(52) ခြေညှပ်ဖိနပ်
‘ရှုပ်ထွေးနေသောလမ်းမများ’ကို သုံးနှစ်ကြာပြီးနောက်မှာမှ ပြန်လည်ရိုက်ကူးတဲ့အခါ ပြန်လည်ပြင်ဆင်သင့်တဲ့အရာတွေ အများအပြားရှိနေခဲ့တယ်။
ဖက်ရှင်စတိုင်တွေ၊ စကားအသုံးအနှုန်းတွေ၊ လွန်ခဲ့တဲ့သုံးနှစ်ကရိုက်ခဲ့ပြီး အခုခေတ်နဲ့ကီးမကိုက်တော့တာတွေ ပြန်ထည့်သုံးလို့မရတာတွေ ရှိနေခဲ့တယ်။ ဥပမာ မိုဘိုင်းဖုန်းမော်ဒယ်တောင်မှ သုံးနှစ်အတွင်းအများကြီးခြားနားနေခဲ့ပြီဖြစ်တယ်။ နောက်ပြီး ဇာတ်လမ်းထဲမသိမသာမြှပ်ထားတဲ့ ကုန်ပစ္စည်းကြော်ငြာတွေကိုလည်း ဖြတ်ထုတ်ပစ်ရတော့မှာပါ။
နောက်တစ်ခုက သရုပ်ဆောင်တွေ.. သုံးနှစ်ဆိုတဲ့အချိန်က လူတွေရဲ့ပုံသဏ္ဍာန်ကို အများကြီးပြောင်းလဲသွားစေတာကြောင့် ပြန်ရိုက်ရမဲ့ဇာတ်ကွက်တွေလည်းရှိလာတယ်။ ဒါပေမယ့်လည်း ကံကောင်းတာတစ်ခုက ဇာတ်လမ်းတွဲက အပိုင်းလိုက်မတူညီတဲ့အမှုတွေကို တစ်ခုပြီးမှတစ်ခုဖော်ထုတ်ရတာကြောင့် ဇာတ်ကွက်တွေက တစ်ဆင်းန်နဲ့တစ်ဆင်းန် အများကြီးဆက်စပ်မှုရှိမနေဘူး။ ဒါကြောင့် ပြန်လည်စီစစ်ရေးပြုလုပ်ပြီးနောက်မှာ ရိုက်ကူးပြီးသားဆင်းန်တွေရဲ့တစ်ဝက်လောက်က အသုံးပြုလို့ရနိုင်မှန်း တွေ့ရှိခဲ့တယ်။
ဒါပေါ့.. အကုန်လုံးကို စေ့စေ့စပ်စပ်လိုက်ပြင်နေစရာမလိုပါဘူး။ ခေတ်မှီတဲ့နည်းပညာတွေနဲ့ ဖြတ်ညှပ်ကပ်လုပ်လို့လည်း ရနေတာပဲ။ ဒါပေမယ့် ပိုင်လန်ရဲ့ရုပ်ရှင်မင်းသားဘဝ တကျော့ပြန်ပြန်လည်ဝင်ရောက်ခြင်းအထိမ်းအမှတ်မှာ ပထမဦးဆုံးဇာတ်လမ်းအနေနဲ့ ကွာလတီအကောင်းဆုံးပဲမြင်ချင်တယ်လို့ နောက်ကွယ်ကထောက်ပံ့သူကြီးချိုးချန်က အမိန့်ပေးထားခဲ့တယ်။ ဒါကြောင့် ရိုက်ကူးရေးအဖွဲ့တွေလည်း ဘတ်ဂျတ်ကိစ္စကို တွေးစရာတောင်မလိုဘဲ အရင်းအမြစ်တွေပေါပေါလောလောနဲ့ စိတ်ချလက်ချရိုက်နိုင်တယ်။ အားလုံးရိုက်ကူးပြီးစီးသွားတာတောင်မှ ပြီးပြည့်စုံရဲ့လားလို့ အသေအချာထပ်ကာထပ်ကာပြန်လည်စစ်ဆေးလို့ ရနေပါသေးတယ်။
ဒီနေရာမှာ ရိုက်ချက်တွေပြန်ပြောင်းရပေမယ့်လို့ ရိုက်ကူးရေးအဖွဲ့သားတွေကတော့ မပြောင်းလဲခဲ့ဘူး။ ဒါရိုက်တာကလည်း အရင်ဒါရိုက်တာချင်ကန်းပဲ။ ဒါရိုက်တာချင်ကန်းက ဇာတ်လမ်းတွဲပြန်ရိုက်မယ်ကြားတဲ့အခါ တွေဝေခြင်းမရှိဘဲ အချိန်ပေးခဲ့တယ်။ သူက အရင်ပထမအကြိမ်ဖျက်သိမ်းတုန်းကလည်း အဖွဲ့သားတွေကြားထဲ စိတ်အပျက်ဆုံးလူသားထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့တာပါ။
တကယ်တော့ အဖွဲ့သားတွေရဲ့ (၈၀)%လောက်က ချင်ကန်းနဲ့သဘောထားချင်းတိုက်ဆိုင်တယ်။ အဲဒိတုန်းကဆိုရင် ဒါရိုက်တာ၊ထုတ်လုပ်သူတွေ၊ သရုပ်ဆောင်တွေက အရည်အချင်းရှိလူတွေကိုပဲ စုစည်းထားခဲ့တာ။ သူတို့က တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိပြီး စိတ်လှုပ်ရှားတက်ကြွနေခဲ့ကြကာ အလုပ်အပေါ်မှာ လုံးဝကိုမြှပ်နှံထားခဲ့ကြတယ်။ ဇာတ်လမ်းတွဲအပေါ်မှာ မျှော်လင့်ချက်ကြီးကြီးထားလို့ အကောင်းဆုံးလုပ်ဆောင်ခဲ့ကြတယ်။
ဒါကြောင့်ပဲ ဇာတ်လမ်းရဲ့ရင်းမြစ် လော်ကျိုက်ကာရိုက်တာကို တစ်ခြားလူတစ်ယောက်နဲ့အစားထိုးမယ်လို့ ကြားသိရတဲ့အခါ သူတို့က အကျိုးသင့်အကြောင်းသင့်နားလည်ပေမယ့် စိတ်ထဲမှာတော့ လက်ခံဖို့ခဲယဉ်းခဲ့ကြတယ်။
ပိုင်လန်က သူ့ရဲ့တောင်ပိုင်းသားလေသံကို ကိုယ်တိုင်တီထွင်ခဲ့တယ်။ သူက အခုချက်ချင်းကောက်ခါငင်ကာ ထဆဲပြီး နောက်တစ်စက္ကန့်အကြာ သူမဟုတ်သလို ရုပ်တည်ကြီးနဲ့နေနိုင်တယ်။ သူတစ်ယောက်တည်းသာလျှင် ဒီလိုအစွန်းနှစ်ဖက်ချိန်ခွင်လျှာကို ညီမျှအောင်လုပ်နိုင်ပြီး လော်ကျိုက်ကို ပြိုင်ဘက်ကင်းဆန်းကြယ်စေတယ်။ ဒါက ဖျောက်ပစ်လို့မရတဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်။ အကယ်၍ ဇာတ်လမ်းတစ်ဝက်ရောက်မှ နောက်သရုပ်ဆောင်ပြောင်းသွားပြီဆိုပါစို့.. နဂိုပုံစံကိုထိန်းသိမ်းနိုင်ပါ့မလားလို့ အကုန်လုံးက စိုးရိမ်ခဲ့ကြပါတယ်။
