(41) ထိုးစစ်ဆင်သည်၊ တန်ပြန်ထိုးစစ်ဆင်သည်
ဒီဓါတ်ပုံတွေကို အွန်လိုင်းဖိုရမ်တွေပေါ်တင်ခဲ့တာက တစ်ချိန်တည်း တစ်ပြိုင်တည်း နေ့လည်ဘက်မှာဖြစ်တယ်။
ဒီအချိန်မှာ ပိုင်လန်က ချိုးရှောင်ဟိုင်ရဲ့မူကြိုကျောင်း အားကစားပွဲတော်မှာ ပါဝင်ဆင်နွှဲနေတာ။ ချိုးချန်ကတော့ တမြန်နေ့ကတည်းက အလုပ်ကိစ္စတွေကြောင့် V နိုင်ငံကိုထွက်သွားခဲ့တယ်။ မသွားခင်မှာ ပိုင်လန့်ဘေးနားစောင့်ကြပ်ဖို့ လူအများအပြားထားခဲ့ပြီး လင်ကုန်းချန်တောင်ငြိမ်ငြိမ်မနေရဘဲ သူ့လူတွေလွှတ်ပြီး နေရာတကာစောင့်ကြည့်စေရတယ်။ ဒီလိုနည်းနဲ့မှပဲ ချိုးချန်လည်း နိုင်ငံခြားကိုစိတ်အေးလက်အေးထွက်နိုင်တာ။ ပိုင်လန်ကတော့ ကျောင်းပွဲတော်မှာ မိဘနေရာကပါဝင်နိုင်ဖို့ ခွင့်ရက်တစ်ရက်တောင် ယူခဲ့ပါသေးတယ်။
မြင်ပါများတဲ့ကျောင်းကလူတွေက သူတို့အတွဲကို ထူးပြီးအံ့သြကြတာမျိုးမရှိတော့ဘူး။ သူတို့က ချိုးရှောင်ဟိုင်နဲ့ပိုင်လန်အဖွဲ့ကို ရင်းနှီးနေကြတာ ကြာပြီ။ ချိုးရှောင်ဟိုင်ရဲ့အတန်းပိုင်ဆရာမ တင်မကဘူး၊ ကလေးထိန်းနာနီမှာပါ ပိုင်လန့်ဖုန်းနံပါတ်ရှိနေကြပြီ။
ကျောင်းမှာ ချိုးရှောင်ဟိုင်ဖျားတာပဲဖြစ်ဖြစ်၊ ထိခိုက်မိတာပဲဖြစ်ဖြစ်၊ သူတို့က ချိုးချန်ကို ဆက်သွယ်မရရင် အလိုလျောက် ပိုင်လန့်ကိုခေါ်ပြီးသားပဲ။ ပိုင်လန်က ဖုန်းမကိုင်နိုင်ရင်တောင်မှ သိပ်မကြာခင်အတွင်းမှာ ကြိမ်းသေပေါက်ပြန်ခေါ်ပေးတယ်။ သူ့ရဲ့နူးညံ့ပြီးနွေးထွေးတဲ့အသံလေးက ဆရာမရော နာနီရောကိုပါ သာမန်ပရိသတ်အဆင့်ကနေ အကြီးစားပရိသတ်အဆင့် ဖြစ်သွားစေခဲ့ပါတယ်။
ကျောင်းအားကစားပွဲတော်မှာ ချိုးရှောင်ဟိုင်က ကောင်းကောင်းအစွမ်းပြလိုက်နိုင်တယ်။ ဒီလပိုင်းအတွင်းမှာလည်း ပိုင်လန်ကြောင့် ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်တိုးလာတာလေ။ သူက မူကြိုတန်းမီတာ(၁၀၀)ပြေးပွဲမှာ ပထမရခဲ့တယ်။ ဒါပေမယ့် ဒုတိယနေရာကကောင်လေးကတော့ ပွဲကြည့်သူပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်သွားအောင်ဖမ်းစားလိုက်နိုင်ပါတယ်။ အဲဒါက ပညာပါရမီရှိပုံရပြီးလှပတဲ့ရုန်ကျန်းကြောင့်ပေါ့။ ပိုင်လန်က ရေဗူးလေးကိုကိုင်ထားရင်း