(46) အားပိုင်ရဲ့ငါး
‘ကမ္ဘာကြီးကိုအချစ်များဖြင့်ထွေးပွေ့မယ်’ ဒီနေ့အပိုင်းမှာ ပါဝင်ကြတဲ့စတားသုံးယောက်ရှိတယ်။ သူတို့တွေက ယွမ်ရင်း၊လီယုံဖန်နဲ့ ချန်းရွှင် တို့ဖြစ်တယ်။ သူတို့အားလုံးက မိသားစုတွေနဲ့အတူတကွလာခဲ့ကြတာဖြစ်ပြီး စုစုပေါင်းကိုးယောက်ရှိတယ်။
ဒီ အမျိုးသားစတားနှစ်ယောက်နဲ့အမျိုးသမီးစတားတစ်ယောက်မှာ သမီးနှစ်ယောက်နဲ့သားတစ်ယောက်ပါလာတယ်။
သူတို့အဖွဲ့က တစ်ဦးတည်းသော အမျိုးသမီးစတားကတော့ ယွမ်ရင်းဖြစ်ပါတယ်။
ယွမ်ရင်းက ဂီတလောကမှာ ကျင်လည်နေတာ ခုနစ်နှစ် ရှစ်နှစ်လောက်ရှိနေပြီ။ တက်သစ်စတွေများတဲ့ဒီလောကမှာတော့ ယွမ်ရင်းက အတွေ့အကြုံရင့်နေပြီလို့ပြောလို့ရတယ်။ သူမက ပွဲဦးမထွက်ခင်မှာ တရုတ်ဗျစ်စောင်းဆရာမတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ သူမရဲ့ပွဲဦးထွက်သီချင်းက ဗျစ်စောင်းသံရောထားတဲ့ရှေးခေတ်သီချင်းဖြစ်တယ်။ သူမမှာ နူးညံ့ပျော့ပျောင်းပြီးနွေးထွေးတဲ့အသံကလေးရှိတယ်။ ဒါကပဲ ယွမ်ရင်းကို အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်စေခဲ့တာပါ။ နောက်ပိုင်းမှာတော့ ယွမ်ရင်းက နူးညံ့တဲ့အချစ်သီချင်းတွေကိုသီဆိုရင်း ရိုမန့်တစ်အဆိုတော်တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့တယ်။ ပရိသတ်တွေဘက်ကတည်း သူမကို ဘယ်တော့မှရိုးအီသွားခြင်းမရှိခဲ့တာကြောင့် သူမက နာမည်ကျော်ကြားတဲ့နတ်ဘုရားမတစ်ပါးလိုဖြစ်လာခဲ့တယ်။
ကျန်တဲ့နှစ်ယောက်ထဲက လီယုံဖန်က ရိုးရာသီချင်းအဆိုတော်ဖြစ်တယ်။ ချန်းရွှင်ကတော့ တီဗွီပရိုဂရမ်အစီအစဉ်မှူးတစ်ယောက်ဖြစ်ပြီး အရိပ်အကဲမြန်ပြီး ဟာသဉာဏ်ရွှင်တယ်။ ကမ္ဘာကြီးကိုအချစ်များဖြင့်ထွေးပွေ့မယ်အစီအစဉ်အပိုင်းတိုင်းမှာ ရယ်စရာပြောတတ်တဲ့လူတစ်ယောက်တော့ ပါစမြဲဖြစ်ပြီး ဒီနေ့အပိုင်းမှာတော့ အဖွဲ့ဝင်အချင်းချင်းကြားဟာသဖောက်ဖို့က ချန်းရွှင်ရဲ့တာဝန်ပါ။
ဒါပေမယ့် ဒီနေ့သူတို့ စခန်းချနေရာကိုလာဖို့ စီးလာကြတဲ့ဘတ်စ်ကားပေါ်မှာ ဟာသပြောရင်းဆူညံနေတဲ့ချန်းရွှင်ကို ယွမ်ရင်းက မျက်မှောင်ကျုံ့ကြည့်ပြီး အပြစ်တင်လိုက်မယ်လို့တော့ ရိုက်ကူးရေးအဖွဲ့သားတွေက မထင်လိုက်မိဘူး။ သူမက သူမသမီးကားမူးနေလို့ တိတ်တိတ်ဆိတ်ဆိတ်နေကြပါလားလို့ ခပ်ရိုင်းရိုင်းပြောမိလိုက်တာ။ ဒီစကားလုံးတွေက ချန်းရွှင်ခေါင်းပေါ်ကို ရေခဲရေအေးအေးနဲ့လောင်းချလိုက်သလိုပါပဲ။
