(51) ခန်းကျန့်နှင့်ပြန်လည်တွေ့ဆုံခြင်း
Viewers 48k

(51) ခန်းကျန့်နှင့်ပြန်လည်တွေ့ဆုံခြင်း 

ပိုင်လန်က ရှယ်ယာရှင်အစည်းအဝေးတက်ဖို့ Full Circle ကို ရောက်လာခဲ့တယ်။ ပိုင်လန်တစ်ယောက်တည်းနဲ့တင် ကုမ်ပဏီရဲ့ရှယ်ယာသုံးပုံနှစ်ပုံကို ကိုယ်စားပြုတာကြောင့် သူ မတက်ရောက်ဘူးဆိုတာနဲ့ ငါးဆယ်ရာခိုင်နှုန်းမဲပေးစနစ်အရ အစည်းအဝေးက အလိုလျောက်ပျက်ပြယ်မှာဖြစ်တယ်။ 

ဒါကြောင့် မနှစ်ကမှဆောက်လုပ်ပြီးစီးထားတဲ့ Full Circle ရဲ့အဆောက်အအုံအသစ်ထဲကို ပိုင်လန်တစ်ယောက်ခြေချမိရုံပဲရှိသေးတယ်၊ ဒီနင်းဂျင်းဘောင်းဘီနဲ့တီရှပ်ကိုဝတ်ဆင်ထားပြီး လည်ပင်းမှာဝန်ထမ်းကဒ်ဆွဲထားတဲ့ ပိန်ပိန်ပါးပါးလူတစ်ယောက် သူ့ဆီရောက်လာတယ်။ ထိုသူက ရင်းနှီးလှတဲ့အပြုံးလေးနဲ့ ကြိုဆိုနေပါတယ် “ပိုင်သခင်လေး.. ကျွန်တော်တို့ ခင်ဗျားကိုစောင့်နေကြတာပါ၊ ဒီဘက်ကိုကြွပါ ဒီဘက်ကို” 

“ပိုင်သခင်လေး” ဆိုတဲ့စကားစု ထွက်လာတဲ့အချိန်မှာ ရီဆက်ရှင်ခန်းမကျယ်ကြီးရဲ့တစ်ဘက်မှာ စောင့်နေတဲ့ခန်းကျန့်ကကြားမိပြီး ခေါင်းလှည့်ကြည့်တယ်။

အခုအချိန်မှာ ခန်းကျန့်က ချောမောလှပတဲ့လူငယ်လေးတွေရဲ့အလယ်မှာ ရှိနေတာဖြစ်တယ်။

ဒီနေ့ Full Circle ရဲ့ဌာနတစ်ခုမှာ ကုန်ပစ္စည်းကြော်ငြာတစ်ခုအတွက် ကနဦးစမ်းသပ်ပွဲတစ်ခုရှိတယ်။ လူရွေးပွဲအဆင့်မရောက်သေးတာကြောင့်လည်း စမ်းသပ်ပွဲကို အောက်ထပ်ကရုံးခန်းတစ်ခုထဲမှာ ရိုးရိုးပဲလုပ်တာဖြစ်ပါတယ်။ 

လူငယ်လေးတွေအကုန်လုံးက အနုပညာကုမ်ပဏီတစ်ခုတည်းကပဲလာကြတာ။ အကြိုစမ်းသပ်ရွေးချယ်ပွဲကိုလာကြတဲ့လူငယ်လေးတွေက နေရာတစ်ခုတည်းမှာ သူတို့စီနီယာခန်းကျန့်ကိုလည်းတွေ့ကြရော အရမ်းကိုစိတ်လှုပ်ရှားပျော်ရွှင်သွားကြပြီး အပြေးအလွှားသွားနှုတ်ဆက်ရင်း ရင်းနှီးဖို့ကြိုးစားကြတယ်။ စကားစမြည်ပြောဆိုပြီးနောက်မှာတော့ စီနီယာခန်းကျန့်က ဒီနေ့ Full Circle ကို စီးပွားရေးကိစ္စနဲ့လာမှန်းသိသွားကြတယ်။ ….. ဒါက တကယ့်ကို သူဌေးလယ်ဗယ်တွေမှလုပ်နိုင်တဲ့ စီးပွားရေးကိစ္စပဲဖြစ်ရမယ်….. ။ ဒီငယ်ရွယ်ပြီးအတွေ့အကြုံမရှိတဲ့ တက်သစ်စလေးတွေက သူတို့ကိုယ်သူတို့ စီနီယာခန်းကျန့်နဲ့မယှဉ်နိုင်ပါဘူးဆိုပြီး မျက်ဝန်းတွေမှာ လေးစားအားကျတဲ့အကြည့်တွေနဲ့ ကြည့်နေကြတယ်။ သူ့ထက်ငါအပြိုင်အဆိုင်မြှောက်ပင့်ပြောဆိုနေကြတယ်။

