(43) လိင်တူချင်းနှစ်သက်ကြောင်းဝန်ခံသည်
Viewers 48k

(43) လိင်တူချင်းနှစ်သက်ကြောင်းဝန်ခံသည် 

နှစ်ယောက်သားက ချိုးချန်ရဲ့သတင်းစာရှင်းလင်းပွဲကိုအသုံးချပြီး လိင်တူနှစ်သက်ကြောင်း ဝန်ခံခဲ့ကြတယ်။

အဲဒိအချိန်က အင်တာနက်ပေါ်မှာ စုချွမ်နဲ့ယောက်ကျားသုံးယောက်သတင်းတွေ ပျံ့လွင့်နေဆဲကာလဖြစ်တာကြောင့် သူတို့ရဲ့ဝန်ခံခြင်းက ထင်ထားသလောက်တော့ ရုတ်ရုတ်သဲသဲမဖြစ်သွားဘူး။

ဒါပေမယ့် တိုက်ခိုက်မှုတွေနဲ့ဝေဖန်မှုတွေကို လုံးလုံးလျားလျားရှောင်ရှားလိုက်နိုင်တာလဲ မဟုတ်ပါဘူး။ နောက်ပြီး သားသမီးဝတ္တရား၊ မိဘဝတ္တရား မကျေဘူးလို့ လက်ညှိုးထိုးတာတွေလည်းရှိတယ်။ အကြောင်းရင်းက သူတို့ကြားမှာ ငါးနှစ်သားလေး ချိုးရှောင်ဟိုင်လည်း ပါဝင်ပတ်သက်နေတာကိုး။ ရှေးရိုးစွဲအမြင်တွေကို တယူသန်စွဲကိုင်ထားတဲ့ မိဘစုံတွဲတွေကလည်း အများသားမဟုတ်လား။

ထိုသူအများစုက ချိုးချန်နဲ့ပိုင်လန်ကို ချိုးရှောင်ဟိုင်အတွက် မလုံခြုံတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းစေတယ်၊ မကောင်းတာကို ရှေ့ဆောင်လမ်းပြလုပ်တယ်ဆိုပြီး စွပ်စွဲခဲ့ကြတယ်။ နောက်ပြီး လူသိရှင်ကြား ပြောင်ပြောင်တင်းတင်းဝန်ခံပြီး ချိုးရှောင်ဟိုင်ကို ခေါင်းမဖော်နိုင်အောင်လုပ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ 

ဒီအကြောင်းအရာတွေက သတင်းစာရှင်းလင်းပွဲ စစချင်းမှာပဲ သတင်းထောက်တစ်ယောက်ရဲ့ စွပ်စွဲချင်တဲ့လေသံနဲ့ အာကျယ်အာကျယ်အစဖော်ခြင်းကို ခံလိုက်ရတယ် “မစ္စတာချိုး.. သားအပေါ်မှာ တာဝန်မကျေဘူးလို့ခံစားရတာမျိုး ရှိပါသလား?”

ချိုးချန်က မျက်ခုံးပင့်ကြည့်လိုက်လေရဲ့ “လူသတ်သမားတစ်ယောက်ရဲ့သားကို သူ့အဖေနည်းတူအပြစ်ရှိတယ်လို့ ပြောလို့ရလား” သူက သတင်းထောက်ကို ပြန်မေးလိုက်တယ်။

မေးခွန်းမေးတဲ့သတင်းထောက်က စက္ကန့်ပိုင်းလောက်ရပ်သွားပြီးမှ ပြန်ပြောတယ် “သားဖြစ်သူက အမှုနဲ့မပတ်သက်သရွေ့ အပြစ်မရှိပါဘူး” 

ချိုးချန်က အရေးမစိုက်သလိုမျိုး ပုခုံးကိုတွန့်ပြီးပြောတယ် “ဒါဆို အဲဒိလူသတ်သမားသားကို လူတွေက ဝိုင်းလက်ညှိုးထိုးကြရင်ရော ဘယ်သူ့အပြစ်လဲ?”

