(48) ဆုပေးပွဲအခမ်းအနား
‘ရှုပ်ထွေးနေသောလမ်းမများ’ပြကွက်တိုလေးက ပိုင်လန်ရဲ့ Gold Emperor Award ဇကာတင်စာရင်းဝင်တာနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့မှတ်ချက်တွေ အုန်းအုန်းထစေခဲ့တယ်။
မတိုင်မီမှာပိုင်လန်က ထုတ်လုပ်ရေးများများစားစားမှာ မပါဝင်ဖူးဘူး။ သူ့ကို လူတွေအကဲဖြတ်ဖို့က ဇကာတင်စာရင်းဝင်တဲ့ရွှေနှင့်ကျောက်စိမ်းအပြင် လက်တွဲဖော်များဇာတ်လမ်းတွဲတစ်ခုပဲရှိတယ်။ လက်တွဲဖော်များရိုက်တုန်းကလည်း ပိုင်လန်က တကယ့်ကိုမျက်နှာသစ်လေး။ နောက်ပိုင်းမှသရုပ်ဆောင်စွမ်းရည်တွေ တဟုန်ထိုးတက်လာပေမယ့် အစပိုင်းမှာတော့ လုံးဝအတွေ့အကြုံမရှိဘူး။ နောက်ပြီး ဒီလို မြို့ပြရဲ့နေထိုင်မှုအကြောင်း ရိုးရိုးရှင်းရှင်းရိုက်ထားတဲ့ ဇာတ်လမ်းတွဲက ပိုင်လန့်သရုပ်ဆောင်စွမ်းရည်ကို အများကြီးချမပြနိုင်ပါဘူး။ ဇာတ်လမ်းတွဲက သရုပ်ဆောင်စွမ်းရည်ထက်ပိုပြီး ဇာတ်ကြောင်းကို ပိုစိတ်ဝင်စားဖို့ကောင်းအောင်လုပ်ထားတာ။ ဒါကြောင့် လူအများစုက ဒီတစ်ကြိမ်ပိုင်လန်ဇကာတင်စာရင်းဝင်တာကို ဖြတ်သွားဖြတ်လာကံကောင်းသွားတာပါလို့ မှတ်ယူခဲ့ကြတယ်။
ဒါပေမယ့် ‘ရှုပ်ထွေးနေသောလမ်းမများ’ရဲ့ပြကွက်တိုလေးလည်းထွက်လာရော လူတွေရဲ့အမြင်က တစ်မျိုးတစ်ဖုံပြောင်းသွားပြန်ရော။
ပြကွက်ထဲကပိုင်လန်ကို ကြည့်ရတာ မျက်နှာအမူအရာကစလို့ လှုပ်ရှားမှုသေးသေးလေးတွေအထိ နောက်ထပ်လူတစ်ယောက်လိုမျိုး လုံးဝဥဿုံပြောင်းလဲပစ်လိုက်သလိုပဲ။ မွေးကတည်းက ဒီလိုပဲနေလာခဲ့သလိုမျိုး လူမှုအသိုင်းအဝိုင်းအောက်ဆုံးက ကလေကချေတစ်ယောက်ရဲ့ပုံစံကို ဖော်ကျူးလိုက်နိုင်တယ်။ ခြေညှပ်ဖိနပ်ကိုစီးပြီး လမ်းလျှောက်တဲ့စတိုင်ကတောင် သဘာဝကျကျပဲ။ ဒါပေမယ့်လည်း တစ်ချိန်တည်းမှာပဲ ကြည့်ကောင်းပြီးချောမောပါလားလို့ ခံစားနေရသေးတယ်။ လူတွေက သူ့ကိုအော့နှလုံးမနာနိုင်ဘူး။ ဆိုးသွမ်းလူငယ်အုပ်စုတစ်စုက သြဇာရှိတဲ့ခေါင်းဆောင်အသေးစားတစ်ယောက် သူ့ဘေးနားကလူတွေကို သက်ဝင်နာခံလာအောင်ပြုလုပ်နိုင်စွမ်းရှိသလိုပေါ့။
နောက်ပြီး ပြကွက်ထဲမှာ ပိုင်လန်က ပြေးရင်းလွှားရင်း အာရင်းသန်သန်ဆဲဆိုနေတဲ့အခန်းတစ်ခန်းလည်းပါတယ်။ သူ့လေသံက ဒေသတစ်ခုရဲ့စကားသံနဲ့ (၉၀)% ကွက်တိတူတယ်။ နဂိုအဝင်ဆိုးတဲ့စကားတွေကို ကာလံဒေသံနဲ့ပြောဆိုလိုက်တော့ ကြားရသူတွေကိုလည်း နားထောင်ရသက်သာစေပြီး ကာရိုက်တာကလည်း ပိုပြီးအသက်ဝင်သွားတယ်။ စကားတွေတပြောပြောနဲ့ သူ့စရိုက်ကလည်း ပိုပြီးသိသာလာပါတယ်။ ဒီလိုမျိုးအသေးစိတ်ထိလိုက်လံအာရုံစိုက်ထားတဲ့ ကြိုးစားအားထုတ်မှုတွေက ပရိသတ်တွေရဲ့နှလုံးသားထဲမှာ အနက်ရှိုင်းဆုံးထိ စွဲထင်သွားစေခဲ့ပါတယ်။
