(39) ရိုက်ကွင်းစပြီ
တိုတယ်အနုပညာကုမ်ပဏီကနေ စုချွမ်ရဲ့စာချုပ်ကို ဖျက်သိမ်းလိုက်တဲ့သတင်းက အနုပညာလောကထဲ တောမီးပမာပျံ့နှံ့သွားခဲ့တယ်။ စုချွမ်ရဲ့မန်နေဂျာ လော်ကျန့်အန်းက တိုတယ်ကုမ်ပဏီကို စုချွမ်နဲ့အတူရောက်လာတာ။ ဒါကြောင့် စာချုပ်ဖျက်သိမ်းခံရတဲ့အချိန်မှာ လော်ကျန့်အန်းလည်း အော်တိုမတ်တစ် အလုပ်ပြုတ်သွားခဲ့တယ်။
တိုတယ်အနုပညာက စုချွမ်ကို စာချုပ်ဖျက်သိမ်းရုံတင်မကဘူး ရှိသမျှအလုပ်အားလုံးကိုပါ တစ်ပြိုင်နက်တည်းရပ်ဆိုင်းခဲ့တာပါ။ ဥပမာ ကုမ်ပဏီအနေနဲ့ စုချွမ်အစားလက်ခံပေးထားတဲ့ စပွန်ဆာတွေ ကြော်ငြာတွေအားလုံးကို ဖျက်ပစ်လိုက်တာကြောင့် သရုပ်ဆောင်အသစ်နဲ့အစားထိုးဖို့ ဆွေးနွေးညှိနှိုင်းရင်နှိုင်း၊ ဒါမှမဟုတ် လျော်ကြေးပေးရင် လျော်ကြေးပေး လုပ်ရမှာ။
ကုမ်ပဏီရဲ့အရေးယူမှုက စုချွမ်ရဲ့ပုံရိပ်ကို အများကြီးထိခိုက်စေခဲ့တယ်။ အထူးသဖြင့် ဖျက်သိမ်းရတဲ့အကြောင်းအရင်းကို ကုမ်ပဏီဘက်က တိတိကျကျမဖော်ပြဘဲ တစ်ဖက်သတ်ထုတ်ပြန်ခဲ့လို့ဖြစ်ပါတယ်။
ဒါကြောင့် ဒီမနက်မှာတော့ လော်ကျန့်အန်းရဲ့ပထမထပ်တိုက်ခန်းအပြင်ဘက်မှာ သတင်းထောက်တွေအများကြီး စုပြုံနေခဲ့တယ်။ သူတို့က စုချွမ်နေတဲ့ ဥယျာဉ်ခြံဝင်းအကျယ်ကြီးပါတဲ့ဗီလာမှာ သွားစုရုံးလို့မရပါဘူး။
အခုချိန်မှာ လော်ကျန့်အန်းက ဧည့်ခန်းထဲခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်း တုန်လှုပ်ခြောက်ခြားနေတယ်။
“ဘာတွေဖြစ်ကုန်တာတုန်း အားချွမ်!? သူဌေးချိုးက ရူးသွားပြီလား!? ဘာဖြစ်လို့ငါက တစ်စိလေးတောင်မသိရတာတုန်း! မဟုတ်မှလွဲရော သူဌေးဟုန်လုပ်တာလား၊ သူက ကုမ်ပဏီကို အကျပ်ကိုင်ပြီးလုပ်ခိုင်းလိုက်တာလား!?”
ဖုန်းလိုင်းရဲ့အခြားတစ်ဖက်မှာတော့ ဘာစကားသံမှ ထွက်မလာဘူး။
“တစ်ခုခုဖြစ်ရင်လည်း တောင်းပန်ပါတယ် ငါ့ကိုအသိလေးဘာလေးပေးပါဦး! ဒါမှငါလည်းကြိုတင်ပြင်ဆင်ထားလို့ရမှာပေါ့! မန်နေဂျာဖြစ်တဲ့ငါက နောက်ဆုံးမှသိရတယ်ဆိုတာဖြစ်သင့်လား! အခုလေးတင် ဖန်းဟွာကငါ့ကိုဖုန်းဆက်တယ်၊ အကြောင်းပြချက်ပေးစရာမရှိဘူးတဲ့၊ စာချုပ်အတိုင်းပဲသွားကြမယ်ဆိုပြီး သုံးရက်အတွင်းလျော်ကြေးငွေပြန်အမ်းမယ်လို့ပြောနေတယ်! သူပြောတဲ့သဘောအတိုင်းဆိုရင် အကုန်လုံးသေချာသွားလို့ နောက်ပြန်လှည့်လို့မရတော့ဘူးမလား!?” လော်ကျန့်အန်းက အလွန်အကျွံဒေါသထွက်နေပြီး တစ်ပြိုင်နက်တည်းမှာပဲ တုန်လှုပ်ခြောက်ခြားနေတယ် “မင်း သူဌေးချိုးနဲ့အခြေအနေကောင်းတယ် မဟုတ်ဘူးလား၊ ပြောစမ်းပါ ဘာတွေဖြစ်ကုန်တာတုန်း.. ဟင်!?”