သူ့အလုပ်မှာ ပရော်ဖက်ရှင်နယ်ကျတဲ့ချန်းရွှင်က ခါတိုင်းဆိုရင်တော့ အပြုံးလေးနဲ့ခွင့်လွှတ်ပေးလိုက်မှာပဲ။ ဒါပေမယ့် အခုက သူ့ဘေးမှာ သူ့ဇနီးနဲ့သားပါထိုင်နားထောင်နေကြလို့ ဒေါသတွေကို ခါတိုင်းထက် ခက်ခက်ခဲခဲမြိုချလိုက်ရတယ်။ နောက်ပိုင်းမှာတော့ ချန်းရွှင်က ယွမ်ရင်းကိုအဖက်လုပ်ပြီး စကားပြောချင်စိတ်မရှိတော့မှန်း အဖွဲ့သားတွေက သိသွားကြတယ်။ ဒါက သူတို့အတွက် ကံမကောင်းအကြောင်းမလှတဲ့အဖွင့်တစ်ခုပါပဲ။
ဒါကြောင့် ချန်းရွှင်ရဲ့တက်တက်ကြွကြွဟာသတွေမရှိတော့တဲ့အခါ ပတ်ဝန်းကျင်က အေးစက်ပြီး ခပ်တန်းတန်းဖြစ်သွားကြတယ်။ နောက်ပြီး လီယုံဖန်ရဲ့မိသားစုမှာက သူ့မိန်းမကဦးဆောင်သူ၊ လီယုံဖန်က သူ့မိန်းမပြောစကားနားထောင်ပြီး စကားများများစားစားလည်း ပြန်မပြောတတ်ဘူး။ ဒီပေါက်ပေါက်ဖောက်တဲ့အန်တီကြီးနဲ့ဦးလေးကြီးက လိုက်ဖက်ညီနေကြပေမယ့်လည်း ချစ်စရာလုံးဝလုံးဝမကောင်းဘူးလေ။
ရိုက်ကွင်းအဖွဲ့သားတွေကတော့ စိုးရိမ်ပူပန်နေကြပြီ။ ဒီတစ်ဖွဲ့လုံးမှာ ကလေးတွေရိုက်ရတာမှ တန်လိမ့်ဦးမယ်။
ဒါကြောင့်ပဲ ယွမ်ရင်းရဲ့သမီးကျောက်ရင်ကျန်းက ကလေးသာသာအသံလေးနဲ့ စကားပြောလိုက်တဲ့အချိန်မှာ အားလုံးက သတိရသွားကြတယ်။ အစီအစဉ်ထဲမှာက တဲဆောက်ပြီးသွားကြရင် တောထဲသွားပြီး အသီးတို့အရွက်တို့ သွားခူးတာပါတယ်။ သဘာဝကိုဦးစားပေးချင်တဲ့ ရိုက်ကူးရေးအဖွဲ့တွေက ငါးမျှားတံလည်း ပြင်ဆင်လာခဲ့သေးပါတယ်။
လီယုံဖန်နဲ့ချန်းရွှင်က မနီးမဝေးကသူများအဖွဲ့ ငါးမြှားနေတာကိုကြည့်ပြီး သူတို့လည်း သွားပြေးမျှားချင်နေတာ။ ဒါကြောင့် အခု ဒီကလေးလေးရဲ့တိုက်တွန်းချက်ကိုကြားတဲ့အခါ ပျင်းစရာကောင်းလွန်းလှတဲ့ငါးမြှားအစီအစဉ်ကို စတင်လိုက်ကြတယ်။
ဒါပေမယ့် ဆယ်မိနစ်ကျော်လောက်သာကြာသွားတယ်၊ ကန်ရေပြင်က မလှုပ်မရှားငြိမ်သက်နေဆဲပဲ။ ဒီအချိန်မှာ ပန်းသွေးရောင်မျက်နှာလေးကျောက်ရင်ကျန်းက စိတ်မရှည်လက်မရှည်ဖြစ်နေပြီ။
ဘယ်မှာလဲငါး?! ဘာလို့ ငါးတစ်ကောင်မှမရသေးတာလဲ? ဖေဖေ သမီး ငါးလိုချင်တယ်၊ ငါး ငါး…..