ပန်းဝင်မျဉ်းမှာစောင့်နေတယ်။ သူက အလွန်အကျွံတက်ကြွနေတဲ့ချိုးရှောင်ဟိုင် ပြေးပြီးခုန်တက်တာကိုခံလိုက်ရပြီး မြေပြင်ပေါ်ပစ်ကျလုနီးနီးဖြစ်သွားတယ်။ နေရောင်ခြည်ဖြာကျနေတဲ့မြက်ခင်းစိမ်းစိမ်းရယ် နှစ်ယောက်သားရဲ့လှပတဲ့အပြုံးတွေရယ်က လူတွေအများကြီးရဲ့မိုဘိုင်းဖုန်းမမ်မိုရီတွေကို ပြည့်သွားစေခဲ့ပါတယ်။
ဒါကြောင့် ပိုင်လန်က ဆုတံဆိပ်ကြီးကိုကိုင်ပြီး အိပ်ပျော်နေတဲ့ချိုးရှောင်ဟိုင်နဲ့အတူ အိမ်ပြန်လာတဲ့အချိန်မှာ အင်တာနက်ပေါ်ဆူညံပွက်လောရိုက်နေတဲ့သတင်းတွေကို တစ်စိုးတစ်စိမှ မသိရှိသေးပါဘူး။
***
ဆူပူအုံကြွမှုအများဆုံးလုပ်ကြတဲ့လူတွေက တော်တော်ကြာကြာသည်းခံနေခဲ့ရတဲ့ စုချွမ်ရဲ့ဖန်တွေပဲဖြစ်တယ်။
သတိပေးခြင်းမရှိ အကြောင်းပြချက်မရှိ ရုတ်တရက်ကြီးစာချုပ်စာဖျက်သိမ်းကြောင်း ကြေငြာခဲ့တဲ့အခါ စုချွမ်ရဲ့ဖန်တွေက တိုတယ်အင်တာတိန်းမန့်ကို ကနဦးလက်ညှိုးထိုးအပြစ်တင်ခဲ့ကြတယ်။ ဒါပေမယ့် ‘မတူညီတဲ့လမ်းကြောင်းကိုရွေးချယ်’ ဆိုတဲ့စကားထွက်လာပြီး စုချွမ်ကလည်းငြင်းဆိုခြင်းမပြုတဲ့အခါ သူတို့ရဲ့အပြစ်တင်မှုတွေက တဖြည်းဖြည်းလျော့ကျသွားခဲ့တယ်။
အကြောင်းရင်းက ဝေဝါးပြီး ဟိုလိုလိုဒီလိုလိုဖြစ်နေတာကြောင့် နောက်ကွယ်မှာပိုကြီးတဲ့အဖြစ်အပျက်တွေရှိမှာ အသေအချာပဲလို့ ယူဆခဲ့ကြတယ်။ တိုတယ်အင်တာတိန်းမန့်ရဲ့နည်းလမ်းတွေက ရက်စက်ပေမယ့် သူတို့ရဲ့နတ်ဘုရားစုချွမ်သာ ပိုကြီးပိုကောင်းတဲ့ကုမ်ပဏီရှာနိုင်ရင် တိုတယ်ဆိုတဲ့ ကုမ်ပဏီသေးသေးလေးကနေ ထုတ်ခံရတော့ကော ဘာမှစောင်ဂရုစိုက်စရာမရှိဘူးလို့ သတ်မှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် ဘာတွေတုန်း!! ဘာတွေဖြစ်ကုန်တာတုန်း!? စုချွမ်ရဲ့ဖန်တွေက ဓါတ်ပုံတွေကိုမြင်တဲ့အချိန်မှာ ရူးလောက်အောင်ဒေါသထွက်သွားကြပြန်တယ်။
ဓါတ်ပုံစီးရီးတွဲနှစ်ခုက တင်သာတင်ထားတာ။ ဘာခေါင်းစဉ်မှ များများစားစား မရေးထားဘူး။ ဖန်တွေက တိုးတိုးတိတ်တိတ်အဖြေရှာနေရပြီး တစ်ချို့ဆို ဟိုဒီလိုက်မေးနေရတယ်။ ဘာပဲဖြစ်ဖြစ် ဒီဓါတ်ပုံတွေရဲ့ရင်းမြစ်ကို နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေဖို့က သူတို့နတ်ဘုရားကြီးကဂေးလို့ အရင်ဆုံး လက်ခံလိုက်မှ ဖြစ်မှာကိုး။
