(47) မင်္ဂလာဆောင်မယ်
“မင်္ဂလာဖိတ်စာ?” ပိုင်လန်ကအံ့သြသွားပြီး ဖန်းဟွာလှမ်းပေးတဲ့အနီရောင်စာအိတ်လေးကို ယူလိုက်တယ် “ကျွန်တော့်အတွက်?”
“ဟုတ်တယ်၊ လိရှားနဲ့ခန်းကျန့်ရဲ့ မင်္ဂလာဆောင်ဖိတ်စာ၊ နောက်လလယ်လောက်မှာလုပ်မှာ” ဖန်းဟွာက မျက်ခုံးကိုပင့်လိုက်တယ် “ရှင့်ကိုရော ချိုးချန်ကိုရော ဖိတ်ထားတာ၊ ရှင့်ဖိတ်စာက ခန်းကျန့်ပို့တာ၊ ချိုးချန်ကိုတော့ ဟာမိုနီအင်တာတိန်းမန့်က ဖိတ်တာ”
ပိုင်လန်ရဲ့မျက်ခုံးတွေက မြင့်တက်သွားတယ်။ သူက စာအိတ်ကိုဖွင့်ပြီး သေချာအောင်တစ်ချက်ကြည့်ပါတယ်။ ဒါက ခန်းကျန့်မင်္ဂလာဆောင်ဖိတ်စာ အမှန်ပါ။ ဖိတ်စာထဲမှာက နှစ်ဘက်မိဘတွေရဲ့နာမည်တွေကိုပါရိုက်နှိပ်ထားပြီး ဧည့်သည်တွေကိုကျေးဇူးတင်တဲ့ ပို့စကတ်လေးတစ်ခုလည်းပါသေးတယ်။ လိပ်စာကတ်အရွယ်လောက်ရှိတဲ့ပို့စကတ်မှာတော့ သတို့သားသတို့သမီးရဲ့အလှဓါတ်ပုံလေးကို ရိုက်နှိပ်ထားပြီး ဧည့်သည်တွေအမှတ်တရသိမ်းထားစေဖို့ရည်ရွယ်ပါတယ်။
ဓါတ်ပုံထဲမှာ လိရှားက စိန်ပွင့်လေးတွေစီထားတဲ့အပြာရောင်ဂါဝန်ရှည်ကိုဝတ်ထားပြီး ခါးပိုင်းမှာတော့ အနည်းငယ်ဖောင်းတက်နေတာကြောင့် သူမက သူမရဲ့ကိုယ်ဝန်ကို ဖုံးကွယ်လိုစိတ်မရှိဘူးဆိုတာ သိနိုင်တယ်။ သူမက လက်တစ်ဖက်ကို ဗိုက်အောက်မှာကိုင်ထားပြီး အရပ်ရှည်ရှည်ခပ်ဖြောင့်ဖြောင့် အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ခန်းကျန့်ကိုမှီပြီး ရပ်နေတယ်။ နှစ်ယောက်စလုံးရဲ့မျက်နှာမှာတော့ ပီတိတွေနဲ့ပျော်ရွှင်နေပါတယ်။
ဒီပျော်ရွှင်နေတဲ့အမျိုးသမီးငယ်လေးမှာ သူ့ကိုပြဿနာရှာဖို့ အချိန်တွေ အလွန်တရာပေါများနေပုံရတယ်။ ‘ကမ္ဘာကြီးကိုအချစ်များဖြင့်ထွေးပွေ့မယ်’ တုန်းကတစ်ကြိမ်၊ အခုတစ်ခါ မင်္ဂလာဆောင်ဖိတ်စာက တစ်ကြိမ်။ ပိုင်လန်က အကြောင်းရင်းကို လုံးဝလုံးဝစဉ်းစားလို့မရဘူး၊ ဒါကြောင့် ဖိတ်စာကို ဖန်းဟွာကိုသာပြန်ပေးရင်း ပြောလိုက်တယ် “ကျွန်တော်မသွားဘူး၊ လွှင့်သာပစ်လိုက်တော့”
ဖန်းဟွာကနားလည်ပါတယ်။ သူမက ပြန်ယူပြီး ပြုံးလိုက်တယ် “ဒီဇီဇာကြောင်တဲ့လင်မယား ဘာတွေတွေးနေလဲ ကျွန်မဖြင့် စဉ်းစားလို့ကိုမရဘူး၊ ရှင့်နဲ့ချိုးချန်ကို ဘာတွေများမကျေမနပ်ဖြစ်နေလို့ နေရာတကာလိုက်နှောင့်ယှက်နေရတာလဲ၊ ဒါပေမယ့် မင်္ဂလာဆောင်ကျတော့လည်းဖိတ်တယ်၊ ဘာအတွေးတွေနဲ့လုပ်နေမှန်းကိုမသိဘူး၊ စိတ်မသက်မသာဖြစ်ရအောင်ကလည်း သူတို့တွေနဲ့ကိုယ်တွေနဲ့ အရမ်းကြီးရင်းနှီးနေတာမှမဟုတ်တာ”
“မသိပါဘူး” ပိုင်လန်က အကူအညီမဲ့နေသလိုပြုံးပြတယ် “ဒါနဲ့အစ်ကိုချိုးရော သွားမယ်တဲ့လား?”
