(54) ချိုးချန်လား၊ ခန်းကျန့်လား
‘ရှုပ်ထွေးနေသောလမ်းမများ’ဇာတ်လမ်းတွဲထုတ်လွှင့်မှု တစ်လကြာလာတဲ့အခါ လူငယ်လေးတွေကြားထဲ ချန်ဖုန်းကော်နဲ့လော်ကျိုက်ဇာတ်ကောင်နှစ်ခု မသိတဲ့လူဆိုလို့ တစ်ယောက်မှကိုမရှိတော့ဘူး။
ဇာတ်လမ်းတွဲက တီဗွီဖန်သားပြင်ပေါ်မှာတင်နေရာယူတာမဟုတ်ဘူး၊ အင်တာနက်ပေါ်မှာလည်း ခေတ်စားတယ်။ အလွန်တရာနာမည်ကြီးတာကြောင့်လည်း အွန်လိုင်းထုတ်လွှင့်ရေးဝက်ပ်ဆိုဒ်တွေက ကောင်းကောင်းကြော်ငြာနေကြတယ်။ Full Circle လိုမျိုးဝက်ပ်ဆိုဒ်ဂုရုတွေရဲ့ထောက်ပံ့ပေးမှုနဲ့ အမျိုးစုံသောအွန်လိုင်းပလက်ဖောင်းတွေပေါ်မှာ ဇာတ်လမ်းတွဲရဲ့ ဒေါင်းလုတ်ဆွဲနှုန်း၊ တိုက်ရိုက်ကြည့်ရှုနှုန်းတွေက တရားဝင်ဝက်ပ်ဆိုဒ်ထက်တောင် ပိုများပြားလာခဲ့တယ်။ ပရိသတ်တွေက ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ ကြိုက်သလိုကြည့်ရှုလာနိုင်ခဲ့တယ်။ ဒါကြောင့်ပဲ ပရိသတ်တွေရဲ့စိတ်ဝင်စားနှုန်းကလည်း ဒီရေအလားတိုးတက်လာခဲ့ပါတယ်။
ဒါပေါ့.. အွန်လိုင်းကလွှင့်တဲ့အပိုင်းက တီဗွီမှာလွှင့်တာထက်စာရင် နှစ်ပိုင်းသုံးပိုင်းလောက်နောက်ကျတယ်။ အကြောင်းရင်းကတော့ နေ့တိုင်းနေ့တိုင်းအချိန်အတိအကျ တီဗွီရှေ့မှာစောင့်ကြည့်ကြဖို့ဆန္ဒရှိတဲ့ပရိသတ်တွေအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့အထူးပြုလုပ်ပေးထားတာပါ။ နောက်ပြီး အင်တာနက်ပေါ်မှာကြည့်ချင်တယ်ဆိုရင် ရေခဲမုန့်တစ်ခွက်ဖိုးလောက်ရှိတဲ့အဖိုးအခကိုလည်း ပေးရလိမ့်ဦးမယ်။
နဂိုတုန်းကတော့ အင်တာနက်ပေါ်မှာလွှင့်ရတဲ့အကြောင်းပြချက်က ကြားထဲဖြတ်ဖြတ်ဝင်လာတဲ့တီဗွီကြော်ငြာတွေကို သည်းခံမစောင့်ဆိုင်းနိုင်တဲ့လူတွေအတွက် ပြုလုပ်ပေးထားတာပဲ။ ဒါပေမယ့် ပရိုမိုးရှင်းတွေလုပ်တာနဲ့အမျှ နောက်ပိုင်း အင်တာနက်ပေါ်ကကြည့်ရှုနှုန်းတွေက တစ်စထက်တစ်စပိုပိုများလာတယ်။ ထုတ်လွှင့်မှုတစ်လကြာစစ်တမ်းကောက်ယူပြီးနောက်မှာတော့ ပရိသတ်တွေရဲ့ (၂၀)%လောက်က အင်တာနက်ပလက်ဖောင်းတွေပေါ်မှာ ကြည့်ရှုတတ်ကြကြောင်း ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။
ဒီလို အောင်မြင်မှုအရှိန်အဟုန်နဲ့အတူ ပိုင်လန်ရဲ့နာမည်လည်း နောက်တစ်ကြိမ်ရေပန်းစားလာခဲ့တယ်။
ပရိသတ်တွေအာရုံပြုမိကြတာက ပိုင်လန်တင်မဟုတ်ဘူး၊ ပထမမင်းသားစွင်းရှီပင်းနဲ့အတူ ဇာတ်ပို့သရုပ်ဆောင်တွေရော၊ အဖွဲ့သားအားလုံးလည်းပါတယ်။
ဒီဇာတ်လမ်းတွဲနာမည်ကြီးရတဲ့အကြောင်းရင်းကလည်း အဖွဲ့တစ်ခုလုံးပူးပေါင်းဆောင်ရွက်တာကြောင့်ဖြစ်တယ်။ ဒါရိုက်တာကစလို့ ထုတ်လုပ်သူ၊ ဧည့်သည်သရုပ်ဆောင်တွေ၊ အဓိကသရုပ်ဆောင်တွေနဲ့ အခြားအထူးပြုလုပ်ချက်တာဝန်ရှိသူတို့ နောက်ခံတေးဂီတတို့ အလွှာအသီးသီးကလူတွေက သာမန်ထက်ပိုပြီးအားထုတ်ခဲ့ကြလို့ဖြစ်ပါတယ်။ အတူတကွပေါင်းစည်းခြင်းရဲ့ရလဒ်ကတော့ ကြည့်ရှုသူတွေရဲ့ “အလွန်ကောင်း” ဆိုတဲ့မှတ်ချက်စကားလုံးသုံးလုံးမှာ အကျဉ်းချုပ်ခဲ့ပါတယ်။
ဒီနေရာမှာ အဓိကအကြောင်းရင်းက ဘတ်ဂျတ်ပေါများလွန်းတာကြောင့်ဆိုတာ သံသယရှိစရာမလိုဘူး။ နောက်ပြီးပြန်လည်သုံးသပ်ချိန် သုံးနှစ်လည်း ရထားသေးတယ်။ အသေအချာပြင်ဆင်တည်းဖြတ်ဖြည့်စွက်ပြီးမှတော့ ပိုပြီးကောင်း ပိုပြီးပြည့်စုံလာတော့တာပေါ့။ ဒါပေါ့… နောက်ထပ်အကြောင်းရင်းတစ်ခုလည်းရှိသေးတယ်။ ဇာတ်လမ်းတွဲပိုင်ရှင်နောက်ကွယ်ကသူဌေးကြီးက နေ့တိုင်းနေ့တိုင်းရိုက်ကွင်းကိုလာတတ်တယ်လေ။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူကများ ရေသာခိုအချောင်လိုက်ရဲမှာလဲ။
ဒါကြောင့် ‘ရှုပ်ထွေးနေသောလမ်းမများ’ နာမည်ကြီးတာက သဘာဝကျတယ်လို့ပြောလို့ရတယ်။ ဒါမှနာမည်မကြီးလည်း အခြားကြီးစရာမရှိတော့ဘူး။ ဒီထဲမှာ လိမ်ညာလှည့်ဖျားခဲျ့ကားပြောဆိုတာတွေ တစ်စိုးတစ်စိလေးတောင် မပါခဲ့ပါဘူး။