Full Circle ရဲ့လိုအပ်ချက်အရ ဒီနေ့လာစမ်းသပ်တဲ့ အနုပညာမျိုးဆက်သစ်လေးတွေက ဆယ့်ခုနှစ်နှစ် ဆယ့်ရှစ်နှစ်ဝန်းကျင်လေးတွေချည်းပဲ။ လွန်ခဲ့တဲ့သုံးလေးနှစ် ပိုင်လန်နာမည်ကြီးခဲ့တဲ့အချိန်မှာ ဒီကောင်လေးတွေဆိုတာ အလယ်တန်းကျောင်းသားအရွယ်ပဲရှိနေဦးမှာ။ အဲဒိအချိန်က အိုင်ဒေါလ်အဆိုတော်တွေလောက်ပဲ မှတ်မိနိုင်လောက်တဲ့သူတို့က ပိုင်လန့်လိုရုပ်ရှင်မင်းသားတစ်ယောက်ကို မှတ်မှတ်ထင်ထင်လည်း ရှိမနေပါဘူး။

ဒါကြောင့် ခန်းကျန့်ရဲ့အမူအရာပြောင်းသွားတာကို မြင်တဲ့အခါ သူတို့အားလုံးက စပ်စုချင်စိတ်တွေနဲ့ ဝိုင်းမေးကြလေတယ်။

“အစ်ကိုခန်း.. သူ့ကိုသိလို့လား?”

“သူက ကျွန်တော်တို့လောကထဲကပဲလား?”

“ကျွန်တော်ဖြင့် မြင်တောင်မမြင်ဖူးပါဘူး? အသစ်လား?”

အသံ ခုနှစ်သံ ရှစ်သံလောက် တစ်ပြိုင်တည်းပြောလာကြတဲ့အခါ ကြီးမားကျယ်ဝန်းတဲ့ဧည့်ခန်းမဆောင်ကြီးထဲမှာ ပဲ့တင်ထပ်လို့သွားတယ်။ ပိုင်လန်နဲ့အတူ သူ့ကိုလာကြိုတဲ့လူပါ အသံတွေကိုကြားပြီး သူတို့ကိုလှည့်ကြည့်ကြပါတယ်။

သူတို့တွေ မျက်လုံးချင်းဆုံကြတဲ့အခါ ခန်းကျန့်ရဲ့နှလုံးသားလေးက တစ်စုံတစ်ခုနာနာကျင်ကျင်ညှစ်ထားသလို ခံစားနေရတယ်။

ပိုင်လန့်ကိုနောက်ဆုံးအကြိမ်တွေ့ခဲ့တာ အလွန့်အလွန်ကြာခဲ့ပြီ။ လွန်ခဲ့တဲ့သုံးနှစ်ကနဲ့ယှဉ်ရင် သူက ဘာမှမပြောင်းလဲသေးဘူး၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကွဲပြားမှုကိုလည်း ခံစားလို့ရနေတယ်။ သူ့အသားအရေက နူးညံ့ပြီးဖြူဖွေးနေတုန်းပဲ။ ဆံနွယ်တွေနဲ့ မျက်ခုံးတန်းတွေက နက်မှောင်ပြီးရှင်းသန့်နေတယ်။ သူ့ဆီမှာရှိတဲ့အရာအားလုံးက ကျက်သရေအပြည့်နဲ့ကြည်လင်နေတယ်။ ခန်းကျန့်က စိတ်မထိန်းနိုင်ဘဲ အနားသွားဖို့ကြိုးစားမိတယ်။ ဒီအချိန်မှာ ပိုင်လန့်မျက်နှာပေါ်က ရှိရင်းစွဲအပြုံးလေးက ပျောက်မသွားဘူး။ ခန်းကျန့်နဲ့မျက်ဝန်းချင်းဆုံတာတောင် နည်းနည်းလေးပဲလျော့သွားတာကြောင့် ဒါကပဲ ခန်းကျန့်ကို ရှေ့ဆက်တိုးလာဖို့သတ္တိတွေရစေတယ်။

ခန်းကျန့်က သူ့ပတ်လည်အသံတွေကိုလျစ်လျူရှုရင်း အိပ်မွေ့ချခံရသလို ပိုင်လန့်ဆီတည့်တည့်လမ်းလျှောက်လာတယ် “အားလန် မတွေ့ရတာကြာပြီနော်” 

ပိုင်လန်က ခေါင်းညိတ်တယ် “မစ္စတာခန်း”

ခန်းကျန့်ရဲ့မျက်ဝန်းတွေတောက်ပသွားပါတယ်။ သူ့အပေါ်ကို အေးစက်စက်ဆက်ဆံခဲ့တဲ့ပိုင်လန်က ဖော်ရွေတဲ့အမူအရာပြတာ ဒီတစ်ခါပထမဦးဆုံးပဲ!

ဖြစ်နိုင်.. ဖြစ်နိုင်တာက ဒီနှစ်တွေအတွင်းမှာ သူ့ရလဒ်လေးကောင်းလာလို့ ပိုင်လန်ရဲ့သူ့အပေါ်အထင်လွဲမှုတွေ ပြေပျောက်သွားတာလား!?