“ကုမ်ပဏီအနေနဲ့ဆိုရင်တော့ သူဌေးကိုယ်တိုင်တက်စရာမလိုပါဘူး” ဖန်းဟွာကလက်ကာပြလိုက်တယ် “ရှင်မသွားဘူးဆိုရင်တော့ သူလည်းသွားမှာမဟုတ်ဘူး၊ ကျွန်မက ကုမ်ပဏီနာမည်နဲ့လက်ဖွဲ့ပို့လိုက်ရင်ရပြီ”
ပိုင်လန်ကခေါင်းညိတ်ပါတယ်။ ပြီးတော့ ရုတ်တရက်ကြီး ပြုံးလိုက်ရင်း ပြောပြန်တယ် “သူများကုမ်ပဏီမှာ သတင်းကောင်းတွေရှိကုန်ပြီ၊ ကျွန်တော်တို့ကုမ်ပဏီလည်း ဘယ်တော့များမှ ရှိမှာပါလိမ့်”
“ဒို့ကုမ်ပဏီမှာ..?” ဖန်းဟွာက ခဏလောက်ရပ်သွားပြီးမှ မျက်လုံးတွေပြူးကျယ်သွားရင်းမေးလိုက်ရတယ် “..ရှင်တို့နှစ်ယောက် မင်္ဂလာဆောင်ကြတော့မလို့လား?”
“…..” ပိုင်လန်က ကိုယ့်စကားနဲ့ကိုယ် ဘာပြန်ပြောရမှန်းမသိတော့ဘူး၊ ကိုယ့်မျက်နှာ ကိုယ်ပြန်ရိုက်မိလိုက်သလိုပဲ “ကျွန်တော်ဆိုလိုတာက အစ်မဖန်းနဲ့အစ်ကိုချန်တို့ကိုပြောတာ”
ဖန်းဟွာရဲ့မျက်နှာထားက အနည်းငယ်တော့ပြောင်းသွားတယ် “ဘယ်က မဟုတ်ကဟုတ်ကတွေနားထောင်လာတာလဲ.. အားချန် ရှင့်ကိုဘာတွေမြှောက်ပေးလိုက်ပြန်ပြီလဲ?”
နည်းပြဆရာကိစ္စပြီးကတည်းက ချိုးချန်က လင်ကုန်းချန်အဖွဲ့တွေကို ပိုင်လန်သွားရာနောက် လိုက်စောင့်ရှောက်ခိုင်းထားတာ။ ရည်ရွယ်ချက်က သတင်းထောက်တွေကိုတားဖို့အပြင် စုချွမ်နဲ့ပိုင်လိက နောက်ထပ်ဒုက္ခထပ်ပေးနေမှာစိုးရိမ်လို့ဖြစ်တယ်။ ဒါကြောင့်.. ဟုတ်တာပေါ့.. ဒီကိစ္စမှာ ဖန်းဟွာလည်း ဝင်ပါရတာပေါ့။ အလုပ်ကိစ္စအကြောင်းပြပြီး ဖန်းဟွာအပေါ်မှာ ဒုတိယအကြိမ်လင်ကုန်းချန်ရဲ့မြူဆွယ်မှုတွေက အောင်မြင်လုနီးပါးဖြစ်နေပြီ။ အရင်ဘဝမှာ မဖြစ်ခဲ့တဲ့ကိစ္စက အခုဘဝမှာတော့ မျှော်လင့်ချက်ရောင်ခြည်သန်းနေပါပြီ။
နောက်တစ်ခုက အရင်ဘဝနဲ့လုံးဝကွဲပြားခြားနားသွားတဲ့ခန်းကျန့်ရဲ့ဘဝ။ ပိုင်လန်က ဖန်းဟွာကို မူးယစ်မှုနဲ့အဆုံးသတ်သွားတဲ့ဇာတ်ကားထုတ်လုပ်ရေးထဲ ခန်းကျန့်ကိုမိတ်ဆက်ပေးခိုင်းလိုက်တာမဟုတ်ရင် ခန်းကျန့်လည်း နဂိုကုမ်ပဏီကထွက်ပြီး ဟာမိုနီအင်တာတိန်းမန့်ကိုရောက်လာမှာမဟုတ်ဘူး။ ပြီးတော့လိရှားနဲ့လည်းတွေ့မှာမဟုတ်ဘူး၊ ကလေးလည်းရလာမှာမဟုတ်ဘူး။
ဒါတွေက အဆိုးလား အကောင်းလား ပြောဖို့ခက်ပေမယ့် ခန်းကျန့်အနေနဲ့ဆိုရင် အခုချိန်မှာ လုပ်နိုင်တာဒါအကုန်ပဲလို့ အကြမ်းဖျင်းသိနိုင်တယ်။ အရင်ဘဝက ခန်းကျန့်ဇနီးလောင်းရှန်းလင်းလင်းတို့မိသားစုနဲ့ယှဉ်ရင် အခုလိရှားမိသားစုက အစွန်အဖျားပါမွှားလို့ပြောလို့ရတယ်။ ဒါကြောင့် လိရှားဆိုတာ ခန်းကျန့်အတွက် အမြင့်ကိုလှမ်းတက်ဖို့ ကျောက်တုံးတစ်တုံးပဲလို့ ပိုင်လန်ကနဂိုတုန်းက ထင်ခဲ့သေးတယ်။ ခန်းကျန့်က ကလေးယူပြီး တကယ်မင်္ဂလာဆောင်လိုက်မယ်လို့တော့ မထင်လိုက်မိဘူး။ ဒီအပြုအမူတွေကိုကြည့်ခြင်းအားဖြင့် ခန်းကျန့်တစ်ယောက် ထွက်ပေါက်မရှိအောင် ချောင်ပိတ်မိနေပြီလို့ ခန့်မှန်းလို့ရတယ်။ သူက အခုချိန်ထိ ပွဲဦးထွက်ရုပ်ရှင်ကလွဲပြီး နောက်ထပ်ဇာတ်ရုပ်ကြီးကြီးမှာ သရုပ်ဆောင်ခွင့်မရသေးဘူးလေ။