ဒီလိုမျိုးအကျယ်ကြီးအော်နေရင် ငါးတွေကပိုလို့တောင်ထွက်ပြေးသွားလိမ့်ဦးမယ်။ အကုန်လုံးရဲ့ငါးမြှားတံတွေမှာ လှုပ်ရှားမှုနည်းနည်းလေးတောင်မရှိတော့ဘူး။ ယွမ်ရင်းယောက်ျား ကားအရောင်းအဝယ်သူဌေးအသေးစားကျောက်ချီဖင်က သူတို့မိသားစုမှာ အိမ်ကြီးရှင်သခင်ကြီးလို ပြုမူနေကျပဲ။ သူက ဒီလိုမျိုး တစ်ခါမှ အရှက်မကွဲဖူးသေးဘူး။ ကင်မရာတွေကလည်း ဘေးနားမှာလှည့်ပတ်ရိုက်နေတော့ သူက သူ့သမီးကိုတိတ်တိတ်နေဖို့ စိတ်ဆိုးမာန်ဆိုးနဲ့ပြောလိုက်တယ်။
ကျောက်ရင်ကျန်းက ပိုလို့တောင်ဆိုးလာတယ်။ သူမရဲ့စိတ်အခြေအနေက ချက်ချင်းကို ထပေါက်ကွဲတော့တယ်။ သူမငိုသံကျယ်ကျယ်က စူးရှလွန်းလို့ ရေကန်ဘေးနားက သတ္တဝါအကုန်ကြောက်လန့်လို့ထွက်ပြေးသွားနိုင်တယ်။
ကလေးမလေးက ငိုယိုနေတာ မရပ်တော့ဘူး။ အချိန်နာရီဝက်လောက်ကုန်ဆုံးလာပြီးတာတောင် ရေကန်ဝန်းကျင်က လူတွေက သူမငိုသံကို ကြားနေရတုန်းပဲ။
ဒါပေမယ့် ဒါက ကလေးလေးကိုလည်း အပြစ်တင်လို့မရဘူး။ သူမက ရိုက်ကွင်းမှာ အငယ်ဆုံးကလေးလေး၊ လေးနှစ်ကျော်ရုံပဲရှိသေးတယ်။ လုပ်သင့်တာ မလုပ်သင့်တာ ကွဲကွဲပြားပြား နားမလည်သေးဘူး။ သူမ သိတာက တစ်ခုခုလိုချင်ပြီဆိုရင် ဖေဖေနဲ့မေမေက ချက်ချင်းရအောင်ယူပေးမှာကိုပဲ။
ဒီနေ့တော့ ကလေးလေးက အကြာကြီးငိုနေရလို့ အသံတွေဝင်ပြီးနာနေပြီ။ ဒါပေမယ့် ဘာဆိုဘာမှ မရသေးဘူး။ ကျောက်ရင်ကျန်းက ရင်ကွဲပက်လက်နဲ့ အနိုင်ကျင့်ခံနေရသလို ခံစားနေရတယ်။ ဒါကြောင့် ငိုတာကိုလည်း မရပ်နိုင်တော့ပါဘူး။
ဒီအချိန်မှာ အဖွဲ့သားတွေက ရွေးချယ်စရာမရှိတော့ဘူး၊ ကလေးကိုချော့ဖို့ ရိုက်ကွင်းခဏနားလိုက်ရတယ်။ အခြားကလေးနှစ်ယောက်ကတော့ ပြဲလန်အောင်အော်ငိုနေတဲ့ကျောက်ရင်ကျန်းကိုကြည့်ပြီး လန့်ကုန်ကြလို့ သူတို့မိဘတွေနောက်မှာပုန်းနေရင်း ထွက်မလာရဲတော့ဘူး။ ယွမ်ရင်းကလည်း အစကတည်းက သူမသမီးကို ဂရုစိုက်လွန်ပြီး အခြားကလေးတွေနဲ့ထိတွေ့ခွင့်ပေးတာ မဟုတ်ခဲ့တော့ ဒီအချိန်မှာ ဒီကလေးအုပ်စုက အလိုလိုပဲ ဝေးကွာသွားခဲ့တယ်။