ပိုင်လန့်အပေါ်ထားတဲ့ ခန်းကျန့်ရဲ့ခံစားချက်တွေက ရှုပ်ထွေးနေတုန်းပဲ။ ချစ်ခင်မြတ်နိုးမှုအပြင် မနာလိုမှုနဲ့ တစ်ခါတစ်လေ မမျှတဘူးလို့လည်း ခံစားရသေးတယ်။ ဒါကြောင့် ပိုင်လန့်အပေါ် လိရှားရှာတဲ့ပြဿနာတွေကို မကန့်ကွက်ခဲ့တာ။ ဒါပေမယ့် အခုတော့ သူက ပိုင်လန်ထက်တောင်ပိုပြီး နာမည်ကြီးနေပြီ။ ဒါကြောင့် မနာလိုခဲ့ရတဲ့ခံစားချက်တွေကိုဖယ်လိုက်တဲ့အခါ သူ့အိပ်မက်တွေ၊ သူ့ဆန္ဒတွေကိုပဲ့ကိုင်သူပိုင်လန်က အခုတော့ သူ့နှလုံးသားထဲမှာ အဓိကနေရာဝင်ယူနေပါပြီ။ 

ခန်းကျန့်က ပိုင်လန့်ရှေ့မှာမတ်တပ်ရပ်ရင်း သူ့နှလုံးသားလေးကတော့ အဆမတန်ခုန်နေတယ်။ နောက်ပြီး မသိလိုက်စွာနဲ့ပဲ ပိုင်လန့်လက်ကို ခပ်မြန်မြန်လှမ်းငုံ့ကြည့်လိုက်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်ကအတိုင်း တူညီတဲ့ပလက်တီနမ်လက်စွပ်ကွင်းလေးက ပိုင်လန့်လက်ချောင်းပေါ်မှာ အံဝင်ခွင်ကျရှိနေတုန်းပါပဲ။

လွန်ခဲ့တဲ့သုံးနှစ်တုန်းကတော့ ပိုင်လန်က ဆုပေးပွဲအခမ်းအနားကနေ ရုတ်တရက်ပြေးထွက်သွားခဲ့တယ်။ သုံးပတ်ကြာပြီးတဲ့နောက်မှာ သူဌေးချိုးတစ်ယောက်နိုင်ငံခြားမှာ အက်စီးဒန့်ဖြစ်တဲ့အကြောင်း လူအတော်များများက သိသွားခဲ့ကြတယ်။ ပိုင်လန့်ကိုပြောကြတဲ့နဂိုမှတ်ချက်တွေ “သိုက်တူးတဲ့ကောင်၊ မဟန်တော့ထွက်ပြေးပြီ” စတဲ့စကားတွေကလည်း ချက်ချင်းကြီးကို သူ့အချစ်နဲ့သစ္စာရှိမှုအတွက် ချီးကျူးစကားတွေအဖြစ်ပြောင်းသွားကြတယ်။ အဲဒိနောက်မှာတော့ အနုပညာလောကမှာ ပိုင်လန်ဆိုတဲ့နာမည်ကို နောက်ထပ်မကြားရတော့ဘူး။ ပရိုမိုးရှင်းတန်းလန်းနဲ့ ‘ရှုပ်ထွေးနေသောလမ်းမများ’တောင်မှ ပျောက်ခြင်းမလှပျောက်သွားတယ်။ ဒီလိုနဲ့နေလာခဲ့ရင်း ပြီးခဲ့တဲ့ရက်အနည်းငယ်ကမှ ‘ရှုပ်ထွေးနေသောလမ်းမများ’ကို သုံးနှစ်အကြာမှပြန်ရိုက်မယ်လို့ တိုတယ်အင်တာတိန်းမန့်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လက်စွပ်ကိုတွေ့တဲ့အချိန်မှာ ခန်းကျန့်မျက်ဝန်းတွေက မည်းမှောင်သွားတယ်။ သူက အနားကိုကပ်လာတဲ့အရိပ်နှစ်ခုကိုခံစားမိပြီး မော့ကြည့်တဲ့အခါမှာ ပိုင်လန့်နောက်မှာရပ်နေတဲ့ ဗလကောင်းကောင်းအရပ်ရှည်ရှည်ဘော်ဒီဂတ်နှစ်ယောက်ကို တွေ့ပါတယ်။ ပိုင်လန့်ကို သူတို့မသိတဲ့လူတစ်ယောက်က တားဆီးလိုက်တာကြောင့် အဆင်ပြေလားမေးမြန်းဖို့ ဘော်ဒီဂတ်တွေက အနားတိုးလာတာပါ။

ခန်းကျန့်လည်း ချက်ချင်းပဲမျက်နှာထားကိုပြင်ရင်း အပြုံးလေးနဲ့ပြောပါတယ် “မင်းပြန်လာတယ်လို့ ငါတလောလေးကမှကြားလိုက်တာ၊ အခုလိုတွေ့မယ်လို့ မထင်မိဘူး၊ ငါတို့က ရေစက်ပါတယ်နော်၊ နောက်ကျရင်တစ်ရက်လောက်ချိန်းပြီး စကားပြောရအောင်၊ ဒီမှာလည်း သုံးနှစ်အတွင်းပြောင်းလဲသွားတာတွေအများကြီးပဲ၊ ငါတို့လောကထဲမှာ မင်းမသိနိုင်လောက်တဲ့သတင်းတွေအများရှိသေးတယ်၊ မင်းသတိထားလို့ရအောင် ငါတို့တွေ့ရင် မင်းကိုပြောပြမယ်”

