(49) အားပိုင်၏ဖွင့်ဟဝန်ခံချက်
သုံးနှစ်ကြာပြီးနောက်....
“အားကျန့် ရှင့်ကိုချစ်တယ်!!”
“ငါတို့မင်းကို အားပေးနေတယ်နော်!! အားကျန့်!!”
“ရှင်က အကောင်းဆုံးပဲ!! အားကျန့်!! ချစ်တယ်!!”
“အားးးး! အားကျန့် အားကျန့်!!”
“အားကျန့် ဒီကိုကြည့်ပါဦး! အားးးး– အားကျန့်—!!”
မိုးထိအောင်အသားကုန်အော်ဟစ်ဆူညံသံတွေကြားမှာ ဝံ့ကြွားလှတဲ့ရွှေရောင်ပြိုင်ကားတစ်စီးက ခန်းမကြီးရဲ့အရှေ့ ဆင်ဝင်အောက်မှာရပ်သွားတယ်။
ယာဉ်မောင်းထိုင်ခုံတံခါးပွင့်လာပြီး ဂျင်းဘောင်းဘီဝတ်ဆင်ထားတဲ့ ခြေထောက်ရှည်ရှည်တစ်စုံထွက်လာတယ်။
ပရိသတ်တွေက ပိုလို့တောင်စိတ်လှုပ်ရှားတက်ကြွပြီး အော်ဟစ်ကြတယ်။ ကားပေါ်ကဆင်းလာသူရဲ့မျက်နှာထက်မှာက ယုံကြည်ချက်အပြည့်နဲ့ကျော့မော့နေတဲ့ အပြုံးလေးတစ်ခုရှိတယ်။ သူက အရှေ့ကိုရောက်လာတဲ့ဝန်ထမ်းတစ်ယောက်ကို ကားသော့ပစ်ပေးလိုက်ပြီး လုံခြုံရေးတွေခြံရံကာ ဟာမိုနီအင်တာတိန်းမန့်အဆောက်အဦးထဲကို ဝင်လို့သွားပါတယ်။
***
တူညီတဲ့အချိန်တစ်ခုတည်းမှာပဲ..
အနက်ရောင်ဇိမ်ခံ RV ကားတစ်စီးက သီးသန့်ဇိမ်ခံကွန်ဒိုအိမ်ရာဝန်းတစ်ခုရဲ့အထဲမှာ ရပ်သွားပြီး ကားတစ်ဖက်ခြမ်းတံခါးက ဖြည်းဖြည်းချင်းပွင့်လာပါတယ်။
ကားက အိမ်ရာဝန်းထဲကိုမဝင်ခင်မှာ ဂိတ်ဝအပြင်ဘက်က လုံခြုံရေးအစောင့်တွေရဲ့တားဆီးခြင်းကို ခံလိုက်ရသေးတယ်။ သူတို့မှာပါတဲ့အိုင်ဒီကဒ်အချို့ ပြလိုက်မှပဲ ဝင်ခွင့်ရလာတာ။ ဒါကိုကြည့်ခြင်းအားဖြင့် ကားထဲမှာရှိတဲ့လူက အိမ်ရာဝန်းကိုနေ့စဉ်ဝင်ထွက်နေတဲ့ နေထိုင်သူမဟုတ်မှန်း သိသာပါတယ်။
ဒါပေမယ့် ဂိတ်ကိုဖြတ်ပြီးဝင်လာတဲ့ RV ကားကတော့ အထဲကလမ်းတွေကို ရင်းနှီးနေပုံရတယ်။ နှောင့်နှေးတွေဝေခြင်းမရှိဘဲ ဘယ်ကွေ့ ညာကွေ့ပြီး ကားဂိုဒေါင်တစ်ခုထဲကိုဝင်လာတယ်။ ဒီဇိမ်ခံကွန်ဒိုမှာက လုံခြုံရေးအဆင့်မြှင့်ထားတာကြောင့် ရှုပ်ထွေးတဲ့ပါကင်ဧရိယာတွေရှိတယ်။ ဒါကြောင့် ကားဝင်လာပုံအရ အထဲကလူက အိမ်သားတစ်ယောက် ဒါမှမဟုတ် မကြာခဏလာလည်တတ်တဲ့ ဧည့်သည်ဖြစ်ပုံရတယ်။
RV ကားရပ်သွားတဲ့အချိန်မှာ ကားထဲက ခပ်ထွားထွားလူကြီးနှစ်ယောက်နဲ့ သေးငယ်တဲ့လူလေးတစ်ယောက်ထွက်လာတယ်။
လူကြီးတွေက ဒရိုင်ဘာတစ်ယောက်နဲ့ဘော်ဒီဂတ်တစ်ယောက် ဖြစ်ပုံရပါတယ်။ သူတို့တွေက အနက်ရောင်ကုတ်အင်္ကျီတွေဝတ်ဆင်ထားပြီး နိုးကြားတက်ကြွတဲ့အမူအရာတွေနဲ့ လူသေးလေးရဲ့အနောက်ကနေ တိတ်တဆိတ်ပဲလိုက်လာကြတယ်။ အရှေ့ကလူသေးလေးကတော့ ခုနှစ်နှစ် ရှစ်နှစ်အရွယ်ရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး မျက်နှာပေါ်မှာတော့ အရမ်းကိုစိတ်လှုပ်ရှားနေပုံပေါ်တယ်။ သူက ဘောင်းဘီတိုလေးနဲ့ အားကစားဖိနပ်ကိုစီးထားတယ်။ မျက်ခုံးထူထူ မျက်လုံးပြူးပြူးတွေရှိတဲ့ ကောင်ငယ်လေးက သွက်လက်ဖျတ်လတ်နေတာပဲ။ သူက တံခါးတစ်ခုရဲ့ရှေ့ကိုရောက်လို့ တံခါးဘဲလ်တီးဖို့အတွက် လက်တွေကိုမြှောက်လိုက်တဲ့အချိန်မှာ အရင်တုန်းကလို ခြေဖျားထောက်စရာမလိုတော့ပါဘူး။ ကောင်ငယ်လေးက ယုံကြည်ချက်အပြည့်နဲ့ အင်တာကွန်းကတစ်ဆင့် အထဲကိုပြောတယ်။
