(38) ရာဇဝတ်မှုကြံရာပါ
လာမယ့်နေ့ရက်တွေမှာတော့ ပိုင်လန်က အမှန်တကယ်ဘာမှမဖြစ်တာတောင်မှ ဆေးရုံမှာရက်အနည်းငယ်လောက်နေလိုက်ရတယ်။
ချိုးချန် အသားကျပြီး အကျင့်ဖြစ်သွားအောင် အချိန်ပေးရမယ်မှန်းလည်း သူသိတယ်။ နောက်ပြီး ဆေးရုံမှာနေလိုက်ခြင်းအားဖြင့် အနည်းဆုံးတော့ ချိုးချန်ရဲ့စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားနိုင်မယ်လေ။
ဆေးရုံတက်နေတဲ့အချိန်တွေမှာလည်း ရုန်မိသားစုတစ်ယောက်ချင်းစီ သူ့ဆီလာပြီး လူမမာလာမေးခဲ့ကြတယ်။
အရေးပေါ်ဌာနကို ပို့ခံလိုက်ရတဲ့ ဘိုးဘိုးရုန်ကို ညတွင်းချင်း ခွဲစိတ်ကုသမှုတွေပြုလုပ်ခဲ့ကြတာ။ လူမမာက ဆေးမှီသွားတာကြောင့် ကြီးကြီးမားမားပြဿနာတော့ မဖြစ်သွားဘူး။ နောက်တစ်နေ့မနက် ခွဲစိတ်မှုပြီးဆုံးချိန်မှာ သူ့အခြေအနေက ကောင်းမွန်နေပြီး နှစ်ရက်သုံးရက်ကြာရင် ဆေးရုံဆင်းလို့တောင်ရနေပြီ။
ရုန်မိသားစုတွေက ပိုင်လန်ရဲ့ဒီကျေးဇူးကြွေးကို အမှတ်ရနေခဲ့ကြတယ်။ ဒါက ငွေကြေးနဲ့တောင်တန်ဖိုးဖြတ်မရတဲ့ ကျေးဇူးတရားမျိုးလေ။ ဒါကြောင့် ရုန်မိသားစုမျိုးဆက်သစ်ခေါင်းဆောင်၊ ရုန်အိုက်ရဲ့အကြီးဆုံးသား၊ ရုန်စစ်ချီရဲ့အစ်ကိုကြီးဖြစ်သူ ရုန်စစ်ချန်က မိသားစုကိုကိုယ်စားပြုပြီး လေးလေးနက်နက်အဆိုပြုခဲ့တာက နောက်ပိုင်းပိုင်လန်ဘာအကူအညီပဲလိုလို ရုန်မိသားစုကအစွမ်းကုန်ဖြည့်ဆည်းပေးပါမယ်လို့ ကတိပေးခဲ့ပါတယ်။
ရုန်စစ်ချန်က ဒီစကားတွေကိုပြောနေတဲ့အချိန်မှာ ကျောင်းပြန်မတက်သေးတဲ့ချိုးရှောင်ဟိုင်နဲ့ရုန်ကျန်းတို့ကတော့ လူနာခန်းထဲကဆိုဖာပေါ်မှာ ဆော့ကစားနေကြရင်း ဟုန်ဟုန်ဝယ်လာတဲ့ယုန်ပေါက်စီတွေကို စားသောက်နေကြပါတယ်။
***
ဒီတစ်ခါ ပိုင်လန်ရဲ့ဆေးရုံခရီးစဉ်က ရုန်အိုက်လိုပဲ လုံခြုံရေးအပြည့်နဲ့ ထိပ်တန်းအဆင့်လျှို့ဝှက်ချက်ဖြစ်ပါတယ်။
ဗွီအိုင်ပီလူနာဆောင်မှာ ကုသပေးတဲ့ဝန်ထမ်းတွေသာမကဘူး၊ စားစရာသယ်ပို့တဲ့လူတွေ သန့်ရှင်းရေးဝန်ထမ်းတွေပါမကျန် အကုန်လုံးကို သေချာလေကျင့်ပေးထားတာကြောင့် လုံခြုံရေးက အလွန်တရာစိတ်ချလို့ရတယ်။
ဒါကြောင့် ဆေးရုံတက်တဲ့ဒုတိယမြောက်နေ့မှာ ချိုးချန်တစ်ယောက် ဝမ်ယွင်ရဲ့ရုံးခန်းကိုရောက်သွားချိန်မှာ ဝမ်ယွင်က ဒီအကြောင်းတွေကို လုံးဝလုံးဝ မသိရှိခဲ့ပါဘူး။
ဝမ်ယွင်က အခန်းတံခါးကိုဖွင့်လိုက်တဲ့အချိန် အပြင်မှာရပ်နေတဲ့ချိုးချန်ကိုမြင်တဲ့အခါ မျက်လုံးထဲအံ့သြမှုအရိပ်အယောင်တွေဖြတ်ပြေးသွားတယ်။ သူက ပြီးမှ ပြုံးပြပြီး ပြောလိုက်ရတယ် “မလာစဖူးရှားပါးဧည့်သည်ကြီးပါလားကွ၊ ပြော ဒီနေ့ဘာလို့ရောက်ချလာတာလဲ?”
