(50) သုံးနှစ်အတွင်းမှာ
ရှည်လျားလွန်းလှတဲ့ပုံပြင်တစ်ပုဒ်ပြီးဆုံးချိန်မှာ ချိုးချန်ရဲ့ညဝတ်အင်္ကျီကော်လာတစ်ခုလုံး ပိုင်လန့်မျက်ရည်တွေ ရွှဲနစ်သွားခဲ့တယ်။
ပိုင်လန်က ဖွင့်ပြောလိုက်ရတဲ့အတွက် သူ့နှလုံးသားထဲဖိစီးနေခဲ့တဲ့အစိုင်အခဲကြီး တဖြည်းဖြည်းပြောလျှော့သွားခဲ့ပြီး မျက်ရည်တွေလည်း အတောမသတ်နိုင်ကျဆင်းနေခဲ့တယ်။
နောက်ဆုံးပြောလို့အပြီး ငိုရလွန်းလို့ပင်ပန်းသွားချိန်ကျမှ အသိတစ်ခုက ခေါင်းထဲပြန်ဝင်လာတယ်။
“ခင်ဗျားမယုံလည်းရတယ်နော်၊ ဘာမှမဖြစ်ဘူး” ပိုင်လန်က ချိုးချန်ရင်ခွင်ထဲ ခေါင်းစိုက်ထားပြီး အသံက ငိုထားလို့ထူအန်းနေတုန်းပဲ “ကျွန်တော်က ခင်ဗျားကိုပြောပြချင်ခဲ့တာပါ၊ အစောကြီးကတည်းက ပြောပြခဲ့ရမှာ…”
ဒီအချိန်မှာ ချိုးချန်က ပိုင်လန့်လက်တွေကိုပဲဆုပ်ကိုင်ထားတယ်။ အချိန်တော်တော်ကြာတဲ့အထိ ဘာမှမပြောသေးဘူး။
အမှောင်ထဲ မိနစ်အနည်းငယ်လောက်ကြာသွားပြီးနောက်မှာတော့ ငိုသံတွေရပ်သွားပြီး ပိုင်လန်ရဲ့အသက်ရှုသံပြင်းပြင်းကိုပဲ ကြားရတော့တယ်။ ပိုင်လန်လည်း နောက်ထပ်ဘာမှဆက်မပြောတော့ဘူး၊ ခံစားချက်တွေငြိမ်ကျသွားလို့ သက်ပြင်းချသံသဲ့သဲ့ပဲ ကျန်တော့တယ်။ သူက ချိုးချန်ရင်ခွင်ထဲက ရုန်းထွက်လိုက်ချင်တယ်၊ ဒါပေမယ့် လှုပ်ရုံပဲရှိသေးတယ် တစ်ချိန်လုံးဖက်ထားပေးခဲ့တဲ့ချိုးချန်က သူ့လက်တွေကိုပိုတင်းကျပ်လိုက်ပါတယ်။ သူက ပိုင်လန့်ကို သူ့ရင်ခွင်ထဲရောက်အောင်ပြန်ဆွဲယူပြီး အတင်းအကျပ်ဖက်ထားတယ်။
ပိုင်လန့်နားနဲ့အပ်ထားတဲ့ နွေးထွေးတဲ့ရင်ခွင်က တုန်ခါမှုတစ်ခုဖြတ်စီးလာတယ်။
“ကိုယ် မင်းကိုယုံပါတယ်”
ပိုင်လန်က တောင့်ခဲသွားပြီး ဆက်ပြောလာမယ့်စကားတွေကိုစောင့်နေတယ်။
“ဒါပေမယ့် ကိုယ်တို့တွေက အရင်ဘဝကလို ထပ်တူညီပြန်ဖြစ်မှာမှမဟုတ်တာ… အထူးသဖြင့် ကိုယ် မင်းကိုဆောင်းပေးတဲ့ အနက်ရောင်ထီး၊ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး..”