ဒီလိုဒေသိယစကားသံနဲ့ပြောဆိုဖို့အကြံရခဲ့တာက ပိုင်လန်က အရင်ဘဝရဲ့အတွေ့အကြုံကိုယူခဲ့တာဖြစ်တယ်။
အရင်ဘဝမှာဆိုရင် ဒီဇာတ်လမ်းတွဲက အတော်လေးအောင်မြင်ခဲ့တယ်လို့ပြောလို့ရတယ်။ ဇာတ်ညွှန်းတွေ ကာရိုက်တာတွေက အပိုအလိုမရှိကွက်တိပဲ။ ပရိသတ်တွေကိုဖျော်ဖြေမှုပေးတဲ့ စိတ်လှုပ်ရှားစရာဇာတ်လမ်းဇာတ်ကွက်တွေလည်း အများကြီးပါတယ်။ တစ်ခုပဲ…. ကြည့်ရှုသူတွေဝေဖန်ကြတဲ့ အရာက တစ်ခုပဲရှိတယ်။ အဲဒါက လော်ကျိုက်နေရာကိုသရုပ်ဆောင်တဲ့မင်းသားဖြစ်တယ်။ အရင်ဘဝမှာတော့ ဒီနေရာကို ချန်ယွမ်လို့ခေါ်တဲ့မင်းသားက သရုပ်ဆောင်တယ်။ သူကလည်း အရမ်းကိုချောမောခန့်ညားတဲ့လူငယ်လေးတစ်ယောက်ပဲ။ ခန္ဓာကိုယ်အချိုးအစားကနူးညံ့ပြီး မိန်းမဆန်တော့ လော်ကျိုက်ရဲ့ရုပ်ရည်နဲ့ကွက်တိကျတယ်။ ဒါပေမယ့် စကားပြောခန်းတွေကိုတော့ အလွန်တရာစာသံပေသံပေါက်တဲ့ လေယူလေသိမ်းတွေနဲ့ ပြောဆိုထားတာဖြစ်တယ်။ ဒါကြောင့် သူ့ပါးစပ်ဖျားက ဆဲဆိုတဲ့စကားလုံးတွေထွက်လာတဲ့အကြိမ်တိုင်းမှာ ကြည့်ရှုသူပရိသတ်တွေက တကယ့်ကိုလက်တွေ့မဆန်ဘူး၊ သဘာဝမကျဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။
(T/N ပြောရရင်ကွာ လမ်းဘေးစရိုက်သမားလေသံက ဟားဘတ်ကဘွဲ့ရထားသလိုမျိုး လူတတ်ကြီးလေသံပေါက်နေသလိုပေါ့)
ဒီအထဲကတစ်ချို့က ဒရမ်မာရဲ့ကန့်သတ်ချက်တွေကြောင့်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက အသက်အရွယ်မရွေးကြည့်ရှုခွင့်ရတယ်လို့ ကြေငြာထားမှတော့ ပြင်းထန်ပြီးနားမခံသာတဲ့စကားလုံးတွေကိုလည်း ခဏခဏသုံးလို့မရဘူး။ ဒါပေမယ့် လော်ကျိုက်ကာရိုက်တာရဲ့ စရိုက်နဲ့အဆင့်အတန်းက သူ့စကားတွေကတစ်ဆင့်ဖော်ပြနေရမှာ။ ဒါကြောင့်ဇာတ်ညွှန်းရေးဆရာက သမာရိုးကျလည်းမဟုတ် အပြင်းအထန်ကြီးလည်းမဟုတ်တဲ့ စကားလုံးတွေကိုရေးသားဖို့ရာ အများကြီးအခက်တွေ့ခဲ့ပါသေးတယ်။
ပိုင်လန်က ဇာတ်ညွှန်းကိုလက်ခံရရှိတဲ့အချိန်မှာ သူ့ကာရိုက်တာရဲ့စကားပြောခန်းတွေကို အထူးအလေးပေးပြီး အစောကြီးကတည်းက ဇာတ်ညွှန်းဆရာနဲ့ဆွေးနွေးထားခဲ့တယ်။
