(40) တုန့်ပြန်လက်စားချေခြင်း
‘ရှုပ်ထွေးနေသောလမ်းမများ’ ဖွင့်ပွဲအခမ်းအနားပြီးဆုံးတဲ့အချိန်မှာ ညနေ နေစောင်းချိန် ကျော်လွန်လာပြီဖြစ်တယ်။
ချိုးချန်က အပေါ်ဝတ်ဂျတ်ကတ်အင်္ကျီကို ကောက်ဝတ်လိုက်ရင်း ထိုင်ခုံပေါ်ကထလိုက်တယ်။ မိုက်ခရိုဖုန်းပင်လယ်ကြီးက သူ့ဘေးနားမှာချက်ချင်းပဲစုပြုံလာတာပေါ့။ မတိုင်မီလေးတင် အစီအစဉ်တင်ဆက်သူရဲ့ ဝုန်းဒိုင်းကျဲမှုကြောင့် အခမ်းအနားပြီးဆုံးတဲ့အထိ တစ်ယောက်မှတုတ်တုတ်မလှုပ်ရဲခဲ့တာ၊ အခုတော့ ပွဲပြီးလျှင်ပြီးချင်းပဲ စုပြုံတိုးဝှေ့လာကြတယ်။
တဖြတ်ဖြတ်မီးရောင်တွေရဲ့အောက်မှာ သတင်းသမားတွေအားလုံးက မိုက်ခရိုဖုန်းတွေရှေ့တိုးပေးရင်း မေးခွန်းတွေတစ်ယောက်တစ်ပေါက်စတင်ကြလေတယ်။
“မစ္စတာချိုး.. ဒီနေ့တက်ရောက်တဲ့အကြောင်းရင်းလေးသိပါရစေ! အစောကြီးကတည်းက စီစဉ်ထားတာလားသိပါရစေ!?”
“မစ္စတာစုက အစောကြီးကတည်းက တိုတယ်အင်တာတိန်းမန့်မှာရောက်နေတာ မစ္စတာချိုးသိပါသလား? ဒါမှမဟုတ် တမင်သက်သက်ရှောင်နေတာလား!?”
“တိုတယ်အင်တာတိန်းမန့်က မစ္စတာစုရဲ့စာချုပ်ကိုဖျက်သိမ်းရတဲ့အကြောင်းရင်းလေး ပြောပြလို့ရမလား၊ မစ္စတာချိုး.. ကျွန်တော်တို့ကိုဖြေရှင်းချက်များ မပေးချင်ဘူးလား!?”
“နောက်ပြီး အလုပ်တွေအားလုံးကိုလည်း ဘာကြောင့်ဖျက်သိမ်းလိုက်တာပါလဲ!? မစ္စတာစုက အမှားလုပ်မိလို့လား!? အခြေအနေအရမ်းဆိုးနေလား တစ်ချက်ပြောပေးပါ!?”
“မစ္စတာချိုးနဲ့မစ္စတာစုက ရင်းနှီးကြတယ်မဟုတ်ဘူးလား!? ဒီလိုဖျက်သိမ်းလိုက်တော့ သူငယ်ချင်းသံယောဇဉ်ကိုများ ထိခိုက်နိုင်ပါသလား!?”
“နှစ်ကုန်ဧည့်ခံပွဲတုန်းက ကုမ်ပဏီကလူတွေပြောကြတာ ခင်ဗျားတို့နှစ်ယောက်က အရမ်းရင်းနှီးတယ်တဲ့၊ အဲ့ဒါ သရုပ်ဆောင်နေတာပါလား သိပါရစေ?”
ပတ်ပတ်လည်က မိုက်ခရိုဖုန်းတွေက တအားနီးကပ်နေတာ ချိုးချန်ရဲ့မေးစေ့ကိုတောင် ဝင်တိုက်တော့မလိုပဲ။ ဒါပေမယ့် သူကတော့ အေးအေးလူလူရှိလှတဲ့ပုံစံနဲ့ ဘာမှမသိသလိုမျိုး တစ်ချက်ကောက်မေးလိုက်တယ် “သြော် ..စုချွမ် ဒီနေ့ ကုမ်ပဏီကိုလာတယ်လား? သူ့ပစ္စည်းတွေလာသိမ်းတာဖြစ်မှာပါ”
ဒီတုန့်ပြန်စကားက သတင်းသမားတွေကြားထဲ ဆော်သြလိုက်သလိုပဲ! နောက်ဆုံးတော့ သူတို့က ဒီကိစ္စကြီးကိုပြောပြမယ့်သူ တွေ့သွားပြီလေ!!
ဒီအချိန်မှာ အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့ သတင်းကင်မရာတွေပါ ချိုးချန်ဘက်ကိုစုပြုံလှည့်လာကြတယ်။
“ဒါဆို မစ္စတာချိုးက မစ္စတာစုရောက်လာတယ်ဆိုတာ မသိဘူးပေါ့!? ဘယ်သူမှ မပြောပြကြဘူးပေါ့!? ဒါက သိပ်မဟုတ်သလိုပဲ မစ္စတာချိုး!”
“ဖျက်သိမ်းရတဲ့အကြောင်းရင်းကို ပြောပြလို့ရမလား!! မစ္စတာချိုးရေ အသေးစိတ်သိလို့ရမလား!?”
“တိုတယ်အင်တာတိန်းမန့်ကနေ မစ္စတာစုကို လျော်ကြေးပေးရမယ့်ငွေအမောင့်လေး သိချင်ပါတယ်!? ယွမ်သိန်းတစ်ရာကျော်လောက်ရှိမလား?!”