“ရှုပ်ထွေးနေသောလမ်းမများဇာတ်လမ်းတွဲအခြေအနေကို တစ်ချက်သွားပြီး စုံစမ်းပေးစမ်းပါ၊ တစ်ခုခုဘာထူးခြားတာများရှိလဲလို့၊ အထူးသဖြင့် မတော်တဆဖြစ်တဲ့လူများရှိလား သွားကြည့်ပေးစမ်းပါ”
နောက်ဆုံးတော့ လော်ကျန့်အန်းက ဖုန်းထဲကနေ စုချွမ်ရဲ့အသံကိုကြားလိုက်ရပြီ။ အသံက တည်ငြိမ်နေဆဲပါပဲ။
“ရှုပ်ထွေးနေသောလမ်းမများ!? အခုချိန်မှာ မင်း အဲ့ကားအကြောင်းစဉ်းစားဖို့အချိန်ရှိသေးလား!?” လော်ကျန့်အန်းက ပျာယာခတ်နေပြီး အသံကိုတောင်မထိန်းချုပ်နိုင်ဘူး။ “မင်းစာချုပ်က အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းခံလိုက်ရတာ! အဲ့ဒါ လမ်းပေါ်မှာ သွားထိုင်နေတော့လို့ ပြောလိုက်တာနဲ့ အတူတူပဲကွ! အကုန်လုံးကလည်းစောင့်ကြည့်နေကြတာ၊ ရှေ့ဆက်ဘာလုပ်ရမလဲ တိုင်ပင်နေမယ့်အချိန်….”
“အချိန်တွေလာဖြုန်းမနေနဲ့၊ သွားစုံစမ်းလို့ပြောနေရင် စုံစမ်းလိုက်လေ!” စုချွမ်က ရုတ်တရက်ကြီး လေသံမာမာနဲ့ထအော်တယ် “အကြောင်းရင်းကို သိရမှဖြစ်မယ်၊ အခုချက်ချင်းသွားလိုက်တော့! ဒီနေ့နေ့လည်မတိုင်ခင် အကြောင်းပြန်တာပဲလိုချင်တယ်”
“ဘာ!? ဒါဆို ဒီသတင်းထောက်တွေကို ဘာလုပ်လိုက်ရမှာတုန်း?” အပြောခံလိုက်ရတဲ့လော်ကျန့်အန်းလည်း ဒေါသတွေကို မထိန်းနိုင်တော့ဘူး “ဘာလို့ငါပဲ ဆွံ့အနားမကြားလိုဖြစ်နေရမှာတုန်း! ငါက ဘယ်လိုလုပ်သွားစုံစမ်းလို့ရမှာလဲကွ?”
“ခင်ဗျားကမန်နေဂျာလား ကျုပ်ကမန်နေဂျာလား?” စုချွမ်က စိတ်မရှည်တော့ဘူး “ကိစ္စသေးသေးလေးတွေတောင် လိုက်ပြောနေရမှာလား?”
လော်ကျန့်အန်းက စိတ်ထဲမှာ “ဖာခ့်!” ဆိုပြီး ဆဲရေးတိုင်းထွာပြီးနေပြီ။ ဒါပေမယ့် လျာဖျားရောက်လုဆဲဆဲစကားလုံးတွေကိုတော့ ပြန်မြိုချလိုက်ပြီးမှပြောလိုက်တယ် “ပြီးရော..မင်းနေမကောင်းလို့ ရက်အနည်းငယ်လောက်အိမ်မှာအနားယူနေရတယ်လို့ပြောလိုက်မယ်၊ မင်းလည်း ဖုန်းတွေမကိုင်နဲ့၊ ဒါပေမယ့် အချိန်ဆွဲလို့မရဘူးဆိုတာတော့ မင်းသိတယ်နော်၊ မနက်ဖြန်လောက် တရားဝင်ဖြေရှင်းချက်ပေးမှရမှာ၊ အဲ့တော့ မင်းဒီညအဖြေရှာထားပြီး ငါ့ကိုရှင်းပြဖို့သာ….”