သူ့ကိုယ်သူဖော်ပြဖို့ ပိုင်လန်ပေးတဲ့အကြံက ဒေသိယစကားတစ်မျိုးကိုအသုံးပြုဖို့ပါ။ တစ်ချို့နားမခံသာတဲ့စကားတွေ၊ ကျိန်ဆဲသံတွေအစား နယ်ခံအသုံးအနှုန်းတွေ၊ စကားလုံးတွေနဲ့ အစားထိုးဖို့ပြောခဲ့တယ်။ ဒီလိုနည်းနဲ့ ကြည့်ရှုသူတွေ မကြာခဏနားထောင်ရရင်တောင်မှ အဆိုးရွားကြီးမဟုတ်တော့ဘူးပေါ့။ နောက်ပြီး ကွာခြားချက်ကိုနှိုင်းယှဉ်ပြဖို့ ပိုင်လန်က တောင်ပိုင်းသားလေသံနဲ့ စကားသုံးလေးကြောင်းကို ရွတ်ပြခဲ့ပါသေးတယ်။
ပိုင်လန်ရဲ့စကားဆုံးတဲ့အချိန်မှာ ဇာတ်ညွှန်းဆရာရဲ့မျက်လုံးတွေက အရောင်တောက်သွားတယ်။ သူက ချက်ချင်းပဲ နယ်ခံအကြံပေးတွေကိုသွားရှာပြီး ဇာတ်ညွှန်းကိုပြင်ရေးတယ်။ လော်ကျိုက်ရဲ့စကားလုံးတွေအကုန်လုံးနီးပါးကို ပြောင်းလဲခဲ့တယ်။ ဒါတင်မကဘူး လော်ကျိုက်နဲ့ထိတွေ့ဆက်ဆံတဲ့ ကာရိုက်တာတွေကိုလည်း တည်းဖြတ်သင့်တာတည်းဖြတ် ပြင်သင့်တာပြင်လုပ်ခဲ့ပါတယ်။
(T/N နားမလည်ရင်ရှင်းမယ်… အရင်ဘဝမင်းသားက စာသံပေသံနဲ့ပြောတယ်၊ အဲဒိတော့ လမ်းဘေးကောင်ရဲ့စရိုက်ကိုပေါ်လွင်အောင် ဆဲဆိုသံလေးတွေများများထည့်ပေးရမယ်၊ ဒါပေမယ့် ဒရမ်မာက အသက်အရွယ်မရွေး ကြည့်လို့ရမှဖြစ်မယ်ဆိုတော့ တိုင်ပတ်ကုန်ကြရော၊ အားပိုင်ကျတော့ တောင်ပိုင်းသားလေသံကိုသုံးတယ်၊ ထင်တာက မဖွံ့ဖြိုးတဲ့ဒေသတစ်ခုကစကားသံဖြစ်ပါလိမ့်မယ်၊ အဲဒိတော့ ပြောချင်တာက တောသားလူမိုက်လေသံပေါက်ပြီး ပိုပီပြင်သွားတယ်ပေါ့ကွာ၊ ဒါပဲ မောထှာ နားမလည်ရင်လည်း ဒိထက်မရှင်းတတ်တော့ဘူး၊ ဒီနားကိုပြန်နေတာ သုံးနာရီလောက်ကြာနေပြီ..)
ဒီဗီဒီယိုအပိုင်းလေးမှာတော့ ဒီအရာတွေအပြင် နောက်ထပ်ဘယ်သူမှကျော်မသွားနိုင်တဲ့ အရာတစ်ခုလည်းရှိသေးတယ်။အဲဒါက ပိုင်လန်ရဲ့အက်ရှင်အခန်းတွေပဲ။ အမြဲတမ်းနူးညံ့ပြီး ချောမောခန့်ညားတဲ့အမျိုးကောင်းသားပုံစံရှိတဲ့ ပိုင်လန်က ဒရမ်မာထဲမှာတွေ့ရတဲ့လူဆိုးလေးပုံစံနဲ့ ဘယ်လိုမှမလိုက်ဖက်ဘူးလို့ ထင်ရတယ်။ ဒါပေမယ့် သူ့ရဲ့သတ်ပုတ်လှုပ်ရှားပုံ အတိုင်းအတာပမာဏတွေကိုကြည့်လိုက်တာနဲ့ သူက ဒီဇာတ်ကောင်အပေါ်မှာ ဘယ်လောက်တောင်ကြိုးစားအားထုတ်ခဲ့သလိုဆိုတာ မြင်ရနိုင်ပါတယ်။
ဒါကြောင့် ‘ရှုပ်ထွေးနေသာလမ်းမများ’က ရွှေရုပ်ရှင်နဲ့ဘာမှပတ်သက်မှုမရှိတာတောင်မှ အောင်မြင်မယ့်မင်းသားတစ်ယောက်မှာရှိသင့်တဲ့ ဇွဲလုံလ အာရုံစူးစိုက်မှုနှင့် တစိုက်မတ်မတ် စိတ်နှစ်မြှပ်နှံမှုတွေကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ Golden Emperor Award ဇကာတင်စာရင်းဝင်လာသူ ပိုင်လန်ဆိုတဲ့တက်သစ်စလေးကို ပရိသတ်တွေက အသိအမှတ်ပြုပြီး မျှော်လင့်စောင့်စားနေခဲ့ကြပါတယ်။
***
Golden Emperor Award ဆုပေးပွဲည..