“တိုတယ်အင်တာတိန်းမန့်လက်အောက်မှာ စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်တွေအများကြီးရှိတယ်လေ၊ အခုလိုကောက်ခါငင်ခါဖျက်သိမ်းလိုက်တော့ သူတို့ကိုရော တစ်နည်းနည်းနဲ့ထိခိုက်စေမှာလား မစ္စတာချိုး ဘယ်လိုထင်ပါသလဲ!?”
“တိုတယ်အင်တာတိန်းမန့်က ပိတ်သိမ်းတော့မယ်လို့ ကောလာဟလတွေထွက်နေပါတယ်!! မစ္စတာချိုး ဒီကောလာဟလအပေါ်မှ ဘာပြောချင်တာများရှိပါလဲ!?”
“ဒါတွေက မစ္စတာစုကျန်းမာရေးအခြေအနေကြောင့်လား သိပါရစေ!? သူ့မန်နေဂျာကတော့ အနားယူဖို့အချိန်လိုပါတယ်တဲ့၊ ဖြစ်နိုင်တာက….”
“အိုက်ယား.. မေးကြတာလည်း အသည်းအသန်တစ်ယောက်တစ်ပေါက်ချည်းပဲ၊ ဖြည်းဖြည်းသာသာမေးကြပါလား၊ ဒါမှ ဟိုကပြန်ဖြေလို့ရမှာပေါ့၊ ငါ နောက်တစ်ပွဲ တက်ရဦးမယ့်ဟာကို”
နောက်ဆုံးတစ်ခွန်းက အကျယ်ကြီးပြောလိုက်တာမဟုတ်ဘူး။ ခပ်တိုးတိုး ရေရွတ်သလိုပြောလိုက်တာ။ ဒါပေမယ့် မိုက်ခရိုဖုန်းတွေကြောင့်တော့ အားလုံးကပီပီသသကြားလိုက်ရတယ်။
အားလုံးက ခေါင်းလှည့်ကြည့်တဲ့အချိန်မှာ စုပြုံနေတဲ့သတင်းသမားတွေရဲ့အပြင်ဘက် စွင်းရှီပင်းက ဦးခေါင်းကိုဆွဲဆန့်ရင်း လည်ပင်းရှည်ရှည်နဲ့ကျော်ကြည့်နေတာ မြင်လိုက်ရတယ်။
အကြည့်တွေအကုန်လုံးက သူ့ဘက်လှည့်လာတာမြင်တော့ စွင်းရှီပင်းက သူ့အမှားသူ နားလည်သွားပုံပေါ်တယ် “ဘာလို့ ကျွန်တော့်ကိုလာကြည့်ကြတာတုန်း၊ ကျွန်တော်လည်းသိချင်တယ်လေ”
သူ့မန်နေဂျာကတော့ ဒီစွင်းရှီပင်းစပ်စုစိန်ကို အစောကြီးကတည်းက လက်လျော့လိုက်ပြီးပြီ။ အဲဒိအစား ဟိုဘက်ခပ်ဝေးဝေးသွားပြီး ဒါရိုက်တာကိုသာ သွားနှုတ်ဆက်နေတယ်။
ချိုးချန်က ရယ်မောပြီးပြောပါတယ် “တစ်ရက်ပဲရှိသေးတယ်၊ သတင်းတွေက ဒီလောက်တောင်ဖြစ်သွားပြီလား၊ ခင်ဗျားတို့တွေ အရမ်းတော်တာပဲ၊ ကောင်းပြီလေ.. သိချင်နေတော့လည်း ပြောပြရတာပေါ့၊ ဒါပေမယ့် တစ်ခါပဲပြောမှာနော်၊ တစ်ခါတည်းအပြတ်” သူက ဒီစကားတွေကိုပြောပြီးမှာ ရှေ့ကိုခြေလှမ်းလှမ်းရင်း သတင်းသမားတွေရဲ့အဝေးကို လျှောက်သွားတယ်။ သွားနေတုန်းတစ်လျှောက်မှာလဲ ဘယ်သူ့မြင်မြင်အရေးမလုပ်ပါဘူး။
ဒါကြောင့် ချိုးချန်က သတင်းသမားအုပ်စုကြီးကိုဦးဆောင်ခေါ်လာခဲ့ရင်း အခမ်းအနားပြီးဆုံးချိန် လူအနည်းငယ်သာကျန်တော့တဲ့ စတိတ်စင်ပေါ်လှမ်းတက်လာခဲ့တယ်။
စင်ပေါ်မှာက ဒါရိုက်တာရယ်၊ ထုတ်လုပ်သူရယ် ပိုင်လန်နဲ့ အခြားသရုပ်ဆောင်အနည်းငယ်ပဲရှိတော့တယ်။
ချိုးချန်က လှိုက်လှိုက်လှဲလှဲ စတင်နှုတ်ဆက်လိုက်ပါတယ် “ဒါရိုက်တာရွှီ..အားနာလိုက်တာဗျာ၊ ဒီနေ့အားပေးဖို့လာခဲ့တာ၊ ဒါပေမယ့် မထင်မှတ်ပဲ လာဒုက္ခပေးသလိုဖြစ်သွားတယ်”
ဒါရိုက်တာရွှီကျွင်းရှီက ရင်းနှီးတဲ့အမူအရာနဲ့ပြန်ကြည့်တယ် “ဟား ဟား ဟား မဟုတ်ပါဘူးဗျာ၊ အဲ့လိုမပြောပါနဲ့၊ သူဌေးချိုး ဒီနေ့တက်ရောက်ပေးတာကိုတောင် ကျွန်တော်က ကျေးဇူးတင်နေရပြီ၊ ဒါမှ ကျွန်တော်တို့ပွဲသေးသေးလေးက တကယ့်ကိုပေါ်ပြူလာဖြစ်သွားတာ”
“ဒါရိုက်တာရွှီ ခင်ဗျား ကိုယ့်ကိုကိုယ်နှိမ့်ချမနေပါနဲ့၊ ဒါရိုက်တာရွှီနဲ့ထုတ်လုပ်သူလီတို့ရှိမှတော့ တိုတယ်အင်တာတိန်းမန့်က ဇာတ်လမ်းတွဲအပေါ်မှာ အများကြီးမျှော်လင့်နေတာပါ” ချိုးချန်ကပြုံးပြီး ရွှီကျွင်းရှီရဲ့ကမ်းလာတဲ့လက်တစ်ဖက်ကိုပြန်ဆွဲရင်း လက်ဆွဲနှုတ်ဆက်လိုက်ကြတယ် “Full Color နဲ့မဟုတ်ဘဲ ကျွန်တော်တို့နဲ့ပူးပေါင်းနိုင်တာ အရမ်းဝမ်းသာပါတယ်၊ နောက်ဆိုလည်း ကောင်းကောင်း ပူးပေါင်းဆောာင်ရွက်သွားကြတာပေါ့”
