(42) ကိုယ့်အလှည့်ကျမနွဲ့စတမ်း
Viewers 48k

(42) ကိုယ့်အလှည့်ကျမနွဲ့စတမ်း

ဓါတ်ပုံစီးရီးတွဲအသစ်မှာ ပါဝင်တဲ့နေရာတွေက မှောင်မည်းမည်းကလပ်၊ ဒါမှမဟုတ် ဘားတစ်ခုပဲ။ ပုံထဲမှာ စုချွမ်နဲ့အတူရှိနေတဲ့ယောက်ကျားတွေရဲ့မျက်နှာတွေကို ဝါးထားတယ်။ ဒါပေမယ့် ခန္ဓာကိုယ်နဲ့ကိုယ်နေဟန်ထားအမူအရာတွေကို အလုံးစုံဖျက်ထားတာတော့ မဟုတ်ဘူး။

ပုံထဲမှာ စုချွမ်က အဲဒိယောက်ကျားတွေနဲ့ ပူးကပ်ထိုင်နေပြီး အတူတကွဒူးခေါင်းတွေထပ်ထားရင်ထပ်ထား ဒါမှမဟုတ် သူတို့ရဲ့လက်မောင်းက စုချွမ်ထိုင်ခုံနောက်မှီပေါ်တင်ထားတယ်။ 

အနေအထားက အရမ်းကာရောမှားယွင်းနေတာ မဟုတ်ပေမယ့် ထိုင်သောက်ရုံသောက်နေတဲ့ချိုးချန်ပါတဲ့ဓါတ်ပုံနဲ့ ယှဉ်လိုက်ရင်တော့ မြင်ရသူတွေကို အများကြီးသို့လောသို့လောဖြစ်စေတယ်။ 

ဒါကြောင့် ဒီဓါတ်ပုံတွေတင်အပြီးမှာ ချက်ချင်းဆိုသလိုပဲ လေလှိုင်းပေါ်ကတိုက်ပွဲတွေစတင်ပြန်တယ်။

တက်တက်ကြွကြွတစ်ညလုံးမအိပ်ဘဲ သိချင်စိတ်ပြင်းပြနေတဲ့ အွန်လိုင်းအသုံးပြုသူတွေက ဒီဓါတ်ပုံတွေကို ချိုးချန်ပါတဲ့ဓါတ်ပုံနဲ့ အတူတူပြန်တင်တယ်။ ပုံတွေကို ယှဉ်ထိုးကြည့်တဲ့အခါမှာတော့ တစ်ပုံကဝေးကွာပြီး တစ်ပုံကရင်းနှီးပူးကပ်နေတာ သိသာလွန်းပါတယ်။ 

အစောတုန်းက ပိုင်လန့်ကိုကျိန်ဆဲနေခဲ့တဲ့ စုချွမ်ရဲ့အမာခံဖန်တွေလည်း အခုတော့ ပြောစရာစကားပျောက်ဆုံးသွားပြီ။ ဒါပေမယ့်လည်း နည်းနည်းတော့ မျက်စိစုံမှိတ်ငြင်းလိုက်ရမှ နေသာထိုင်သာရှိမှာ .… ပုံကဘာဖြစ်နေလို့တုန်း၊ ဘာကိုများဖော်ပြနေလို့လဲ!? အတူထိုင်နေကြတာပဲလေ၊ အကောက်ကြံချင်လည်း ဉာဏ်ကိုလွှာသုံး!...

ဒါပေမယ့် ပိုင်လန်ရဲ့ဖန်တွေကလည်း ဒီစကားတစ်ခွန်းကိုပဲ စောင့်နေကြတာဖြစ်ပါတယ်…. ဒီဓါတ်ပုံတွေကဘာမှမဖြစ်ဘူး ဟုတ်လား…ဒါဆို ချိုးချန်ပါတဲ့ဓါတ်ပုံကလည်း ပိုလို့တောင် ဘာမှမဖြစ်သေးတယ်… မင်းတို့တွေက ကိုယ့်အထင်နဲ့ကိုယ်ပြဇာတ်ရေးပြီး ပိုင်လန့်ကိုပါ ဝင်ကခိုင်းလိုက်သေးတယ်၊ မင်းတို့ကမှ ဦးနှောက်ထဲချီးတွေနဲ့ပြည့်နေတာ… အခုတော့ ကိုယ့်ပါးကိုယ်ပြန်ရိုက်မိတဲ့အရသာ ပျော်ရဲ့လား!? …

ဟိုဘက်ဒီဘက် အပြန်အလှန်တိုက်ခိုက်ပြီးတဲ့အချိန်မှာ စုချွမ်ဖန်တွေက ဆက်လက်ထိုးစစ်မဆင်နိုင်တော့ဘဲ တပ်ခေါက်ပြေးရတော့တယ်။ ဒါပေမယ့် သူတို့က မကျေနပ်ကြသေးပါဘူး၊ ဓါတ်ပုံအသစ်တွေက ဖိုတိုရှော့လုပ်ထားတာလားလို့ သည်းကြီးမည်းကြီးရှာဖွေကြပြန်တယ်။