ညနေခင်းက တောက်ပပြီး ပြိုးပြိုးပြက်ပြက်လက်နေတဲ့ စတားတွေနဲ့ပြည့်နေတယ်။
ခန်းမထဲထိခင်းထားတဲ့ ကော်ဇောနီရဲ့တစ်ဖက်တစ်ချက်မှာတော့ သတင်းထောက်တွေက အစောကြီးကတည်းက စုပြုံတိုးဝှေ့နေကြရင်း တက်ရောက်သူနာမည်ကျော်တွေကို မေးခွန်းတွေကြိုးစားမေးနေကြတယ်။ ပွဲရဲ့အဓိကကူညီပံ့ပိုးသူကုမ်ပဏီအချို့ကတော့ သူတို့ရဲ့တင်ဆက်သူတွေကို ကော်ဇောနီပေါ်ရပ်စေရင်း ခန်းမထဲဝင်လာတဲ့စတားတွေနဲ့ လျှပ်တပြက်အင်တာဗျူးလေးတွေ လုပ်စေပါတယ်။
တက်ရောက်သူအများစုက သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဂရုမစိုက်ကြပေမယ့် သူတို့ကတော့အပြုံးမပျက်ဘူး၊ ဆက်လက်မေးနေကြဆဲပဲ။ သူတို့တွေက ပွဲအခမ်းအနားကို ပိုပြီးစည်ကားအောင်ပြုလုပ်ပေးနေကြတာဆိုတော့ စပွန်ဆာကုမ်ပဏီတွေလည်း မတားကြတော့ပါဘူး။
ဒါကြောင့် ပိုင်လန်က ကားထဲကထွက်ပြီးမြေပြင်ပေါ်ခြေချရုံလေးရှိသေးတယ်၊ ချက်ချင်းဆိုသလို မေးခွန်းတွေတစ်သီကြီးနဲ့ ကင်မရာမီးရောင်တွေ တစ်ဖြတ်ဖြတ်ထွက်လာတယ်။
“မစ္စတာပိုင်ရဲ့ခံစားချက်လေးကိုပြောပြပေးပါဦး? ဆုရမယ်လို့ယုံကြည်ချက်ရှိပါသလား?”
“လိင်တူချစ်သူလို့ဝန်ခံလိုက်တာက ဆုအပေါ်မှာသက်ရောက်မှုရှိမယ်လို့ ထင်ပါသလား? မစ္စတာပိုင်ရဲ့အမြင်လေးပြောပေးပါဦး!?”
“မစ္စတာပိုင် ကျေးဇူးတင်စကားပြောဖို့ပြင်ဆင်လာခဲ့သေးလား!? အခုစစ်တမ်းတွေအရတော့ မစ္စတာပိုင်ဆုရနိုင်ချေက အလွန်နည်းပါတယ်၊ ဘယ်လိုထင်လဲ ပြောပြပေးလို့ရမလား?”
“မစ္စတာချိုးနဲ့ ဘာလို့အတူမလာတာလဲ? ဒီနေ့ပွဲက သိပ်အရေးမကြီးဘူးလို့ထင်လို့လား ပြောပေးပါ!?”
“မစ္စတာချိုး မတက်ရောက်နိုင်တဲ့အပေါ် ဘယ်လိုခံစားရပါသလဲ!? သူနဲ့အတူတက်ရင်ကောင်းမယ်လို့တွေးနေသေးလား?”
“နှစ်ယောက်စလုံး နိုင်ငံခြားမှာလက်ထပ်ကြဖို့ ရည်ရွယ်ချက်ရှိပါသလား!? အခုတလော လက်မှာဝတ်ထားတဲ့လက်စွပ်က မစ္စတာချိုးပေးထားတာလား?”
“မစ္စတာချိုးလက်မှာလည်း ပုံစံတူလက်စွပ်တစ်ကွင်းရှိတယ်၊ ဒါက နှစ်ယောက်သားရဲ့အချစ်သက်သေများဖြစ်မလား မစ္စတာပိုင်!?”