ဒီစကားကိုကြားပြီး ပိုင်လန့်မျက်ရည်တွေ နောက်တစ်ကြိမ်စီးကျလာပြန်တယ်။ သူက မျက်လုံးကိုပိတ်ရင်း ချိုးချန်ရင်ခွင်ထဲပိုပိုနစ်ဝင်အောင် ခေါင်းကိုဖွက်လိုက်တယ်။
“အင်း”
“အဲဒါကြောင့် ကိုယ်က သေချာပေါက်ကောင်းကိုကောင်းလာမှာ၊ မင်းရော ပြီးတော့ ရှောင်ဟိုင်ရော” တောင့်တင်းသန်မာတဲ့လက်တစ်စုံက ပိုင်လန့်ကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး ကတိပေးသလိုပြောပါတယ် “ဒီဘဝမှာ ကိုယ်တို့တွေ ခွဲခွာရလို့ တစ်ယောက်ကိုတစ်ယောက်လွမ်းဆွေးနေရမယ်ဆိုတာ လုံးဝရှိမှာမဟုတ်ဘူး”
“….. အင်း” ပိုင်လန်က နောက်တစ်ကြိမ်သဘောတူပြန်တယ်။ ချိုးချန် ဒီလိုမျိုး ကဗျာဆန်ဆန်ပြောတတ်မှန်း သူ မသိခဲ့ဘူး။
“ခန်းကျန့်ဆိုတဲ့ကောင်ကိုတော့…. လမ်းဘေးရောက်သွားတဲ့အထိ ကိုယ့်တာဝန်ထားလိုက်၊ မင်း မျက်ရည် နောက်ထပ် ထပ်ကျစရာမလိုအောင် လက်စတုံးပေးမယ်”
မျက်ရည်တွေပြည့်နေတဲ့ပိုင်လန်က ထရယ်တယ်။
သူက မျက်ရည်တွေခြောက်သွားအောင် ချိုးချန်ညဝတ်အင်္ကျီနဲ့ပွတ်သုတ်လိုက်ပြီး ခေါင်းကိုမော့ကြည့်တယ်။ ငိုထားလို့ နီရဲယောင်ကိုင်းနေတဲ့မျက်လုံးတွေနဲ့ ချိုးချန်ကိုကြည့်ပါတယ်။
“… ကျွန်တော် ခင်ဗျားကိုချစ်တယ်”
ပိုင်လန့်ကိုဖက်ထားတဲ့လက်မောင်းတစ်စုံက ပိုလို့တောင်တင်းကျပ်သွားပါတယ်။
“ကိုယ်လည်းချစ်ပါတယ် ယုန်ဖြူလေးရယ်”
***
အဲဒိနေ့ကစပြီး ချိုးချန်က လေ့ကျင့်ခန်းလုပ်တဲ့အချိန်တွေမှာ စိတ်မရှည်တာမျိုး၊ ဒေါသထွက်တာမျိုးတွေ လုံးဝမလုပ်တော့ဘူး။ ဆရာဝန်စကားကို ကောင်းကောင်းနားထောင်ပြီး နည်းမှန်လမ်းမှန်နဲ့ တစ်ဆင့်ပြီးတစ်ဆင့်ပဲသွားတော့တယ်။
သူက စိတ်ဓါတ်ကြံ့ခိုင်ပြီး အကောင်းကိုပဲလှည့်တွေးကာ အပြည့်အဝပူးပေါင်းဆောင်ရွက်တယ်။ ဆွဲကိုင်စရာမျှော်လင့်ချက်လေးတစ်မျှင်ရှိနေသ၍ ပိုင်လန့်ကိုစိတ်ပျက်အောင်လုပ်လို့ မဖြစ်ပါဘူး။
နောက်ပိုင်း နာလံထစပြုလာတဲ့အခါ ချိုးချန်က D နိုင်ငံကို ပြောင်းနေတယ်။ D နိုင်ငံက ပြန်လည်ထူထောင်ကုသရေးနယ်ပယ်မှာ အကောင်းဆုံးဖြစ်တာကြောင့် အဲဒိနေရာမှာ ခေတ်အမှီဆုံးနဲ့အကျယ်ပြန့်ဆုံး ကုသမှုတွေကိုခံယူနိုင်တယ်။ ပိုင်လန်နဲ့ချိုးရှောင်ဟိုင်လည်း သူ့နောက်ကိုလိုက်ပြီး တစ်လျှောက်လုံးအဖော်ပြုပေးခဲ့ကြတယ်။ အံ့သြဖွယ်ကောင်းစွာပဲ နှစ်နှစ်ကြာပြီးနောက်မှာတော့ ချိုးချန်က သာမန်လူတစ်ယောက်လို လမ်းလျှောက်နိုင်စွမ်းတွေပြန်ရလာတယ်။ အားကစားလှုပ်ရှားမှုတွေမှာတောင် သာမန်လူထက် နည်းနည်းလေးပဲ နှေးတော့တယ်။
ဒီအတောတွင်းမှာ ချိုးချန်က သူ့မတော်တဆမှုရဲ့နောက်ကွယ်ကလက်သည်တရားခံကို ကိုင်တွယ်ဖို့လည်း မနှောင့်နှေးခဲ့ပါဘူး။
ချိုးအန်းရှင့်ရဲ့ဒုတိယမိန်းမကျီယိ။
ချိုးချန်အသည်းအသန်ဖြစ်နေစဉ်ကာလတွေမှာ ချိုးမိသားစုတွင်းသူ့ရပ်တည်မှုနဲ့အာဏာက သံသယတွေနဲ့တိမ်ဖုံးလို့ မှေးမှိန်လာတယ်။ ဒါပေမယ့် နောက်ပိုင်းသိရှိသွားကြတာက ချိုးချန်က သူ့စီးပွားရေးတွေကို အလွန်တရာလုံခြုံအောင်ကာကွယ်ထားပြီး အခြားသူတွေက လက်ဝါးကြီးအုပ်ဖို့မပြောနဲ့ မျက်လုံးစွေကြည့်လို့တောင်မရနိုင်ဘူး။ အကြောင်းရင်းကတော့ ချိုးချန်က သူချုပ်ခဲ့တဲ့စာချုပ်တွေတိုင်းမှာ အောက်ပါအချက်ကို ထည့်သွင်းခဲ့လို့ဖြစ်ပါတယ်….. စာချုပ်ချုပ်ဆိုရာတွင်ပါဝင်သော ပါတီဝင်များအပြောင်းအလဲဖြစ်ပါက တစ်ဖက်ပါတီမှ ဤသဘောတူညီချက်အား ဖျက်သိမ်းခွင့်ရှိသည်….