ဒီတစ်ကြိမ်မှာ အရင်က စုချွမ်လက်ချက်စာမိဖူးခဲ့တဲ့ သတင်းထောက်အချို့နဲ့ မီဒီယာအချို့လည်း ဝင်ပါလာကြပြီ။

အစပိုင်းမှာ သူတို့က စုချွမ်ရဲ့သနားစရာခံရသူလိုပုံစံလေးတွေကိုကြည့်ပြီး တိတ်တိတ်လေး ကြိတ်ဝမ်းသာနေကြတာ။ ဒါပေမယ့် သူတို့ဆီ မီးပွားလွင့်လာမှာစိုးလို့ အပြင်ထုတ်မပြောရဲကြဘူး။ အခုတော့ပြဿနာက စုချွမ်ဆီမှာရှိတာသေချာသွားပြီ။ ဒီလိုဖြစ်လာမှတော့ သူတို့က ပြဿနာကိုပုံကြီးချဲ့ပေးပြီး မီးပုံထဲဆီဝိုင်းလောင်းဖို့ မကြောက်ကြတော့ဘူး!

နောက်ပြီး အရင်တုန်းကလို ပြဿနာတိုင်းရှင်းပေးနေတဲ့ စုချွမ်နောက်ကွယ်က ‘လူကြီး’ ကလည်း အခုချိန်ထိ တုတ်တုတ်တောင်မလှုပ်ဘဲ ငြိမ်နေတယ်။ သူကိုယ်တိုင်ကများ လုပ်ခွင့်ပြုနေတာလား? ဒါမှမဟုတ် အဲဒိလူက ဒေါသထွက်လွန်းလို့ စုချွမ်ကိုခံစားပါစေ ဆိုပြီးများ ပစ်ထားတာလား? ပိုမိုရဲတင်းလာတဲ့ သတင်းထောက်အချို့က ‘ဟန့်တားခြင်းမရှိတဲ့’ ဒီအခွင့်အရေးကို အသုံးချခဲ့ကြပါတယ်။ 

ဒါကြောင့် နာရီအနည်းငယ်အကြာမှာ ပုံထဲက ယောင်္ကျားသုံးယောက်အကြောင်း ထုတ်ဖော်ခံလိုက်ရလေတယ်။

ဓါတ်ပုံထဲမှာ မျက်နှာတွေကိုဝါးထားပေမယ့် ခန္ဓာကိုယ်ကိုတော့ ပြထားသေးတယ်မလား။ ပရော်ဖက်ရှင်နယ်ကျကျထောက်လှမ်းလိုက်ရင် ဘယ်သူဆိုတာသိဖို့ အလွယ်လေးပဲ။

ဒါပေမယ့်လည်း သုံးယောက်လုံးက သက်ဆိုင်ရာနယ်ပယ်တွေမှာ အောင်မြင်ကျော်ကြားနေတဲ့လူတွေချည်းဖြစ်တာကြောင့် တိုက်ရိုက်ကြီးတော့ သွားစွပ်စွဲလို့မရပါဘူး။ သတင်းထောက်တွေက အိမ်ထောင်သည်နှစ်ယောက်၊ လူလွတ်တစ်ယောက်လို့ အကြမ်းဖျင်းပဲ ဖော်ပြလို့ရတယ်။ နောက်ပြီး အနုပညာသားတွေလည်းမဟုတ်ဘူး၊ ရိုက်ကူးရေးအဖွဲ့သားတွေလည်း မဟုတ်ပါဘူးပေါ့။ ပြီးတော့ နောက်တစ်ချက်က စုချွမ်ကိုယ်တိုင်အရင်ကပြောဖူးတယ်၊ သူက သူ့ရုပ်ရှင်ရင်းနှီးငွေအတွက် ကိုယ်တိုင်ပါဝင်မှုမရှိပါဘူးတဲ့။ ဒါဆို ဒီလူတွေနဲ့ထိတွေ့မှုက ဘာများဖြစ်လိမ့်မလဲ?