***
ပိုင်လန်က အပြုံးလေးကိုနှုတ်ခမ်းဖျားမှာတပ်ဆင်ရင်း ယဉ်ယဉ်ကျေးကျေးလက်ဝှေ့ယမ်းပြတယ်၊ ဒါပေမယ့် ဘာမှပြန်မပြောဘူး။ ကော်ဇောနီရဲ့လျှောက်လမ်းဆုံးကိုရောက်တဲ့အခါမှသာ တင်ဆက်သူတစ်ဦး သူ့ဘေးနားရောက်လာတယ်။ ကံကောင်းတာလား ကံဆိုးတာလား မသိနိုင်ပေမယ့် ဒီနေ့ရဲ့တင်ဆက်သူကတော့ ပိုင်လန်အရင်တုန်းက ရွှေရုပ်ရှင်နဲ့ပတ်သက်ပြီး အင်တာဗျူးလုပ်ခဲ့ဖူးတဲ့ ကောင်းဖန်ဖန်ဖြစ်ပါတယ်။
ကောင်းဖန်ဖန်က ရွှေရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီး ဆံပင်တွေကိုတော့ ဆံညှပ်တစ်ခုနဲ့နောက်ကိုဆွဲသိမ်းထားတယ်။ သူမက အနားကိုလျှောက်လာပြီး ပိုင်လန့်ကို မိုက်ခရိုဖုန်းတစ်ခု ကမ်းပေးပါတယ်။
“အစ်မတို့ထပ်တွေ့ကြပြန်ပြီနော် ပိုင်လန်၊ မင်းကို ဒီမှာတွေ့လိုက်တော့ အစ်မဖန် အရမ်းပျော်သွားတာပဲ”
“ဟယ်လို အစ်မဖန်” ပိုင်လန်က ခေါင်းညိတ်နှုတ်ဆက်ရင်းပြုံးပြတယ် “အစ်မဖန်က ဒီနေ့အရမ်းလှနေတယ်”
“အိုး အိုး ခါတိုင်းလို အပြောလေးကကောင်းတုန်းပဲ၊ ဒါနဲ့ မင်းဆီမှာ ဇကာတင်ဝင်လို့စိတ်လှုပ်ရှားနေတာမျိုးတွေ အစ်မလုံးဝမတွေ့ရဘူးနော်”
“ဟုတ် ကျွန်တော် အခု စိတ်လှုပ်ရှားတာတွေ ဘာတွေ မရှိပါဘူး၊ ဒီနေ့ကျွန်တော်က ပွဲတက်ချင်လို့လာတာပါ”
“အိုး? နှိမ့်ချနေပြန်ပါပြီ? ဒါဆို မင်းရဲ့ခန့်မှန်းချက်အရ ဘယ်သူဆုရမယ်လို့ထင်လဲ၊ အထင်လေးကိုပြောပေးပါဦး”
“ကျွန်တော် မခန့်မှန်းတတ်ပါဘူး၊ အစ်မဖန်ကတော့နောက်ပြီ၊ ကျွန်တော့်ကို တွင်းတူးပြီးမခုန်ချခိုင်းပါနဲ့ဗျာ၊ ဒါနဲ့ အစ်မဖန်ကိုကြည့်ရတာ ပိုငယ်သွားသလိုပဲ၊ အခုမှသေချာကြည့်မိတယ်”
ကောင်းဖန်ဖန်က မြူးကြွစွာရယ်ပါတယ်။ ပြီးတော့မှ ထပ်ပြောတယ် “အစ်မက ရွှေရုပ်ရှင်ကို အရမ်းကြိုက်တယ်လို့ကော ပြောရဦးမလား၊ မင်းနဲ့အရင်တစ်ခေါက်အင်တာဗျူးပြီးတော့ အစ်မ ရုပ်ရှင်ရုံမှာသွားကြည့်တာ သုံးလေးခါမကရှိနေပြီ”
“ကျေးဇူးအထူးကမ္ဘာပါပဲ အစ်မဖန်၊ ရွှေနှင့်ကျောက်စိမ်းတို့အလွန်က တကယ့်ကိုကြည့်ရတာတန်ပါတယ်”
“ဟုတ်တယ် ဟုတ်တယ် မင်းသားချောချောလေးပါလို့လည်း မျက်စိအစာကျွေးရတာ တကယ်တန်တာ” ကောင်းဖန်ဖန်က ပိုင်လန့်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ထပ်ပြောပြန်ရော “အင်း.. ဒီနေ့လည်း မင်းက အရမ်းလှတဲ့လက်စွပ်လေးဝတ်ထားတယ်ဆိုတော့ ပိုပြီးတော့တောင် ချောမောခန့်ညားနေတယ်”
“ကျေးဇူးပါ” ပိုင်လန်က ပြုံးတယ်။ အခုတလော သူက ဒီမေးခွန်းနဲ့တွေ့ကြုံရတဲ့အချိန်တိုင်း အပြုံးလေးနဲ့တုန့်ပြန်တတ်နေပြီ။
