(37) တောင်းပန်ပါတယ်
အဲ့ဒိညမှာ တက္ကသိုလ်ဆေးရုံဆီ လျှို့ဝှက်ခေါ်ဆောင်ခံသွားရသူ နှစ်ဦးရှိခဲ့တယ်။
လူမမာရုန်အိုက်အပြင် ပိုင်လန်လည်း ဆေးရုံကို အတင်းအကျပ်ခေါ်သွားခံရတယ်။ ဒါပေမယ့် သူက လူနာတင်ကားနဲ့သွားရတာ မဟုတ်ဘူး၊ ရာဇဝတ်သားခေါ်သွားသလို ချိုးချန်ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ခံရတာ။
ဟုန်ဟုန်မောင်းလာတဲ့ကားပေါ်မှာ ချိုးချန်က တစ်လျှောက်လုံး အုံ့မှိုင်းမှောင်မည်းနေတဲ့မျက်နှာထားနဲ့ထိုင်နေတယ်။ သူက ချိုးရှောင်ဟိုင်ကိုဆွဲထားပြီး ပိုင်လန့်ဘေးနားသွားခွင့်လည်း မပြုဘူး။
သူတို့တွေ ရုန်မိသားစုဗီလာကထွက်လာတဲ့နောက်ပိုင်းမှာလည်း ချိုးချန်က ပိုင်လန့်ကို တစ်ချက်လေးတောင်လှည့်မကြည့်ဘူး။ ဒါကြောင့် အလိုလျောက်ပဲ သူတို့တွေလည်း စကားတစ်ခွန်းမှမပြောမိကြဘူး။
ဒီအချိန်မှာ ချိုးချန်ရဲ့အသက်ရှုသံက ပြင်းနေပြီး လှုပ်ရှားမှုတွေက ကြမ်းတမ်းနေတယ်။ ဒါက ပေါက်ကွဲထွက်တော့မယ့်ဒေါသတွေကို ထိန်းချုပ်ထားနေရတယ်ဆိုတာ အသိသာကြီးပဲလေ။
ပတ်ဝန်းကျင်အခြေအနေကိုမြင်တဲ့ ချိုးရှောင်ဟိုင်ရဲ့ခေါင်းထဲမှာတော့ မေးခွန်းတွေနဲ့ပြည့်နှက်နေတယ်။ သူက အဖိုးနေမကောင်းလို့ မျက်လုံးနီနီနဲ့ငိုချင်စိတ်တွေပြည့်နေတဲ့အားကျန်းကို နှုတ်ဆက်ထားခဲ့ရတာ။ ဒါပေမယ့် ဒီဘက်လေးလှည့်လိုက်ရော သူ့အဖေရဲ့ကြောက်စရာကောင်းတဲ့အမူအရာကို ရုတ်တရက်ရင်ဆိုင်လိုက်ရတယ်။
ချိုးရှောင်ဟိုင်က လန့်သွားတာပေါ့။ သူ့အဖေမျက်နှာက သူ အိမ်ကထွက်ပြေးတုန်းကထက်တောင် ပိုကြောက်ဖို့ကောင်းနေသေးတယ်။ သူက အန္တရာယ်ခံစားပြီး ပိုင်လန့်ဘေးနားပြေးသွားဖို့ကြိုးစားပေမယ့် သူ့အဖေရဲ့ ခပ်ကြမ်းကြမ်းပြန်ဆောင့်ဆွဲတာကို ခံလိုက်ရတယ်။ ချိုးရှောင်ဟိုင်က အလွန်တရာကိုဝေခွဲမရဖြစ်သွားပါတယ်။ သူက ပိုင်လန့်နားကပ်ဖို့ သုံးလေးကြိမ်လောက်ကြိုးစားပေမယ့်လည်း ချိုးချန်က ချက်ချင်းပြန်ဆွဲထားပြီး အဆုံးမှာတော့ ပုခုံးပေါ်ထမ်းတင်ပြီး ကားထဲခေါ်သွားလေရဲ့။ ကလေးလေးက ပိုင်လန့်ကို သနားစရာကောင်းလှတဲ့မျက်ဝန်းလေးနဲ့ ခိုးကြည့်ပါတယ်။
ကားထဲဝင်ပြီးနောက်မှာလည်း တင်းမာနေတဲ့လေထုက ချိုးရှောင်ဟိုင်ကို ကြောင်ငယ်လေးတစ်ကောင်အကူအညီမဲ့နေသလို အသံသေးသေးလေးသာ ထွက်လာစေတယ်..
“အား ပိုင်….”