ဒီအချိန်မှာ လော်ကျန့်အန်းက ဖုန်းချခံလိုက်ရတယ်။ ဒါပေမယ့် သူ့မှာဆဲဆိုနေဖို့တောင် အချိန်မရှိဘူး၊ စိတ်ပျက်ပျက်နဲ့ပဲ မျက်နှာကိုပွတ်လိုက်ပြီး ဖုန်းကိုဖွင့်ကာ ဟိုဟိုဒီဒီခေါ်နေရလေတယ်။ ဘာပဲပြောပြော ရုပ်ရှင်ဘုရင်ကြီးရဲ့မန်နေဂျာဖြစ်ရတာလည်း သည်းခံစိတ်တွေကို ဆွဲဆန့်ထားမှဖြစ်မှာကိုး။
***
အခြားတစ်ဖက်မှာတော့ စုချွမ်က သူ့ဗီလာထဲမှာရှိနေရင်း ချိုးချန်ဖုန်းကို နောက်တစ်ကြိမ်ခေါ်ပြန်တယ်။
မတိုင်မီကလိုပဲ “ဒီ”ခနဲအသံမြည်ပြီး အသံချန်ထားခဲ့နိုင်ပါတယ်ဆိုတဲ့လုပ်ဆောင်ချက်ထဲ ချက်ချင်းရောက်သွားတာပဲ။
ဒီမနက်မှာ စုချွမ်က အသံမက်စေ့ချ် အခါ(၂၀)လောက်ပို့ပြီးနေပြီ၊ ဒါပေမယ့် ချိုးချန်ဆီက ပြန်စာလေးတစ်ခုတစ်လေတောင် မလာဘူး။
ကြည့်ရတာ သူ့ဖုန်းကို ပယ်ဖျက်စာရင်းသွင်းလိုက်ပုံရတယ်။ ဒီနည်းလမ်းနဲ့တော့ ဆက်သွယ်လို့မရတော့တာသေချာတယ်။
စုချွမ်ရဲ့အခြေအနေက သိပ်ကောင်းမနေဘူး၊ သူက ဖုန်းထဲကကြားနေတဲ့ အမျိုးသမီးအသံကို ချလိုက်ရင်း အိမ်ဖုန်းနဲ့ပြောင်းခေါ်ပြန်တယ်။ တုန့်ပြန်မှုက အတူတူပဲ။ အမျိုးသမီးအသံပဲထပ်ကြားရတာပဲ။ စုချွမ်က ကိုယ့်ကိုကိုယ်မထိန်းနိုင်တော့ဘဲ ဖုန်းကို ကြမ်းပြင်ပေါ်ပေါက်ခွဲလိုက်တယ်။
“ခွပ်!!!”
သူ့ပုံစံက ဒီမနက် ဖုန်းထဲကနေကြားခဲ့ရတဲ့ ဟုန်ယွိရဲ့စောင်းပါရိပ်ခြည်ပြောဆိုသံတွေအားလုံးကိုပါ ချေမွပစ်လိုက်ချင်ပုံပါပဲ။
“… ကိုယ် မစ္စတာချိုးနဲ့ အရမ်းကို အကျိုးအမြတ်ရှိမယ့် သဘောတူညီချက်တစ်ခုလုပ်ခဲ့တယ်”
“ကိုယ်တို့သာပူးပေါင်းလိုက်မယ်ဆိုရင် အန်းကျင့်လုပ်ငန်းစုက မှတ်တိုင်အသစ်စိုက်ထူလိုက်နိုင်မှာပဲ၊ အခုအခြေအနေထက်ပိုပြီး အများကြီးမြင့်မားသွားလိမ့်မယ်”
“မစ္စတာချိုးက တကယ့်ကိုရည်မှန်းချက်ကြီးပြီး သတ္တိရှိတဲ့လူငယ်လေးပဲ၊ သူက လူတွေပြောကြသလိုပဲ ရေရှည်အကြီးကြီးကိုလည်း မြင်တတ်တယ်၊ ဘယ်အရာက အရေးပါတယ်ဆိုတာကိုလည်း နားလည်တယ်၊ အသုံးမဝင်တော့တဲ့အရာတွေကို စွန့်လွှတ်ရမယ်ဆိုတာကိုလည်း သိတယ်…..”