“ပြောစရာလေးရှိလို့ အချိန်ရတုန်းဝင်လာတာ၊ မင်းအားလား?” ချိုးချန်က E-စီးကရက်တစ်ချောင်းကို နှုတ်ခမ်းဖျားချိတ်ဆွဲထားရင်း အမှုမထားသလိုလေသံနဲ့ပြောပါတယ်။
{T/N: E-စီးကရက်ဆိုတာက ဆေးလိပ်ဖြတ်ချင်ရင် အစားထိုးသောက်တာပါ၊ စီးကရက်အရွယ်အစားထက် နည်းနည်းကြီးပြီး ဓါတ်ခဲလေးနဲ့အလုပ်လုပ်ပါတယ်နော်၊ အရသာမျိုးစုံရှိပါတယ်}
ဝမ်ယွင်က ချိုးချန်ပါးစပ်ဖျားကအရာကို ချက်ချင်းသတိပြုမိတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေ ခေတ္တခဏရပ်သွားပြီးမှ နောက်ကိုဆုတ်ရင်း ချိုးချန်ကို ရုံးခန်းထဲဝင်ခွင့်ပြုလိုက်ပါတယ်။
“မင်းက အထူးတလည်ဒီအထိရောက်လာတယ်ဆိုတော့ ငါက အားရတော့မှာပေါ့ကွာ”
ချိုးချန်က ဝမ်ယွင်ရဲ့အထူးတလည်ဆိုတဲ့စကားကို ဂရုထားမနေဘူး။ ရုံးခန်းထဲဝင်လာပြီး စားပွဲရှေ့က ဆုံလည်ကုလားထိုင်ကိုဆွဲဝင်ထိုင်ကာ အခန်းကို ဟိုကြည့်သည်ကြည့်လုပ်နေတယ်။
လူတစ်ဦးသာရုံးထိုင်တဲ့ရုံးခန်းလေးက နည်းနည်းတော့ခြောက်ကပ်ကပ်နိုင်တယ်။ ဘယ်ဘက်စင်ပေါ်မှာပဲ ဖိုင်အချို့စီထားပြီး စားပွဲတောင်မှရှင်းနေတယ်။ ကွန်ပြူတာကလွဲပြီး ဘောပင်ခွက်တစ်ခုရယ်၊ နာမည်ကဒ်တစ်ဘူးနဲ့ လက်ဖက်ရည်အိုးတစ်စုံပဲရှိတယ်။ ဒါတွေက ဝမ်ယွင်ပြောင်းလာတာမကြာသေးဘူးလို့ ဖော်ပြနေပါတယ်။
ဝမ်ယွင်က အခန်းတံခါးကိုပိတ်ရင်း ဟိုလျှောက်သည်လျှောက်လုပ်ပြီးမှ စားပွဲနောက်ကထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။ သူက တစ်ခုခုကိုစဉ်းစားနေပုံရပြီး ရုတ်တရက်ပဲ မတ်တပ်ထရပ်ကာပြောတယ် “မင်းလက်ဖက်ရည်သောက်မလား? ငါ ရေနွေးသွားယူလိုက်မယ်”
“ရတယ် မသောက်တော့ဘူး၊ နည်းနည်းပါးပါးပြောပြီးရင် ပြန်မှာ” ချိုးချန်က နှုတ်ခမ်းထက်ကစီးကရက်ကို လှည့်နေလေရဲ့ “ငါ ဘာလို့ရောက်လာလဲ မင်းသိတယ်မလား”
ချိုးချန်က ဝမ်ယွင်ရဲ့မျက်လုံးထဲကို တည့်တည့်ကြည့်လိုက်တယ်။
ဒီလိုအရှိန်အဝါတွေက အပြစ်သားတစ်ယောက်ကို ဖိအားတွေခံစားစေဖို့လုံလောက်ပါတယ်။ ဝမ်ယွင်က စက္ကန့်ပိုင်းလောက်ပဲ မျက်လုံးချင်းဆုံလိုက်ပြီး မျက်မှန်ကိုပင့်တင်ရင်းအကြည့်လွှဲလိုက်တယ် “မင်း သိသွားပြီပေါ့?”
“ပိုင်လန့်ရောဂါအကြောင်းဆိုရင်..” ချိုးချန်က ကွေ့ပတ်နေရင်းအချိန်ဖြုန်းလိုစိတ်မရှိဘူး “..အင်း..ငါသိသွားပြီ”
ဝမ်ယွင်က အသာအယာပဲပြုံးပြပါတယ် “တစ်နေ့နေ့တော့ မင်းငါ့ဆီ သေချာပေါက်ရောက်ချလာလိမ့်မယ်လို့ ငါသိနေပါတယ်၊ လူနာဖိုင်တောင်းကြည့်တဲ့မှတ်တမ်းက ဖျက်ပစ်လိုက်လို့မှမရတာ”
“ဒါဆို ဘာလို့လုပ်သေးလဲ?” ချိုးချန်က မေးတယ်။
“ဘာလို့လဲ ..ဟုတ်လား?” ဝမ်ယွင်ရဲ့အကြည့်က ခဏတဖြုတ်လှစ်ခနဲလက်သွားတယ်။
“မင်းက သိထားပြီးတောင်မှ ငါ့ကိုလာစမ်းသပ်သေးတယ်လေ” ချိုးချန်က တဲ့တိုးပဲမေးလိုက်တယ် “အရင်တစ်ခါ မင်း ငါ့ဆီလာတဲ့ရည်ရွယ်ချက်က ပိုင်လန့်ရောဂါအကြောင်း ငါသိလား မသိလား ဆိုပြီး လာတီးခေါက်ကြည့်တာမဟုတ်ဘူးလား?”