ပိုင်လန်က ကလေးလေးကို တောင်းပန်တဲ့အကြည့်လေးနဲ့ကြည့်လိုက်ရတယ်။ ဒါပေမယ့် ရုတ်တရက်ကြီး ချိုးချန်တစ်ယောက် သူ့အရှေ့က ကားထိုင်ခုံနောက်မှီကို ကန်ထည့်လိုက်မယ်လို့ သူ မထင်လိုက်မိဘူး။
“ဘုန်း!” အသံက အကျယ်ကြီးပဲ။
အဲဒိနောက်မှာတော့ ပလတ်စတစ်တစ်ခုခုခြေမွခံရလိုမျိုး ကွဲကြေသံကျယ်ကျယ် ကားထဲကထွက်လာတယ်။
ကံကောင်းတာက ချိုးချန်ကန်လိုက်တဲ့ခုံက ဟုန်ဟုန့်ဘေးနားက လူမပါတဲ့ခုံဖြစ်တာကြောင့် ကားမောင်းနေတာကိုတော့ အနှောင့်အယှက်မဖြစ်သွားဘူး။ ဒါပေမယ့်လည်း ချိုးရှောင်ဟိုင်ကိုတော့ အလန့်တကြားဖြစ်သွားစေတယ်။ ကလေးလေးက ချက်ချင်း ပါးစပ်ပိတ်သွားပြီး ပိုင်လန်တောင်မှ အနည်းငယ်တုန်သွားတယ်။
ချိုးချန်က ပိုင်လန်ရဲ့တုန်လှုပ်မှုတွေကို ခံစားမိပုံပေါ်တယ်။ သူက အလွန်တရာစိတ်ဆိုးနေတဲ့မျက်နှာနဲ့ ပိုင်လန့်ဘက်ကို တစ်ချက်လှည့်ကြည့်တယ်။ ထိတ်လန့်သွားတဲ့ ပိုင်လန်လည်း ချိုးချန်နဲ့မျက်လုံးချင်းဆုံမိတယ်၊ ဒါပေမယ့် ချက်ချင်းပဲ ချိုးချန်က မျက်နှာထားတင်းတင်းနဲ့ ဟိုဘက်ပြန်လှည့်သွားပါတယ်။
ခဏအကြာမှာတော့ ဟုန်ဟုန်မောင်းလာတဲ့ကားက တက္ကသိုလ်ဆေးရုံထဲဝင်လာပြီး ကားပါကင်မှာရပ်သွားတယ်။ အပြင်လူတွေသိမှာစိုးလို့ ရှောင်လီနဲ့ဆေးရုံဝန်ထမ်းအနည်းငယ်ပဲ အဲဒိနေရာမှာအသင့်စောင့်နေကြတာ။
ပိုင်လန်က ကားပေါ်ကဆင်းရုံပဲရှိသေးတယ်၊ သူ့ညာဘက်လက်ကောက်ဝတ်ကို ချိုးချန်ချက်ချင်းဖမ်းဆွဲတာ ခံလိုက်ရလို့ ကြောင်အအဖြစ်သွားတာပေါ့။ သူက ဘာလုပ်ရမယ်မှန်းတောင်မသိသေးဘူး၊ ချိုးချန်ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားတဲ့နောက် တရွတ်တိုက်ပါသွားပြီ။
ပြေးလိုက်နေရတဲ့ ပိုင်လန်က အနည်းငယ်လောက်ယိုင်သွားတယ်။ ဒါက ချိုးချန်ကို ပိုပြီးဒေါသထွက်စေတယ်။ ဒါပေမယ့် သူ့ခြေလှမ်းကျဲကြီးတွေကတော့ နှေးကျသွားပါတယ်။
ပိုင်လန် နောက်ဆုံးတော့နားလည်သွားပြီ။ သူ့နှလုံးရောဂါအပေါ် ချိုးချန်ရှုမြင်ပုံကိုလေ။ ချိုးချန်က ဒေါသတွေပေါက်ကွဲထွက်မိရင် ပိုင်လန်ရဲ့ကွဲကြေလွယ်တဲ့ ဖန်နှလုံးသားလေးကို ခြောက်လှန့်သလိုဖြစ်သွားမှာ စိုးရိမ်နေတာ။ ထိန်းမရသိမ်းမရ ဒေါသတွေထွက်နေတာတောင် သူ တစ်ခုခုဖြစ်သွားမှာစိုးလို့ ခက်ခက်ခဲခဲထိန်းချုပ်နေရတာ။