စုချွမ်နဲ့ချိုးချန်ရဲ့ဓါတ်ပုံတွေက သီးသန့်ကလပ်တွေမှာ ရိုက်ထားတာမျိုး။ ပုံတွေက မပြတ်မသားမှုန်ဝါးဝါးရှိတာကြောင့် ဖန်တွေချောင်းရိုက်ထားလို့ ပြောလို့ရတယ်။ ဒါပေမယ့် ပိုင်လန်နဲ့ဓါတ်ပုံတွေကတော့ မတူဘူး။ အဲဒါတွေက တရားဝင်သတင်းတွေထဲက ယူထားတာဖြစ်ပြီး တပ်ထားတဲ့ခေါင်းစဉ်ကလည်း “ငါသိတဲ့အမှန်တရား” တဲ့။ ပုံစံက အတွင်းလူတစ်ယောက်က နောက်ထပ်သည်းမခံနိုင်တော့လို့ ထတင်လိုက်တဲ့ပုံစံနဲ့တူတယ်။ စုချွမ်အတွက် တရားမျှတမှု ရှာပေးတာပေါ့လေ။
တစ်ခုကို ချောင်းရိုက်ထားပြီး ကျန်တစ်ခုကတော့ ပေါ်ပေါ်ထင်ထင်ပဲ။ တိုက်ဆိုင်တာကလည်း စုချွမ်ရဲ့စာချုပ်ကိုဖျက်သိမ်းပြီးနောက်တစ်နေ့မှာ ချိုးချန်က ပိုင်လန်ရဲ့ဇာတ်ကားဖွင့်ပွဲကို သွားတက်ရောက်တယ်။ ဖန်တွေက ခဏလောက်တော့ ဟိုတွေးဒီတွေး ဆက်စပ်တွေးနေကြပြီး နောက်ဆုံးမှာတော့ “ပိုင်လန် မိန်းမပျက်ကောင်” လို့ ဘယ်သူစရေးလိုက်မှန်းမသိဘူး၊ ဒါပေမယ့် ဒီစကားလုံးကတော့ ပြဿနာအမှိုက်ပုံကြီးထဲ မီးပွားတစ်စထည့်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။
ဒီအချိန်မှာတော့ စုချွမ်ရဲ့ဖန်တွေက အကြီးအကျယ်ရှော့ခ်ရကုန်ကြပြီး ဘာတွေဖြစ်ကုန်လဲ နားလည်သွားကြပါပြီ။
ဖန်တစ်ချို့က နောင်တရနေကြပေမယ့်လည်း စုချွမ်မျက်နှာတစ်ရွာထင်နေတဲ့ အမျိုးသမီးဖန်ဒန်းထုကြီးကတော့ စုချွမ်ကဂေးဖြစ်လဲ ဘာဖြစ်တုန်းလို့ ပြောကြတယ်။ သူကိုယ်၌က ချောမောလွန်းတာကြောင့် အခြားယောကျ်ားတွေတောင် မလွန်ဆန်နိုင်တာလေလို့ ပြောကြတယ်။ ဒါက သဘာဝကျပြီး လက်ခံပေးရမှာပေါ့တဲ့!
အပြစ်တင်ချင်တင် ငါ့တို့နတ်ဘုရားကို မကောင်းတဲ့နည်းလမ်းတွေနဲ့အတင်းမြူဆွယ်တဲ့ သိက္ခာမရှိတဲ့ချိုးချန်ကိုသာ လက်ညှိုးထိုးရမှာပေါ့တဲ့။ ငါတို့ရဲ့ အလုပ်ကြိုးစားရှာတဲ့၊ အပြစ်ကင်းစင်ပြီး အတွေ့အကြုံမရှိတဲ့နတ်ဘုရားကို ထောင်ချောက်ထဲကျအောင် ဒင်းက ဖြားယောင်းခဲ့တာကိုးတဲ့!!
ဘာပဲဖြစ်ဖြစ် လိင်တူကြိုက်ခြင်း မကြိုက်ခြင်းက တစ်ပြဿနာပဲ၊ ဒါပေမယ့် ခြံခုန်စနိုက်ကြော်တာကိုတော့ သည်းခံပေးစရာအကြောင်းမရှိပါဘူးတဲ့လေ!