အကုန်လုံးက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ စိတ်ပျက်လက်ပျက်ဖြစ်နေကြတဲ့အချိန်မှာ ကြွပ်ဆတ်ဆတ်အသံလေးတစ်ခုက ရှင်းလင်းပြတ်သားစွာပေါ်လာတယ်။
“ညီမလေး မငိုနဲ့နော်၊ ကိုကိုက အားပိုင်ငါးပေးမယ်”
အားလုံးက အသံလာရာကိုလှည့်ကြည့်တယ်။ ဒါက အခုလေးတင်ပျော်ပျော်ရွှင်ရွှင်ဆော့နေတဲ့ ချိုးရှောင်ဟိုင်ပါ။ ချိုးရှောင်ဟိုင်က လက်တစ်ဘက်မှာ ရေပုံးတစ်ပုံးကိုဆွဲလာပြီး အခြားတစ်ဘက်မှာတော့ ကောင်လေးတစ်ယောက်ကို လက်ဆွဲထားတယ်။ သူက ပြောလို့လည်းပြီးရော ရေပုံးကိုချကာ အထဲလက်နှိုက်စမ်းရင်း ငါးတစ်ကောင်ကိုထုတ်လာတယ်။ ပြီးတော့ ငါးမြှားချိတ်တောင်မဖြုတ်ရသေးတဲ့ငါးကို လှမ်းပေးလိုက်ပါတယ်။
“ရော့.. ညီမလေးဖို့”
ကျောက်ရင်ကျန်းက ငိုရလွန်းလို့ပင်ပန်းနေပြီ။ သူမက တစ်အွတ်အွတ်ချို့ထိုးရင်း မျက်ခုံးထူထူ မျက်လုံးပြူးပြူးချိုးရှောင်ဟိုင်ကို ကြည့်လိုက်တယ်။ ပြီးတော့ သူ့လက်ထဲကငါးကို ဆက်ကြည့်တယ်။ သူမက ငိုနေတုန်းတအင့်အင့်နဲ့ပဲ ငါးကိုလက်ခံပါတယ်။ ငါးကချောလွန်းတော့ သူမလက်ထဲမှာ ကိုးရိုးကားယားဖြစ်နေတယ်။ ဒါကြောင့် ယွမ်ရင်းက အနားကိုရောက်လာပြီး လွှဲယူလိုက်ရတယ် “ကျေးဇူးပါကွယ်”
ချိုးရှောင်ဟိုင်က ပြုံးပြတယ်။ နောက်ပြီး တစ်ဘက်ကိုပြန်လှည့်ရင်း ချန်းရွှင်ခြေထောက်တွေနောက်မှာ မတ်တပ်ရပ်နေတဲ့ ကောင်ငယ်လေးဆီပြေးသွားပြန်တယ်။
“ငါက အကုန်လုံးအတွက် ငါးယူလာတယ်၊ မင်းရော တစ်ကောင်ယူမှာလား?”
ကောင်လေးရဲ့မျက်လုံးလေးတွေက နည်းနည်းတော့ပြူးကျယ်သွားတယ်။ သူက သူ့အဖေကိုမော့ကြည့်လိုက်တော့ ချန်းရွှင်က ခေါင်းညိတ်ပြတယ်။ “… အင်း”
ဒီတစ်ကြိမ်မှာ ရေပုံးထဲကငါးကိုထုတ်ပေးသူက ရုန်ကျန်းပါ “ရော့”
အသက်(၆)နှစ်နီးပါးရှိပြီးတဲ့ ချန်းကျောင်းက မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း ရှက်သွေးဖြာသွားတယ် “ကျေး.. ကျေး.. ကျေးဇူးတင်ပါတယ်”