ပိုင်လန်က အားပေးရမှာလား၊ နှစ်သိမ့်ရမှာလား မသိတော့ဘူး။ အကူအညီမဲ့နေသလို ရယ်ဖို့ပဲ တတ်နိုင်တယ်။ သူက ချိုးချန်လက်ကလွတ်အောင် သူ့လက်ကိုပြန်ဆွဲလိုက်တယ်။ ဒါပေမယ့် အားသိပ်မသုံးလိုက်ရပါဘူး ချိုးချန်က အသာအယာပဲလွှတ်ပေးလိုက်တယ်။ သူထင်ထားသလိုပါပဲ ချိုးချန်က အတင်းအကျပ်မလုပ်ပါဘူး။
ပိုင်လန်က ချိုးချန်ရဲ့ အတင်းထိန်းချုပ်နေပုံရတဲ့အံ့တကြိတ်ကြိတ်မျက်နှာကို မြင်တဲ့အချိန်မှာ သူ့လက်ကိုပြန်ကမ်းပြီး ချိုးချန်လက်ကို ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြီးတော့ သာသာလေးဖိညှစ်ပေးလိုက်တယ်။ သဘောက ကျွန်တော်အဆင်ပြေပါတယ်ပေါ့။
ချိုးချန်ရဲ့ မျက်လုံးတွေကမှေးကျဉ်းလာပြီး နဖူးကြောကြီးကတွန့်လာတယ်။ ဒါက တစ်ခုခု ပြောပစ်လိုက်ချင်တာ၊ ဆွဲဆတ်လုပ်ပစ်ချင်နေတာကို ထိန်းချုပ်ဖို့ကြိုးစားနေရတာလေ။ သူက ပိုင်လန်ရဲ့လက်ကို တင်းကျပ်နေအောင် ကိုင်လိုက်တယ်။ သူတို့ရဲ့လက်ချောင်းဆယ်ချောင်းလုံးက ပူးယှက်နေတာပေါ့။ နောက်ပြီးမှာတော့ ချိုးချန်က မျက်နှာသေကြီးနဲ့ပဲ ရှောင်လိကို လမ်းပြဖို့ ညွှန်ကြားလိုက်တယ်။
ဒီအချိန်မှာ ချိုးရှောင်ဟိုင်တစ်ယောက်လည်း ကားထဲကထွက်မယ်ပြင်ကတည်းက အချီမခံဘဲ သူ့အဖေလက်ထဲက လွတ်အောင်ပြေးပြီးသား။ အခု သူက သူ့အဖေ အားပိုင်လက်ကိုဆွဲထားတာမြင်တော့ အထာနပ်စွာပဲ အားပိုင်ရဲ့အားနေတဲ့နောက်ထပ်လက်တစ်ဖက်ကို ပြေးဆွဲလိုက်တယ်။
ပိုင်လန်က နွေးထွေးမှုသေးသေးလေးကို ခံစားလိုက်ရတယ်။ သူက ခေါင်းငုံ့ပြီး ချိုးရှောင်ဟိုင်ကိုကြည့်တယ်။ ချိုးရှောင်ဟိုင်က တိတ်တိတ်နေ “ရှူး” ဆိုပြီးလုပ်ပြတယ်။ ပြီးနောက်မှာတော့ ကောင်ငယ်လေးက လူကြီးတွေရဲ့ခြေလှမ်းနဲ့အပြိုင် ဘေးနားကနေ မပြေးရုံတမယ် ထပ်ကျပ်မခွာလိုက်ခဲ့ပါတော့တယ်။
အခုချိန်မှာ ပိုင်လန်ရဲ့လက်နှစ်ဖက်လုံးက တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခံထားရတယ်။ အစောတုန်းက ကားထဲဆောင့်ကန်ချက်အပြီးမှာဖြစ်ပေါ်လာတဲ့ သူ့ရင်ထဲက စိုးရိမ်မှုအစိုင်အခဲကြီးကလည်း တဖြည်းဖြည်းနဲ့ကွယ်ပျောက်သွားပြီ။
ဒီလူသားဆီမှာ ကြောက်စရာကောင်းတဲ့မျက်နှာတစ်ဖက် ရှိရင်ရှိလိမ့်မယ်၊ ဒါပေမယ့် သူ့အတွက် စိုးရိမ်ပူပန်နေတဲ့ နှလုံးသားတစ်စုံလည်း သေချာရှိတယ်။ ပိုင်လန် ဘာတွေကိုများ ကြောက်ဖို့လိုဦးမှာလဲ?