အဲဒိတုန်းက တစ်ချို့ကတော့ နှုတ်ထွက်သွားတဲ့ပိုင်လန့်ကို ပရော်ဖက်ရှင်နယ်မဆန်ဘူးလို့ စွပ်စွဲခဲ့တယ်။ တစ်ချို့ကတော့ သူ့ဘဲကြီးကို ဂရုစိုက်ချင်ယောင်ဆောင်ပြတာပါကွာလို့ မြင်ခဲ့တယ်။ ဒါပေမယ့် အကုန်လုံးရဲ့နှလုံးသားမှာတော့ နှမြောတသခြင်းတွေနဲ့ပြည့်နေခဲ့ပါတယ်။
ဒါကြောင့် သုံးနှစ်အကြာ ရိုက်ကွင်းပြန်စတဲ့အချိန်မှာ ပိုင်ရှင်အသစ်တိုတယ်အင်တာတိန်းမန့်က ပြန်လည်ပါဝင်ရိုက်ကူးကြဖို့ အကြီးဆုံးဒါရိုက်တာကနေ အငယ်ဆုံးဝန်ထမ်းထိ တစ်ယောက်မကျန်ဆက်သွယ်ခဲ့တယ်။ ပြန်လာချင်ရင် ပြန်လာလို့ရပြီး မပါချင်ရင်လည်း မပါဘဲနေလို့ရတယ်။ ဒါကြောင့်ပဲ အသစ်တဖန်ပြန်စတဲ့ရိုက်ကွင်းက (၈၀)%သော မျက်နှာသိလူရင်းတွေနဲ့ အရင်အတိုင်းပဲနွေးထွေးလို့နေတယ်။ အဖွဲ့သားတွေကြားထဲက ခံစားချက်တွေ ပူးပေါင်းဆောင်ရွက်မှုတွေက နည်းနည်းလေးတောင် မပြောင်းလဲသေးပါဘူး။
ဒါပေါ့… ရိုက်ကွင်းစစချင်းမှာပဲ ပိုင်လန်က စားသောက်ပွဲကြီးကျင်းပပေးခဲ့တယ်။ လူပေါင်းရာကျော်ဖိတ်ခဲ့ပြီး စိတ်ရင်းမှန်နဲ့တောင်းပန်မှုကိုဖော်ပြဖို့ ဟင်းသုံးလေးမျိုး ကိုယ်တိုင်ချက်ခဲ့ပါသေးတယ်။ ချိုးချန်နဲ့ချိုးရှောင်ဟိုင်တောင်မှ ပိုင်လန့်ကိုအားဖြည့်ဖို့ ပွဲတက်မျက်နှာပြခဲ့တယ်။ သူတို့သားအဖဆီ ပိုင်လန့်ကို သုံးနှစ်တာငှားရမ်းပေးခဲ့တဲ့အတွက် ရိုက်ကူးရေးအဖွဲ့သားတွေကို ကျေးဇူးဥပကာရတင်ရှိပါကြောင်း၊ ခက်ခဲတဲ့အချိန်တွေကိုကျော်ဖြတ်ပြီး သူတို့မိသားစုသုံးယောက် နောက်ဆုံးမှာပြန်လာနိုင်ပြီဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။
သူဌေးကြီးချိုးကိုယ်တိုင်က ခေါင်းကိုညွှတ်လို့ ဒီစကားတွေကိုပြောတဲ့အချိန်မှာ လူအများစုရင်ထဲကိန်းအောင်းနေတဲ့ မကျေနပ်ချက်လေးတွေလည်း လွင့်စင်ပပျောက်လို့သွားတယ်။ သူတို့က ပေါ့ပေါ့ပါးပါး ဂုဏ်ယူစွာနဲ့ပဲ စတင်ခဲ့ပါတယ်။ ဒီလိုမျိုး နားလည်မှုတွေအပြည့်နဲ့ သဟဇာတဖြစ်လှတဲ့အခြေအနေမျိုးမှာ ပိုင်လန်က ‘ရှုပ်ထွေးနေသောလမ်းမများ’ကို နောက်တစ်ကြိမ်စတင်ရိုက်ကူးခဲ့ပါတယ်။
***
“ကဒ်!အိုကေ!” ဒါရိုက်တာထိုင်ခုံပေါ်မှာထိုင်နေတဲ့ချင်ကန်းက သူ့ဒူးခေါင်းသူရိုက်ပြီး အကျယ်ကြီးအော်တယ် “နေ့လည်ကျရင် ဆင်းန်(၇) ရိုက်မယ်”
ဒါရိုက်တာကြီးရဲ့ညွှန်ကြားချက်ကိုကြားတဲ့အဖွဲ့သားတွေက ချက်ချင်းပဲစတင်လှုပ်ရှားကြတယ်။ သူတို့က နောက်ခံဆက်တင်တွေကိုပြန်ခွာ၊ မီးကြိုးတွေကိုပြန်ဖြုတ်တပ် စတဲ့ ရိုက်ကွင်းပစ္စည်းနေရာချရေး လုပ်နေကြတယ်။ နောက်ပြီး ဒီလူတွေကြားထဲမှာ ရိုက်ကွင်းတည်တဲ့လမ်းထောင့်နားကို ပြေးသွားကြတဲ့ လူသုံးယောက်အဖွဲ့လည်းရှိသေးတယ်။
အဲဒိထောင့်နားမှာတော့ ပိုင်လန်က မြေကြီးတွေ ရွှံတွေလူးနေတဲ့လမ်းပေါ်ထိုင်နေရင်းကနေ မတ်တပ်ထရပ်လိုက်တယ်။ ဒါပေမယ့် သူ့ခြေထောက်ကသိပ်မခိုင်ဘဲ ယိုင်ချင်သလိုဖြစ်သွားတော့ ဘေးနားမှာရပ်နေတဲ့စွင်းရှီပင်းက လန့်ဖြန့်သွားပါတယ် “အိုက်ယိုး.. အစ်ကိုပိုင်.. အ အ အဆင်ပြေရဲ့လား?” သူက ခပ်မြန်မြန်ပဲ ကူတွဲပေးလိုက်တယ်။
ပိုင်လန်က နေရာမှာမြဲမြံအောင်ရပ်ပြီးမှ အောက်ငုံ့ကြည့်လိုက်တယ်။ သူ့ခြေညှပ်ဖိနပ်သဲကြိုးပြုတ်သွားတာဖြစ်ပါတယ် “ရတယ် ရတယ် ဖိနပ်ပြတ်သွားတာ၊ ကျေးဇူးပဲ”
သုံးယောက်အဖွဲ့က ချက်ချင်းပဲ ပိုင်လန့်ဘေးနားရောက်လာတယ်။ ခေါင်းဆောင်ဖြစ်တဲ့လူငယ်လေးက ပိုင်လန့်ကိုဖေးကူတွဲရင်းပြောပါတယ် “အစ်ကိုကြီးပိုင်.. ထိုင်လိုက် ထိုင်လိုက် နားလိုက်ဦး! ကျွန်တော် သွေးပေါင်ချိန်တိုင်းပေးမယ်!”