စုချွမ်က မျက်လုံးတွေကိုပိတ်လိုက်ပြီး နားထဲမှာကြားနေရတဲ့အသံတွေကိုဖျောက်ဖျက်ရင်း တည်ငြိမ်အောင်ထိန်းချုပ်နေရတယ်။ ပြီးမှ နောက်ဖုန်းတစ်လုံးကို ထပ်ခေါ်လိုက်တယ်။
ဖုန်းမြည်သံအနည်းငယ်ကြားပြီးနောက်မှာ ဝမ်ယွင်က ဖုန်းဖြေပါတယ်။
“ပိုင်လန်နေမကောင်းတဲ့ကိစ္စ အားချန်ကို မင်းပြောလိုက်တာလား?” စုချွမ်က အာလာပသလာပ မဆိုဘဲ လိုရင်းကိုတိုက်ရိုက်မေးတယ်။
ဝမ်ယွင်က ခဏလောက်ရပ်သွားပြီးမှ ပြန်ပြောပါတယ် “မင်းပဲ ငါ့ကိုမပြောနဲ့ဆို၊ အားချွမ်.. ငါ ဒီနေ့မနက်သတင်းစာမှာတွေ့လိုက်တယ် မင်းတို့ဘာတွေဖြစ်….”
“မင်းတကယ်မပြောတာလား!?” စုချွမ်က စိတ်မရှည်တဲ့ပုံနဲ့ စကားဖြတ်ပြောတယ်။
“…..မပြောဘူး” ဝမ်ယွင်က ငြင်းပါတယ်။
“ဒါဆို ငါသိနေတယ်လို့လည်း အားချန်ကို ပြောလိုက်သေးလား?” စုချွမ်က ချက်ချင်းပဲ ကောက်မေးလိုက်တယ်။
“…. မပြောပါဘူး” ဝမ်ယွင်ရဲ့အသံက နည်းနည်းတော့ မာနေတယ် “အားချွမ် မင်းနဲ့အားချန် ဘာတွေဖြစ်နေတာတုန်း? သတင်းတွေက ဘာတွေလဲ?”
“ဘာမှမဟုတ်ဘူး၊ နားလည်မှုလွဲတာပါ” စုချွမ်က စိတ်ချသွားသလို သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်တယ်။ သူ့အသံက နည်းနည်လေးတော့ တည်ငြိမ်သွားလေရဲ့ “မှတ်ထားနော်၊ ဘာပဲဖြစ်ဖြစ် ပိုင်လန့်အကြောင်းကို မင်းငါ့ကိုဖောက်သည်ချတာလို့ ဘယ်သူ့ကိုမှသွားမပြောမိစေနဲ့၊ ပြောလိုက်လို့ကတော့ အားချန်က မင်းကိုသေချာပေါက် လက်စားချေမှာ”
ဝမ်ယွင်ရဲ့အသံက အလေးအနက်ဖြစ်လာတယ် “သူက ကမူးရူးထိုး လျှောက်လုပ်တတ်တဲ့လူ မဟုတ်ပါဘူး”
“ဒါကြောင့် ငါက စိုးရိမ်နေတာလေ၊ ဒီကြားထဲမှာ တစ်ခုခုနားလည်မှုလွဲတာတော့ ရှိရမယ်” စုချွမ်က တောင်းဆိုတဲ့လေသံလေးနဲ့ပြောလိုက်တယ် “အားယွင် .. မင်း အားချန်ကို ငါနဲ့တွေ့ဖို့ပြောပေးပါလားဟင်၊ ငါ သူ့ဖုန်းကို ဆက်လို့ကိုမရဘူး”
“ငါသူ့ကိုအခုချိန် ချိန်းရင် ဘာအတွက်လဲဆိုတာ သူသိမှာပဲဟာကို”
“ဒါပေမယ့်လည်း မင်းကြိုးစားပေးလို့မရဘူးလားဟင်? မင်းပဲ ငါ့ကိုကူညီမယ်ဆို”
“…. သူ ငါ့ဖုန်းကိုကိုင်မယ်ဆိုရင်တော့ ငါပြောပေးပါ့မယ်”
“ကျေးဇူးပါကွာ! မင်း ငါ့အတွက်လုပ်ပေးတာတွေ ငါမှတ်ထားပေးမှာပါ ..အားယွင်”