ဖုန့်ယင်းချီ သူ့ကိုပြတဲ့မှတ်တမ်းက လူနာဖိုင်တောင်းတဲ့ဖြစ်ရပ်တင်မကဘူး တောင်းတဲ့အချိန်ကိုပါ ပြတယ်။
ဝမ်ယွင်က ချိုးချန်ကိုလာမတွေ့ခင် သုံးလေးရက်အလိုလောက်မှာ ဖိုင်တောင်းကြည့်ခဲ့တာ။
“စုချွမ် မင်းကို ဘာတွေပြောလိုက်လဲတော့ ငါမသိဘူး၊ ငါ့ကိုတော့ ဝန်မခံနဲ့လို့ပြောသွားတယ်” ဝမ်ယွင်က မသက်မသာနဲ့ သူ့ထိုင်ခုံကိုလှည့်နေပါတယ် “ဒါပေမယ့် ငါ့အမြင်ကတော့ မင်း စုချွမ်ဆီကကြားရတော့လည်း ဘာမကောင်းတာရှိလဲ၊ ပိုင်လန့်အတွက်လည်း အကျိုးယုတ်တာဘာမှမရှိဘူး၊ အနည်းဆုံးတော့ သူ့ဘေးမှာဂရုစိုက်မယ့်လူတစ်ယောက်တောင်တိုးလာသေးတယ်”
ချိုးချန်က ဝမ်ယွင်ကို စိုက်ကြည့်နေတယ် “ဒါဆိုလည်း မင်း ငါ့ကိုတိုက်ရိုက်လာပြောလို့ရတယ်လေ၊ ဘာလို့ရှည်ရှည်ဝေးဝေးကွေ့ဝိုက်နေသေးလဲ?”
ဝမ်ယွင်ရဲ့မျက်နှာပေါ်မှာ မချိပြုံးတစ်ခုရှိတယ် “စုချွမ်က ငါ့ကိုအကူအညီလာတောင်းတာကိုး… အခု ငါ ဒီနေရာ ရတာလည်း သူ့အဆက်အသွယ်တွေကြောင့်ရတာလေ”
ချိုးချန်က လှောင်ရယ်ရယ်လိုက်ပါရဲ့ “ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ဒီအကြောင်းတွေပြောပြတယ်? ဝမ်ယွင်.. ငါ မင်းကို ဘယ်လိုနားလည်ရမလဲ?”
ဒီတစ်ကြိမ်မှာတော့ ဝမ်ယွင်က အပြစ်တင်တဲ့လေသံနဲ့ပြန်ပြောတယ် “စုချွမ် ဘာလိုချင်နေလဲ မင်းမသိဘူးလို့တော့ ငါ့ကိုလာမပြောနဲ့၊ ငါ မယုံဘူး၊ အားချန်တောင် ယုံမှာမဟုတ်ဘူး”
“ဒါဆိုလည်း အကုန်လုံး နားမလည်ချင်ယောင်ဆောင်လက်စနဲ့ ဆက်ဆောင်နေကြလေ” ချိုးချန်ကပြောတယ် “ငါက မင်းတို့ကောင်တွေအကုန်လုံးကို ပိုင်လန်နဲ့တောင် မိတ်ဆက်ပေးထားသေးတာ၊ အကြောင်းရင်းက အထင်လွဲမှုတွေဖြစ်လာမှာစိုးလို့ကွ”
“မင်းသဘောကို ငါသိပါတယ်” ဝမ်ယွင်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားရင်း အခက်တွေ့နေတဲ့ပုံစံနဲ့ပြောပါတယ် “ဒါဆို ငါစုချွမ်ကို ပြောလိုက်လည်း ကိစ္စမရှိဘူး ဟုတ်တယ်မလား။ မင်းက ပိုင်လန့်ကို မုန်းသွားမှာလည်းမဟုတ်ဘူး၊ ရောဂါကြောင့်ထားခဲ့မှာလည်း မဟုတ်ဘူး၊ စုချွမ် ဘယ်လိုပဲ ဆွဲဆောင်ဖို့ကြိုးစားကြိုးစား ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ငါထင်တာက စုချွမ်ကို နည်းနည်းလေးပဲဖြစ်ဖြစ် ပြန်ကူညီပေးလိုက်ရင်လည်း ဘာပြဿနာမှမတက်လောက်ပါဘူးလို့ ထင်လိုက်တာ၊ ပြီးတော့လည်း……”
“ပြီးတော့လည်း..အလုပ်လည်းမြဲမယ်ပေါ့လေ” ချိုးချန်က သူ့စကားဆုံးအောင် ဆက်ပြောပေးလိုက်တယ်။
ဝမ်ယွင်က သက်ပြင်းချပြီး ခေါင်းညိတ်တယ် “ဟုတ်တယ်”
ဒီစကားကိုကြားပြီးနောက်မှာတော့ ချိုးချန်က မတ်တပ်ရပ်လိုက်တယ်။ ပြီးတော့ ထိုင်ခုံကို နံရံဆီ ဒေါသတကြီးကန်ထုတ်လိုက်ပြီး ဝမ်ယွင်ကိုရှော့ခ်ရသွားစေတယ်။
