(36) အရေးပေါ်အသက်ကယ်ဆေးဝါး
Viewers 48k

(36) အရေးပေါ်အသက်ကယ်ဆေးဝါး

ချိုးချန် ဒီလူကိုမှတ်မိတယ်။

သူက ဗွီရှင်းဆောက်လုပ်ရေးရဲ့ ဒုဥက္ကဌချီရှောင်သုန်းဖြစ်ပြီး အမွေဆက်ခံသူချီရှောင်ဟွာရဲ့ ညီငယ်လေးပါ။

ဒီညီအစ်ကိုနှစ်ယောက်က ပါဝါနဲ့အာဏာအတွက်တိုက်ခိုက်နေကြတဲ့ ချိုးမိသားစုညီအစ်ကိုတွေနဲ့တော့မတူဘူး။

ချီမိသားစုက လွန်ခဲ့တဲ့နှစ်တွေကတည်းက သတောတူခဲ့ကြတာ ပထမဇနီးရဲ့သားဖြစ်သူချီရှောင်ဟွာသာလျှင် လုပ်ငန်းစုကို အမွေဆက်ခံခွင့်ရရှိမှာဖြစ်တယ်။ ပထမဇနီးကွယ်လွန်ပြီးမှ မွေးဖွားလာတဲ့ချီရှောင်သုန်းကတော့ မိသားစုအမွေရဲ့ရာခိုင်နှုန်းအနည်းငယ်ကိုသာ ရရှိမှာပါ။ ပြောရရင်လည်း ပထမဇနီးရဲ့မိဘအသိုင်းအဝိုင်း ဝေ့မိသားစုအကူအညီရယူခဲ့ရတဲ့ ချီမျိုးနွယ်တွေက လွန်ခဲ့တဲ့နှစ်တွေကမှ စီးပွားရေးနယ်ပယ်ထဲထင်ရှားလာပြီး ကိုယ်ပိုင်အင်ပါယာတစ်ခုထူထောင်လာနိုင်ကြတာပါ။

ဒါကြောင့် ချီရှောင်သုန်းက ငယ်စဉ်ကတည်းက လွတ်လွတ်လပ်လပ်ကြီးပြင်းလာခဲ့ပြီး အာရုံလည်းသိပ်မစိုက်ခံရဘဲ ဖိအားတွေလည်းမရှိဘူး။

ဒါပေမယ့်လည်း သူ့မှာတော့ ရည်မှန်းချက်တွေရှိပုံရတယ်။ သူက နိုင်ငံခြားမှာ စာသွားသင်ခဲ့ပြီး ပြန်လာတဲ့အခါမှာလည်း အောက်ခြေကစပြီးအလုပ်ဝင်ခဲ့တာ အခုဆိုရင် ဒုဥက္ကဌတောင်ဖြစ်နေပြီ။ ဒါပေါ့.. အမေဖြစ်သူ နောက်ကွယ်ကကူညီတာလည်းပါတယ်။ ဒါပေမယ့် ချီရှောင်သုန်းဘယ်လောက်ပဲကြိုးစားကြိုးစား သူ့အစ်ကိုကြီးကို ကျော်ဖို့လုံးဝမဖြစ်နိုင်ဘူး။ ဒီအကြောင်းတွေကြောင့်ပဲ ချီမိသားစုက ဒီသားလေးကိုသနားပြီး သူ့ကိုယ်ရေးကိုယ်တာနေ့စဉ်ဘဝတွေမှာ ချုပ်ချယ်တားဆီးတာမျိုး မလုပ်ခဲ့ပါဘူး။

ချီရှောင်သုန်းမှာ လူပြောသူပြောများလှတဲ့နာမည်ဂုဏ်သတင်းတစ်ခုရှိတယ်။ သူက လူပြိန်းကြိုက်သတင်းစာတွေမှာ သူများအချစ်ဖြိုခွဲသူလို့ နာမည်ကြီးပါတယ်။

အကြောင်းရင်းတစ်ချို့ကြောင့်ပဲ ရုပ်ရည်ရောပိုက်ဆံပါရှိတဲ့ချီရှောင်သုန်းက သူများရည်းစားလိုက်ဆွယ်ရတာကြိုက်တယ်။ နောက်ပြီးတွေ့ကရာစုံတွဲတွေလည်း မဟုတ်ဘူး၊ မိသားစုစီးပွားရေး ဒါမှမဟုတ် ကော်ပိုရေးရှင်းကြီးတစ်ခုကိုအမွေဆက်ခံနိုင်တဲ့ စုံတွဲတွေမှဖြစ်တာ။ အစပိုင်းမှာတော့ ရည်ရွယ်ပြီးလုပ်နေတယ်လို့ ဘယ်သူမှမထင်ခဲ့ကြဘူး။ ဒါပေမယ့် နောက်ပိုင်းဆင်တူ သုံးလေးခါလောက်ဖြစ်ပြီးရော တိုက်ဆိုင်တာမျိုးမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ ထင်ခဲ့ကြတယ်။ ဒါကြောင့်ပဲ သူလည်းနာမည်ကြီးလာတယ်။

အခုချိန်မှာ ချိုးမိသားစုက အိမ်ခြံမြေလုပ်ငန်းထဲကို ဝင်လာနေပြီး ပရောဂျက်အချို့အတွက် ဗွီရှင်းဆောက်လုပ်ရေးနဲ့ ပြိုင်ခဲ့ရသေးတယ်။ ဒီလိုထူးခြားတဲ့နာမည်နာမ ရှိသူ ဒုဥက္ကဌကိုတော့ ချိုးချန် ဟိုးအရင်ကတည်းက စုံစမ်းပြီးသွားပြီ။