ခန်းကျန့် သူ့ဖုန်းကိုထုတ်ပြီး ပိုင်လန့်ဖုန်းနံပါတ်တောင်းဖို့ပြင်တယ်။ ဒါပေမယ့် မရင်းနှီးလှတဲ့အသံတစ်ခုက သူတို့ကြားထဲကို ဝင်နှောင့်ယှက်ပါတယ် “မစ္စတာခန်း? မစ္စတာခန်းက ဒီမှာကိုး” 

အားလုံးကလှည့်ကြည့်တဲ့အခါ အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားတဲ့လူတစ်ယောက်က သူတို့ရှိရာကို လျှောက်လာတာတွေ့တယ်။ ပုံစံက မန်နေဂျာတစ်ယောက်နဲ့တူပြီး လည်ပင်းမှာလည်း ဝန်ထမ်းကဒ်ဆွဲထားတယ်။ သူက သူတို့ကိုဦးညွှတ်နှုတ်ဆက်လိုက်ပြီးမှ ခန်းကျန့်ဆီလှည့်ပြောပါတယ် “မစ္စတာခန်း၊.. ဒုအထွေထွေမန်နေဂျာ အစည်းအဝေးခန်းထဲစောင့်နေတာ နည်းနည်းကြာနေပြီဖြစ်လို့၊ အဲ့ဒါ..…” သူက ရိုသေသမှုနဲ့ နောက်ဆက်တွဲစကားတွေကို ချန်ထားတယ်။

ခန်းကျန့်က ရပ်သွားပြီးမှ သူဒီကိုအလုပ်ကိစ္စနဲ့လာခဲ့မှန်း သတိရသွားတယ်။ သူက သူ့သွင်းကုန်ပို့ကုန်ကုမ်ပဏီအသစ်ရဲ့ ပစ္စည်းသိုလှောင်ရေး၊ သယ်ယူပို့ဆောင်ရေးကိစ္စတွေနဲ့ပတ်သက်လို့ Full Circle နဲ့စာချုပ်ချုပ်ဖို့ လာဆွေးနွေးတာဖြစ်တယ်။ ခန်းကျန့်က ပြန်လှည့်ကြည့်ပြီး ပိုင်လန့်မျက်ဝန်းထဲဖြတ်ပြေးသွားတဲ့အံ့သြမှုအရိပ်အယောင်လေးကို မြင်လိုက်တယ်။ ဒါကြောင့် အစောက ပိုင်လန့်ကိုလာကြိုတဲ့ ပိန်ပိန်ပါးပါးလူကို မျက်မှောင်ကြုံ့ပြီးကြည့်မိတယ်။ ပြီးတော့ ဒီလူက ထသွားထလာသာမန်အဝတ်အစားကိုဝတ်ထားတော့ အဆင့်နိမ့်ဝန်ထမ်းလေးဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်ပါတယ်။ ခံစားချက်တွေကောင်းမွန်လာရင်း ခန်းကျန့်က ပိုပြီးတော့တောင် မတ်မတ်ရပ်လိုက်တယ်၊ ပြီးမှ အလေးအနက်ပြောလိုက်ပါတယ် “အားလန် ငါအစည်းအဝေးရှိသေးလို့ နောက်မှပဲပြောကြမယ်၊ ငါ့ဖုန်းနံပါတ် မပြောင်းသေးဘူး၊ မင်းသိတယ်မလား၊ မင်းဖုန်းခေါ်တာစောင့်နေမယ်နော်” 

သူက ပြောပြီးနောက်မှာတော့ အနောက်တိုင်းဝတ်စုံနဲ့မန်နေဂျာလေးနောက်က လိုက်သွားပါတယ်။ ဒါပေမယ့်ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်မှာ အနောက်ဘက်ကိုပြန်လှည့်ပြီး ပိုင်လန့်ကိုလက်ဝှေ့ယမ်းပြလိုက်တယ်။ ပိုင်လန်ကတော့ မျက်တောင်လေးခတ်ရုံသာခတ်လိုက်ပါတယ်။ ဘာအမူအရာမှ မတုန့်ပြန်လိုက်ပါဘူး။

ဒီလိုနဲ့ခန်းကျန့်တစ်ယောက် ဓါတ်လှေကားထဲဝင်သွားပြီး မြင်ကွင်းကပျောက်သွားမှ ပိုင်လန့်ဘေးက သာမန်အဝတ်အစားနဲ့ဝန်ထမ်းက ထမေးတယ် “အဲဒါ ပိုင်သခင်လေးရဲ့မိတ်ဆွေလား? ကျွန်တော် ဘာများကူညီပေးရဦးမလဲ?”