“အရင်တစ်ခါ မင်းပြောဖူးခဲ့တဲ့စကား တကယ့်ကိုမှန်တယ်” ချိုးချန်က နောက်ဆုံးစကားကို ထုတ်ပြောတယ် “ဒီနှစ်တွေမှာ ငါတို့တွေ တကယ့်ကိုသူစိမ်းတွေဖြစ်သွားခဲ့ပြီ”
ဝမ်ယွင်က ငြိမ်ကျသွားပြီး တိတ်ဆိတ်သွားကာ စကားလုံးတွေလည်း နောက်ထပ်ထွက်မလာနိုင်တော့ဘူး။
“ပြီးတော့ ရောဂါအကြောင်းကို ငါသိတာကလည်း စုချွမ်လာပြောပြလို့မဟုတ်ဘူး..” ချိုးချန်က ဝမ်ယွင်မျက်လုံးတွေ သူ့ကိုကြည့်လာအောင်စောင့်နေတယ်။
“..သူက ပိုင်လန်ရောဂါဖောက်အောင် လူငှားပြီးပဲလုပ်တာ၊ ပြောစမ်းပါဦး… ဒီလောက်ဆိုရင် ငါမင်းကို ကြံရာပါလို့သတ်မှတ်လိုက်လို့ရပြီလား?”
ဝမ်ယွင်က ပြောစရာစကားလုံးတွေ ပျောက်ဆုံးသွားခဲ့တယ်။ မျက်နှာအမူအရာလည်း အလွန်တရာပျက်ယွင်းသွားခဲ့တယ်။
“ထွက်စာ.. မင်းဖာသာမင်းတင်မလား၊ ဒါမှမဟုတ် ငါတင်ပေးရမလား၊ မင်းကြိုက်ရာရွေး”
ဒီစကားကိုပြောပြီးနောက်မှာ ချိုးချန်က ထွက်သွားခဲ့ပြီး ထိုင်ခုံပေါ်မှာ သတိလက်လွတ်ဖြစ်ကျန်ခဲ့တဲ့ဝမ်ယွင်ကို ထားခဲ့ပါတော့တယ်။
***
နည်းပြဆရာနောက်ကွယ်က ကြိုးကိုင်သူအစစ်ကို ချိုးချန်က ရက်အနည်းငယ်လောက် အားထုတ်ကြိုးပမ်းရှာဖွေလိုက်ရတယ်။
အဲဒိအတွက်ကြောင့်လည်း အဲဒိလူကို ရှင်းထုတ်ပစ်ချင်စိတ်တွေကို ထိန်းချုပ်နေခဲ့ရတာ။ သူက ပိုင်လန်ထရိန်နင်မဆင်းနိုင်တာကို အကြောင်းပြချက်အချို့ရှာပေးဖို့ ဖန်းဟွာကိုတောင်ပြောခဲ့တာ။ ပိုင်လန်နဲ့နည်းပြဆရာတို့ အကျယ်အကျယ်ငြင်းခုန်ခဲ့ကြတာကို ဘယ်သူ့ကိုမှ အသိမပေးချင်ဘူးလေ။
ဝူရှန်အန်းလုပ်ကြံတယ်ဆိုတာ စုချွမ်အိပ်နေသလောက်ပဲရှိတယ်၊ သူ့နည်းလမ်းတွေက ဝူရှန်အန်းထက် အပုံတစ်ရာသာလွန်တယ်။ နည်းပြဆရာက ရိုက်ကွင်းအဖွဲ့သားတွေငှားရမ်းထားတဲ့ တရားဝင်နည်းပြဖြစ်ပြီး စုချွမ်နဲ့ဘာမှမဆိုင်ဘူး။ လူအိုကြီးက လောင်းကစားရတာကြိုက်မှန်းသိလို့ စုချွမ်က ပိုက်ဆံတွေအများကြီးသုံးပြီး လက်ငှားထားရုံပဲ။
{T/N ဝူရှန်အန်း- ခန်းကျန့်နှင့်ပေါင်း၍ ပိုင်လန့်ကို စပွန်ဆာရှိတယ်ဆိုပြီး ချောက်ချတဲ့ ဘဝလက်တွဲဖော်များထဲက ခေါင်းဆောင်မင်းသား}
နောက်ပြီး နည်းပြဆရာကိုချဉ်းကပ်တော့လည်း စုချွမ်က ကြားလူအဆင့်ဆင့်သုံးပြီး အကွက်ချထားသေးတာ။ ရုံးခန်းကိုခဏခဏလာပြီး ပိုင်လန့်ကိုလာရှာတတ်တဲ့ ပိုင်လိအကြောင်းကိုသာ ဖန်းဟွာမပြောပြထားဘူးဆိုရင် ချိုးချန်က သူ့ကိုစောင့်ကြည့်ဖို့လူလွှတ်ထားမှာ မဟုတ်သလို၊ ပိုင်လိ ဘယ်သူတွေနဲ့ ဆက်သွယ်နေလဲ ဖော်ထုတ်ဖို့ ခက်ခဲနေဦးမှာ။
စုချွမ်တစ်ယောက် ဒီလိုကြီးကြီးမားမားအကွက်ချစီမံထားရခြင်းအကြောင်းရင်းကလည်း သူ့ဆီပြန်ပတ်လာမှာစိုးလို့ပဲ။ အကယ်၍ နည်းပြဆရာသာဖော်ထုတ်ခံရမယ်ဆိုရင် ပထမဦးဆုံးနောက်ကွယ်တရားခံက ပိုင်လန်နဲ့မတည့်တဲ့အစ်ကိုဖြစ်သူ ပိုင်လိဖြစ်လာမှာ။