ချိုးချန်က ချိုးရှောင်ဟိုင်ကို ဘေးနားချလိုက်ပြီး စာကြည့်ခန်းထဲသွားကာ အံဆွဲထဲကအနက်ရောင်သေတ္တာလေးထုတ်ယူလာတယ်။ သူက နားကြပ်ကိုထုတ်လိုက်ပြီး တီဗွီကိုဆက်ကြည့်ပါတယ်။

စကရင်ပေါ်မှာက နောက်ထပ်စတားတစ်ယောက် ရောက်ရှိလာတာကိုပြနေတယ်။ ဆိုဖာပေါ်ကုပ်နေတဲ့ချိုးရှောင်ဟိုင်က တီဗွီမြင်ကွင်းထဲ သူ့အားပိုင်ကိုကွယ်ထားတဲ့လူကို ဖယ်ပေးစေချင်တဲ့ပုံနဲ့ လက်တွေကို ဝှေ့ယမ်းနေပါတယ်။ ဒါပေမယ့် ဒါကတီဗွီကြီးလေ.. ဖြစ်မှမဖြစ်နိုင်တာ။ ဒီလိုမျိုး ချိုးရှောင်ဟိုင်ရဲ့ ဖြူစင်လှတဲ့အမူအရာလေးတွေကိုမြင်ပြီး ချိုးချန်က သူ့သားခေါင်းလေးကို ပွတ်ပေးလိုက်ပါတယ်။ 

“… မိတ်ဆက်ပေးပါရစေ၊ ဒါက ဗွီရှင်းဆောက်လုပ်ရေးဒုဥက္ကဌချီရှောင်သုန်း၊ ပြီးတော့ သူ့ကိုတော့ မိတ်ဆက်ပေးဖို့လိုမယ်မထင်ဘူး၊ ချီရှောက်မှတ်မိမယ်လို့ထင်တယ်” ပတ်ဝန်းကျင်ရဲ့ဆူညံသံတွေကြားထဲမှာ စုချွမ်ရဲ့အသံက နားကြပ်ထဲကိုဝင်လာတယ်။ 

“ဟားဟား ဟုတ်တာပေါ့ဗျာ ကျွန်တော်က မစ္စတာပိုင်ရဲ့ပရိသတ်ပါ” ထပ်ကြားရတဲ့အသံကတော့ ရည်မွန်ပြီးပွင့်လင်းလှတယ် “ကျွန်တော်က ချီရှောင်သုန်းလို့ခေါ်ပါတယ်၊ တွေ့ရတာဝမ်းသာပါတယ် မစ္စတာပိုင်၊ တွေ့ဖူးချင်နေတာ ကြာပါပြီ” 

“တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ၊ မစ္စတာချီက အားနာနေပြန်ပါပြီ” ပိုင်လန်ရဲ့အသံက အလွန်တရာယဉ်ကျေးတယ်။ 

“ကျွန်တော်က အားနာလို့လူမှုရေးအရလျှောက်ပြောနေတာ မဟုတ်ပါဘူး” ချီရှောင်သုန်းရဲ့အသံက ပေါ့ပေါ့ပါးပါးရှိလှတယ် “ရွှေနှင့်ကျောက်စိမ်းတို့အလွန်ရဲ့လီချွမ်ချင်ကို အခုလိုတွေ့ရတာ ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းတွေကို အမြင်ကျယ်သွားစေတယ်ဗျာ၊ ဒီလိုမျိုး ချောမောပြီးခန့်ညားနေတာ ကျွန်တော်တို့တောင် မယှဉ်နိုင်ဘူး၊ ချွေးတွေဘာတွေတောင်ပျံသွားတာပဲ၊ မစ္စတာပိုင်ကိုပဲကြည့်ပြီး သင်ယူနေရတယ်” 

“ချီရှောက်သင်ယူနေရတာလေးတွေ လင်းစမ်းပါဦး” စုချွမ်က ရယ်မောရင်းဝင်နှောက်တယ်။ 

“ဘယ်လိုတောင်ပြောလိုက်ပါလိမ့်? အခု ကိုယ်က ကျက်သရေရှိပြီးခန့်ညားတဲ့ပုံဖမ်းနေရတာလေ၊ ဘာမှမထူးခြားဘူးလား” 

“ကျားသစ်တစ်ကောင်က သူ့အစက်အပျောက်တွေဖျောက်လို့ရတယ်ပေါ့” စုချွမ်က နောက်နေတယ်။ 

“အမလေးဗျာ မျက်နှာသာလေးဘာလေးပေးပါဦး၊ ဒီမှာမိတ်ဆွေဖွဲ့နေတယ်လေ” ချီရှောင်သုန်းက ပြန်လည်ချေပပါတယ်။ 

ပိုင်လန်ကတော့ အနည်းငယ်ရယ်မောရင်း အလိုက်သင့်လေးပြန်ပြောပေးလိုက်တယ် “ကျွန်တော်က ရုပ်ရှင်ထဲသရုပ်ဆောင်ရတာပါ၊ မစ္စတာချီနဲ့ယှဉ်လို့ဘယ်ရပါ့မလဲ”

“သူစိမ်းမဆန်ပါနဲ့ဗျာ၊ ကျွန်တော့်ကို စုချွမ်ခေါ်သလိုမျိုး ချီရှောက်လို့ခေါ်လို့ရပါတယ်” 

ချီရှောင်သုန်းရဲ့အသံက အလွန်တရာရင်းနီးဖော်ရွေတဲ့အသံမျိုးဖြစ်နေတယ် “တကယ့်ကိုတိုက်ဆိုင်လွန်းတယ်၊ ပြီးခဲ့တဲ့နှစ်ရက်လောက်ကပဲ ကျွန်တော်နဲ့စုချွမ် မစ္စတာပိုင်အကြောင်းစကားစပ်မိသေးတယ်၊ ဒီနေ့ တွေ့ဖို့အခွင့်အရေးရလိမ့်မယ်လို့ မထင်ထားဘူး၊ ကျွန်တော်တို့တွေ ရေစက်ရှိတယ်နဲ့တူတယ်၊ တကယ်လို့ မစ္စတာပိုင်အားတယ်ဆိုရင် တစ်ရက်ရက်လောက် ကျွန်တော်က လိုက်ကျွေးချင်ပါတယ်၊ သူငယ်ချင်းတွေလည်းခေါ်ပြီး တွေ့ဆုံပွဲလိုမျိုးလုပ်ကြရင်မကောင်းဘူးလား”