ဒီလိုမျိုး ကောင်းကောင်းထောက်ပံ့ပေးနေတဲ့ပရိုမိုးရှင်းတွေကြားထဲမှာ ပိုင်လန့်ကိုနာမည်ပြန်ကြီးလာစေဖို့ ဇာတ်လမ်းတွဲလွှင့်ချိန်နှစ်ပတ်ပဲလိုခဲ့တယ်။ ဒါက ခန်းကျန့် လိရှားကိုပြောသလိုပါပဲ၊ အလွန်အမင်းချဲ့ကားထားတဲ့စကားတွေမဟုတ်ပါဘူး။
နာမည်ကြီးလာပြီးမကြာမီမှာပဲ ဇာတ်ဆောင်တွေရော ဇာတ်ပို့ဇာတ်ရံတွေရော အားလုံးလိုလို တီဗွီရှိုးတွေမှာပါဝင်လာရတယ်။ နာမည်ကျော်ကြားမှုဆိုတာ လှိုင်းလုံးကြီးတစ်လုံးလိုပဲ။ အခုချိန်မှာ ဇာတ်ဆောင်ပဲဖြစ်ဖြစ် ဇာတ်ရံပဲဖြစ်ဖြစ် တီဗွီရှိုးတစ်ခုမှာလာပြီး ရိုက်ကွင်းနောက်ကွယ်ကအကြောင်းလာပြောပြီဆိုပါစို့၊ အဲဒိတီဗွီရှိုး ကြည့်ရှုနှုန်းခုန်တက်သွားစေဖို့အာမခံနိုင်တယ်။ ဒါကြောင့် ရှိုးဖိတ်စာတွေဆိုတာများ နှင်းမုန်တိုင်းကြားထဲက နှင်းပွင့်တွေလိုဖွေးဖွေးလှုပ်နေတာပါပဲ။
လူတွေက တီဗွီရှိုးမှာပါဝင်လာကြတယ်၊ စကားတွေပြောလာကြတယ်။ ဒါကြောင့် ရိုက်ကွင်းကိုနေ့တိုင်းနေ့တိုင်းလာပြီးဟန်ရေးပြတတ်တဲ့ သူဌေးချိုးအကြောင်းကလည်း အလျင်အမြန်ပျံ့နှံ့သွားခဲ့တယ်။ ပိုင်လန်တစ်ယောက် အနမ်းခန်းရိုက်မိလို့ သူဌေးချိုးဒေါသထွက်သွားတဲ့အကြောင်းကလည်း ပြောမဆုံးပေါင်တောင်သုံးတောင်ပဲ။ ပိုပိုသာသာရှာလကာရည်လေးတွေလည်း ဆမ်းကြသေးတာပေါ့။ ဒီလိုမျိုးအတင်းအဖျင်းတွေအောက်မှာ ချိုးချန်ရဲ့ပုံရိပ်က မနာလိုအူတိုတတ်တဲ့လင်ယောင်္ကျားပုံစံ ဖြစ်သွားခဲ့တယ်။ ပိုင်လန်ကတော့ ဒီဟာသကို ရယ်လိုက်ရတာဆိုတာ နောက်ပိုင်းတော်တော်ကြာတဲ့အထိပဲ။
ဒါပေမယ့်လည်း ဒီလိုအတင်းအဖျင်းတွေက ချိုးချန်နဲ့ပိုင်လန်ရဲ့ဆက်ဆံရေးကို လွန်ခဲ့တဲ့သုံးနှစ်ကထက် လူတွေလက်ခံလာကြပြီလို့မှတ်ယူလို့ရတယ်။
ဒင်းတို့နှစ်ယောက်က ဟန်ပြပါကွာ၊ ရှိုးလုပ်နေတာပါကွာ ဆိုတဲ့နောက်ပိုင်းမှတ်ချက်တွေကိုတော့ ပိုင်လန်လည်း ဂရုမစိုက်တော့ဘူး၊ ပြည်ဖုံးကာပဲချထားလိုက်တော့တယ်။ ဘဝက အလှည့်အပြောင်းတွေများလွန်းတယ်၊ နောက်ပိုင်းဘာဖြစ်လာမလဲ ဘယ်သူမှမသိနိုင်ဘူး၊ ကိုယ့်မှာရှိတဲ့အခုချိန်လေးကိုဆုပ်ကိုင်ထားတတ်ဖို့ အရေးကြီးဆုံးပဲ။ ဒါက ပိုင်လန်နဲ့ချိုးချန်တို့အတွက် သုံးနှစ်တာအတွေ့အကြုံတွေကနေရခဲ့တဲ့ အသိတစ်ခုဖြစ်ပါတယ်။
ဒီအသိကြောင့်ပဲ ပိုင်လန်နဲ့ချိုးချန်တို့ လူရှေ့တွဲထွက်လာတဲ့နှုန်းက လွန်ခဲ့တဲ့သုံးနှစ်ကထက် ပိုစိပ်လာခဲ့တယ်။
သူတို့က ဇိမ်ခံပစ္စည်းရှော့ပင်းမောလ်ကြီးတစ်ခုရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ဖွင့်ပွဲပါတီကို အတူတကွတက်ရောက်ခဲ့ကြတယ်။ ဒီဖွင့်ပွဲရဲ့ဗီအိုင်ပီဧည့်သည်ချိုးချန်က ပိုင်လန့်ကိုပါ သူနဲ့အတူဆွဲခေါ်သွားခဲ့တာဖြစ်ပါတယ်။
နောက်ပြီး ပွဲတက်ရောက်သူစာရင်းမှာ ပေါ်ပြူလာဖြစ်လာနေတဲ့ခန်းကျန့်လည်း ပါဝင်ခဲ့တယ်။ ခန်းကျန့်ကိုတော့ ပွဲစီစဉ်သူကုမ်ပဏီက အနုပညာရှင်တစ်ယောက်အဖြစ် ဖိတ်ကြားခဲ့တာပါ။
ဒါက ပြင်ပမှာ ချိုးချန်နဲ့ခန်းကျန့်တို့ နှစ်ဦးသားတွေ့ဆုံခဲ့တဲ့ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။
****
A မြို့မှာ မကြာမီကမှဖွင့်လှစ်လိုက်တဲ့ ရှော့ပင်းမောလ်အသစ် SKAI က တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေကိုပဲရောင်းချတဲ့ ကုန်တိုက်တစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပနာမည်ကြီးဘရန်းဒက်တံဆိပ်တွေအားလုံးကို တစ်နေရာတည်းမှာ လွယ်လင့်တကူရှာဖွေဝယ်ယူနိုင်တယ်။ ချမ်းသာတဲ့လူ့မလိုင်အထက်တန်းလွှာတွေကို ပစ်မှတ်ထားရောင်းချတာဖြစ်ပြီး အများစုက လူငယ်ပိုင်းတွေအတွက် ရည်ရွယ်တယ်။ ကုန်တိုက်အတွင်းမှာ ပြိုင်ကားရောင်းချတဲ့ရှိုးရွန်းတစ်ခုတောင်မှ ရှိသေးတယ်။