ဒါကြောင့် ပိုင်လန်က ခန်းကျန့်နဲ့ရင်ဆိုင်ဖို့ အလောတကြီးမလုပ်လိုဘူး။ သူက ခန်းကျန့်အကြောင်းကို ခေါင်းထဲတောင်မထည့်ပါဘူး။
အခုပိုင်လန်လိုချင်တာက သူ့ရဲ့မတူကွဲပြားတဲ့ဘဝအသစ်ကို ကောင်းကောင်းတန်ဖိုးထားပြီး ကြိုးစားနေထိုင်သွားရမှာ။
ပိုင်လန်က သူ့ရှေ့မှာ ရှားရှားပါးပါးရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ဖန်းဟွာကိုကြည့်ပြီး ရယ်ပါတယ်။
ဘဝဆိုတာရှည်လျားတယ်၊ ရှေ့ဆက်ပြီးဘာဖြစ်မယ်မှန်း ဘယ်သူမှမသိနိုင်ဘူး။ မင်းက အခုလက်ရှိပစ္စုပန်မှာပိုင်ဆိုင်ထားတဲ့ အရာအားလုံးကိုသာ အသိအမှတ်ပြုပြီး တန်ဖိုးထားတတ်ဖို့က အရေးကြီးဆုံးပါပဲ။
***
မင်းရဲ့မန်နေဂျာကို ဟာသလုပ်တော့မယ်ဆိုရင် နောက်ဆက်တွဲလေးတွေကိုတော့ အရင်ခံနိုင်ရည်ရှိအောင်လုပ်ရလိမ့်မယ်။
ဒီညမှာချိုးချန်က ပိုင်လန့်ကို လှမ်းဆွဲလိုက်ရင်း အရောင်တောက်တောက်မျက်ဝန်းတွေနဲ့ကြည့်ပါတယ်။
“မင်း မင်္ဂလာဆောင်လုပ်ချင်တယ်လို့ ဖန်းဟွာကပြောတယ်၊ လုပ်ကြတာပေါ့၊ မင်း နေ့တစ်နေ့ရွေးလိုက်၊ ပြီးရင် ကြိုက်တဲ့ခန်းမရွေးဖို့ ကိုယ် ကောင်းတဲ့ဟာတွေ စာရင်းလုပ်ထားပေးမယ်”
“….” ပိုင်လန်က ပြောစရာစကားတွေကင်းမဲ့သွားပြီ၊ “အခုလောက်ပွက်လောရိုက်နေတာတောင် မလုံလောက်သေးဘူးလား? ကျွန်တော်အရမ်းပင်ပန်းနေပြီ”
ချိုးချန်လည်း သတင်းထောက်တွေကို စိတ်ကုန်နေတာပါပဲ၊ ဒါကြောင့် လက်လျော့သယောင်ဖြစ်သွားပေမယ့် စိတ်မပြတ်နိုင်သေးဘူး “အင်း…ကိုယ်တို့တွေ…ကုမ်ပဏီထဲမှာပဲ လုပ်မယ်ဆိုရင်ရော?”
ဒီအခါ တစ်ဘက်မှာထိုင်နေတဲ့ချိုးရှောင်ဟိုင်က သိချင်စိတ်တွေနဲ့မေးလာတယ် “မင်္ဂလာဆောင်တယ်ဆိုတာ ဘာလဲဟင်?”
“မင်္ဂလာဆောင်တယ်ဆိုတာ လက်ထပ်တာကိုပြောတာ” ချိုးချန်က ပြန်ဖြေတယ် “လက်ထပ်တယ်ဆိုတာရောသိလား?”
“သားသိတယ်! ဆရာမက ပြောဖူးတယ်!” ချိုးရှောင်ဟိုင်က အကျယ်ကြီးအော်တယ် “လက်ထပ်တယ်ဆိုတာ တစ်သက်လုံး.. တစ်သက်လုံး.. အတူတူနေကြတာ!”
ချိုးချန်က ငါ့သားတော်တယ်ဆိုတဲ့မျက်နှာပေးနဲ့ ခေါင်းတဆတ်ဆတ်ညိတ်တယ်။ ဒါပေမယ့် သူ မထင်လိုက်မိတာက ချိုးရှောင်ဟိုင်က ခဲတံကိုပစ်ချရင်း ပိုင်လန့်ခြေထောက်ကို ကုတ်ဖက်တွယ်တက်လာပြီး နောက်တစ်ကြောင်းထပ်ပြောလိုက်မှာကိုပဲ “အာ့ကြောင့်လေ သားက အားပိုင်နဲ့လက်ထပ်ချင်တယ်၊ အားပိုင်နဲ့ တစ်သက်လုံးအတူတူနေချင်တယ်၊ အားပိုင်.. သားတို့လက်ထပ်ရအောင်လေ..နော်?”