ဘာကြောင့်ဒီလို အန္တရာယ်များတဲ့အလုပ် ကြံစည်ရသလဲလို့ ပိုင်လိကိုမေးကြမယ်ဆိုရင်ရော .. ပိုင်လန့်ကို နည်းပြဆရာကတစ်ဆင့် သင်ခန်းစာပေးချင်လို့လို့ ပြောလိုက်ရင်ရပြီလေ၊ ရောဂါဖောက်တာတွေ ဘာတွေ မဆိုင်ဘူးမလား။ နောက်ပြီးတော့လည်း ပိုင်လိက ပိုင်လန်ရဲ့ရောဂါကိုလည်း အမှန်တကယ်လုံးလုံးမသိတာကြောင့် နောက်ကွယ်က လုပ်ကြံသတ်ဖြတ်လိုတဲ့တစ်ကယ့်ရည်ရွယ်ချက်ကို ဘယ်သူကများ ရှာဖွေဖော်ထုတ်နိုင်ဦးမှာလဲ။
ဒါဆို သင်ခန်းစာပေးဖို့တစ်ခုအတွက်နဲ့ အကြွေးနွံထဲနစ်နေတဲ့ပိုင်လိက ငွေအများကြီးသုံးတယ်တဲ့လား…. ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးက သူ့ညီအရင်းခေါက်ခေါက်ကို အပြစ်ပေးချင်တဲ့နေရာမှာ လူတွေကတော့ပြောကြမှာပေါ၊့ သူများမိသားစုကိစ္စ ဝင်စွက်ဖက်စရာမလိုဘူးဆိုပြီးတော့လေ။
နောက်ပြီး အချက်တစ်ချက်ရှိသေးတာက အကယ်၍ ပိုင်လိသာ နှိပ်စက်မှုဒဏ်ကို မခံနိုင်ဘဲ သူ့ကိုခိုင်းတဲ့လူကို ဖော်ခဲ့မယ်ဆိုရင်ရော .. ဒီနေရာမှာ အစားဝင်ခံခိုင်းဖို့ စုချွမ်က ချီရှောင်သုန်းကို ဆွဲထည့်ပြီးပါပြီ။
ချီရှောင်သုန်း ပါဝင်လာရတဲ့အကြောင်းရင်းကလည်း ပိုင်လန့်ကိုစိတ်ဝင်စားတဲ့သူရဲ့စိတ်ကို စုချွမ်က အသုံးချခဲ့တာပါ။ သူက ချီရှောင်သုန်းကို သင်ပေးခဲ့တာ။ ပထမတော့ နည်းပြဆရာဆီကတဆင့် ပိုင်လန့်ကိုအရှက်ခွဲခိုင်းမယ်၊ နောက်တော့မှ ချီရှောင်သုန်းကထွက်လာပြီး နည်းပြဆရာကို အရေးယူမယ်၊ ဒါဆိုရင် ပိုင်လန့်ဆီမှာ မျက်နှာကောင်းရနိုင်ပြီလေ။ ဒါကြောင့် ပိုင်လိကိုတွေ့ဆုံငွေပေးခဲ့တဲ့လူတွေက ချီရှောင်သုန်းညွှန်ကြားချက်အရ လုပ်ခဲ့ကြတာပါ။
ဒါကြောင့် စုံစမ်းစစ်ဆေးလိုက်ရင်တောင်မှ ကိစ္စအားလုံးက စုချွမ်နဲ့မပတ်သက်ဘူးလို့ထင်ရတယ်။
ဒါပေမယ့် ချိုးချန်အတွက်တော့ ဒီလိုကွေ့ပတ်လိမ်ကောက်နေတဲ့အကြောင်းရင်းက အရေးမကြီးဘူး၊ တကယ့်မာစတာဘရိန်းက ချွင်းချက်မရှိစုချွမ်ဖြစ်တယ်ဆိုတာပဲ အရေးကြီးတာ။ ဒါဆိုရင် ရပြီ။
ဒါကြောင့် အားလုံးကို စုံစမ်းရှာဖွေလို့အပြီးမှာတော့ ချိုးချန်က ဟုန်ယွိကို သွားရှာခဲ့တယ်။
သူက သွယ်ဝိုက်မနေတော့ဘူး၊ တဲ့တိုးပဲပြောလိုက်တယ် “ကျွန်တော် စုချွမ်ကို နောက်ထပ် ကူညီပေးမှာမဟုတ်တော့ဘူး၊ သူနဲ့ပတ်သက်မှုကို အားလုံးဖြတ်ပစ်လိုက်ပြီ”
အနာဂတ်မှာ ဟုန်ယွိ စုချွမ်ကို ဘာပဲလုပ်လုပ်၊ သူနဲ့ဘာမှမဆိုင်တော့ဘူး။ နောက်ပြီး သူနဲ့ရန်သူမဖြစ်ချင်ရင်လည်း သူ စုချွမ်ကို ဘာလုပ်လုပ် ဟုန်ယွိဝင်မကူညီရဘူး။
ဟုန်ယွိက နားလည်နေသလိုမျိုးနဲ့ ချိုးချန်မျက်နှာကိုကြည့်တယ်၊ ပြီးမှမေးပါတယ် “ဘာလဲ သူ မစ္စတာပိုင်ကို ပြစ်မှားလိုက်ပြန်ပြီလား?”