ဒီလိုမျိုးရေးကြီးခွင်ကျယ်အမူအရာတွေက ပိုင်လန့်အတွက်တော့ရိုးနေပါပြီ။ သူက ပြုံးရုံပြုံးပြပြီး ခြေထောက်မြှောက်ပြလိုက်တယ် “ဘာမှမဖြစ်ပါဘူး၊ ဖိနပ်ပြတ်သွားလို့ပါ”
လူငယ်လေးသုံးယောက်ထဲက ဗလအကောင်းဆုံးလူက ချက်ချင်းကို ထအော်ပါတယ် “ရှောင်ဝမ်! မင်းရဲ့အသုံးမကျတဲ့ဖိနပ်က ခဏခဏကိုပြတ်နေတော့တာပဲ! ဘယ်နှရံလောက်ရှိနေပြီလဲ! ဒီမှာ အစ်ကိုကြီးပိုင် ချော်လဲတော့မလို့ကွ!!”
ရှောင်ဝမ်ဆိုတဲ့လူငယ်လေးက ရိုက်ကွင်းပစ္စည်းတွေကိုတာဝန်ယူရတာပါ။ သူကကြားပြီး လန့်ဖြန့်သွားလို့ ထခုန်လိုက်မိတယ် “ဘာ!? ဖြစ်ပြန်ပြီလား! ကျွန်တော် ကျွန်တော် ချက်ချင်းလဲပေးမယ်၊ အိုက်ယိုး အိုက်ယိုး အိုက်ယိုး ဒီလိုဖြစ်မယ်မှန်းသိရင် ဒီဖိနပ်တွေကို X နိုင်ငံက ဝယ်မလာပါဘူး၊ ကွာလတီက စုတ်ပြတ်သတ်နေတာပဲ!”
သူ့ဘေးနားကလူတွေက အငေါ်တူးလှောင်ရယ်ကြပါတယ် “ဟား ဟား ဟား ရှောင်ဝမ်ရာ.. မင်းကလည်းတုံးလိုက်တာ၊ ဘာဖြစ်လို့ဖိနပ်ဖိုးကို ချွေတာချင်နေရတာတုန်း၊ ဘတ်ဂျတ်တွေမှ မင်းကိုဖို့သတ်ရင်တောင်ကုန်မှာမဟုတ်ဘူး၊ မင်း ပိုက်ဆံပိုဖြုန်းပေးရင်တောင် သူဌေးချိုးက ပိုကြိုက်ဦးမယ်!”
လူငယ်ဝန်ထမ်းလေးရဲ့မျက်နှာတစ်ခုလုံးက မည်းမှောင်သွားပါတယ် “ဒါပေမယ့် ဒီလိုပုံစံမျိုးက ရှာရခက်တယ်လေဗျာ၊ အကောင်းစားကြီးလည်းဖြစ်လို့မရဘူး၊ ခင်ဗျားတို့က လော်ကျိုက်ကို ဈေးကြီးတဲ့ဖိနပ်စီးစေချင်တာလား!”
အားလုံးက ဝါးလုံးကွဲရယ်လိုက်ကြပြန်တယ်။ ပြီးတော့မှ ဒီဖိနပ်တွေကို သုံးစက္ကန့်စူပါဂလူးနဲ့ကပ်သင့်တယ်လို့ အကြုံပြုကြတယ်။ ဒါရိုက်တာကြီးချင်ကန်းတောင်မှ ဒီစကားဝိုင်းထဲဝင်လာပြီး ဆိုင်မှာရှိသမျှဖိနပ်တွေအကုန်လုံး သွားဝယ်ထားဖို့ ပြောတယ်။ ပြီးမှ သူ့စိတ်ကြိုက်ရွေးမယ်တဲ့လေ။
ဒီအချိန်မှာ အဖွဲ့သားတစ်ယောက်က ဖိနပ်သစ်တစ်ရံပြေးယူလာပြီး ကိုယ်ကိုကိုင်းကာ ပိုင်လန့်ခြေထောက်ရှေ့ သွားချပေးတယ်။ ဘေးနားပတ်ပတ်လည်ကလူတွေ ပိုင်လန့်ကိုဝိုင်းပြုစုကြတာ မသိရင်သူကရုပ်ရှင်ဘုရင်ကြီးအလားပဲ။ အမျိုးသားဇာတ်ဆောင်နောက်တစ်ယောက်ဖြစ်တဲ့စွင်းရှီပင်းတောင်မှ ပိုင်လန့်ပြတ်သွားတဲ့ဖိနပ်ကိုကောက်ကိုင်ပြီး အသေအချာလေးအကဲဖြတ်နေတယ်။
ပုံမှန်ရိုက်ကူးရေးအဖွဲ့သားတွေဆိုရင်တော့ ဒီလိုမြင်ကွင်းတွေကို ကျင့်သားရနေကြတာသေချာပေမယ့် အခုလေးတင်မှ ရိုက်ကွင်းရောက်လာရင်တော့ မျက်စိစပါးမွှေးစူးနေမှာ အမှန်ပါပဲ။
ထောင့်တစ်နေရာမှာမတ်တပ်ရပ်နေတဲ့ လှပတဲ့မိန်းမပျိုလေးတစ်ယောက်ကတော့ လက်ကိုပိုက်ရင်း ကွန်ပလိန်းတက်နေပါတယ် “သူ့ကိုသူ ဘာမှတ်နေလည်းမသိဘူး၊ ကျန်တဲ့လူတွေအကုန်လုံး သူ့ကိုဆက်ဆံကြတာ အိုဗာတွေဖြစ်နေတယ်လို့ မထင်ဘူးလား၊ မြင်ရတွေ့ရတာစိတ်မချမ်းသာစရာကောင်းလိုက်တာ”
သူမဘေးမှာမတ်တပ်ရပ်နေတဲ့ဖေးဟုန်လည်း သူမစကားတွေကိုကြားပြီး မိန်းကလေးကိုတစ်ချက်လှည့်ကြည့်လိုက်ပါတယ်။ မိန်းကလေးက လှပတယ်။ ယုတ်စွအဆုံး ခေါင်းလေးဟိုလှည့်ဒီလှည့်တောင်မှ ညို့ဓါတ်အပြည့်နဲ့ဆွဲဆောင်မှုရှိပါတယ်။ ရိုးရိုးစင်းစင်းလှပတဲ့မိန်းမငယ်လေးတွေထက်စာရင်တော့ သူမကပိုပြီး ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့အတော်လေးကြည့်ကောင်းပါတယ်။
