ချိုးရှောင်ဟိုင်ကိုအဖော်ပြုပြီးတီဗွီကြည့်ပေးလိုက်ဖို့ ပိုင်လန်က ချိုးချန်ကို ဆွယ်တရားဟောလိုက်ရတယ်။ ဒါပေမယ့် ချိုးရှောင်ဟိုင်ကတော့ လုံးဝမကျေနပ်နိုင်သေးဘူး။ ရုပ်ရှင်ကြည့်ဖို့ အားပိုင်နဲ့အတူလိုက်မယ်ဆိုတာချည်းပဲ။ 

အဲဒိနေ့မှာ….

ပရီမီယာရှိုးပွဲညရဲ့တီဗွီစကရင်ပေါ်မှာ ပိုင်လန်က ပေါ်လာတယ်။ သူက မီးရောင်စုံတွေဆလိုက်ထိုးထားတဲ့ကြားထဲကနေ ပရိသတ်တွေလက်ဝှေ့ယမ်းပြရင်း အထဲကိုလျှောက်ဝင်လာပါတယ်။

တီဗွီစကရင်ရဲ့အပြင်ဘက်မှာတော့ ချိုးချန်က ချိုးရှောင်ဟိုင်ကိုချီထားရင်း ဒီနေ့သူ့သားဘာကြောင့် မြူးထူးခုန်ပေါက်နေသလဲ နားမလည်နိုင်ဖြစ်နေတယ်။ 

“ဖေဖေ.. အားပိုင်လာပြီ!” ချိုးရှောင်ဟိုင်ကအကျယ်ကြီးအော်ရင်း မျက်လုံးတွေကတဖြတ်ဖြတ်လက်နေတယ်။ 

“အင်း.. တွေ့တယ်လေ” ချိုးချန်က ရပ်သွားပြီးမှ ပြန်ပြောတယ် “ဘာလုပ်နေတာလဲ?”

ချိုးရှောင်ဟိုင်က တီဗွီထဲကို သည်းကြီးမဲကြီးလက်ဝှေ့ယမ်းပြနေတယ် “သားက အားပိုင်ကို လက်ပြနေတာ” 

ချိုးချန်က သူ့သားခေါင်းကိုဖွဖွပုတ်လိုက်တယ် “အားပိုင်မှ မမြင်ရတာကို”

“မြင်ရတယ်” ချိုးရှောင်ဟိုင်က ပြန်ခံငြင်းတယ် “အားပိုင်ကပြောတယ်.. သားလက်ပြတာမြင်ရင် တီဗွီပေါ်မှာ မျက်စိမှိတ်ပြပေးမယ်တဲ့၊ အဲ့တာက ပြန်လက်ပြတာနဲ့အတူတူပဲတဲ့” 

ချိုးချန်ရဲ့မျက်ခုံးတွေပင့်တက်သွားပါရော။ ဒီအချိန်မှာ တီဗွီထဲကပိုင်လန်ကတော့ ကင်မရာတွေကိုကြည့်ရင်း လှုပ်ရှားမှုသေးသေးလေးလုပ်လိုက်တယ်။ သူက ပြုံးပြီးမျက်စိမှိတ်ပြလိုက်တာ။ ဒါက အမှတ်တမဲ့ဖြစ်သွားသလိုပဲ၊ ဒါပေမယ့် မြင်လိုက်ရတဲ့ချိုးရှောင်ဟိုင်ကတော့ ချက်ချင်းပဲ ပျော်ရွှင်စွာ ကဆုန်ပေါက်ခုန်လိုက်ရင်း လက်တွေကို အသေအကျေဝှေ့ယမ်းနေပါတော့တယ်။

ရုတ်တရက်ကြီး သူတို့ကြားထဲကအကွာအဝေးက နီးကပ်သွားသလိုပဲ။

ပိုင်လန်ရဲ့တုန့်ပြန်မှုက အလိုလျောက်လား တမင်သက်သက်လား၊ ကလေးငယ်လေးတစ်ယောက်က ဘယ်ခွဲခြားနိုင်မှာလဲ။ 

ချိုးချန်ကပြုံးပြီး သူ့သားကိုပုတ်ပေးလိုက်ကာ တယ်လီဗေးရှင်းစကရင်ကို နောက်ထပ်ငေးကြည့်ပြန်တယ်။

ဒါပေမယ့် သူ့အပြုံးတွေကရုတ်တရက်ပဲ ပျောက်ကွယ်သွားတယ်။

အကြောင်းရင်းကတော့ ပိုင်လန် ပွဲထဲလျှောက်ဝင်သွားချိန် နောက်ဆုံးပြကွက်မှာ စုချွမ်နဲ့နောက်ထပ်အရပ်ရှည်ရှည်ခပ်တောင့်တောင့်လူတစ်ယောက်က သူ့ဆီကိုလျှောက်လာကြတာကို မြင်လိုက်ရလို့လေ။

ချိုးချန် ဒီလူကိုမှတ်မိတယ်။

……………………