ဒီစကားအပြီးမှာ နောက်ထပ်ကင်မရာမီးရောင်တွေ တဖြတ်ဖြတ်လက်သွားပြန်တယ်။
တိုတယ်အင်တာတိန်းမန့် ပိတ်သိမ်းတော့မယ်ဆိုတဲ့ ကောလာဟလကို ချိုးချန်ရဲ့ဒီစကားတွေက ငြင်းဆိုပြလိုက်ပြီလေ။
“စုချွမ်မပါနိုင်တော့တာတော့ စိတ်မကောင်းဘူး” ချိုးချန်က ဆက်ပြောနေဆဲပဲ၊ သူ့မျက်နှာအမူအရာလည်း နည်းနည်းတောင်မပြောင်းဘူး “ဘဝမှာလူတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့လမ်းကြောင်းကိုရွေးချယ်ကြတာတော့ မတတ်နိုင်ဘူးပေါ့၊ အချိန်တွေဆွဲနေတာထက်စာရင် ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်လိုက်တာ ပိုကောင်းပါတယ်၊ ဒါပေမယ့် ဒီထုတ်လုပ်ရေးပေါ် အများကြီးသက်ရောက်သွားလိမ့်မယ်တော့ မထင်လိုက်မိဘူး”
ဒါရိုက်တာရွှီက လက်ကာပြတယ်။ သူက ရေလိုက်ငါးလိုက် ပြောဆိုဆက်ဆံတတ်ပါတယ် “လူတွေမှာ အလိုဆန္ဒနဲ့အတွေးအမြင်ဆိုတာ ကွဲပြားနိုင်တာပဲ၊ လူ့စိတ်ဆိုတာ ဘယ်ပြောလို့ရပါ့မလဲ၊ ဘာမှအတင်းလုပ်ယူနေစရာမလိုဘူး၊ ဒီလောကထဲမှာတော့ ဖြစ်နေကျပဲမဟုတ်ဘူးလား၊ ကျွန်တော်တို့အနေနဲ့ကတော့ ကောင်းကောင်းမွန်မွန်ဖြစ်ဖို့ ဆုတောင်းပေးရုံပဲရှိတာပဲလေ”
ဒီစကားတွေကတော့ စုချွမ်တစ်ယောက် ‘ရှုပ်ထွေးနေသောလမ်းမများ’မှာ လုံးဝပါဝင်မှာမဟုတ်တော့ဘူးလို့ ရှင်းရှင်းလင်းလင်းဖော်ပြနေတယ်။ ဖျက်သိမ်းတဲ့သတင်းတွေထွက်လာပြီးကတည်းက စုချွမ်ရဲ့ဒီဇာတ်ကောင်က အခြားသရုပ်ဆောင်တစ်ယောက်ဆီပြောင်းသွားတဲ့ ပထမဦးဆုံးဇာတ်ကောင်ဖြစ်လာတယ်။
ချက်ချင်းပဲ သတင်းသမားတွေကြား လှုပ်လှုပ်ရှားရှားဖြစ်ကုန်တာပေါ့။ ဒါပေမယ့် စင်ပေါ်က ပုဂ္ဂိုလ်နှစ်ဦးကတော့ စကားပြောလို့ကောင်းတုန်းပါပဲ။ ဒီနေရာမှာ အတုံးဆုံးအအဆုံးသတင်းသမားဆိုရင်တောင် အခုအချိန်က ငြိမ်ငြိမ်နေပြီးဆက်နားထောင်နေရမယ့်အချိန်မှန်း နားလည်နိုင်တယ်။
“ဒါရိုက်တာရွှီပြောတာမှန်ပါတယ်” ချိုးချန်က ခေါင်းကိုညိတ်ပါတယ် “ကျွန်တော်သိသလောက်ပြောရရင်တော့ ဟုန်ခွမ်းဖလင်က အစောကြီးကတည်းက စုချွမ်ကိုကမ်းလှမ်းထားတာ”
ဟုန်ခွမ်းဖလင်ဆိုတာက မတိုင်မီက စုချွမ်အတွက် ဟုန်ယွိတည်ထောင်ပေးထားတဲ့ ရုပ်ရှင်ကုမ်ပဏီပါ။
“အနုပညာရှင်တွေနာမည်ကြီးလာပြီဆိုရင်တော့ ဟိုကဒီကကမ်းလှမ်းတာတွေ အမြဲရှိနေမှာပဲ” ဒါရိုက်တာရွှီက သက်ပြင်းအကြီးကြီးကိုချပါတယ် “မစ္စတာချိုးက လက်လွှတ်ပေးလိုက်နိုင်တာကိုပဲ ချီးကျူးရမှာ ဟား ဟား ဟား”
ဒါပေမယ့် စကားပြောနေသူနှစ်ယောက်ရဲ့မျက်နှာအမူအရာက အလွန်ဝမ်းမြောက်နေပုံရတာကြောင့် သူတို့စကားတွေကို အတည်မှတ်ယူလို့လည်း မရပြန်ဘူး။ သို့လောသို့လော ယုံရခက်ကြီးတွေပဲ။
ဒါတွေက အလိမ်မာသုံးပြီးပြောဆိုနေကြတာလို့ အားလုံးက သိကြတယ်။ ဒါရိုက်တာရွှီက ပြုံးနေဆဲပဲ။ ဒါပေမယ့် ဒီအချိန်မှာ မနေနိုင်တော့တဲ့တစ်စုံတစ်ယောက် ကကြားဝင်နှောင့်ယှက်လေတယ်။
“မစ္စတာချိုးပြောလိုက်တဲ့ ‘မတူညီတဲ့လမ်းကြောင်းကိုရွေးချယ်တယ်’ဆိုတာ ဘာလဲသိပါရစေ!? အတိအကျလေးပြောပေးလို့ရမလား!?”