အတင်းတုတ်နေတဲ့မိန်းကလေးလည်း ဖေးဟုန်ရဲ့အကြည့်ကို သတိပြုမိပါတယ်။ သူမက မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းပြောတယ် “ဟုတ်တယ်မလား အစ်မဟုန်? အဲဒိပိုင်လန်ဆိုတဲ့လူက နာမည်ကြီးလည်းမဟုတ်ဘဲနဲ့၊ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက မြုပ်သွားပြီးသားဟာကို၊ သူဌေးချိုးမျက်နှာကြောင့်သာ လူတွေကဝိုင်းဖားနေကြတာမဟုတ်ဘူးလား? အဲ့ဒါကိုများ အဟုတ်ကြီးထင်နေတယ်၊ တော်တော်အရှက်မရှိတဲ့လူ”
ဖေးဟုန်က မိန်းကလေးကို စုန်ချည်ဆန်ချည်ထပ်ကြည့်တယ်။ ပြီးတော့မှ အပြုံးလေးရေးရေးနဲ့မေးပါတယ် “သူ့နေရာမှာမင်းဆိုရင်ရော ဘာလုပ်မှာလဲ?”
“ကျွန်မလား?” မိန်းကလေးက ခဏတော့ရပ်သွားတယ်။
“အင်း” ဖေးဟုန်က ပိုင်လန့်ဘက်ဆီလှမ်းကြည့်ရင်းပြောပြန်တယ် “တကယ်လို့ မင်းသာ သူဌေးချိုးဆီက အဲ့လောက်အချစ်ခံရရင် ဘယ်လိုလုပ်မှာလဲ?”
မိန်းကလေးရဲ့ကြည်လင်ဖြူဖွေးနေတဲ့အသားအရည်က ရှက်သွေးကလေးနဲ့ရဲဖြာသွားတယ် “တကယ်လို့.. တကယ်လို့.. ကျွန်မသာဆိုရင် တစ်ခြားသူတွေကိုအလုပ်ရှုပ်အောင် လုံးဝမလုပ်ဘူး”
မိန်းကလေးက ဒီအကြောင်းကိုတိတ်တိတ်လေးစိတ်ကူးယဉ်နေမှန်း မျက်နှာပေါ်ကရှက်သွေးနီကလေးတွေကိုကြည့်ပြီး သိနိုင်ပါတယ်။ ဖေးဟုန်ရဲ့မျက်လုံးထဲမှာတော့ ရယ်မြူးရိပ်လေးဖြတ်ပြေးသွားတယ်။ ဒီလိုမျိုး မနာလိုအူတိုမိန်းကလေးငယ်လေးတွေကို သူမဘာမှမှတ်ချက်မပေးလိုဘူး။ အဲဒိအစား တစ်ဖက်ကိုလှည့်လိုက်ပြီး ပိုင်လန့်ဆီကိုသာ ခြေလှမ်းကျဲကြီးနဲ့လျှောက်သွားလိုက်တယ်။
‘ရှုပ်ထွေးနေသောလမ်းမများ’ရဲ့ ငါးခုမြောက်အမှုက နောက်ယောင်ခံလိုက်ခံရလို့ ရဲအစောင့်အရှောက်ယူနေရတဲ့နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ရဲ့ဇာတ်လမ်းပါ။ နဂိုက ဒီနေရာကို စုချွမ်သရုပ်ဆောင်ရမှာဖြစ်တယ်။ ဒါပေမယ့် သုံးနှစ်ကြာပြီးတဲ့နောက်မှာတော့ အမျိုးသားကနေ အမျိုးသမီးကိုပြောင်းသွားပြီး ရိုက်ကူးရေးအဖွဲ့တွေက အောင်မြင်မှုသရဖူဆောင်းဆဲဖေးဟုန်ကို ကမ်းလှမ်းခဲ့ကြတယ်။ ဒါကြောင့်ပဲ ဒီနေ့ရဲ့ရိုက်ကွင်းမှာ ဖေးဟုန်ရောက်နေတာဖြစ်ပါတယ်။ နောက်ပြီးအစောတုန်းက ဖေးဟုန်ဘေးမတ်တပ်ရပ်နေတဲ့မိန်းကလေးက ရွှီရှင်းဖင်လို့ခေါ်ပြီး ဖေးဟုန်လက်ထောက်နေရာက သရုပ်ဆောင်မှာဖြစ်တယ်။ သူမကတော့ လွန်ခဲ့တဲ့နှစ်ဝက်ကမှ နာမည်ကြီးစပြုလာတဲ့ တက်သစ်စလေးပါ။
ရိုက်ကွင်းအဝတ်အစားတောင် မလဲရသေးဘဲ ရှုတင်လာတဲ့ရိုးရိုးအဝတ်အစားနဲ့ ဖေးဟုန်တစ်ယောက် သူ့ဆီလမ်းလျှောက်လာတာကိုမြင်တဲ့အခါ ပိုင်လန်က မတ်တပ်ထရပ်ဖို့ကြံတယ်။ ဒါပေမယ့် ဘေးနားက သွေးခုန်နှုန်းတိုင်းပေးနေတဲ့လူငယ်လေးက သူ့ကို ခပ်တင်းတင်းပဲ ထိုင်ခုံပေါ်ပြန်ဖိချပါတယ်။ အခုတော့ ပိုင်လန်က ပါးစပ်လေးနဲ့ပဲ ဖေးဟုန်ကိုနှုတ်ဆက်လိုက်ရပြီ “မစ္စဖေး .. မတွေ့ရတာကြာပြီနော်၊ ကျွန်တော်ထလို့မရလို့ အားနာလိုက်တာ”