ကုန်တိုက်ရဲ့ပထမတစ်ထပ်လုံးက ချိုးမိသားစုအပိုင်ဖြစ်ပြီး တစ်ထပ်လုံးကို ဗွီအိုင်ပီဖျော်ဖြေရေးကလပ်အသွင်ဖန်တီးထားတယ်။ ကြီးမားလှတဲ့ကုန်တိုက်အတွင်းမှာ လှည့်ပတ်ဈေးဝယ်ပြီးတဲ့သူဌေးတွေက ဒီနေရာကိုလာပြီး အနားယူအပန်းဖြေနိုင်ပါတယ်။ ဒီလိုမျိုးကြွားဝါသုံးဖြုန်းနိုင်တဲ့လူနေမှုစတိုင်တွေက ဈေးဝယ်ခြင်းကိုဖက်ရှင်လုပ်ကြတဲ့သူဌေးကတော်တွေကြားထဲမှာ သိပ်ကိုရေပန်းစားပါတယ်။
ကလပ်ရဲ့တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ချိုးချန်က ရှော့ပင်းမောလ်ကြီးရဲ့ခမ်းနားကြီးကျယ်လှတဲ့ဖွင့်ပွဲမှာ အလုပ်ပါတနာအဖြစ် ဖိတ်ကြားခြင်းခံရတယ်။ ချိုးချန်က ပွဲအပြီးရှော့ပင်းထွက်ဖို့ရည်ရွယ်ချက်နဲ့ ပိုင်လန့်ကိုပါဆွဲခေါ်လာပြီး ဈေးဝယ်ဆိုင်ခန်းတွေလှည့်ပတ်ကြည့်ရင်း သူ့မိသားစုပိုင်ကလပ်ကိုပါ ခေါ်ကြွားလေတယ်။
ဒီလိုမျိုးကြီးကျယ်ခမ်းနားတဖိတ်ဖိတ်လက်နေတဲ့ ကုန်တိုက်ကြီးရဲ့ဖွင့်ပွဲမှာ အနုပညာရှင်တွေ မော်ဒယ်တွေကိုလည်းဖိတ်ကြားကြတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ ဖိတ်ကြားခံရတဲ့အနုပညာရှင်အများစုက ကုန်တိုက်ထဲမှာပြသရောင်းချထားတဲ့ ပြည်တွင်းဘရန်းတွေရဲ့ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ ကုန်တိုက်အတွင်းမှာက အထပ်ပေါင်းများစွာဝန်းရံတဲ့ခန်းမကျယ်ကြီးနဲ့ လူလုပ်ရေပန်းဥယျာဉ်လည်းရှိတယ်။ အမျှော်အမြင်ရှိလှတဲ့ပွဲစီစဉ်သူကုမ်ပဏီက မော်ဒယ်ရှိုးအသေးစားလေးတစ်ခုကိုလည်း ပြင်ဆင်ထားပါသေးတယ်။ ဖိတ်ကြားခံရသူလူချမ်းသာတွေ စိတ်ကြိုက်ငွေသုံးစွဲဖို့ ကုန်တိုက်အတွင်းအပြင်ပတ်လည်ကို အထူးလုပ်ဆောင်ထားပါတယ်။ ဟုတ်တာပေါ့.. ဒီဖွင့်ပွဲနေ့အခမ်းအနားက လူအားလုံးအတွက်မဟုတ်ပါဘူး။ အထူးဖိတ်ကြားထားတဲ့ ဗွီအိုင်ပီဧည့်သည်ရာဂဏန်းအတွက်ပါပဲ။
ဒီနေ့မှာ ရှိုးလျှောက်ကြတဲ့လူတွေထဲ ခန်းကျန့်လည်းတစ်ယောက်အပါအဝင်ဖြစ်တယ်။ သူက လျှောက်လမ်းပေါ်မှာလျှောက်နေတုန်း စင်အောက်မှာထိုင်နေတဲ့ချိုးချန်နဲ့ မျက်လုံးချင်းဆုံမိတယ်။
အမှတ်တမဲ့မျက်လုံးချင်းဆုံတဲ့အခါ ခန်းကျန့်ရင်ဘတ်တစ်ခုလုံး ဒုန်းခနဲဖြစ်သွားပါတယ်။ သူက ချိုးချန်ဘေးနားမှာထိုင်နေတဲ့ ပိုင်လန့်ကို ချက်ချင်းလှမ်းကြည့်မိတယ်။ ပိုင်လန်က ခေါင်းကိုငုံ့ထားပြီး လက်ထဲကအစီအစဉ်စာရွက်ကို ကြည့်နေတာပါ။ ဒီလိုနည်းနဲ့မှပဲ ဒီလူက သတင်းတွေထဲမကြာခဏပေါ်လာတတ်တဲ့သူဌေးကြီးချိုးချန်ဆိုတာ ခန်းကျန့်ကကွန်ဖန်းလုပ်နိုင်တာ။
ဒါက ခန်းကျန့်အတွက်တော့ ပထမဦးဆုံးအကြိမ်ပဲ။ သူ့စိတ်ကူးယဉ်အတွေးတွေထဲ ဖန်တီးယူထားတဲ့ “အချစ်ပြိုင်ဘက်” ချိုးချန်ဆိုတဲ့လူကို အပြင်မှာပထမဦးဆုံးအကြိမ်တွေ့မိတာပဲ။ သူ့ပုံပြင်တွေထဲမှာတော့ သူဌေးချိုးဆိုတာ အရိုင်းဆန်ဆန်ချောမောပြီး သြဇာတိက္ကမနဲ့ပြည့်စုံတဲ့လူတစ်ယောက်။ ဒါတွေက လက်တွေ့မြင်ရတော့လည်း ကွက်တိထပ်တူကျနေတယ်။ သူဌေးချိုးက လေးထောင့်ဆန်ဆန်မျက်နှာ၊ ရင်အုပ်ကျယ်ကျယ်တစ်ခုနဲ့ ခန့်ညားလှတယ်။ စင်အောက်မှာထိုင်နေတာတောင် သူ့ရဲ့သန်မာမှုနဲ့ပြိုင်ဘက်ကင်းပါဝါအာဏာတွေကို ဖုံးကွယ်ထားလို့မရနိုင်ဘူး။
ဒါကြောင့် စင်ပေါ်မှရှိနေတဲ့ခန်းကျန့်က မနာလိုဝန်တိုမှုတွေနဲ့ပြည့်နှက်လာပါတယ်။
နောက်ပြီး စင်ပေါ်စင်အောက်ကွာခြားမှုက သူတို့နှစ်ယောက်ရဲ့အဆင့်အတန်းကို ရှင်းရှင်းလင်းလင်းကြီး သိသာခြားနားသွားစေတယ်။
ခန်းကျန့်က နောက်ဆုံးတော့သဘောပေါက်နားလည်သွားခဲ့တယ်။ သူ ဘယ်လောက်ပဲကြိုးစားပမ်းစားရင်းနှီးအောင်ပြုမူနေပါစေ၊ ပိုင်လန်ကတော့ သူ့ကိုလျစ်လျူရှုထားဆဲ၊ အဆက်အသွယ်မလုပ်ပဲ နေဆဲပဲလေ…. ဒါက သိပ်ကိုသဘာဝကျပါတယ်.... ဒီနေ့မှာ သူ နာမည်ကြီးတစ်ယောက်ဖြစ်လာပေမယ့် အများအမြင်မှာတော့ ဗွီအိုင်ပီလို့ခေါ်တဲ့လူချမ်းသာတွေကို စင်ပေါ်မှာဖျော်ဖြေပေးနေရတဲ့ မျောက်တစ်ကောင်သာသာပဲ။ သူ့အဖြစ်က ဆပ်ကပ်ထဲက တိရစ္ဆာန်တွေလိုမျိုး အများအလိုကျတင်ဆက်ပေးရတဲ့လူတန်းစားပဲ။ သူတို့နှစ်ယောက်ထဲက ပိုင်လန်ဘယ်သူ့ကိုရွေးမလဲ .. ဦးနှောက်ရှိတဲ့လူတိုင်း စဉ်းစားတတ်တယ်!.....