***
ဖုန်းချလို့အပြီးမှာတော့ ဝမ်ယွင်က ချက်ချင်းပဲစက်ကိုပိတ်ရင်း စားပွဲပေါ်ကဘောပင်ထည့်ခွက်ကို ကောက်ကိုင်ကာ ဘေးနားချထားတဲ့ကတ်ထူပုံးထဲ ပြောင်းထည့်လိုက်တယ်။
ဒါက သူထုတ်ပိုးသိမ်းဆည်းရမယ့် နောက်ဆုံးတစ်ခုပါ။
ပြီးနောက်မှာတော့ ခေါင်းကိုမော့ပြီး ရုံးခန်းထဲကို နောက်ထပ်တစ်ကြိမ်လှည့်ပတ်ကြည့်လိုက်တယ်။ ဒီရုံးခန်းထဲမှာ သူနေခဲ့တာ ရက်ပိုင်းလောက်ပဲရှိသေးတယ်။
သူ့ဘဝရဲ့ရည်မှန်းချက်၊ နှစ်ပေါင်းများစွာ အလုပ်လုပ်လာရတဲ့ပန်းတိုင်က အကောင်းဆုံးဆေးရုံမှာ အခက်ခဲဆုံးရောဂါတွေကို ကုသပေးနိုင်ဖို့ပါ။
ဒီလိုမှပဲ သူ့သူငယ်ချင်းသုံးယောက်ကြားမှာ ဝင်ဆန့်နိုင်မှာ။ သူလည်းပဲ ကိုယ်ပိုင်အရှိန်အဝါနဲ့တောက်ပနိုင်မှာ။
ဒါပေမယ့်ရှက်စရာကောင်းတာက ကနဦးဆရာဝန်တစ်ယောက်ရဲ့ရည်ရွယ်ချက်တွေကိုမေ့ပစ်ပြီး လိုချင်လွန်းအားကြီးသွားတာကြောင့် ဆေးပညာကျင့်ဝတ်တွေကို လျစ်လှူရှုမိသွားတယ်။
လင်ကုန်းချန်ရဲ့ဒေါသတကြီးဆူဆဲသံတွေက အခုထိသူ့နားထဲမှာမထွက်သေးဘူး။ ကယ်တင်ခြင်းနဲ့ဒုက္ခပေးခြင်းရဲ့ကြားမှာ သူ့အတွေးတစ်ချက်ပဲ လိုတာပါ။
သူ့ပုံစံက ရေရှည်ကိုမတွေးဘဲ မျက်စိရှေ့ကငါးစားသေးသေးလေးကိုသာ ဟပ်လိုက်မိသလိုပဲ။ မှားခဲ့ပြီးမှတော့ ဒီနေရာမှာထိုင်ဖို့ဆိုတာ လုံးဝမထိုက်တန်တော့တဲ့အရာဖြစ်သွားပြီ။
ကံကောင်းတာတစ်ခုက သူ့မှာပြန်လည်စတင်ဖို့အခွင့်အရေးရှိသေးတယ်။ သူက ဘယ်တော့မှပြန်လှည့်လို့မရလောက်တဲ့အမှားမျိုး ကျူးလွန်မှာတော့ မဟုတ်ဘူး။
ဝမ်ယွင်ကကတ်ထူပုံးကို မ ရင်း စိတ်လက်ပေ့ါပါးစွာနဲ့ရုံးခန်းထဲက ထွက်လာခဲ့ပါတယ်။
***
တိုတယ်ကုမ်ပဏီက စုချွမ်ရဲ့စာချုပ်ကိုဖျက်သိမ်းလိုက်ပြီးနောက်တစ်နေ့မှာတော့ ရှုပ်ထွေးနေသောလမ်းမများဇာတ်လမ်းတွဲရဲ့ ဖွင့်ပွဲအခမ်းအနားကို ရောက်လာတယ်။
ဒီနေ့မှာတော့ အနုပညာသတင်းထောက်တွေရဲ့ (၈၀)%လောက်က အခမ်းအနားကိုလာကြတယ်။ အကြောင်းရင်းကတော့ ဇာတ်လမ်းတွဲထဲ အနည်းငယ်ပါဝင်သရုပ်ဆောင်မယ့် စုချွမ်ကိုတွေ့ရဖို့ အခွင့်အရေးများ ရမလားလို့ပါ။ ပွဲအခမ်းအနားမှာတက်ရောက်မယ့်လူစာရင်းကိုလည်း ပြီးခဲ့တဲ့လဝက်လောက်ကတည်းက ထုတ်ပြန်ခဲ့ပြီး အဲ့ဒိစာရင်းထဲမှာ စုချွမ်လည်း ပါဝင်ပါတယ်။