အမျိုးသမီးဖန်အချို့က ဒီအချက်ကို အသေစွဲကိုင်ထားကြတယ်။ သူတို့က လိင်တူကြိုက်သူစုချွမ်ကို အပြစ်မတင်ဘဲ ပိုင်လန်နဲ့ချိုးချန် ခွေးဇာတ်ခင်းတဲ့ဒီစုံတွဲကိုသာ ဒေါသတကြီးအပြစ်ပုံချပြီး တိုက်ခိုက်ခဲ့ကြတယ်။
ဒါကြောင့် ဖန်းဟွာ ဖုန်းခေါ်အသိပေးတာကြောင့် ပိုင်လန် အွန်လိုင်းပေါ်တက်တဲ့အချိန်မှာ သူ့ကိုဆဲဆိုအပြစ်တင်နေတဲ့ ပို့စ်ပေါင်းသောင်းခြောက်ထောင်ပလူပျံပြီး အွန်လိုင်းရန်ပွဲတွေက ရဲရဲတောက်နေပါပြီ။
“ကျွန်မတို့ ID အချို့ကိုတောင် ဘလော့ထားပြီးသွားပြီ” ဖန်းဟွာက ဖုန်းထဲကနေ ပြောနေတယ် “ဒါပေမယ့် အားချန်(လင်ကုန်းချန်) ပြောတာကတော့ ဟိုဘက်ကလူက ပရိုဖြစ်နိုင်တယ်တဲ့၊ နေရာခဏခဏပြောင်းနေတယ်၊ သူတို့ကိုဖမ်းမိဖို့ ရက်နည်းနည်းလောက်ကြာလိမ့်မယ်၊ ဒါပေမယ့် ဒီကြားထဲမှာတော့ ကျွန်မတို့ ဖြေရှင်းချက်လေးပေးမှ ဖြစ်မယ်နော်”
{T/N: ဖန်တွေထဲမှာ စုစုက သူ့လူတွေရောညှပ်ထားပြီး မီးရှို့ပေးနေတာပါနော်၊ ဖန်တွေကြား ဖွပေးနေတာပါ၊ ဆိုက်ဘာတိုက်ခိုက်မှုပါ၊ ဒါကြောင့် လင်ကုန်းချန်က ဆဲဆိုသူတွေကိုလိုက်ဖမ်း ဘလော့ပစ် လုပ်နေတာတောင် မမိသေးတာပါ၊ ဒါကြောင့် စာဖတ်သူလေးတို့လည်း လိုင်းပေါ်က သတင်းတွေတိုင်း မျက်လုံးစုံမှိတ်ဆဲဆိုမနေကြဘဲ ချင့်ယုံကြဖို့ သတိပေးပါရစေနော်}
“စုချွမ်ဘက်ကရော ဘာလှုပ်ရှားမှုရှိသေးလဲ?” ပိုင်လန်က မောက်စ်ကိုရွှေ့နေတယ်။ စကရင်ပေါ်ကြည့်နေတဲ့သူ့ပုံစံကတော့ အတော်လေးတည်ငြိမ်နေပါတယ်။
ဖန်းဟွာက သက်ပြင်းချတယ်။ အရင်တုန်းကတော့ သူမက လင်ကုန်းချန်ကြောင့် စုချွမ်နဲ့ရင်းနှီးခဲ့သေးတာ။ ဒါပေမယ့် အခုတော့….
“သူဝင်ပါဖို့ လိုသေးလို့လား၊ အခုချိန်မှာ သူလုပ်ရမှာက ငြိမ်ငြိမ်လေးနေလိုက်ရုံပဲ၊ နေမကောင်းချင်ယောင်ဆောင်လိုက်ရင် ရလဒ်က ပိုတောင်ကောင်းသွားဦးမယ်၊ သူကိုယ်တိုင်က ဘာမှမပြောသေးတာတောင် ကျွန်မတို့ကတော့ ဖန်တွေရဲ့တံတွေးခွက်မှာ ပက်လက်ရော မှောက်ခုံရော မျောနေပြီ”
“ဟုတ်ပါတယ်” စုချွမ်ရဲ့ ဒီတစ်ကွက်က ပညာသားပါလွန်းလှတယ် ဆိုတာကတော့ ပိုင်လန် ဝန်မခံချင်ရင်တောင် ဝန်ခံရလိမ့်မယ်။
ကုမ်ပဏီလည်း နောက်ခံမရှိဘူး၊ ဟုန်ယွိလည်း ဝင်မပါဘူးဆိုရင် စုချွမ်အနေနဲ့က ချိုးချန်ကိုဖက်ပြိုင်ဖို့ အများကြီးခက်ခဲလှတယ်။ ကုန်းကောက်စရာမကျန်တော့တဲ့အထိ လက်စားချေစေဦး၊ ရလဒ်က မွဲသာမွဲသွားမယ် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမယ့် ငါးစိမ်းမြင်လို့ငါးကင်ပစ်ခံလိုက်ပါတယ်ဆိုတဲ့ စနိုက်ကြော်ကောလဟလသာ အမျိုးသမီးပရိသတ်ထုကြားဖြန့်ပေးလိုက်မယ်ဆိုရင်တော့ လက်တစ်ချောင်းလှုပ်စရာတောင်မလိုဘဲ ပွဲသိမ်းသွားလိမ့်မယ်။