သူတို့က လီယုံဖန်ရဲ့သမီးကိုလည်း ငါးတစ်ကောင်ပေးလိုက်တယ်။ လီယုံဖန်ရဲ့မိန်းမ အန်တီကြီးကျန်းချယ်က သူတို့ခေါင်းလေးကို ချစ်စနိုးပွတ်ပေးလိုက်ပြီးမှာတော့ ချိုးရှောင်ဟိုင်နဲ့ရုန်ကျန်းက သူတို့ရဲ့တဲတွေဆီကို လက်တွေတွဲလို့ ပြန်ပြေးသွားကြပါတယ်။
“အိုက်ယား! မင်း အဲဒါရိုက်လိုက်ရဲ့လား!?” ကင်မရာမန်းတစ်ယောက်က ရုတ်တရက်ကြီး သူ့ခေါင်းသူရိုက်ပြီး ထအော်တယ်။
“ရိုက်ရင်တောင် သုံးလို့မှ မရတာကွာ” သူ့ဘေးနားကတစ်ယောက်က စိတ်ပျက်လက်ပျက်နဲ့ပြောပါတယ်။
***
ညမိုးချုပ်ပြီး နေလုံးကြီးက မိုးကုတ်စက်ဝိုင်းအောက်သွားတဲ့အခါမှ အဖွဲ့သားတွေက ညစာစားတဲ့အခန်းရိုက်ကူးပြီးစီးသွားတယ်။ ဒီ့နောက်မှာတော့ ပိုင်လန်နဲ့ချိုးချန်က မွှေးပျံ့ပြီးအရသာရှိပုံရတဲ့ငါးဟင်းရည်အိုးတစ်အိုးယူလာပြီး ချန်သုန်လိဆီပေးလိုက်တယ်။ လေးလံလှတဲ့ဟင်းရည်အိုးကြီးကို ချိုးချန်ကကိုင်လာပြီး အဖွဲ့သားတွေရဲ့မီးဖိုပေါ်တင်ပေးလိုက်တယ်။ ဒီအချိန်မှာတော့ ချိုးချန်ရဲ့ဒီအပြုအမူကို အားလုံးကကျင့်သားရကုန်ကြပါပြီ။
သူတို့က ဒီအတွဲကို နေ့လည်ခင်းတစ်ခုလုံး စပိုင်လုပ်နေခဲ့ကြရင်း အားလုံးရဲ့အမြင်တွေက ပြောင်းကုန်ပြီ။
ချိုးချန်က ပိုင်မိသားစုကို ငွေထုတ်ချေးခဲ့တဲ့အကြောင်း မီဒီယာတွေအပေါ်မှာ ဟိုးလေးတကြော်ဖြစ်နေခဲ့တာ။ ပြီးတော့ ပိုင်မိသားစုဘက်ကလည်း ချေးတာလို့ဝန်မခံဘဲ အပိုင်ယူထားချင်နေသေးတယ်။ ဒါကြောင့် လူအတော်များများရဲ့စိတ်ထဲမှာတော့ ချိုးချန်က ပိုင်လန့်ကို ပိုက်ဆံပေးဝယ်ထားတာလားလို့ သံသယရှိခဲ့ကြတယ်။ လူကြားကောင်းအောင် အပေါ်ယံလေးပဲ ချစ်ခင်ကြင်နာပြနေတာလား ဆိုပြီးတော့လေ။
ဒါပေမယ့် ဒီနေ့တစ်နေ့လုံးအကဲခတ်ပြီးနောက်မှာတော့ သူဌေးကြီးချိုးချန်ကိုကြည့်ရတာ ဒူပေနာပေခံတဲ့အလုပ်သမားကြီးကျနေတာပဲ။ ရေခပ်ဖို့ရေပုံးဆွဲတာကစလို့ ပင်ပန်းရမယ့်အလုပ်တွေအားလုံး သူချည်းပဲဒိုင်ခံလုပ်နေတာ။ တကယ်လို့သူက စပွန်ဆာပေးတဲ့ထောက်ပံ့သူကြီးသာဆိုရင် ဒီအလုပ်တွေဘယ်လုပ်ပါ့မလဲ.. ဟုတ်တယ်မလား။ နောက်ပြီး အရေးကြီးဆုံးအချက်ဖြစ်တဲ့ချိုးရှောင်ဟိုင်… သူကလည်း အခွင့်အရေးရရင် ရသလို ပိုင်လန့်ကိုယ်ပေါ်တွယ်တက်ဖို့ပဲချောင်းနေတာ။ အဖေရင်းထက်တောင် ပိုကပ်နေသေးတယ်။ ဒါတွေက တကယ့်ကိုပျော်ရွှင်တဲ့မိသားစုတစ်ခုရဲ့ပုံရိပ်တွေပါပဲ။