***
သူတို့တွေ ဆေးရုံထဲဝင်သွားပြီးနောက်ပိုင်းမှာတော့ လျှို့ဝှက်စမ်းသပ်စစ်ဆေးချက်တွေ စတင်တယ်။
ညနက်သန်းခေါင်ကြီး ဖုန့်ယင်းချီကို လှမ်းခေါ်ရတဲ့အတွက်လည်း ပိုင်လန်က အရမ်းအားနာနေရပြီ။ ဆေးရုံက အရေးပေါ်ဆိုပြီး သူ့ကိုအခေါ်လွှတ်လိုက်တာ။ ဖုန့်ယင်းချီက အထိတ်ထိတ်အပျာပျာနဲ့ ဆေးရုံထဲပြေးဝင်လာပြီး လူနာကုတင်ပေါ်အခန့်သားလှဲနေတဲ့ပိုင်လန့်ကို တွေ့တဲ့အချိန်မှာ သူ့အမူအရာက ဝေခွဲမရဖြစ်သွားတာ အသိသာကြီးပဲ။
ဒါပေမယ့် ဟိုဘက်ကိုလှည့်လိုက်တဲ့အချိန် ချိုးချန်ရဲ့ ဖုံးကွယ်ခံထားရတဲ့ဆွေမျိုးစိတ်ဆိုးနေသလို မျက်နှာထားတင်းတင်းကို မြင်လိုက်ရတဲ့အခါမှာတော့ စကားပြောလုဆဲဆဲသူ့လျာတောင်ခလုတ်တိုက်သွားရတယ်။ ဖုန့်ယင်းချီက သုံးလေးခါလောက်ချောင်းဟန့်လိုက်ပြီးမှ သူ့အလုပ်ကို စတင်တယ်။ သူက ပိုင်လန့်ကို ဘေးနားကစမ်းသပ်ခန်းထဲခေါ်သွားပြီး ချိုးချန်နဲ့ပတ်သက်မှုကို သေချာအောင်မေးရတယ်။ ထိုသူက ပိုင်လန်ရဲ့ ချစ်သူ၊အတူနေပါတနာမှန်း သိပြီးနောက်မှာမှ ရောဂါအကြောင်းအသေးစိတ်ရှင်းပြချက်တွေ စတင်ပါတယ်။
ဖုန့်ယင်းချီဆေးရုံရောက်မလာခင်ကတည်းက ပိုင်လန်ဆေးစစ်ပြီးနေတာ အခုဆိုရင် ဓါတ်ခွဲခန်းရလဒ်တွေ ကွန်ပြူတာထဲတောင်ရောက်နေပြီ။
အသက်(၅၀)နီးပါး သက်လတ်ပိုင်းဆရာဝန် ဖုန့်ယင်းချီမှာ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်နဲ့ ကြင်နာတတ်တဲ့မျက်ဝန်းတွေရှိတယ်။ သူ့လက်တွေက ကွန်ပြူတာမောက်စ်ပေါ်မှာ ရွေ့လျားနေပြီး တည်ငြိမ်တဲ့လေသံနဲ့ ရောဂါဆွေးနွေးခန်းကို စတင်ပါတယ်။
“… မစ္စတာပိုင်ရဲ့ နှလုံးနဲ့သွေးထဲမှာ ကျွန်တော်ရှင်းပြခဲ့သလိုမျိုး ပြဿနာရှိပေမယ့် ရောဂါက သက်တမ်းနုသေးတယ်။ ပြီးတော့ မစ္စတာပိုင်က အစားအသောက်လည်းဆင်ခြင်တယ်၊ လေ့ကျင့်ခန်းလည်းစနစ်တကျလုပ်တော့ အကုန်လုံးကကျန်းမာပြီးပုံမှန်ပဲ။ အခြေအနေက အရမ်းကောင်းတယ်၊ အခုလုပ်လိုက်တဲ့ဆေးစစ်ချက်အရတော့.. အင်း.. အခုတလော လှုပ်လှုပ်ရှားရှားလုပ်တာများလို့ ပင်ပန်းသွားတာကလွဲပြီး အခြားထွေထွေထူးထူးမရှိပါဘူး၊ အနားယူဖို့ပဲလိုတာပါ၊ သောက်ရမယ့်ဆေးအတွက်ကတော့ ဗီတာမင်နဲ့ အခြားကျန်းမာရေးအတွက်ကောင်းတာလေးတွေပဲ ပေးထားတယ်”
ချိုးချန်က တစ်ချိန်လုံး မျက်မှောင်ကြီးကိုကြုံ့ထားတာ။ အဆုံးတော့ သူလည်း မနေနိုင်မထိုင်နိုင်ဝင်မေးတယ် “သူ့အခြေအနေနဲ့ နေ့တိုင်းခုန်ပျံပြီးသတ်ပုတ်နေရရင် ပြဿနာရှိလာနိုင်လား?”
ဖုန့်ယင်ချီက စိတ်သက်သာရာရစေဖို့ အားပေးတဲ့အပြုံးလေးကို ပေးပါတယ် “မစ္စတာချိုးပြောတာက မစ္စတာပိုင်အခုရိုက်နေတဲ့ဇာတ်ကားအကြောင်းမေးချင်တာလား?”