သိပ်မကြာခင်မှာပဲ အရမ်းကောင်းတဲ့အသံလုံစနစ်ရှိသင့်တဲ့ ကွန်ဒိုခန်းထဲကနေ အမြန်ဆုံးနှုန်းနဲ့ပြေးချလာတဲ့ခြေသံတွေထွက်လာတယ်။
နောက်တစ်စက္ကန့်မှာတော့ သတ္တုတံခါးကြီးက “ချပ်!” ဆိုတဲ့အသံနဲ့ပွင့်လာတယ်။
ဧည့်သည်လာလုပ်တဲ့ကောင်ငယ်လေးရဲ့မျက်လုံးတွေက လက်သွားတယ်။ မျက်နှာပေါ်မှာတော့ အပြုံးအကြီးကြီးတစ်ခု ပွင့်လာတယ်။
“အာ–” သူက ဘာမှတောင် စကားမစရသေးဘူး၊ တံခါးလာဖွင့်တဲ့လူက သူ့ကိုခုန်အုပ်ပြီး တင်းတင်းကျပ်ကျပ်ဖက်ထားတယ်။
ဧည့်သည်ကောင်လေးရဲ့အပြုံးတွေက ပိုပြီးမြူးထူးတက်ကြွလာတယ်။ သူက သူနဲ့သက်တူရွယ်တူလောက်ရှိတဲ့ လက်မောင်းထဲကကောင်လေးရဲ့ကျောကုန်းကို ပွတ်ပေးတယ်။ စက္ကန့်အတော်အသင့်ကြာမှပဲ လွှတ်ပေးလိုက်ပါတယ်။
“ဟိုင်း ဟိုင်း အားကျန်း၊ ငါ မင်းထက် အရပ်ပိုရှည်မှန်း ငါသိသားပဲ”
***
တူညီတဲ့အချိန်၊ တစ်မြို့တည်းမှာ….
ကြီးမားလှတဲ့ဧည့်ခန်းကျယ်ကြီးတစ်ခုရှိတဲ့ သီးသန့်ဗီလာတစ်ခုအတွင်းမှာတော့ တစ်စုံတစ်ယောက်က ပြတင်းပေါက်တွေကို လိုက်ဖွင့်နေပါတယ်။
နေရောင်ခြည်သဲ့သဲ့က ကြမ်းပြင်ထိတိုင်ကြီးမားတဲ့ပြတင်းပေါက်တွေဆီကနေ အိမ်ထဲကိုဝင်လာပြီး သစ်သားကြမ်းခင်းကိုရိုက်ကာ အလင်းတွေဖြာထွက်နေပေမယ့် မျက်စိကျိန်းလောက်အောင်မဟုတ်ဘဲ နွေးထွေးမှုကိုသာခံစားရပါတယ်။ လေတစ်ဝှေ့က ပြတင်းပေါက်တစ်ဖက်တစ်ချက်မှာချထားတဲ့ လိုက်ကာစရှည်ရှည်တွေကို တလွန့်လွန့်ဖြစ်သွားစေတယ်။ အိမ်အပြင်ဘက်မှာရှိတဲ့ ဘုစပတ်ပင်တွေရဲ့စိမ်းစိမ်းစိုစိုမြင်ကွင်းတွေကို ပြတင်းပေါက်အတွင်းကနေမြင်နေရတာက ဘောင်ခတ်ထားတဲ့ပန်းချီကားတစ်ချပ်လိုလှပတယ်။ ရေကူးကန်ထဲကရေတွေကလည်း နေရောင်အောက်မှာ တလက်လက်ဖြစ်နေတယ်။ လေပြည်တွေရယ်၊ အစိမ်းရောင်ရှုခင်းတွေနဲ့ နေရောင်ခြည်နွေးနွေးရယ် အားလုံးက ပြီးပြည့်စုံပြီး အေးချမ်းလှတဲ့ဘဝရဲ့အရသာကို ဖော်ကျူးတယ်။
ဒါပေမယ့် အခုချိန်မှာ ကြီးမားကျယ်ဝန်းလှတဲ့ဧည့်ခန်းကြီးက ရှုပ်ပွလို့နေတယ်။ ကြမ်းခင်းပေါ်မှာလည်း ခရီးဆောင်သေတ္တာအကြီးအငယ်တွေအများကြီး ပုံထပ်ထားတယ်။
အဖြူရောင်ရှပ်အင်္ကျီနဲ့ ခရင်ကာလာဘောင်းဘီရှည်ဝတ်ဆင်ထားတဲ့ အရပ်ရှည်ရှည်ပိန်သွယ်သွယ်ယောင်္ကျားတစ်ယောက်က အိမ်ထဲမှာ ဟိုဟိုသည်သည်လျှောက်သွားနေတယ်။ သူက ခရီးဆောင်အိတ်ထဲက ပစ္စည်းတွေထုတ်ပြီး အိမ်အနှံ့နေရာလိုက်ချနေတာပါ။