ခါးသီးလွန်းလှတဲ့အမှန်တရားတစ်ခုက ခန်းကျန့်ရဲ့စိတ်ကူးယဉ်ပုံပြင်တွေကို ခြေမွဖျက်ဆီးပစ်လိုက်တယ်။
အတိအကျ အဲဒိအချိန်လေးအတွင်းမှာပဲ၊ စင်အောက်ကလူနှစ်ယောက် ခေါင်းတွေကိုထိကပ်လို့စကားတွေပြောနေတာကို သူ့မျက်လုံးထောင့်ကနေ ဖျတ်ခနဲတွေ့လိုက်တဲ့တစ်ခဏမှာပဲ၊ သူ့စိတ်ကူးအိမ်မက်တွေပြိုလဲပျက်စီးသွားခဲ့တယ်။ ချိုးချန်က ဘေးကိုကိုင်းလိုက်ပြီး ပိုင်လန့်နားရွက်နားခပ်တိုးတိုးပြောနေတယ်။ ဘာတွေပြောနေကြလဲ စင်ပေါ်ကသူ ဘယ်သိမှာလဲ။ ဒါပေမယ့် စိတ်လိုလက်ရရယ်မောလိုက်တဲ့ပိုင်လန်ကိုတော့ တွေ့ပါသေးတယ်။ ဘေးနားကချိုးချန်လည်း အနားကိုထပ်တိုးလို့ တစ်ပါးသူကိုဖျတ်ခနဲနမ်းလိုက်တဲ့အခါ ပိုင်လန့်ခမျာ တောင့်တင်းသွားပါတယ်။ ပိုင်လန်က ဘေးဘီကိုမျက်ကလူးဆန်ပြာကြည့်လိုက်ပြီးမှ မတတ်နိုင်လွန်းစွာပဲ ချိုးချန်နဲ့စကားတွေဆက်ပြောနေရှာတယ်။….. ဒီအချိန်မှာ ခန်းကျန့်လည်း စင်ပေါ်ကဆင်းခဲ့ရတယ်။ သူတို့နှစ်ယောက်ဘာတွေလုပ်နေလဲ ထပ်မသိနိုင်တော့ဘူး။ ဒါပေမယ့် နှမြောတသစရာတစ်ခုက သူစင်ပေါ်မှာရှိနေတဲ့တစ်ချိန်လုံး ပိုင်လန်ကယောင်လို့တောင်ခေါင်းမော့မကြည့်ခဲ့ပါဘူး။
ခန်းကျန့်က စင်ပေါ်ကဆင်းလာတယ်။ တရိပ်ရိပ်တက်လာတဲ့ မနာလိုမုန်းတီးမှုတွေကတော့ နောက်ထပ်တစ်ကြိမ် သူ့နှလုံးသားကိုတတိတိဝါးမြိုစားသောက်နေခဲ့တယ်။
***
ခန်းကျန်ရဲ့စိတ်အခြေအနေက လုံးဝမကောင်းဘူး၊ ချိုးချန်လည်း ထိုနည်းလည်းကောင်းပဲ။
ခန်းကျန့်ကို စင်ပေါ်မှာတွေ့ခဲ့တဲ့အပြင် ရှိုးအပြီးကျင်းပတဲ့ပါတီပွဲမှာလည်း သူတို့နောက်ကလိုက်လာတာကိုမြင်တဲ့အခါ ချိုးချန်က ပိုင်လန့်ဘေးနား တစ်လှမ်းမှ ခွာဖို့စိတ်ကူးမရှိတော့ဘူး။ ဒင်းက အနားကပ်မလာဘဲ မလှမ်းမကမ်းမှာပဲရပ်နေတာတောင်မှ မျက်လုံးတွေက ပိုင်လန့်ကိုပဲတစ်ချိန်လုံးစိုက်ကြည့်နေမှန်း ချိုးချန်ကအပ်တပ်ခံစားမိတယ်။
ချိုးချန်ကနေရာနည်းနည်းရွှေ့ပြီး အဲဒိစိတ်ပျက်စရာကောင်းတဲ့စူးစူးရဲရဲအကြည့်တွေ ရောက်မလာနိုင်အောင် ပိုင်လန့်ရှေ့မှာပိတ်ရပ်ပြီးကာလိုက်တယ်။ ဒီနေ့မှ ရှားရှားပါးပါး ပိုင်လန်က ကောင်တာသုံးလေးခုလျှောက်သွားပြီး အိပ်ရာခင်းဝယ်ဖို့ စိတ်လိုလက်ရလိုက်ကြည့်နေတာသာမဟုတ်ရင် သူအစောကြီးကတည်းက ဆွဲခေါ်သွားပြီးပြီ။ အဲဒိတဏှာငေါငေါအကြည့်တွေ မကျရောက်နိုင်တဲ့နေရာမှာ သွားထားပြီးပြီ။
ဒါပေမယ့်လည်း ဒီလိုမျိုး ခန်းကျန့်ရဲ့ထူးထူးဆန်းဆန်းအပြုအမူတွေက ချိုးချန်ကို တစ်စုံတစ်ခုအမှတ်ရသွားစေခဲ့တယ်။ ပိုင်လန့်ပြောစကားအရ သူပြန်မွေးဖွားလာတဲ့အချိန်မှာ ခန်းကျန့်နဲ့သူနဲ့က သာမန်သူငယ်ချင်းအဆင့်ပဲရှိသေးတယ်။ အရင်ဘဝတုန်းကလို ချစ်ကြိုးတွေမသွယ်ရသေးဘူး။ ဒါကြောင့် ခန်းကျန့် သူတို့ကိုလိုက်နှောင့်ယှက်နေတာက လက်တွဲဖော်များရိုက်နေတုန်း ပိုင်လန်ကသူ့ကိုအေးစက်စက်နှိမ့်ချဆက်ဆံလို့ပဲ ထင်ခဲ့တာ။