ချိုးချန်မျက်နှာတစ်ခုလုံး မည်းမှောင်သွားလေရဲ့။ ပိုင်လန်ကတော့ ချိုးရှောင်ဟိုင်ကို ပျော်ရွှင်စွာနဲ့ပွေ့ဖက်လိုက်ရင်း ပြောပါတယ် “ကောင်းသားပဲ၊ အားပိုင်စဉ်းစားပေးမယ်လေ”
“ငါ့ဖင်ကိုပဲစဉ်းစားပါလား!” ချိုးချန်က အော်ထည့်လိုက်တယ်။
ပိုင်လန်က ချိုးချန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ သက်ပြင်းချလိုက်တယ် “ကျွန်တော့်မှာရွေးစရာမှမရှိတာ ဘယ်တတ်နိုင်ပါ့မလဲ၊ အခြားတစ်ယောက်က လက်ထပ်ခွင့်မှ မတောင်းတာကိုး”
ပိုင်လန် ပြောပြီးပြီးချင်းမှာပဲ သူ့စကားတွေအတွက် နောင်တရသွားရှာတယ်။
နောက်တစ်နေ့မှာတော့ ချိုးချန်က သူတို့ရဲ့လက်ချောင်းတွေမှာဝတ်ဖို့ လက်စွပ်တစ်စုံဝယ်လာတယ်။ ပြီးတော့ ပိုင်လန်ကို အချိန်တိုင်းဝတ်ထားဖို့ပြောတယ်။ ဒါက ရိုက်ကူးရေးလုပ်နေရတဲ့ပိုင်လန်အတွက် အလွန်အလွန့်ကို ဒုက္ခများရတာပေါ့။ သူက လက်မှာလည်းဝတ်ထားလို့မရဘူး၊ လည်ပင်းမှာလည်း ဆွဲကြိုးနဲ့ဆွဲထားလို့မရဘူး။ ဇာတ်လမ်းရိုက်နေတုန်းချွတ်ထားတဲ့အချိန် ပျောက်သွားမှာကိုစိုးရိမ်နေရတယ်။ ပိုင်လန်က လက်စွပ်နဲ့ပတ်သက်ပြီး အချိန်အကြာကြီး ဒုက္ခရောက်ခဲ့သေးတယ်။ နောက်ဆုံးကျမှ သူ့အစားသိမ်းထားပေးဖို့ ဟုန်ဟုန့်ကို အကူအညီတောင်းလိုက်ရတော့တယ်။
***
ပိုင်လန်ခန့်မှန်းထားသလိုပါပဲ၊ ခန်းကျန့် လိရှားကိုလက်ထပ်လိုက်တဲ့အကြောင်းက သူက မျှော်လင့်ချက်ကင်းမဲ့နေလို့ ကြံမိကြံရာကြံလိုက်တဲ့သဘောပါပဲ။
လိရှားအဖေ လိမင်က ဟာမိုနီအင်တာတိန်းမန့်ရဲ့သူဌေးဆိုပေမယ့် အနုပညာလောကမှာက ဒီ့ထက်ပိုကြီးတဲ့ ထုတ်လုပ်ရေးတွေအများကြီးရှိတယ်။ ခန်းကျန့်ရဲ့မျက်လုံးထဲမှာ ဟာမိုနီအင်တာတိန်းမန့်ဆိုတာ အလယ်အလတ်စားကုမ်ပဏီတစ်ခုပဲ။ ဒါက လူတွေကိုစိစိညက်ညက်ချေနိုင်တဲ့နောက်ခံအင်အားတောင့်တဲ့ အင်တာတိန်းမန့်အသစ် တိုတယ်နဲ့တောင် မယှဉ်နိုင်ဘူး။
သူ့ရဲ့လက်ထပ်ခြင်းက တုံးခုပြီးအမြင့်တက်ခဲ့တာဖြစ်ပေမယ့် ခန်းကျန့်စိတ်ထဲမှာတော့ ရောက်သင့်သလောက်မရောက်ဘူးလို့ ခံစားနေရပါတယ်။
မူးယစ်ဆေးနဲ့ပတ်သက်တဲ့ကောလာဟလတွေထွက်လာပြီးနောက်မှာ ခန်းကျန့်က ဂရန်းမီဒီယာကနေ နှင်ထုတ်ခံလိုက်ရတယ်။ ဂရန်းမီဒီယာရဲ့ဒုဥက္ကဌက ခန်းကျန့်အဒေါ်ရဲ့ယောင်္ကျားဖြစ်ပြီး ဆွေနီးမျိုးစပ်လို့ပြောလို့ရတယ်။ ခန်းကျန့်ကရဲစခန်းမှာ သုံးလေးကြိမ်လောက်အစစ်ခံရပြီး အပြစ်မရှိလို့လွတ်ခဲ့ပေမယ့် နာမည်ဆိုးကြီးကတော့ တောက်လျှောက်ကပ်ပါနေတုန်းပဲ။ ဒီဖြစ်ရပ်မှာ သူ့ဦးလေးလည်းဆက်နွယ်ပြီး ကုမ်ပဏီတွင်းမေးမြန်းမှုတွေခံရတယ်။ ဒါကြောင့် သူ့ဦးလေးက သူ့ကိုသိက္ခာကျစေမယ့်ခန်းကျန့်ကို ကုမ်ပဏီမှာမထားလိုတော့ဘဲ ဟာမိုနီအင်တာတိန်းမန့်ကို ပြောင်းထုတ်လိုက်တာဖြစ်ပါတယ်။