ဒီနေရာမှာ သူတို့ကိုချောင်းတာ ရိုက်ကူးရေးအဖွဲ့သားတွေချည်းမဟုတ်ပါဘူး။ ငါးရပြီးသွားလို့ ရိုက်ကူးရေးလုပ်နေရတဲ့ ကလေးသုံးယောက်ကလည်း ပြေးလွှားနေတဲ့ကောင်လေးနှစ်ယောက်ကို လိုက်ကြည့်နေကြတာပါပဲ။ သူတို့တွေက သိချင်စိတ်တွေ အားကျစိတ်တွေနဲ့ ကြည့်နေရှာတာ။ မျက်နှာလေးတွေကိုကြည့်လိုက်ရင် ဘယ်လောက်တောင်ပြေးလွှားဆော့ကစားချင်နေမှန်း သိသာလွန်းပါတယ်။
ဒါကြောင့် ပိုင်လန်ရောက်လာပြီး ဟင်းရည်အိုးလာပေးတဲ့အချိန်မှာ ချန်သုန်လိက မနေနိုင်ဘဲ တောင်းဆိုမှုတစ်ခုပြုလိုက်တယ်။
“အင်း.. နေ့လည်တုန်းကကိစ္စကိုလည်း ကျေးဇူးတင်ပါတယ်၊ ပြီးတော့လည်း မနက်ဖြန်ကျရင် ရှောင်ဟိုင့်ကို ကျွန်တော်တို့ဆီခဏငှားပေးလို့ရမလား”
“ငှားမယ်?” ပိုင်လန်က မျက်လုံးလေးတွေပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်။
“ကျွန်တော်တို့ကလေးတွေက နေ့လည်ကလာပေးတဲ့ငါးသုံးကောင်ကို စိတ်ဝင်စားနေလွန်းလို့ပါ၊ အချိန်တိုင်း အဲ့ဘက်ကကလေးနှစ်ယောက်ကိုလှမ်းကြည့်နေကြတာ၊ ဒါကြောင့် မနက်ဖြန် ကလေးငါးယောက်ကိုအတူဆော့ခိုင်းရင် ကောင်းမလားလို့၊ ကျွန်တော်တို့က ကျွန်တော်တို့ကလေးတွေကိုပဲရိုက်မှာပါ၊ အဲ့ဘက်က ကလေးတွေကို မရိုက်ပါဘူး၊ အဲ့ဒါဆို တီဗွီမှာလွှင့်လည်း သိပ်သတိမထားမိလောက်ဘူးလေ၊ ဘယ်လိုသဘောရလဲခင်ဗျ၊ ငှားပေးလို့ရမလား”
ပိုင်လန်က ချိုးချန်ကိုကြည့်လိုက်တယ်။ ချိုးချန်က အရေးမထားသလို ပုခုံးတွန့်လိုက်ပြီးပြောပါတယ် “ခဏလောက်အတူကစားတာကတော့ ပြဿနာမရှိပါဘူး”
“သူဌေးချိုးက တကယ့်ကိုသဘောထားကြီးပါတယ်ဗျာ!” ချန်သုန်လိမျက်လုံးတွေ အရောင်လက်သွားတယ် “ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါဆို ကျွန်တော် စီစဉ်စရာရှိတာတွေစီစဉ်လိုက်ဦးမယ်၊ လူကြီးတွေကိုလည်း လုံးဝလုံးဝမရိုက်မိစေရဘူးလို့ အာမခံတယ်!”