ဒါပေမယ့် အခုတော့ ပိုင်လန့်ကိုကြည့်နေတဲ့ခန်းကျန့်ရဲ့မျက်ဝန်းတွေကိုမြင်ပြီး ဖြစ်စဉ်က ဒီလောက်မရိုးစင်းတော့ဘူးလို့ သိသွားခဲ့ပြီ။ နောက်ပြီး လွန်ခဲ့တဲ့သုံးနှစ်က ဖုန်းကောလ်တစ်ပြုံကြီးကိုလည်း ချိုးချန်မမေ့သေးဘူး။ ဒါက “သူငယ်ချင်း”အဆင့်လို့ပြောဖို့စောလွန်းပါသေးတယ်။
ချိုးချန်က တွေးလေတွေးလေ မျက်နှာကြီးသုန်မှုန်လာပြီး ဒေါသထွက်လာလေပဲ။ ဒါပေမယ့် ဘာဖြစ်လို့ ဒီအချိန်ကွက်တိကျမှ ခန်းကျန့်တစ်ယောက် ရှိစုမဲ့စုသတ္တိမွေးပြီး သူတို့နားစကားလာပြောလည်း သူလည်းမတွေးတတ်တော့ဘူး။
“အားလန်.. တိုက်ဆိုင်လိုက်တာနော်.. ငါတို့ထပ်တွေ့ပြန်ပြီ”
ခန်းကျန့်က ရှန်ပိန်ခွက်ကိုမြှောက်ပြတယ်။ သူ့မျက်နှာပေါ်မှာ အစောတုန်းက အကြည့်စူးစူးတွေလည်းလုံးဝပျောက်ကွယ်သွားပြီး ဖော်ရွေပြီးအပြစ်ကင်းတဲ့အပြုံးလေးတစ်ခုပဲကျန်တော့တယ်။
ပိုင်လန်က ခေါင်းညိတ်ပြပြီး အသိအမှတ်ပြုလိုက်ပါတယ်။ ဒီအခါ ဘေးနားကချိုးချန်က ပိုင်လန့်ကိုလှည့်မေးတယ် “ဘယ်သူလဲ?”
ဒီလိုမျိုး ကိုယ့်မျက်စိရှေ့မှာရှိတဲ့လူကိုလျစ်လျူရှု၊ မသိသယောင်ပြုပြီး တိုက်ရိုက်ကြီးမေးလိုက်တာက ရန်လိုတဲ့အပြုအမူတစ်ခုလို့သတ်မှတ်လို့ရတယ်။ ခန်းကျန့်လိုနာမည်ကြီးတစ်ယောက်အတွက်တော့ ဒါဟာ စောင်းမြောင်းစော်ကားလိုက်တာပဲဖြစ်တယ်။
ခန်းကျန့်မျက်ဝန်းထဲ တစ်စုံတစ်ခုဖြတ်ပြေးသွားပေမယ့် သူက အပေါ်ယံမှာတော့ လေးလေးစားစားနဲ့ရင်းနှီးပျူငှာတဲ့အသွင်အပြင်ကို ထိန်းသိမ်းထားတယ်။ “တွေ့ရတာဝမ်းသာပါတယ်ခင်မျာ မစ္စတာချိုး.. ကျွန်တော်ကခန်းကျန့်ပါ၊ အရင်တုန်းက အားလန်နဲ့အတူ ထရိန်နင်အတူတက်ခဲ့ဖူးတဲ့သူငယ်ချင်းပါ၊ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ ဒီနေရာမှာတွေ့မယ်လို့ မထင်လိုက်မိဘူး”
သူ့လိုမျိုး မျက်နှာထူတတ်ဖို့ဆိုရင်တော့ တော်ယုံစကေးနဲ့ရမှာမဟုတ်ဘူး။ ချိုးချန်က ခန်းကျန့်ကို ခြေဆုံးခေါင်းဆုံးကြည့်မိတယ်။ ပြီးတော့မှ ခပ်ပါးပါးပြုံးပြလိုက်ပါတယ် “အိုး.. ဒါဆို ခင်ဗျားက ခန်းကျန့်ဆိုတာပေါ့”
ခန်းကျန့်ရဲ့မျက်ဝန်းလေးတွေ တဖြတ်ဖြတ်ဖြစ်သွားပါတယ် “အားလန်က သူဌေးချိုးကို ကျွန်တော့်အကြောင်းပြောပြထားဖူးတယ်နဲ့တူတယ်”
“ဟင့်အင်း မပြောပြဖူးပါဘူး၊ ကျုပ်က မှတ်မိနေတာ” ချိုးချန်က အဓိပ္ပါယ်အပြည့်အဝပါဝင်တဲ့အသံနဲ့ပြောပါတယ် “အရင်တုန်းက ကျုပ်တို့ဖုန်းပြောဖူးတယ်လေ”
“ဖုန်းပြောဖူးတယ်?” ခန်းကျန့်က ခဏတော့ရပ်သွားတယ်။
“တော်တော်ကြာပါပြီ၊ မနက်ပိုင်းတစ်ခုပဲ အိပ်ရာတောင်မထသေးဘူး၊ ခင်ဗျားပိုင်လန့်ကိုဖုန်းခေါ်တော့ ကိုင်လိုက်တာကျုပ်ပဲ၊ ဒါပေမယ့် ခင်ဗျားကတော့ ကျုပ်မှန်းဘယ်သိမှာလဲ”
ချိုးချန်ရဲ့အမူအရာက ခြိမ်းခြောက်နိုင်စွမ်းတွေအပြည့်ပဲ။
ခန်းကျန့်ရဲ့အန္တရာယ်အနံ့ခံနိုင်စွမ်းလည်း ချက်ချင်းကိုမြင့်တက်လာပါတယ် “ဟုတ်.. ဟုတ်လားခင်ဗျ၊ ကျွန်တော်က သိပ်မှတ်ဉာဏ်မကောင်းလို့…..”