“မတွေ့ရတာကြာပြီရှင်” ဖေးဟုန်ကပြုံးတယ် “ရပါတယ် အားမနာပါနဲ့၊ လုပ်စရာရှိတာလုပ်၊ ကျွန်မက ရှင့်ကိုတွေ့လို့လာနှုတ်ဆက်ရုံလေးတင်၊ ဒီဇာတ်လမ်းတွဲက ကြိမ်းသေပေါက်မှာ သေချာတယ်ရှင့်၊ ကျွန်မကို ဝင်ပါဖို့အခွင့်အရေးပေးတာ အများကြီးကျေးဇူးတင်ပါတယ်”
“ဒါရိုက်တာကြီးက မစ္စဖေးကိုရွေးတာပါ၊ ကျွန်တော်မဟုတ်ပါဘူး” ပိုင်လန်ကပြုံးတယ် “နောက်ပြီးတော့ .. ဒီစကားကို ကျွန်တော်တို့ပြောသင့်တယ်ထင်လို့ပါ၊ ပြီးခဲ့တုန်းက သတိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
“ကျေးဇူးတင်ဖို့မလိုပါဘူး၊ ဦးနှောက်ရှိတဲ့လူတိုင်း ကျွန်မလုပ်သလို လုပ်ကြမှာပဲ” ဖေးဟုန်ရဲ့အပြုံးလေးက နည်းနည်းတော့လျော့သွားတယ် “ဒါပေမယ့် ရှက်စရာကြီးဖြစ်သွားတယ်၊ ရှင်တို့ကို အပြည့်အဝမကူညီလိုက်နိုင်တာ ကျွန်မစိတ်မကောင်းပါဘူး”
“ဘာပဲဖြစ်ဖြစ် ကူညီဖို့ကြိုးစားရုံနဲ့တင်ကို ကျွန်တော်တို့က ကျေးဇူးတင်နေပါပြီ” ပိုင်လန်က စိတ်ထဲကလှိုက်လှိုက်လှဲလှဲနဲ့ကိုပြောလိုက်တယ်။
ပိုင်လန့်ရဲ့စကားကိုကြားတော့ ဖေးဟုန်ကခေါင်းလေးစောင်းရင်း ရုတ်တရက်ပြောပြန်တယ် “တကယ်တော့ အမှန်အတိုင်းဝန်ခံရရင် ရှင်ကမှ ကျွန်မကိုသတိပေးတဲ့လူပါ”
ပိုင်လန်က အံ့သြသွားရပြီ “ကျွန်တော်က သတိပေးတယ်?”
“အရင်တုန်းက ရှင်ပြောခဲ့တာလေ၊ အခြားတွေကို ရှင့်အပေါ်လုပ်ချင်သလိုလုပ်ခွင့်မပြုနိုင်ဘူး လေးစားဖို့ထိုက်တန်အောင်ကြိုးစားမယ် ဆိုတာလေ”
ပိုင်လန်က ခဏစဉ်းစားသွားပြီးမှပြုံးလိုက်တယ် “ဒီနှစ်တွေအတွင်းမှာ မစ္စဖေးက ကျွန်တော့်ထက်တောင် ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ”
“ရှင် မှတ်မိလိမ့်မယ်မှန်း ကျွန်မသေချာသိတယ်” ဖေးဟုန်က မျက်ခုံးတွေကိုပင့်လိုက်ရင်း သိမ်မွေ့စွာနဲ့ လက်တစ်ဖက်ကိုကမ်းပေးလိုက်တယ် “ကျေးဇူးပြုပြီး သင်ကြားပေးပါဦး”
ဒီအချိန်မှာ ပိုင်လန်က အောင်အောင်မြင်မြင်မတ်တပ်ထရပ်လိုက်နိုင်တယ်။ သူက ဖေးဟုန်လက်ကိုပြန်ဆွဲရင်း လက်ဆွဲနှုတ်ဆက်လိုက်ပါတယ် “ကျေးဇူးပြုပြီး သင်ကြားပေးပါ”
ဖေးဟုန်ရဲ့မျက်နှာနဲ့လက်ဖဝါးနှစ်ခုလုံးက နွေးခနဲဖြစ်သွားတယ်။ သူမက လှလှပပပြုံးပါတယ်။ သူမ တစ်ခုခုထပ်ပြောလိုက်ချင်သေးပေမယ့်လည်း ချိုးချန်တစ်ယောက် သူတို့ရှိရာလျှောက်လာတာကို မျက်လုံးထောင့်စွန်းကမြင်လိုက်မိတာကြောင့် လက်ကိုရုတ်သိမ်းလိုက်ပါတယ်။ ပြီးတော့ နှုတ်ဆက်ပြီးထွက်သွားတယ်။
ချိုးချန်လည်း ပိုင်လန့်နားကို ခြေလှမ်းကျဲကြီးတွေနဲ့လျှောက်လာတယ်။ သူက နေကာမျက်မှန်ကိုချွတ်ပြီး မျက်မှောင်ကြုံ့ကြည့်တယ် “နေမကောင်းဘူးလား?”
ပိုင်လန့်ဘေးနားကခုံပေါ်မှာတင်ထားတဲ့ သွေးပေါင်ချိန်ကိရိယာကြီးက အခုလေးတင်သုံးထားမှန်း သိသာလှတယ်။
“ပုံမှန်တိုင်းတာပါ” ပိုင်လန်က ချိုးချန်ကိုဖွဖွပုတ်ရင်းစကားလမ်းကြောင်းလွှဲတယ် “ကျွန်တော်မျက်နှာသစ်ချင်လို့ လိုက်ခဲ့ပါလား၊ အပြင်မှာပူတယ်”
ချိုးချန်က ကျေနပ်ပုံမရဘူး။ သူက အခုလေးတင် ပိုင်လန့်ကိုသွေးပေါင်ချိန်တိုင်းပေးပြီးသွားတဲ့ လူငယ်လေးကို တစ်ချက်ကြည့်လိုက်တယ်။
လူငယ်လေးက ချက်ချင်းပဲခေါင်းညိတ်ပါတယ် “အကုန်လုံးကောင်းပါတယ် သူဌေးချိုးခင်မျ.. ကျွန်တော် အခုလေးတင်တိုင်းပြီးသွားတာပါ!”
