(53) ဇာတ်လမ်းထဲမှာ၊ ဇာတ်လမ်းပြင်ပမှာ
“သောက်ကျိုးနည်းအံ့သြဘ! မင်း အခု ငါ့ကိုရိုက်လိုက်တာလား?! ငါက ဟန်ပြလုပ်ခိုင်းနေတာကို မင်းကတကယ်ကြီးလုပ်လိုက်တယ်! အဲ့လောက်တောင်သဘောထားသေးသိမ်တဲ့ကောင်မှန်း မသိလိုက်ဘူး! ငါက မင်းဘောင်းဘီလေးကို ငှားရုံငှားတာလေ! လျှော်ပြီးတော့ပြန်ပေးမှာပေါ့! အဲ့တာဘာများကြီးကျယ်သွားလို့လဲ?! အဲ့ဒါကို အခုထက်ထိမှတ်ထားနေတုန်းပဲလား ကပ်စီးနည်းလိုက်တဲ့ကောင်!”
“ငါ.. ငါက..ကပ်စီးနည်း..၊ အခုလေးတင် သခင်လေးနျန့်ရှေ့မှာ အကုန်လုံးပေါ်ကုန်မှာကြောက်နေတာ ဘယ်သူလဲ?! ငါက မင်းကိုထိရုံပဲထိတာ ကျိုးကန်းကုန်လို့လား!”
“သောက်ကျိုးနည်းအံ့သြဘ!! မင်းကအိုကေဆိုတိုင်း ငါကအိုကေလိုက်ရမှာလား!! ဒီလိုလုပ်လေ ငါတို့နေရာလဲပြီး ငါမင်းကိုရိုက်မယ်!! အစောတုန်းကမင်းလက်သီးက ငါ့နှာခေါင်းကိုမထိုးရုံတမယ်ပဲ!! ငါသာအမြန်မရှောင်ရင် အခုလောက်ဆိုနှာခေါင်းရိုးကျိုးနေလောက်ပြီ!! ကြည့် ကြည့် ဘယ်လောက်ယောင်ကိုင်းသွားလဲကြည့်မလား!! အညိုအမည်းတွေတောင်စွဲနေပြီ!! ရဲအရာရှိကြီးချန်!!”
“အပိုတွေလုပ်မနေနဲ့၊ အိမ်ပြန်ပြီးကြက်ဥလေးနဲ့လှိမ့်လိုက်ရင်ရနေပြီ၊ မင်းကလေ အမြဲတမ်းနားမခံသာလောက်အောင် ပွစိပွစိလုပ်လွန်းတယ်၊ အမေအိုကြီးကျနေတာပဲ…”
“အမေအိုကြီး?! အဲ့ဒိတော့ဘာဖြစ်လဲ? ငါကအမေအိုကြီးနဲ့တူတော့ဘာဖြစ်လဲ? အမေဆိုတဲ့လူကပဲ မင်းကိုမွေးထားတာမဟုတ်ဘူးလား! သောက်ကျိုးနည်းအံ့သြဘ!! အဲဒိ‘အမေအိုကြီး’ဆိုတဲ့စကားကို လူတွေဆဲဖို့သုံးကြတာအမုန်းဆုံးပဲ! မင်းအမေကတော့ မင်းကိုခက်ခက်ခဲခဲမွေးထုတ်လိုက်ရတာ မင်းကသူ့ကိုဆဲဖို့သုံးတယ်! မွေးပေးလိုက်တာနဲ့အကြွေးတင်သွားတဲ့အတိုင်းပဲ! သားလိမ္မာလေးရဲ့!… အိုး! မဟုတ်ဘူး! ဘယ်ဟုတ်မလဲ၊ ငါသိပြီ၊ မင်းကိုကြည့်စမ်း! မင်းက တခြားသူတွေပြောပြောနေတဲ့ မားမားဘွိုင်းပုံစံအတိုင်းပဲ၊ မားမားဘွိုင်းလေး! ဘဝကြီးကလွယ်ကူမနေဘူး တခြားသူကိုဆဲချင်တာတောင် မေမေ့အကူအညီခေါ်နေတဲ့ မေ့မေ့ချစ်သားလေး...”
(T/N မားမားဘွိုင်း= အမေစကားတစ်ခွန်းဆိုတစ်ခွန်း မြေဝယ်မကျနားထောင်သော၊ အမေမျက်နှာသာလျှင် တစ်ကမ္ဘာထင်နေသော၊ အသက်ဘယ်လောက်ကြီးကြီး မေမေ့အုပ်ထိန်းမှုအောက်မှာရှိနေသော ကမ္ဘာပေါ်ရှိ သားကြီး သားလတ် သားလေးများ)
“တော်ပြီ တော်ပြီ တော်ပြီ! ရပ်လိုက်တော့! ငါပဲမှားတာ အကုန်လုံးငါ့အမှားတွေပဲ ရပြီလား?! ငါတို့အဲ့ကားနောက်ကိုလိုက်ဦးမှာလား မလိုက်ဘူးလား?! မင်းဆက်ပြီးမြည်တွန်တောက်တီးနေမယ်ဆို သခင်လေးနျန့်ကားကိုလွတ်တော့မယ်!”
“မင်းဆိုတဲ့ရဲအရာရှိကလေ ရဲသင်တန်းကျောင်းမှာ ဘာတွေများသင်လာခဲ့လဲမသိဘူး၊ မင်းလိုလူမျိုးက….”