“ဟုတ်တာပေါ့၊ ဒီလိုအသေးအဖွဲကိစ္စလေး မစ္စတာခန်းက ဘယ်လိုလုပ်မှတ်မိနိုင်ပါ့မလဲ?” ချိုးချန်က ရည်ရွယ်ချက်ရှိရှိပြုံးပြပါတယ် “အဲဒိတုန်းက မစ္စတာခန်းမှာ ဝူရှန်အန်းလို့ခေါ်တဲ့စီနီယာတစ်ယောက်ရှိတယ်မလား? သူလည်း မူးယစ်ဆေးဝါးမှုထဲပါသွားတယ်ကြားတယ်၊ အခုတော့ ဘာလုပ်နေမလဲမသိဘူး”
ဒီစကားကိုကြားတဲ့ခန်းကျန့်မျက်နှာက ချက်ချင်းကိုဖြူဆုတ်သွားပါတယ်။
အကြောင်းရင်းရှိတာပေါ့…. လွန်ခဲ့တဲ့သုံးနှစ်တုန်းက ပိုင်လန်ရဲ့ဖုန်းကို ယောင်္ကျားတစ်ယောက်လာကိုင်တယ်ဆိုပြီး သူ ဝူရှန်အန်းကိုပြောပြခဲ့ဖူးတယ်…….
အခုတော့ချိုးချန်က ဒီကိစ္စကိုအစဆွဲထုတ်လာပြီး ဝူရှန်အန်းအကြောင်းတောင် အရိပ်အမြွက်ပေးလာတယ်။ ဖြစ်နိုင်တာက… သူ ဒီအကြောင်းကို အစောကြီးကတည်းက သိနှင့်ပြီးသားလား!?
ခန်းကျန့်ကတွေးမိလေ နှလုံးခုန်နှုန်းကဗြောင်းဆန်လာလေပဲ။ သူက တံတွေးကိုခက်ခက်ခဲခဲမြိုချပြီးမှ ပြောလိုက်ရတယ် “ဒါ… မစ္စတာချိုးက ဘာကိုဆိုလိုတာလည်း မသိဘူး?”
ချိုးချန်က ခပ်ရေးရေးကလေးပဲ နှုတ်ခမ်းတွန့်ရုံရယ်လိုက်လေရဲ့။ ဒါပေမယ့် သေချာကြည့်နေမှမြင်ရမယ့် သူ့ရယ်သံကတော့ ခန်းကျန့်တစ်ကိုယ်လုံးရှိသမျှအမွှေးတွေထောင်သွားစေခဲ့ပါတယ်။
သူတွေးထားသလိုပဲ ရယ်သံရပ်သွားချိန်မှာ ချိုးချန်ရဲ့မျက်အိမ်နက်နက်က ပိုပြီးအေးစက်လာလိုက်တာ တစ်စုံတစ်ယောက်ကိုအေးခဲသွားစေဖို့လုံလောက်နေခဲ့တယ်။
“ဒီနေရာက လစ်လိုက်တော့! အဲ့ဒါငါ့အဓိပ္ပါယ်ပဲ!”
တမဟုတ်ချည်းမြင့်တက်လာတဲ့ဖိအားတွေက ခန်းကျန့်ကို ယောင်ယောင်မှားမှားနဲ့ခြေလှမ်းဆုတ်စေခဲ့တယ်။ သူ့ခြေထောက်တွေက ပျော့ခွေချင်နေပြီ၊ ဒါပေမယ့် သူ့မျက်လုံးတွေကတော့ ပိုင်လန့်ဆီကနေ မခွာနိုင်သေးဘူး။
ဒါပေမယ့် သူနဲ့ဆန့်ကျင်ဘက်ဖြစ်စွာ ပိုင်လန့်မျက်နှာက လုံးဝကိုတည်ငြိမ်နေပါတယ်။ ဘာထူးဆန်းတဲ့အမူအရာမှမရှိဘူး။ ဒီအကြောင်းတွေကို ပိုင်လန်အစောကြီးကတည်းက သိနှင့်နေပြီးပြီဆိုတာ သူသေချာသွားခဲ့တယ်။
သူလုပ်ခဲ့တဲ့ဆိုးရွားတဲ့အရာတွေကို ပိုင်လန်ကသိနှင့်နေခဲ့ပြီးပြီ….. ဒီအတွေးတွေက ခန်းကျန့်ကိုရှက်ရွံ့စိတ်တွေနဲ့ပြည့်နှက်လာစေခဲ့တယ်။ သူ့မျက်နှာက ရဲရဲနီလာတယ်။ ဒီနေရာမှာ တစ်စက္ကန့်လေးတောင် မနေလိုတော့ဘူး။ ဘာဖြေရှင်းချက်မှမပြုနိုင်တဲ့ခန်းကျန့်က ချက်ချင်းကိုလှည့်ထွက်လာခဲ့ပြီး ပါတီပွဲကနေ ကသုတ်ကရိုက်တပ်ဆုတ်ခဲ့ရပါတယ်။
အနှီလူထွက်ပြေးသွားတာကိုမြင်တဲ့ချိုးချန်ကတော့ မနေနိုင်မထိုင်နိုင် လည်ချောင်းသံနဲ့ ဟွန့်ခနဲနှာမှုတ်လိုက်သေးတယ်။
ပိုင်လန်က ပြုံးနေရာကရပ်သွားလေရဲ့ “ရုတ်တရက်ကြီး ဘာထလုပ်တာလဲ”
ချိုးချန်က ခန်းကျန့်ကို လက်စားချေချင်နေမှန်း သူသိပါတယ်။ ဒါပေမယ့် နောက်ကွယ်က တိတ်တဆိတ်အကွက်ချနေတာမဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး ပေါ်တင်ထချဲတာလဲ။
ချိုးချန်က အစောတုန်းက ခန်းကျန့်ရဲ့သွားရည်တမြားမြားမျက်နှာကြီးကိုပြန်တွေးမိတယ်။ ဒါပေမယ့် ပိုင်လန့်ကိုတော့ ပြန်မပြောပြချင်ပါဘူး။ တခြားဟာပဲပြောလိုက်တယ် “တစ်ချို့လူတွေက နဂါးမှန်းသိအောင်အမောက်ထောင်ပြထားမှတန်ကာကျမှာ၊ နို့မို့ဆို မင်းကိုတက်နင်းဖို့ ဟန်ရေးတပြပြလုပ်နေကြလိမ့်မယ်”
ပိုင်လန်ကစဉ်းစားလိုက်ပြီးမှ မှန်တယ်လို့တွေးလိုက်တယ် “ဟုတ်ပါတယ်၊ ခန်းကျန့်ကတကယ့်ကိုထူးဆန်းတဲ့လူ”
ချိုးချန်လည်း ဒီအကြောင်းကိုဆက်မပြောချင်တာကြောင့် စကားလမ်းကြောင်းလွှဲလိုက်တယ် “ထားလိုက်တော့ အဲ့ကောင်အကြောင်းမပြောတော့ဘူး၊ မင်းလိုအပ်တာဘာရှိသေးလဲ၊ ဒီနေ့လမ်းကြုံတုန်း အကုန်သာဝယ်လိုက်”
ပိုင်လန်ကခေါင်းညိတ်တယ် “ဒါပြီးရင် အလုပ်မရှိတော့ဘူးလား”
“မရှိဘူး၊ ဒီနေ့ ကိုယ့်အလုပ်တွေအားလုံး ရှင်းထုတ်ထားတယ်”
ဒါပေမယ့် ပိုင်လန်ကတော့ သူ့ဖုန်းကိုထုတ်လိုက်တယ်။ စကရင်ပေါ်မှာပြနေတဲ့အချိန်ကိုကြည့်လိုက်ပြီး နံပါတ်တစ်ခုကိုခေါ်လိုက်ပါတယ်။
ချိုးချန်ကအံ့သြသွားပေမယ့် ပိုင်လန်က သူ့ကိုပြုံးပြီးပဲကြည့်နေတယ်။ သူက ဖုန်းလိုင်းဝင်အောင်စောင့်နေသေးတယ်။
ဖုန်းကိုဖြတ်ပြီးအသံကျယ်ကြီးထွက်လာဖို့ စက္ကန့်ပိုင်းပဲကြာပါတယ် “ဟယ်လို! ဟယ်လို! ဟယ်လို! အားပိုင်! သားကိုဖုန်းဆက်တာလား…..”