“မစ္စတာစုက ဇာတ်လမ်းတွဲထဲမပါဝင်တော့တာလား!? ဒါရိုက်တာရွှီ အစောတုန်းကပြောလိုက်တာ အဲ့သဘောလား သိပါရစေ!?”
“ ‘ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်တယ်’ဆိုတာလည်း ဘာသဘောပါလဲ မစ္စတာချိုး? မစ္စတာစုကိုနှိပ်ကွပ်ချင်နေတာပါလား!?”
“ဟုန်ခွမ်းဖလင်နဲ့ရော ဘာပတ်သက်လဲ မေးလို့ရမလား!? မစ္စတာစုက ဘာများလုပ်မိလိုက်လို့ တိုတယ်အင်တာတိန်းမန့်က ပြင်းပြင်းထန်ထန်တုန့်ပြန်ရတာပါလဲ!?”
… ဝတ်ကျေတန်းကျေသွယ်ဝှိုက်အဖြေတွေကိုသာ ပြန်ရမယ်လို့သိကြပေမယ့် သတင်းသမားတွေကတော့ မေးခွန်းတွေ အလုအယက်မေးဆဲပါပဲ။
အခြားတစ်ဖက်မှာတော့ စုချွမ်နဲ့ သူ့မန်နေဂျာလော်ကျန့်အန်းက တိုတယ်အင်တာတိန်းမန့်ရုံးခန်းထဲမှာထိုင်နေပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ဒီမြင်ကွင်းကို တီဗွီကနေ ကြည့်နေကြလေရဲ့။ တစ်ဆက်တည်းမှာကြေငြာနေတာကတော့ သတင်းထောက်ရဲ့မြင်ကွင်းအကျဉ်းချုပ်ရှင်းပြချက်ပါ။
“အခုချိန်မှာတော့ တိုတယ်အင်တာတိန်းမန့်ဥက္ကဌဖြစ်သူ သူဌေးချိုးချန်ရဲ့ ရှုပ်ထွေးနေသောလမ်းမများဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တဲ့စကားတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သူဌေးချိုးချန်ကို စုချွမ်ရဲ့ကုမ်ပဏီရောက်လာခြင်းကို မေးမြန်းတဲ့အခါမှာ စာချုပ်ဖျက်သိမ်းတဲ့အပြီးသတ်ကိစ္စတွေကို လာရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ပဲ ဖြေကြားခဲ့ပါတယ်။ စုချွမ်ကိုတော့ ကုမ်ပဏီထဲဝင်ရောက်သွားခြင်းမှလွဲပြီး ပြန်ထွက်လာတာကို မမြင်ရသေးပါဘူး။ ခန့်မှန်းရတာက ဆွေးနွေးရမယ့်အရေးကြီးကိစ္စတွေ ရှိနေပုံရပါတယ်။ နောက်တစ်မျိုး ယူဆရမယ်ဆိုရင်တော့ နှစ်ဖက်စလုံးက စာချုပ်ဖျက်သိမ်းမှုအတွက် ထိခိုက်နစ်နာခဲ့ရတာတွေကို ဖြေရှင်းနေပုံရပါတယ်။ လျော်ကြေးငွေကိစ္စတွေကိုတော့ ချိုးချန်က ဖော်ထုတ်ပြောကြားခြင်းမရှိပါဘူး။ နောက်ပိုင်းကိစ္စတွေကို သူ့လက်အောက်ငယ်သားတွေသာ ကြည့်စီစဉ်သွားမှာဖြစ်ပြီး သူတို့ရဲ့အလုပ်အပေါ်ထားတဲ့ကျင့်ဝတ်တွေကိုယုံကြည်တယ်လို့ သူကပြောပါတယ်…….”
ကြေငြာချက်တွေကိုကြားပြီးတဲ့နောက်မှာတော့ စုချွမ်က သူ့ကော်ဖီခွက်ကို ကြမ်းပြင်ပေါ်အကြမ်းပတမ်းပေါက်ခွဲလိုက်တယ်!
ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ဘယ်သူမှလည်းရှိမနေဘူးလေ။ အစောတုန်းက ကော်ဖီခွက်လာချပေးသွားတဲ့မိန်းမငယ်လေးကလွဲပြီး နာရီအနည်းငယ်အတွင်းမှာ လူမပြောနဲ့ ခွေးတစ်ကောင်ကြောင်တစ်မြီတောင် မမြင်ရဘူး။
ဒါကြောင့် သူ ဟုန်ယွိဆီရောင်းစားခံလိုက်ရပြီဆိုတာကို ခုချိန်မှာ စုချွမ်က ရွေးချယ်စရာမရှိ ယုံကြည်လိုက်ရတော့တယ်။
ဒါမှမဟုတ်လည်း ချိုးချန်က ဟုန်ခွမ်းဖလင်အကြောင်းကို ထုတ်ပြောမှာမဟုတ်ဘူးမလား။ ဒီလိုမျိုး မာနထိခိုက်လောက်စရာ မတင်မကျအကြောင်းပြချက်တွေနဲ့ စာချုပ်ဖျက်သိမ်းခဲ့ရပါတယ်လို့ မီဒီယာတွေကို ဖွင့်ပြောခဲ့မှာမဟုတ်ဘူး။
ဒါပေမယ့် နောက်ကွယ်က တကယ့်အကြောင်းရင်းကိုတော့…….
မကြာခဏပေါ်ပေါ်လာနေပြီး ကင်မရာတွေတဖြတ်ဖြတ်ရိုက်ခံနေတဲ့ တီဗွီထဲကပိုင်လန်ကို စုချွမ်က စိတ်နာနာနဲ့ စိုက်ကြည့်နေမိတယ်။ သူကတော့ တစ်ခုခုကိုလုပ်ကိုလုပ်ရမှ ကျေနပ်နိုင်မှာ။
ဒင်းတို့တွေအကုန်လုံးကို သူ ကောင်းကောင်းပေးမနေနိုင်ဘူး။
သူ ဒီလိုမျိုးတော့ မစွန့်လွှတ်လိုက်နိုင်ပါဘူး။
***
နောက်ပိုင်းနေ့ရက်တွေမှာ ဆူညံပွက်လောရိုက်နေခဲ့တာကတော့ စာချုပ်ဖျက်သိမ်းရတဲ့အကြောင်းရင်းရယ်၊ ပေးရမယ့်လျော်ကြေးငွေတွေရယ်ကို ထင်မြင်ကြေးနဲ့အမျိုးစုံဖော်ပြနေတာတွေချည်းပဲ။ သူတို့ခန့်မှန်းတာက စုချွမ်ကိုပေးရတာချည်းပဲမဟုတ်ဘူး၊ စုချွမ်အလုပ်တွေကိုပြောင်းလိုက်လို့ မိတ်ဖက်ကုမ်ပဏီတွေကိုလျော်ရတာတွေလည်း ပါတယ်။
ပိုင်လန်က ရက်အနည်းငယ်လောက်သတင်းတွေကြည့်ပြီးနောက် တစ်ညမှာတော့ ဘဏ်စာအုပ်ရယ် စာချုပ်စာတမ်းအထပ်လိုက်ရယ်ကိုင်ပြီး ဆိုဖာခုံပေါ်မှာထိုင်နေတဲ့ ချိုးချန်ဆီကို စကားလာပြောခဲ့တယ်။
တစ်ဖက်ခြမ်းမှာတော့ ကာတွန်းကားထိုင်ကြည့်နေတဲ့ချိုးရှောင်ဟိုင်ရှိတယ်။ သူ အိမ်စာပြီးလား မပြီးလားဆိုတာကိုတော့ ဘယ်သူမှ မစစ်ဆေးရသေးဘူး။
“ရော့ ခင်ဗျားအတွက်” ပိုင်လန်က စာရွက်တွေကိုကမ်းပေးလိုက်ပါတယ်။
ချိုးချန်က လက်ထဲကဖိုင်တွေကိုကြည့်နေရင်းမှ မျက်လုံးလှန်ကြည့်တယ်။ သူက ပိုင်လန့်လက်ထဲကဟာတွေကို မြင်ပါတယ် “ဘာတွေလဲ?”
“စုချွမ်ကြောင့်ဆုံးရှုံးသွားတာတွေအစား နည်းနည်းပဲဖြစ်ဖြစ် အကူအညီပေးချင်လို့ပါ” ပိုင်လန်က အတည်ပြောနေတာပါ။
ပိုင်လန့်မျက်လုံးထဲမှာတော့ ချိုးချန်လုပ်ရပ်တွေက ‘ကိုယ်ရေးကိုယ်တာကိစ္စကို လူသိရှင်ကြားဖြေရှင်းလိုက်တာ’ နဲ့တူနေတယ်။ ကောင်းကောင်းမကိုင်တွယ်နိုင်ရင် ချိုးမိသားစုအကြီးပိုင်းတွေကြားထဲ ချိုးချန်ရပ်တည်မှုကို ထိခိုက်လာတော့မှာ။ ဒါပေမယ့် သူ့နည်းပရိယာယ်တွေပြောင်းဖို့ရာ မဖျောင်းဖျနိုင်မှန်း ပိုင်လန်သိတာကြောင့် အနည်းဆုံးတော့ ဆုံးရှုံးသွားရတဲ့ငွေကြေးတွေအစား ကူညီပေးနိုင်မှ ဖြစ်မယ်လေ။
ချိုးချန်က မျက်ခုံးတွေကိုပင့်တင်လိုက်ပြီး ရယ်မြူးရိပ်လွှမ်းတဲ့အသံတုန်းနဲ့ပြောပါတယ် “ကိုယ့်ကို ဘယ်လောက်ပေးမှာလဲ?”