ဒါပေမယ့် စုချွမ်လာမှာမဟုတ်လောက်ဘူးလို့လည်း အားလုံးကသိရှိကြပါတယ်။
စုချွမ်ရဲ့ပျက်ကွက်မှုအတွက်ကြောင့်ပဲ သူနဲ့ကုမ်ပဏီချင်းတူတဲ့အနုပညာရှင်ပိုင်လန်က ဒီအခမ်းအနားရဲ့ အာရုံစိုက်စရာဖြစ်လာတယ်။ ဒိအတွက် ပိုင်လန်ရဲ့အဖြေကတော့ “ကျွန်တော်မပြောတတ်ပါဘူးခင်ဗျာ” တစ်ခွန်းတည်းပဲ။ ဒါကြောင့် ဇာတ်ကားအကြောင်းနဲ့မသက်ဆိုင်တဲ့အခြားအရာတွေမေးရင် ပွဲကထွက်ရပါလိမ့်မယ်လို့ အစီအစဉ်တင်ဆက်သူလည်း ရွေးချယ်စရာမရှိ သတိပေးလိုက်ရတော့တယ်။
အစီအစဉ်တင်ဆက်သူက ဒီစကားကိုပြောနေတဲ့အချိန်မှာ ဇာတ်လမ်းရဲ့အဓိကသရုပ်ဆောင်တွေက စတိတ်စင်ပေါ်ကစားပွဲရှည်တစ်လုံးမှာ တန်းစီပြီးထိုင်နေတယ်။
ပိုင်လန့်ဘေးနားမှာထိုင်နေတဲ့စွင်းရှီပင်းက အနားကပ်လာရင်း ခပ်တိုးတိုးခိုးပြောလိုက်ပါတယ် “ဟေး..မင်းတို့ကုမ်ပဏီမှာ ဘာတွေဖြစ်နေတာလဲ? ငါ့လည်းပြောပြပါဦး?”
ဒါပေမယ့် သူမေ့သွားက သူ့လည်ပင်းကော်လံမှာ မိုက်ခရိုဖုန်းတပ်ထားတယ်ဆိုတာကိုပါ။ ဒါကြောင့် လေသံလေးနဲ့ကပ်မေးလိုက်တာက လေသံကြီးနဲ့အော်ကြီးဟစ်ကျယ်မေးလိုက်တာမျိုး ဖြစ်သွားတယ်။
အစီအစဉ်တင်ဆက်သူရဲ့မျက်နှာတစ်ခုလုံး ပုတ်ပွသွားလေရဲ့။ ပြီးတော့ နောက်ကျောဓါးနဲ့ထိုးခံရသလိုမျိုး ခပ်စူးစူးလှည့်ကြည့်တယ်။
သတင်းသမားတွေအကုန်လုံးရဲ့အာရုံက ချက်ချင်းပဲ စွင်းရှီပင်းဆီရောက်လာတယ်။
အရပ်ရှည်ရှည် ဘော်ဒီတောင့်တောင့်နဲ့ ကြည်လင်ရွှင်ပျနေတဲ့စွင်းရှီပင်းက သူ့အမှားအတွက် ချက်ချင်းပဲတောင်းပန်လိုက်ပါတယ်။ သူ့ကိုယ်သူ ခပ်ကျယ်ကျယ်ရယ်မောလိုက်ပြီး လည်ချောင်းတစ်ချက်ရှင်းလိုက်ကာ မျက်နှာပိုးပြန်သတ်ရင်း သတင်းသမားတွေကို ကြည့်နေပါတယ်။ သူက အစီအစဉ်တင်ဆက်သူရဲ့လူသတ်ချင်စိတ်ပေါက်နေတဲ့မျက်နှာကို တွေ့လိုက်တဲ့အခါမှာတော့ ‘ဆက်ပြောပါ’ ဆိုတဲ့အမူအရာကိုလုပ်ပြလိုက်တယ်။