ဒီဘက်ခေတ်မှာ မူလတန်းဒုတိယနှစ်ကျောင်းသားတစ်ယောက် ဖုန်းကိုင်နေပြီဆိုတာ အထူးအဆန်းမဟုတ်တော့ဘူး။ မိဘတွေကလည်း သူတို့သားသမီးတွေနဲ့ဆက်သွယ်ရအဆင်ပြေစေဖို့ ဖုန်းပေးကိုင်ထားတယ်။ ပိုင်လန် ချိုးရှောင်ဟိုင်ကိုပေးထားတဲ့ဖုန်းက ဘာဖန်ရှင်မှမပါဘူး၊ ဖုန်းအဝင်အထွက်နှစ်မျိုးပဲရတယ်။ ဒါပေမယ့် ဒါကပဲ ချိုးရှောင်ဟိုင်ကို အပျော်လွန်သွားစေဖို့လုံလောက်နေပြီ။ အားပိုင်ပဲဖြစ်ဖြစ် ဖေဖေပဲဖြစ်ဖြစ် သူ့ကိုဖုန်းခေါ်ပြီးစကားပြောရင် အကောင်ငယ်လေးက အရမ်းကြိုက်ရှာတာ။
“ကျောင်းဆင်းတော့မှာလား” ပိုင်လန်ကမေးတယ်။
“အင်း! အားပိုင်! သား သားပြောပြဦးမယ်၊ အခုလေးတင် ဆရာမကပြောတယ်..…”
နောက်ပိုင်းစကားတွေကတော့ အရည်မရမဖတ်မရတွေချည်းပဲ။ ဒါတွေကိုပဲ ကောင်ငယ်လေးက အာပေါင်အာရင်းသန်သန်နဲ့ အကျယ်ကြီးသံတော်ဦးတင်နေတယ်။ ဘေးမှာရပ်နေတဲ့ချိုးချန်ကတောင် သူ့သားရဲ့အားအင်ပြည့်ဝအသံကျယ်ကြီးကို အတိုင်းသားကြားနေရပါတယ်။
ပိုင်လန်က သုံးလေးခွန်းလောက်ထောက်ခံလိုက်ပြီးမှ ထပ်ပြောလိုက်တယ် “ဒါဆို ကျောင်းဆင်းရင် ဟုန်ဟုန်လာကြိုပြီး ဒီကိုခေါ်လာလိမ့်နော်၊ အားပိုင်နဲ့ဖေဖေနဲ့ ရှော့ပင်းမောလ်ရောက်နေတယ်။ ရှောင်ဟိုင့်မွေးနေ့အတွက် လက်ဆောင်ဝယ်ပေးမလို့၊ ကိုယ့်ဖာသာကိုယ်ကြိုက်တာကြည့်ပြီး ဝယ်လို့ရတာပေါ့”
နားစည်ကွဲထွက်မတတ် တက်ကြွတဲ့အော်ဟစ်သံတစ်ခုက ဖုန်းထဲကနေထွက်လာတယ်။ ပိုင်လန်က ဖုန်းကိုတောင် သူ့နားနဲ့ခွာလိုက်ရသေးတယ်။ ဒါကို မြင်ရတဲ့ချိုးချန်က ဖုန်းကိုဆွဲယူပြီး ဝင်ပြောလိုက်ပါတယ် “တိတ်တိတ်နေစမ်း အကောင်စုတ်လေး၊ ဘယ်သူမှမင်းလိုဖုန်းမပြောဘူး၊ ဒီမှာနားကွဲတော့မယ်”
“သားလည်းလိုက်ချင်တယ် သားလည်းလိုက်ချင်တယ်!! ဖေဖေ!! အားပိုင်ကိုပြောပေးပါ!!” ချိုးရှောင်ဟိုင်က အော်ဟစ်နေဆဲပဲ။ “သား ကျောင်းဆင်းလိုက်တော့မယ်!! ဆရာမကိုပြောပြီး အခုချက်ချင်းကျောင်းဆင်းလိုက်တော့မယ်!!”
ချိုးချန်က အံ့ကိုကြိတ်ထားတယ်။ သူ့နားတွေလည်း ကွဲထွက်တော့မယ်လေ။
“မရဘူး၊ နားထောင်ဦး၊ အတန်းကိုအရင်ပြီးအောင်တက်ပြီးမှ လာလို့ရမယ်၊ ဒါမှမဟုတ်ရင် အားပိုင်နဲ့ဖေဖေနဲ့ အိမ်ပြန်လိုက်မှာနော်”
“အား!!… မလုပ်နဲ့ အား!! သားကိုစောင့်ဦး သားကိုစောင့်ဦးလို့!! သားလည်းအတူတူလိုက်မှာ!!”
ချိုးရှောင်ဟိုင်ရဲ့အော်ဟစ်သံအရ လက်ဆောင်ဝယ်ပေးမယ့်အပိုင်းက သူ့အတွက်အရေးမကြီးမှန်းသိသာလှတယ်။ သူလိုချင်တာက သုံးယောက်သားအတူတကွလည်ပတ်ချင်ရုံလေးပါ။
ချိုးချန်က သူ့ကိုသုံးလေးခွန်းလောက်နားချလိုက်ရသေးတယ်။ နောက်ဆုံးကျမှဖုန်းချလိုက်ပြီး ပိုင်လန့်ကိုပြန်ပေးလိုက်တယ်။ သူကပြောပါတယ် “ကိုယ့်အတွက်လက်ဆောင်ကရော?”