“ဒါဆို ဘာဖြစ်လို့ပူနေရတာတုန်း၊ နေပူလို့ပင်ပန်းသွားတာလား ပြစမ်း” ချိုးချန်ရဲ့ခေါင်းက ရှေ့ကိုတက်လာပြီး ပိုင်လန့်နဖူးကို သူ့နဖူးနဲ့ကပ်လိုက်တယ်။
ဒီလိုမျိုး လူမြင်ကွင်းမရှောင် သူမြင်ကွင်းမရှောင် အသားယူတတ်တဲ့အပြုအမူတွေက ရိုက်ကွင်းပထမနေ့စကတည်းက ဖြစ်ပျက်နေတာ နေ့တိုင်းနေ့တိုင်းအကျင့်တောင်ဖြစ်နေပြီ။ ဒါပေမယ့် ပိုင်လန်ကတော့ နေသားမကျသေးဘူး။ သူက ချိုးချန်ကိုတွန်းထုတ်လိုက်တယ် “ဘာမှမဖြစ်ဘူး အကုန်လုံးနော်မယ်ပဲ၊ သွားကြစို့.. ကျွန်တော် ဗိုက်ဆာနေပြီ”
“ဟင်.. ဒါဆိုမင်းက ပူရုံပူနေတာမဟုတ်ဘဲ ဗိုက်ပါဆာနေတာပေါ့! သွားမယ် လာ လာ သွားစားကြမယ်!”
ချိုးချန်က ပိုင်လန့်လက်ကိုကိုင်းပြီး ရိုက်ကွင်းပေါ်က အဝတ်လဲခန်းထဲကို ဆွဲခေါ်လာတယ်။ ဒါပေမယ့် နည်းနည်းပဲလှမ်းရသေးတယ် နူးနူးညံ့ညံ့အော်သံလေးတစ်ခုကိုကြားလိုက်ရလေတယ် “အားယိုး!”
သူတို့နဲ့ခြေလှမ်းအနည်းငယ်အကွာမှာတော့ မိန်းမငယ်လေးတစ်ယောက်က သူမခြေသလုံးကိုကိုင်ထားရင်း မြေကြီးပေါ်မှာလဲကျနေတယ်။ သူမဘေးပတ်လည်မှာလည်း သူမကိုင်လာတဲ့စာရွက်စာတမ်းတွေက ပျံ့ကျဲနေတယ်။ အဲဒိထဲက တစ်ရွက်က ချိုးချန်ခြေထောက်နားတောင်ရောက်လာတယ်။
မိန်းကလေးက ကျလုဆဲဆဲမျက်ရည်တွေနဲ့ သူတို့နှစ်ယောက်ရှိရာကိုလှမ်းကြည့်ပါတယ်။ ချိုးချန်ကိုတော့ ပိုပိုသာသာလေးကြည့်တာပေါ့လေ။
ပိုင်လန်က မြေကြီးပေါ်ကမိန်းကလေးကိုဆွဲထူပေးဖို့ပြင်တယ်။ ဒါပေမယ့် ချိုးချန်ရဲ့လက်မောင်းရှည်ကြီးနဲ့ ပြန်ဖမ်းဆွဲတာကို ခံလိုက်ရပါတယ်။
ချိုးချန်က စာရွက်တစ်ထပ်လိုက်ကြီးကို မိန်းကလေးရဲ့လက်ထဲထိုးသိပ်ပြန်ထည့်ပေးလိုက်တယ်။ ပြီးတော့ သူမဆီက ပြန်စကားတောင်စောင့်မနေဘူး၊ ပိုင်လန့်လက်ကိုဆွဲကာ အဝေးကိုဆက်လျှောက်သွားပါတယ်။
ဒါပေမယ့် ခပ်တိုးတိုး တုတ်ထည့်လိုက်ဖို့လည်း သူကမမေ့ဘူး “ကောင်မလေးက ရှပ်ပြာရှပ်ပြာနဲ့ ခဏခဏချော်လဲနေတာပဲလား၊ ဒါရိုက်တာချင်ကိုပြောပြီး ပိုပြီးလက်မြဲတဲ့လူတစ်ယောက်ပြောင်းမှနဲ့တူတယ်”
ပိုင်လန်လည်း လှည့်မကြည့်တော့ဘူး၊ ခပ်တိုးတိုးပဲ ပြန်ဖြေပေးလိုက်တော့တယ် “ရတယ် မလိုပါဘူး၊ သူက ရိုက်ကွင်းပေါ်မှာဆိုရင်တော့ ခြေခိုင်ပါတယ်”
မိန်းမငယ်လေးက အတိအကျကို အစောတုန်းက ဖေးဟုန်နဲ့စကားပြောနေခဲ့တဲ့ ရွှီရှင်းဖင်ဖြစ်တယ်။ အခုတော့ သူမမျက်နှာက လုံးလုံးပြောင်းလဲသွားပြီ။ သူမက နှုတ်ခမ်းကိုကိုက်ရင်း ထွက်သွားတဲ့နှစ်ယောက်ကိုသာကြည့်နေတယ်။ ပြီးတော့မှ မြေကြီးပေါ်ကထကာ ထော့နင်းထော့နင်းလမ်းလျှောက်သွားပါတယ်။
ဒီမြင်ကွင်းကို အဝေးကလှမ်းကြည့်နေတဲ့ဖေးဟုန်မြင်မိပြီး နှုတ်ခမ်းဖျားမှာလှောင်ပြုံးရေးရေးလေးပေါ်လာတယ်။ သူမ လေးစားရတဲ့အဲဒိလူ….. အဲဒိလူဘေးနားမှာရပ်နေနိုင်တဲ့လူ၊ အဲဒိလူကိုလက်ဆွဲခေါ်ခွင့်ရှိတဲ့လူကို သူမသိပ်အားကျတာပဲ။ (***)
ဒါပေမယ့်လည်း အရာအားလုံးကို သူမသဘောပေါက်ပြီးဖြစ်ပါတယ်။
သူမအတွက်တော့ အဝေးကလှမ်းမျှော်ကြည့်ရတာပဲ ပိုကောင်းပါလိမ့်မယ်။
***
နှစ်ပတ်ကြာပြီးနောက်မှာတော့ “သောက်ကျိုးနည်းအံ့သြဘ” ဆိုတဲ့စကားလုံးက လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလာခဲ့တယ်။
ဒီစကားလုံးက ‘ရှုပ်ထွေးနေသောလမ်းမများ’ထဲမှာ လော်ကျိုက်ပြောလေ့ရှိတဲ့စကားလုံးဖြစ်ပါတယ်။