“သိန်းသုံးရာ၊ လောက်ရဲ့လား?”
ဒီတစ်ခါ အတည်ပေါက်ဖြစ်သွားတာက ချိုးချန်ပဲ “ဒီလောက်ပိုက်ဆံအများကြီး ဘယ်နားကရလာတာတုန်း?”
“စာအုပ်ရောင်းရငွေ သိန်း(၈၀)ကို အွန်လိုင်းရှော့ပင်းစင်္ကြန်တွေမှာ ရင်းနှီးထားတာ။ ပြီးခဲ့တဲ့လတရားဝင်မိတ်ဆက်ပြီးတော့ စတော့ဈေးတွေက သုံးလေးဆနီးပါး တအားထိုးတက်သွားတယ်။ ပြီးတော့ ရွှေရုပ်ရှင်နဲ့ဟိုကြော်ငြာဒီကြော်ငြာလေးတွေကရတဲ့ ပိုက်ဆံရောပဲ၊ အကုန်လုံးပေါင်းတော့ ဒီလောက်တော့ရတယ်” ပိုင်လန်ကတွက်ပြတယ်။ ဒါတွေက သူပိုင်ဆိုင်တဲ့အရာအားလုံးပါပဲ။
ဒီအကြောင်းတွေကို ချိုးချန်သိပြီးပါပြီ။ တမင်သက်သက်မေးချင်လို့မေးတာပါ။ သူက ရယ်လိုက်ပြီး ပိုင်လန့်ကိုသူ့ဘက်ဆွဲလိုက်ရင်း မေးစေ့ကိုတို့ထိရင်း ကလူကျီစယ်လိုက်လေရဲ့ “အဲ့ဒိအွန်လိုင်းရှော့ပင်းရှယ်ယာတွေကို မင်း တယုတယသိမ်းထားတာမဟုတ်ဘူးလား? အခုနေပြန်ရောင်းလိုက်ရင် အကျိုးမရှိဖြစ်သွားမှာပေါ့”
“စာအုပ်က ပိုက်ဆံဝင်ဦးမှာပါ၊ စိုးရိမ်စရာမရှိပါဘူး” ပိုင်လန့်အနေနဲ့ပြောရရင်တော့ တကယ့်ကို ကိစ္စမရှိတာပါ။ ပိုက်ဆံဆိုတာ လိုအပ်ချိန်မှာမသုံးစွဲရင် ဘာလို့ရှာနေဦးမှာလဲ?
ချိုးချန်ရဲ့မျက်ခုံးတွေ နောက်ထပ်မြင့်တက်သွားပြန်တယ်။ ဒါက သူ့အမြင်မှာ ပိုင်လန်ရဲ့နောက်ထပ်ထူးဆန်းတဲ့အချက်တစ်ခုပါ။
ပိုင်လန့်မှာက နောက်ခံဘက်ဂရောင်းလည်းမရှိဘူး၊ စီးပွားရေးနဲ့ပတ်သက်ပြီး သင်ကြားထားတာမျိုး လေ့လာထားတာမျိုးလည်း မရှိဘူး။ ဒါပေမယ့် သူရင်းနှီးမြှပ်နှံလိုက်တိုင်းမှာတော့ ပိုက်ဆံတွေအများကြီးပြန်ဝင်တယ်။ ခေတ်စားလာတဲ့အွန်လိုင်းဈေးဝယ်စင်္ကြန်ကို အသာထားဦး၊ စာအုပ်စီးရီးတွဲတွေအကြောင်းက အလွန်တရာထူးဆန်းလှတယ်။ တစ်အုပ်ချင်းစီက ရှေ့တစ်အုပ်ထက် ပိုပိုပေါ်ပြူလာဖြစ်ပြီး ပိုရောင်းသွက်လာတာ ဝင်ငွေအချိုးနဲ့တွက်ကြည့်ရင် သူဌေးကြီးချိုးချန်တောင် ကိုယ့်ကိုကိုယ်ရှက်လာသလိုပါပဲ။
နောက်ပြီး ချိုးချန်ရင်းနှီးမြှပ်နှံဖို့ပြင်ဆင်ထားတဲ့ V နိုင်ငံရဲ့ ရေနံလုပ်ငန်း။ ပိုင်လန်က နားစွန်နားဖျားလေးကြားမိတာနဲ့ ချက်ချင်းတစ်စက္ကန့်တောင်မတွေးဘဲ အဓိကအချက်သုံးလေးချက်လောက်ကို ဆွဲထုတ်ပြနိုင်တယ်။ သူက ချိုးချန်ကို အမြင်ကျယ်လို့ဆိုပြီး ချီးကျူးစကားတောင် ပြောလိုက်သေးတယ်။ ဒါပေါ့.. အကြံပေးစကားဆိုတာမျိုးက ဘာမှမသိဘဲလျှောက်ရွှီးပေးနေလည်း ရတာပဲ၊ ဘာမှမခက်ဘူး။ ဒါပေမယ့် ပိုင်လန်ပြောတဲ့အချက်တွေက ချိုးချန်ဒီလုပ်ငန်းအပေါ်မှာ စိတ်ဝင်စားရတဲ့အဓိကအကြောင်းရင်းတွေပဲ။ ချိုးချန်က ပိုင်လန့်ကို သံသယမရှိလို့သာပေါ့၊ မဟုတ်ရင်တော့ စီးပွားရေးသူလျှိုလားတောင် စွပ်စွဲမိနေဦးမှာ။ ပြိုင်ဘက်တစ်ယောက်ယောက်က သူ့ကိုစောင့်ကြည့်ဖို့ လွှတ်လိုက်တာမျိုးလေ။
ပိုင်လန် ဒီအကြောင်းတွေကိုသိနေရတဲ့အကြောင်းရင်းက .. ဟုတ်တာပေါ့.. အရင်ဘဝကြောင့်ဖြစ်ပါတယ်။ အဲဒိတုန်းက တရုတ်လူမျိုးတွေရဲ့နိုင်ငံရပ်ခြားစီးပွားရေးအောင်မြင်မှုတွေကို တင်ဆက်ပေးနေတဲ့ တီဗွီအစီအစဉ်တစ်ခုရှိတယ်။ အဲဒိထဲကတစ်ခုက V နိုင်ငံရဲ့ရေနံလုပ်ငန်းပဲ။ အစီအစဉ်က သိပ်ကိုအသေးစိတ်ကျပြီး နှံ့နှံ့စပ်စပ်ရှိတယ်။ ပိုင်လန်လည်း အများကြီးသဘောကျတာကြောင့် အလိုလျောက်ပဲမှတ်မိနေခဲ့တာလေ။