ချိုးမိသားစုသားအဖနှစ်ယောက်ရဲ့မွေးနေ့တွေက တစ်ပတ်ပဲခြားတယ်ဆိုရင် တိုက်ဆိုင်တယ်ခေါ်မလားပဲ။
သူတို့နှစ်ယောက်လုံးက လီယိုရာသီဖွား(သိဟ်ရာသီ)တွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် တကျက်ကျက်ဖြစ်ဖို့မွေးလာသလားလို့တောင် ထင်ရတယ်။
“အိပ်ရာခင်းဝယ်မလို့လေ၊ အိပ်ရာခင်းမလိုချင်ဘူးဆိုရင်တော့….” ပိုင်လန်က အသည်းအသန်စဉ်းစားချင်ယောင်ဆောင်နေတယ် “….ထပ်စဉ်းစားလိုက်ပါဦးမယ်”
“သဲလွန်စပေးရမလား၊ ကိုယ်က အိပ်ရာခင်းမကြိုက်ဘူး၊ အိပ်ရာခင်းပေါ်မှာလုပ်မယ့်ဟာကိုပဲ ပိုကြိုက်တယ်” ချိုးချန်က ပိုင်လန့်နားကပ်လာပြီး လေသံနဲ့ခပ်တိုးတိုးပြောလိုက်တယ်။
“ဒါဆို ကျွန်တော်က ကိုယ့်ကိုကိုယ် ဖဲပြားချည်ပြီး အိပ်ရာခင်းပေါ်တက်အိပ်ပေးရင် အဆင်ပြေပြီလား” ပိုင်လန်ကရွဲ့လေရဲ့။
အခုချိန်မှာ သူတို့နှစ်ယောက်ဘေးပတ်လည်မှာ ရှော့ပင်းထွက်နေတဲ့လူတွေအများရှိပါတယ်။ ဒါပေမယ့် ချိုးချန်ကတော့ လုပ်ချင်တာကိုထိန်းချုပ်ဖို့မကြိုးစားဘူး၊ ခေါင်းကိုငုံ့ပြီး အနမ်းပြင်းပြင်းတစ်ပွင့်ခိုးယူလိုက်လေတယ်။
***
ရှော့ပင်းမောလ်ဖွင့်ပွဲမှာထိတ်တိုက်တွေ့ခဲ့ကြပြီးနောက်မှာတော့ ချိုးချန်က သားကောင်ဖမ်းဖို့ အသေအချာလေးပိုက်ကွန်ချစိုင်းပြင်းနေခဲ့တယ်။ သူက ခန်းကျန့်ဆိုတဲ့ကောင်ကို ကောင်းကောင်းကြီးကို သင်ခန်းစာပေးချင်နေပြီ။
ဒါပေမယ့် မထင်လိုက်မိဘူး၊ သူတောင်ဘာမှမလုပ်ရသေးခင်မှာပဲ တစ်ဖက်လူက သူ့ကို ပက်ပက်စက်စက်စိတ်အနှောင့်အယှက်ဖြစ်သွားအောင် ပြုလုပ်လိုက်နိုင်တယ်။
ဟုန်ဟုန်က အစီရင်ခံစာတစ်စောင်နဲ့ဝင်လာတယ် “ခန်းကျန့်က နောက်ဆုံးတော့ လူတစ်ယောက်နဲ့အိပ်လိုက်ပါပြီ၊ ဓါတ်ပုံက ဖိုင်ထဲမှာရှိပါတယ်၊ ယောကျ်ားလေးမော်ဒယ်အသစ်တစ်ယောက်ပါ၊ ကျွန်တော်တို့ထည့်ထားတဲ့လူတော့မဟုတ်ဘူး”
ချိုးချန်က ဖိုင်ကိုစိတ်မဝင်စားဘူး၊ ဖွင့်လည်းမကြည့်ဘူး။ “ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ မီဒီယာတွေမှာဖွင့်ချလိုက်တော့၊ ငါပြောထားတဲ့အတိုင်းအကုန်သာလုပ်လိုက်”
ဟုန်ဟုန်က နောက်ထပ်တစ်ကြိမ် ဖိုင်ကိုထိုးပေးပြန်တယ် “ဆရာအရင်ကြည့်လိုက်ရင်ကောင်းမယ်လို့ ကျွန်တော်ထင်တယ်”
ချိုးချန်က ရပ်သွားပြီးမှ ဖိုင်ကိုဖွင့်ပြီး အထဲကဓါတ်ပုံကိုကြည့်လိုက်ပါတယ်။
စက္ကန့်ပိုင်းပဲကြာတယ်.. ချိုးချန်က ဖိုင်တစ်ခုလုံးကိုဒေါသတကြီးဆုတ်ဖြဲပစ်လိုက်တယ်။ ဒါတောင် ဒေါသကိုမထိန်းနိုင်သေးလို့ စားပွဲခုံကို ခြေထောက်နဲ့အားပြင်းပြင်းဆောင့်ကန်လိုက်သေးတယ်။
“ဖာ့ခ်!! စောက်ရမ်းစိတ်ကုန်ဖို့ကောင်းတဲ့ဟာတေ သွားသေလိုက်ကြစမ်း! ဖာ့ခ်!!”
“ဆရာ ဘယ်လိုလုပ်ချင်လဲ” ဟုန်ဟုန်ကမေးတယ်။
“သူ့ကို ပိုက်ဆံနည်းနည်းလောက်ပေးလိုက်၊ ပလတ်စတစ်ဆာဂျရီသွားလုပ်လို့ပြောလိုက်၊ မပြီးသေးခင် ဘာမှမပေါ်စေနဲ့ဦး၊ နောက်ပြီးတော့ ခန်းကျန့်ကို အမြတ်နည်းနည်းလောက်ပေးစားလိုက်၊ သူ့ကို အစ်ကိုချန်တုန်နဲ့မိတ်ဆက်ပေးရမယ့်အချိန်ရောက်ပြီ၊ မိသားစုရော ရှိရှိသမျှဟာတွေဆုံးရှုံးပြီးရင်တော့ ဒီကောင်ဘယ်လိုပြန်ထမလဲ စောင့်ကြည့်ရတာပေါ့” ချိုးချန်ရဲ့အသက်ရှုနှုန်းတွေက ခပ်စိပ်စိပ်ကြမ်းတမ်းနေတုန်းပဲ။ သူက ကြမ်းပြင်ပေါ်မှာကျနေတဲ့ဓါတ်ပုံကို ကြောက်စရာကောင်းလောက်အောင် စိုက်ကြည့်နေတယ်။
ဓါတ်ပုံထဲမှာက နူးညံ့ပြီးချောမောလွန်းတဲ့လူငယ်မော်ဒယ်လေးတစ်ယောက်။ သူပြုံးလိုက်တဲ့အခါမှာ သူ့မျက်နှာသွင်ပြင်က (၅၀)%လောက် ပိုင်လန်နဲ့ထပ်တူညီကျတယ်။
…………………………..