တီဗွီစကရင်ပေါ်ကလူရဲ့မျက်နှာကို သူရင်းနှီးနေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဒါပေမယ့်အခု အဲဒိမျက်နှာပေါ်မှာ ခါတိုင်းလိုခန့်ညားသိမ်မွေ့တဲ့အရိပ်အယောင် တစ်စက်လေးမှမရှိဘူး။ လုံးဝဥဿုံလူဆိုးလေးတစ်ယောက်အတိုင်းပဲ။ ဇာတ်ကားထဲမှာမြင်နေရတဲ့ သူ့နှုတ်ခမ်းတွေက သုံးရက်သုံးညထိုင်ဆဲနေမယ်ဆိုရင်တောင် ဆဲလို့ရမယ့်သဘောမှာရှိတယ်။ ဒါက သိပ်ကိုဆိုးရွားပါတယ်။ နောက်ပြီး ဆိုးသွမ်းလူငယ်လေးက အခုလေးတင် ဖိုက်တင်ပလေးလိုက်တာကြောင့် ရှပ်အင်္ကျီကော်လံတွေဖရိုဖရဲနဲ့ လည်ပင်းတဝိုက်ညှပ်ရိုးလေးတောင်ပေါ်နေတယ်။
ခန်းကျန့်က ဘီစကွတ်တစ်ချပ်ကိုစားနေဆဲမှာ ရုတ်တရက်ကြီး ကြက်သေသေသွားတယ်။ သူ့အာခေါင်တွေခြောက်လာပြီး မျက်လုံးကတော့ ထင်းထင်းပေါ်နေတဲ့ညှပ်ရိုးဖြူဖြူလေးနားက မခွာနိုင်ဘူး။ ဒီအချိန်မှာ ဆိုဖာထိုင်ခုံညာဘက်က တစ်ယောက်ယောက်ဝင်ထိုင်လိုက်သလိုမျိုး အိကျသွားတယ်။ ဒါပေမယ့် တစ်ဖက်လူစကားမစခင်အထိ ခန်းကျန့်က တုတ်တုတ်မလှုပ်သေးပါဘူး။
“ရှင့်ကိုခေါ်နေတာ အခါတစ်ရာလောက်ရှိနေပြီ၊ ကျွန်မပြောတာ မကြားဘူးလား” လိရှားက ခန်းကျန့်ကိုတွန်းလိုက်ပါတယ် “ရှောင်ကျင်းကိုပုံပြင်ဖတ်ပြမလို့ဆို၊ ကျွန်မ သူ့ကိုရေချိုးပေးပြီးသွားပြီ၊ ဟိုကအိပ်ရာပေါ်မှာရှင့်ကိုစောင့်နေတယ်၊ မြန်မြန်သွားလိုက်ဦး”
“ဒီအပိုင်းပြီးခါနီးနေပြီ၊ ပြီးရင်သွားလိုက်မယ်”
စကားတွေကိုပြောနေတုန်းမှာ ခန်းကျန့်မျက်လုံးတွေက တီဗွီစကရင်ပေါ်ကမခွာဘူး။ လိရှားက သူ့ကိုမျက်မှောင်ကျုံ့ကြည့်တယ်။ ပြီးတော့ စားပွဲပေါ်ကရမုတ်ကွန်ထရိုးကိုကောက်ပြီး ခလုတ်နှိပ်လိုက်ပါတယ်။
“ဖလတ်” တီဗွီစကရင်က မည်းမှောင်သွားတယ်!
တီဗွီပိတ်မသွားခင် တစ်စက္ကန့်လောက်အလိုမှာ ပိုင်လန့်မျက်နှာကိုအနီးကပ်ပြဖို့ နည်းနည်းပဲလိုတော့တာ။ သူ့ရဲ့လှပတဲ့နှာခေါင်းချွန်လေးနဲ့ ရှည်လျားတဲ့မျက်တောင်မွှေးတွေက အနီးကပ်ရိုက်ချက်နဲ့ ကြည်လင်ပြတ်သားနေတာပဲ။ ဒါကြောင့် စားခါနီးမှပုတ်ထုတ်ခံလိုက်ရသလို နှောင့်ယှက်ခံလိုက်ရတဲ့ခန်းကျန့်ရင်ထဲမှာ ဒေါသမီးဟုန်းဟုန်းတောက်သွားတယ်။ သူက အော်ထဲ့လိုက်ချင်ပေမယ့် တစ်ဖက်ကလိရှားအမူအရာကိုမြင်ပြီး သူ့ကိုယ်သူပဲချုပ်တည်းလိုက်ရတယ်။
လက်ထပ်ပြီးချိန်ကစလို့ လိရှားရဲ့အကျင့်တွေက တဖြည်းဖြည်းအထက်စီးဆန်တဲ့ဘက်ကိုပြောင်းလာပြီး သူမနောက်မှာ လိမင်ရှိနေတယ်လို့ ခန်းကျန့်ကိုသတိပေးချင်နေတဲ့အတိုင်း အတိုင်းအတာတစ်ခုအထိမောက်မာလာတယ်။ ဒါပေမယ့် အခုချိန်က သူမနဲ့ကန့်လန့်တိုက်ရမယ့်အချိန် မဟုတ်သေးပါဘူး။
ခန်းကျန့်က အသက်ပြင်းပြင်းတစ်ချက်ကိုရှုရှိုက်ရင်း သူ့ကိုယ်သူတည်ငြိမ်အောင်အရင်လုပ်ရသေးတယ်။ ပြီးမှ လေပြေထိုးလိုက်ရပါတယ် “မိန်းမရယ် ကိုယ့်ဘက်ကိုလည်း တွေးပေးပါဦးကွာ၊ အခု ကိုယ်က အလုပ်သဘောအရကြည့်နေရတာ၊ ဒီဇာတ်လမ်းတွဲကိုသေသေချာချာလေးကြည့်ထားတဲ့ အစ်ကိုချန်းက ကိုယ့်ကိုပြောတယ်၊ ကိုယ့်နောက်ရုပ်ရှင်ကမှုခင်းဇာတ်လမ်းမှန်း မင်းလည်းသိသားနဲ့”
မကျေမနပ်ဖြစ်နေဆဲလိရှားမျက်နှာက သူ့စကားတွေကိုကြားပြီး နည်းနည်းတော့ပြေလျှော့သွားလေရဲ့။ ဒါပေမယ့် မျက်ဝန်းတွေမှာတော့ အထင်သေးရိပ်တွေကျန်သေးတယ် “သြော် ဟုတ်လား၊ မသိပါဘူး ကျွန်မက ရှင်ထမင်းမေ့ဟင်းမေ့ နေ့တိုင်းကြည့်နေတော့ ဇာတ်ကားထဲ တစ်ခုခုထူးဆန်းတာများပါလားလို့၊ အဲဒိရွံစရာကောင်းတဲ့ ယောင်္ကျားချင်းကြိုက်တဲ့ဟာတွေ….”