ဒါပေမယ့် အရင်ဘဝက V နိုင်ငံရေနံလုပ်ငန်းကိုလုပ်တာက ချိုးမိသားစုမဟုတ်ဘူး။ အကြောင်းရင်းက ချိုးမိသားစုရဲ့နိုင်ငံခြားဘဏ္ဍာငွေလည်ပတ်မှုက အလွန်နှေးကွေးလွန်းတာကြောင့် ကံမကောင်းစွာပဲ ဒီအခွင့်အရေးကိုလက်လွှတ်လိုက်ရတာ ဖြစ်တယ်။
ဒီတစ်ကြိမ်မှာတော့ အပေးအယူဘာလိုချင်လဲလို့ ဟုန်ယွိကမေးလာတဲ့အချိန်မှာ ချိုးချန်ကဒီအကြောင်းကိုတွေးမိခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းစွက်ဖက်လာမှာစိုးရိမ်တာကြောင့် အများကြီးလည်း အားမကိုးချင်ဘူး။ ဒါကြောင့် ရှဉ့်လည်းလျှောက်သာပျားလည်းစွဲသာဆိုသလို စီမံကိန်းကိုအောင်နိုင်ဖို့ ဟုန်ယွိကို ကူညီခိုင်းခဲ့တယ်။ သူက ဟုန်ယွိအကူအညီနဲ့ နှောင့်နှေးကြန့်ကြာတဲ့အစိုးရဌာနဝန်ထမ်းတွေကို လော်ဆော်လိုက်နိုင်တယ်။ ဒါကြောင့် ရက်အနည်းငယ်အတွင်းမှာပဲ အစိုးရလုပ်ငန်းစဉ်ကိစ္စတွေပြီးဆုံးသွားပြီး စီးပွားရေးစွန့်စားခန်းအသစ်တွေနဲ့ စတင်အလုပ်ရှုပ်လာနိုင်တော့တယ်။
ဟိုအကြောင်းဒီအကြောင်းအများကြီးစဉ်းစားပြီးတဲ့အချိန်မှာ ချိုးချန်က မျက်မှောင်ကျုံ့လိုက်တယ် “နောက်တစ်ခါထပ်မေးဦးမယ်၊ မင်း ကိုယ့်ကို တစ်ခုခု ဖုံးကွယ်ထားသေးလား?”
“ဟင့်အင်း” ပိုင်လန်က ခံစားချက်တွေကိုဖုံးကွယ်ဖို့ မျက်ဆန်ကိုပင့်တင်လိုက်လေရဲ့။ သူ့အရင်ဘဝအကြောင်းဖြစ်ရပ်မှန်တွေကို ချိုးချန်ကိုပြောပြချင်စိတ်မရှိဘူး၊ အထူးသဖြင့် သူဘယ်လိုသေဆုံးခဲ့လဲ ဆိုတာကိုပေါ့။
ချိုးချန်ကလည်း သူ့ငြင်းဆိုချက်ကိုမယုံပါဘူး။ ဒါပေမယ့် ဒီလူသား သူ့ဘေးနားမှာနေထိုင်နေသမျှတော့ ဒီလိုအသေးအဖွဲကိစ္စတွေအားလုံးကို မျက်စိမှိတ်ပေးထားလို့ရပါတယ်။
ဒါပေမယ့် သူက သူ့ရှေ့ကလူကို ဖက်ထားဆဲဖြစ်ပြီး အနမ်းတစ်ပွင့်ချီးမြှင့်ရင်း သတိပေးစကားလေးလည်း မပြောမဖြစ်ပြောလိုက်သေးတယ် “မင်း စိတ်ချမ်းသာသလိုသာလုပ်၊ ဒါပေမယ့် အရေးကြီးဆုံးအချက်က ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ရမယ်”
ပိုင်လန်ရဲ့နှလုံးသားလေးက နွေးထွေးမှုတွေနဲ့ပြည့်သွားတယ်။ ဒါပေမယ့် သူ့လက်ထဲကပစ္စည်းတွေပေးဖို့လည်း မမေ့သေးဘူး “ဒါဆို ယူလေ”
“မင်းက ကိုယ့်ကိုစိတ်ပူနေတာလား?” ချိုးချန်က ရယ်မောရင်း ခေါင်းကိုငုံ့ချကာ နောက်ထပ်အနမ်းတွေဝေဖြာပြန်တယ် “ဘာမှမပူနဲ့၊ ပိုက်ဆံတွေဆုံးရှုံးသွားတာ ဘာရေးကြီးခွင်ကျယ်ကိစ္စမှမဟုတ်ဘူး၊ ကိုယ် အားလုံးအသင့်ပြင်ထားပြီးသား၊ အပြင်မှာပဲဖြစ်ဖြစ် ချိုးမိသားစုအတွင်းပိုင်းမှာပဲဖြစ်ဖြစ် စုချွမ်ကိုဖြုတ်ချဖို့အတွက်နဲ့တော့ ကိုယ်ပိုင်ပိုက်ဆံတွေသုံးစရာမလိုဘူး၊ ဒီပိုက်ဆံတွေကို.. အင်း.. ရှောင်ဟိုင့်အတွက် လက်ဖွဲ့ဖို့ပဲ သိမ်းထားလိုက်တော့”
အိမ်စာတွေကြိုးစားပမ်းစားရေးနေရှာတဲ့ ချိုးရှောင်ဟိုင်က သူ့နာမည်ပြောသံကြားလို့ မျက်လုံးလှန်ပြီးမော့ကြည့်လာတယ် “လက်ဖွဲ့ဆိုတာ ဘာကြီးလဲ?”