နောက်တစ်နေ့မှာတော့ ကလေးငါးယောက်က အတူတကွတူတူပုန်းတမ်းကစားကြတယ်။ သူတို့ရဲ့ပျော်ရွှင်နေတဲ့ရယ်သံတွေက ရိုက်ကူးရေးအဖွဲ့သားတွေကို အလွန်တရာစိတ်ကျေနပ်စေပါတယ်။ ရိုက်ချက်တွေအားလုံးက ချစ်စရာကောင်းလွန်းတော့ ဘာထည့်သုံးလို့ သုံးရမှန်းတောင်မသိတော့ဘူး။
ကလေးတွေပျော်ရွှင်နေကြတဲ့အခါ လူကြီးတွေဆက်ဆံရေးကလည်း ပိုပြီးနွေးထွေးလာတယ်။ မနေ့ညက သူမမန်နေဂျာဆီက ဆူခံလိုက်ရတဲ့ယွမ်ရင်းကလည်း ဒီနေ့မှာတော့ စိတ်လျှော့ပြီး ချန်းရွှင်ကိုသွားတောင်းပန်တယ်။ သူမက သမီးကိုအစိုးရိမ်လွန်သွားလို့ ပြောမိတာပါ၊ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူးလို့ ပြောတယ်။ တစ်ဘက်သားက တောင်းပန်နေမှတော့ ချန်းရွှင်လည်း သူမကို မျက်နှာသာပေးလိုက်ပြီး အခြေအနေက အလျင်အမြန်ပဲ နဂိုအတိုင်းပြန်ဖြစ်သွားလေတယ်။
ဒါကြောင့်နောက်တစ်နေ့မှာ လေထုက (၁၈၀)ဒီဂရီပြောင်းသွားပြီး နောက်ပိုင်းနှစ်ရက်က အဆင်ပြေပြေချောချောမွေ့မွေ့ဖြစ်သွားတယ်။ ဒီပြောင်းလဲခြင်းရဲ့အစက ချိုးရှောင်ဟိုင်လို့ပြောလို့ရတယ်။ ပိုင်လန်နဲ့ချိုးချန်ရဲ့ နောက်ကွယ်ကကူညီမှုတွေလည်း ပါတာပေါ့လေ။ ဒါတွေအားလုံးက ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးရဲ့နှလုံးသားထဲမှာ အမြဲတမ်းအမှတ်ရနေခဲ့တယ်။
နောက်ပိုင်းမှာတော့ ဒီအဖွဲ့သားတွေက ပိုင်လန်နဲ့ချိုးချန်အကြောင်း လူတွေပြောတာကြားတဲ့အခါတိုင်း ဒီစုံတွဲဘက်က ဝိုင်းကူပြောပေးဖို့မမေ့ကြတော့ဘူး။ သူတို့က ကိုယ့်မျက်လုံးနဲ့ကိုယ် မျက်ဝါးထင်ထင်မြင်ခဲ့ရတာကြောင့် သက်သေသာဓကနဲ့အကျိုးအကြောင်းသင့်လှတယ်။ စကားတွေက အမြန်နှုန်းနဲ့ပျံ့နှံ့သွားပြီး မကြာမီမှာပဲ အနုပညာလောကထဲကလူအားလုံးက သူဌေးချိုးနဲ့ပိုင်လန်တို့ရဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာအချစ်ဇာတ်လမ်းအကြောင်း သိသွားကြတော့တယ်။
ဒါပေမယ့် အခုချိန်မှာတော့ အဖွဲ့သားတွေက ချောင်းလို့ကောင်းနေကြဆဲပဲလေ။
ကြည့်လိုက်စမ်းပါဦးကွာ.. ကလေးတွေကစားနေကြတာ ပျော်စရာကြီး.. လူတွေရဲ့မျက်လုံးတွေက ကလေးတွေဆီကနေ ပိုင်လန့်ဆီကိုလည်း ရောက်လာကြတယ်။
ပိုင်လန်က ချိုးချန်နဲ့အတူ လက်ချင်းတွဲလို့ ရေကန်ဘေးမှာလမ်းလျှောက်နေကြတယ်။ မြင်ကွင်းက သိပ်ကိုချိုမြိန်ပြီးလှပတယ်။