ချိုးချန်ကြိုးစားခဲ့တဲ့လုပ်ငန်းတွေအားလုံးက သူမရှိတော့တာနဲ့ ပျောက်ကွယ်သွားလိမ့်မယ်လို့ ဒီအချက်ကဖော်ပြနေတယ်။
ဒီအကွက်က ချိုးချန်ရဲ့သူ့ကိုယ်သူ ဆရာစားချန်ထားတဲ့အကွက်ပါ။ ပြောရရင်လည်း သူအရွယ်ရောက်လာမှ ချိုးအန်းရှင့်က အသိအမှတ်ပြုပြီးအိမ်ပြန်ခေါ်လာတာကြောင့် ချိုးမိသားစုအပေါ်မှာလည်း သံယောဇဉ်များများစားစားမရှိဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ချိုးမိသားစုအပေါ်မှာထားရှိတဲ့ ချိုးချန်ရဲ့သစ္စာရှိမှုကို မေးခွန်းထုတ်လာကြလိမ့်မယ်။ ဒါပေမယ့်လည်း တစ်ဖက်ကလုပ်ငန်းပါတနာတွေ လျောလျောရှူရှူလက်မှတ်ရေးထိုးကြတာလည်း ချိုးချန်ရဲ့ကိုယ်ပိုင်လုပ်ရည်ကိုင်ရည်ကြောင့်ဆိုတာ ဒီအချက်ကပဲဖော်ပြနေတယ်။ သူတို့က ချိုးချန်ဆိုတဲ့လူကိုသာ ယုံကြည်ကြလို့ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် မင်းမှာပိုက်ဆံဘယ်လောက်ရှိလဲဆိုတဲ့အချက်အပေါ်မှာ မမူတည်ပါဘူး၊ အဓိကဆုံးဖြတ်ချက်ပေးနိုင်တဲ့ဦးနှောက်စွမ်းရည်အပေါ်မှာသာ မူတည်ပါတယ်။ ဒီသဘောတရားကို စီးပွားရေးနယ်ပယ်ထဲကလူတွေအားလုံး ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ကြတယ်။
ဒါကြောင့် ချိုးချန် ICU ထဲကထွက်ပြီး ပြန်လည်ထူထောင်ရေးလုပ်တဲ့အချိန်မှာ သူယုံကြည်ရတဲ့လက်အောက်ငယ်သားအနည်းငယ်အကူအညီနဲ့ အက်စီးဒန့်မဖြစ်ခင်က လုပ်ပိုင်ခွင့်အာဏာတွေကို အများကြီးမကြိုးစားလိုက်ရဘဲ ခပ်လွယ်လွယ်ပဲ ပြန်ရခဲ့တယ်။
အက်စီးဒန့်နောက်ကွယ်ကလူတွေ.. ဘယ်သူကခိုင်းစေလဲ၊ ဘယ်သူကအကွက်ချလဲ ဆိုတာတွေအားလုံးကိုလည်း ချိုးချန်က စုံစမ်းဖော်ထုတ်တယ်။ သက်သေတွေအကုန်လုံးကလည်း ကျီယိကိုဖော်ပြနေကြတယ်။ ဒါပေမယ့် ကျီယိတစ်ယောက်တည်းကိုရှင်းထုတ်လိုက်ရုံနဲ့ လုံလောက်နေတာလည်း မဟုတ်ပြန်ဘူး။ ချိုးချန်က ဒီကိစ္စကြီးကိုအချိန်ဆွဲပြီး စိတ်တထင့်ထင့် မဖြစ်လိုတော့ပါဘူး။
ဒါကြောင့် ကျီယိကိုကိုင်တွယ်တဲ့ တစ်ချိန်တည်းမှာပဲ ချိုးချန်က သူ့ညီအစ်ကိုတွေ နှစ်ပေါင်းများစွာကုမ်ပဏီတွင်းခြစားခဲ့တဲ့ နောက်ကြောင်းတွေကို သက်သေနဲ့တကွဖော်ထုတ်လိုက်တယ်။ အက်စီးဒန့်ကိုကြိုးကိုင်တာ ကျီယိတစ်ယောက်တည်းမှန်းသိပေမယ့် ချိုးချန်ကတော့ ချိုးခိုင်နဲ့အခြားညီအစ်ကိုအတော်များများကိုလည်း ဒီကိစ္စထဲတစ်ခါတည်းဆွဲသွင်းခဲ့တယ်။ သူက သူတို့အားလုံးကို လူသတ်ရန်ကြိုးစားအားထုတ်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆွဲသွင်းပြီး တာဝန်ယူခိုင်းခဲ့တယ်။