သတင်းတွေထွက်လာတဲ့အချိန်မှာ စုချွမ်ဖန်တွေက ခေါင်းမီးတောက်စေလောက်အောင် တုန်လှုပ်ခြောက်ခြားခဲ့ကြတယ်။

ဖန်တွေက လုံးဝကိုလိုက်မမှီနိုင်တော့ဘူး။ စိတ်တွေလည်းရှုပ်ထွေးကုန်ပြီ။ သူတို့ရဲ့အလုပ်ကြိုးစားလွန်းသူနတ်ဘုရားကြီးက ဒီလိုမှောင်မည်းမည်းနိုက်ကလပ်တစ်ခုမှာ ဘာလို့ဓါတ်ပုံအရိုက်ခံရတာလဲ။ သူတို့က မမြင်ချင်ယောင်ဆောင်ပေးဖို့ ဆန္ဒရှိပေမယ့်လည်း ဓါတ်ပုံထဲက ရင်းနှီးလွန်နေတဲ့ကိုယ်နေဟန်ထားတွေကိုကြည့်ပြီး စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ထူးထူးဆန်းဆန်းခံစားချက်ကြီးကိုတော့ ဘယ်လိုဖျောက်ပစ်လို့ရမှာလဲ။ ပြီးတော့လည်း ကြည့်ဦး.. သုံးယောက်မှာ နှစ်ယောက်က အိမ်ထောင်သည်တွေတဲ့!

ဒါဆို.. ဒါဆို.. ဒါဆို.. မဟုတ်မှလွဲရော.. သစ္စာဖောက်ခံရပါတယ်ဆိုတဲ့လူကိုယ်တိုင်က အခြားမိသားစုတွေကို လိုက်ဖျက်ဆီးတဲ့သူ ဖြစ်နေတာများလား!?

***

ဒီညမှာ အဲဒိဓါတ်ပုံတွေအပြင် နာမည်ကြီးသွားတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုလည်းရှိသေးတယ်။

အဲဒါက ပိုင်လန့်ဖန်တွေတင်ထားတဲ့ ကျောင်းဆင်းချိန်မှာ ကောင်လေးငယ်ငယ်လေးရဲ့လက်ကိုဆွဲထားတဲ့ ပိုင်လန်ရဲ့ဓါတ်ပုံတွေပဲ။ 

ပုံထဲမှာ ပိုင်လန်က ခေါင်းငုံ့ပြီး ကောင်ငယ်လေးကို စကားပြောနေတယ်။ ပုံရိပ်က သိပ်ကိုကြင်နာတတ်ပြီး နွေးထွေးပုံပေါ်တယ်။ ‘ဘဝလက်တွဲဖော်များ’ထဲက ချစ်တတ်တဲ့အဖေ ကျန်းရှင်းချန်နဲ့ကွက်တိပဲ။ ဒါကြောင့် ဒီပုံတွေလည်း အင်တာနက်ပေါ်ရောက်လာရော သိပ်မကြာဘူး ကွန်မန့်ရာချီနဲ့အတူ ထပ်ပြီးတောင်းဆိုခံရလေတယ်။

သိပ်မကြာခင်မှာပဲ လူတွေက သူတို့ခိုးရိုက်ထားတဲ့ပုံတွေကို တင်လာကြတယ်။ ကြည့်ရတာ ဖန်တွေက သူတို့မြတ်မြတ်နိုးနိုးဥထားတဲ့ရတနာတွေကို ထုတ်ပြလာသလိုမျိုးပဲ။ ပိုင်လန့်မှာက ကိုယ်ပိုင်အကောင့်လည်းမရှိတာကြောင့် ဖန်တွေခမျာလည်း သတင်းတွေကိုဖလှယ်ဖို့ရာ ကြားခံနေရာမရှိဘူး။ အခုတော့ သူတို့က ရေငတ်တုန်းရေတွင်းကျသွားကြပြီး ပိုစ့်အသစ်အသစ်တွေတင်ရင်းက ဖန်တွေအကုန်လုံး ပွဲတော်တွေ့သလိုဖြစ်သွားကြလေတယ်။ 

တစ်ညတည်းမှာပဲ ဓါတ်ပုံပေါင်းတစ်ရာနီးပါးထွက်လာတယ်။

အများစုက အခုလေးတင်မှရိုက်ထားတဲ့ ကျောင်းအားကစားပွဲတော်ကပုံတွေပဲ။ ရှုထောင့်ပေါင်းစုံက အမျိုးမျိုးရိုက်ထားတာ။ တစ်ချို့ပုံတွေမှာ ကောင်ငယ်လေးက ပိုင်လန့်ကိုယ်ပေါ်တွယ်တက်နေပြီး တစ်ချို့ပုံတွေမှာကျ ပိုင်လန်က အစာစားပြီးပေပွနေတဲ့ကောင်ငယ်လေးရဲ့ပါးစပ်ကို သုတ်ပေးနေတယ်။ ဒါက ဖန်တွေအကုန်လုံးကို သေလောက်အောင်မရိုးမရွဖြစ်စေပါတယ်။

နောက်ပြီး ပိုင်လန်နဲ့ကောင်ငယ်လေးက ပေါက်စီဆိုင်ရှေ့မှာတန်းစီနေတဲ့ပုံတွေလည်း ရှိသေးတယ်၊ ဒါမှမဟုတ် လမ်းဘေး မက်ရှ်မဲလိုးဆိုင်ဘေးမှာ မက်ရှ်မဲလိုးတွေ ပလုပ်ပလောင်းစားနေကြတာမျိုးပေါ့။ ဒါတင်မကသေးဘူး ချိုးချန်နဲ့ပိုင်လန်က ကောင်ငယ်လေးကို အတူတကွကျောင်းလိုက်ပို့တဲ့ပုံတောင်ရှိသေးတယ်။ 