ဒါရိုက်တာကြီးချင်ကန်း၊ အထူးသရုပ်ဆောင်ဖေးဟုန်နဲ့ အခြားသောအဖွဲ့သားတွေပါဝင်ထားတဲ့ ‘ရှုပ်ထွေးနေသာလမ်းမများ’က တီဗွီမှာပြသလျှင်ပြသခြင်း ကြည့်ရှုနှုန်းအများဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်လာတယ်။ သည်းထိတ်ရင်ဖိုစရာကောင်းလှတဲ့ဇာတ်ကြောင်းက အလွမ်းအသောအဖုံဖုံရသစုံလှပြီး လှပပြောင်မြောက်တဲ့တိုက်ခိုက်ခန်းတွေနဲ့ ရယ်စရာဇာတ်ကွက်တွေလည်း ပြည့်နှက်လို့နေတယ်။ ဒီလိုပြကွက်တွေနဲ့ ပထမဆုံးအပိုင်းစလွှင့်ကတည်းက ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ပြီး အဓိကဇာတ်ဆောင်နှစ်ယောက်ရဲ့တမူထူးခြားတဲ့ကာရိုက်တာကိုလည်း အပြည့်အဝပုံဖော်ခဲ့ပါတယ်။
အထူးသဖြင့် သာမန်မဟုတ်တဲ့အတွေးတွေနဲ့ ရိုးသားတာထက်တစ်ဘက်ကမ်းလွန်နေတဲ့ ပထမဇာတ်လိုက်ချန်ဖုန်းကော်၊ လှပတဲ့မျက်နှာအောက်မှာအဆိုးမြင်ဝါဒကိုဖုံးကွယ်ထားပြီး အဘိုးအိုကြီးတစ်ယောက်လိုပေါက်ပေါက်ဖောက်တတ်လွန်းတဲ့ ဒုတိယဇာတ်လိုက်လော်ကျိုက်။ ဇာတ်လမ်းရဲ့ပထမဆုံးအပိုင်း ၎င်းတို့နှစ်ယောက်စတွေ့ပြီး တစ်ယောက်ကိုတစ်ယောက်အထင်အမြင်လွဲမှုတွေစတင်ကတည်းက ကြည့်ရှုသူတွေအားလုံးရဲ့အာရုံကို မလွတ်တမ်းဆွဲယူသွားတော့တယ်။
‘ရှုပ်ထွေးနေသောလမ်းမများ’ရဲ့ (၄၅)မိနစ်စာ ပထမပိုင်းထုတ်လွှင့်မှုက တစ်ပတ်အတွင်းကြည့်ရှုနှုန်းဇယားမှာ နံပါတ်(၃)ချိတ်ခဲ့တယ်။ အပိုင်း(၁)ရဲ့ နောက်ဆုံးမှာတော့ ချန်ဖုန်းကော်က လော်ကျိုက်ကို နံရံမှာကပ်ကာလည်ပင်းညှစ်ထားခဲ့တယ်။ သူ့မျက်နှာတစ်ခုလုံးက နီရဲနေပြီး တစ်ဖက်သားကိုအော်ဟစ်နေတယ် “မင်း မင်း! သူခိုးကောင်! ငါ့ဘောင်းဘီပြန်ပေးစမ်း!!” ။ ဒီအခန်းကိုထုတ်လွှင့်ပြီးချိန်မှာတော့ တီဗွီရှေ့ထိုင်ပြီးကြည့်ရှုနေကြတဲ့ ပုတ်သိုးနေသောအမျိုးသမီးများကောင်းမှု တနည်းအခေါ် ဖူဂျိုရှိများကောင်းမှု (T/N နောက်တစ်နည်းအခေါ် ယူတို့ အိုင်တို့ကောင်းမှု) နဲ့ ဇာတ်လမ်းတွဲက နံပါတ်(၁)နေရာကို ချိတ်သွားပါတယ်။ အဲဒိနေ့ကစပြီးတော့ ‘ရှုပ်ထွေးနေသောလမ်းမများ’က ထိပ်ဆုံးကနေကို မဆင်းတော့ပါဘူး။
ဒါပေမယ့် Please!! ..ဒီနေရာမှာ ရှင်းရှင်းလင်းလင်းသိထားသင့်တာက ‘ရှုပ်ထွေးနေသောလမ်းမများ’က အပုတ်အသိုးတွေရောင်းဖို့ တစ်စိလေးတောင်မရည်ရွယ်ဘူးဆိုတာကိုပဲ။ လော်ကျိုက်နေရာသရုပ်ဆောင်တဲ့မင်းသားက ဇာတ်လမ်းတွဲပိုင်ရှင်ကြီးရဲ့ ချစ်ရသူအိမ်သူသက်ထားလေးလေ။ နောက်ကွက်ကပိုင်ရှင်ကြီးက နေ့တိုင်းနေ့တိုင်း ရိုက်ကွင်းလာပြီး စောင့်ကြည့်တတ်သေးတာ။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူကအတင့်ရဲပြီး အပုတ်အသိုးတွေရောင်းဝံ့မှာလဲ? ဘရိုမန့်တွေ ဇာတ်ညွှန်းထဲထည့်ဝံ့မှာလဲ?
တစ်ခုတည်းသောဖြစ်နိုင်ချေက ငယ်ရွယ်ပြီးသြဇာရှိလှတဲ့ဆိုးသွမ်းလူငယ်လေး လော်ကျိုက်ကြောင့်ပဲဖြစ်ပါလိမ့်မယ်။ ကြယ်တံခွန်တွေလိုမျိုးထင်ပေါ်လွန်းလှတဲ့လော်ကျိုက်က သူ့ဘေးနားမှာရှိတဲ့လူတွေအကုန်လုံးကို ဆွဲဆောင်ထားနိုင်တယ်။ ပထမဇာတ်လိုက်ချန်ဖုန်းကော်တောင် ဒီစက်ကွင်းကနေ မလွတ်မြောက်နိုင်ဘူး။ ဒါကြောင့်ပဲ မရည်ရွယ်ခဲ့သော်ငြား သူတို့နှစ်ယောက်ဇာတ်ဝင်ခန်းတွေက ship ချင်စရာကောင်းလှအောင် ပုတ်ပွနေခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အပိုင်း(၁)ကတည်းကစလို့ ‘ရှုပ်ထွေးနေသောလမ်းမများ’ရဲ့ အွန်လိုင်းစာမျက်နှာပေါ်မှာ ဒီလိုအကြောင်းအရာတွေနဲ့ပဲပြည့်နှက်နေခဲ့ပါတယ်။
“အိုးမိုင်ဂေါ့! လူတစ်ယောက်က ဘယ်လိုလုပ် တစ်ချိန်တည်းမှာပဲ ဆိုးရွားပြီးချောမောနေနိုင်ရတာလဲ! ကြည့်ကောင်းလိုက်တဲ့ကလေကချေလေး! ဒါမျိုးလေးက နောက်ပိုင်းခေတ်စားလာမှာ!!”