သူ့နည်းလမ်းက အကြင်နာမဲ့ရက်စက်ပြီး အတော်လေးလည်းပြောင်မြောက်တယ်။ အဲဒိ “သက်သေ” ဆိုတဲ့အရာတွေပေါ်ပေါက်သွားချိန်မှာ ကျီယိ၊ချိုးခိုင်နဲ့အခြားသူတွေက ချိုးမိသားစုမှာ ဖြတ်ထုတ်ပစ်မှရမယ့် ကင်ဆာမြစ်ပွားနာတွေလို ဖြစ်သွားခဲ့ကြတယ်။ သူတို့လောဘတွေက အော့နှလုံးနာစရာကောင်းလှပြီး သစ္စာမရှိသလို ကျေးဇူးလည်းမသိတတ်ကြဘူးလို့ လူတွေကပြောကြတယ်။
ဟုတ်တာပေါ့… ဒီ“သက်သေအချက်အလက်”တွေကို အဖြစ်မှန်ထက်ဖောင်းပွအောင် ခဲျ့ကားထားမှန်း အားလုံးကသိပါတယ်။ ဒါပေမယ့် အတော်လေးပြီးပြည့်စုံအောင်လုပ်ထားလို့ ချို့ယွင်းချက်ကိုရှာမရဘူး။ ချိုးချန်က သူတို့အားလုံးကို နောက်ပြန်လှည့်မရအောင် ထွက်ပေါက်အကုန်လုံးပိတ်ပစ်ခဲ့ပြီး ပြန်လမ်းမရှိတဲ့အမှောင်ကမ္ဘာကိုတွန်းပို့ခဲ့တယ်။ မိသားစုမှာ အချိန်အကြာကြီးအသက်ရှင်ခဲ့ကြပြီး မျိုးစုံကြုံတွေ့ဖူးခဲ့တဲ့ အကြီးအကဲအချို့ကတောင် ဒီအရေးအခင်းမှာ သက်ပြင်းချပြီးအံ့သြရုံပဲတတ်နိုင်တော့တယ်။
လအနည်းကြာတဲ့ ဒီ“ရှင်းလင်းသုတ်သင်ရေး” အပြီးမှာ ချိုးအန်းရှင့်တောင် ရှိရင်းစွဲအသက်ထက် အတော်လေးအိုစာပုံပေါက်သွားတယ်။ စီးပွားရေးလုပ်ငန်းတွေထဲမှာ သူ့သားတွေလုပ်ခဲ့တဲ့ညစ်ပတ်တဲ့လုပ်ရပ်တွေက အဖေဖြစ်တဲ့သူ့အပေါ်လည်း ဆိုးဆိုးရွားရွားသက်ရောက်စေခဲ့တာကိုး။ အဲဒိအချိန်မှာ V နိုင်ငံရဲ့ရေနံလုပ်ငန်းကနေ အကျိုးအမြတ်စတင်ရရှိနေပြီး ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းအသစ်ကနေလည်း အမှာစာအသစ်တွေလက်ခံရရှိနေတယ်။ ဒါကြောင့် ဒီအောင်မြင်မှုတွေအားလုံးရဲ့တာဝန်ရှိသူချိုးချန်ကို မိသားစုဆက်ခံသူအဖြစ်လွှဲပြောင်းပေးဖို့ မိသားစုအကြီးအကဲတော်တော်များများရဲ့ဖိအားပေးမှုကြောင့် ချိုးအန်းရှင့်က နောက်ဆုံးမှာဆုံးဖြတ်ခဲ့ရတယ်။ သူက လုပ်ပိုင်ခွင့်အာဏာအားလုံးကို သုံးနှစ်အတွင်းမှာအပြီးသတ်လွှဲပြောင်းပေးမယ်လို့ ကြေငြာခဲ့ပါတယ်။
ဒီကြေငြာချက်ထွက်လာတဲ့အချိန်မှာ ချိုးချန်ကိုယ်တိုင်က မတ်မတ်တောင်မရပ်နိုင်သေးဘဲ ဝှီးချဲပေါ်ထိုင်နေရတုန်းပဲရှိပါသေးတယ်။
ဒါပေမယ့် မိသားစုတွင်းမှာတော့ အာဏာအပြည့်အဝထိန်းချုပ်ခွင့်ရရှိခဲ့ပြီးဖြစ်ပါတယ်။
***
ပိုင်လန်ရဲ့ရင်းနှီးမြှပ်နှံမှုတွေလည်း ဒီသုံးနှစ်အတွင်းမှာ အသီးအပွင့်တွေနဲ့အောင်မြင်ဝေဆာနေပြီ။
စာအုပ်စီးရီးတွဲတွေက ပထမဦးဆုံးစာအုပ်ထုတ်ဝေအပြီး လေးနှစ်ကြာတဲ့အခုချိန်မှာ ငါးအုပ်မြောက်စာအုပ်ကိုရောက်နေပြီ။ စုစုပေါင်းခြောက်အုပ်ရှိတာကြောင့် နောက်ဆုံးဖိုင်နယ်တစ်အုပ်ပဲထွက်ဖို့ကျန်တော့တယ်။ ဒီစာအုပ်တွေထုတ်ဝေတာရော အခြားဆက်စပ်ပစ္စည်းတွေရောင်းတာရော အကုန်ပေါင်းလိုက်ရင် အမြတ်က ယွမ်သိန်းတစ်သောင်းကျော်နေပြီ။