ဒီနေရာမှာ (၈၀)%သောလူတွေက ကျင့်ဝတ်တွေကိုလိုက်နာပြီး ကောင်ငယ်လေးရဲ့မျက်နှာကို မှုန်ဝါးဝါးလုပ်ပေးထားကြပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ ကောင်ငယ်လေးရဲ့မျက်လုံးကြီးကြီး မျက်ခုံးထူထူ ခန့်ညားတဲ့ရုပ်သွင်ကို ဖုံးကွယ်ပေးဖို့ရာမေ့လျော့ခဲ့ကြတယ်။ ဒါကိုမြင်တဲ့အင်တာနက်အသုံးပြုသူတွေက ပွက်လောရိုက်မတတ်ဖြစ်သွားတာပေါ့။ ဒါက တကယ့်ကို သူဌေးချိုးသားငယ်လေးပါပဲ၊ မှားနိုင်စရာမရှိပါဘူး၊ ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲပေါ့!

ဒီ တည်းဖြတ်မထားတဲ့ဓါတ်ပုံတွေကို အင်တာနက်ပေါ်တင်ပြီး နာရီဝက်အကြာမှာပဲ ဖျက်ချခြင်းခံရတယ်။ ပရိသတ်တွေက မကျေမနပ်ဖြစ်ကြပေမယ့် ဉာဏ်ကောင်းသူတွေကတော့ နောက်ကွယ်မှာထိန်းချုပ်သူရှိမှန်းသိကြတယ်။ ပြီးတော့လည်း လက်ခံပါတယ်။ ဒါက ကလေးငယ်လေးတစ်ယောက်မို့လို့ ကာကွယ်ပေးရမှာပဲ မဟုတ်လား။ နောက်ပိုင်းမှာတော့ သူတို့က ဓါတ်ပုံတွေကို စနစ်တကျတည်းဖြတ်ပြီးမှပဲ တင်တော့တယ်။ ပို့စ်တွေတစ်ခုပြီးတစ်ခုတင်ရင်း အားလုံးက သူတို့ရဲ့ရတနာလေးတွေကို ပျော်ပျော်ရွှင်ရွှင်ပဲ မျှဝေလာကြတယ်။ ဓါတ်ပုံတွေကိုအသုံးပြုပြီး သတင်းဖြစ်အောင်ကြံတဲ့ နဂိုရည်ရွယ်ချက်ကို မေ့ပျောက်သွားခဲ့ကြပါတယ်။

ဒါပေမယ့် ဓါတ်ပုံတွေက တစ်ပုံပြီးတစ်ပုံ ပိုပိုများလာလေ၊ လူတွေက ထူးခြားချက်တစ်ခုကို အစဆွဲထုတ်မိလာလေပဲ။ အတင်းအဖျင်းသတင်းတွေလည်း မွှေးလာတာပေါ့။

… နေစမ်းပါဦး…. သူတို့ကိုကြည့်ရတာ… နေ့စဉ်နေ့တိုင်းရင်းနှီးကျွမ်းဝင်လှတဲ့အပြုအမူတွေနဲ့….. နေပါဦး… ချိုးသားအဖနဲ့ပိုင်လန်က အစောကြီးကတည်းက အတူနေနေကြပြီလား?

..ဒါဆို.. ဒါကအမှန်ဖြစ်မှန်ဆို.. ပိုင်လန်ကမှ တရားဝင်မယားကြီးဖြစ်ရမှာ မဟုတ်ဘူးလား?

..ဟိုအရှက်မရှိတဲ့ စနိုက်ကြော်ကောင်ကတော့ ပိုင်လန်နဲ့ချိုးချန်ကြားဝင်ပြီး ကဖျက်ကဖျက်လုပ်ချင်နေတာပဲဖြစ်ရမယ်!?

ပိုင်လန်ရဲ့ဖန်တွေလည်း စုချွမ်ရဲ့ဖန်တွေအတိုင်းပါပဲ။ ဂေးခြင်း မဂေးခြင်းက တစ်ကဏ္ဍ၊ ဖောက်ပြန်တာက တစ်ကဏ္ဍပဲ။ သူများဆက်ဆံရေးကို ဝင်ရောက်နှောင့်ယှက်တဲ့ လင်တရူး မယားတရူးတွေကို သည်းခံစရာအကြောင်းကိုမရှိတာပါ!