တီဗွီရှေ့မှာထိုင်နေတဲ့ချိုးချန်ရဲ့မျက်လုံးတွေ မှေးကျဉ်းသွားလေရဲ့။

“ဟေး ခင်ဗျားလိုပရိသတ်တွေအကုန်လုံးက ထမင်းအတူစားပါရစေလို့တောင်းဆိုတိုင်း မစ္စတာပိုင်ကလိုက်လျောပေးနေရရင် သူ့မှာနားချိန်ရှိပါတော့မလား?” စုချွမ်က ဝင်နှောင့်တယ်။

“ဒါဆို အချိန်တွေလည်းမကုန်အောင်..” ချီရှောင်သုန်းက မရမကပြောပါတယ် “..သွားသောက်ကြရင်ရောဘယ်လိုလဲ? မစ္စတာပိုင်လည်း ဘီယာကြော်ငြာရိုက်ထားသေးတယ်မဟုတ်လား၊ အရမ်းကြည့်လို့ကောင်းတယ်၊ ကျွန်တော်တို့ ဒီကအပြန် သွားသောက်ကြရင်ရော?”

ပိုင်လန်က ပြန်ပြောဖို့ပါးစပ်ဟရုံပဲရှိသေးပါသေးတယ်၊ စုချွမ်က ဝင်ပြောတယ်။

“မဖြစ်နိုင်ဘူး၊ ခင်ဗျားကိုပြောပြရမှာတော့ အားနာတယ်၊ မစ္စတာပိုင်က အခုချိန်မှာ သွားသောက်ချင်တိုင်းသွားသောက်လို့ရတာ မဟုတ်ဘူး၊ တစ်ယောက်ယောက်က စိတ်ဆိုးလိမ့်မယ်” 

“သြော်?” ချီရှောင်သုန်းရဲ့အံ့သြတကြီးလေသံက အစောတုန်းကနဲ့မတူတော့ဘူး။ 

ဒီနေရာမှာ ဘာတွေဆက်ပြောကြသလဲ ချိုးချန်က အာရုံစူးစိုက်ပြီးနားထောင်နေတယ်။ ဒါပေမယ့် ဘေးနားက ချိုးရှောင်ဟိုင်က သူ့ရင်ဘတ်ပေါ် ရုတ်တရက်ခုန်တက်ရင်း နားကနားကြပ်ကိုဆွဲဖြုတ်လိုက်တယ်။ သူပြန်တပ်လိုက်တဲ့အချိန်မှာတော့ စကားပြောခန်းကပြီးသွားပြီ။ ဆူညံသံနဲ့ လေသံကလွဲပြီး ဘာမှထပ်မကြားရတော့ဘူး။

ချိုးချန်က ဒေါသထွက်သွားလေရဲ့။ ဒါပေမယ့် မျောက်လောင်းလေးချိုးရှောင်ဟိုင်ကတော့ သူ့ရင်ဘတ်ပေါ်မှာ တက်ထိုင်ရင်း ပွစိပွစိလုပ်နေတယ် “အားပိုင်ကို မတွေ့တော့ဘူး”

စိတ်အလိုမကျဖြစ်နေတဲ့ ကလေးလေးက အရမ်းချစ်ဖို့ကောင်းနေတယ်။ ချိုးချန်က သူ့သားရဲ့စူပွပွနှုတ်ခမ်းလေးကို ဆတ်ခနဲတောက်လိုက်တယ် “ဒါဆို ဒို့တွေအပြင်ထွက်ပြီး အားပိုင်ကိုသွားကြိုကြရင်ရော” 

“တကယ်လား?” ချိုးရှောင်ဟိုင်ရဲ့မျက်ဝန်းလေးတွေ တောက်ပသွားတာပဲ။ 

ချိုးချန်က ပိုင်လန်မှာခဲ့တဲ့အရာတွေ စဉ်းစားမိသွားပြီး သူ့သားကိုမေးလိုက်ရတယ် “အိမ်စာလုပ်ပြီးပြီလား?”

သူခိုးလူမိသွားသလိုမျိုး ချိုးရှောင်ဟိုင်ရဲ့ပခုံးက ကျုံ့ဝင်သွားတယ် “လုပ်ရသေးဘူး”

“သွားယူလာခဲ့၊ မင်းအိမ်စာလုပ်ပြီးတာနဲ့ သွားကြမယ်” 

“အင်း!”

***

‘ရှုပ်ထွေးနေသောလမ်းမများ’က အသတ်အပုတ်အက်ရှင်ခန်းတွေနဲ့ချည်း ပြည့်နေတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။

ရဲတပ်သားသစ်လေး ချန်ဖုန်းကော်ပဲဖြစ်ဖြစ်၊ လျှို့ဝှက်ထောက်လှမ်းရေးသူလျှို လော်ကျိုက်ပဲဖြစ်ဖြစ် ဇာတ်ကောင်နှစ်ခုလုံးက လှုပ်လှုပ်ရှားရှားဖိုက်တင်တွေချည်းချနေရမှာ။