ဥပမာအနေနဲ့ တိုတယ်အင်တာတိန်းမန့်က ‘ရှုပ်ထွေးနေသောလမ်းမများ’မှာ ဖိအားပေးဇာတ်ကောင်လဲလိုက်သလိုမျိုး နောက်ထပ်လည်းစုချွမ်ကို ဖိနှိပ်လာရင် ကောလာဟလတွေအတိုင်း သူလည်းဒီကိစ္စမှာသားကောင်ဖြစ်ရသူပါဆိုပြီး ဒုက္ခသည်နေရာ အသာလေးဝင်နေရုံပဲ။ ဂုဏ်သိက္ခာနည်းနည်းပါးပါးထိခိုက်ပေမယ့် ဘာမှဆုံးရှုံးစရာရှိမှာမဟုတ်ဘူး။ မိုးလေငြိမ်သက်သွားတဲ့အခါကျ စင်ပေါ်ပြန်တက်နိုင်မှာပဲ။
ဂုဏ်သိက္ခာအကြောင်းပြောရရင်လည်း စုချွမ်က အခုချိန်မှာ ခံရသူနေရာရောက်နေတာ။ အားလုံးရဲ့သနားကြင်နာမှုကိုရနေတဲ့စုချွမ်က ထိခိုက်မှုအနည်းဆုံးနဲ့ ဂေးလို့ဝန်ခံရမယ့်အချိန်ကောင်းပဲ။ နောက်ကုမ်ပဏီအသစ်တစ်ခု ရှာတွေ့သွားရင်တောင် အဲ့ကုမ်ပဏီက ကယ်တင်ရှင်ကြီး ဖြစ်လာဦးမှာ။ ဒါကြောင့် ဟုန်ယွိမကူညီလည်း စုချွမ်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကတော့ ကြီးကြီးမားမားပျက်စီးသွားတာမျိုး မရှိပါဘူး။
ဒီဖြစ်ရပ်မှာ ပိုင်လန်က အလုပ်အကြောင်းလေးပဲဆက်စပ်တွေးထားပေမယ့် စုချွမ်ရဲ့လုပ်ရပ်ကတော့ ဒီထက်အများကြီးတာသွားတယ်။
အခုချိန်မှာ လူတွေအားလုံးရဲ့ဒေါသက ပိုင်လန်ပေါ်စုပြုံလာနေတာကြောင့် ဖန်းဟွာအကြံပေးသလိုမျိုး ထုတ်ပြန်ချက်တစ်ခုတော့ သေချာပေါက် ပြန်ဖြေရှင်းမှရပါလိမ့်မယ်။
သူ့မှာ ရွေးချယ်စရာလမ်းနှစ်ခုပဲရှိတယ်။ သူတို့အကြောင်းကို ဝန်ခံမလား၊ ဒါမှမဟုတ် ငြင်းဆိုမလားပဲ။
အကယ်၍ သူတို့နှစ်ယောက်ဆက်ဆံရေးကို ဒီလိုနည်းနဲ့ဝန်ခံလိုက်မယ်ဆိုရင်တော့ စုချွမ်နဲ့ဆက်ဆံရေးကို ငြင်းပစ်ရမှာဖြစ်ပြီး ပိုင်လန်ကလည်း အမြှောင်မယား၊ စမောလေး မဟုတ်ပါဘူးလို့ သက်သေပြနိုင်ရမယ်။ ဒါပေမယ့် စုချွမ်နဲ့ဆက်ဆံရေး(QQ & SQ)က အစကတည်းက မရှိခဲ့တော့ ဘယ်နားကသက်သေဆိုတာကြီးကို ဘယ်နေရာကသွားရှာရမှာလဲ။ စုချွမ်နဲ့မဟုတ်ပါဘူးပြောလည်း ဘယ်ဖန်မှယုံမှာမဟုတ်ပါဘူး။ ဒါကြောင့် အဆုံးသတ်မှာတော့ ပိုင်လန်က လိင်တူကြိုက်သူလည်းဖြစ်၊ တစ်ချိန်တည်းမှာပဲ စနှိုက်ကြော်ဘွဲ့ကိုလည်း ရရှိမှာဖြစ်ပါတယ်။ ဒါက သူ့ဂုဏ်သိက္ခာကို အများကြီးအများကြီး ပျက်စီးစေတယ်လေ။