နဂိုစုချွမ်ပရိသတ်ဖြစ်ခဲ့တဲ့ အမျိုးသမီးဖန်တွေအားလုံးက နာရီအနည်းငယ်အတွင်းမှာပဲ စုချွမ်ကို ဆဲဆိုကြလေတယ်။

***

အင်တာနက်ပေါ်က အွန်လိုင်းအသုံးပြုသူတွေကြားထဲမှာတော့ စစ်ပွဲတွေဖြစ်နေပြီး အွန်လိုင်းတစ်ခုလုံးက ကြက်ပျံမကျစည်ကားနေတယ်။

ဒါပေမယ့် ပိုင်လန်ကတော့ ချိုးရှောင်ဟိုင်ကိုပွေ့ဖက်ရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျခဲ့ပါတယ်။ (ချိုးချန်က နိုင်ငံခြားမှာရောက်နေတုန်းပါ) တစ်ခုပဲ.. သူတို့နှစ်ယောက်က ခါတိုင်းထက်ပိုပြီး တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားခဲ့ကြတာ။

နောက်တစ်နေ့မှာတော့ ပိုင်လန်က တီဗွီဖွင့်ရင်းနောက်ဆုံးရသတင်းတွေကို ကြည့်နေတယ်။ အဲဒါက စာချုပ်ဖျက်သိမ်းရတဲ့အကြောင်းရင်းကို ဒီမနက်ပိုင်းလေးမှ ထုတ်ပြန်ခဲ့တဲ့ တိုတယ်အင်တာတိန်းမန့်ရဲ့ ဖြေရှင်းချက်အကြောင်းပါ။

ဖြေရှင်းချက်ထဲမှာက ကုမ်ပဏီစီစဉ်ပေးတဲ့အလုပ်တွေကို စုချွမ်ဘယ်လောက်တောင်ဖျက်ပစ်ခဲ့သလဲ ဆိုတဲ့ အသေးစိတ်အကြောင်းအရာတွေပါတယ်။ ပြီးတော့ နာမည်ထိခိုက်လောက်အောင်ပြုမူခဲ့တဲ့ စုချွမ်ရဲ့မသင့်တော်တဲ့ ပြုမူဆက်ဆံရေးအချို့အကြောင်းလည်း အရိပ်အမြွက်ပါတယ်။ ဒါကြောင့် တိုတယ်အင်တာတိန်းမန့်အနေနဲ့ စုချွမ်နဲ့နောက်ထက်လက်တွဲဖို့ရာ ဆန္ဒမရှိတော့လို့ စာချုပ်ဖျက်သိမ်းလိုက်ရပါတယ်ပေါ့။ ယခုဖြစ်ပေါ်နေတဲ့အခြေအနေကို အထင်အမြင်လွဲမှားနေတဲ့ပရိသတ်တွေကိုသိစေဖို့ရာလည်း ရည်ရွယ်ပါတယ်ပေါ့။

ဒီထုတ်ပြန်ချက်က စုချွမ်အတွက် ဓါတ်ပုံတွေအကြောင်းဖြေရှင်းဖို့ရာ ပိုဆိုးသွားစေတယ်။ အဲဒိအစား စုချွမ်ရဲ့နောက်ခံဘက်ဂရောင်းကိုသာ ဖြတ်ပစ်လိုက်ပြီး အခြေအနေကိုမှားယွင်းသုံးသပ်နေတဲ့ ပရိသတ်တွေကို ရှင်းရှင်းလင်းလင်းပေးသိစေလိုက်တယ်။

နောက်ပြီး တစ်ချိန်တည်းမှာပဲ တိုတယ်အင်တာတိန်းမန့်က ချိုးချန်ရဲ့ကိုယ်ပိုင်သုံးသပ်ချက်ကိုလည်း ဖော်ပြပေးခဲ့တယ်။ 

ဒီထဲမှာ စာကြောင်းအနည်းငယ်ပဲပါတယ် “ကျွန်တော့သားနဲ့ ပိုင်လန့်အကြောင်းကို စိတ်ဝင်တစားရှိပြီး စိတ်ပူပေးကြတဲ့ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်၊ နောက်ငါးရက်နေရင် တိုတယ်အင်တာတိန်းမန့်အနေနဲ့ သတင်းစာရှင်းလင်းပွဲကျင်းပမှာဖြစ်ပါတယ်၊ အဲဒိအခါကျမှ မေးခွန်းတွေအကုန်လုံးကိုဖြေပေးပါ့မယ်၊ ဒါပေမယ့် ဒီအတောတွင်းတော့ သည်းခံပေးပြီး ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်ကြဖို့ အားလုံးကိုမေတ္တာရပ်ခံပါတယ်” 

ဒါက စာလေး လေးငါးကြောင်းပဲ၊ ဖွဲ့နွဲ့ရေးထားတာမျိုးလည်း မရှိဘူး။ ဒါပေမယ့် ချိုးချန်အနေနဲ့ ဘာကိုကာကွယ်ချင်လဲ၊ ဘယ်သူ့ကိုကာကွယ်ပေးမလဲဆိုတာတော့ သိသာလှတယ်။