“ဒါပေမယ့် လိင်တူကြိုက်တာကတော့ မျိုးရိုးလိုက်တယ်လေ၊ မဟုတ်ဘူးလား?” ခေါင်းမာလွန်းတဲ့သတင်းထောက်က အရှုံးကိုဝန်မခံပါဘူး။ 

“လိုက်တယ်ဆိုလည်း လိုက်တယ်ပေါ့၊ ဘာဖြစ်လဲ? မျိုးရိုးဗီဇဆိုတာ လိုက်ထိန်းချုပ်လို့ရတဲ့အရာမှ မဟုတ်တာ၊ ခင်ဗျားက ကျုပ်ကို ဘာပြောစေချင်တာလဲ၊ တည့်တည့်မေး” ချိုးချန်ရဲ့မျက်နှာပေါ်မှာ မနှစ်မြို့တဲ့အမူအရာတွေဖြစ်လာတယ်။ 

သတင်းထောက်ရဲ့မျက်နှာကြီးကနီလာတယ် “မစ္စတာချိုးက လိင်တူနှစ်သက်တာတောင်မှ ကိုယ့်သားကိုမွေးဖွားပေးဖို့ အမျိုးသမီးတစ်ယောက်ကိုလှည့်စားခဲ့သေးတယ်နော်၊ ဘာကြောင့်လဲ ပြောပြပေးလို့ရမလား!?”

ဒီစကားကိုကြားတဲ့ချိုးချန်က ရုတ်တရက်ထရယ်ပါတယ် “မေးခွန်းလေးက မဆိုးပါဘူး၊ ဒါပေမယ့်.. ခင်ဗျား ကျုပ်ကိုဖြေစေချင်တယ်ဆိုရင်တော့… အရင်ဆုံး ကိုယ်မေးတဲ့မေးခွန်းက သက်သေအထောက်အထားခိုင်လုံနေမှရမယ်၊ မဟုတ်လို့ကတော့……”

ချိုးချန်က စကားကိုဆုံးအောင်ဆက်မပြောဘူး။ ဒါပေမယ့် ရုတ်တရက်ပဲ အားလုံးက နားလည်သွားကြတယ်။ ဒီလိုတိုက်ရိုက်လွှင့်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကိုယ်မေးချင်ရာမေးလို့ပေမယ့် နောက်ပိုင်း ‘တစ်စုံတစ်ခု’ ဖြစ်မလာနိုင်ဘူးလို့တော့ ဘယ်သူမှအာမမခံနိုင်ဘူး။ ဒါကြောင့် သတင်းထောက်တွေရဲ့ နောက်ပိုင်းမေးခွန်းတွေအကုန်လုံးက ခေါင်းအုံးနဲ့ရိုက်သလိုပဲ၊ နာလည်းမနာဘူး ယားလည်းမယားဘူး။ အဖြစ်သဘောပဲရှိတော့တယ်။ 

အိမ်မှာနေပြီး တီဗွီရှေ့သတင်းထိုင်ကြည့်နေတဲ့ပိုင်လန်ကတော့ ခေါင်းကိုခါယမ်းလိုက်ရတယ်။ မီဒီယာကိုခြိမ်းခြောက်ဖူးတဲ့လူ မရှိတာမဟုတ်ပေမယ့် ချိုးချန်လို အရှက်မရှိ ပေါ်တင်မျက်နှာပြောင်တိုက်ရဲတဲ့လူကတော့ တစ်သောင်းမှာတစ်ယောက် ရှားရှားပါးပါးပဲ။ 

ဘာပဲဖြစ်ဖြစ်ပါ .. စုချွမ်ကိစ္စရှင်းသွားတဲ့အချိန်ကစလို့ အားလုံးက ပိုင်လန်နဲ့ချိုးချန်ကို အတွဲတွေအဖြစ်သတ်မှတ်လိုက်ကြတော့မှာဖြစ်ပြီး နောက်ထပ်ဖုံးကွယ်စရာလည်း ရှိမှမရှိတော့တာ။

ဒီအချိန်မှာ ပိုင်လန့်အတွက်ကတော့ ကောလာဟလတွေအမြန်ဆုံးငြိမ်းချမ်းသွားဖို့ သူ့လှုပ်ရှားမှုတွေကို တတ်နိုင်သမျှနည်းအောင်လုပ်ပြီး မီးရောင်အောက်က ခဏလောက်ပုန်းကွယ်နေရမှာဖြစ်တယ်။ ဒါပေမယ့် ကံကောင်းတာလား ကံဆိုးတာလား မသိချင်တော့ အခုသူက Golden Emperor’s Award ရဲ့ ဇကာတင်စာရင်းဝင်တစ်ယောက် ဖြစ်နေတာပဲ။