ခန်းကျန့်နှလုံးက ဒုန်းခနဲခုန်သွားပါတယ်။
သူ အရက်မူးမူးနဲ့ မော်ဒယ်ကောင်လေးတစ်ယောက်ကို ဖက်နမ်းလိုက်တဲ့ကိစ္စ လိရှားနားထဲပြန်ရောက်သွားမှန်း သူသိတယ်။
ခန်းကျန့်က ချက်ချင်းပဲအာရုံလွှဲလိုက်ပါတယ်။ ပထမအနေနဲ့ လိရှားကိုဖွဖွနမ်းလိုက်ပြီးမှ ကောက်ဖက်လိုက်တယ် “မိန်းမရယ် မင်းသိရဲ့လား၊ အောင်မြင်မှုရဖို့ဆိုရင် ပထမဦးဆုံးအရင် ကိုယ့်ရန်သူတွေကို နားလည်ထားမှဖြစ်မှာပေါ့၊ မင်းကြည့်ပါဦး ဇာတ်လမ်းတွဲလွှင့်တာ နှစ်ပတ်ပဲရှိသေးတယ်၊ ပိုင်လန်ကအရင်လိုနာမည်ပြန်ရလာပြီ၊ အရိုးသားဆုံးဝန်ခံရရင် ကိုယ် အတော်လေးကိုအားကျတာပဲ”
လိရှားက ခန်းကျန့်ကိုတစ်ချက်ကြည့်တယ်။ ပြီးမှ ရင်ကိုကော့ရင်း မကျေမနပ်ပြောပါတယ် “အဲဒိတော့ ဘာဖြစ်လဲ၊ ရှင့်ရဲ့နောက်ရုပ်ရှင်ကို သူအားကျစေရမယ်၊ ရှင့်အတွက် ပရိုမိုးရှင်းများများလုပ်ပေးဖို့ ကျွန်မ ဖေဖေ့ကိုပြောလိုက်မယ်၊ ပိုင်လန်ဆိုတဲ့ဟာကို ရှင်မကျောနိုင်ဘူးလို့ ကျွန်မမယုံဘူး”
အတိအကျလက်ဆုပ်လက်ကိုင်မပြနိုင်ပေမယ့် လိရှားရဲ့စကားတွေကိုကြားတဲ့အချိန်မှာ ခန်းကျန့်စိတ်ထဲမကျေမနပ်ဖြစ်မိတယ်။ သူမပြောပုံက သူမလိုဇနီးမျိုးရထားတာ ရှင်ကျေးဇူးတင်သင့်တယ်လို့ ကိုယ့်ဂုဏ်ကိုယ်ဖော်နေသလိုပဲ။ ခန်းကျန့်ရင်ထဲ အစိုင်အခဲတွေပြည့်နေပေမယ့် အပေါ်ယံမှာတော့ ကောင်းကောင်းကြီးကိုသည်းခံထားတယ်။ သူက လိရှားခါးလေးကို နှိပ်နယ်ပေးနေရင်း စကားချိုချိုလေးတွေပြောနေပါတယ် “သိတတ်လွန်းတဲ့ဇနီးလေးပါကွာ၊ မင်းတစ်ယောက်ပဲ ကိုယ့်အပေါ်ကောင်းတယ်၊ မင်းကို လက်ထပ်ရတာလေ ကိုယ်အရင်ဘဝက ကုသိုလ်တွေလုပ်ခဲ့လို့ဖြစ်မှာ”
သူ့အပြုအမူတွေက လိရှားကိုယားယံလာစေပြီး မျက်နှာကလည်းနီရဲလာတယ် “ဟွန်း စကားတတ်တိုင်းလျှောက်ပြောနေတယ်၊ တော်တော့ မြန်မြန်သွားပြီး ရှောင်ကျင်းကိုပုံပြင်ဖတ်ပြလိုက်ဦး၊ ပုံပြင်ဖတ်လို့ပြီးသွားရင် ကျွန်မတို့အခြားအရာတွေ အများကြီး.. လုပ်လို့ရသေး..တယ်” လိရှားက နောက်ဆုံးစကားတစ်ခွန်းကို ဆွဲဆောင်မှုှရှိရှိပြောလိုက်တာပါ။
ခန်းကျန့်ရဲ့မျက်နှာပေါ်မှာ နွေးထွေးတဲ့အပြုံးလေးတစ်ခုရှိပေမယ့် ကိုယ်ခန္ဓာတစ်ခုလုံးကတော့ အေးစက်နေပြီ။
လက်ထပ်ပြီးချိန်ကစလို့ ခန်းကျန့်က သူ့ရဲ့အားကိုးရာတောင်ကြီးလိရှားကို ကောင်းကောင်းဆက်ဆံပေးရမယ်လို့ ကိုယ့်ကိုကိုယ်ပြောနေခဲ့တာ။ အရင်တုန်းကတော့ သူက သူနဲ့လိရှားရဲ့အိမ်ထောင်သည်ဘဝကို အလေးအနက်ထားခဲ့သေးတယ်။ ဖြစ်နိုင်တာက နာမည်ကြီးလာလို့ ရည်ရွယ်ချက်တွေပိုကြီးလာတာလား၊ ဒါမှမဟုတ် အပြင်းအထန်ဖိနှိပ်ခံထားရတဲ့ စိတ်ဆန္ဒတွေက ပိုအားကောင်းလာတာလား၊ အခုခန်းကျန့်က အရင်လိုအတွေးမရှိတော့ဘူး။ သူက အစကတည်းက ဘာလာလာဒေါင်းတဲ့နှစ်ဖက်ချွန်ပဲ။ ဒါပေမယ့် အခုတော့ မသိလိုက်မသိခင် တဖြည်းဖြည်းနဲ့ ဂေးဘက်ကိုအလေးသာနေပြီ။ လိရှားရဲ့နူးညံ့ပျော့ပြောင်းတဲ့ ဝါဂွမ်းလိုကိုယ်ခန္ဓာကိုထိလိုက်ရင်တောင် လိင်စိတ်ဆန္ဒတွေကိုစုစည်းဖို့ ပိုပိုခဲယဉ်းလာပါပြီ။
ဒါကြောင့် ခန်းကျန့်က သူပိုစိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကို စကားလမ်းကြောင်းလွှဲလိုက်တယ် “ကိုယ် မင်းကိုအရင်ကပြောထားဖူးတဲ့ဟာရော ဘယ်လိုလဲ? စဉ်းစားပြီးသွားပြီလား?”