ပိုင်လန်က ဒီပိုက်ဆံတွေအကုန်လုံးကို အွန်လိုင်းရှော့ပင်ပလက်ဖောင်းဖြစ်တဲ့ “Full Circle” မှာ ရင်းနှီးမြှပ်နှံထားတယ်။ အွန်လိုင်းရှော့ပင်ခေတ်စားလာတဲ့ ဒီနှစ်တွေအတွင်းမှာ Full Circle က တစ်နိုင်ငံလုံး အကြီးဆုံးဈေးဝယ်ဝက်ပ်ဆိုဒ်ဖြစ်လာခဲ့တယ်။ ဝက်ပ်ဆိုဒ်က ကုန်ပစ္စည်းအရောင်းအဝယ်တင်မဟုတ်ဘဲ သယ်ယူပို့ဆောင်တာတို့၊ ဆက်စပ်လုပ်ငန်းတွေကိုကြော်ငြာတာတို့၊ ငွေကြေးမတည်တာတို့ စတာတွေနဲ့ လုပ်ငန်းစုကြီးအဖြစ် တဟုန်ထိုးကြီးထွားလာတယ်။ နောက်ကွယ်မှာတော့ ပိုင်လန်က ကုမ်ပဏီရဲ့စုစုပေါင်းရှယ်ယာ သုံးပုံတစ်ပုံကိုပိုင်ဆိုင်ပြီး (ချိုးချန်ရှယ်ယာကိုပါထည့်ပေါင်းရင် သုံးပုံနှစ်ပုံပိုင်ပါတယ်) စတော့ရှယ်ယာဈေးကွက်ကို ကိုင်လှုပ်နိုင်တဲ့အထိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့လူဖြစ်နေပါပြီ။
ဒါကြောင့် သရုပ်ဆောင်လောကကို သုံးနှစ်တာကျောခိုင်းခဲ့ရတဲ့ပိုင်လန်က သူ့အလုပ်ဟောင်းကိုသွားပြန်လုပ်နေစရာတောင် မလိုဘူး။ အေးအေးဆေးဆေးထိုင်စားရုံပဲ။
ဒါပေမယ့် သူကတော့ သူ့ကိုယ်သူ သရုပ်ဆောင်အလုပ်အပြင် အခြားဘာမှလုပ်တတ်တာမရှိဘူးလို့ ကြွေးကြော်နေတုန်းပဲ။ နောက်ပြီး အဲဒိအလုပ်ကို အရမ်းလည်းနှစ်သက်တာ။ သူ့သရုပ်ဆောင်လမ်းကြောင်းက အရင်ဘဝလိုပဲ အခက်အခဲတွေအပြည့်နဲ့ဗျာများနေရပေမယ့် သုံးနှစ်ကြာပြီးတဲ့နောက် သူတို့တွေ တရုတ်ပြည်ကိုပြန်လာကြပြီးတဲ့နောက်မှာ ပိုင်လန်က သရုပ်ဆောင်ပြန်လုပ်ချင်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။
ချိုးချန်လည်း ဒါကိုမကန့်ကွက်ပါဘူး။
သူ့အတွက်နဲ့ ပိုင်လန်က ငယ်ရွယ်ပျိုမြစ်တဲ့အကောင်းဆုံးနှစ်သုံးနှစ်ကို ပေးဆပ်ခဲ့ရတာကြောင့် သူကလည်း တဖန်ပြန်ပြီးပေးလျော်ချင်ခဲ့တယ်။
ဒါပေမယ့် ချိုးချန်က ဒီအကြောင်းကို အဆိုပြုတဲ့အချိန်မှာ ပိုင်လန်က ပြုံးရုံသာပြုံးပြီး ငြင်းတယ်။ သူပြောတာက အခုချိန်မှာ ချိုးချန်အထောက်အပံ့မရှိရင်တောင်မှ သူလိုချင်တဲ့ကာရိုက်တာမျိုး ရိုက်လို့ရနိုင်ပါတယ်။ သူသွားချင်တဲ့လမ်းကြောင်း၊ သူလိုချင်တဲ့အရာတွေကို သူ့ဖာသာသူ ရှာဖွေချင်တယ်။ သူ့ရဲ့ပျော်ရွှင်ရာလမ်းကြောင်းမှာ ချိုးချန်ဝင်မနှောင့်ယှက်ရင်ပိုကောင်းမယ်လို့ ပြောခဲ့တယ်။
ချိုးချန်က ဘာမှပြန်မပြောပါဘူး၊ ဒါပေမယ့် အမူအရာက နည်းနည်းတော့ နေမထိထိုင်မသာဖြစ်သွားတယ်။
သူတို့နှစ်ယောက်အတူနေလာတဲ့နှစ်တွေလည်းကြာတော့ ပိုင်လန်မပြောရဲတာဘာမှမရှိတော့ဘူး။ တစ်ခုခုဆို ပြောချင်တာပြောချလိုက်တာပဲ။