ဒါကြောင့် ရိုက်ကွင်းစီစဉ်သူတွေက ပရော်ဖက်ရှင်နယ်ကိုယ်ခံပညာရှင်တွေကို ငှားရမ်းပြီး သရုပ်ဆောင်တွေကို ထရိန်နင်ဆင်းစေခဲ့တယ်။ ရိုက်ကွင်းမစတင်မီကတည်းက လေ့ကျင့်ခန်းများများလုပ်ထားနိုင်မှလည်း နောက်ပိုင်း NG ဆင်းန်တွေနည်းနိုင်မှာ။ ဒါကလည်း အားကစားလုပ်သလိုမျိုး ထပ်ကာထပ်ကာလေ့ကျင့်နေမှ တော်ရုံကျမှာဖြစ်တယ်။ အတွေ့အကြုံမရှိတဲ့လူတစ်ယောက်နဲ့ လေ့ကျင့်ထားတဲ့လူတစ်ယောက် ရိုက်ကွင်းပေါ်ရောက်တာနဲ့ ကွဲပြားမှုက အသိသာကြီးဖြစ်နေမှာပါ။

သူလျှိုလော်ကျိုက်နေရာမှာ ပိုင်လန်ကသရုပ်ဆောင်ခဲ့ပြီး အမျိုးသားဇာတ်လိုက်နောက်တစ်ဦးဖြစ်တဲ့ ရဲသားသစ်ချန်ဖုန်းကော်နေရာမှာတော့ တက်ကြွဖော်ရွေလှတဲ့စရိုက်ရှိသူ စွင်းရှီပင်းက သရုပ်ဆောင်ပါတယ်။ သူက Flying Film and Television ကုမ်ပဏီရဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူ့ပုံရိပ်က သားနားပြီးသပ်ရပ်ခန့်ညားတဲ့လမ်းကြောင်းကိုလိုက်တယ်။ ဒါပေမယ့်လည်း သူ့ရဲ့အညိုရောင်အသားအရေနဲ့ကြွေသွားဖြူဖြူတွေကတော့ သူ့ကို နှစ်လိုဖွယ်ကောင်းပြီး တောက်ပတဲ့အသွင်အပြင်မျိုးရစေတယ်။ သူက သဘာဝကျတဲ့ဇာတ်ရုပ်တွေမှာသရုပ်ဆောင်တတ်ပြီး အလုပ်သမား၊လယ်သမားစတဲ့ ကာယလုပ်သားကာရိုက်တာမျိုးစုံမှာ ပါဝင်ခဲ့တယ်။ အတွေ့အကြုံများပြီး ပိုင်လန့်စီနီယာတစ်ဦးလည်းဖြစ်ပါတယ်။

ပိုင်လန်နဲ့စွင်းရှီပင်းတို့နှစ်ယောက်က ဇာတ်ရုပ်တွေကိုလက်ခံပြီးနောက်မှာ ချက်ချင်းပဲ ထရိန်နင်ဆင်းရတယ်။ ဒါပေမယ့် အချိန်တွေက မတူကြတော့ ဆရာတစ်ယောက်စီနဲ့ သပ်သပ်စီလေ့ကျင့်ခဲ့ကြပါတယ်။

ဒီလိုထရိန်နင်မျိုးက ပိုင်လန့်အတွက်တော့ ပထမဦးဆုံးပဲ။ သူ့ဘဝမှာ ကိုယ်ခံပညာနဲ့ပက်သတ်ပြီး တစ်ခါမှရုပ်ရှင်မရိုက်ကူးခဲ့ဖူးဘူး။ 

‘ရှုပ်ထွေးနေသောလမ်းမများ’မှာ လော်ကျိုက်လိုဂန်းစတားနေရာအတွက် ပိုင်လန့်ကိုသရုပ်ဆောင်စေတာက လော်ကျိုက်က ချောမောကြည့်ကောင်းတဲ့ အပေအတေတစ်ယောက်ဖြစ်တာကြောင့်ဖြစ်တယ်။ ဇာတ်လမ်းထဲမှာ လော်ကျိုက်က ချမ်းသာတဲ့သခင်လေးယောင်ဆောင်ပြီး သီးသန့်ကလပ်တွေထဲခိုးဝင်တဲ့အခန်းတွေပါတယ်။ ဒါကြောင့် ပိုင်လန့်ဆီဇာတ်ညွန်းရောက်လာတာ ထူးဆန်းတဲ့အရာတော့မဟုတ်ဘူး။ 

နောက်ပြီး ဒါက ပိုင်လန်ရဲ့သရုပ်ဆောင်စွမ်းရည်ကို စမ်းသပ်နိုင်မယ့်အခွင့်အရေးတစ်ခုလည်းဖြစ်ပြန်တယ်။ သူရဲ့ချောမောလှပတဲ့မျက်နှာလေးကနေ ရုန့်ရင်းကြမ်းတမ်းတဲ့လမ်းဘေးစရိုက်တွေကို မြင်သာအောင်ဖော်ပြရမှာဖြစ်ပြီး သရုပ်ဆောင်တာမှန်းသိပ်သိသာလွန်းသွားရင်လည်း ပရိသတ်တွေရဲ့အားမလိုအားမရချီးကျူးထောပနာဆဲဆိုသံတွေကို အပြည့်အဝခံစားရမှာ။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ပိုင်လန်ကတော့ ဇာတ်ကားမရိုက်ကူးခင် ကြမ်းတမ်းခက်ခဲလှတဲ့ထရိန်နင်တွေကို အရင်ဆုံးဖြတ်ကျော်ရမှာဖြစ်တယ်။

သင်တန်းမှာ ပိုင်လန့်ကိုသင်ပေးရတဲ့နည်းပြဆရာက စစ်တပ်အငြိမ်းစားအရာရှိတစ်ယောက်ပါ။

နည်းပြရဲ့ကိုယ်အမူအရာနဲ့ပါးစပ်တစ်ပေါက်ကတော့ အတော်လေးမယဉ်ကျေးလှဘူး။ သူက ကြမ်းတမ်းခက်ထန်ပြီး တစ်ဖက်သားကိုလည်း ဘာကောင်ကြီးဖြစ်နေပါစေ ဂရုမစိုက်ဘူး။ နည်းနည်းလေးမှားတာနဲ့ ချက်ချင်းဆူပူဆဲဆိုနေတော့တာပဲ။ ပထမနှစ်ရက်သုံးရက်လောက်တော့ ပိုင်လန်က အတော်လေးစိတ်ဆင်းရဲခဲ့ရတယ်။ နောက်ပြီး တင်းကျပ်တဲ့ထရိန်နင်တွေကြောင့်လည်း ခြေရောလက်ရော မသယ်နိုင်တော့ဘူး။ မောပန်းလွန်းတာကြောင့် အိမ်ပြန်ရောက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားရရှာတယ်။