ဒီသတင်းကို လွန်ခဲ့တဲ့လကသာ ကြားခဲ့ရတယ်ဆိုရင် ဖန်းဟွာတစ်ယောက် ပျော်လွန်းလို့ထခုန်မိမှာ။

ဒါပေမယ့် အခုတော့ သူမရုံးခန်းထဲက အကြောင်းကြားစာကြီးကိုကြည့်ပြီး ခေါင်းခဲနေရပြီ။ 

ဟုတ်တာပေါ့.. ပိုင်လန့်လိုမျိုး လူသစ်တန်းသရုပ်ဆောင်တစ်ယောက်အတွက် ဇကာတင်ဝင်တယ်ဆိုကတည်းက ဆုရသလိုမျိုး အကြီးအကျယ်ဂုဏ်ယူလို့ရနေပြီ။ 

ဒါပေမယ့် ဖန်းဟွာက ဇကာတင်ဝင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကျော်ကြားမှုရွှေရောင်အခွင့်အရေးကို လက်မလွှတ်ချင်ဘဲ ပိုင်လန့်ကို တီဗွီအစီအစဉ်အမျိုးမျိုး(Variety Show) မှာ ပါဝင်ခိုင်းမယ်ဆိုရင်တော့ လိင်တူကြိုက်တဲ့သူ့အကြောင်းဟာလည်း တောက်လျှောက်ကပ်ပါနေမှာဖြစ်တယ်။ နောက်ပြီး အဲဒိအကြောင်းက လူတွေပါးစပ်ဖျားမှာရေပန်းစားလာပြီး အတိုင်းအထက်အလွန်ဖြစ်လာခဲ့မယ်ဆိုရင်တော့ ပိုင်လန့်အတွက် ဘာကောင်းကျိုးမှ ရှိမှာမဟုတ်ပါဘူး။

“ဒါပေမယ့်တစ်ခုရှိတာသေးက ရှင်ငြင်းလိုက်မယ်ဆိုရင်လည်း ပြဿနာကတော့ ရှိနေဦးမှာပဲ” ဖန်းဟွာက ပိုင်လန့်ကိုပြောရင်း သက်ပြင်းချပါတယ် “ရှင့်လိုလူသစ်တန်းသရုပ်ဆောင်က သူ့တို့အစီအစဉ်ကိုငြင်းရကောင်းမလားဆိုပြီး ရုပ်သံဌာနတွေက အငြိုးထားဦးမှာပဲ၊ သူတို့ဘက်က တိုက်ခိုက်လာခဲ့ရင် ပရိသတ်တွေက အာရုံထွေးပြားပြီး နောက်ပိုင်းပရိုမိုးရှင်းကိစ္စတွေ ထိခိုက်လာနိုင်တယ်။ နောက်ပြီး တစ်ချို့ကိုသွားပြီး တစ်ချို့ကိုမသွားပြန်ရင်လည်း ပိုလို့တောင်အပြစ်ပြုမိဦးမယ်၊ ဒါကြောင့် ကျွန်မတို့အလျင်စလိုလုပ်လို့မဖြစ်ဘူး၊ ရှေ့ဆက်မလုပ်ခင် သေသေချာချာအရင်စဉ်းစားမှရမယ်” 

ပိုင်လန်က ခဏလောက်စဉ်းစားပြီးမှ ခေါင်းညိတ်ပြတယ် “အင်းပါ၊ ကျွန်တော်ကတော့ ကုမ်ပဏီရဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်နာမှာပါ၊ သွားဖို့လိုအပ်ရင်လည်း သွားမှာပါ” 

ပိုင်လန်တစ်ယောက် သူမ ဆိုလိုရင်းကို နားမလည်ဘူးလို့ ဖန်းဟွာကတွေးပါတယ်။ ဒါကြောင့် တဲ့တိုးပဲပြောလိုက်တယ် “အဲ့လိုမဟုတ်ဘူး၊ ကျွန်မပြောချင်တာက .. ရှင်နဲ့ချိုးချန်ကိစ္စက နောက်ဆုတ်မရအောင် အရမ်းကြီးကြီးကျယ်သွားရင်.. အင်း.. ကျွန်မဒါကိုမပြောချင်ပါဘူး…. ဒါပေမယ့် လမ်းခွဲတဲ့အခါကျ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ရှင်တွေးဖူးရဲ့လား၊ သူတို့တွေ ရှင့်အပေါ်ဘယ်လိုဆက်ဆံမလဲဆိုတာ စဉ်းစားဖူးရဲ့လား?”