ဒီတစ်ကြိမ်မှာ ကောင်းဖန်ဖန်က အတင်းအကျပ်မမေးတော့ပါဘူး။ သူမက ခပ်ပြုံးပြုံးနဲ့ပဲပြောလိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် အစ်မကတော့မင်းကိုအားပေးနေတယ်၊ ဒီနေ့မှာ ဆုလက်ဝယ်ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးနေတယ်နော်”
ပိုင်လန်က သူမကို နောက်ထပ်တစ်ကြိမ်ကျေးဇူးတင်လိုက်ပြန်တယ်။ ဒီတစ်ခါ ပိုလို့တောင်စိတ်ရင်းနဲ့ပါ။ နောက်မှာတော့ ကောင်းဖန်ဖန်က သူမအင်တာဗျူးပြီးကြောင်း စက်အဖွဲ့တွေကိုအချက်ပြလိုက်တယ်။ ပိုင်လန်က ကင်မရာဘက်လှည့်နှုတ်ဆက်လိုက်ရင်း ဝန်ထမ်းတွေခေါ်ဆောင်ရာနောက်လိုက်ကာ ခန်းမထဲဝင်လာခဲ့ပါတယ်။
***
အောင်အောင်မြင်မြင်အင်တာဗျူးလို့အပြီး ခန်းမထဲဝင်လာတဲ့အချိန်ကျမှ ပိုင်လန်က စိတ်အေးလက်အေးရှိသွားတယ်။
ခုဏက ကောင်းဖန်ဖန်ကိုပြောခဲ့သလိုပဲ ပိုင်လန်က သူဆုရလိမ့်မယ်လို့ တစ်စက်ကလေးမှ မမျှော်မှန်းထားဘူး။ ပြန်လည်မွေးဖွားလာပြီးနောက်မှာ သရုပ်ဆောင်စကေးတွေ အများကြီးတိုးတက်လာခဲ့ပေမယ့် ချွယ်ချီမင်တို့လိုဝါရင့်ပုဂ္ဂိုလ်တွေနဲ့ ယှဉ်လိုက်ရင်တော့ ကျွမ်းကျင်ဖို့အများကြီးလိုသေးတယ်လို့ ခံစားနေရတယ်။ ပြီးတော့ အခုချိန်ခါက နောက်တစ်ဆင့်ကိုတက်ခွင့်ရဖို့ ကြိုးစားနေရမယ့်အချိန်။ ဒါကြောင့် အရိုးသားဆုံးဝန်ခံရရင် သူတကယ်ဆုရခဲ့ရင်တောင်မှ ပိုင်လန်က စိတ်ပျက်လက်ပျက်ဖြစ်နေရပါလိမ့်မယ်။
ပိုင်လန်က ဆုမရနိုင်မယ့်အတူတူ ပွဲတက်ရောက်တဲ့ပရိသတ်ပဲဖြစ်ချင်တယ်။ ဆုပေးခါနီးလို့ ဇကာတင်ဝင်သူတွေကြေငြာမယ့်အချိန်ကျရင် သူ့နာမည်လေးခေါ်သံကြားတဲ့အခါ သူလုပ်ရမှာက သင့်တော်တဲ့အပြုံးလေးနဲ့ လက်ခုပ်တီးနေဖို့ပါပဲ။
ဒါကြောင့် အထဲကိုဝင်လာပြီးတဲ့အခါ ပိုင်လန်က အပြင်ထက်စာရင် သက်တောင့်သက်သာဖြစ်သွားတယ်။ အစီအစဉ်မစခင်စပ်ကြားမှာ သူက အလုပ်တွဲလုပ်ဖူးတဲ့သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ ပရိုဂျူဆာတွေကို လိုက်လံနှုတ်ဆက်တယ်။ ဒါက လေးစားသမှုပြသရမယ့် အခွင့်အခါကောင်းလို့ ဖန်းဟွာက ညွှန်ကြားခဲ့တာ။ ဒီလိုလုပ်မှ သူ့ကို မာနကြီးတဲ့လူသစ်လို့ လူတွေက မတွေးနိုင်တော့မှာဖြစ်ပါတယ်။
ဒီဘဝမှာ ပိုင်လန်အလုပ်တွဲလုပ်ဖူးတဲ့လူတွေက အများကြီးမရှိဘူး။ ဒါကြောင့် ခပ်မြန်မြန်ပဲ လှည့်ပတ်နှုတ်ဆက်တာပြီးသွားတယ်။ နောက်ဆုံးတစ်ယောက်ပဲကျန်တယ်။ သူက မနှစ်က ရုပ်ရှင်ဘုရင်မ ဖေးဟုန်ပဲ။ ဒီနေ့မှာတော့ သူမက ဆုတက်ပေးရမယ့်လူအဖြစ် ဖိတ်ကြားခြင်းခံရတာဖြစ်ပါတယ်။ မတိုင်မီကလည်း ပိုင်လန်က သူမနဲ့ဘီယာကြော်ငြာတွဲရိုက်ဖူးတယ်။ ရိုက်ကွင်းက ပျော်စရာသိပ်မကောင်းခဲ့ပေမယ့် ခန္တီပါရမီနဲ့ပြည့်စုံတဲ့ပိုင်လန်ကတော့ သူမဆီကိုချဉ်းကပ်သွားပြီး နှုတ်ဆက်စကားစပြောလိုက်ပါတယ်။