ဒီအချိန်မှာ ပိုင်လန်က စိတ်ကောင်းနှလုံးကောင်းရှိပြီးအေးဆေးလွတ်လပ်တယ်ဆိုတဲ့ စွင်းရှီပင်းရဲ့ အရင်ဘဝကအကြောင်းတွေကို ပြန်သတိရမိတယ်။ ဒါပေမယ့် ဒါတွေက အမှန်လားအမှားလားဆိုတာတော့ သူမသိဘူး။ ပိုင်လန်က ဟိုသည်ကြည့်ရင်း တစ်ဖက်မှာမတ်တပ်ရပ်နေတဲ့ စွင်းရှီပင်းရဲ့မန်နေဂျာကို မြင်မိတယ်။ သူ့ပုံစံကလည်း အစီအစဉ်တင်ဆက်သူလိုပဲ သတ်ဖြတ်ချင်စိတ်ပေါက်နေတဲ့မျက်လုံးတွေနဲ့ စွင်းရှီပင်းကိုစိုက်ကြည့်နေလေရဲ့။ သူ့ကလေးကို ပေါက်တက်ကရမလုပ်ဖို့ အဝေးကတင်အကြည့်နဲ့လှမ်းသတိပေးနေတဲ့ မိဘတစ်ယောက်လိုမျိုးပေါ့။
ပိုင်လန်က စိတ်ထဲမှာရယ်နေမိတယ်။ စွင်းရှီပင်းရဲ့အေးဆေးလွတ်လပ်တယ်ဆိုတဲ့ပုံရိပ်ကို အခုတော့သဘောပေါက်သွားပြီ။ သူက အေးဆေးတည်ငြိမ်ပေါ့ပါးလွတ်လပ်နေတာမဟုတ်ဘူး၊ ကလေးဆန်ဆန်ပြုမူနေတာ။ ကလေးအတွေးပဲရှိသေးတာ။ ဒါပေမယ့် ဒီလိုလူမျိုးနဲ့အပေါင်းအသင်းလုပ်ရတာက လက်သည်းဖွက်ထားတဲ့ကျားထက်စာရင်တော့ အများကြီးကောင်းပါတယ်။
အစီအစဉ်တင်ဆက်သူက အခမ်းအနားကိုအောင်အောင်မြင်မြင်ထိန်းချုပ်လိုက်နိုင်ပြီးမှာ ဇာတ်ကားရဲ့ ဇာတ်လမ်းကျောရိုးကို စတင်မိတ်ဆက်ပေးပါတယ်။ ဇာတ်လမ်းအကြောင်းအရာအတိုချုပ်ကိုလည်း လက်ကမ်းစာစောင်တွေမှာဖော်ပြခဲ့ပြီးပါပြီ။ ဒီအချိန် စင်အောက်မှာရှိတဲ့သတင်းသမားတစ်ယောက်က ရုတ်တရက်မတ်တပ်ထရပ်တယ်။ သူက ဂယောက်ဂယက်ပုံစံနဲ့ ဘယ်ရောက်နေမှန်းတောင် သတိမထားမိတော့သလို ဖုန်းကိုကိုင်ထားရင်းအကျယ်ကြီးအော်ပြောတယ် “ဘာ!? အခု စုချွမ်က တိုတယ်အင်တာတိန်းမန့်ရှေ့မှာရောက်နေတယ်?! အခုလား!?”
သတင်းသမားတွေအကုန်လုံးက ပွက်လောရိုက်ကုန်ကြတယ်။ ချက်ချင်းပဲ တော်တော်များများက အပြင်ဘက်ကိုပြေးထွက်သွားကြတယ်။ လူတွေကထွက်ဖို့ကြိုးစားကြတာကြောင့် ခုံတန်းတွေမှာ ကျပ်ညပ်ကုန်ပြီး စက္ကန့်အနည်းငယ်အကြာမှာတော့ ပရိသတ်သုံးပုံနှစ်ပုံလောက်က ထွက်သွားကြလေတယ်။
ဒီအခြေအနေမှာ အစီအစဉ်တင်ဆက်သူက ဘာဆက်လုပ်ရမှန်းမသိတော့ဘူး၊ ပါးစပ်အဟောင်းသားနဲ့ပဲ ကျန်ခဲ့တယ်။ ဒါပေမယ့် သူ မထင်လိုက်တာက အထွက်သာရှိပြီး ဘယ်သူမှပြန်မဝင်လာတဲ့ ဝင်ပေါက်တံခါးဝမှာ တစ်ယောက်ယောက် အမှန်တကယ်ကြီးပေါ်ထွက်လာမယ်လိုပေါ့။ အရပ်ရှည်ရှည်ခပ်တောင့်တောင့်လူတစ်ယောက်က တံခါးပေါက်ဝကနေ အေးအေးလူလူအခန်းထဲဝင်လာတယ်။ သူက သူ့ကိုယ်သူပြန်ပြောနေသလိုမျိုး ပြောနေတယ် “ဘယ်နှယ့်လူအများကြီးထွက်သွားကြပါလိမ့်? ဖွင့်ပွဲပြီးသွားပြီလား?”