လိရှားရဲ့အပြုံးတွေ နည်းနည်းတော့အေးခဲသွားတယ်။ သူမက တွန့်ဆုတ်တွန့်ဆုတ်ပြောပါတယ် “ရှင့်ကုမ်ပဏီအကြောင်းလား?”
ခန်းကျန့်က အရမ်းစိတ်ဝင်စားတဲ့ပုံမပေါက်အောင် ထိန်းချုပ်ထားပြီးမှ သာမန်ကာလျှံကာခေါင်းလေးတစ်ချက်ညိတ်ရင်းပြောပါတယ် “ဟုတ်တယ်လေ၊ ကိုယ် တလောလေးကတောင် Full Circle နဲ့သွားဆွေးနွေးခဲ့သေးတယ်၊ သူတို့ဆီက လက်ထောက်အထွေထွေမန်နေဂျာကတော့ အခုချက်ချင်းစာချုပ်ချုပ်မယ်ဆိုရင်တောင် ရတယ်တဲ့၊ ကိုယ်တို့ပစ္စည်းတွေအပေါ်မှာ မြင့်မြင့်မှန်းထားပုံရတယ်၊ အဲဒါနဲ့ ကိုယ်လည်းသိလိုက်တယ် ကိုယ့်အခွင့်အရေးတွေရောက်လာပြီလို့၊ ကိုယ်တို့အခုချိန်မှာ အကြီးဆုံးအွန်လိုင်းရှော့ပင်းနဲ့ချိတ်ထားနိုင်ရင် နောက်ပိုင်းအမြတ်အတွက် လုံးဝပူစရာလိုတော့မှာမဟုတ်ဘူး”
လိရှားကနှုတ်ခမ်းတွေကိုကိုက်တယ် “ဒါပေမယ့် ဒီလိုစီးပွားရေးမှာ ကျွန်မတို့က အပြင်လူတွေလေ၊ ပြီးတော့လည်း ဒီလောက်ပိုက်ဆံအများကြီးက ချေးမှရမှာ၊ မလုပ်နဲ့ဦးလို့ ဖေဖေကပြောပြီးပြီ….”
“အခုလေးတင်မိန်းမပဲပြောလိုက်တယ်မလား မိန်းမအဖေက ဒီလိုစီးပွားရေးမှာအပြင်လူလို့၊ အဲ့ဒါဆို လက်ထောက်အထွေထွေမန်နေဂျာပြောတာ ပိုပြီးယုံလို့ရတာပေါ့” ခန်းကျန့်က မရမကဖြတ်ဝင်ပြောတယ် “ရှာရှာ..ကိုယ်ဝန်ခံပါတယ်ကွာ၊ မင်းအဖေရှေ့မှာမျက်နှာရဖို့ ကိုယ်ကအမြဲတမ်း ကိုယ်ပိုင်လုပ်အားနဲ့တစ်ခုခုလုပ်ချင်ခဲ့တာ၊ အဖေယုံကြည်ပေးတာတွေမမှားဘူးလို့ သက်သေပြချင်တာ၊ ပြီးတော့ မင်းကိုလည်း အချမ်းသာဆုံးနဲ့အပျော်ရွှင်ဆုံးထားချင်တာ၊ လိုအပ်တာမှန်သမျှလည်ဖြည့်ဆည်းပေးချင်တာ၊ မင်း ကိုယ့်ကိုယုံတယ်မလား”
ဒီစကားတွေကို ခန်းကျန့်က လိရှားပုခုံးကိုဆုပ်ကိုင်ပြီး သူမမျက်လုံးဆီခံစားချက်အပြည့်နဲ့ကြည့်ကာ ပြောနေတာပါ။ ဒါကြောင့် အခုတလော ခန်းကျန့် သူမအပေါ် တစ်စထက်တစ်စအေးစက်စက်ဆက်ဆံလာတယ်လို့ထင်နေတဲ့ လိရှားရဲ့သံသယတွေအားလုံး မှေးမှိန်ကုန်တယ်။ “ဒါပေမယ့် အားကျန့်.. အခုလည်း ကျွန်မတို့ကောင်းကောင်းနေရတာပဲလေ၊ ရှင်လည်းနာမည်ကြီးလာပြီး လုပ်စရာတွေမှပုံလို့၊ ရုပ်ရှင်မင်းသားအလုပ်ကိုပဲကြိုးကြိုးစားစားလုပ်ပြီး ဆုတစ်ဆုနှစ်ဆုလောက်ယူလိုက်ရင် ဖေဖေက ရှင့်ကိုသေချာပေါက်အသိအမှတ်ပြုမှာပေါ့”
“မင်းတောင်အဲလိုပြောလာမှတော့ မဟုတ်မှလွဲရော မင်းလည်း…” ခန်းကျန့်က အားငယ်တဲ့အပြုံးလေးတစ်ခုကိုပြုံးပြတယ် “ဟုတ်ပါတယ်၊ မင်းကိုလည်း အပြစ်တင်လို့မရပါဘူး၊ ကိုယ့်အပေါ်ကိုအားကိုးယုံကြည်လာအောင် မလုပ်နိုင်တာ ပျော့ညံ့တဲ့ကိုယ့်အမှားတွေပါပဲ” ပြောပြီးနောက်မှာ လိရှားပုခုံးပေါ်ကခန်းကျန့်လက်က လျောကျသွားတယ် “ထားလိုက်ပါတော့၊ ကိုယ်လည်းနောက်မပြောတော့ပါဘူး၊ ကိုယ် အားကျင်းကိုပုံပြင်သွားဖတ်ပြလိုက်ဦးမယ်”
ခန်းကျန့်က လှည့်ထွက်မယ်ပြင်ပေမယ့် လိရှားကချက်ချင်းပဲတားလိုက်ပါတယ် “အားကျန့်…”