အခန်းထဲမှာ နောက်ထပ် အရပ်ရှည်တဲ့ယောင်္ကျားတစ်ယောက်ရှိသေးတယ်။ သူကတော့ ဆိုဖာခုံပေါ် ပျင်းရိပျင်းတွဲလှဲလျောင်းထိုင်နေရင်း ရှပ်အင်္ကျီအဖြူရောင်ဝတ်ယောင်္ကျား အလုပ်များနေတာကို လိုက်ကြည့်နေတယ်။ သူ့ကိုကြည့်ရတာ တစ်ချက်ကလေးမှ ငြီးငွေ့ပုံမရဘူး။ ဒါပေမယ့်သူက တစ်ချက်တစ်ချက်တော့ နံရံမှာချိတ်ဆွဲထားတဲ့ တီဗွီအပြားကြီးကသတင်းကြေငြာတဲ့ဆီ လှည့်လှည့်ကြည့်သေးတယ်။
“နေပါဦး၊ အာ့ဟုန်ပြန်လာတာကိုစောင့်ပါဦး၊ ဘာတွေလောနေတာလဲ?”
“ပစ္စည်းတွေက ကိုယ့်ဖာသာကိုယ်နေရာချထားမှရမှာ၊ နို့မို့ဆို ဘယ်ပြေးရှာရမှန်းမသိဘဲနေလိမ့်မယ်”
“ဒါဆို ကိုယ်လည်းကူလုပ်ပေးမယ်” သူက ပြောရင်းဆိုရင်း ထရပ်တယ်။
အဖြူရောင်နဲ့လူက ဒီစကားကိုကြားပြီး လုပ်လက်စအလုပ်တွေချက်ချင်းပဲရပ်သွားတယ် “အိုကေ အိုကေ ရှောင်ဟိုင်ပြန်လာတဲ့အထိ စောင့်ကြတာပေါ့”
ရင်အုပ်ကျယ်ကျယ်မြင့်မားတဲ့ ချိုးချန်က သူ့ရည်ရွယ်ချက်အောင်မြင်သွားလို့ ပြုံးပြီး ပြန်ထိုင်လိုက်တယ်။ ပြီးတော့ လက်ကိုဆန့်တန်းရင်း အဖြူရောင်လူသားပိုင်လန်ကိုဆွဲကာ ဘေးနားမှာဝင်ထိုင်စေပါတယ်။ သူက ပိုင်လန်ကို နမ်းလိုက်တယ် “အခု ကိုယ်က မင်းထက်ပိုပြီးဒေါင်ဒေါင်မြည်နေပြီ၊ နားသင့်နေတာက ..မင်း၊ ကိုယ်တောင် မင်းကို အဲ့လောက်ထိ အဖြစ်မသည်းဘူး”
ပိုင်လန်က ချိုးချန်ညာဘက်ခြေထောက်ဆီလက်လှမ်းပြီး နှိပ်ပေးလိုက်တယ်။ ဒါက ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ ကျင့်သားရနေတဲ့အပြုအမူပါ။ “ခင်ဗျားက ကောင်းလာတာမကြာသေးဘူးလေ၊ ပိုပြီးစိတ်ချရအောင် နောက်ထပ်နည်းနည်းလောက် အနားယူရဦးမှာ”
“နှစ်ဝက်က လုံလောက်ပါပြီကွာ” ချိုးချန်က သက်ပြင်းချပြီးမှ ရုတ်တရက် မကောင်းဆိုးဝါးပြုံး ပြုံးလိုက်ပြန်တယ် “ဒါမှမဟုတ် မင်းက ကိုယ် ညဘက်စွမ်းဆောင်ရည်မကောင်းဘူးဆိုပြီး မကျေနပ်နိုင်ဖြစ်နေတာလား? ဒါပေမယ့် မှတ်မိသလောက်ပြောရရင် ကိုယ် မင်းကို အားမစိုက်ခိုင်းပါဘူးနော်” ချိုးချန်က စလည်းစ၊ သူ့ခြေထောက်ပေါ်က ပိုင်လန့်လက်ကိုလည်း ဖမ်းကိုင်လိုက်တယ်။
ပိုင်လန်က စနောက်တဲ့စကားတွေကို ဘာမှပြန်ပြီးမတုန့်ပြန်နိုင်ဘူး။ အဲဒိအစား အိပ်ရာထက်ကအင်္ကျီမကပ်တဲ့ချိုးချန်ရဲ့ကိုယ်ခန္ဓာပေါ်က ကြောက်စရာကောင်းတဲ့အမာရွတ်တွေအကြောင်း၊ ဘယ်လောက်တောင်နာကျင်ခံစားခဲ့ရတဲ့ဒဏ်ရာတွေအကြောင်း၊ သူတို့တွေချစ်တင်းနှောကြတဲ့အခါတိုင်း ဒါတွေကိုပဲ ထပ်တလဲလဲပြန်သတိရနေမိတဲ့အကြောင်းဆီကို စိတ်ကပြန်ရောက်သွားပြန်တယ်။ ပိုင်လန်က ဒီအတွေးတွေနဲ့လွန်ဆွဲခဲ့ရချိန်တိုင်းမှာ သူ့မျက်စိရှေ့ကလူကို တင်းတင်းကျပ်ကျပ်ဖက်ထားရင်း ကျော်ဖြတ်ခဲ့ရတာချည်းပဲ။ အခုတော့သူက ချိုးချန်ရဲ့ခံစားချက်ကို ကိုယ်ချင်းစာမိသွားပြီ၊ သူ့နှလုံးရောဂါအကြောင်းသိရှိခဲ့တဲ့ညက ဆေးရုံကုတင်ပေါ်မှာ ချိုးချန်ဖက်ထားပေးခဲ့တုန်းလည်း တစ်ဘက်သားက ဘယ်လောက်တောင်ခံစားခဲ့ရပါလိမ့်ပေါ့။