“ဒေါက်တာလည်းသိတယ်ပေါ့?” ချိုးချန်ရဲ့မေးခွန်းက နည်းနည်းတော့ရန်လိုဟန်ရှိတယ်။
“သိတာပေါ့၊ မစ္စတာပိုင်က ပူးပေါင်းဆောင်ရွက်တတ်တဲ့လူနာတစ်ယောက်ပဲဟာ၊ သူက ဇာတ်ကားလက်မခံခင်ကတည်းက သေသေချာချာတိုင်ပင်ဆွေးနွေးထားတာပါ” ဖုန့်ယင်းချီက ပိုင်လန့်အစား ကူပြောပေးပါတယ် “ခန္ဓာကိုယ်ကိုလည်း နွေးနွေးထွေးထွေးထား၊ အချိန်မှန်လေးလည်း အနားယူမယ်ဆိုရင် နောက်ထပ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်လည်း ပြဿနာမရှိပါဘူး၊ သူ့အခြေအနေက အဲ့ဒိလောက်အရမ်းကြီးမပြင်းထန်ဘူး”
ချိုးချန်မျက်နှာက မည်းမှောင်နေတုန်းပါပဲ “ဒါပေမယ့် အိမ်မှာပဲ တစ်ချိန်လုံး ငြိမ်ငြိမ်သက်သက်အနားယူမယ်ဆိုရင် ပိုအန္တရာယ်မကင်းဘူးလား?”
ဒီစကားကိုကြားတဲ့ ဖုန့်ယင်းချီမျက်နှာက နည်းနည်းတော့ တင်းသွားတယ် “မစ္စတာချိုး လူနာတစ်ယောက်ရဲ့အခြေအနေက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအပေါ်မှာလည်း မူတည်တယ်၊ လုပ်ချင်တာမလုပ်ရဘဲ နေ့တိုင်းအိမ်ထဲမှာပဲပိတ်မိနေမယ်ဆိုရင် ရောဂါသက်သာအောင်ကူညီရာမရောက်ဘူး၊ စိတ်ဖိစီးမှုတွေပဲပိုများလာမှာပါ၊ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ခန္ဓာအတွက်လေ့ကျင့်ခန်းမှန်မှန်လုပ်မယ် စိတ်ကိုလည်းပျော်အောင်ထားမယ်ဆိုရင် ရေရှည်မှာပိုကောင်းမှာပါ”
ချိုးချန်က အချိန်ခဏလောက် ဆုံးဖြတ်ရခက်တဲ့ပုံစံဖြစ်နေပြီးမှ လက်လျော့လိုက်သလိုမျိုး နောက်ဆုံးမှာ မျက်နှာကိုလက်နဲ့ပွတ်လိုက်တယ်။ သူက နေ့စဉ်ပြုစုစောင့်ရှောက်ရမယ့်လိုအပ်ချက်တွေအကြောင်းကိုပဲ အဓိကထားပြီးမေးလိုက်တယ်။ နောက်ထပ်နာရီဝက်ကြာအောင် မေးခွန်းတွေမေးအပြီးမှာတော့ ဖုန်းနံပါတ်တောင်းလိုက်ပြီး ဖုန့်ယင်းချီကို သွားခွင့်ပြုလိုက်ပါတယ်။
ဖုန့်ယင်းချီက နားလည်တဲ့အမူအရာနဲ့ နာမည်ကဒ်ကိုထုတ်ပေးလာတယ်။ ချိုးချန်က သူ့နာမည်ကဒ်ကို လှမ်းယူလိုက်တဲ့အချိန် ခေါင်းထဲမှာ ဝမ်ယွင် ပိုင်လန့်ကို ကဒ်ပေးလိုက်တဲ့အချိန်ကို သတိရမိသွားတယ်။
ချိုးချန်က ထပ်မေးလိုက်တယ် “သူ့အခြေအနေကို တခြားဘယ်သူတွေသိသေးလဲ?”
ဖုန့်ယင်းချီက ကွန်ပြူတာထဲ လှန်လှောရှာဖွေတယ်။ မစ္စတာပိုင်က သူ့လူနာဖြစ်ခဲ့တာ ကြာပြီဆိုပေမယ့် ဟိုတလောလေးကတော့ ရုန်သခင်လေး တောင်းဆိုလို့ ကြည့်ပေးရတာရှိသေးတယ်။ သူက ဒီအကြောင်းကို ချိုးချန်ကိုပြောပြလိုက်တယ်။
ဒီစကားကိုကြားပြီး ချိုးချန်မျက်နှာအမူအရာပြောင်းသွားတယ်။ ဒါပေမယ့် ဖုန့်ယင်းချီရဲ့နောက်ဆက်တွဲစကားလုံးတွေကြောင့် သူ့နှလုံးသားက ဒိန်းခနဲမြည်ဟည်းသွားပါတယ်။
“အင်း, ဝမ်ယွင်? ဆေးရုံကိုအသစ်ပြောင်းလာတဲ့လူပဲ၊ သူကဘာလို့ လူနာမှတ်တမ်းကြည့်ဖို့တောင်းဆိုရတာပါလိမ့်…?”