“အဲ့တော့လည်း ဘာတတ်နိုင်မှာလဲ?” ပိုင်လန်ကပြုံးပါတယ် “အနာကျင်ရဆုံးနဲ့ သည်းခံရအခက်ဆုံး လမ်းခွဲတာတောင် လုပ်ခဲ့ပြီးပြီပဲ၊ နောက်ပိုင်းကိစ္စတွေက အဲ့ထက်ပိုပြီး မဆိုးရွားနိုင်လောက်တော့ပါဘူး”

ဖန်းဟွာက ခေါင်းကိုခါယမ်းတယ် “အမလေး သန်သန်မာယောက်ကျားကြီးနှစ်ယောက်က အကဲပိုနေကြတာ ကြက်သီးတောင်ထတယ်” 

ပိုင်လန်က မျက်ခုံးတွေကို ပင့်လိုက်တယ်၊ ဖန်းဟွာဘာပြောမှန်း သူ နားမလည်လိုက်ဘူး။ 

ဖန်းဟွာက မျက်ဖြူလှန်ပြီးရှင်းပြပါတယ် “ကျွန်မအခုလေးတင် ပြောတဲ့စကားကို ချိုးချန်ကိုလည်း ပြောပြပြီးသွားပြီ၊ သူ ဘာပြန်ဖြေလဲ သိလား၊ ပူပူနွေးနွေးယောက်ကျားသေသွားတဲ့မုဆိုးမကိုတော့ ဘယ်သူမှရက်ရက်စက်စက်လုပ်မှာ မဟုတ်ပါဘူးတဲ့”

“…..”

ပိုင်လန်က ပြောစရာစကားတွေကင်းမဲ့သွားတယ်။ ဒီနေရာမှာ သူ့ထက်တောင် အကဲပိုလွန်းတဲ့လူတစ်ယောက်ကို တွေ့လိုက်ရပြီလေ။ 

***

စုချွမ်ကိစ္စမှာ ဖြေရှင်းရမယ့် ကျူငုတ်တစ်ခုတော့ ကျန်သေးတယ်။ အဲဒါက ပိုင်လိပဲ။

စုချွမ်ရဲ့အကြံအစည်တွေကြားထဲမှာ နည်းပြဆရာကိုလာဘ်ထိုးဖို့ ကျေကျေနပ်နပ်အပေးအယူလုပ်ပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပိုင်လိပါ။

ဟုတ်တာပေါ့.. နည်းပြဆရာကိုတော့ ဇာတ်လမ်းတွဲစရိုက်ပြီး သိပ်မကြာခင်မှာပဲ ‘အရေးယူ’ ပြီးသွားပြီ။ သူက ခေါင်းကိုအိတ်စွပ်ပြီး ပြင်းပြင်းထန်ထန်ရိုက်နှက်ခံလိုက်ရတယ်။ နောက်ပြီး သေလောက်အောင်မလုပ်ပါဘူးလို့ ပိုင်လန့်ကိုကတိပေးခဲ့တာကြောင့် ချိုးချန်က သူ့အတွက် လောင်းကစားထောင်ချောက်တစ်ခုကိုဆင်ထားရင်း လာမယ့်နေ့ရက်တွေကို အမှောင်ကျစေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလူက သေစေလိုတဲ့ရည်ရွယ်ချက်မရှိဘဲ ပိုက်ဆံကိုပဲလောဘတက်ခဲ့တာမို့လေ။

ပိုင်လိလည်း နည်းပြဆရာ နည်းတူပဲ။ ဒါပေမယ့် အစ်ကိုကြီးတစ်ယောက်အနေနဲ့ ကိုယ့်သွေးရင်းညီလေးကိုတောင် ပိုက်ဆံအတွက်အသုံးချခဲ့တဲ့ သူ့နည်းလမ်းက သည်းခံနိုင်စရာမရှိပါဘူး။ စုချွမ်ကိစ္စပြီးဆုံးသွားချိန်မှာတော့ ချိုးချန်က အင်္ကျီလက်တွေကိုပင့်တင်ရင်း ဒီဆန်ကုန်မြေလေးကို အသေအချာလေး ကိုင်တွယ်ဖြေရှင်းချင်ခဲ့တယ်။ ဒါပေမယ့် သူက ပိုင်လန်ရဲ့အစ်ကိုကြီးမဟုတ်လား။ ဒါကြောင့် အစ်ကို့ကိုရိုက်ချင်လည်း ညီ့မျက်နှာကြည့်ရသေးတာပေါ့။ ဘယ်လောက်ထိလက်စားချေပေးရမလဲလို့ မေးရသေးတယ်လေ။