ခန်းကျန့်က သူမလက်ဖဝါးကိုဖွဖွဆုပ်ကိုင်ရင်း လေးနက်တဲ့အမူအရာနဲ့ပြောပါတယ် “ဘာမှစိတ်ပူမနေနဲ့၊ ဒီကိစ္စကို ကိုယ့်မှာရှိတဲ့ပိုက်ဆံလေးနဲ့ပဲ ကြည့်လုပ်လိုက်မယ်၊ ကြာတော့ကြာမှာပေါ့ ဒါပေမယ့် မင်း ကိုယ့်အပေါ်မှာယုံကြည်လာတဲ့နေ့တစ်နေ့တော့ ရောက်လာမှာပါ”
နူးညံ့တဲ့ခန်းကျန့်မျက်ဝန်းထဲက အားငယ်တဲ့အရိပ်အယောင်လေးတွေကို လိရှားကမြင်တယ်။ သူမနှလုံးသားလည်း နာကျင်သွားပြီး အဆုံးမှာသက်ပြင်းချလိုက်ရပါတယ် “အင်းပါ ကျွန်မရှင်ပြောတဲ့အတိုင်းလုပ်ပါ့မယ်၊ အိမ်ပေါင်ပြီးချေးငွေယူရမှာပေါ့၊ ဘယ်လောက်ယူမလဲဆိုတာတော့ ရှင်ပဲဆုံးဖြတ်လိုက်ပါ၊ ကျွန်မမပြောတော့ဘူး”
ခန်းကျန့်ရင်ထဲ မီးရှုးမီးပန်းတွေဖောက်သွားသလိုပဲ၊ ဒါပေမယ့် သူက ချက်ချင်းသဘောတူဟန်မပြသေးဘူး “ရှာရှာ .. မင်းအဆင်ပြေမှပါ”
လိရှားက ဆုံးဖြတ်ပြီးသွားသလိုမျိုး ခေါင်းကိုညိတ်တယ် “အင်း၊ ကျွန်မဆုံးဖြတ်လိုက်ပြီ၊ ဘာတွေပဲဖြစ်လာလာ ကျွန်မရှင့်ကိုထောက်ပံ့ပေးမယ်!”
“ကျေးဇူးပါကွာ ရှာရှာ!!” ခန်းကျန့်က သူမကိုတင်းကျပ်နေအောင်ဖက်ပါတယ် “ကိုယ် မင်းစိတ်ပျက်အောင်ဘယ်တော့မှမလုပ်ဘူး!”
လိရှားက ခန်းကျန့်ရဲ့အားပါးတရပွေ့ဖက်မှုကို ခံစားမိတယ်။ အဲ့ဒါက သူတို့တွေလက်မထပ်ခင်က ရင်းနှီးချစ်ခင်မှုအတိုင်းပြန်ဖြစ်သွားသလိုပဲ။
ခန်းကျန့်က လိရှားရဲ့တစ်ကိုယ်လုံးကို နှိပ်နယ်ပေးနေတယ်။ “ဒီကိစ္စကို ကိုယ်တို့ဇနီးမောင်နှံနှစ်ယောက်ပဲ အရင်လုပ်ကြမယ်၊ မိန်းမအဖေကို မပြောနဲ့ဦး၊ နောက်ပိုင်းကျမှ ကိုယ်တို့တွေသူ့ကိုစပရိုက်လုပ်ကြမယ်၊ သူ တကယ်……”
သူမခင်ပွန်းပြောပြနေတဲ့ လှပလွန်းတဲ့သူမတို့ရဲ့အနာဂတ်ကမ္ဘာလေးအကြောင်းကို လိရှားကနားထောင်နေပါတယ်။ သူမက ကြည်နူးရလွန်းလို့ မျက်လုံးတွေကိုပိတ်လိုက်တယ်။
အခုချိန်မှာ.. အခုအချိန်လေးတွင်းမှာတော့ သူမက ပျော်ရွှင်ရတဲ့အမျိုးသမီးတစ်ယောက် ဖြစ်နေဆဲပါပဲ။
***
သူတို့တွေ အနမ်းခန်းရိုက်ကူးတဲ့နေ့ကျရင် ချိုးချန်ရိုက်ကွင်းမလာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့မေးခွန်းက ပိုင်လန်နဲ့ချည်းသက်ဆိုင်တာမဟုတ်ဘဲ ဒါရိုက်တာချင်ကန်းတောင်မှ စိုးရိမ်ပူပန်နေခဲ့တယ်။
ဇာတ်ညွှန်းထွက်လာပြီးသိပ်မကြာဘူး၊ ဒါရိုက်တာကြီးက ပိုင်လန့်ကိုဖုန်းခေါ်ပြီး ဘယ်လိုလုပ်ကြမလဲလို့ အကြံဉာဏ်တောင်းတယ်။ ဒါရိုက်တာကြီးက အစတော့လှည့်ပတ်မေးနေပေမယ့် ပိုင်လန်ကသိပါတယ်၊ ဒါကြောင့် ချိုးချန်အခုတလောအလုပ်ကိစ္စခရီးထွက်စရာရှိတယ်လို့ ပြောပြလိုက်တယ်။ ဒါရိုက်တာချင်က အပျော်လွန်သွားပြီး ရိုက်ကူးရက်တွေညှိထားလိုက်မယ်လို့ ထပ်ကာထပ်ကာပြောရင်းနဲ့ ဖုန်းချသွားတယ်။
ဒါကြောင့် အနမ်းခန်းရိုက်ကူးရေးမတိုင်မီညဘက် နှစ်ယောက်သားက အိပ်ရာပေါ်မှာလဲလျောင်းနေရင်းမှာ ပိုင်လန်က ချိုးချန်ရဲ့အလုပ်ကိစ္စအကြောင်း အသေအချာလေးကွန်ဖန်းလုပ်ခဲ့တယ်။
“မနက်ဖြန် C မြို့သွားမယ်ဆို၊ ညစာမတိုင်မီပြန်လာမှာလား?”