ပိုင်လန်ကပြုံးတယ် “ကူညီပေးရမှာပေါ့၊ သူနဲ့စာချုပ်မချုပ်ဘဲ အချိန်ဆွဲထားလို့ ဒုအထွေထွေမန်နေဂျာကို သွားပြောပေးပါလား၊ သူ့ကုမ်ပဏီက နောက်လနည်းနည်းလောက်ကြာရင် ဒေဝါလီခံတော့မှာ” 

ဝန်ထမ်းက ကြောင်သွားပြီးမှ မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရယ်မောစနောက်လိုက်ပါတယ် “ဟား ဟား ဟား သူဌေးချိုးက ပြဿနာရှာပြန်ပြီလား၊ စိတ်ချပါ.. ဒီတစ်ခါတော့ ကျွန်တော်တို့တာဝန်ထားလိုက် ဟား ဟား”

ပိုင်လန်က ဘာမှပြန်မပြောဘူး။ အဲဒိအစား ဝန်ထမ်းလေးရဲ့ပုခုံးကိုသာ ပုတ်လိုက်တယ် “သွားကြစို့၊ ဒီလိုကိစ္စအသေးအဖွဲလေး CEO ကြီး ခေါင်းထဲထည့်နေစရာကိုမလိုတာ”

***

အဖြစ်အပျက်အားလုံး ချိုးချန်ကိုဖွင့်ပြောပြီးနောက်မှာ ခန်းကျန့်အပေါ်ထားတဲ့ ပိုင်လန်ရဲ့မုန်းတီးမှုတွေ အတော်လေးကိုလျော့ပါးသွားခဲ့တယ်။ သူ့နှလုံးသားထဲစုပုံနေတဲ့ အမှိုက်သရိုက်တွေအားလုံး ရှင်းထုတ်လိုက်နိုင်သလို ခံစားနေရတယ်။ အခုတော့ သူက အရာအားလုံးကို စိတ်ရှင်းရှင်းနဲ့ဆက်ဆံနေနိုင်ပြီ။ ဒါကြောင့် ခန်းကျန့်နဲ့ မျက်နှာချင်းဆိုင်တွေ့ခဲ့တာတောင် သူ့ရဲ့အေးစက်စက်မုန်းတီးမှုတွေက အရင်လောက် မပြင်းထန်တော့ဘူး။ တစ်ဖက်လူက သူ့အတွက်တော့ သာမန်သူစိမ်းတရံစာသက်သက်ပဲ။ သူက အကွာအဝေးတစ်ခုကနေ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်နေနိုင်ပါပြီ။ 

ဒါပေါ့.. နောက်ထပ်အကြောင်းပြချက်တစ်ခုလည်းရှိသေးတယ်။ ချိုးချန်က ခန်းကျန့်အတွက် ဟိုးအရင်ကတည်းက ထောင်ချောက်ပြင်ထားခဲ့ပြီးပြီ။ ခန်းကျန့်ရဲ့ကံကြမ္မာကိုသတ်မှတ်ဖို့ အစီအစဉ်တွေချပြီးနေပြီ။ တစ်ဖက်ကသားကောင်ကိုယ်တိုင် တည့်တည့်တိုးဝင်လာတာကို စောင့်ဖို့ပဲလိုတော့တာ။

ခန်းကျန့်က အရင်ဘဝမှာ ပိုင်လန့်ကို အကြွင်းမဲ့သိက္ခာကျစေပြီး ဂုဏ်သရေပျက်စီးအောင် လုပ်ဆောင်ခဲ့တယ်လို့ ချိုးချန်ကသတ်မှတ်ထားတယ်။ ဒါကြောင့် ဒီဘဝမှာလည်း ထပ်တူညီပြန်လည်ပေးဆပ်စေရမှာဖြစ်တယ်။

ဒါကြောင့် ချိုးချန်က သူ့လူတွေကို ခန်းကျန့်နောက်မျက်ခြေမပြတ်လိုက်စေပြီး တစ်ဖက်သားရဲ့အားနည်းချက်ကို ခပ်မြန်မြန်ပဲရှာတွေ့သွားတယ်။

အိမ်ထောင်သည်ဘဝကို နှစ်နှစ်အကြာဖြတ်သန်းပြီးနောက်မှာ ခန်းကျန့်က သူ့ရဲ့လိင်တူကြိုက်တတ်တဲ့စိတ်တွေကို နောက်ထပ်ထိန်းချုပ်ထားလို့ မရတော့ဘူး။ ဂုဏ်ပြုပွဲတွေ ပါတီပွဲတွေ တော်တော်များများမှာ အရက်မူးတာကိုဆင်ခြေယူပြီး တတ်သစ်စယောင်္ကျားလေးအနုပညာရှင်ငယ်လေးတွေအပေါ်မှာ လက်ရဲဇက်ရဲရှိခဲ့တယ်။ သူက သူတို့ကိုနမ်းတယ်၊ ခြေထောက်တွေကိုပွတ်သပ်ကိုင်တွယ်တယ်၊ ဒါပေမယ့် ပါးစပ်ကတော့  လိရှားနာမည်ကို တမ်းတမ်းတတဟစ်အော်တယ်။ ဒါကြောင့် တက်သစ်စလေးတွေက ခန်းကျန့်ဆီကအမြတ်ထုတ်တာခံရလို့ အကျိုးရှိအောင် ငွေညှစ်ခြိမ်းခြောက်ချင်ပေမယ့် မူးနေလို့လိရှားနဲ့မှားသွားတာဆိုတဲ့ဆင်ခြေပဲပြန်ရတယ်။