ချိုးချန်ကို အချစ်များသူကြီး၊ပလေးဘွိုင်းလူရှုပ်လူပွေကြီးလို့ စွပ်စွဲခဲ့တဲ့ အမျိုးသမီးပရိသတ်ထုကြီးက ဒီနေ့မှာတော့ အကြီးအကျယ်ထောက်ခံချက်တွေပေးနေကြတယ်။ …. ဂေး ဟုတ်ဟုတ် မဟုတ်ဟုတ် အသာထားလိုက်ဦး၊ အနည်းဆုံးတော့ ဒီလူက တိုက်ရိုက်ဝန်ခံသေးတာပဲ..။ ဘာတွေဖြစ်နေကြတာလဲလို့ ဝင်စပ်စုတဲ့အမျိုးသားပရိသတ်တွေကတော့ ဒီဘဲကြီးက လုပ်ရဲရင်ခံရဲတယ်ဟ လို့ မှတ်ချက်ပြုသွားကြလေရဲ့။

ပိုင်လန်က မနက်စာစားတာကို အဆုံးသတ်ပြီး မနက်ခင်းသတင်းကိုကြည့်နေတုန်းမှာပဲ သူ့ဖုန်းမြည်လာတယ်။

“မောနင်း”

“မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား?” ချိုးချန်ရဲ့ပထမဦးစားပေးအရာက သူ့ကျန်းမာရေးဖြစ်ပါတယ်။

ပိုင်လန်ကပြုံးတယ် “အင်း.. မနက်ထိ တစ်ချိုးတည်းပဲ”

“ကောင်းတယ်၊ ကိုယ်. သုံးရက်နေပြီးရင်ပြန်လာမယ်၊ မင်း.. ဒီရက်ပိုင်းအတွင်း ရှောင်ဟိုင့်ကို ကျောင်းမလွှတ်နဲ့ဦးနော်”

“ဟုတ်၊ အခုမနက်တောင် သူ့ကိုမနှိုးထားဘူး” ပိုင်လန်က ပြောတုန်းဆိုတုန်းပဲရှိသေးတယ်၊ ချိုးရှောင်ဟိုင်တစ်ယောက် အိပ်ခန်းတံခါးဝမှာပေါ်လာတယ်။ ကလေးလေးက မျက်လုံးတွေကိုပွတ်ရင်း တောင်ကြည့်မြောက်ကြည့်နဲ့ တစ်ယောက်ယောက်ကို လိုက်ရှာပုံရပါတယ်။

“အားပိုင်….” သူက ရှာနေတဲ့လူလည်းတွေ့သွားရော ဆိုဖာပေါ်ထိုင်နေတဲ့ပိုင်လန့်ကိုယ်ပေါ်ပြေးတက်လာရင်း အိပ်စက်ခြင်းကို ဆက်လက်ထမ်းဆောင်တယ်။

ဖုန်းတစ်ဘက်ခြမ်းကချိုးချန်လည်း အဖြစ်အပျက်တွေအကုန်ကြားပြီး ခပ်အုပ်အုပ်ရယ်တယ် “ဒီကောင်လေးကိုသာ သတင်းထောက်တွေနဲ့ပေးတွေ့လိုက်ရင်တော့ ကိုယ်တို့မိသားစုအကြောင်းတွေ ခရေစေ့တွင်းကျအကုန်လျှောက်ပြောမှာသေချာတယ်” 

“အမှန်ပဲ” ပိုင်လန်ကပြုံးတယ်၊ ‘ကိုယ်တို့မိသားစု’ဆိုတဲ့ စကားလုံးအတွက်ပေါ့။ သူက တစ်ချိန်တည်းမှာလည်း ချိုးရှောင်ဟိုင်ခေါင်းလေးကို ပွတ်ပေးနေပါတယ်။ 

ချိုးချန်ရဲ့စကားတွေက ပြောရမယ့်အဓိကအကြောင်းအရာကိုပြောင်းသွားပြီ “မနေ့ညကတင်လိုက်တဲ့ဓါတ်ပုံတွေက မင်းပေးတာလို့ ဟုန်ဟုန်ကပြောတယ်၊ အဲ့ဒါတွေ ဘယ်ကရထားတာလဲ၊ သူဌေးဟုန်ဆီကလား?”

“ကျွန်တော်.. အားချီကို အကူအညီတောင်းထားတာပါ”

“ရုန်စစ်ချီ?” ချိုးချန်က ချက်ချင်းနားလည်သွားသလိုပဲ “ရုန်မိသားစုပါတီကတည်းက…. မင်း…?”