“ဟင့်အင်း.. ကိုယ် အလုပ်မှာညစာစားပွဲတက်ပေးရဦးမယ်၊ ညသန်းခေါင်လောက်မှပြန်ရောက်လောက်တယ်၊ ကိုယ့်ကိုစောင့်မနေနဲ့တော့” ချိုးချန်က နှစ်ယောက်လုံးကိုယ်ပေါ်ကို စောင်ဆွဲခြုံလိုက်တယ် “မင်းလည်း မနက်ဖြန်ရိုက်ကူးရေးရှိတယ်မလား? ကိစ္စအထွေအထူး ရှိသေးလား?”
“ဟင်.. မရှိပါဘူး” ပိုင်လန်က အပြစ်ရှိသလိုမျိုး အကြောင်းပြချက်မရှိ ရုတ်တရက်ခံစားလာရတယ် “မနက်ဖြန်ကျရင် အမူးပြေစွပ်ပြုတ်ချက်ထားပေးမယ်”
“ဘာလဲ.. ကိုယ့်ကိုစိတ်ပူတယ်ပေါ့” ချိုးချန်က မနောခွေ့သွားပြီး ပိုင်လန့်ကို လက်မောင်းထဲဆွဲဖက်လိုက်တယ်။
ပိုင်လန်လည်း ချိုးချန်ကိုပြန်ကြည့်လိုက်ပြီးမှ လိမ်လိမ်မာမာလေးဝန်ခံလိုက်ပါတယ် “ပူတာပေါ့”
ချိုးချန်ရဲ့မျက်ဝန်းထဲမှာအပျော်တွေနဲ့ပြည့်လျှံလာတယ်။ သူက နောက်ထပ်ဘာမှမပြောတော့ဘူး။ တစ်ဖက်လူကိုပွေ့ဖက်ရင်းနဲ့သာ အနမ်းတွေပေးလိုက်တယ်။
ရင်းနှီးလွန်းလှတဲ့ရနံ့နဲ့ အပူစီးကြောင်းတစ်ခုက ပိုင်လန့်နှာခေါင်းကနေတစ်ဆင့် တစ်ကိုယ်ဖြတ်စီးသွားသလိုပဲ။ အသည်းယားစရာကောင်းလှတဲ့လိမ်ဖက်တွယ်ယှက်မှုတွေက ပိုင်လန့်စိတ်ဆန္ဒတွေကို မြင့်တက်လာစေလွန်းလို့ မျက်လုံးတွေတောင်ပိတ်ထားလိုက်ရတယ်။ သူ့နှလုံးသားလေးကခုန်ပြီး သူ့အသက်ရှုနှုန်းတွေကမြန်နေတယ်။ ခါတိုင်းလိုပဲ ငြိမ်ငြိမ်မနေတတ်တဲ့ ချိုးချန်ရဲ့လက်တွေက ပိုင်လန့်ကိုပိုလို့တောင်အသက်ရှုဖို့မေ့စေတယ်။ ကျင့်သားရနေတာကြာပြီဖြစ်ပေမယ့် ပိုပြီးခံစားရတုန်း၊ ပိုပြီးလိုချင်မိနေတုန်းပဲ။ ဒါကြောင့်ပဲ ပိုင်လန်က ရှားရှားပါးပါးအပြုအမူတစ်ခုကိုလုပ်မိတယ်။ သူ့လက်တွေက ချိုးချန်အင်္ကျီထဲကို စိတ်လိုလက်ရဝင်လာတာ။
ချိုးချန်က ဒီလိုသွေးဆောင်ဖျားယောင်းမှုကို ခံနိုင်ရည်မရှိဘူး။ သူက လည်ချောင်းထဲကလာတဲ့ ညည်းသံတိုးတိုးတစ်ခုကိုပြုရင်း ဒီလူကို အိပ်ရာပေါ်ခပ်ကြမ်းကြမ်းဆွဲဖိလိုက်ပါတယ်။ ပိုင်လန်လည်း အလိုတူအလိုပါတစ်ယောက်ပဲ။ သူက ချိုးချန်စိတ်တိုင်းကျပြုမူနိုင်အောင် ခြေလက်လေးချောင်းလုံးကို ငွားငွားစွင့်ဖွင့်ပေးထားတယ်။ သူ့မျက်ဝန်းတွေစိုစွတ်ပြီး ညို့ငင်ဖမ်းစားခံနေရတယ်။ တစ်လောကလုံးမေ့ပြီး သူ့ခန္ဓာကိုယ်ပေါ်ကလူတစ်ယောက်ကိုပဲ မြင်နိုင်တော့သလိုမျိုးပေါ့။
နောက်တစ်နေ့မှာ ချိုးချန်က မနက်အစောကြီးအိပ်ရာကထပြီး အိမ်ကနေပျော်ပျော်ရွှင်ရွှင်ထွက်သွားတယ်။ ဒါပေမယ့် နေ့လည်ဘက်ရောက်တဲ့အချိန်မှာတော့ မမျှော်လင့်ဘဲဖျက်သိမ်းလိုက်တဲ့အလုပ်ကိစ္စကြောင့် A မြို့ကနေ အစောကြီးပြန်ရောက်ချလာပြီး သူ့အချစ်ကိုဝင်ကြိုဖို့ ရိုက်ကွင်းဆီတန်းဝင်လာတယ်။ အဲဒိမှာပဲ ပိုင်လန်နဲ့အမျိုးသမီးတစ်ယောက်က ကြင်ကြင်နာနာဖက်ထားပြီးအနမ်းဖြာဝေနေကြတာကို သူကတွေ့သွားပါတယ်။ ချိုးချန်က စိတ်မထိန်းလိုက်နိုင်ဘူး၊ အနီးနားမှာရှိတဲ့အမှိုက်ပုံးကို ဒေါသတကြီးလှည့်ကန်လိုက်တယ်။