အကယ်၍ နောက်တစ်မျိုး.. ငြင်းမယ်ဆိုရင်ရော … ဒါဆိုရင်တော့ စုချွမ်က သာတောင်ကြိုက်လိမ့်ဦးမယ်။ အကြောင်းရင်းကတော့ နောင်လာမယ့်နေ့ရက်တွေမှာ ပိုင်လန်နဲ့ချိုးချန်တို့ ပုန်းလျှိုးကွယ်လျှိုးသာချစ်ကြိုက်လို့ရတော့မှာကြောင့်ဖြစ်တယ်။ စုချွမ်တို့ဆက်ဆံရေးကိုလည်း ပိုင်လန်ကဘာမှဝင်ပြောခွင့်မရှိတော့တဲ့အပြင် တစ်သက်လုံးလည်း ‘သူများရည်းစားခိုးယူသူ’လို့ သံသယဝင်ခံနေရတော့မှာဖြစ်တယ်။
ဒီလိုနည်းနဲ့ပဲ ပိုင်လန်ရဲ့ဘဝကို အသေမသတ်နိုင်ရင်တောင် ကားလိပ်နောက်မှာပဲ နေရောင်မမြင်ရစေဖို့၊ တစ်သက်လုံးပုန်းကွယ်နေစေဖို့ လုပ်နိုင်တာနဲ့တင်ကို စုချွမ်က အတော်လေးကျေနပ်နေပြီ။ နောက်ပြီး နောက်ထပ်ဖုံးကွယ်နိုင်စွမ်းမရှိတော့လို့ အဆုံးမှာဝန်ခံလိုက်ရင်ရော.. ဒါဆိုလည်း ဖောက်ပြန်သူက ဖောက်ပြန်သူပဲ ဖြစ်မှာပဲ။ ဒါများ အစကတည်းက ဘာလို့ဖုံးထားသေးလဲလို့ မေးငေါ့ကြမှာပေါ့။
ဒါကြောင့် အရှုံးနဲ့အမြတ်ကိုတွက်ရင်း စုချွမ်က ဆုအကြီးကြီးကိုမျှော်ကိုးလို့ အသေးစားနစ်နာခံရင်း လောင်းကြေးထပ်ခဲ့ပါတယ်။
နောက်တစ်မျိုးရှိသေးတာက ဟုန်ယွိနဲ့ချိုးချန်က သဘောတူညီမှုလုပ်ထားတာကြောင့် ဟုန်ယွိက ချိုးချန်ဘက်လိုက်ပြီး ဖြေရှင်းပေးရင်ရော.. စုချွမ်အတွက်တော့ ချိုးချန်ကိုသာလက်လွှတ်ပေးလိုက်ရရင် ဘယ်စပွန်ဆာပဲဖြစ်ဖြစ် အကုန် အတူတူနဲ့အနူနူပဲဖြစ်သွားပြီ။ ဒါကြောင့် ဟုန်ယွိနားမှာကျန်နေခဲ့တယ်ဆိုရင်တောင်မှ ‘အိပ်ယာပေါ်ကအဲဒိကိစ္စတွေ’ လျော့နည်းသွားမှာကြောင့် အရင်ထက်စာရင် သည်းခံနိုင်သွားပြီလေ။
ပိုင်လန်က ဖန်းဟွာနဲ့ဖုန်းပြောနေတုန်းပါပဲ။
“အခု ကျွန်မတို့တွေ တုန့်ပြန်ချက်ပထမပိုင်းကို တင်ပြီးပြီ၊ စုချွမ်နဲ့ချိုးချန်ဓါတ်ပုံတွေက ဘာကိုမှမဆိုလိုပါဘူးလို့ ဖြေရှင်းထားတယ်၊ သူတို့ကအတူထိုင်သောက်ကြရုံပဲလေ၊ တွဲနေကြပါတယ်လို့ ပြောလို့မရဘူး၊ ဟုတ်တယ်မဟုတ်လား” ဖန်းဟွာက ရှင်းပြနေတယ် “အင်းပေါ့….ဓါတ်ပုံတွေက အတုလား အစစ်လား၊ ဘယ်အချိန်မှာရိုက်ထားတာလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာကို စုံစမ်းရမှာတော့ နောက်တစ်ပိုင်းပေါ့၊ နောက်ပြီး ကျွန်မတို့က ကုမ်ပဏီအနေနဲ့ ဘာကြောင့်စုချွမ်စာချုပ်ကိုဖျက်သိမ်းခဲ့ရလဲဆိုတာကို အတိအကျလေးရှင်းပြဖို့လိုလိမ့်မယ်၊ ဒါပေမယ့် ဒါက မခက်ပါဘူး၊ အရင်တုန်းကဆို စုချွမ်က အလုပ်တစ်ခုလက်ခံလိုက်ပြီးရင် စိတ်အပြောင်းအလဲမြန်လွန်းလို့ ကုမ်ပဏီဖြေရှင်းပေးရတာအကြိမ်ကြိမ်ပဲ၊ ဒါကို အခုအကြောင်းပြချက်အနေနဲ့သုံးလို့ရတယ်၊ ဘာလို့အစောစီးကမဖြေရှင်းရတာလဲ မေးလာကြရင်တော့ သူ့ဂုဏ်သိက္ခာကိုစောင့်ရှောက်ပေးဖို့လို့ပြောလို့ရတယ်၊ အခုချိန်မှာတော့ ရွေးချယ်စရာမရှိတော့လို့ပေါ့၊ သူတောင် ပရိသတ်တွေကို မလှမ့်တပတ်လုပ်သေးတာပဲ ကျွန်မတို့လည်း လုပ်လို့ရပါတယ်” ဖန်းဟွာက မကြည်မလင်ဖြစ်နေပုံရပါတယ်။