“ကျွန်တော်က သူတို့ကို သူဌေးဟုန်နဲ့စုချွမ်ပုံတွေရှာခိုင်းထားတာ၊ ပြီးတော့ သူဌေးဟုန်ဆီပြန်ပို့ပြီး မေးခိုင်းလိုက်တယ်၊ အခြားတစ်ခုခုနဲ့များ လဲချင်စိတ်ရှိလားလို့” ပိုင်လန်က ပြောင်တင်းတင်းဝန်ခံပါတယ်။

ချိုးချန်က ခဏလောက်ရပ်သွားပြီမှ အကျယ်ကြီးအော်ရယ်လေရဲ့ “ဟား..ဟား…တစ်ခါတစ်ခါ ကိုယ်တွေးမိတယ်သိလား၊ မင်းကလေ ယုန်သားရေခြုံထားတဲ့ မြေခွေးကြီးလားမသိဘူး” 

ပိုင်လန်က ဒီစကားကိုသဘောမတူဘဲ ဖြူစင်သူလေးပါဆိုတဲ့လေသံနဲ့ပြောပါတယ် “ယုန်လည်း ဒေါသထွက်ရင် လူတွေကိုကိုက်တတ်ပါတယ်နော်” 

“တော်သေးတာပေါ့ကွာ၊ ဒီယုန်လေးက သူ့အလိုလျောက် ကိုယ့်အိပ်ကပ်ထဲခုန်ဝင်လာလို့” ချိုးချန်က ဂုဏ်ယူဝင့်ကြွားစွာပြောပါတယ်။ 

“ဒါဆို ပြန်ခုန်ထွက်သွားရမှာလား?”

“လုပ်ရဲရင် လုပ်ကြည့်လိုက်!”

***

ပိုင်လန်ရဲ့တန်ပြန်ရိုက်ချက်က စုချွမ်ကိုအကြီးအကျယ်ထိခိုက်သွားစေခဲ့ပါတယ်။

တစ်ညလုံးမအိပ်နိုင်ဖြစ်နေခဲ့ရတဲ့စုချွမ်က နောက်တစ်နေ့မနက်မှာ ဟုန်ယွိဆီကဖုန်းကောလ်ကို လက်ခံရရှိခဲ့တယ်။ 

သူက လုံးဝကို မကိုင်ချင်ပေမယ့် ရွေးချယ်စရာလည်း မရှိဘူး။

“အခု အားလုံးကိုသဘောပေါက်ပြီလား?”

စုချွမ်က ပြန်ဖြေတဲ့အချိန်မှာ သူ့လက်တွေကရေခဲလိုပဲ အေးစက်နေခဲ့တယ် “…. ဟု.တ် ..”

“ဒါဆို ပေါက်ကရလျှောက်လုပ်နေတာတွေ ရပ်လိုက်တော့၊ ဒီတစ်ခါ ကိုယ် မင်းကိုရှင်းပေးမှာ မဟုတ်ဘူး၊ မင်းဖာသာမင်း လက်လွှတ်လိုက်မှရမယ်” ဟုန်ယွိရဲ့အသံက ဘာခံစားချက်မှ မရှိဘူး။

စုချွမ်က ပြန်လှန်မပြောရဲဘူး။ 

ဓါတ်ပုံသုံးပုံကိုအရင်းပြုပြီး စုချွမ်ကို ထိတ်လန့်တုန်လှုပ်စေတဲ့အကြောင်းရင်းက သူ့ရဲ့လှုပ်ရှားမှုတိုင်းကို ဟုန်ယွိက စောင့်ကြည့်နေတယ်ဆိုတာပဲ။

ဒီဓါတ်ပုံတွေကို ဟုန်ယွိဖော်ထုတ်ခွင့်ပြုတယ်ဆိုကတည်းက သူ့ရဲ့အဓိကရည်ရွယ်ချက်က သူ့ကိုသတိပေးပြီးခြိမ်းခြောက်ဖို့ဖြစ်တယ်။ 

သူ ဒိထက်သာရှေ့ဆက်မယ်ဆိုရင် ပိုပြီးဆိုးရွားတဲ့အဖြစ်တွေနဲ့ရင်ဆိုင်ရမှာပဲ။ နောက်ပြီး အားကိုးစရာလူမရှိတော့ရင်လည်း ဒီလောကထဲမှာ နောက်ထပ်ရပ်တည်လို့ရမှာ မဟုတ်တော့ဘူး။

“နောက်ပိုင်းကျရင်ရော…” စုချွမ်က နှုတ်ခမ်းတွေကိုကိုက်ရင်း မေးဖြစ်အောင်တော့မေးလိုက်သေးတယ်။ 

ဟုန်ယွိက ခပ်တိုးတိုးရယ်ပါတယ် “ကိုယ်က အသက်ကြီးပါပြီ၊ အေးအေးချမ်းချမ်းတိတ်ဆိတ်ဆိတ်နေဖို့အရွယ်ရောက်နေပြီ၊ ဘယ်လိုလဲ.. ဟုတ်တယ်မလား?”