ဒါပေါ့ … လေ့ကျင့်နေတုန်း ကြားဖြတ်အနားယူမှရမယ်လို့ ပိုင်လန်က အရေးဆိုပါသေးတယ်။ ဒါကြောင့်လည်း နည်းပြဆရာနဲ့ အငြင်းပွားရတယ်။ သဘောပြောရရင် အမိန့်ပေးနိုင်တဲ့အရာရှိတစ်ယောက်က သူ့စစ်သားတွေကို ဘယ်တော့မှအနားယူစေမှာမဟုတ်ဘူးလေ။ နည်းပြဆရာကတော့ ပိုင်လန်တောင်းဆိုတိုင်းမှာ အသုံးမကျဘူးချည်း၊ သွေးနားထင်ရောက်နေတယ်ချည်း၊ မင်းကိုမင်း ဘာကောင်မှတ်နေလဲချည်း ဆဲဆိုနေတာပဲ။ နည်းပြဆရာက ရိုင်းစိုင်းလွန်းလို့ အကောင်းမြင်ပေးတတ်တဲ့ပိုင်လန်တောင် တစ်ချက်တစ်ချက်ပြန်ဆဲချင်လာတယ်။

ထရိန်နင်ရဲ့ပထမအပတ်ကတော့ အခြေခံအချက်လေးတွေပဲ။ ဒါပေမယ့် ဒုတိယအပတ်ရောက်လာတော့ ခြေလက်တွေကိုအသုံးပြုပြီးတိုက်ခိုက်ရတာ ပါလာပြီ။ ဒီအချိန်လည်းရောက်ရော ပိုင်လန်က ရိုက်ခံရတာဆိုတာ တစ်ကိုယ်လုံးရော မျက်နှာပါမချန် အညိုအမည်းစွဲရတယ်။ ဒီအခါမှာ ပိုင်လန်ကတွေးမိတယ်။ ဒီအရာရှိဟောင်းကြီးများ ငါနဲ့ရန်ငြိုးရှိသလားလို့ပေါ့။ ဒါမှမဟုတ် သူ့ရန်သူတွေကများ လူလွှတ်ပြီးရိုက်ခိုင်းနေသလားတောင် ထင်နေမိပြီ။ 

ဒါပေမယ့် သံသယတွေဘေးချိတ်ပြီး ဝန်ခံရရင်လည်း ထရိန်နင်ရဲ့အကျိုးဆက်က အတော်လေးကောင်းတယ်။ သူ့ကိုယ်ခန္ဓာက သွက်သွက်လက်လက်ဖြစ်လာပြီး လွန်ခဲ့တဲ့နှစ်ပတ်တုန်းကနဲ့မတူ ပိုပြီးတိုက်ခိုက်နိုင်လာတယ်။ ကြားထဲမှာနားချိန်ရနေသရွေ့ ပိုင်လန်ကတော့ ကြီးကြီးကျယ်ကျယ်ပြဿနာရှာမနေတော့ပါဘူး။ နောက်ပြီး နည်းပြရဲ့ အသုံးမကျဘူးဆိုတဲ့စကားသံကိုလည်း မကြားလိုဘူး။ 

ဒါကြောင့် ပိုင်လန်က မငြီးမငြူတစ်ခွန်းမှမဟပေမယ့် ချိုးချန်ကတော့ နောက်ထပ်ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး။

သူက လွန်ခဲ့တဲ့နှစ်ပတ်လုံးညတိုင်းညတိုင်း ပိုင်လန့်ကို ဆေးကူလိမ်းပေးနေရတယ်။ ဇာတ်ရုပ်အတွက် မတတ်နိုင်ပါဘူးလို့ပြောပေမယ့်လည်း ချိုးချန်ကတော့ အလွန်တရာစိတ်ဆိုးနေပြီ။ နောက်ပြီး ချောင်းနားထောင်တာမျိုးလည်း လုပ်လို့မရတော့ဘူး။ စိန်နာရီဆိုတာမျိုးက ဘယ်လိုထရိန်နင်ပဲဖြစ်ဖြစ် ချွတ်ထားသင့်တဲ့ပစ္စည်းစာရင်းမှာ ရှေ့ဆုံးကပါတယ်လေ။ ဟုန်ဟုန်ကိုလည်း နည်းပြဆရာက ပထမနေ့ကတည်းက လေ့ကျင့်နေတုန်းတွေ့ရာလူဝင်မလာရဘူးလို့ ငေါက်ထုတ်လိုက်တာကြောင့် အပြင်မှာပဲစောင့်နေရတယ်။

ဒါပေမယ့် ဘာတွေပဲလုပ်ပါစေ နည်းပြဆရာက ချိုးချန်ကိုတော့ တားနိုင်စွမ်းမရှိဘူး။ တစ်နေ့မှာတော့ ချိုးချန်က ပိုင်လန်ရဲ့လေ့ကျင့်ရာဆီ ရုတ်တရက်ပဲဝင်လာခဲ့တယ်။ သူ့တစ်ကိုယ်လုံးက ဒေါသမီးတွေဟုန်းဟုန်းတောက်နေပြီး အထဲကိုဝင်လာတဲ့အချိန်မှာ တံခါးစောင့်တဲ့တပည့်လေးက ကြောက်လွန်းလို့ တားဆီးနိုင်စွမ်းတောင်မရှိဘူး။