ကုမ်ပဏီပြောင်းပြီးနောက်မှာလည်း ကောလာဟလက ပျောက်ကွယ်မသွားသေးဘူး။ ပြီးတော့ နဂိုနောက်ခံလည်း မရှိတော့ဘူး။ သူက ပွဲဦးထွက်ရုပ်ရှင်ကလိုမျိုး ကောင်းမွန်တဲ့ဇာတ်ရုပ်မျိုး ကမ်းလှမ်းမခံရတော့ဘူး။ ဒီလိုနဲ့တစ်နေ့မှာ လိရှားနဲ့တွေ့ပြီး သူမဖိနပ်ဒေါက်ကျိုးတာကို ကူညီပေးလိုက်နိုင်တာသာမဟုတ်ရင် အခုခန်းကျန့်က ကားလိပ်နောက်မှာထိုင်ပြီး ဇာတ်ကောင်တစ်နေရာရဖို့ စောင့်မျှော်နေရဦးမှာ။
ဟုတ်တာပေါ့…လိမင်က ခန်းကျန့်လိုနောက်ခံမရှိတဲ့လူမျိုးနဲ့ သူ့သမီးကို လုံးဝသဘောမတူဘူး။ ပြီးတော့ လိမင်က လူပေါင်းများစွာနဲ့ဆက်ဆံခဲ့တဲ့အတွေ့အကြုံတွေအများကြီးရှိပြီး သူ့မျက်လုံးတွေက စူးရှပြီးအဆိပ်ပြင်းတယ်။ သူက ခန်းကျန့်ကိုတွေ့တာနဲ့ ဒီကောင်လေးက မရိုးသားဘူး၊ရည်ရွယ်ချက်ကြီးလွန်းတယ်လို့ ချက်ချင်းပြောနိုင်တယ်။ ဒါကြောင့် လိရှားနဲ့ခန်းကျန့်တို့ စတွဲတဲ့အချိန်တုန်းက လိမင်က ခန်းကျန့်ကိုဖိအားပေးဖို့ လူအချို့တောင်စေလွှတ်ခဲ့ပါသေးတယ်။
ဒါပေမယ့် အခုချိန်မှာ ခန်းကျန့်က ဘာမှစွန့်လွှတ်စရာမကျန်တော့ဘူး။ ‘မင်းမှာဖိနပ်တွေမရှိရင် ပျောက်မှာလည်း မစိုးရိမ်ရဘူး’ ဆိုတဲ့စကားပုံအတိုင်းပဲ။ ဒါကြောင့်ခန်းကျန့်က လိရှားကို နှစ်နှစ်ကာကာချစ်သယောင် အပြင်ပန်းဖော်ပြခဲ့ပါတယ်။ သူလိုချင်တာက လိရှားကလွဲပြီး ကျန်တာဘာမှမရှိပါဘူး ဆိုပြီးတော့လေ။ သူက ဒီအချစ်နွံထဲနစ်နေတဲ့မိန်းမငယ်လေးကို ကောင်းကောင်းကြီးအရူးလုပ်လိုက်နိုင်ပြီး ကိစ္စတွေက အလျင်အမြန်ပဲပြီးဆုံးသွားတယ်။ အခုတော့လိရှားမှာ ကိုယ်ဝန်ရှိနေပြီ။ ဒီလိုမတော်တဆမှုမျိုးမရှိရင် လိရှားကိုလက်ထပ်ဖို့ လိမင်ကလုံးဝသဘောတူမှာမဟုတ်ဘူးလို့ ခန်းကျန့်ရှင်းရှင်းလင်းလင်းသိတယ်။
လက်မထပ်ရသေးဘဲရရှိတဲ့ လိရှားကိုယ်ဝန်အကြောင်း ကြားသိရတဲ့အချိန်မှာ လိမင်က သွေးတက်ပြီးသတိလစ်လုမတတ်ဖြစ်သွားခဲ့သေးတယ်။ ဒါပေမယ့် အခုချိန်မှာ ဆန်က ချက်တောင်ပြီးလို့ ထမင်းတောင်ဖြစ်နေပြီ။ ဖျက်ချခဲ့ရင်တောင် မိသားစုအကြီးအကဲတွေနဲ့ အဆင်ပြေမှာမဟုတ်တော့ဘူး။ ဒါကြောင့် သူက ရွေးချယ်စရာမရှိ လက်ထပ်ဖို့သဘောတူလိုက်ရတယ်။
ဘာပဲပြောပြော လိရှားက သူ့ရဲ့တစ်ဦးတည်းသောသမီးပဲလေ။ သူက သူ့သမီးကိုအလွန်ချစ်ပါတယ်။ သူ့သမီးနဲ့သူ့အင်တာတိန်းမန့်ကိုအသုံးချချင်တဲ့ခန်းကျန့်ကိုတော့ … ဒီကောင်ဘယ်လောက်ပဲအကြံကြီးကြီး သူ့အဖိုးတန်သမီးကိုချစ်ခင်ကြင်နာနေသရွေ့ ကိစ္စမရှိဘူးလို့ပဲ သဘောထားလိုက်တော့တယ်။ အနည်းဆုံးတော့ သူ့သမီးလေး ချစ်ခံရပြီး၊ အနိုင်ကျင့်ခံရတာမျိုး ဘယ်တော့မှရှိမှာမဟုတ်ဘူးလို့ မှတ်ယူလိုက်တယ်။ လိမင်က ဒီလိုတွေးလိုက်မှပဲ စိတ်ချလက်ချဖြစ်သွားတော့တယ်။
ဒါကြောင့် သူ့သမီးနဲ့သူ့မိန်းမရဲ့ အတင်းအကျပ်တောင်းဆိုမှုတွေအောက်မှာ လိမင်ရဲ့သဘောထားက ပျော့ပျောင်းသွားပြီး သူတို့အတွက် ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးကျင်းပပေးခဲ့ပါတယ်။
“အားကျန့်.. ဖေဖေက ပွဲလာမယ့်လူစာရင်းပို့လိုက်တယ်၊ တစ်ချက်လောက်ကြည့်ချင်သေးလား?”