ပိုင်လန်ကတော့ သူ့အစ်ကိုကြီးရဲ့လောဘကိုလျှော့တွက်မိခဲ့ပါလားလို့ ဝန်ခံနေရပြီ။ အစတုန်းက သူတွေးခဲ့တာက ချိုးချန်နာမည်သုံးပြီး ပိုင်လိကိုတားနိုင်လိမ့်မယ်ပေါ့။ ဒါပေမယ့် ပိုင်လိကတော့ အရင်ဘဝတုန်းကလို ထပ်ကာထပ်ကာပိုက်ဆံတောင်းမရတော့ အမှောင်ထဲကနေပြီး လုပ်ကြံတယ်။ ဒီတစ်ခါ အသေအချာမဖြေရှင်းထားရင် နောက်ထပ်တိုက်ခိုက်မှုတွေလာဦးမှာလည်း သေချာပေါက်ပဲ။ ဒါပေမယ့် ပိုင်လန်က ပိုင်လိကိုဖြေရှင်းဖို့အတွက်နဲ့တော့ ချိုးချန်အားအင်တွေ အကုန်မခံနိုင်ပါဘူး။ ဒါက မတန်ဘူးလေ။

ဒါကြောင့် ပိုင်လန်က နည်းပြဆရာအိုကြီးကို သက်သေခံခိုင်းပြီး ပိုင်လိရဲ့ငွေပေးပြီးလူရိုက်ခိုင်းမှုကို အများသိအောင်ဖွင့်ချလိုက်တယ်။ နည်းပြဆရာလူသက်သေရယ်၊ ပိုက်ဆံလွှဲပြောင်းတဲ့ပစ္စည်းသက်သေရယ် အခိုင်အမာရှိတာကြောင့် ပိုင်လိက သူတပါးကို အပြင်းအထန်ထိခိုက်နာကျင်စေမှုနဲ့ အပြစ်ရှိကြောင်းတွေ့ရှိခဲ့တယ်။ 

အဲဒိပြစ်မှုအတွက် ခံရမယ့်အပြစ်ဒဏ်က အများကြီးမဟုတ်ပေမယ့် ပိုင်လိက ပိုက်ဆံတွေကိုသုံးပြီး  အထက်တန်းလွှာထဲဝင်ဆန့်ဖို့ကြိုးစားနေတာကြောင့် ဒီသတင်းကို မြင်တဲ့အချိန်မှာ မျက်နှာတစ်ခုလုံးစွတ်စွတ်ဖြူသွားခဲ့ပါတယ်။ 

သူ့လုပ်ရပ်တွေက အခုတော့ ဗူးပေါ်သလိုပေါ်သွားခဲ့ပါပြီ။

ဒါကြောင့် သတင်းထောက်တွေတစ်လှေကြီးက သူ့တိုက်ခန်းတံခါးဝမှာစုပြုံပြီး အခုလိုလုပ်ရတဲ့ရည်ရွယ်ချက်ကိုမေးတဲ့အချိန်မှာ ပိုင်လိရဲ့ခေါင်းတစ်ခုလုံးက ဟာလာဟင်းလင်းဖြစ်နေခဲ့တယ်။ သူက ချောင်းဟန့်လိုက်ပြီးမှ သူကဥပဒေလိုက်နာတဲ့နိုင်ငံသားတစ်ယောက်ဖြစ်ကြောင်း၊ သူလုပ်သမျှက မလိမ်မာတဲ့ညီငယ်လေးကိုသင်ခန်းစာပေးဖို့ လူငှားရုံသာဖြစ်ကြောင်း ငြင်းလိုက်ရတယ်။ ဒါက ဘာအမှားများရှိပါသလဲပေါ့ (ဟုတ်ပါတယ်.. လာဘ်ပေးလာဘ်ယူလို့တော့ ဘယ်ဝန်ခံမှာလဲ)!? 

သူလည်းပြောပြီးရော သတင်းထောက်တွေရဲ့မျက်လုံးတွေအကုန်လုံးက အရောင်လက်သွားတယ်။

မလိမ်မာဘူး? သူပြောတာက တလောလေးကမှ ပိုင်လန် လိင်တူချစ်သူဖြစ်တဲ့အကြောင်းလား!!???