ပိုင်လန့်စိတ်ထဲကအတွေးတွေ မျက်ဝန်းကတစ်ဆင့် အရိပ်အယောင်လာဟပ်တဲ့အခါ တစ်ချိန်လုံးလိုက်ကြည့်နေတဲ့ချိုးချန်ကမြင်ပါတယ်။ သူက သက်ပြင်းချတယ်။ ပြီးတော့မှ သူသိတဲ့ တစ်ခုတည်းသောအထိရောက်ဆုံးနည်းလမ်းကို အသုံးပြုလိုက်တယ်။ ဒါက ပိုင်လန့်ပါးစပ်ကို သူ့ပါးစပ်နဲ့ထိကပ်လိုက်ပြီး အတွေးတွေကို ခိုးယူလိုက်တာပဲ။
ပိုင်လန်လည်း မျက်လုံးတွေကိုမှိတ်ရင်း နူးညံ့စွာတုန့်ပြန်တယ်။ ခဏအကြာ သူတို့ရဲ့ခန္ဓာကိုယ်တွေကို အချင်းချင်းထပ်လိုက်တဲ့အခါ သူက ချိုးချန်ရဲ့ညာခြေကို ဖိမိမှာစိုးလို့ ကိုယ်နေဟန်ထားကို နည်းနည်းလေးပုံစံပြောင်းဖို့ကြံတယ်။ ဒါပေမယ့် သူ့လှုပ်ရှားမှုက အရာမရောက်လိုက်ဘူး၊ နည်းနည်းတောင်မရွှေ့ရသေးဘူး၊ ချိုးချန်က တားဆီးလိုက်ရင်း သူ့ကိုယ်ပေါ်မှာပဲ အတင်းအဓ္ဓမ တင်ထားပြီး နေရာမှာမြဲမြဲချုပ်ထားတယ်။ နောက်တော့ စိတ်ပျံ့လွင့်သွားတဲ့ပိုင်လန့်ကို အပြစ်ပေးဖို့ သူ့လျှာကို ပိုင်လန့်လျှာနဲ့ တို့ထိရစ်ပတ်ရင်း စနောက်နေပါတယ်။
ပိုင်လန့်အတွက်တော့ ချိုးချန်ရဲ့အထိအတွေ့မှာသက်ဝင်နာခံလာဖို့ အချိန်အများကြီးမလိုဘူး။
ဒီနေရာမှာ ချိုးချန်အနက်ဖွင့်တဲ့ ပိုင်လန်ရဲ့‘သက်ဝင်နာခံခြင်း’ ဆိုတာက သူ့လက်မောင်းထဲမှာ လိုက်လျောစွာလဲလျောင်းရင်း မြင့်တက်လာတဲ့အာသာဆန္ဒတွေကို မလွန်ဆန်နိုင်မျောပါနေရခြင်းကို ခေါ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ အကျွမ်းတဝင်ရင်းနှီးနွေးထွေးလွန်းလှတဲ့အနမ်းတွေက အတော်လေးကြာတဲ့အထိ ဆက်လက်တည်ရှိနေတုန်းပဲ။ နောက်ဆုံးမှ အသက်ရှုဖို့ နှစ်ဦးသားခွာလိုက်တဲ့အချိန်မှာ ပိုင်လန့်မျက်လုံးထဲ အားငယ်တဲ့အရိပ်အယောင်တွေမရှိတော့ဘူး၊ အဲဒိအစား ရီဝေဝေဖြစ်နေတာပဲရှိတော့တယ်။ အနည်းငယ်ရောင်အန်းနေတဲ့ သူ့နှုတ်ခမ်းတွေကိုကြည့်ပြီး ချိုးချန်ကကျေနပ်နေတယ်။ ချိုးချန်က မနေနိုင်မထိုင်နိုင် အဲဒိနှုတ်ခမ်းတွေကို သုံးလေးခါလောက် ပြေးကိုက်လိုက်သေးတယ်။ ပြီးတော့မှ စိတ်ရှည်ကြင်နာလှတဲ့အသံနဲ့ပြောပါတယ်။
“ဘာမှလျှောက်တွေးမနေနဲ့၊ မင်းအမှားမဟုတ်ဘူး၊ ကိုယ်ကသာ လုံလုံလောက်လောက်မသန်မာလို့ ဖြစ်ရတာ”
***
ဟုတ်ပါတယ်…သူ့စကားတွေက လွန်ခဲ့တဲ့သုံးနှစ် Vနိုင်ငံမှာ ချိုးချန်ကားအက်စီးဒန့်ဖြစ်ပြီး အကြီးအကျယ်ဒဏ်ရာရခဲ့တာကို ရည်ညွှန်းတာပါ။
ကားမှောက်မှုကြောင့် သူက အရေးပေါ်ဌာနမှာ လပေါင်းများစွာနေခဲ့ရတယ်။ သေမင်းနှုတ်ခမ်းဝမှာ ခြေတစ်လှမ်းတင်ထားတဲ့အခြေအနေနဲ့ ဖြစ်ပါတယ်။
မတော်တဆမှုရဲ့နောက်ကွယ်ကအကြောင်းကိုတော့ လအနည်းငယ်အကြာမှာ ရှင်းရှင်းလင်းလင်းဖော်ထုတ်နိုင်ခဲ့တယ်။ လက်သည်တရားခံက ချိုးချန်အဖေချိုးအန်းရှင့်ရဲ့ ဒုတိယမြောက်မိန်းမပါ။