ဒါပေမယ့် ခံရတဲ့လူကတော့ တကယ်အကိုင်ခံရတာလား၊ မူးလို့လူမှားခံတာလားဆိုတာ ခွဲခြားသိပါတယ်။ ဒါကြောင့် အရက်မူးနေတဲ့ခန်းကျန့်ရဲ့မကောင်းကြောင်းတွေ အနုပညာလောကထဲမှာ တဖြည်းဖြည်းပျံ့လာတယ်။ ဒါပေမယ့် ယောင်္ကျားမိန်းမမရွေး စာရိတ္တပျက်စီးပြီး နာမည်ဆိုးထွက်လေ့ရှိတဲ့အနုပညာလောကထဲမှာ ဒီလောက်ကတော့ ဘာအရေးလဲ။ လိရှားနဲ့လိမင်တို့နားထဲ ပြန်ဝင်သွားစေဦး၊ ဆူပူကြိမ်းမောင်းခံရတာကလွဲပြီး ဘာမှဖြစ်လာမှာမဟုတ်ဘူး။ နောက်ပိုင်းမှာ ခန်းကျန့်လည်း ဒါကိုအခွင့်ကောင်းယူပြီး မူးချင်ယောင်ဆောင်ရင်း ပေါ်ပေါ်ထင်ထင်ပြုမူလေတော့တယ်။

ဒီလိုဖြစ်ရပ်ဓါတ်ပုံတွေနဲ့တော့ ခန်းကျန့်ကို လုံးလုံးလျားလျားပျက်စီးအောင် ပြုလုပ်နိုင်မှာမဟုတ်ဘူး။ ချိုးချန်ရဲ့အကျင့်က လူတစ်ယောက်ကိုထိုးနှက်ချင်ပြီဆိုရင် လုံးဝဥဿုံဖျက်ဆီးပစ်ရမှ ကျေနပ်နိုင်မှာ။ နောက်ပြန်လှည့်နိုင်မယ့်လမ်း.. နည်းနည်းလေးတောင် မပေးလိုဘူး။ ဒါကြောင့် ချိုးချန်က ပထမဦးဆုံးအနေနဲ့ ခန်းကျန့်ရဲ့နောက်ခံဘက်ဂရောင်းဖြစ်တဲ့ လိရှားလိမင်သားအဖကို သူနဲ့ ခွာထုတ်ရေးစတင်ရတယ်။

ချိုးချန်အတွက်တော့ ဒါက သိပ်ကိုလွယ်ကူလွန်းတယ်။

ခန်းကျန့်နဲလိရှားကို ခွာထုတ်မယ်.. ။ ခန်းကျန့်ရဲ့ ခိုးကြောင်ခိုးဝှက်အပြုအမူတွေကိုကြည့်ရင် လိရှားအပေါ်မှာအမှန်တကယ်ဖောက်ပြန်ဖို့ သိပ်မလိုတော့မှန်း သေချာသိနိုင်တယ်။ ပြီးတော့ ဖောက်ပြန်တဲ့လူကလည်း ယောင်္ကျားအချင်းချင်းပဲဖြစ်ရမယ်။ ဒါကြောင့် ချိုးချန်က ဂေးဖြစ်နေတဲ့ အချိန်ပိုင်းမော်ဒယ်အချို့ကို ခန်းကျန့်ဘေးနားကပ်စေပြီး ရင်းနှီးလာအောင်မြူဆွယ်စေပါတယ်။ သူက ခန်းကျန့်ရင်ထဲဖုံးကွယ်ထားတဲ့ ဝါသနာပိုးတွေကို တရွရွထကြွလာအောင် လုပ်ဆောင်ခဲ့တာပါ။

ဒါဆို ခန်းကျန့်နဲ့လိမင်ကို ခွာထုတ်ဖို့ရော.. ဒါက ပိုပြီးတော့တောင်လွယ်ကူသေးတယ်။

ခန်းကျန့်က သူ့သားမက်ဖြစ်ပေမယ့်လည်း လိမင်မျက်လုံးထဲမှာတော့ သူ့သမီးကိုကပ်တွယ်နေတဲ့မျှော့တစ်ကောင်ပဲ။ ကူသာကူညီနေရတာ သားမက်ကိုမျက်နှာသာပေးဖို့ မစဉ်းစားဘူး။ အနုပညာနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာတောင် ခန်းကျန့်ကဝင်ပါချင်ပေမယ့် လိမင်ကတော့ မင်းလိုရုပ်ပြစားတဲ့သရုပ်ဆောင်တစ်ယောက်ကဘာသိမှာလဲလို့ ရေအေးအေးနဲ့ခေါင်းကိုလောင်းသလို အရှက်ခွဲချင်ခွဲသေးတာ။

ဒါကြောင့် ခန်းကျန့်ကလည်း သိတယ်။ ဒီအဘိုးကြီးက သူ့ကို သားမက်အဖြစ်အသိအမှတ်ပြုတာမဟုတ်ဘဲ သူ့သမီးနဲ့မြေးယောင်္ကျားလေးရရှိဖို့ ဓါးစာခံသက်သက်ပဲဆိုတာ။ 