သူဌေးချိုးကိုအပြစ်ပြုမိမှာကြောက်တဲ့ ဂျာနယ်လစ်တွေက အစတုန်းကတော့ ပိုင်မိသားစုမိဘတွေကို သွားမရှာရဲဘူး။ ဒါပေမယ့် အခုတော့ ပိုင်လိပါးစပ်ထဲက ဒီအကြောင်းကို ထုတ်ပြောလာတယ်! သတင်းထောက်တွေအားလုံးက အခွင့်အရေးကိုအမိအရဖမ်းပြီး လိုချင်တာကို မရမကမေးမြန်းကြလေတယ်။ 

ပိုင်လိအတွက်တော့ သတင်းထောက်တွေရဲ့မေးခွန်းတွေက ကောင်းကင်ပေါ်ကျလာတဲ့မိုးနတ်မင်းပေးတဲ့အခွင့်အရေးပဲ။ ဒါကြောင့် သူက ချက်ချင်းပဲဝန်ခံတယ် “ဟုတ်တယ်! အကြောင်းရင်းကဒါပဲလေ၊ ပိုင်လန်ရဲ့လုပ်ရပ်တွေက ပိုင်မိသားစုကို လူဘုံအလယ်မျက်နှာမပြရဲအောင်လုပ်နေတာ!! အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဒီလောက်တော့ အပြစ်ပေးခွင့်ရှိပါတယ်!!”

သိချင်လွန်းတဲ့သတင်းထောက်တစ်ယောက်က ဆက်မေးပြန်တယ် “ဒါဆို မစ္စတာပိုင်လိပြောချင်တဲ့သဘောက မိဘတွေဘက်ကရော ဒီအတိုင်းပဲတွေးတယ်ပေါ့ ဟုတ်လား? ပိုင်မိသားစုက ပိုင်လန်နဲ့အဆက်အသွယ်တွေအားလုံးကို ဖြတ်ပစ်ချင်နေတာလား?”

ပိုင်လိမျက်နှာထားက နည်းနည်းတော့ပြောင်းသွားတယ်။ သူက သူ့စကားတွေအတွက် နောင်တရနေရှာတယ်။ ပိုင်လန်ဆိုတဲ့သစ်ပင်ကြီးကြီးကို တစ်ကိုယ်ကောင်းဆန်စွာနဲ့ သူဆက်ပြီးတွယ်ဖက်ထားချင်တုန်းပါပဲ။ ဒါကြောင့် သူက မလောဘူး၊ စဉ်းစားပြီးမှ ခပ်ဖြည်းဖြည်းပြောလိုက်တယ် “တကယ်လို့ တကယ်လို့ သူသာ…”

ဒါပေမယ့် ပိုင်လိက စကားဆုံးအောင်တောင်မပြောရသေးဘူး။ အိမ်ထဲက ချောင်းနားထောင်နေတဲ့ပိုင်အမေက ရုတ်တရက်တံခါးကိုဆောင့်ဖွင့်လိုက်ရင်း အကျယ်ကြီးအော်လိုက်တယ်။

“ဘာတွေများပြောစရာကျန်သေးလို့လဲ!! ပိုင်လန်..အဲဒိမွေးရကျိုးနပ်တဲ့ကောင်ကို!! နောက်ပိုင်း ဒင်းက ငါတို့ပိုင်မိသားစုဝင်လုံးဝမဟုတ်တော့ဘူး!! ဒင်းက မိဘကိုရော သူ့အစ်ကိုကြီးကိုပါ အရှက်ခွဲတာ!! အမလေး ငါတို့ဘယ်လိုမျက်နှာပြရတော့မှာလဲ!! မိသားစုအပေါ် ကျေးဇူးဆပ်ပုံကိုလည်းကြည့်ဦး!! သူ့အစ်ကိုကြီးက လူလွှတ်ရိုက်ခိုင်းတာ ဖြစ်သင့်တာပဲ!! ဒင်းက ငြိမ်ငြိမ်လေးနေပြီးတောင် ရိုက်ခံသင့်တာ!! နင်တို့!.. ဒါကိုရိုက်သွား ..သွား.. ပြီးတော့ ပိုင်လန့်ကိုသွားပြောလိုက်!! ဒီနေ့ကစပြီး ငါတို့ရေစက်ပြတ်ပြီ!! နောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက် ဘာအကြွေးမှမရှိတော့ဘူး၊ သူ့မှာလည်း မိဘတွေမရှိတော့ဘူး၊ ငါတို့လည်း သူ့လိုသားမျိုး မရှိတော့ဘူး၊ ကြားရဲ့လား!?