ဒါကြောင့် အထဲကိုရုတ်ချည်းဝင်လာတဲ့အခါ သူ့ပိုင်လန်လေး အော်ခံရပြီးအရိုက်ခံနေရတဲ့မြင်ကွင်းကို လက်ပူးလက်ကျပ်မြင်မိသွားတယ်။ ပိုင်လန်က အခု ထိုးချက်တွေကိုကာကွယ်တဲ့လေ့ကျင့်ခန်းလုပ်နေတာ။ ချိုးချန်က ချက်ချင်းပဲ ကုတ်အင်္ကျီကိုချွတ်ရင်း ပြောလိုက်လေရဲ့ “အတော်ပဲ၊ ခင်ဗျားက လူတွေကိုအော်ရတာကြိုက်တယ်ထင်တယ်၊ ကျုပ်ကိုလာအော်ပါလား၊ နေရာချင်းလဲမယ်!”

နည်းပြဆရာအိုကြီးက သူ့သင်တန်းကို တစ်စုံတစ်ယောက်လာနှောင့်ယှက်တာမြင်ပြီး ဒေါသထွက်သွားတယ် “ဘယ်က ကလေကချေကောင် ဘာလိုချင်လို့ ဝင်လာတာလဲ?”

“ခင်ဗျားစကားအတိုင်းပဲ၊ ခင်ဗျားကို အမေတ’ ရတဲ့အထိ အသေရိုက်ဖို့ ကျုပ်ရောက်လာတာ!” ချိုးချန်က လှောင်ပြုံးပြုံးရင်း လက်သီးတစ်ချက်ကို ချက်ချင်းပစ်သွင်းလိုက်တယ်။ 

ကြောက်လန့်တကြားအော်သံတွေနဲ့ ထိုးနှက်ချက်တွေက အားကစားရုံထဲ ပျံ့လွင့်လာတယ်။ ဒါပေါ့ ချိုးချန်ဆီကတော့ မဟုတ်ပါဘူး။

ပိုင်လန်ကလည်း သူ့ကိုမတားဘူး။ 

သူက အဆမတန်ခုန်နေတဲ့ နှလုံးခုန်နှုန်းတွေကိုငြိမ်သက်အောင်ထားနေရတယ်။ နောက်ပြီးသူ့မျက်နှာအရောင်ကလည်း သိပ်မကောင်းဘူး။ အခုလေးတင် သူက နည်းပြကိုရပ်ခိုင်းနေပေမယ့် မကြားချင်ယောင်ဆောင်ပြီးဆက်ရိုက်နေတာကြောင့် ပိုင်လန်လည်း အသေအကြေကာကွယ်နေရတာ။ လေ့ကျင့်ခန်းတစ်ခုလုံးမှာ ပိုင်လန့်အင်အားတွေယုတ်လျော့လာနေပြီး တစ်ချိန်လုံး နောက်ကိုဆုတ်ချည်းပဲဆုတ်နေရတယ်။ ပိုင်လန်က ပထမဦးဆုံးအကြိမ်အဖြစ် ကြောက်မက်ဖွယ်အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရတာ။

ဒါကြောင့် အခုချိန်မှာတော့ ခက်ခက်ခဲခဲအနားယူရင်း အကြောင်းရင်းကို အပြင်းအထန်တွေးတောနေရပြီ။ 

ပထမဦးဆုံးအနေနဲ့ ‘ရှုပ်ထွေးနေသာလမ်းမများ’ဇာတ်လမ်းတွဲပိုင်ရှင်က ကြီးမားတဲ့ထုတ်လုပ်ရေးကုမ်ပဏီကြီးတစ်ခုဖြစ်တဲ့ “Full Color Film and Television” ဖြစ်တယ်။ ဒါက ဟုန်ယွိနဲ့ဘာမှမဆိုင်ဘူး။ ဟုန်ယွိရဲ့အနေအထားနဲ့ ဝင်ရောက်စွက်ဖက်လို့ရစေဦးတော့ အရင်က အကူအညီပေးပြီး အခုမှတော့ မနှောင့်ယှက်လောက်ဘူး။ ဒါကြောင့် ဟုန်ယွိမဖြစ်နိုင်ဘူး။ 

ဒါဆိုနောက်တစ်ယောက်ဖြစ်တဲ့ သူ့အပေါ်မှာ ခန်းကျန့်နဲ့ပတ်သက်ပြီး အစာမကျေဖြစ်နေတဲ့လိရှား။ ဒါပေမယ့် သူမတို့ ဟာမိုနီအင်တာတိန်းမိန့်က Full Color ရဲ့အကြီးမားဆုံးပြိုင်ဘက်ဖြစ်တာကြောင့် လိရှားအနေနဲ့ ဒီထုတ်လုပ်ရေးမှာ ဝင်ရောက်နှောင့်ယှက်လို့ မရလောက်ဘူး။ 

ဒါကြောင့် ဒီလူတွေကိုဖယ်လိုက်တဲ့အခါ သူနဲ့မတည့်တာဆိုလို့ စုချွမ်တစ်ယောက်ပဲကျန်တယ်။ စုချွမ်က သူ့ဆီ တောင်းပန်စကားတစ်ဆင့်ပါးလိုက်ပေမယ့်လည်း မွေးနေ့ပွဲက သူ့အပြုအမူတွေက တမင်သက်သက်လုပ်တာမှန်း ပိုင်လန်သိတယ်။

ဒါပေမယ့် စုချွမ်က သူ့ကို လူလွှတ်ပြီးရိုက်ခိုင်းတာ ဘာအဓိပ္ပါယ်ဖြစ်နိုင်လဲ။ သူက အရိုက်ခံရလို့ သရုပ်ဆောင်လောကကို စွန့်လွှတ်မယ်လို့ ထင်နေတာလား။ ဒါမှမဟုတ် သူက အပျင်းကြီးပြီး ပရော်ဖက်ရှင်နယ်မဆန်ဘူးလို့ နည်းပြကိုကောလဟလလွှင့်စေချင်တာလား။ ဒီလိုဦးနှောက်ရှိပုံမရတဲ့ တိုက်ခိုက်နည်းလမ်းတွေက စုချွမ်စတိုင်မဟုတ်မှန်းလည်း ပိုင်လန်သိပါတယ်။ 