ကွန်ပြူတာမောက်စ်ပေါ်က ဖုန့်ယင်းချီရဲ့လက်တွေက ရပ်သွားတယ်။ သူက ချိုးချန် မူမမှန်ဖြစ်နေတာလည်း တွေ့ရော ခပ်မြန်မြန်လေး ထပ်ပြောလိုက်ရတယ် “အိုး.. စိတ်မပူပါနဲ့၊ ကျွန်တော်တို့ဆေးရုံက လူနာကုသဖို့ မကြာခဏဆွေးနွေးပွဲတွေလုပ်တယ်လေ၊ သူများလူနာမှတ်တမ်းတောင်းကြည့်တာက သာမန်ပဲ၊ ဆရာဝန်တွေအကုန်လုံးက လူနာရဲ့လျှို့ဝှက်ချက်တွေစောင့်ထိန်းရပါတယ်၊ ဥပဒေလည်းရှိပါတယ်”
ချိုးချန်ရဲ့အကြည့်တွေထဲမှာတော့ မုန်တိုင်းတစ်ခုစတင်နေပြီ “ပိုင်လန့်ရောဂါအကြောင်းကို ဆွေးနွေးပွဲမလုပ်ဖို့ ငြင်းပယ်လို့ရလား”
ဖုန့်ယင်းချီက အံ့သြသွားပြီးတော့ သိပ်လည်းသဘောမတူချင်ဘူး “အမှန်အတိုင်းပြောရရင်တော့ မစ္စတာပိုင့်ကိုကုသပေးဖို့က အထူးကုတွေဝိုင်းဝန်းဆွေးနွေးကြရင် အကောင်းဆုံးပဲ….”
ချိုးချန်ရဲ့နှုတ်ခမ်းတွေက ဆတ်ခနဲလှုပ်ရှားသွားလေရဲ့ “တခြားသူတွေရတယ်၊ ဒါပေမယ့် ဝမ်ယွင်ကိုတော့ ဝင်ပါခွင့်မပြုဘူး၊ ရလား?”
ဖုန့်ယင်းချီက ကြောင်သွားပြီးမှ တစ်ခုခုကိုစဉ်းစားမိပြီး ခေါင်းညိတ်လိုက်ပါတယ်
“ရပါတယ်၊ မစ္စတာပိုင်သာ သဘောတူမယ်ဆိုရင် ရပါတယ်”
***
စိုးရိမ်ပူပန်မှုသံသယတွေနဲ့ပြည့်နေတဲ့ချိုးချန်က စမ်းသပ်ခန်းထဲကထွက်လာပြီးနောက်မှာ လူနာဆောင်ဆီကို ပြန်လာခဲ့တယ်။
အခုချိန်က ည(၁၁)နာရီ။ ကျယ်ဝန်းလှတဲ့အထူးလူနာခန်းထဲမှာ အတော်လေးကြီးတဲ့အိပ်ရာတစ်လုံးရှိတယ်။ အခန်းထဲက မီးရောင်မှိန်မှိန်အောက်မှာ လူပုံသဏ္ဍာန်နှစ်ခုက အိပ်ရာထဲစောင်ပုံကြားနစ်မြှပ်နေတယ်။ အသေးလေးက ချိုးရှောင်ဟိုင်ဖြစ်ပြီး ချိုးချန်ဝင်လာတဲ့အချိန်မှာ အကြီးတစ်ယောက်က လှုပ်သွားတယ်။
စောင်ကိုခွာပြီး အိပ်ရာပေါ်ကထထိုင်ဖို့ကြိုးစားတဲ့ ပိုင်လန့်ကိုမြင်တဲ့အခါ ချိုးချန်ရဲ့နှလုံးသားတွေ တင်းကျပ်သွားလေရဲ့။ သူက ခြေလှမ်းကျဲကြီးနဲ့ဝင်လာပြီး ပြောလိုက်ရတယ် “ဘာလုပ်မလို့လဲ?”