“ဒုန်း_!!” အသံက တကယ့်ကိုအကျယ်ကြီးပဲ။
ရိုက်ကွင်းပေါ်ကအမျိုးသမီးနဲ့အမျိုးသားဆီ အာရုံရောက်နေတဲ့လူအုပ်ကြီးက လန့်ဖြန့်သွားပြီး ထခုန်တဲ့လူကထခုန်တယ်။
အဲဒိနောက်မှာတော့ လူအုပ်ကြီးခမျာ ပါးစပ်ဖျားကထွက်ကျလုဆဲဆဲ ဆဲရေးတိုင်းထွာသံတွေကို မနဲဘရိတ်အုပ်ပြီး မြန်မျိုချလိုက်ရပါတယ်။
ချိုးချန်ရဲ့မျက်နှာက မည်းမှောင်အုပ်မှိုင်းနေတာ ပြိုတော့မယ့်မိုးလိုပဲ။ သူက သူ့ဘက်လှည့်လာတဲ့ပိုင်လန်ကို စိုက်ကြည့်နေတယ်။
လန့်ဖြန့်သွားတဲ့မျက်လုံးဝိုင်းဝိုင်းတွေရယ်၊ အပြစ်ဝန်ခံပုံရတဲ့အကြည့်တွေရယ်…ချိုးချန်ရဲ့မျက်လုံးတွေက မှေးကျဉ်းသွားတယ်။ သိပ်ကောင်းတယ်၊ ဒါကသေချာပေါက်ကိုကြိုတင်ကြံစည်ထားကြတာပဲ။
“မင်းတို့ လုပ်စရာရှိတာဆက်လုပ်ကြ” ချိုးချန်က အံကြိတ်ပြောလိုက်ပြီးမှ ပိုင်လန့်အဝတ်လဲခန်းထဲ ခြေလှမ်းကျဲကြီးတွေနဲ့ဝင်သွားပါတယ်။
အသံကျယ်ကြီးထွက်လာပြန်ရော “ဗန်း!!” တံခါးစောင့်ပိတ်သံက မြေကြီးတွေတောင်တုန်သွားမလားပဲ။ အပြင်မှာရှိတဲ့လူတွေအကုန်လုံး ကြောက်လန့်ကုန်ကြတာ နှလုံးတောင်အပြင်ခုန်ထွက်တော့မယ့်အတိုင်းဖြစ်နေကြပြီ။
ဒါရိုက်တာဘုတ်ကိုင်ထားတဲ့ချင်ကန်းတောင်မှ ဘာပြောရမှန်းမသိတော့ဘဲ ကြောင်တောင်တောင်ဖြစ်သွားတယ်။ သူ့ရိုက်ကွင်းက သာမန်ဖြစ်နေကျ ရိုးရိုးရှင်းရှင်းရိုက်ကွင်းတစ်ခုပဲလေ။ ပရော်ဖက်ရှင်နယ်မင်းသားတစ်ယောက်က ဒီလိုဇာတ်ဝင်ခန်းမျိုးမှာ ပူးပေါင်းဆောင်ရွက်သင့်တာ သေချာနေတာပဲကို။ အခုတော့ မဟုတ်တာလုပ်ထားတာ သူပဲဖြစ်နေသလို ချင်ကန်းကခံစားနေရတယ်။
ပိုင်လန်ကသက်ပြင်းချပြီး ခြေမကိုင်မိလက်မကိုင်မိ မွန်းကြပ်နေတဲ့လေထုကို ဖြိုခွဲလိုက်တယ် “ဆက်ရိုက်ကြစို့”
ချင်ကန်းက ချက်ချင်းသတိရသွားပြီး ကိုယ့်စိတ်ကိုပြန်စုစည်းလိုက်ကာ သုံးလေးကြိမ်လောက် ချောင်းဟန့်လိုက်ရတယ်။ သူက မျက်နှာထားတင်းတင်းနဲ့ပဲလော်ဆော်လိုက်တယ် “အိုကေ.. ဒီဆင်းန်ကိုအမြန်ပြီးအောင်ရိုက်ကြမယ်!”
အဖွဲ့သားတွေအားလုံးက စိတ်ကိုတင်းလိုက်တယ်။ သူတို့ရဲ့မျက်လုံးနှစ်လုံး မီးဝင်းဝင်းတောက်လာတဲ့အထိပဲ။ ဟုတ်တယ်.. အမြန်ပြီးအောင်ရိုက်ရမယ်…
….မဟုတ်ရင်တော့ သူဌေးကြီးချိုးရဲ့ဒေါသတွေနဲ့ သူတို့အကုန်လုံး မီးလောင်ပြာကျသွားလိမ့်မယ်….
ဒါပေမယ့် ကံမကောင်းရှာတဲ့သနားစရာအမျိုးသမီးဇာတ်လိုက်ခမျာမှာတော့ ဆံစကနေခြေဖျားထိ တစ်ကိုယ်လုံးတုန်နေပြီ။ သူမရင်ထဲဖိအားတွေများလွန်းလို့ မတ်မတ်တောင်မရပ်နိုင်တော့ဘူး။
အ အ အကြောင်းရင်းကတော့ အကုန်လုံးကသူမကိုစိုက်ကြည့်နေကြတာ သေ သေ သေချာတယ် NG တွေချည်း ဆက်တိုက်လုပ်မိနေတာပေါ့!!!!
****
တစ်နာရီခန့်ကြာသောအခါ..