ချိုးချန်က ဘာမှပြန်မပြောဘူး၊ ဒီနေ့လာရင်းကိစ္စကို ပြောပြီးတာနဲ့ ပြန်ချင်နေပြီလေ။
ဟုန်ယွိက တားလိုက်တယ်။ “ကိုယ့်မှာ အကြံတစ်ခုရှိတယ်” သူက ပြောတယ် “စုချွမ်ကို မစ္စတာပိုင်အရေး နည်းနည်းလေးတောင် ဝင်နှောင့်ယှက်ဖို့အချိန်မရှိစေရဘူး၊ ဘယ်လိုလဲ စမ်းကြည့်ချင်လား”
ချိုးချန်ရဲ့ခြေလှမ်းတွေရပ်သွားတယ်။
ဟုန်ယွိရဲ့မျက်နှာပေါ်မှာ အလွန်တရာပါးလွှာတဲ့အပြုံးလေးတစ်ခုကို ဆင်မြန်းထားတယ်။ စကားပြောနေတဲ့တစ်လျှောက်လုံး သူ့အမူအရာက အဲ့အတိုင်းပဲ။
“မင်းက ငါ့ဆီက အကျိုးအမြတ်အကြီးကြီးတစ်ခုလိုချင်လို့ သူ့ကိုအသုံးချပြီး အလဲအလှယ်လုပ်တယ်လို့ စုချွမ်ကို ပေးထင်လိုက်မယ်၊ ဘယ်လိုသဘောရလဲ”
ချိုးချန်က နောက်ပြန်လှည့်ကြည့်ပြီး မကျေနပ်တဲ့ပုံစံနဲ့ပြောတယ် “ဘာကွာခြားမှာမို့လို့လဲ?”
“ဒီနည်းနဲ့မှ နောက်ပိုင်း သူ ငါ့စကားကောင်းကောင်းနားထောင်မှာပေါ့” ဟုန်ယွိက ပင့်သက်ကိုရှိုက်တယ် “မစ္စတာပိုင်ကိုရန်လုပ်နေတာလည်း နည်းသွားမယ်လေ”
“သူက ယုံပါ့မလား?”
“အပေးအယူတကယ်ရှိတယ်ဆိုရင် ယုံမှာပေါ့၊ အနည်းဆုံးတော့ အရသာရှိတဲ့ကိတ်မုန့်လေး စားခါနီးမှ မှိုတက်နေရင် စိတ်ပျက်လက်ပျက်တော့ဖြစ်သွားမှာပဲ” ဟုန်ယွိက ချိုးချန်ကိုပြုံးပြတယ်။
“…ဒါပေမယ့် သူ နောက်ပိုင်း ခင်ဗျားနားမှာပဲနေတော့မယ်ဆိုရင်တောင် ကျွန်တော်က လွှတ်ထားမှာမဟုတ်ဘူးနော်” ချိုးချန်က သတိပေးသလိုပြောတယ်။
“ငါ့ရဲ့မလှုပ်ရှားနိုင်တဲ့ဒီခန္ဓာကိုယ်ကို ကြည့်စမ်းပါဦး၊ တစ်စုံတစ်ယောက်ကို စောင့်ရှောက်ဖို့ အများကြီးခက်ခဲသွားပါပြီကွာ” ဟုန်ယွိက ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောတယ် “မင်းကြိုက်သလိုလုပ်နိုင်တယ်”
“ကောင်းပြီလေ၊ သူ့ကို အဲ့လိုပဲပြောလိုက်တော့” ချိုးချန်က ခေါင်းကိုပြန်လှည့်ပြီး ထွက်သွားဖို့လုပ်ပြန်တယ်။
ဟုန်ယွိက ထပ်တားပြန်တယ် “ဒါဆိုရင် ကိုယ်တို့တွေ ဘာလဲလှယ်ကြမလဲ ဆွေးနွေးကြစို့လား၊ ဘာတွေလောနေတာလဲ”