ဒါရိုက်တာတစ်ယောက်နဲ့စကားပြောနေတဲ့ဖေးဟုန်က လှည့်ကြည့်ပြီး ပိုင်လန့်ကိုမြင်တဲ့အခါ ပြုံးပြပါတယ်။ ပြီးတော့ စိတ်လှုပ်ရှားနေလား၊ ယုံကြည်ချက်ရှိရဲ့လား၊ စသည်ဖြင့် အလာပသလာပပြောကြတယ်။ အရင်တစ်ခေါက်ရိုက်ကွင်းက စိတ်အခန့်မသင့်စရာအဖြစ်အပျက်တွေက သူတို့နဲ့လားလားမှမဆိုင်တော့သလိုပဲ။
မိနစ်အနည်းငယ်လောက် စကားတွေဖောင်ဖွဲ့ကြအပြီးမှာ ပွဲစတော့မယ်လို့ ကြေငြာချက်ထွက်ပေါ်လာတာကြောင့် ပိုင်လန်ကနှုတ်ဆက်ပြီး ပြန်ဖို့ပြင်ပါတယ်။
သူက ဖေးဟုန်ဘေးနားကဖြတ်ပြီးအပြန်မှာ တစ်စုံတစ်ခုကိုကြားလိုက်ရတယ်။
“ရှင်တို့တွေ သတိထားပြီးနေသင့်တယ်”
ဒါက လေသံလေးတစ်ခုလိုပဲ၊ ခပ်တိုးတိုးလေး။ ဆူညံပြီး ပျားပန်းခတ်နေတဲ့ခန်းမထဲမှာ သတိမမူမိရင် သေချာပေါက်ကြားရမှာမဟုတ်ဘူး။
ဒါပေမယ့်ထူးဆန်းလှစွာ ပိုင်လန်ကတော့ ရှင်းရှင်းလင်းလင်းကြားလိုက်ရပါတယ်။ ဒါကြောင့် ခြေလှမ်းကိုနှေးရင်း ဖေးဟုန်ကိုပြန်လှည့်ကြည့်တယ်။
ဒါပေမယ့် ဖေးဟုန်က သူမတစ်ခွန်းမှမပြောမိသလိုမျိုး ပြုမူနေတယ်။ သူမက ဆန့်ကျင်ဘက်အရပ်ကို လှည့်ထွက်သွားပြီးလို့ ခပ်ဝေးဝေးတောင်ရောက်နေပြီး အခြားတစ်ယောက်နဲ့တောင် စကားပြောနေပြီ။
ပိုင်လန်က သူမနောက်ကို မလိုက်ပါဘူး။ ဖေးဟုန်ရဲ့ကျောပြင်ကိုသာကြည့်နေရင်း သူမစကားတွေရဲ့ နောက်ကွယ်ကအဓိပ္ပါယ်ကို တွေးတောနေတယ်။
သူမ ပြောတာက “ရှင်တို့” တဲ့၊ “ရှင်” မဟုတ်ဘူး။ ဒါက ပိုင်လန့်ကို မကောင်းတဲ့ခံစားချက်ရစေတယ်။
နောက်ပိုင်း ဆုပေးရင်းဖျော်ဖြေနေတဲ့ စိတ်လှုပ်ရှားဖွယ်ရာတင်ဆက်မှုတွေကြား ပိုင်လန်က တောင်တွေးမြောက်တွေးရင်း ခုဏကပျော်ရွှင်မှုလေးတောင်ပြန်မရနိုင်ဘဲ စိတ်အခြေအနေက ပြန်မကောင်းလာတော့ဘူး။
ဒီနေရာမှာ ရုတ်တရက်ဆိုသလိုပဲ ပိုင်လန်က ချိုးချန်ရဲ့အသံကို ကြားချင်လာတယ်။ ချိုးချန်က အခု ရေနံစာချုပ်အပြီးသတ်ဆောင်ရွက်ဖို့ V နိုင်ငံကို ရောက်နေတာဖြစ်တယ်။ ပရောဂျက်က ချိုးချန်ကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်ပြီး အောင်မြင်လာတာ။ နောက်ပြီး ဒီပရေဂျက်ရတာက သူ့ကိုအများကြီးအကျိုးရှိစေပြီး ချိုးမိသားစုအာဏာကိုအပြတ်အသတ်သိမ်းနိုင်လိမ့်မယ်လို့ ချိုးချန်ကပြောဖူးခဲ့သေးတယ်။
ကိစ္စတွေအားလုံးက ပိုင်လန်ထင်တာထက်ပိုပြီး အစောတလျင်ဖြစ်လာနေတယ်။ အရင်ဘဝတုန်းကအတိုင်းဆိုရင် နောက်နှစ်အနည်းငယ်ကြာမှ အာဏာသိမ်းနိုင်မှာဖြစ်ပြီး ရေနံပရောဂျက်လည်း မရခဲ့ဘူး။
လိပ်ပြာတောင်ပံခတ်သံနောက်ဆက်တွဲက… အခြေအနေတွေက ဘာတွေဖြစ်လာမှာလဲ ပိုင်လန်လုံးဝမခန့်မှန်းတတ်တော့ဘူး…..သူသိထားတဲ့အရာတွေက ပြောင်းလဲသွားမှာလား….