စုချွမ်က ဖုန်းလက်ကိုင်ကိုဆုပ်ထားတာ သူ့လက်တွေတောင် သွေးမလျှောက်နိုင်ဘဲ ဖြူဖျော့လာတဲ့အထိပဲ။ သူ့နှလုံးသားထဲမှာတော့ ကြောက်ရွံ့ခြင်းနဲ့အမုန်းတရားတွေပြည့်နေတယ်။ ဒါပေမယ့် ဘာတစ်ခုမှ ပြန်ခံမပြောရဲပါဘူး။ 

“…. စုချွမ်နားလည်ပါပြီ” 

***

နောက်ဆုံးမှာတော့ တိုတယ်အင်တာတိန်းမန့်ရဲ့ စာချုပ်ဖျက်သိမ်းခြင်းကအစပြုပြီး ဖြစ်ပေါ်လာတဲ့ ဂယက်ပေါင်းများစွာက ‘အနုပညာလောကမှခေတ္တအနားယူခြင်း’ဆိုတဲ့ စုချွမ်ရဲ့ကြေငြာချက်ကြောင့် တစ်စထက်တစ်စဆုံးခန်းတိုင်လာတယ်။

ဒါကြောင့် စုချွမ်ရဲ့ပရိသတ်တွေလည်း ရွေးချယ်စရာမရှိဘဲ အမှန်တရားဆိုတာကြီးကို အောင့်သက်သက်နဲ့ ဖြစ်ညှစ်လက်ခံလိုက်ရလေတယ်။

…. စာချုပ်ဖျက်သိမ်းတဲ့အကြောင်းကိုရော၊ လက်ထပ်ပြီးသားလူတွေနဲ့ဓါတ်ပုံအကြောင်းကိုရော စုချွမ်ဘက်က ချေပခြင်းမရှိမှတော့ တစ်ခုတည်းသောဖြစ်နိုင်ချေက အမှန်တရားဖြစ်နေတာကြောင့်ပေါ့?…..

…. စုချွမ်ရဲ့ဗီဇအရ ရေငုံနှုတ်ပိတ်နေတာ လုံးဝသဘာဝမကျဘူး။ ဘာအကြောင်းကြောင့်များ ရှေ့ထွက်ပြီး တစ်ခွန်းတစ်လေမပြောနိုင်ရတာလဲ!?....

ဖြေရှင်းချက်မရှိ ငြိမ်သက်နေတဲ့အခြေအနေကြီးက စုချွမ်ရဲ့အမာခံပရိသတ်တွေကို နောက်ကျောဓါးထိုးခံရသလို ပိုးစိုးပက်စက်ခံစားသွားရစေတယ်။ သူတို့က တစ်ပြိုင်တည်းမှာ ဒေါသလည်းထွက်ရတယ်၊ နာလည်း နာကျင်ခံစားရလေတယ်။ 

နောက်ပိုင်းမှာတော့ လူတွေက စုချွမ်ရရှိခဲ့ဖူးတဲ့ဆုတံဆိပ်တွေအကြောင်းကိုပါ အစဆွဲထုတ်ရင်း ထင်ရာမြင်ရာဖန်တီးချက်တွေနဲ့ ပုံကြီးခဲ့ျပြောဆိုခဲ့ကြပါတယ်။ 

လောကကြီးမှာက ဒီအတိုင်းပဲ။ လူထုက မင်းကိုဆန့်ကျင်ပြီဆိုတာနဲ့ အရင်ကကောင်းလှချည်ရဲ့ဆိုပြီး ချီးကျူးမြှောက်ပင့်ချက်တွေအားလုံး ပျောက်ကွယ်ပျက်စီးကုန်တော့တာပဲ။ 

လာမယ့်နှစ်တွေမှာတော့ ‘ရုပ်ရှင်ဘုရင်ကြီး’လို့ အားလုံးကတင်စားခေါ်ခဲ့ကြတဲ့ စုချွမ်က အနုပညာလောကရဲ့သမိုင်းကြောင်းမှာကျန်ရစ်တဲ့ မှတ်တမ်းတစ်ခုအနေနဲ့ပဲ တစ်ဖြည်းဖြည်းပြောင်းလဲသွားတော့တယ်။

သမိုင်းအသစ်ရဲ့ မျိုးဆက်အသစ်မှာတော့ အသစ်အသစ်သောလူတွေကပဲ ဦးဆောင်ကြတာ ဓမ္မတာဖြစ်နေပါပြီ။ 

ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ လာမယ့် Gold Emperor award ဆုပေးပွဲရဲ့ အကောင်းဆုံးဇာတ်ဆောင်မင်းသား ဇကာတင်စာရင်းကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ 

ဒီတစ်ကြိမ်မှာ လိင်တူချစ်သူလို့ဝန်ခံခဲ့တဲ့ ပိုင်လန်လည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့တယ်။

…………….