“ငါ့မျက်လုံးတွေကန်းကုန်ပြီ!! ပိုင်လန်က မြေကြီးပေါ်လှိမ့်နေတယ်တဲ့! ဒါ ဒါ ငါ့မင်းသားလေးလား အား!!”
“သူချနေတာ ကြည့်လို့ကောင်းလိုက်တာဟယ်! မျက်စိအစာကျွေးရတာ တကယ်တန်တယ် ဟုတ်တယ်နော်”
“မေမေကြီးစွင်းလည်း ကောင်းပါတယ်နော်! ရဲအရာရှိတစ်ယောက်က ဘယ်လိုတောင်တုံးပြီးချစ်ဖို့ကောင်းနေရတာလဲ! အားးး ဘဝကြီးကလွယ်ကူမနေဘူးးးး!!”
“ဟုတ်တယ် ဟုတ်တယ်!! သူက ပိုင်လန်နဲ့အရမ်းလိုက်တယ်!! ဟိုချိုးချန်ဆိုတာကြီးကို ခေါက်ထားလိုက်!! လောင်စွင်းနဲ့ပိုင်လန်ကမှ အချစ်စစ်အချစ်မှန်!!”
“နှာဘူးမတွေ ဝေးဝေးသွားကြစမ်း!! ဒါက မိတ်ဆွေသူငယ်ချင်းတွေမှန်း သိသာနေတာကြီးကို!! အိုကေ ရှင်းလား!! မရှင်းရင်လည်း ငါ့ဖင်ပဲရမယ် အပုတ်မတွေရဲ့!!”
“ထောက်ခံပါတယ်ဗျို့! စောင်အပုတ်မတွေကို ဖင်လေးပေးလိုက်ကြစမ်းပါ!!”
“ဖီ ဖီ ဖီ!! အက်ဒမင်ဘယ်မှာလဲ! အက်ဒမင်!! ဒီအရိုင်းအစိုင်းတွေကို မြန်မြန်ဘန်းထဲ့လိုက်စမ်းပါ!!”
“နေဦး နေကြပါဦး! ဇာတ်လမ်းထဲမှာ မင်းသမီးပါသေးတယ်မဟုတ်ဘူးလား!”
“အယ် အို ဘယ်သူလဲ? ဖေးဟုန်ပါတယ်လို့တော့ကြားတယ်? ငါဘာလို့မသိရတာတုန်း?”
“ဖေးဟုန်က ဧည့်သည်သရုပ်ဆောင်၊ ဒါဆို မင်းသမီးကဘယ်သူလဲ၊ ဟိုရဲမေလုပ်တဲ့တစ်ယောက်လား?”
“သူလား!? သူက ဘယ်သူနဲ့တွဲမှာတုန်း? ပိုင်လန်နဲ့လား မေမေကြီးစွင်းနဲ့လား? ငါတော့ နှစ်ယောက်လုံးနဲ့သဘောမတူဘူး!!”
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်!! မင်းသမီးဖြစ်ပြီးဆွဲဆောင်မှုကိုတစ်စိလေးမှမရှိဘူး! ပျော့စိပျော့ဖတ်နဲ့! လူလဲလို့ရမလား!!”
“မင်းသမီးကအရေးပါလို့လား! တစ်ယောက်မှမပါရင် ပိုတောင်ကြိုက်သေးတယ်! ဒါက သည်းထိတ်ရင်ဖိုမှုခင်းဇာတ်လမ်း!!”
“မင်းသမီးမပါတာက ပိုကောင်းပါတယ်ဗျု့ိ!! မင်းသမီး ဘယ်သူလဲ! ဒုန်း ဒုန်း ဘယ်သူလဲ!!”
“မင်းသမီးပါတယ်ဟ!!”
“မပါဘူး +၁၀၀၈၆!!”
“မပါဘူး +၂!”
***
ဒီလို အာပေါင်အာရင်းသန်သန်နဲ့ ပရိသတ်တွေဆွေးနွေးနေကြချိန်မှာ ပိုင်လန်ကတော့ ဇာတ်ညွှန်းရဲ့နောက်ဆုံးပိုင်းတွေကို ဖတ်နေခဲ့တယ်။
ကြည့်ရှုသူတွေငြင်းခုန်နေကြသလိုပါပဲ ‘ရှုပ်ထွေးနေသောလမ်းမများ’မှာ တကယ်ကြီးကို မြှပ်ထားတဲ့အမျိုးသမီးဇာတ်လိုက်ရှိနေခဲ့တယ်။
ပိုင်လန်က ဇာတ်ညွှန်းထဲမှာပါတဲ့အကြင်နာအနမ်းခန်းတွေကို ဖတ်နေရင်းမှာ ဘေးနားကဆိုဖာခုံပေါ်မှာထိုင်ပြီး ချိုးရှောင်ဟိုင်အိမ်စာတွေကိုစစ်နေတဲ့ ချိုးချန်ဆီကိုလည်း တစ်ချက်လှမ်းကြည့်မိသေးတယ်။
ပြီးတော့မှ သူက ဇာတ်ညွှန်းစာအုပ်ကိုပြန်ဖတ်တယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ အဲဒိအနမ်းခန်းရိုက်တဲ့နေ့ကျရင် ရိုက်ကွင်းကို ချိုးချန်မလာနိုင်အောင် သေချာလုပ်ထားရမယ်လို့ တိတ်တိတ်လေးတွေးနေမိပါတယ်။
………………………….
.
(*** T/N … အိုကေ အပေါ်ကအဲ့နားကို နားမလည်လည်း ရှင်းပြတော့မယ်၊ အစ်မကြီးဖေးဟုန်က အားပိုင်ကိုခွက်နေတာပါနော်၊ ဒါကြောင့် ချိုးချိုးကို သိပ်အားကျတာပဲတဲ့)
………………………….