ချိုးချန်က နောက်တစ်ကြိမ် နောက်ပြန်လှည့်ပြီး မျက်မှောင်ကျုံ့ကြည့်ပါတယ်။
“အပေးအယူလုပ်ပါတယ်ဆို အကောင်အထည်နဲ့အမှန်တကယ်လဲပြမှ ယုံမှာပေါ့ကွ၊ ဘာလဲ မင်းက အသုံးမချရက်ဘူး ဖြစ်နေတုန်းလား”
ချိုးချန်က ရပ်သွားပြီးမှ အပြုံးလေးနဲ့ပြောလိုက်တယ် “သူ ဘယ်လောက်တန်လဲ ကျွန်တော်သိပ်သိချင်နေပြီ”
***
ပိုင်လန် ဆေးရုံမဆင်းခင်နောက်ဆုံးနေ့က စုချွမ်ရဲ့စာချုပ်ကို ကုမ်ပဏီက မဖျက်သိမ်းမီ ရှေ့တစ်နေ့ဖြစ်ပါတယ်။ ဒီနေ့မှာ ချိုးချန်က ပိုင်လန့်လူနာခန်းထဲ ဝင်လာခဲ့တယ်။
အချိန်က နေ့လည်ဘက်။ ပိုင်လန်က အိပ်ရာပေါ်မှာထိုင်ရင်း ‘ရှုပ်ထွေးနေသောလမ်းမများ’ ဇာတ်ညွန်းကိုဖတ်နေတယ်။
နေ့ခင်းဘက်နေရောင်ခြည်က ပိုင်လန့်စောင်ပေါ်ဖြာကျနေရင်း အိပ်ရာပေါ်ကလူက ဘာမှတောက်တောက်ပပမဝတ်စားထားတောင်မှ သပ်ရပ်လှပပြီးဆွဲဆောင်မှုပြည့်နေတယ်။
ချိုးချန် အခန်းထဲကိုဝင်လာတဲ့အချိန်မှာ ပိုင်လန်က ဇာတ်ညွှန်းစာအုပ်ကိုပိတ်ပြီး မော့ကြည့်တယ် “အကုန်လုံးစီစဉ်လို့ပြီးသွားပြီလား?”
“ဆိုပါတော့၊ မနက်ဖြန် မင်း အလုပ်ပြန်လုပ်လို့ရပြီ” ချိုးချန်က အိပ်ရာပေါ်ဝင်ထိုင်တယ်။
“နည်းပြဆရာရော ဘာဖြစ်သွားလဲ?” ပိုင်လန်က မနေနိုင်မထိုင်နိုင် မေးမိတယ်။
အရင် အန်တီယန်(ရှောင်ဟိုင်ကိုအဆိပ်ခတ်သူ)အရေးအခင်းတုန်းကတော့ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီး သတင်းကြားခဲ့ရသေးတာ။ ဟုတ်တယ်.. ညအမှောင်ထဲပျော်မွေ့တတ်သူဆိုရင်တော့ တစ်ချိန်ချိန်မှာ တစ္ဆေနဲ့တိုးမှာပဲလေ။ အပြစ်လုပ်ထားတာတွေများရင်လည်း ကိုယ့်အလှည့်ကျမနွဲ့စတမ်းပဲ။
ချိုးချန်က မျက်ဝန်းတွေကိုမှေးကျဉ်းလိုက်တယ် “အခုလောလောဆယ်တော့ ဘာမှမလုပ်သေးပါဘူး၊ သူ့ကို အသုံးချဖို့ရှိသေးတယ်”
သူက ဟုန်ယွိနဲ့ပူးပေါင်းချင်ရင်တော့ နည်းပြဆရာနဲ့ပတ်သက်ပြီး အချိန်ခဏလောက် ဘာမှရုတ်ရုတ်သဲသဲလုပ်လို့မရသေးဘူး။
ပိုင်လန်က ခေါင်းညိတ်ပြီး ထပ်ပြောပြန်တယ် “စုချွမ်က ပြည်သူ့အချစ်တော်နော်၊ ချင့်ချင့်ချိန်ချိန်လေးလုပ်ဖို့လို…..”