ဒါမှမဟုတ်ရင်ရော… ပိုင်လန်က အတွေးတွေကို ထပ်ဖြန့်လိုက်ပြီး နောက်ဆုံးတစ်ယောက်ကို စဉ်းစားမိသွားပြန်တယ်။ သူက ‘ဧကရာဇ်ဖန်း’ပရီမီယာပွဲမှာ တွေ့ခဲ့တဲ့ ချီသခင်လေးပေါ့။ သူက နောက်ပိုင်းလည်း ပိုင်လန့်ကိုအကြောင်းမရှိအကြောင်းရှာ ဖုန်းဆက်နေသေးတာ။ 

ပိုင်လန်က အကြာကြီးစဉ်းစားနေပြီး သဲလွန်စတစ်ခုတစ်လေတောင်မှ မထွက်လာဘူး။ ထားလိုက်တော့… အခုချိန်မှာ အရေးကြီးဆုံးက အလွန်တရာဒေါသချောင်းချောင်းထွက်နေတဲ့မျက်နှာပေးနဲ့ သူ့ရှေ့က ချိုးချန်ကို အရင်ဖြေရှင်းရမှာ။

အသေရိုက်ခံလိုက်ရတဲ့နည်းပြကတော့ ကြမ်းပြင်ပေါ်မှာလူးလိမ့်ပြီးတောင်းပန်နေရတယ်။ ချိုးချန်က ထိုင်ပြီးအမောဖြေနေတဲ့ပိုင်လန့်အရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်ရင်း ဒေါသအပြည့်နဲ့မေးလိုက်တယ် “ဘာလို့ ဘာမှမပြောတာလဲ?”

“ထရိန်နင်ဆင်းတာ ဒီလိုပဲဖြစ်မှာ မဟုတ်ဘူးလား?” ပိုင်လန့်အသံက တွန့်ဆုတ်တွန့်ဆုတ်ထွက်လာတယ်။ 

ချိုးချန်က မျက်မှောင်ကြုံ့တယ် “နောက်တစ်ကြိမ် ထပ်မေးမယ်၊ ဘာလို့ ဘာမှမပြောတာလဲ?”

ပိုင်လန်က တစ်စက္ကန့်လောက်ရပ်သွားပြီးမှ ဝန်ခံတယ် “ဖြစ်တဲ့အကြောင်းရင်းကို မသိသေးလို့ မပြောချင်သေးတာပါ” 

“မင်းက စောက်ရူးလား! ပြောပြရင် ငါအကုန်လုံးစုံစမ်းပေးမှာပေါ့!!” ချိုးချန်က နောက်တစ်ကြိမ် လက်သီးတွေယားလာသလိုပဲ၊ ဒါပေမယ့် သူ့ရှေ့ကလူကိုတော့ ဒေါသထွက်ထွက်နဲ့ ထရိုက်ရလောက်အောင် အသည်းမမာသေးပါဘူး။ 

“ဇာတ်လမ်းက စတောင်မရိုက်ရသေးဘူး၊ ပြဿနာဖြစ်လို့ မကောင်းဘူးလေ?” ပိုင်လန်က မျက်နှာငယ်လေးနဲ့ပြုံးပြတယ် “ကျွန်တော်ပင်ပန်းနေပြီ၊ အိမ်ပြန်ရအောင်နော်” 

ချိုးချန်က ပုတ်သိုးနေတဲ့မျက်နှာကြီးကို ဆင်ယင်ထားတုန်းပဲ။ သူက ပိုင်လန်ထဖို့ ကူညီပေးလိုက်တယ် “မင်း ပြဿနာလုပ်စရာမလိုဘူး၊ ငါလုပ်မှာပေါ့၊ ကြောက်စရာဘာရှိလဲ?”

ပိုင်လန်က အပြစ်ရှိတဲ့အမူအရာနဲ့ ချိုးချန်လက်မောင်းကြား တိုးဝှေ့ဝင်လိုက်တယ် “ဒီနေ့ ညကျရင် တစ်ခါ.. တစ်ခါလုပ်ပေးမယ်လေ၊ စိတ်မဆိုးနဲ့တော့နော်” {T/N: ဘာတစ်ခါလဲဆိုတာတော့ ကိုယ့်ဖာသာကိုယ်အတွေးဖြန့်ကျက်နိုင်ပါသည် ^_^}

ချိုးချန်က စိတ်ဆိုးတာဆိုတာ သွားတွေတောင်ယားလာသလိုပဲ။

***

ဒါပေမယ့် နောက်ရက်အနည်းငယ်အကြာမှာ ချိုးချန်ကို ပိုလို့တောင်ဒေါသပုန်ထစေမယ့်အရာတစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။

အဲဒိနေ့က ရုန်ကျန်းရဲ့ခြောက်နှစ်ပြည့်မွေးနေ့ပါတီ။ မွေးနေ့ကို ရုန်မိသားစုတွေချည်းပဲစုပြီးကျင်းပကြတာ။  ဒီတစ်ကြိမ်မှာတော့ ရုန်ကျန်းက ချိုးရှောင်ဟိုင်ကိုပါ ဖိတ်ချင်တယ်လို့တောင်းဆိုလာတယ်။ ရုန်အိုက်လည်း သူ့မွေးနေ့တုန်းကအကြောင်းအရာတွေကို ပြန်စဉ်းစားမိပြီး ချိုးချန်တို့မိသားစုသုံးယောက်လုံးကို ပါတီလာဖို့ဖိတ်လိုက်တယ်။ 