ပိုင်လန်က ပြုံးတယ် “အစ်မဖန်း ပင်ပန်းသွားပြီ၊ ခဏခဏ ဒုက္ခပေးရလို့ တောင်းပန်ပါတယ်”
“အို.ဒါက အပင်မြင့်လို့လေတိုက်တာပဲလေ ကိစ္စမရှိပါဘူး၊ ရှင်လည်း ဘာမှတောင်တောင်အီအီလျှောက်တွေးစရာမလိုဘူး၊ စားစရာရှိစား အိပ်စရာရှိအိပ်၊ ကျန်းမာရေးက အရေးကြီးဆုံးပဲ” ဖန်းဟွာက ပြေရာပြေကြောင်းပြောပြီးမှ နောက်ထပ်စကားဆက်ပြန်တယ် “ပြီးတော့ ဇာတ်လမ်းတွဲဘက်ကို အားချန်က သူ့လူတွေလွှတ်ထားတယ်၊ ရှင် ပြဿနာရှိမှာ မဟုတ်တော့ပါဘူး၊ ဒါပေမယ့် ကျွန်မစိုးရိမ်တာက အခုချိန်မှာ လူတစ်ချို့က ကျွန်မတို့ကို မမြင်ကွယ်ရာမှာပဲ နှုတ်ပိတ်ပြီးပဲနေစေချင်မှာ၊ ဒါကြောင့် ရှင်နဲ့ချိုးချန် သင့်တော်တဲ့အဖြေတစ်ခုတော့ နောက်ဆုံးမှာ ပေးကိုပေးရမှာပဲ၊ ဝန်ခံမှာလား ငြင်းမှာလား တစ်ခုခုတော့ရွေးကိုရွေးမှရမယ်”
ပိုင်လန့်စိတ်ထဲမှာ အကြံတစ်ချို့ရှိပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကိုတော့ သူ့သဘောနဲ့ချလို့မရဘူးလေ “ကျွန်တော်မေးကြည့်လိုက်ပါဦးမယ်”
ဒီစကားက ဖန်းဟွာကို တစ်ခုခုအမြင်လွဲသွားစေပုံရတယ်။ သူမက ထပ်ပြောပါတယ် “ကျွန်မအမြင်တော့ ဝန်ခံတာပိုကောင်းလိမ့်မယ်”
ပိုင်လန်က မပြုံးဘဲ မနေနိုင်ဘူး။ “အစ်မဖန်းက ကျွန်တော့်ဘက်တော်သားပေါ့”
“အမလေး ရှင်ရယ်.. ကျွန်မက အဖြေမှန်ရွေးနိုင်အောင် အရိပ်အမြွက်ပြတဲ့သဘောပဲ၊ ရှင်တို့မှားဖြေရင် အလုပ်ရှုပ်မှာက ကျွန်မပဲဟာကို” ဖန်းဟွာက ချိုးချန်အကြောင်းတွေးပြီးမှ ဆက်ပြောပြန်တယ် “ဒါနဲ့.. ရှင့်မိသားစုကိုရော ဘယ်လိုလုပ်မှာလဲ?အရင်အသိပေးဦးမှာလား? ပိုင်လိကိုထားလိုက်ဦး၊ ရှင့်မိဘတွေကိုရော….?”
ဖန်းဟွာနဲ့ပြောနေတဲ့အချိန်မှာပဲ သူ့ဖုန်းထဲ နောက်တစ်ကောလ်ဝင်လာတယ်။ အခြားတစ်ယောက်နဲ့ဖုန်းပြောနေတုန်းမှာ ဝင်နှောင့်ယှက်ဖို့အခွင့်ရှိတဲ့လူ ဘယ်သူရှိဦးမှာလဲ၊ ချိုးချန်တစ်ယောက်ပဲရှိတယ်။ ဒါကြောင့် ဖန်းဟွာက ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ပြောပြီး ဖုန်းချပေးသွားတယ်။
“ဟယ်လို?” ပိုင်လန်က ဖုန်းဖြေခလုတ်ကို တစ်ဖက်ဆွဲရုံပဲရှိသေးတယ်၊ ချိုးချန်ရဲ့ကျယ်ကျယ်လောင်လောင်အော်ဟစ်သံကို ကြားလိုက်ရတယ်။
“မင်း! မနက်ဖြန်ကျရင် ကင်မရာရှေ့မှာရပ်ပြီး ငါ့ယောင်္ကျားက ဘယ်တုန်းက မင်းယောင်္ကျားဖြစ်သွားတာလဲလို့ ဒဲ့ပဲပြောပစ်လိုက်၊ ကြားလား!”