ပိုင်လန်က ကြောင်အသွားတယ်။ ပြီးတော့မှ ပြုံးချင်စိတ်တွေကို မဖုံးနိုင်မဖိနိုင် နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ကွေးသွားလေတယ်။
သတင်းသမားဆယ်ယောက်လောက်က လှည့်ကြည့်ကြတယ်။ အမူအရာတွေလည်း ထူးထူးဆန်းဆန်းဖြစ်သွားကြတယ်လေ။ အကြောင်းရင်းကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ သတင်းတွေရဲ့အဓိကဇာတ်လိုက်၊ တိုတယ်အနုပညာကုမ်ပဏီရဲ့သူဌေးကြီးဖြစ်သူ ချိုးချန်ကိုယ်၌က ဘာကိုမှဂရုမစိုက်သလိုမျိုး သက်တောင့်သက်သာပုံစံမျိုးနဲ့ အခန်းထဲဝင်လာတာကြောင့်ပါ။ သူက ခေါင်းပေါ်မှာတပ်ထားတဲ့နေကာမျက်မှန်ကိုချွတ်လိုက်တယ်။
ချိုးချန်အမူအရာက လုံးဝကြီးအံ့အားသင့်နေပုံရတယ်။ သူက စင်ပေါ်ကြည့်လိုက်ပြီး ပရိသတ်တွေဘက်ကို ပြန်လှည့်ကြည့်တယ်။ ပြီးတော့မှ စင်နဲ့နီးတဲ့ အရှေ့ပိုင်းနားမှာဝင်ထိုင်ပြီး ဘေးက သတင်းထောက်ကို မေးလိုက်တယ် “ဟေ့.. အခမ်းအနားပြီးသွားပြီလား?”
အလွန်ငယ်ရွယ်ပုံရတဲ့သတင်းထောက်လေးကတော့ ဝမ်းသာလုံးဆို့ပြီး စကားတွေတောင်ထစ်တယ် “မ မ မ မပြီးသေးပါဘူး”
ပွဲထဲမှာကျန်ခဲ့တဲ့သတင်းထောက်တွေက မနေနိုင်မထိုင်နိုင်ဖြစ်ကုန်ကြပြီ။ သူတို့က တိတ်တိတ်လေး ဖုန်းကိုထုတ်ပြီး စာတိုပို့ကာ သတင်းလွှင့်ဖို့ကြိုးစားကြတယ်။
အစီအစဉ်တင်ဆက်သူက ဒီထက်ပိုကြာကြာ အံ့သြမနေနိုင်တော့ဘူး။ သူက အော်လိုက်ရပါတယ် “ဖုန်းအသုံးပြုနေတဲ့လူတွေ အပြင်ထွက်သွားပေးကြပါခင်ဗျာ၊ အစီအစဉ် ပြန်ဆက်ပါမယ်!”
***
ဒီအချိန်မှာတော့ စုချွမ်က ကုမ်ပဏီထဲက သူ့ကိုယ်ပိုင်ရုံးခန်းထဲကိုခေါ်သွားခံရတယ်။ သူ့နဂိုအတွင်းရေးမှူးက ကော်ဖီတစ်ခွက်လာချပေးရင်း ခဏလောက်စောင့်ပါလို့ပြောတယ်။ ဒါကြောင့် စုချွမ်လည်း တွေ့ချင်တဲ့လူကိုတွေ့နိုင်ဖို့ ချွင်းချက်မရှိ စောင့်ဖို့ရာသာတတ်နိုင်ပါတော့တယ်။
…………………..