အခု သူတို့နှစ်ယောက်က လိရှားအဖေလက်ဖွဲ့ပေးတဲ့ဇိမ်ခံတိုက်ခန်းမှာ နေကြတာပါ။ လိရှားက ခန်းကျန့်နားကိုတိုးဝှေ့ပူးကပ်ရင်း ပျော်ရွှင်နေတဲ့မျက်နှာလေးနဲ့ပြောနေတာပါ။
ခန်းကျန့်က လိရှားကို အရင်ဖက်လိုက်တယ် “အရေးမကြီးတဲ့ကိစ္စတွေ လုပ်မနေပါနဲ့ကွာ၊ မင်းက ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်ရမှာ၊ တစ်ခြားသူတွေကိုယ်ဝန်ရှိပြီဆိုရင် ဝတုတ်ကြီးတွေဖြစ်လာကြတာ၊ မင်းကဘာလို့ အခုထိပိန်နေတုန်းလဲ?”
လိရှားက ချန်းကျန့်ကိုမှီတွယ်ရင်း ခပ်ချွဲချွဲလေးပြောပါတယ် “ဒါကတော့ ကျွန်မက မင်္ဂလာဆောင်တဲ့နေတဲ့နေ့မှာ လှတပတလေးဖြစ်နေချင်တာကိုး၊ လူတွေအများကြီးလာမှာ ရှင့်ကိုမျက်နှာပျက်အောင်လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ”
“မင်းက ဘယ်လိုနေနေ ကိုယ့်မျက်လုံးထဲမှာတော့ အလှပဆုံးလူသားပဲ” ခန်းကျန့်က သူမကို ချစ်ရည်ရွှန်းလဲ့အကြည့်တွေနဲ့ကြည့်ပါတယ် “ဘာမှစိတ်ပူမနေနဲ့”
“ပိုပြန်ပြီ” လိရှားက ရယ်မြူးရိပ်တွေနဲ့ပြုံးပါတယ် “လုပ်..မြန်မြန် ဧည့်သည်စာရင်းကိုကြည့်ဦး၊ ဖေဖေက သေချာလုပ်ပေးထားတာ၊ အနုပညာလောကထဲက အကောင်ကြီးကြီးတွေအကုန်ဖိတ်ပေးထားတယ်၊ သူဌေးတွေရော နိုင်ငံရေးလုပ်တဲ့လူတွေတောင်ပါသေးတယ်”
ခန်းကျန့်က ပြုံးပြီး လိရှားရွတ်ပြနေတဲ့ လူနာမည်စာရင်းတွေကို ကြည့်နေပါတယ်။
သူတို့က ဖတ်နေရင်းနဲ့ တိုတယ်အင်တာတိန်းမန့်ရဲ့သူဌေးချိုးချန်နာမည်ရှိရာကို ရောက်လာတယ်၊ ဘေးနားမှာက ‘လက်ဖွဲ့ရရှိပြီး၊ တက်ရောက်ခြင်းမရှိ’ လို့ရေးထားတယ်။
လိရှားရဲ့နဂိုပျော်ရွှင်နေတဲ့စိတ်ကလေး ပျောက်ကွယ်သွားလေရဲ့။ သူမက နောက်ဖက်ကိုအမြန်လှန်ပြီး ပိုင်လန့်နာမည်ကိုရှာတဲ့အခါ တက်ရောက်ခြင်းမရှိလို့ပဲရေးထားတယ်။
လိရှားက မကျေမနပ်အသံထွက်လာတယ် “အဲဒိပိုင်လန် မလာရဲဘူးဆိုတာ သိတာပေါ့၊ ဟွန်း..အဲဒိရွံစရာကောင်းတဲ့ဂေးစုံတွဲ ကျွန်မတို့မင်္ဂလာဆောင်ကိုတက်ရဲတဲ့သတ္တိရှိမယ်လို့ကို မထင်ဘူး”
သူမပြောတာကိုကြားပြီး ခန်းကျန့်မျက်နှာထားက ပြောင်းသွားတယ်။ သူက အတင်းဖျစ်ညှစ်ရယ်လိုက်ရပါတယ် “မင်း ပိုင်လန့်ကိုဖိတ်လိုက်တာလား?”