ပိုင်လန်ရဲ့စကားအဆုံးမှာ ချိုးချန်က တစ်စုံတစ်ခုကိုဝန်ခံပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်က ပိုင်လန်တစ်ယောက် ရုပ်ရှင်ရိုက်ဖို့တွေးတောင်မတွေးနိုင်တော့တဲ့အချိန်မှာ သူက ‘ရှုပ်ထွေးနေသောလမ်းမများ’ထုတ်လုပ်ရေးတစ်ခုလုံးကို အပြတ်ဝယ်လိုက်တဲ့အကြောင်းကို ပြောပြတယ်။ အဲဒိအချိန်တုန်းက ရိုက်ကူးရေးအဖွဲ့သားတွေက ပိုင်လန့်ကိုလပေါင်းများစွာကြာအောင်စောင့်နေခဲ့ကြပြီး နောက်ဆုံးမစောင့်နိုင်တော့တဲ့အချိန်မှာ မင်းသားပြောင်းဖို့ နှမြောတသရင်နာနာနဲ့ဆုံးဖြတ်ခဲ့ကြတယ်။ ပိုင်လန် ပြန်မလာနိုင်တော့ဘူးဆိုတာကို သူတို့က လုံးဝကိုမယုံကြည်နိုင်ခဲ့ကြဘူး။ ပြောရရင် လော်ကျိုက်ဇာတ်ကောင်ဆိုတာလည်း ပိုင်လန်ကိုယ်တိုင်အနုစိတ်ပုံဖော်ခဲ့တာကိုး။ အခြားမင်းသားတစ်ယောက်က သူ့နေရာဝင်ယူခဲ့ရင် ဇာတ်ကောင်ပျက်စီးသွားမှာ (၈၀)%သေချာတယ်လို့ ရိုက်ကူးရေးအဖွဲ့တွေက ယူဆခဲ့တယ်။ ချိုးချန်လည်း ဒီအကြောင်းတွေကို သိခဲ့တယ်။ ပိုင်လန်က ဒီဇာတ်ကောင်အပေါ်မှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှသုံးပြီး ဘယ်လောက်အားစိုက်ခဲ့ရလဲဆိုတာကိုပေါ့။ ဒါကြောင့် သရုပ်ဆောင်အလုပ်ကအနားယူမယ်ဆိုပြီး ပိုင်လန်ခေါင်းမာနေတဲ့အချိန်မှာ ဒီထုတ်လုပ်ရေးတစ်ခုလုံးကို အပြီးသတ်ဝယ်ယူလိုက်ဖို့ သူက ဆုံးဖြတ်ချက်ချခဲ့တာပါ။
အခုတော့ ပိုင်လန်က သူ့ဝန်ခံစကားကိုကြားပြီး ဒေါသထွက်ရမှာလား၊ ပျော်ပဲပျော်ရမှာလား မသိတော့ဘူး။ အဲဒိတုန်းက ခင်ဗျားက နေ့တိုင်းအသက်ရှုစက်တပ်ထားရတဲ့အခြေအနေမဟုတ်ဘူးလား လို့ပဲ မေးနိုင်တော့တယ်!?
ချိုးချန်က ဘာမှရေးကြီးခွင်ကျယ်ကိစ္စမဟုတ်သလို ပုခုံးတွန့်ပြလိုက်တယ်။ ပြီးတော့ ပြန်ပြောတာက အာ့ဟုန်က သူ့လက်ရေးဆိုးဆိုးတွေကို ဖတ်တတ်တယ်တဲ့လေ။ နောက်တော့ မယုံကြည်နိုင်သလိုဖြစ်နေရှာတဲ့ပိုင်လန့်ကို သိမ်းကြုံးဖက်လိုက်ရင်း အနမ်းပေးကာ မေးလိုက်တယ် “မင်း အဲ့ကားဆက်ရိုက်ချင်သေးလား?”
ပိုင်လန်က ဘယ်လိုလုပ် မရိုက်ချင်ဘူးလို့ပြောရက်တော့မှာလဲ? ဒါက ချိုးချန်ရဲ့ဆန္ဒလည်းဖြစ်ပြီး သူ့ရဲ့မပြည့်စုံလိုက်ရတဲ့အိပ်မက်လည်းဖြစ်တယ်။
ဒါကြောင့်ပဲ သရုပ်ဆောင်လောကကိုပြန်ဝင်လာတဲ့ပိုင်လန်ရဲ့ ပထမဦးဆုံးအလုပ်က ရှုပ်ထွေးနေသာလမ်းမများရိုက်ကူးရေး ဖြစ်ခဲ့ပါတယ်။
***
ဒါပေမယ့် ဘာပဲပြောပြော သူမရှိတဲ့ ဒီသုံးနှစ်အတွင်းမှာလည်း အနုပညာလောကထဲ အပြောင်းအလဲကြီးကြီးမားမားတွေဖြစ်ခဲ့သေးတယ်။
ရုန်စစ်ချီက သုံးနှစ်ဆက်တိုက် အဆိုပညာအဓိကဆုသုံးဆု သိမ်းပိုက်နိုင်ရုံမကဘူး၊ အခုသူက အလားအလာအရှိဆုံးနဲ့ အအောင်မြင်ဆုံးလူငယ်အဆိုတော်ဖြစ်နေပြီ။ လက်မှတ်တွေရောင်းကုန်တဲ့အထိ အကြီးစားရှိုးပွဲကြီးတွေရဲ့စူပါစတားအဆိုတော် ဖြစ်နေပါပြီ။