အနှိမ်ခံရပြီး အနိုင်ကျင့်ခံရတဲ့ ဒီလိုအခြေအနေမျိုးမှာ ခန်းကျန့်တစ်ယောက် သူ့ကိုယ်ပိုင်စီးပွားရေးအင်ပါယာကိုထူထောင်ချင်တာလဲ မမှားဘူး။ ဒါပေမယ့် အနုပညာစီးပွားရေးလုပ်မယ်ဆိုရင်တော့ လိမင်ရဲ့လောင်းရိပ်အောက်က ရုန်းထွက်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ခန်းကျန့်လည်းရွေးချယ်စရာမရှိ အခြားစီးပွားရေးနယ်ပယ်တစ်ခုကို ရွေးရတယ်။ ဒီတုံးအလှတဲ့လူလည်လေးက ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ်မှာ အပြောချိုချိုလူလိမ်တွေကိုယုံစားမိပြီး ကုမ်ပဏီသစ်တစ်ခုတည်ထောင်ခဲ့ပါတယ်။ ဒါတွေအားလုံးကိုလည်း ချိုးချန်ပဲစီစဉ်ထားခဲ့တာ။ နောက်ပြီး သူမျှော်လင့်ထားသလိုပဲ၊ ဘာမှမသိနားမလည်တဲ့ခန်းကျန့်က သူ့ငွေတွေအကုန်လုံးကို ပြန်လမ်းမရှိချောက်နက်ကြီးထဲ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

ဒါပေမယ့် အပေါ်ကအစီအစဉ်တွေအားလုံးက စီးပွားရေးလုပ်ငန်းတွေပဲ၊  ခန်းကျန့်ရဲ့သရုပ်ဆောင်အလုပ်ကိုတော့ ထိခိုက်စေမှာမဟုတ်ဘူး။ ပိုင်လန်ကလည်း ခန်းကျန့်ကိုတိုက်ခိုက်ဖို့အတွက်နဲ့ အခြားရိုက်ကူးထုတ်လုပ်ရေးတွေကို နောက်ထပ်မဖျက်ဆီးချင်တော့ဘူး။ ထုတ်လုပ်ရေးတစ်ခုချင်းဆီတိုင်းမှာ လူတွေအများကြီးရဲ့အသက်မွေးဝမ်းကြောင်းအလုပ်တွေမှီခိုနေရတာ။ လူတွေအများကြီးကြိုးစားအားထုတ်ထားရတဲ့ ထုတ်လုပ်ရေးတွေကို ဒီအတိုင်းပဲရှိပါစေ။ ခန်းကျန့်ကိုနင်းချေဖျက်ဆီးဖို့အတွက်တော့ ပိုင်လန်က သူ့ကိုယ်သူပဲအားကိုးလိုက်တော့မယ်။ 

ဒါကြောင့် ‘ရုှုပ်ထွေးနေသောလမ်းမများ’ ရိုက်ကူးရေးအပြင် အခြားအခွင့်အရေးများရှိသေးလားလို့ ပိုင်လန်က ဖန်းဟွာကို မေးမြန်းခဲ့တယ်။ အဆင်သင့်တာက ဒီအချိန်မှာ အရင်ဘဝတုန်းက ပိုင်လန့်ကိုဒုတိယအကြိမ်နာမည်ပြန်တက်လာစေတဲ့အစီအစဉ် ‘ညစာဘယ်သူဒကာခံမှာလဲ’ ဆိုတဲ့အချက်အပြုတ်ပရိုဂရမ်က လူရွေးပွဲကျင်းပနေတာပဲ။ ပရိုဂရမ်မှာပါဝင်ဖို့ ဟင်းချက်တတ်တဲ့ အမျိုးသားနာမည်ကျော်တွေအားလုံးကို ကမ်းလှမ်းထားတယ်။ 

ဒီသတင်းကိုကြားတဲ့အချိန်မှာ ပိုင်လန်က လူရွေးပွဲဝင်ချင်တယ်လို့ ချိုးချန်ကိုပြောလိုက်တယ်။ 

ဒါပေမယ့် ပြန်ပြောလာတာကတော့ အဖေမဟုတ်ဘဲ သားဖြစ်တဲ့သူပါ။ ချိုးရှောင်ဟိုင်က သူ့မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ပြူးတူးပြဲတဲကြည့်ရင်း ထကန့်ကွက်တယ်။

“ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ အားပိုင်က တစ်ခြားသူတွေအိမ်မှာ ဟင်းသွားချက်ပေးမှာလဲ!?”

မျက်ခုံးထူထူတွေကိုတွန့်ချိုးရင်း စိတ်အလိုမကျတဲ့လေသံနဲ့ ကလေးလေးကပြောလိုက်တယ်။

ချိုးချန်နေမကောင်းဖြစ်နေတဲ့နေ့ရက်တွေမှာ အပြန်အလှန်မှီခိုအားထားစရာဆိုလို့ ပိုင်လန်နဲ့ချိုးရှောင်ဟိုင်တို့နှစ်ယောက်ပဲရှိခဲ့တာ။ နေ့တိုင်းနေ့တိုင်း သူတို့က တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး ငိုခဲ့ရတယ်။ ဒါကြောင့် ပိုင်လန့်အပေါ်မှာထားရှိတဲ့ ချိုးရှောင်ဟိုင်ရဲ့သဘောထားက သာမန်နှစ်သက်ရုံမဟုတ်တော့ဘူး၊ အလွန်တရာတွယ်တာလွန်းတဲ့အဆင့်ကိုရောက်နေပြီ။