လိရှားက ဝံ့ကြွားတဲ့အသံနဲ့ပြောပါတယ် “ရှင်တို့နှစ်ယောက်က သရုပ်ဆောင်သင်တန်းအတူဆင်းလာတာ မဟုတ်ဘူးလား? ကျွန်မ ရှင့်နာမည်သုံးပြီးဖိတ်လိုက်တာ မျက်နှာထားစရာမရှိအောင်လို့လေ၊ ကြည့်မရလို့၊ အင်း.. သူ့လိုလူမျိုးတွေကို ဘယ်လိုခေါ်ပါလိမ့်..ယောင်္ကျားတကာအောက်မှာခံနေတယ်လို့ပြောမလား…အားး! ဘာလုပ်တာလဲ နာတယ်!”
သူက လိရှားရဲ့လက်မောင်းကို ကိုင်ထားတာ တင်းကျပ်လွန်သွားမှန်း ခန်းကျန့်က နားလည်သွားတယ်။ သူက ခပ်မြန်မြန်ပဲ လွှတ်ပေးလိုက်ပါတယ် “ဆောရီး ဆောရီး အဆင်ပြေရဲ့လား? မင်းဖေဖေက ကိုယ့်ကို ကျေးဇူးတင်လွှာတွေရေးခိုင်းထားတာ အခုလေးတင်သတိရသွားလို့၊ ကိုယ်မရေးရသေးဘူး အဲ့ဒါကြောင့် လန့်ပြီးယောင်သွားတာ၊ ဘာဖြစ်သွားသေးလဲ? ဟင်? ကြည့်ရအောင်”
ပျာပျာသလဲဖြစ်သွားတဲ့ခန်းကျန့်ကိုကြည့်ပြီး လိရှားက တခစ်ခစ်ရယ်ပါတယ် “ဖေဖေ့ကိုများ ဘာကြောက်စရာရှိလဲ? ရှင်သာ ကျွန်မအပေါ်ကောင်းမယ်ဆိုရင် ဖေဖေက ဘာဖြစ်ဖြစ်ရတယ်၊ စိတ်ထဲထားမနေနဲ့”
“အဖေက နောက်ဆုံးတော့ ကိုယ့်ကို နည်းနည်းလေးအသိအမှတ်ပြုလာပြီလို့ထင်တယ်၊ အဲ့ဒါဆို မင်းလည်း ကိုယ်တို့နှစ်ယောက်ကြားညပ်ပြီး ပူပန်နေစရာမလိုတော့ဘူး” ခန်းကျန့်က ပြောတယ်။ အသံက အားကိုးရာမဲ့နေသလိုဖြစ်ပေမယ့် တစ်ပြိုင်နက်တည်းမှာပဲ ချော့မြှူနေပုံလည်းပေါက်တယ်။
လိရှားက ဒီအသံကို အရမ်းကြိုက်တာ။ သူမက ခန်းကျန့်ခေါင်းကို အောက်ကိုဆွဲငုံ့လိုက်ပါတယ် “ခန်းကျန့် ရှင်က အကောင်းဆုံးပဲ…..” သူမက သူ့ကို ချစ်ခင်နှစ်သက်စွာနမ်းပါတယ်။
ဒါပေါ့… ခန်းကျန့် မရုန်းဖယ်လိုက်ပါဘူး။ သူက တူညီတဲ့အချစ်တွေနဲ့ ပြန်ပြီးတော့တောင် တုန့်ပြန်လိုက်သေးတယ်။
တစ်ချိန်ပဲ.. လိရှားနှုတ်ခမ်းက နှုတ်ခမ်းနီတွေကို ခံစားရတဲ့အချိန်ပဲ… ခန်းကျန့်က တော်တော်လေးကို စိတ်အနှောင့်အယှက်ဖြစ်ရတာ။
ပြီးတော့ ရေမွှေးနံ့တွေနဲ့ထုံမွှမ်းနေတဲ့သူမကိုယ်ခန္ဓာ…….
ခန်းကျန့်က မျက်လုံးတွေကိုမှိတ်ပြီး သူ့လက်မောင်းထဲကလူကို ငယ်ရွယ်သန့်ရှင်းတဲ့အလှလေးတစ်ယောက်အဖြစ် အတင်းအကျပ်စိတ်ကူးလိုက်ရတယ်။
အလှလေးမှာက အနက်ရောင်ဆံနွယ်တွေရှိတယ်၊ ဖြူဖွေးကြည်လင်တဲ့အသားအရေရယ် သွယ်လျဖြောင့်စင်းနေတဲ့ ခြေတံလက်တံတွေရယ်……..