အဲဒိဒုတိယမိန်းမရဲ့သားက ချိုးခိုင်ဖြစ်ပြီး၊ ချိုးခိုင်ကတော့ ချိုးချန်ကို နေရာတကာမယှဉ်နိုင်ဘဲ ချိုးမိသားစုစီးပွားရေးအမွေဆက်ခံသူစာရင်းကနေ ပယ်ဖျောက်ခြင်းခံထားရသူပါ။
ဒါကြောင့် အမေဖြစ်သူက သူ့သားအတွက် ရတတ်မအေးနိုင်ဖြစ်နေခဲ့တယ်။ အထူးသဖြင့် Vနိုင်ငံရေနံရင်းနှီးမြှပ်နှံမှုပရောဂျက်ကို ချိုးချန် အောင်အောင်မြင်မြင်ရရှိခဲ့တဲ့အခါမှာပေါ့။ ဒီအောင်မြင်မှုက နောက်ထပ်ဆယ်စုနှစ်အနည်းငယ်အကြာမှာ ချိုးမိသားစုရဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေနဲ့ ရေနံစိမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို စာမျက်နှာသစ်ဖွင့်လှစ်ပေးနိုင်လာလိမ့်မယ်။ သူတို့အတွက် အလွန်အရေးကြီးတဲ့ ရေသောက်အုတ်မြစ်ဖြစ်လာလိမ့်မယ်။ အဲဒိအချိန်ရောက်လာလို့ ချိုးမိသားစုဆက်ခံသူက ချိုးချန်မဟုတ်ခဲ့ဘူးဆိုရင် ချိုးအန်းရှင့်မှာ ပါးစပ်ဆယ်ပေါက်ရှိရင်တောင် သူ့မိသားစုအကြီးအကဲတွေကို ဖြေရှင်းစရာစကားတစ်ခွန်း ရှိမှာမဟုတ်တော့ဘူး။
ပြောရမယ်ဆိုရင် ချိုးမိသားစုက မျိုးရိုးအစဉ်အဆက် မိသားစုအုပ်ချုပ်တဲ့စီးပွားရေးပုံစံပါ။ မာဖီးယားတွေ ဂိုဏ်းတွေလိုမျိုး ဆုံးဖြတ်ခွင့်အာဏာက ခေါင်းဆောင်တစ်ယောက်အပေါ်မှာပဲမူတည်တယ်။ တောင်တစ်လုံးမှာ ကျားနှစ်ကောင်မနေဘူးဆိုတဲ့ စကားပုံလိုပဲ သူတို့မိသားစုမှာ ခေါင်းဆောင်နှစ်ယောက် ရှိကိုမရှိနိုင်ဘူး။ ဒါကြောင့် ခေါင်းဆောင်ကိုရွေးချယ်တဲ့နေရာမှာ တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ ရွေးချယ်ကြပြီးတော့ ဆုံးဖြတ်ချက်ချပြီးသွားရင်လည်း အာဏာကိုအကုန်အစင်လွှဲအပ်လိုက်ပြီး ဘွာတေးခတ်တာမျိုး လုပ်လို့မရတော့ပါဘူး။
ချိုးအန်းရှင့်ရဲ့ထူးထူးဆန်းဆန်းအပြုအမူတွေက ဒီမိသားစုအစဉ်အလာကြောင့် ဖြစ်လာတယ်ဆိုလည်းမမှားဘူး။ သူ မိန်းမတွေအများကြီးယူ သားတွေအများကြီးမွေးရတဲ့အကြောင်းက ရွေးချယ်စရာများများရအောင် ပါတဲ့လေ။ အများကြီးမွေးထားမှ သင့်တော်သူတစ်ယောက် သေချာပေါက်ပါမှာပေါ့။ ဒါမှလည်း ဒီအဆီရွှဲရွှဲအသားတုံးကြီးက သူ့ဝမ်းကွဲညီအစ်ကိုမောင်နှမကလေးတွေလက်ထဲ မရောက်သွားမှာဖြစ်ပါတယ်။
သားဖြစ်သူမိသားစုခေါင်းဆောင်ဖြစ်ရေး အချိန်အကြာကြီးအစီစဉ်ဆွဲလာခဲ့ရတဲ့ ချိုးအန်းရှင့်ဒုတိယမိန်းမက V နိုင်ငံစာချုပ်အောင်မြင်တာလဲမြင်ရော နောက်ထပ်အချိန်မဆွဲနိုင်တော့ဘဲ လက်ဦးမှုယူဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါက အရင် ချိုးရှောင်ဟိုင်ကို ရက်ရက်စက်စက်ပစ်မှတ်ထားတုန်းကလိုမျိုးပဲ။ သူမက ချိုးမိသားစု Vနိုင်ငံမှာအခြေမကျခင်၊ စာချုပ်အဆင့်ဆင့်ဖြတ်သန်းနေရချိန်မှာ ချိုးချန်ကိုသတ်ဖို့ လုပ်ကြံသတ်ဖြတ်ရေးသမားတွေငှားခဲ့ပါတယ်။