ပိုင်လန်တစ်ယောက် ကိုယ်ပိုင်အတွေးဝင်္ကဘာထဲမှာ ယောက်ယက်ခတ်နေချိန် စင်ပေါ်မှာလည်း အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ချီးမြှင့်မယ့်အချိန်ရောက်လာတယ်။
အခမ်းအနားမှူးရဲ့ ကျယ်လောင်တဲ့တင်ဆက်သံကြီးက မိုက်ခရိုဖုန်းကိုဖြတ်သန်းပြီးထွက်လာတယ်။
“အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် ဇကာတင်စာရင်းရွေးချယ်ခံထားရသူတွေကတော့…
မြစ်ပြင်ကျယ် ဇာတ်ကားမှ ကျင်းကျီချွမ်
အမုန်းမဆိုရက်ပါ ဇာတ်ကားမှ ဝူယွင်ထျန်း
မိုးကောင်းကင်နှင့်ပင်လယ်ပြာ ဇာတ်ကားမှ ချန်ခန်းသောက် နဲ့
ရွှေနှင့်ကျောက်စိမ်းတို့အလွန် ဇာတ်ကားမှ ပိုင်လန် တို့ဖြစ်ပါတယ်။
ဒီနေ့ညမှာ ဆုတံဆိပ်ကိုပိုင်ဆိုင်ရရှိသွားသူကတော့………”
ဒီအချိန်မှာ ပိုင်လန့်ရင်ဘတ်အိပ်ကပ်ထဲထည့်ထားတဲ့ မိုဘိုင်းဖုန်းက ရုတ်တရက်ဆိုသလို တုန်ခါသွားတယ်။
ဒါက ဖုန်းကို အသံပိတ်ထားတဲ့အခြေအနေမှာ စာတိုတစ်စောင်ဝင်လာတဲ့သင်္ကေတပါ။
အခုချိန်မှာ ကင်မရာမီးရောင်တွေက သူ့အပေါ်တည့်တည့်ထိုးထားတာကြောင့် ဖုန်းဖွင့်မကြည့်သင့်ဘူးဆိုတာ ပိုင်လန်သိပါတယ်။
ဒါပေမယ့် ဦးနှောက်ထဲကိုလှစ်ခနဲဝင်လာတဲ့ စိုးရိမ်မှုသံသယက ပိုင်လန့်ကို နောက်ထပ်တစ်က္ကန့်တောင် စောင့်ဆိုင်းမနေချင်အောင်ဖြစ်စေတယ်။
ဒါကြောင့် သူက ဖွင့်ကြည့်လိုက်ပါတယ်။
စာတိုလေးက သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးအထိ ထိတ်လန့်တုန်လှုပ်သွားစေတယ်။
[အစ်ကိုချိုး V နိုင်ငံမှာ ကားမှောက်လို့ ၊ အခြေအနေစိုးရိမ်ရတယ်၊ လေယာဉ်လွှတ်–]
ပိုင်လန်မျက်လုံးထဲမှာ နောက်ပိုင်းစာသားတွေကိုတောင် ရှင်းရှင်းလင်းလင်းမမြင်ရတော့ဘူး။
သူက ကျယ်လောင်တဲ့လက်ခုပ်သံတွေကြားမှာ ရုတ်တရက်ကြီး မတ်တပ်ထရပ်လိုက်မိတယ်။ ထို့နောက်မှာတော့ ဆုပေးပွဲအခမ်းအနားကနေ ခြေလှမ်းကျဲကြီးတွေနဲ့ မပြေးရုံတမယ်ထွက်လာခဲ့မိတယ်။
…………………….