အတိတ်ဘဝမှာ ရုန်စစ်ချီရဲ့အောင်မြင်မှုက အခုလိုမမြန်ဘူး။ အခုဘဝမှာ ရုန်မိသားစုနောက်ခံအကြောင်း လူသိသွားတာကြောင့် ဘေးလူတွေတွန်းတင်မှုနဲ့ သူ့ဂီတက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားတယ်လို့ယူဆလို့ရတယ်။ ပရော်ဖက်ရှင်နယ်ကျတဲ့ရုန်စစ်ချီက ဘေးလူတွေဝိုင်းမြှောက်မှုနဲ့တော့ ဂီတအပေါ်ထားတဲ့သူ့နှလုံးသားကို ယိမ်းယိုင်စေမှာမဟုတ်တာလည်းသေချာတယ်။ ဒီအချက်တွေအားလုံးပေါင်းလို့ မတိုးတက်လာတာမှ ထူးဆန်းနေပါလိမ့်ဦးမယ်။
ဒီသုံးနှစ်အတွင်း ကျူခွန်းအကြောင်းပြောပါဆိုရင်လည်း သူက အောင်မြင်တဲ့ရုပ်ရှင်ကားနှစ်ကား ရိုက်ကူးနိုင်ခဲ့တယ်။
‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’ ဝက်ဝက်ကွဲအောင်ပွဲခံပြီးနောက်မှာ ကျူခွန်းက လူသိများတဲ့ဒါရိုက်တာတန်းဝင်သွားခဲ့တယ်။ ရွှေရုပ်ရှင်မှာက ရုံတင်ငွေများများရဖို့ နာမည်ကြီးရေးဦးတည်ထားတာကြောင့် ကျူခွန်းက အကောင်းဆုံးဒါရိုက်တာဆုအတွက် နာမည်စာရင်းပေးသွင်းမခံခဲ့ရဘူး။ ဒါပေမယ့် ရွှေရုပ်ရှင်ရဲ့အရှိန်ကြောင့်ပဲ သူ့နောက်ထပ်ရုပ်ရှင်နှစ်ခုလုံးမှာ ရင်းနှီးငွေမပြတ်တော့ဘဲ နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ဖို့စိတ်ဝင်စားလာကြတယ်။ သူ့နောက်ထပ်ရုပ်ရှင်နှစ်ခုလုံးက box office မှာရော ဝေဖန်ရေးဆရာတွေလက်ထဲမှာပါ မျက်နှာပန်းလှခဲ့တယ်။ ကျူခွန်းဆုရဖို့အချိန်တန်ပြီလို့ လူတွေအများကြီးကပြောကြတယ်။ ဒီလိုပြောကြတာကပဲ သူ့အရည်အချင်းတွေကို ပရိသတ်တွေကလက်ခံပြီလို့ ဆိုလိုတာဖြစ်ပါတယ်။
ပိုင်လန်ရဲ့မိတ်ဆွေသူငယ်ချင်းတွေအကုန်လုံးက အလုပ်အကိုင်တွေအဆင်ပြေပြီး ကောင်းကောင်းမွန်မွန်ဖြစ်နေကြပြီ။ ဒါပေါ့… မိတ်ဆွေသူငယ်ချင်းမဟုတ်တဲ့လူတွေလည်း ကောင်းကောင်းမွန်မွန်အဆင်ပြေလို့နေပါတယ်။
ချိုးချန်အက်စီးဒန့်မတိုင်မီ သတိပေးခဲ့တဲ့ဖေးဟုန်က သူမစပွန်ဆာချိုးခိုင်ကို လက်လွှတ်ခဲ့ရပေမယ့်လည်း သူမကတော့ ပြိုလဲမသွားဘူး။
ဆန့်ကျင်ဘက်အနေနဲ့ ပိုပြီးတော့တောင် တောက်ပလာတယ်။ ဒီနှစ်တွေအတွင်း သူမသရုပ်ဆောင်စွမ်းရည်ကလည်း တိုးတက်လာပြီး အမျိုးသမီးဇာတ်ဆောင်နေရာတင်မကဘဲ အခြားပြောစမှတ်တွင်လောက်တဲ့ဗီလိန်ဇာတ်ရုပ်တွေကိုလည်း သရုပ်ဆောင်ဖို့ဆန္ဒရှိလာတယ်။ သုံးနှစ်လောက် ကြိုးစားပမ်းစားအလုပ်လုပ်ပြီးနောက်မှာ ဖေးဟုန်က ရုပ်ရှင်ဘုရင်မနေရာအတွက် ဒုတိယအကြိမ်ထိုက်တန်တယ်လို့ လူတွေကပြောလာကြတယ်။ ဒီတစ်ခါက ပိုပြီးစစ်မှန်လာတယ်တဲ့။
ခန်းကျန့်။ ဒီနှစ်တွေအတွင်းမှာ သားကောင်အဖြစ် ချိုးချန်ပစ်မှတ်ထားခြင်းကိုခံခဲ့ရတဲ့ ခန်းကျန့်ကလည်း အလွန်တရာတိုးတက်အောင်မြင်လာတယ်။
သူက လိရှားနဲ့လက်ထပ်ပြီး ဟာမိုနီအင်တာတိန်းမန့်သားမက်နေရာကနေ ကိုယ့်ကိုကိုယ်ဖော်ထုတ်ပြသဖို့ အခွင့်အရေးတွေအများကြီးရလာခဲ့တယ်။