အိပ်ရာဘေးကမီးရောင်က မှိန်ဖျော့ဖျော့လင်းနေပေမယ့် ပိုင်လန်ရဲ့နူးညံ့တဲ့ပုံသဏ္ဍန်လေးကိုတော့ အမှောင်ထဲမှာမြင်နိုင်အောင် စွမ်းဆောင်နိုင်တယ်။
ဒါပေမယ့် ချိုးချန်မျက်လုံးထဲမှာတော့ သူ့ပုံသဏ္ဍာန်က ကွဲကြေတော့မယ့်ဖန်ရုပ်လေးအလားဖြစ်နေတယ်။ ပွယောင်းချောင်ချိနေတဲ့ဆေးရုံဝတ်စုံက ပိုင်လန်ရဲ့လည်ပင်းနဲ့ကိုယ်ခန္ဓာကို ပိုပြီးတော့တောင် ပိန်သွယ်သွားသယောင်ဖြစ်စေတယ်။ လက်တစ်ဖက်မှာတော့ အစောတုန်းက သွေးဖောက်လို့ကျန်တဲ့ဒဏ်ရာ ပတ်တီးစက ရှိနေဆဲပဲ။ ချိုးချန်ရဲ့အမြင်မှာ သူဟာလူမမာလုံးလုံးပါပဲ။
“စကားနည်းနည်းလောက်ပြောရအောင်” ပိုင်လန်က တိုးတိုးလေးပြောလိုက်ပြီး ချိုးချန်အမူအရာကိုမြင်မှ နောက်တစ်ကြောင်းထပ်ပြောလိုက်တယ် “ဒါမှမဟုတ်ရင် ကျွန်တော်တစ်ညလုံးအိပ်ပျော်မှာမဟုတ်ဘူး”
ချိုးချန်က မငြင်းပါဘူး။ ပိုင်လန့်ကိုစောစောအိပ်ခိုင်း၊ စောစောထခိုင်းရမယ်လို့ အခုလေးတင် ဆရာဝန်ဆီကညွှန်ကြားချက်ကို နားထောင်လာရတာ။ ဒါကြောင့် မျက်နှာထားတင်းတင်းနဲ့ပဲ ထဖို့ကြိုးစားနေတဲ့ပိုင်လန်ကို ပြန်ဖိချလိုက်ပြီးမှ အံကိုကြိတ်ရင်းပြောလိုက်တယ် “လှဲနေ! အဲ့အတိုင်းပြော”
ပိုင်လန်က ချိုးချန်ရဲ့လက်ကိုဆွဲပြီး ခန္ဓာကိုယ်ကို ဟိုဘက်ရွှေ့ပေးလိုက်တယ် “ကုတင်ပေါ်လာမလား?”
ချိုးချန်က စက္ကန့်အနည်းငယ်လောက်စဉ်းစားပြီးမှပဲ ဖိနပ်ကိုချွတ်ကာ အိပ်ရာထဲဝင်လိုက်တယ်။ ခြုံစောင်အောက်ရောက်တဲ့အချိန်မှာ ဆက်လက်ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ပိုင်လန့်ကိုသာ လက်မောင်းကြားဆွဲသွင်းရင်း တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားတယ်။ ပိုင်လန်လည်း ချိုးချန်နဲ့အတူ ထပ်တူထပ်မျှခံစားရပါတယ်။ သူလည်းပဲ ပြန်ပြီးတင်းတင်းဖက်ထားတယ်။ ယုံကြည်ပြီးမှီခိုအားကိုးပုံရတဲ့ သူ့လှုပ်ရှားမှုတွေက ချိုးချန်ကို ဒီထက်တိုးလို့ ပွေ့ဖက်စေပါတယ်။
“စိတ်မပူပါနဲ့၊ ကျွန်တော့်ခန္ဓာကိုယ်က ဖန်သားနဲ့လုပ်ထားတာမဟုတ်ပါဘူး” ပိုင်လန်ကနှစ်သိမ့်တယ်။ သူကလည်း ချိုးချန်သုံးတဲ့အားနဲ့အညီ ပြန်ဖက်ပေးထားတာလေ။
ချိုးချန်က သူ့လက်မောင်းကြားထဲက နွေးထွေးတဲ့ခန္ဓာကိုယ်လေးကို ခံစားမိတယ်၊ ရင်ဘတ်ချင်းအပ်နေတာကြောင့် တဒုတ်ဒုတ်ခုန်နေတဲ့ နှလုံးခုန်သံကိုလည်းကြားရတယ်။ သူက မနေနိုင်တော့ဘဲ ပိုင်လန့်နဖူးကို ပါးနဲ့ပွတ်လိုက်တယ်။ သူ တစ်ချိန်လုံး ထိန်းချုပ်ခဲ့ရတဲ့ခံစားချက်တွေ ပွင့်ထွက်ကုန်ပြီလေ။
မြိုသိပ်ခဲ့ရတဲ့ဒေါသတွေ၊ တုန်လှုပ်မှုတွေ၊ နာကျင်မှုတွေ၊ စိုးရိမ်မှုတွေနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် သူ့ရင်ထဲ ဆို့နင့်နေခဲ့တာ။ ခံစားချက်တွေက ချိုးရှောင်ဟိုင်ဆေးခတ်ခံရတုန်းကလိုမျိုး နောင်တတွေနဲ့ကိုယ့်ကိုကိုယ်အပြစ်တင်နေခဲ့တာ။ ဒီလိုဝေဒနာတွေ ပေါင်းစုံသွားတဲ့ ချိုးချန်ရဲ့အသံက ခါတိုင်းနဲ့မတူ အနည်းငယ်တော့တုန်ယင်နေတယ် “ဘာလို့ ကိုယ့်ကိုမပြောတာလဲ?”