***
ဒါပေါ့.. ဒီအပိုင်းကိုထုတ်လွှင့်တဲ့အချိန်မှာတော့ ရုန်ကျန်းနဲ့ချိုးရှောင်ဟိုင်တို့ထပ်ပေါင်းပါဝင်လာမှုက အွန်လိုင်းပေါ်မှာ ဆွေးနွေးစရာကိစ္စရပ်တစ်ခုလို ဖြစ်သွားခဲ့တယ်။ မျက်စိလျင်တဲ့ကြည့်ရှုသူအချို့က ဒီကလေးကို မကြာသေးမီကမှ အွန်လိုင်းပေါ်ပျံ့ဖူးခဲ့တဲ့ ချိုးရှောင်ဟိုင်ပုံတွေနဲ့တူတယ်လို့ ပြောဆိုခဲ့ကြတယ်။ ဒါပေမယ့် ထုတ်လုပ်ရေးဘက်ကတော့ ဒီပြောဆိုချက်တွေကိုငြင်းဆန်ပါတယ်။ ကမ္ဘာပေါ်မှာ နာမည်တူမရှား လူတူမရှားရှိနိုင်တာပဲလေ။ ကိစ္စတိုင်းကို လျှောက်ခန့်မှန်းမနေပါနဲ့၊ အထင်လွဲစရာတွေ အွန်လိုင်းပေါ်မတင်ပါနဲ့ ဆိုပြီးပြန်ချေပခဲ့ပါတယ်။
ဒီနေရာမှာ ရုန်ကျန်းရဲ့အသွင်အပြင်ကလည်း တကယ့်ကို အာရုံစိုက်စရာဖြစ်လာတယ်။ ကောင်ငယ်လေးက လှပချောမောလွန်းတာကိုး။ သူက အမေတွေ အဖွားတွေရဲ့စိတ်ဝင်စားမှုကို သိမ်းကြုံးယူလိုက်နိုင်တယ်။ ဒါပေမယ့်လည်း သူတို့က ကလေးငယ်လေးနှစ်ယောက်ဖြစ်တာကြောင့် သူတို့အကြောင်း မှတ်တမ်းမှတ်ရာလည်းမရှိဘူး။ ဒါကြောင့် အချိန်တစ်ခုအကြာမှာတော့ ကိစ္စတွေက အနည်ထိုင်သွားပါတယ်။
ဒီအချိန်လောက်မှာပဲ ပိုင်လန်ရဲ့လိင်တူကြိုက်ခြင်း အငြင်းပွားမှုအကြောင်းအရာတွေက အဆုံးသတ်ပျောက်ကွယ်သွားတယ်။
ဒါပေမယ့် ဆက်ပြီးငြင်းချင်သေးတဲ့လူတွေအတွက်ကရော.. ဒါပေါ့.. သူတို့ဖာသာသူတို့ ဆက်ပြီးတွေးနေကြပါစေပေါ့….
***
တီဗွီရှေ့မှာတော့ ခန်းကျန့်က သူ့ချစ်သူကိုယ်ဝန်ကြီးနဲ့လိရှားကို အဖော်ပြုပြီး ‘ရုန်အဲ’ကဖဲကြိုးဖြတ်ဖွင့်လှစ်တဲ့ အဆောက်အဦးအသစ်ကြီးအကြောင်း ထုတ်လွှင့်တာကိုကြည့်နေတယ်။ ပိုင်လန်နဲ့ချိုးချန်တို့ တီဗွီစကရင်မှာ ပေါ်လာတဲ့အခါ သူ့ရင်တစ်ခုလုံးဝုန်းဒိုင်းလှုပ်ခါသွားလေတယ်။
နဂိုတုန်းက ခန်းကျန့်တစ်ယောက် အမြဲတမ်းတွေးထင်ခဲ့တာက လိင်တူနှစ်သက်ခြင်းဆိုတာ အများရှေ့ပေါ်ပေါ်ထင်ထင် ချပြလို့ကောင်းတဲ့အရာမဟုတ်ဘူးလို့။
ဒါကြောင့် သူ့လုပ်ငန်းတွေမှာ ကူညီနိုင်တဲ့လိရှားကို ရှာဖွေတွေ့ရှိခဲ့တာ။ အခုတော့ သူ့သရုပ်ဆောင်ဘဝက အမှန်တကယ်ကြီးကို အဆင်ပြေချောမွေ့နေပြီ။ သူက လိရှားဗိုက်ထဲမှာကြီးထွားလာနေတဲ့ အသက်သေးသေးလေးကို ငုံ့ကြည့်တဲ့အခါတိုင်း သူ့ကံကြမ္မာကို အခိုင်အမာဖြစ်စေတဲ့သားငယ်လေးဆိုပြီး သူ့ဘဝအရမ်းကံကောင်းပါလားလို့ တစ်ချိန်လုံးခံစားနေခဲ့သေးတာ။
ဒါပေမယ့် တီဗွီစကရင်ပေါ်ကပိုင်လန့်ကိုမြင်တဲ့အချိန်မှာ သူ့ရင်တစ်ခုလုံး ထိန်းချုပ်လို့မရတဲ့ခံစားချက်တွေဖြစ်လာတယ်။
အားကျပြီး မနာလိုဘူး၊ မျှတမှုမရှိဘူးလို့လည်း ခံစားရတယ်၊ နောက်ပြီး ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်တဲ့ ချစ်ခင်နှစ်သက်မှု………
အခုသူက လိရှားဗိုက်ကိုကြည့်လိုက်တဲ့အချိန်မှာ အရင်တုန်းကလိုခံစားချက်တွေ ပြန်စုစည်းလို့မရတော့ပါဘူး။
……………..