ချိုးချန်က နောက်ထပ်ဘာစကားမှ မကြားလိုတော့ဘူး။ စကားဆုံးအောင်တောင်မစောင့်ဘဲ နှုတ်ခမ်းတွေနဲ့ ပါးစပ်ပိတ်ပေးလိုက်တယ်။ ပိုင်လန်ကလည်း အလိုတူပါတယ်၊ မျက်လုံးတွေကိုပိတ်၊ နှုတ်ခမ်းကိုဟရင်း ချိုးချန်ကိုဝင်လာခွင့်ပြုလိုက်တယ်။ ခဏကြာတော့ သူ့လက်တွေက ချိုးချန်ရဲ့ကျောပြင်ကျယ်ကြီးကို သိုင်းဖက်လိုက်လေတယ်။
အချိန်အတန်ကြာအောင် ပြင်းပြင်းပြပြ အနမ်းတွေဝေဖြာလို့အပြီးမှာတော့ နှစ်ယောက်သားက အပူတွေစုတက်လာရင်း အိုးနင်းခွက်နင်းဖြစ်ကုန်ကြတယ်။
အနမ်းခန်းကို အရင်ရပ်လိုက်တာ ချိုးချန်ပဲ။ သူက ပိုင်လန်ရဲ့မောဟိုက်လာတဲ့အသက်ရှုသံတွေကိုကြားပြီး ရပ်တန့်လိုက်တာပါ။ သူတို့နှစ်ယောက်ရဲ့ကြားမှာတော့ ပြီးဆုံးကြောင်းသင်္ကေတအဖြစ် ငွေရောင်သွားရည်တွေက အမျှင်တန်းလို့ကျန်ခဲ့တယ်။ ချိုးချန်က သူ့နှုတ်ခမ်းတွေကို လျာနဲ့သပ်လိုက်တယ်။
ဒါပေမယ့် နောက်ခဏကြာတော့ ပိုင်လန်က တက်တက်ကြွကြွနဲ့ နောက်တစ်ကြိမ် အနမ်းခန်းကိုဖွင့်ပြန်တယ်။
ပိုင်လန့်အတွက်တော့ ဦးဆောင်တယ်ဆိုတာ ရှားပါးတဲ့လုပ်ရပ်ပဲ။ ဒါကြောင့် ခုခံမှုကင်းမဲ့နေတဲ့ချိုးချန်ခံတွင်းထဲ အလွယ်တကူဝင်သွားရင်း ရစ်ပတ်ယှက်နွယ်ကာ နောက်တစ်ကြိမ်သွေးဆောင်ဖြားယောင်းပြန်လေတယ်။
ချိုးချန်က ပိုင်လန်ရဲ့မြူဆွယ်မှုကို အတော်ကြီးခက်ခက်ခဲခဲ တွန်းလှန်လိုက်ရတယ်။ သူ့စကားသံတွေတောင် အက်ရှရှနဲ့ဖောက်ပြန်ကုန်တာပေါ့ “တော်ပြီ၊ လျှောက်လုပ်မနေနဲ့တော့”
“လုပ်ကြမလား” ပိုင်လန်က ချိုးချန်လည်ပင်းကိုခိုစီးရင်း မေးစေ့ကို ဆွဲဆောင်မှုရှိရှိ အနမ်းလေးပေးလိုက်တယ်။
နှိုးဆွခံလိုက်ရလို့ တက်ကြွလာတဲ့ချိုးချန်က ဝေခွဲမရဖြစ်သွားပေမယ့်လည်း အဆုံးသတ်မှာတော့ ပိုင်လန့်ကို ခပ်ဝေးဝေးတွန်းထုတ်လိုက်နိုင်တယ်။
ချိုးချန်ရဲ့စိုးရိမ်ပူပန်မှုတွေကို ပိုင်လန်သိပါတယ်။ ဒီကိစ္စကြီးက ဆေးရုံမဆင်းခင် သေချာလေးကိုင်တွယ်ရမယ့် နောက်ဆုံးပြဿနာပဲ။
“ကျွန်တော်က အာသဝေါကုန်ခမ်းနေတာ မဟုတ်ဘူးနော်၊ ခင်ဗျားက ဒီလိုဖြစ်နေရင်တော့ ကျွန်တော်တို့ လမ်းခွဲကြရုံပဲရှိတော့တယ်”
“ဆုတောင်းနေလိုက်!’ ချိုးချန်က ပိုင်လန့်ကို ခပ်တင်းတင်းပြန်ဆွဲယူပြန်ရော။
“ဒါဆို အခု ဒီမှာလုပ်ကြမယ်လေ၊ ဆရာဝန်က ဘေးခန်းမှာရှိတယ်၊ တစ်ခုခုဆို ခေါ်ရပြုရလွယ်တာပေါ့”
“….”
“လူခေါ်ခေါင်းလောင်းမနှိပ်ခင်လေးတော့ ကျွန်တော့်ဘောင်းဘီပြန်ဝတ်ပေးနိုင်တယ်မလား”
ချိုးချန်က တရွရွလျှောက်ပြေးနေတဲ့ပိုင်လန်ရဲ့လက်တွေကို ဖမ်းကိုင်ရင်း လေကိုခပ်ပြင်းပြင်း ရှူသွင်းလိုက်တယ်။
“ပြီးတော့ နောက်ပိုင်းကျရင်လည်း ခင်ဗျားပဲ အားပိုစိုက်ထုတ်ရမယ်နော်၊ ကျွန်တော့်ကို မလှုပ်ရှားခိုင်းနဲ့တော့”
“မင်း-! မင်းကို ဘယ်တုန်းကများ လှုပ်ရှားခိုင်းလို့လဲ!”
“….”
အဲဒိနေ့က ချိုးရှောင်ဟိုင်လေး ကျောင်းဆင်းလို့ဆေးရုံခန်းပြန်ရောက်ခါနီးအထိ အဲဒိအခန်းထဲမှာ တစ်မွန်းလွဲလုံး ဖြစ်ပျက်နေခဲ့တာက (၁၈)နှစ်အောက်မကြည့်ရ ဆင်ဆာပြကွက်တွေချည်းပါပဲ။
…………………