ပိုင်လန်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်သာ လုပ်နိုင်တော့တယ်။ သူ ချိုးချန်အမြင်ကိုမေးဖို့မလိုတော့ဘူးဆိုတာ သေချာသွားပြီ၊ အဲဒိအစား ပင်လယ်ရပ်ခြား ဒေါသပုန်ထနေသူကိုသာ ချော့မြူနိုင်ဖို့ အချိန်အများကြီးပေးလိုက်ရလေတယ်။
***
ဓါတ်ပုံတွေအွန်လိုင်းပေါ်ရောက်ပြီး (၁၂)နာရီအကြာမှာတော့ ညသန်းခေါင်ရောက်လာပြီဖြစ်တယ်။
ဒီကေ့စ်နဲ့ပတ်သက်တဲ့ပို့စ်တွေဆိုတာလည်း သောင်းချီနေပြီ။ ဓါတ်ပုံထဲမှာပါတဲ့နေရာတွေ၊ ရိုက်ခံရတဲ့အချိန်တွေ၊ ကင်မရာရှုထောင့်တွေနဲ့ နောက်ကွယ်ကအမှန်တရားတွေကိုတော့ ထပ်ကာထပ်ကာအပြန်အလှန်ဆွေးနွေးလို့ မပြီးကြတော့ဘူး။ အချိန်တွေကြာလာတဲ့အမျှ ထင်ကြေးနဲ့မှန်းဆချက်တွေကလည်း ပိုပြီးကွဲပြားလာတယ်။ ပိုင်လန့်ကို သံသယဝင်တဲ့လူတွေ ရှိနေတုန်းဖြစ်ပေမယ့် စုချွမ်ကို ဟိုထင်ဒီထင်ဖြစ်လာတဲ့လူတွေလည်း တစ်စထက်တစ်ပိုများလာတယ်။ သူတို့က မနက်ဖြန်မနက် ဖြေရှင်းချက်လေးတော့ ကြားရကောင်းပါရဲ့လို့ စောင့်မျှော်နေကြလေတယ်။
ဒီအချိန်မှာပဲ ပိုင်လန်ရဲ့ပရိသတ်တွေက တန်ပြန်ထိုးစစ်ဆင်မှုကို စတင်လိုက်ကြတယ်။
ပထမဦးဆုံးပို့စ်က ဓါတ်ပုံလေးတစ်ပုံပဲ၊ ကောင်လေးသေးသေးလေးတစ်ယောက်ရဲ့လက်ကိုကိုင်ထားတဲ့ ပိုင်လန်ကို နောက်ကျောကနေ ရိုက်ထားတာ။
“ဘယ်သူက စမောလဲ! မင်းမေကြီးတော်ကြီးလား အမြှောင်မယားက!? ဘာဖြစ်လို့ စုချွမ်ကို ဒီလိုပုံစံမျိုး မတွေ့ဖူးရပါလိမ့်နော်!?”
ဒီပို့စ်ကိုမြင်တဲ့ပိုင်လန်က လန့်ဖြန့်သွားတာကြောင့် ဟုန်ဟုန့်ကိုချက်ချင်းဖုန်းခေါ်ကာ အခုပို့လိုက်မယ့်ဓါတ်ပုံလေးတွေ အွန်လိုင်းပေါ်တင်ပေးပါလို့ ပြောလိုက်တယ်။
အဲဒိညမှာပဲ မငြိမ်မသက်ဖြစ်နေတဲ့ အွန်လိုင်းလောကထဲ နောက်ထပ်ဗုံးတစ်လုံး ထပ်ကွဲပြန်တယ်။
ခေါင်းစဉ်အသစ်ကတော့ “သင်တို့မမြင်ဖူးသော အခြားတစ်ဘက်ခြမ်း” တဲ့။
ပို့စ်ထဲမှာတော့ ဓါတ်ပုံသုံးပုံပါတယ်။ တစ်ပုံချင်းစီက စုချွမ်နဲ့မတူညီတဲ့ယောကျ်ားတစ်ယောက်ချင်းစီက သောက်ဖော်သောက်ဖက်လုပ်နေကြတာ ဖြစ်ပါတယ်။
……………….