ဒါပေမယ့် ဘယ်သူမှ မထင်မှတ်ထားခဲ့မိဘူး။ မွေးနေ့ကိတ်ခွဲပြီးသိပ်မကြာဘူး၊ ရုန်အိုက်က ရုတ်တရက်မွန်းကျပ်ပြီး ရင်ဘတ်ထဲစူးအောင့်လာတယ်။ တစ်ကိုယ်လုံးက အခြေအနေမကောင်းတော့ဘူး။ ခက်ခက်ခဲခဲအသက်ရှုနေရပြီး တစ်ကိုယ်လုံးချွေးတွေပြည့်လာတာက နှလုံးရောဂါဖောက်သလိုမျိုး ရောဂါလက္ခဏာဖြစ်လာတယ်။ ဒါပေမယ့် ရုန်အိုက်မှာ နှလုံးရောဂါမှတ်တမ်းမရှိတာကြောင့် အဲဒိအတွက်အရေးပေါ်ဆေးဝါးလည်း မရှိဘူး။ ရုန်မိသားစုတစ်ခုလုံးလည်း ကြောက်လန့်တကြားနဲ့အပြေးအလွှားဖြစ်ကုန်ကြတယ်။

သူတို့က ချက်ချင်းပဲ အရေးပေါ်ကားခေါ်တယ်။ ဒါပေမယ့် မြို့စွန်ပိုင်းမှာရှိတဲ့ ရုန်မိသားစုဗီလာကတော့ မြို့ထဲနဲ့ နာရီဝက်ခရီးအကွာအဝေးရှိပါတယ်။ အရေးပေါ်ကားဖြစ်တဲ့အတွက် ၁၀-၁၅ မိနစ်နဲ့ ရောက်လာစေဦး အခုချိန်မှာ ရုန်အိုက်ရဲ့မျက်နှာက တဖြည်းဖြည်းနဲ့ဖြူဖျော့လာပြီး အသက်ရှုနှုန်းကလည်း လျော့ကျလာပြီ။ 

ရုန်စစ်ချီရဲ့အစ်ကိုကြီးက မျက်စိမျက်နှာတွေပျက်ပြီး ဖုန်းပြောနေရတယ် “၃၄၀ မီလီဂရမ် အက်စပရင်? မရှိဘူး၊ ရှာပြီးပြီ၊ အိမ်မှာနည်းနည်းတောင်မရှိဘူး၊ ဆေးဆိုင်ကလည်းဝေးတယ်၊ အရေးပေါ်ကားလာတာကိုပဲ စောင့်ရမှာလား၊ တစ်ခြားလုပ်နိုင်တာများမရှိဘူးလား၊ ရင်ဘတ်ကိုဖိပေးရင်ရော?”

အကုန်လုံးက အရေးပေါ်ကားကိုပဲစောင့်နေကြပြီး မိသားစုဆရာဝန်နဲ့ဖုန်းပြောနေတဲ့ရုန်စစ်ချန်ကိုပဲ လိုက်ကြည့်နေကြတယ်။

သူက အားလုံးကြားနိုင်အောင် ဖုန်းစပီကာဖွင့်လိုက်တယ်။

“နှလုံးကိုဖိပေးတာက နောက်ဆုံးအချိန်မှ လုပ်ရမှာ၊ အခုအကြံပေးချင်တာက ခဏလေးသည်းခံပြီး အရေးပေါ်ကားလာတာစောင့်လိုက်ပါ” 

ဆရာဝန်ရဲ့စကားကိုကြားပြီး အားလုံးစိတ်ပျက်သွားကြလေရဲ့။ ဧည့်သည်ဖြစ်တဲ့ချိုးချန်နဲ့ပိုင်လန်ကတော့ ရုန်အိုက်ရောဂါစဖောက်ကတည်းက ဘေးနားမှာတိတ်တိတ်လေးရပ်နေကြပြီး ဘာမှဝင်မနှောင့်ယှက်ဘူး။

ချိုးရှောင်ဟိုင်လည်း ဖြူဖျော့နေတဲ့ရုန်ကျန်းကို လက်ဆွဲထားပြီး နှစ်သိမ့်ပေးနေဟန်ရှိပါတယ်။

ဒီလို အရေးတကြီးအခြေအနေမှာပဲ ပိုင်လန်က ရုတ်တရက်ရှေ့ထွက်ရပ်လိုက်တယ်။ သူက ဗူးအသေးလေးတစ်ခုကို ထုတ်ပေးတယ်။

“ကျွန်တော့်မှာ ၃၄၀ မီလီဂရမ်အက်စပရင်ရှိတယ်၊ ရော့ အကြီးအကဲရုန်ကိုမြန်မြန်ပေးလိုက်ပါ” 

ရုန်စစ်ချီက တစ်စုံတစ်ခုကိုရုတ်တရက်စဉ်းစားလိုက်မိတယ်ပြီးမှ အသိဝင်လာပြီး ချက်ချင်းပဲလှည့်ကြည့်တယ်။

ရုန်စစ်ချန်လည်း အံ့သြသွားတာပေါ့။ သူက သေချာသွားအောင်ထပ်မေးပါတယ်

“တကယ့်အက်စပရင်လား? မှားတော့မမှားပါဘူးနော်? ဘာလို့ဆောင်ထားတာလဲ?”

ပိုင်လန်က ဘေးမှာရပ်နေတဲ့ချိုးချန်ကို လှည့်တောင်မကြည့်ရဲဘူး။ အကူအညီမဲ့နေသလို အပြုံးလေးတစ်ပွင့်ပဲ ပြုံးပြနိုင်တယ်။

“ဘာလို့လဲဆိုတော့ ကျွန်တော့်မှာလဲ အဲ့လိုမျိုးဆင်တူ နှလုံးပြဿနာလေးရှိလို့ပါ” 

…………………….