“ပြောချင်တာပေါ့” ပိုင်လန်က ချိုးချန်လက်မောင်းကြား ခေါင်းဖွက်ထားတယ် “ဒါပေမယ့် အခုလိုမျိုး တုန့်ပြန်မှာကြောက်လို့လေ၊ ပြီးတော့ အစိုးရိမ်လွန်နေမှာစိုးလို့”
ချိုးချန်က နောက်တစ်ခါ လက်တွေကိုတင်းကျပ်လိုက်ပြန်တယ်။ သူ့လက်မောင်းထဲကလူကို တစ်ခါတည်း အသွေးတွေအသားတွေထဲ စုပ်ယူပစ်လိုက်ချင်နေသလိုမျိုးပေါ့။
“ဒါဆို ကိုယ်က မင်း.. ရုန်အိမ်မှာလိုမျိုး ရုတ်တရက်ကြီးလဲကျပြီး သေမလိုဖြစ်တာကိုပဲ ထိုင်စောင့်နေရမယ်ပေါ့”
“တကယ်လို့ အဲ့လိုမျိုးဖြစ်ခဲ့မယ်ဆိုရင်လည်း နာရီပိုင်းအတွင်းမှာပဲ အားလုံးဖြစ်ပျက်သွားမှာ၊ အရမ်းမြန်တယ်” ပိုင်လန်က ခေါင်းကိုငုံ့လိုက်ပြီး အရင်ဘဝအရေးပေါ်ခန်းထဲက အဖြစ်အပျက်တွေကို စဉ်းစားနေမိတယ်။
ချိုးချန်ရဲ့အသက်ရှုသံက ပြင်းလာတယ်။ တစ်ကိုယ်လုံးလည်း ချက်ချင်းပူတက်လာတယ်။ သူက ပိုင်လန့်ခေါင်းကို နောက်ကိုတွန်းရင်း မျက်လုံးတည့်တည့်ကိုကြည့်ပါတယ်။ သူ့ပုံစံက ဒေါသထွက်နေပုံပေါ်ပြီး တစ်ချိန်တည်းမှာ ထိခိုက်နာကျင်နေပုံလည်းရတယ်။
“ရက်စက်လိုက်တာ၊ လက်စသတ်တော့ မင်းက ကိုယ့်ထက်တောင် အများကြီးရက်စက်တတ်သေးတယ်”
ချိုးချန်ရဲ့အနည်းငယ်နီမြန်းနေတဲ့မျက်လုံးတွေကို အမှောင်ထဲမှာမြင်လိုက်ရပြီးမှာတော့ ပိုင်လန်ကရုတ်တရက် နားလည်သွားမိတယ်။
…အခုတော့ နားလည်ပါပြီ… ကျွန်တော့်ရဲ့ပြန်လည်မွေးဖွားခြင်း…. ဒါက ဒီအခိုက်အတန့်လေးအတွက်ပဲ ဖြစ်လိမ့်မယ်… ကျွန်တော့်ရဲ့ဒီနှလုံးသားကို ခင်ဗျားဆီပေးနိုင်ဖို့ အကြောင်းရင်းပဲဖြစ်ပါလိမ့်မယ်….
တောင်းပန်ပါတယ်။
တောင်းပန်ပါတယ်။
ကျွန်တော် တောင်းပန်ပါတယ်….
ချိုးချန်က ပိုင်လန့်ကို ပူလောင်ပြင်းပြတဲ့အနမ်းတွေပေးနေတဲ့အချိန်မှာ ပိုင်လန်ကတော့ ဒီစကားစုလေးကို ထပ်ကာထပ်ကာရေရွတ်နေမိတယ်။
***
နောက်သုံးရက်အကြာမှာတော့ မိုးသောက်ကြယ်အပါအဝင် အခြားသော အနုပညာသတင်းဂျာနယ်စာစောင်တွေရဲ့ အရှေ့ဆုံးမျက်နှာဖုံးသတင်းခေါင်းစီးမှာ တူညီတဲ့အကြောင်းအရာတစ်ခုကို တစ်ပြိုင်နက်တည်းဖော်ပြခဲ့ကြတယ်။
တိုတယ်အင်တာတိန်းမန့်ကနေ စုချွမ်ရဲ့စာချုပ်ကို ဖျက်သိမ်းလိုက်တဲ့အကြောင်းပေါ့။
နောက်ပြီး အင်တာတိန်းမန့်က စုချွမ်နဲ့ပတ်သက်တဲ့ကိစ္စအားလုံးကိုလည်း လုံးဝအဆုံးသတ်လိုက်ပြီလို့ ကြေငြာခဲ့ပါတယ်။
……………………