ဒါပေမယ့် ချိုးချန်ကတော့ ကားအက်စီးဒန့်အတွင်းမှာ မသေနိုင်ခဲ့ဘူး။ ဖြစ်နိုင်တာက သေမင်းက သူ့ကိုမခေါ်ချင်သေးလို့ပဲ ဆိုရမယ်။
ဒါပေမယ့်လည်း ICU ထဲ အသည်းအသန်အသက်လုနေရတဲ့အချိန်ကာလတွေကတော့ စိတ်ကူးမဟုတ်ဘဲ တကယ်လက်တွေ့ဖြစ်ရပ်မှန်တွေဖြစ်ခဲ့တယ်။ စနောက်ပြီးတောင် ပြန်မပြောချင်တဲ့ကာလအပိုင်းအခြားတွေဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ပိုင်လန်က သူ့သရုပ်ဆောင်အလုပ်တွေအားလုံးကို လက်လျှော့ထားပစ်ခဲ့ရတယ်။ Vနိုင်ငံကို ချိုးရှောင်ဟိုင်နဲ့အတူရောက်လာခဲ့တဲ့ညကစပြီး ချိုးချန်အနားက တစ်ဖဝါးမှမခွာဘဲ ပြုစုစောင့်ရှောက်ခဲ့တယ်။ အဲဒိအချိန်မှာ ‘ရှုပ်ထွေးနေသောလမ်းမများက’ ပရိုမိုးရှင်းဆင်းနေပြီဆိုပေမယ့်လည်း ပိုင်လန်ကတော့ နှုတ်ထွက်ဖို့ပဲတတ်နိုင်တော့တယ်။ ရက်အနည်းငယ်ကြာတိုင်း အရေးပေါ်ခွဲစိတ်ခန်းထဲ ဝင်လိုက်ထွက်လိုက်လုပ်နေရတဲ့ချိုးချန်နဲ့အတူ ပိုင်လန့်နှလုံးသားဟာလည်း တုန်လှုပ်ခြောက်ခြားမှုတွေနဲ့ တစ်စစီပျက်သုန်းလို့လာနေတယ်။ နောက်ပြီး သူ့ဘေးနားမှာ စောင့်ရှောက်စရာ ချိုးရှောင်ဟိုင်လည်းရှိသေးတယ်။ ကောင်ငယ်လေးက ညစဉ်ညတိုင်း မျက်လုံးတွေဖူးရောင်လာတဲ့အထိငိုတယ်။ အဲဒိကာလတွေမှာ ပိုင်လန်အတွက်တော့ တစ်ခြားကိစ္စတွေခေါင်းထဲထည့်ဖို့အချိန် ရှိကိုမရှိခဲ့တာပါ။
ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ အခက်ခဲဆုံးအချိန်တွေက လပေါင်းအတော်ကြာခဲ့သေးတယ်။ နောက်ဆုံး ချိုးချန်ရဲ့အခြေအနေတွေ တည်ငြိမ်သွားမှပဲ ပိုင်လန်က သက်ပြင်းသက်မချနိုင်တာ။ ဒါပေမယ့် နောက်ဆက်တွဲသတင်းအနေနဲ့ ချိုးချန်က သူ့ရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး ဝှီးချဲပေါ်မှာပဲ ကုန်ဆုံးရနိုင်တယ်လို့ ဆရာဝန်တွေကမှတ်ချက်ပြုခဲ့တယ်။
ဒီသတင်း သူတို့ဆီရောက်လာတဲ့အချိန်မှာ လက်ခံနိုင်ဖို့အခက်ခဲဆုံးလူသားက လူမမာချိုးချန်ကိုယ်တိုင်မဟုတ်ဘဲ ပိုင်လန်ဖြစ်နေခဲ့တယ်။ အကြောင်းအရင်းကတော့ သူ့အရင်ဘဝမှာ ချိုးချန်ဆိုတာက အက်စီးဒန့်ဝေးစွ အနည်းဆုံးနောက်ဆယ်နှစ်အထိတော့ ထိခိုက်ဒဏ်ရာပါမွှားလေးတောင်မရဘဲ ကျန်းမာချမ်းသာစွာနေခဲ့ရတာမို့ပဲ။ ဒါပေမယ့် ဒီဘဝမှာ သူက သူများနိုင်ငံထဲ ဒီလိုအဖြစ်မျိုးကြုံရတယ်။