သူ့ပထမဦးဆုံးဇာတ်ကားက ပေါ်ပြူလာသိုင်းဝတ္ထုတွဲကို ပြန်ရိုက်ထားတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်တယ်။ သူက ဇာတ်လိုက်ရဲ့ဂိုဏ်းတူအစ်ကို၊ အပြင်ပန်းကောက်ကျစ်ပုံရပေမယ့် အတွင်းမှာတော့ သစ္စာရှိပြီးရဲရင့်တဲ့သူအဖြစ် သရုပ်ဆောင်ရတယ်။ ဒီဇာတ်ရုပ်က လက်ခံနိုင်ဖို့လွယ်ကူပြီး ထုတ်လုပ်ရေးကလည်း နာမည်ကြီးဝတ္ထုကိုမွေးစားထားတာကြောင့် ကြည့်ရှုသူတွေကြားမှာ သူကလွယ်လွယ်ပဲနာမည်ကြီးလာခဲ့တယ်။ နောက်ပိုင်းမှာတော့ ခန်းကျန့်က နည်းလမ်းမျိုးစုံသုံးပြီး သူ့ဇာတ်ကောင်ကို အဓိကဇာတ်လိုက်ဖြစ်လာစေခဲ့ကာ သရုပ်ဆောင်လောကမှာ စတင်ကျော်ကြားလာခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲပြီးတဲ့အချိန်ရလဒ်က ပိုင်လန်လက်တွဲဖော်များရိုက်ပြီးတုန်းကအတိုင်းပဲ။ ခန်းကျန့်ဆိုတဲ့နာမည်တစ်လုံးကို လမ်းပေါ်ကလေးကအစခွေးကအဆုံးသိသွားခဲ့တယ်။ ပြီးနောက်မှာ ချန်းကျန့်က အနားမယူဘဲ ပေါ့ပေါ့ပါးပါးဟာသခေတ်ပေါ်ဇာတ်လမ်းတွဲတစ်ခုကို တစ်ဆက်တည်းဆိုသလိုရိုက်ကူးခဲ့တယ်။ အပြင်ပန်းက လူရှုပ်လူပွေဖြစ်ပေမယ့် အတွင်းမှာတော့အံ့သြစရာကောင်းလောက်အောင် သစ္စာရှိတဲ့ ဇာတ်ကောင်တစ်ခုမှာ သူကသရုပ်ဆောင်တယ်။ ဒါက ပြီးခဲ့တဲ့ဇာတ်လမ်းတွဲလိုမျိုးပဲ နှစ်သက်စရာကောင်းတဲ့ခံစားချက်ကိုပေးစွမ်းပြီး ပရိသတ်တွေရဲ့နှလုံးသားကို အနက်ရှိုင်းဆုံးထိ သိမ်းယူသွားတော့တယ်။
ဒီဇာတ်လမ်းတွဲနှစ်ခုလုံးက အချိန်အကြာကြီးထုတ်လွှင့်တဲ့ဇာတ်လမ်းတွဲရှည်ဖြစ်တာကြောင့် နှစ်နှစ်အတွင်းမှာ တစ်ခုပြီးတစ်ခုသရုပ်ဆောင်ခဲ့ရင်း သူ့ကျော်ကြားမှုလည်း မိုးထိအောင်မြင့်တက်ခဲ့တယ်။
အခုသူက ဘယ်နေရာသွားသွား ပတ်ပတ်လည်မှာ အာခေါင်ကွဲအောင်အော်မယ့်ဖန်တွေနဲ့ပြည့်နေတတ်ပြီး ယုတ်စွအဆုံး ကုမ်ပဏီတံခါးအရှေ့မှာတောင် သူ့မျက်နှာလေးမြင်ရဖို့ ရပ်စောင့်တတ်တဲ့ပရိသတ်တွေရှိနေပါပြီ။
ဒါပေမယ့် ငွေကလေးရွှင်ကာစပြုလာတဲ့ခန်းကျန့်ကတော့ သူ့ပိုက်ဆံတွေကို အနုပညာလောကမဟုတ်တဲ့ အခြားစီးပွားရေးလုပ်ငန်းတွေမှာ ချက်ချင်းရင်းနှီးပစ်လိုက်တာပဲ။
ဒါက အနုပညာရှင်တွေတော်တော်များများ ငွေရှာဖို့အသုံးပြုကြတဲ့နည်းလမ်းပဲ။ သူတို့က ငွေပေါ်ငွေဆင့်ဖို့ ရင်းနှီးမြှပ်နှံကြတာ ထူးဆန်းတဲ့အရာမဟုတ်ဘူး။ ဒါပေမယ့် ခန်းကျန့်က စီးပွားရေးလုပ်မယ်ဆိုရင်တော့ သူ့ယောက္ခထီးထိန်းချုပ်တာကို မခံနိုင်လို့လုပ်တာမှန်း အတွင်းလူတွေကရှင်းရှင်းလင်းလင်းသိကြတယ်။
ဒါကြောင့် သုံးနှစ်ကြာမှနိုင်ငံကိုပြန်လာတဲ့ပိုင်လန် ခန်းကျန့်နဲ့ပထမဦးဆုံးပြန်ဆုံတွေ့တဲ့နေရာက ရိုက်ကွင်းပေါ်မှာမဟုတ်ခဲ့ပါဘူး။
ဒါက Full Circle ကုမ်ပဏီရဲ့ ဧည့်ကြိုခန်းမဆောင်ထဲမှာပါ။
……………………