(55) နေဝင်ချိန်
နာမည်ရော ကျော်ကြားမှုရော မပြည့်စုံသေးတဲ့မော်ဒယ်လေးတစ်ယောက်ကို မျက်နှာခွဲစိတ်ပြုပြင်ခိုင်းရတာ ဘာမှခက်ခဲတဲ့အရာမဟုတ်ဘူး။ အမြင်ပိုင်းလှပနေရမယ့် ကိုယ်ဟန်ပြမော်ဒယ်အလုပ်ကိုဗန်းပြပြီး “မင်း မျက်နှာခွဲစိတ်လိုက်မယ်ဆိုရင် ကုန်ပစ္စည်းနဲ့ပိုပြီးလိုက်ဖက်သွားမှာပဲ” ဆိုတဲ့စကားတစ်ခွန်းပဲလိုတယ်။ နာမည်ကြီးဖို့ စိတ်မရှည်လက်မရှည်ဖြစ်နေတဲ့ဘယ်မော်ဒယ်မဆို ငါးစာလာဟပ်ကြမှာပါပဲ။
ဟုန်ဟုန်ဖန်ထားတဲ့ဒီခွင်က အလိမ်အညာတော့မဟုတ်ဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေက တကယ့်အစစ်အမှန်ပါ။ တစ်ဖက်လူသာမလုပ်ချင်ဘူးဆိုရင် အလုပ်သောဘာသောအကုန်လုံးကို အေးဆေးငြင်းပယ်လိုက်ရုံပဲ။ ဒါပေမယ့် ဒီလောက်ကောင်းတဲ့အခွင့်ရေးကို ဒီကမ္ဘာပေါ်မှာ ဘယ်သူကများငြင်းပယ်မှာလဲ။ နာမည်မရှိသေးတဲ့တက်သစ်စမော်ဒယ်လေးဆို ပိုလို့တောင်မှ မငြင်းနိုင်သေးတယ်။ နောက်ပြီး အိမ်ထောင်သည်တစ်ယောက်နဲ့ချစ်စခန်းဖွင့်တတ်တဲ့လူစားမျိုးက ကောင်းသည်ဆိုးသည်လည်း အများကြီးတွေးတောတတ်မှာမဟုတ်ပါဘူး။ ဒါကြောင့် အကုန်လုံးကိုကိုင်တွယ်ဖြေရှင်းဖို့ ဟုန်ဟုန်က အချိန်နဲ့အားအင်တွေ အများကြီးအကုန်မခံလိုက်ရဘူး။
အော်ပရေးရှင်းလုပ်ကြတဲ့အချိန်မှာတော့ သူတို့က မော်ဒယ်လေးရဲ့မျက်နှာကိုမပျက်စီးစေအောင် သေချာလေးဂရုစိုက်ရသေးတယ်။ ခွဲစိတ်မှုက အကြီးစားမဟုတ်ဘူး။ မျက်ရစ်လေးကိုဖော်၊ မျက်လုံးထောင့်လေးကိုညှိပြီး မော်ဒယ်လေးကို ဆွဲဆောင်မှုရှိတဲ့မက်မွန်မျက်ဝန်းပိုင်ရှင်လေး လုပ်ပေးလိုက်တာပဲ။ သူက ပိုလို့တောင်လှပချောမောသွားသေးတယ်။ ဒါပေမယ့် ပိုင်လန်နဲ့ဆင်ဆင်တူတဲ့အရိပ်အယောင်တွေတော့မရှိတော့ဘူးပေါ့။
ဒါဆိုရင်လုံလောက်ပြီ။ ဒီလင်းချန်ယွမ်လို့ခေါ်တဲ့မော်ဒယ်လေး နောက်ပိုင်းမှာ ခန်းကျန့်စွန့်ပစ်တာကိုခံရတာပဲဖြစ်ဖြစ်၊ မခံရတာပဲဖြစ်ဖြစ် ချိုးချန်က သောက်ရေးကိုမစိုက်ဘူး။ သူအာရုံစိုက်ရတဲ့တစ်ခုတည်းသောအရာက ပိုင်လန်နဲ့တူတဲ့အစိတ်အပိုင်းသေးသေးလေးကိုပဲဖြစ်ဖြစ် တစ်ပါးသူကအသုံးချနေတာကို သည်းမခံနိုင်တာ။ အစားထိုးတစ်ယောက်ပဲဖြစ်ပါစေ ပိုင်လန်နဲ့တူတဲ့လူတစ်ယောက်ကို ခန်းကျန့်က အတူအိပ်ဖို့၊ စိတ်ဖြေအလှကြည့်ဖို့ အသုံးချနေတာ သူသည်းမခံနိုင်တော့ပါဘူး။
အကယ်၍ ခန်းကျန့်က ဒီတစ်ယောက်မကောင်းတော့လို့ ပိုင်လန်နဲ့တူတဲ့နောက်ထပ်တစ်ယောက်ထပ်ရှာမယ်ဆိုရင်ရော? တူတဲ့လူတိုင်းကို ပလတ်စတစ်ဆာဂျရီတွေလိုက်လုပ်ခိုင်းနေဦးမှာလား?