ကောင်ငယ်လေးက ရောက်တဲ့နေရာကပြေးချလာပြီး သူ့ကိုလာဖက်တော့ ပိုင်လန်ကလည်း သူ့ခေါင်းလေးကို ပြန်ပွတ်ပေးနေတယ် “တီဗွီရှိုးရိုက်တာပါ၊ အားပိုင်က အိမ်ပြန်လာမှာလေ၊ ရှောင်ဟိုင့်ဖို့လည်း ဟင်းချက်ပေးမှာပေါ့”

ချိုးရှောင်ဟိုင်က သူ့မျက်နှာသေးသေးလေးကို ပိုင်လန့်ဗိုက်မှာကပ်ထားရင်း မလုပ်စဖူးထူးထူးဆန်းဆန်း တစ်ကိုယ်ကောင်းဆန်နေပါတယ် “မရဘူး၊ အားပိုင်က သားတို့မိသားစုဖို့ပဲ ဟင်းချက်ပေးရမှာ” 

ချိုးချန်ကလည်း သဘောတူသလို ခေါင်းကိုတဖြည်းဖြည်းညိတ်ရင်းပြောတယ် “ရုပ်ရှင်ပဲရိုက်ပါကွာ၊ ဆုတစ်ဆုလောက်တော့ ရဖို့လိုသေးတယ်လေ၊ ပြီးခဲ့တဲ့အခေါက်က နှမျောစရာကြီးဖြစ်သွားတာကို” 

ပိုင်လန်က ချိုးချန်ကို အံ့သြဘနန်းနဲ့ကြည့်လိုက်တယ်။ ပြီးခဲ့တဲ့ဘဝက ဒီပရိုဂရမ်ဘယ်လောက်အကျိုးကျေးဇူးများခဲ့လဲဆိုတာ သူ့ကိုပြောပြပြီးသားပဲမဟုတ်ဘူးလား။

ချိုးချန်လည်း ပိုင်လန့်အကြည့်ကိုမြင်ပါတယ်။ သူက သက်ပြင်းချပြီး၊ ကန့်ကွက်သလို နှစ်သိမ့်သလိုနဲ့ပြောတယ် “မင်းလည်း အာ့ဟုန်ကို ညလယ်စာတွေအများကြီးချက်ကြွေးဖူးတာပဲ၊ ဟိုမှာဘယ်လောက်တောင်ဝလာလဲ ကြည့်ဦး၊ အခြားသူတွေဖို့လည်း ချက်မနေပါနဲ့တော့”

ပိုင်လန့်မှာပြောစရာစကားမကျန်တော့ဘူး။ လုံးဝကို ပါးစပ်အဟောင်းသားဖြစ်နေပြီ။ ဒါက ခေါက်ဆွဲသုံးလေးပန်းကန်လောက်ပါပဲ၊ ဒါပါပဲလို့ ပြောထုတ်ပစ်လိုက်ချင်နေပြီ။ ဒီအချိန်မှာ ရင်ခွင်ထဲကချိုးရှောင်ဟိုင်က ရုတ်တရက်ခေါင်းကိုမော့ရင်း တောင်းဆိုပြန်တယ်။

“အားပိုင်… မသွားပါနဲ့နော် နော် နော်လို့?”

အလိုလိုက်ခံထားရလို့ဆိုးနေတဲ့ကောင်ငယ်လေးက ခေါင်းမာမာနဲ့ကန့်ကွက်နေပေမယ့်လည်း တအီအီချော့မော့တောင်းဆိုဖို့လည်း မမေ့ပါဘူး။ 

ပိုင်လန်ရဲ့ခံစစ်ကတော့ သူနဲ့ကျမှပဲလုံးလုံးကျရှုံးသွားရပြီ။ သူက ချိုးရှောင်ဟိုင်ရဲ့ခေါင်းကိုပုတ်ပေးရင်းပြောလိုက်တယ် “ကောင်းပါပြီဗျာ၊ အားပိုင်မသွားတော့ပါဘူး၊ သခင်လေးရဲ့စကားကိုနားထောင်ပါ့မယ်” 

ချိုးရှောင်ဟိုင်က အကြီးကြီးပြုံးပြတယ်။ ပြီးတော့လည်း ပိုင်လန့်ဗိုက်ကို သူ့ခေါင်းနဲ့ပွတ်တိုက်နေသေးတယ်။

ဘေးနားက တစ်ကိုယ်တည်းအထီးကျန်နေတဲ့ချိုးချန်လည်း အနားတိုးလာရင်း ပိုင်လန့်ကိုနမ်းပါတယ် “အရမ်းလိမ္မာတယ်”

သားအဖနှစ်ယောက်ကြားကပိုင်လန့်အဖြစ်က အကူညီမဲ့နေသလိုပဲ။ ဒါပေမယ့် နောင်တရသလားလို့ သူ့ကိုမေးရင်တော့ မရဘူးလို့ပဲပြန်ဖြေမှာ။ သူ့ဆီမှာအတွေးတစ်ခုပဲရှိတော့တယ်။ အဲဒါက .….ဒီဘဝမှာ သူ့ဘဝက လုံးဝခြားနားသွားခဲ့ပြီးဖြစ်ပါတယ်…..

…………………………