တစ်ခုသောနေ့ရဲ့နေ့လည်ခင်းမှာ ချိုးချန်တစ်ယောက် ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးပရိုဂရမ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ခြေထောက်လေ့ကျင့်ခန်းလုပ်နေတုန်းမှာ ချော်လဲကျသွားခဲ့တယ်။ စိတ်မရှည်လက်မရှည်ဖြစ်နေတဲ့ချိုးချန်က ကိုယ့်ကိုကိုယ်အသုံးမကျရကောင်းလားဆိုပြီး ဒေါသတကြီးဖြစ်နေပြီ။ သူက စိတ်ဆိုးမာန်ဆိုးနဲ့ ဂျိုင်းထောက်ကို အတင်းအကျပ်ဆုပ်ကိုင်ထားခဲ့တယ်။ ဒီဖြစ်စဉ်ကို အနားကိုရောက်လာတဲ့ပိုင်လန်က တွေ့ပါတယ်။ ပိုင်လန်က အဲဒိလိုပုံစံနဲ့ချိုးချန်ကိုမြင်ပြီး ရုတ်တရက်ဆိုသလိုပဲ သူ့အနား ကပ်သွားသင့်ရဲ့လားဆိုတဲ့အတွေးတွေ ခေါင်းထဲဝင်လာတယ်။
သူသာ ချိုးချန်ဘဝထဲဝင်မလာခဲ့ရင် စုချွမ်ကိုလက်စားချေတဲ့ကိစ္စလည်းရှိမှာမဟုတ်ဘူး။ စုချွမ်မရှိရင် ဟုန်ယွိလည်း သူတို့ကိုကူညီမှာမဟုတ်ဘူး။ ဟုန်ယွိမကူညီရင် ချိုးချန်လည်း Vနိုင်ငံကိုလာဖို့အခွင့်အရေးရှိမှာမဟုတ်ဘူး။ ဒါဆိုရင် သက်ဆိုင်သူတွေလည်း မျက်ရည်ပင်လယ်ဝေရမှာမဟုတ်ဘူး…..
ဒီဆင့်ကဲဖြစ်ရပ်တွေအားလုံးက သူ့ပြန်လည်မွေးဖွားခြင်းရဲ့နောက်ဆက်တွဲ လိပ်ပြာအကျိုးဆက်တွေလား…။ နောက်ပြီးတော့လည်း သူက ချိုးခိုင်ရဲ့အကြံအစည်တွေကို ရိပ်မိသလိုရှိပါရက်နဲ့ ချိုးချန်ကိုဂရုတစိုက်သတိပေးတာမျိုး မလုပ်ခဲ့ဘူး။ ဒီလိုမျိုး အပြစ်ရှိသလိုခံစားချက်တွေရော၊ မှီတွယ်ရာမဲ့စိတ်အခြေအနေတွေရောက ပိုင်လန့်ကို နေရာမှာတောင့်ခဲနေစေပြီး သူ့မျက်စိရှေ့က ကြိုးစားရုန်းကန်နေရတဲ့ချိုးချန်ကို စိုက်ကြည့်နေစေမိတယ်။ သူ့နှလုံးသားထဲတဖြည်းဖြည်းအမြစ်တွယ်လာတဲ့ သောကအစိုင်အခဲတွေ ကြီးထွားလာနဲ့အမျှ ပိုင်လန်က စိတ္တဇဝေဒနာကိုပါ ခံစားရတော့တယ်။
ဒါကြောင့် အိပ်ပျက်ရတဲ့ညတွေ တစ်ဖြည်းဖြည်းနဲ့ပိုပိုများလာပြီး သူ့မျက်လုံးအောက်ကမျက်ကွင်းညိုညိုတွေလည်း ပျောက်တယ်လို့ကို မရှိတော့ဘူး။
တစ်ညမှာ ဆေးရုံခန်းထဲလူနာစောင့်ကုတင်ပေါ်မှာအိပ်နေတဲ့ပိုင်လန်က အိပ်မက်မက်နေခဲ့တယ်။ သူ့အိပ်မက်ထဲမှာက အရင်ဘဝရဲ့ချိုးချန်.. အိပ်မက်ထဲကချိုးချန်က လေလိုလျင်မြန်လွန်းလှတဲ့ခြေလှမ်းကျဲကြီးတွေကို ပိုင်ဆိုင်တယ်။
အဲဒိညမှာပိုင်လန်က သူ မသေခင်ကအဖြစ်အပျက်တွေအကြောင်းကို နောက်တစ်ကြိမ်အိပ်မက်မက်ပြန်တယ်။ အဲဒါက မြင်ကွင်းတစ်ခုပဲ.. သူက ချိုးချန်ကိုစွပ်စွဲအပြစ်တင်နေပြီး ချိုးချန်ကလည်း သူ့ကို အပြုံးတစ်ခုနဲ့လှောင်နေခဲ့တဲ့မြင်ကွင်းပဲ။ အိပ်မက်ထဲမှာ ပိုင်လန်က ရုတ်တရက်ကြီးငိုချင်လာခဲ့တယ်။ ဒါက သူ မသေခင် မျှော်လင့်ချက်အားလုံးပျက်စီးဆုံးရှုံးခဲ့ရလို့လား ဒါမှမဟုတ် ဒီဘဝက ပြောမထွက်ဝံ့တဲ့အပြစ်တင်စိတ်တွေကြောင့်လား သူ မသိဘူး။ သူက အိမ်မက်ထဲမှာငိုဖို့ပဲ တတ်နိုင်ခဲ့တယ်။
အဲဒိအချိန်မှာ ခပ်ကြမ်းကြမ်းဖိလှုပ်နေတဲ့လက်တစ်စုံကြောင့် ပိုင်လန်က နိုးသွားခဲ့တယ်။
သူက သူ့ကိုယ်ပေါ်မှာတစ်ဝက်တစ်ပျက်ရောက်နေတဲ့ချိုးချန်ကို မြင်တယ်။ ချိုးချန်က သူ့ကို လှုပ်နှိုးရင်း အော်ပြောနေပါတယ် “ဟေ့.. ထတော့လေ၊ ဘာလို့ငိုနေတာတုန်း!?”