ဒီမေးခွန်းနဲ့ပတ်သတ်ပြီး ချိုးချန်ရဲ့အဖြေကတော့ရှင်းပါတယ်။ ခန်းကျန့်ကို ဒီလိုလုပ်ဖို့အခွင့်အရေး နည်းနည်းလေးတောင် မရစေရပါဘူး။
***
“သူဌေးခန်း ခင်ဗျားကတော့လုံးဝအမြင်ရှိတယ်ဗျာ၊ ဝါရင့်စီးပွားရေးသမားကြီးအတိုင်းပဲ!” ကားပွဲစားသူဌေး သူဌေးဝူက အထင်ကြီးတဲ့မျက်လုံးတွေနဲ့ ခန်းကျန့်ကိုကြည့်လိုက်တယ် “နေကာဖလင်ပြားတွေကို ကျွန်တော်တောင်ဘာလုပ်ရမှန်းမသိဖြစ်နေတာ၊ သူဌေးခန်းနဲ့တွေ့မှ အကုန်ရောင်းထွက်ကုန်ပြီ! တစ်ချက်တည်းနဲ့ အရင်းတွေလည်းကျေပြီး အမြတ်တွေပါနှစ်ဆဖြစ်ကုန်ပြီ! ဟား ဟား ဟား ကျွန်တော်ကတော့ ဂိုဒေါင်ထဲက လက်ကျန်တွေအကုန်လုံးလိုက်စစ်ရင်းနဲ့ မျက်လုံးတွေပါပြာတယ်”
ခန်းကျန့်က ဝတ်ထားတဲ့ဝတ်စုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ဆွဲချပြီး မြောက်တက်ချင်နေတဲ့စိတ်တွေကို ထိန်းချုပ်နေရတယ် “မဟုတ်ပါဘူးဗျာ၊ ကျွန်တော်လည်း သူငယ်ချင်းတွေဆီက အကြံကောင်းတွေရလို့ ကံကောင်းသွားတာပါ”
“မဟုတ်တာ နှိမ့်ချမနေပါနဲ့ဗျာ! တစ်ချို့ဆိုအခွင့်အရေးကမျက်စိရှေ့ရောက်နေတာတောင် မဖမ်းဆုပ်နိုင်တဲ့လူတွေ တပုံကြီးပါဗျာ! သူတို့က ခင်ဗျားလို သတ္တိရှိရှိငွေမရင်းရဲကြဘူး!! သူဌေးခန်းကတော့ အရည်အချင်းကလည်းရှိ တကယ့်ကိုထူးခြားတဲ့လူပါပဲ” သူဌေးဝူက လေးစားအားကျမှုတွေအပြည့်နဲ့ထပ်ပြောပါတယ် “ကျွန်တော့်အမြင်တော့ သူဌေးခန်းက နေရာမှားနေတာဗျ၊ ခင်ဗျားက ရင်းနှီးမြှပ်နှံမှုမှာဆရာကြီး ရုပ်ရှင်မင်းသားဖြစ်နေတာ နှမျောဖို့ကောင်းလွန်းတယ် ဟား ဟား ဟား”
ဒီလိုလောကွတ်အပိုငါးဆယ်သားလောက်ပါတဲ့ချီးကျူးမှုတွေက ခန်းကျန့်ကို တိမ်ဆိုင်တွေထဲလွင့်မျောသွားသလိုခံစားရစေတယ်။ သူက ရှက်ရယ်ရယ်ပြီးမှ ဟန်ဆောင်ပန်ဆောင်ပြောပါတယ် “အိုကေ အိုကေ ခင်ဗျားဆက်ပြောနေ ကျွန်တော်က မျက်နှာကြီးဘယ်နားသွားထားရမှန်းမသိတော့ဘူး၊ ပစ္စည်းတွေကို G မြို့က လုံထုံဂိုဒေါင်ထဲရောက်ဖို့ ဒီတစ်ခါတော့ သူဌေးဝူကို အကူညီကောင်းရတော့မယ်၊ ကျွန်တော် (၃၀)%အရင်ပေးခဲ့မယ်၊ ပစ္စည်းတွေအကုန်ရောက်မှပဲ ကျန်တာချေမယ်”