ပိုင်အမေက ပြောချင်တာတွေပြောပြီးနောက်မှာ ဘာကိုမှဂရုမစိုက်ဘဲ ပိုင်လိကိုအိမ်ထဲဆွဲသွင်းပြီး တံခါးကို ဗန်းခနဲမြည်အောင်ပိတ်လိုက်တယ်။

ဒီလိုရုတ်ချည်းပြတ်သွားတဲ့အင်တာဗျူးက ပြောရရင် ရယ်စရာတော့ကောင်းတယ်။ ဒါကြောင့် ပိတ်ပင်တည်းဖြတ်တာတွေမလုပ်ဖို့ ပိုင်လန်က ချိုးချန်ကိုပြောလိုက်တဲ့နောက်မှာ အင်တာဗျူးက ညနေခင်းသတင်းမှာပါလာခဲ့ပါတယ်။

နှစ်ယောက်သားက ချိုးရှောင်ဟိုင်အိပ်ရာဝင်တဲ့အထိစောင့်ပြီးမှ သတင်းကြည့်ဖို့ တီဗွီဖွင့်လိုက်ကြတယ်။ ဒီအချိန်မှာ ချိုးချန်က နှစ်သိမ့်ပေးသလိုမျိုး ပိုင်လန့်လက်တွေကို ကိုင်ထားပေးပါတယ်။

ပိုင်လန်ကတော့ သူ့အရင်ဘဝနဲ့ယှဉ်ပြီး အခုဘဝမှာ ပိုပြီးသက်သာရာရပြုံးရသေးတယ်လို့ ခံစားနေရတယ်။ 

“တကယ်တော့ ကျွန်တော့အမေ အခုလိုဆဲဆိုနေတာတွေက သူ့အနေနဲ့ဆိုရင် ထိန်းချုပ်ထားတဲ့အဆင့်ပဲရှိသေးတယ်၊ ကြည့်ရတာ ခင်ဗျားရဲ့သိန်း(၅၀) အသုံးဝင်သေးပုံရတယ်”

ချိုးချန်က ပိုင်လန့်ကိုစိုက်ကြည့်နေတယ် “နောင်တရနေလား?”

အရင် သူတို့ ပိုင်လိလုပ်ရပ်တွေကိုဖော်ထုတ်မယ်လို့ ဆုံးဖြတ်ခဲ့ကြတုန်းက ဒီကိစ္စတွေဖြစ်လာနိုင်တာကို ကြိုမြင်ပြီးသားပဲ။ ဒါပေမယ့် ပိုင်လန်က ဖုံးကွယ်မထားချင်ခဲ့ပါဘူး။

ပိုင်လန်က တီဗွီကိုပြန်ကြည့်တယ်၊ သူ့ပုံစံက ဝမ်းနည်းနေပုံပေါက်ပေမယ့် တစ်ချိန်တည်းမှာပဲ စိတ်ဒုံးဒုံးချလိုက်ပုံရှိတယ် “ဒီတစ်ခါက အခွင့်အလမ်းတွေပိုများလာပေမယ့် နိုင်နိုင်ချေတော့သိပ်မရှိဘူး” 

ပိုင်အမေရဲ့စကား ‘နောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက် ဘာအကြွေးမှ မရှိတော့ဘူး’ ဆိုတာကို သူတစ်ယောက်တည်းပဲ နားလည်နိုင်တာ။ သူမက တစ်ချိန်လုံး ပိုင်လန်များ အကြွေးသိန်းငါးဆယ် လာပြန်တောင်းမလားလို့ စိုးရိမ်ပူပန်နေပုံရတယ်။ 

ချိုးချန်က ပိုင်လန့်ကိုဆွဲဖက်လိုက်ပြီး ပိုင်လန့်ခေါင်းကို သူ့ရင်ဘတ်နဲ့အပ်ထားတယ်။

“မင်း မပျော်ဘူးလို့ခံစားရရင် ကိုယ့်ရင်ခွင်ထဲမှာ လာငိုလို့ရတယ်၊ ဟိုဘာမဟုတ်တဲ့လမုန့်ဂျတ်ဖာကြီးကို စိုက်ကြည့်ပြီးတော့တော့မငိုနဲ့ပေါ့” 