ဇာတ်ဆောင်အမျိုးသမီးက အားနည်းပြီး လမ်းတောင်မလျှောက်နိုင်တော့လို့ ဝိုင်းတွဲပေးနေရပြီ။ အဆုံးမှာ ရိုက်ကွင်းအောင်အောင်မြင်မြင်ရိုက်ပြီးသွားလို့လည်း မိုးနတ်မင်းနဲ့မြေနတ်မင်းကို ကျေးဇူးတင်နေရသေးတယ်။ ဒါရိုက်တာချင်ရဲ့အမိန့်အရ အဖွဲ့သားတွေက ရိုက်ကွင်းကို လေလိုအမြန်နှုန်းနဲ့ရှင်းလင်းကြတယ်။ အဲဒိအချိန်မှာပဲ အခြားသူတွေရဲ့ “မြန်မြန်သွားလေ” ဆိုတဲ့အကြည့်အောက်မှာ ပိုင်လန်က အဝတ်လဲခန်းထဲ ခပ်မြန်မြန်တွန်းထည့်ခံလိုက်ရပါတယ်။
သူအခန်းထဲဝင်လာတဲ့အချိန်မှာ ချိုးချန်က ဆိုဖာပေါ်မှာ ခြေကားယားလက်ကားယားထိုင်နေတယ်။ ခေါင်းကိုနောက်မှီပေါ်လှန်ချထားပြီး မျက်လုံးတွေကိုတော့ပိတ်ထားတယ်။ အနားယူနေပုံရပါတယ်။
ဒါပေါ့… မျက်နှာအရောင်ကတော့ သိပ်ကောင်းလှတယ်မဟုတ်ဘူး။
ဘာပြောလိုက်သင့်လဲ ပိုင်လန်လည်းမသိဘူး။ ချိုးချန်ပေါင်ကိုပဲ ဖွဖွတို့လိုက်တယ် “ရိုက်ကွင်းပြီးသွားပြီ၊ အိမ်ပြန်ကြမယ်လေ”
ချိုးချန်က မျက်လုံးတွေကိုဖွင့်လိုက်ပြီး မှေးကျဉ်းထားတယ် “မင်း ကိုယ့်ကိုတော့ အရင်ဖွင့်ပြောသင့်တာပေါ့”
ဒါက ရုပ်ရှင်မင်းသားတစ်ယောက် အလုပ်သဘောအရ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုဖြစ်တယ်လို့ ပိုင်လန်က ချိုးချန်ကို အမျှော်အမြင်ရှိရှိ ဆရာ မလုပ်လိုက်ချင်ဘူး။ အဲဒိအစား “အင်း.. တောင်းပန်ပါတယ်” လို့ပဲ ပြန်ပြောလိုက်တယ်။
ချိုးချန်မျက်နှာက အလွန်တရာအနိုင်ကျင့်ခံထားရတဲ့အတိုင်းပဲ “မင်း ကိုယ့်ကိုပြောပြထားရင် ကိုယ်က ကိုယ့်ကိုကိုယ်စိတ်အနှောင့်အယှက်ဖြစ်ခံပြီး ဒီကိုလာပါ့မလားကွ”
ဒီအဖြေက ပိုင်လန့်ကိုကြောင်အသွားစေတယ်။ သူက ပြုံးလိုက်ပါတယ် “ကျေးဇူးတင်ပါတယ်”
“ငါ့ဖင်ကိုပဲကျေးဇူးတင်ပါလား၊ ဒီကိုလာခဲ့” ချိုးချန်ရဲ့လေသံက သိပ်တော့နားဝင်ပီယံမရှိလှဘူး။
ပိုင်လန်က စကားနားထောင်ပြီးထိုင်လိုက်တယ်။ ဒါပေမယ့် ဆိုဖာပေါ်မှာတော့ မဟုတ်ဘူး၊ ချိုးချန်ပေါင်ပေါ်မှာ။
ဒီလုပ်ဆောင်ချက်က ချိုးချန်ရဲ့မျက်နှာကာလာကို နည်းနည်းလေးတိုးတက်သွားစေတယ်။ သူက ပိုင်လန်ရဲ့မေးစေ့ကိုဖမ်းကိုင်ရင်း နမ်းလိုက်ချင်သလိုမျိုး ခေါင်းကိုစောင်းလိုက်တယ်။
ဒါပေမယ့် ပိုင်လန်ကရှောင်ထွက်သွားပါတယ် “ကျွန်တော် သွားမတိုက်ရသေးဘူး”
“မင်းကိုတော့ ပိုးသတ်ပေးဖို့လိုနေပြီ” ချိုးချန်လေသံက ခြိမ်းခြောက်နေသလိုပဲ၊ ပြီးတော့ နှုတ်ခမ်းနားကိုတိုးလာတုန်းပဲ။
ပိုင်လန်ကလက်လှမ်းပြီး ချိုးချန်ပါးစပ်ကိုပိတ်လိုက်တယ် “မလုပ်နဲ့၊ ခင်ဗျားနှုတ်ခမ်းကို ရောဂါပိုးတွေကူးကုန်လိမ့်မယ်”
ချိုးချန်က မျက်ခုံးတွေကိုပင့်လိုက်တယ်။
ပိုင်လန်လည်း တိုးတိုးလေးပြောလိုက်ပါတယ် “ကျွန်တော်မကြိုက်ဘူး”
****
အဆုံးမှာတော့ နှစ်ယောက်သားက အဝတ်လဲခန်းထဲကထွက်လာချိန် ချိုးချန်စိတ်အခြေအနေက လုံးဝအကောင်းအတိုင်းပြန်ဖြစ်သွားမှန်း ပရိသတ်တွေက အံ့သြဖွယ်ရာတွေ့လိုက်ရတယ်။
ဒါရိုက်တာကြီးချင်ကန်းက ပိုင်လန့်ကို တိုးတိုးတိတ်တိတ် လက်မထောင်ပြလိုက်တယ်။ နောက်ပြီး သူက ပိုင်လန့်နှုတ်ခမ်း ရောင်ကိုင်းနေတာကိုလည်း မမြင်ချင်ယောင်ဆောင်နေပါသေးတယ်။
……………………..