“အိုက်ယား.. အလောတကြီးလုပ်စရာမလိုပါဘူး၊ သူဌေးခန်းရဲ့ကုမ်ပဏီက ဒီလောက်တောင်အရောင်းသွက်တာ၊ ငွေမချေမှာ စိတ်ပူနေစရာလားဗျာ၊ ဟား ဟား အကုန်လုံးပို့ပြီးမှ တစ်ခါတည်းချေလည်း ရပါတယ်” သူဌေးဝူက ငြင်းပါတယ်။
သူ့စကားတွေက ခန်းကျန့်နားထဲမှာတော့ သာယာနာပျော်ဖွယ်သီချင်းသံတွေလိုပဲ။ ခန်းကျန့်က ကျေနပ်လွန်းတဲ့အမူအရာနဲ့ နောက်ထပ်သုံးလေးခွန်းလောက်ညွှန်ကြားပြီးမှာတော့ ကားကုမ်ပဏီရဲ့ဂိုဒေါင်ထဲကထွက်လာခဲ့တယ်။ ပြီးနောက်မှာ ထူးခြားမှုမရှိတဲ့သာမညောင်ညအဆောင်အဦးတစ်ခုဆီ ကားမောင်းလာခဲ့ပြီး အထပ်မြင့်သုံးလွှာဆီကို တက်လာခဲ့ပါတယ်။
သူ တံခါးကိုဖွင့်လိုက်ချိန်မှာ လင်းချန်ယွမ်က တီရှပ်ပွပွကြီးကိုဝတ်ပြီး ဆိုဖာခုံပေါ်ထိုင်ကာ ခြေထောက်တွေကိုနှိပ်နေတယ်။
အမျိုးသားမော်ဒယ်တစ်ယောက်ဖြစ်ဖို့ အခြေခံလိုအပ်ချက်လေးတွေလည်းရှိတယ်။ လင်းချန်ယွမ်က သာမန်မော်ဒယ်တစ်ယောက်နဲ့ယှဉ်ရင် အရပ်နည်းနည်းပုပေမယ့် သူတစ်ယောက်တည်းကြည့်မယ်ဆိုရင် အပေါ်ပိုင်းအောက်ပိုင်းကိုယ်ခန္ဓာအချိုးစားက ညီမျှတယ်။ သူ့ခြေထောက်တွေက ဖြောင့်ဆင်းပြီး အတော်အတန်ရှည်တယ်လို့ပြောလို့ရတယ်။ သူ့ပုံစံက နိုင်ငံတကာမော်ဒယ်စံနှုန်းနဲ့မညီပေမယ့်လည်း ပြည်တွင်းဈေးကွက်ထဲမှာတော့ အတော်လေးဝင်ဆန့်နိုင်တယ်။
လင်းချန်ယွမ်က တံခါးဖွင့်သံကြားလို့ ခြေထောက်တွေနှိပ်နေရာကနေ ပြုံးပြီးမော့ကြည့်တယ်။ သူ့ရဲ့ခွဲစိတ်ပြီးသားမက်မွန်ပွင့်မျက်ဝန်းနှစ်ဖက်ကို ကွေးညွှတ်လိုက်တဲ့အခါ သိပ်ကိုလှပပြီးဆွဲဆောင်မှုရှိတယ် “ရောက်လာပြီလား”
တစ်ဖက်လူရဲ့အပြုံးတွေကိုမြင်ပြီး ခန်းကျန့်နှလုံးသား အနက်ရှိုင်းဆုံးကနေ စိတ်ပျက်လက်ပျက်ဖြစ်သွားပါတယ်။ သူက လင်းချန်ယွမ်ရဲ့ဖြူဖွေးရှည်လျားတဲ့ ခြေထောက်တစ်စုံရယ်၊ ဆွဲဆောင်မှုရှိတဲ့တင်ပါးဖောင်းဖောင်းလေးရယ်ကို မြင်လိုက်တာတောင်မှ တစ်ချက်ပဲကြည့်ပြီး အကြည့်လွှဲလိုက်တယ်။ ဒီအသုံးမကျတဲ့စောက်ရူးမော်ဒယ်ကောင်က