ပိုင်လန်ကရပ်သွားပြီး အဲ့လိုညမျိုး တကယ်ရှိဖူးတာသတိရသွားတော့ ရယ်မိတယ်။ {T/N အခန်း ၁၃၊ ၁၄ မှာပါပါတယ်၊ သူ့မိဘတွေပို့လိုက်တဲ့လမုန့်ဗူးပါ} သူ့နားရွက်တွေက နွေးထွေးလှတဲ့ရင်ခွင်ကျယ်ကြီးထဲမှာ နစ်မြှပ်နေပြီး နှလုံးခုန်သံတဒုတ်ဒုတ်ကို စည်းချက်ကျကျကြားနေရတယ်။ 

“မင်းဘေးနားမှာ ကိုယ်နဲ့ရှောင်ဟိုင်နှစ်ယောက်လုံးရှိတယ်လေ”

“အွန်း” ပိုင်လန်က ခေါင်းမော့လိုက်ပြီး ချိုးချန်ရဲ့ရှားရှားပါးပါး နူးညံ့ကြင်နာလှတဲ့မျက်ဝန်းတွေကို ကြည့်နေမိတယ်။ 

ပိုင်လန်က မနေနိုင်တော့ဘဲ ချိုးချန်ကို အောက်ဆွဲချရင်း အနမ်းတစ်ခုပေးလိုက်ပါတယ်။

သူ့ရဲ့ဦးဆောင်အနမ်းအတွက် ပြန်ရရှိလိုက်တာကတော့ ချိုးချန်ရဲ့ရမ္မက်ပြင်းတဲ့ဇွတ်တရွတ်အနမ်းတွေပါပဲ၊ ဒါပေမယ့် နူးညံ့ပြီးကြင်နာလှတယ်။

သိပ်မကြာခင်အချိန်တွင်းမှာတော့ သူတို့ရဲ့ခြေထောက်လေးချောင်းလုံးက လိမ်ဆက်တွယ်ယှက်ကုန်ကြရင်း အသက်ရှူသံပြင်းပြင်းတွေနဲ့ အတွင်းကျကျရင်းနှီးလှတဲ့ဆက်သွယ်ချက်တစ်ခု ဖြစ်ပေါ်လာပါတယ်။

နွေးထွေးပြီးမာန်ပါတယ်၊ ဝေဒနာသက်သာစေဖို့ချော့မြှူရင်းနဲ့တစ်ပြိုင်နက်တည်းမှာပဲ အာသာပြင်းပြင်းမက်မောတောင့်တတယ်။ 

ဒီလူနှစ်ယောက်က ရစ်ပတ်ဆက်နွယ်နေပြီး တဖြည်းဖြည်းချင်း ရမ္မက်ဆန္ဒတွေနဲ့ ညတစ်ညလုံးကုန်ဆုံးခဲ့ပါတယ်။ 

***

နောက်တစ်နေ့မနက်ရဲ့အပြာရင့်ရောင်အိပ်ရာကြီးပေါ်မှာတော့ စောင်တွေနဲ့လုံးထွေးပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ပိုင်လန်ကို ချိုးချန်က ငုံ့ကြည့်နေတယ်။ ပိုင်လန့်မျက်ဝန်းထောင့်လေးတွေမှာက အနည်းငယ်စိုစွတ်နေဆဲပဲ။ ချိုးချန်က ဘေးမှာချထားတဲ့ဖုန်းကိုကောက်ကိုင်လိုက်တယ်။ ပိုင်လန်က ထားလိုက်ပါလို့ပြောပေမယ့်လည်း သူကတော့ နောက်ထပ်နည်းနည်း ကြံစည်လိုက်ရမှ ကျေနပ်နိုင်မှာ။ 

အဲဒိနေ့လည်ခင်းမှာတော့ တစ်ခါက ပိုင်လိအကြွေးသိန်းငါးဆယ်ကို ချိုးချန်ပြန်ဆပ်ပေးခဲ့ဖူးတဲ့အကြောင်း လူအားလုံးက သိသွားကြတယ်။

နောက်ပြီး မေမေပိုင်ပြောတဲ့ ‘တစ်ယောက်နဲ့တစ်ယောက် ဘာအကြွေးမှမရှိတော့ဘူး’ ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကိုလည်း သိသွားခဲ့ကြပါတယ်။ 

……………….