အိပ်မက်ကလန့်နိုးလာတဲ့ပိုင်လန်က သူ့ရှေ့ကချိုးချန်ကို အိပ်မက်ထဲကချိုးချန်နဲ့ ရောထွေးနေတုန်းပဲ။ ပါးပြင်ထက်မျက်ရည်တွေတောက်လျှောက်ကျနေရင်း မျက်စိရှေ့ပေါ်လာတဲ့ချိုးချန်ရင်ခွင်ထဲကို ပြေးဝင်လိုက်ချင်တယ်။ ဒါပေမယ့် လှုပ်မယ်ကြံရုံရှိသေးတယ်၊ ချက်ချင်းပဲ ချိုးချန်ရဲ့ပုံမှန်မဟုတ်တဲ့အနေအထားကို ခံစားမိသွားပါတယ်။ အက်စီးဒန့်ဖြစ်လို့ ချိုးချန်ရဲ့ကိုယ်ခန္ဓာအောက်ပိုင်း အားပြုမရဖြစ်နေတဲ့အကြောင်း သတိရသွားခဲ့တယ်။
ပိုင်လန်က အမှောင်ထဲမှာလှည့်ပတ်ကြည့်ပြီး အဝေးမှာကျနေတဲ့ဂျိုင်းထောက်ကိုမြင်တယ်။ ချိုးချန်ဒဏ်ရာရပြီးကတည်းက သူ့ကိုပြုစုစောင့်ရှောက်ဖို့ ပိုင်လန်က လူနာကုတင်ဘေးက တစ်ယောက်အိပ်ကုတင်လေးပေါ်မှာပဲ အမြဲအိပ်ခဲ့တာ။
ဒါပေမယ့် အခုတော့ ဒီလူနာက သူ့ဘေးနားရောက်လာတယ်။ .. သူက ဂျိုင်းထောက်ကိုလွှင့်ပစ်ခဲ့ပြီး သူ့ဆီကိုတွားသွားလာခဲ့တာလား?.....
ဒီခန့်မှန်းချက်က ပိုင်လန့်ကို တစ်စက္ကန့်လောက်အသက်ရှုရပ်သွားစေခဲ့တယ်။
ဒါပေမယ့် ချိုးချန်ကတော့ ပိုလို့တောင် ခက်ခက်ခဲခဲအသက်ရှုနေရတယ်။ သူ့ပုံစံက ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းလုပ်ပြီးတိုင်း ဖြစ်တတ်တဲ့ပုံစံမျိုးပဲ။
“အိပ်မက်ဆိုးတွေ မက်နေတာလား? ကြည့်ရတာ အခုတလော ကောင်းကောင်းအိပ်မပျော်ဘူးနဲ့တူတယ်”
“ခင်ဗျား….” မျက်ရည်တွေက ပိုင်လန့်မျက်လုံးထဲကနေ လျှံထွက်လာတယ်။ သူက ဘာပြန်ပြောရမယ်မှန်းတောင် မသိတော့ဘူး။
“ဟိုဘက်နည်းနည်းတိုး၊ တူတူအိပ်ရအောင်” ချိုးချန်က မျက်မှောင်ကျုံ့ပြီး ပိုင်လန့်ကိုတွန်းလိုက်တယ်။ ပြီးတော့မှ ခြေထောက်ကိုခက်ခက်ခဲခဲမြှောက်ပြီး ကုတင်ပေါ်တင်ရတယ် “မင်းအိပ်နေတုန်း ဒီခြေထောက်ကိုဖိမိသွားရင် ဆက်သာဖိချလိုက်၊ လှုပ်ရှားလို့တောင်မရတာ ဘာမှနုနုရွရွလုပ်နေစရာမလိုဘူး”
ရုတ်တရက်ပဲ ပိုင်လန်က အရာအားလုံးဝန်ခံချင်စိတ်တွေဖြစ်လာတယ်။
သူ့ရဲ့ချိုးချန်က အိပ်မက်ဆိုးတွေမက်နေတဲ့သူ့ကိုစိုးရိမ်လွန်းလို့ နှိုးဖို့သက်သက်နဲ့ ဒီနေရာထိအောင် တွားသွားလာခဲ့ရတယ်လေ။
အဲဒိညမှာတော့ ပိုင်လန်က သူ့အရင်ဘဝရဲ့အဖြစ်အပျက်အားလုံးကို ပြောပြခဲ့ပါတယ်။
………………………