ချိုးချန်က ခဏလောက်စဉ်းစားလိုက်ပြီးမှ အကောင်းဆုံးဥပမာကိုချပြပါတယ် “အဲဒါက…မင်း အားကျန်းစားချင်တဲ့ပေါက်စီ ဝယ်ပေးဖို့ ပိုက်ဆံ”
ပိုင်လန်က ပေါက်တတ်ကရလျှောက်ပြောနေတယ်ဆိုပြီး ချိုးချန်ရဲ့ပုခုံးကို ဖြန်းခနဲမြည်အောင်ရိုက်လိုက်တယ်။
ချိုးရှောင်ဟိုင်ရဲ့မျက်လုံးလေးတွေ ဝင်းလက်သွားတာပေါ့။ သူက ခဲတံကိုပစ်ချလိုက်ပြီး ဝမ်းသာအားရပြေးချလာကာ ထိုင်ခုံပေါ်ကနှစ်ယောက်ကြားထဲ ဝင်တိုးတယ် “အာ့ဆိုရင် အများကြီး အများကြီးဖြစ်မှရမှာနော်”
“အားကျန်းဆိုရင်တော့ ဖြစ်ရမှာပေါ့ကွာ” ချိုးချန်က မေးစေ့ကိုပွတ်နေတယ်။
သူ့ကလေးရဲ့ဒီစကားက မှားတာမှမဟုတ်တာ။
***
တိုတယ်အင်တာတိန်းမန့်က စာချုပ်ဖျက်သိမ်းလိုက်ပြီး ရှစ်ရက်ကြာတဲ့အထိ စုချွမ်ဘက်က နှုတ်ဆိတ်နေခဲ့တယ်။ ချိုးချန်ရဲ့စကား ‘မတူညီတဲ့လမ်းကြောင်းကိုရွေးချယ်’ဆိုတာကိုလည်း ပြန်ဖြေရှင်းချက်မထုတ်ခဲ့ဘူး။ ဒါကြောင့် ဝန်ခံလိုက်တာလားလို့ အများကထင်မြင်ချက်ပေးခဲ့ကြတယ်။
ဒါပေမယ့် ဘယ်သူမှ မထင်မှတ်ထားခဲ့တာကတော့ ကိုးရက်မြောက်နေ့အရောက်မှာ အနုပညာသတင်းအွန်လိုင်းဝက်ပ်ဆိုဒ်တော်တော်များများပေါ် တူညီတဲ့ဓါတ်ပုံစီးရီးတွဲနှစ်ခုတက်လာခဲ့တယ်။
တစ်မျိုးက ချိုးချန်နဲ့စုချွမ်အတွဲ။ ပုံတွေက ဘားနဲ့ကလပ်တွေမှာ နှစ်ယောက်သားတွေ့ဆုံနေကြတဲ့ပုံတွေ။ သူတို့က စကားပြောရင်း အတူတူသောက်နေကြတာ။
နောက်တစ်မျိုးကတော့ ချိုးချန်နဲ့ပိုင်လန်ပုံတွေဖြစ်ပြီး သူတို့နှစ်ယောက် ပထမဦးဆုံးအကြိမ် လူမြင်ကွင်းမှာတရားဝင်ထွက်လာခဲ့တုန်းက ရိုက်ထားခဲ့တဲ့ဟာတွေပါ။
ဒီဓါတ်ပုံစီးရီးတွဲနှစ်ခု အတူတကွပေါ်ထွက်လာခြင်းက ပြစ်တင်ဝေဖန်ရှုံ့ချတတ်သူတွေကြားထဲ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို အကြိုက်တွေ့သွားခဲ့တယ်။
နောက်ပြီး သူတို့သုံးယောက်နဲ့ပတ်သက်တဲ့ လိင်စိတ်တိမ်းညွှတ်မှုဆိုင်ရာမေးခွန်းတွေ.. ဒီအကြောင်းတွေက အနုပညာလောကထဲ ဗုံးတစ်လုံးကျဲချသလို နောက်ထပ်ဂယက်ရိုက်သွားခဲ့ပြန်ပါတယ်။
………………….