ပိုင်လန့်လိုလူမျိုးပေါ့။
***
Golden Emperor awards ဆုပေးပွဲမတိုင်ခင် တစ်ပတ်အလိုမှာ ‘ရှုပ်ထွေးနေသောလမ်းမများ’က ရိုက်ကူးရေးရဲ့တစ်ဝက်ကျော်လောက်ပြီးစီးသွားပြီး ပရိုမိုးရှင်းကာလတွေကိုရောက်လာတယ်။
အရင်အတိုင်းဆိုရင် ဖွင့်ပွဲအခမ်းအနားတွေကို ရိုးရိုးရှင်းရှင်းပဲကျင်းပကြတာ။ ဇာတ်ကြောင်းကိုမိတ်ဆက်မယ်၊ အဓိကဇာတ်ဆောင်တွေကို မိတ်ဆက်မယ် ဒါပဲ။ သူတို့က ရိုက်ချက်တွေ ဝတ်စုံဒီဇိုင်းတွေကိုတောင် ပြလေ့မရှိဘူး။
အခုတော့ ရိုက်ကူးရေးတွေက တစ်ချို့တစ်ဝက်ပြီးစီးသွားတာဖြစ်လို့ သူတို့က ပရိုမိုးရှင်းကာလမှာ ပရိသတ်တွေကို အံ့သြသွားအောင်ပြုလုပ်ခဲ့တယ်။ ဒီနည်းလမ်းက အရမ်းကို အသုံးဝင်ပါတယ်။
‘ရှုပ်ထွေးနေသာလမ်းမများ’က ပရိုမိုးရှင်းဆင်းလျှင်ဆင်းချင်းမှာပဲ မီဒီယာတွေရဲ့အာရုံကိုသိမ်းယူသွားတယ်။ ချက်ချင်းဆိုသလိုပဲ မှတ်ချက်ပေါင်းများစွာနဲ့ ဂယက်ရိုက်သွားခဲ့ပါတယ်။
ဗီဒီယိုအပိုင်းတိုလေးမှာတော့ ပိုင်လန်ရဲ့ပုံစံက ချောမောဆဲဖြစ်ပေမယ့် တစ်ပြိုင်နက်တည်းမှာပဲ တေလေကြမ်းပိုးတစ်ကောင်လို လိမ်ပိန်မဲ့ရွ့ဲနေတယ်။ သူက တောင်ပိုင်းသားလေသံကို ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောဆိုနေပြီး ခြေညှပ်ဖိနပ်ကိုစီးကာ လမ်းတစ်ကာလျှောက်လိမ့်နေတယ်။ လမ်းဘေးမှာခြေကားယားထိုင်ရင်း အကင်တုတ်ထိုးတွေကို ကိုက်ဝါးနေပါတယ်။ ဒါက သူ့ပရိသတ်တွေကို ရှော့ခ်အကြီးကြီးရသွားစေတာပေါ့။
ဒါ..ဒါ ပိုင်လန်မှဟုတ်ရဲ့လား!?
ဒါ လက်တွဲဖော်များထဲက နွေးထွေးပြီးကြင်နာတတ်တဲ့၊ ရွှေနှင့်ကျောက်စိမ်းထဲက အထက်တန်းကျပြီးခန့်ညားတဲ့ ပိုင်လန်ရော ဟုတ်ရဲ့လား!?
အရူးလိုမျိုး ကြောင်တောင်တောင်အပြောအဆိုတွေ၊ ရိုင်းစိုင်းတဲ့အပြုအမူတွေ၊ အကြင်နာမဲ့ပြီးရက်စက်တဲ့ အမူအရာတွေ၊ ပြီးတော့ အဆုံးပိတ်ပြကွက်မှာ လှလှပပလေးကန်ပြသွားတဲ့ ဇီဝိန်ချွေခြေကန်လှည့်ကွက်လေး..
ဒီအပိုင်းတိုလေးက ပိုင်လန်ရဲ့နူးညံ့တဲ့ပုံရိပ်ကို လုံးဝဥဿုံတွန်းလှန်ဖြိုဖျက်ပစ်လိုက်ပြီး အင်တာနက်တစ်ခုလုံးကို အဲဒိညမှာ ဆူညံပွက်လောရိုက်စေခဲ့ပါတယ်။
…………………..
ဇာတ်ခုံပေါ်က ပြဇာတ်ငယ်လေးတစ်ခု:
ချိုးရှောင်ဟိုင်(စိုးရိမ်ပူပန်စွာဖြင့်) : အားကျန်း.. ငါ မနေ့က အားပိုင်ကိုလက်ထပ်ချင်တယ်လို့ပြောလိုက်တယ်… ဒါပေမယ့် အားပိုင်က စဉ်းစားဦးမယ်တဲ့…
ရုန်ကျန်း(သေလောက်အောင်လန့်သွား) : ……. ဒါဆို ငါကရော?...
ချိုးရှောင်ဟိုင် : အင်း? မင်းကိုလည်း လက်ထပ်မယ်လေ…
ရုန်ကျန်း : မင်း တစ်ယောက်ပဲရွေးလို့ရမှာ..
ချိုးရှောင်ဟိုင် : ဟင်?
ရုန်ကျန်း : တစ်ယောက်တည်းကိုပဲ လက်ထပ်ရမှာလို့ ဆရာမကပြောတယ်လေ… မေ့သွားပြီလား?
ချိုးရှောင်ဟိုင် : တ..တကယ်ကြီးလား!?
ရုန်ကျန်း : ဒါဆို မင်းကဘယ်သူ့ကိုလက်ထပ်မှာလဲ?
ချိုးရှောင်ဟိုင် : အင်း…(မျက်မှောင့်ကျုံ့နေသည်)
ရုန်ကျန်း : (စိုက်ကြည့်နေသည်)
ချိုးရှောင်ဟိုင် : !
ရုန်ကျန်း : !?
ချိုးရှောင်ဟိုင် : ငါက အားပိုင်ကိုလက်ထပ်မယ်.. မင်းက ဖေဖေ့ကိုလက်ထပ်.. ဒါဆို ငါတို့တွေအကုန်လုံး အတူတူနေလို့ရပြီ!
ရုန်ကျန်း : (လုံးဝကိုကြက်သေသေသွားသည်)
………………..