သူ့ကိုတစ်ခွန်းမှမတိုင်ပင်ပဲ ပလတ်စတစ်ဆာဂျရီသွားပြေးလုပ်ခဲ့ပြီး အံ့သြစရာကောင်းလှတဲ့မျက်ဝန်းတစ်စုံကိုဆုံးရှုံးခဲ့တာတောင်မှ ခန်းကျန့်ရဲ့အလိုဆန္ဒတွေကို ကျေနပ်နေစေတဲ့နေရာမှာ ထူးချွန်ပြောင်မြောက်နေတုန်းပဲ။ ဒါကြောင့် ခန်းကျန့်လည်း ခွာမထုတ်ရက်နိုင်ဖြစ်နေတာသေးတာပေါ့။
ခန်းကျန့်က ကားသော့ကို တစ်ဖက်ကိုပစ်တင်လိုက်ပြီး လင်းချန်ယွမ်ဆီ ခြေလှမ်းကျဲကြီးနဲ့လျှောက်လာတယ်။ စက္ကန့်ပိုင်းတောင်မကြာဘူး သူက တစ်ဖက်လူကို ဆိုဖာခုံပေါ်တက်ဖိလိုက်လေရဲ့ “ပြောစမ်းပါဦး မင်းက ကိုယ်လာမယ့်အချိန်ကိုတွက်ချက်ပြီး ဒီလိုတွေဝတ်စားထားတာ ကိုယ့်ကိုမြူဆွယ်ဖို့လား”
လင်းချန်ယွမ်က မျက်လွှာချပြီး မခို့တယို့လေးမေးလိုက်ပါတယ် “ဒီနေ့ မိန်းမနဲ့ညစာစားမယ်ဆိုပြီး အိမ်ပြန်ဦးမှာလား?”
ခန်းကျန့်က လင်းချန်ယွမ်ရဲ့မျက်လုံးတွေကို အုပ်လိုက်ပြီးမှ ပြင်းပြင်းပြပြဖက်နမ်းလိုက်တယ်။ သူက ဆွဲဆောင်မှုရှိရှိသြရှရှအသံမျိုးနဲ့ပြောပါတယ် “အခုတော့ အရင်ဆုံး မင်းကိုဗိုက်ကားသွားတဲ့အထိကျွေးဖို့ စိတ်ကူးထားတယ် ဘေဘီ”
ပြောပြီးနောက်မှာတော့ ခန်းကျန့်က သူတို့ဘုံဗိမာန်နေရာကို နှစ်ယောက်အိပ်အခန်းကျယ်ထဲရွှေ့လိုက်တယ်။ ပြီးမှ လာရင်းရည်ရွယ်ချက်ကို ကသုတ်ကရိုက်အကောင်အထည်ဖော်ပါတော့တယ်။
ဖြစ်စဉ်အတွင်းမှာလည်း လင်းချန်ယွမ်က နာလွန်းလို့ သုံးလေးကြိမ်လောက်အော်ညည်းမိသေးတယ်။ ဒါပေမယ့် အထွန့်မတက်လိမ်လိမ်မာမာလေးပဲ ပြုသမျှနုရှာတယ်။
ခန်းကျန့်က သူ့ကိုပြောခဲ့ဖူးတယ်လေ။ မင်းကိုအရမ်းချစ်တာပဲတဲ့။ ဂူသင်္ချိုင်းထဲပိတ်မိနေသလို အသက်ရှင်နေရတဲ့ သူ့ရဲ့အိမ်ထောင်သည်ဘဝမှာ မင်းလေးသာ ကိုယ့်ရဲ့ကယ်တင်ရှင်လေးဖြစ်ခဲ့တာပါ..တဲ့။
***
‘ရှုပ်ထွေးနေသောလမ်းမများ’ ထုတ်လွှင့်မှု ပြီးဆုံးခါနီးရောက်လာတဲ့အခါ ပိုင်လန်က နောက်ထပ်အလုပ်တစ်ခုအကြောင်း စဉ်းစားတွေးတောလာရပြီဖြစ်တယ်။
ဒီကြားထဲမှာလည်း ဇာတ်လမ်းတွဲပရိုမိုးရှင်းအဖြစ် ပိုင်လန်ရဲ့နေ့စဉ်ဘဝက တီဗွီရှီုးရိုက်ကူးမှုတွေနဲ့ ဖင်မလှည့်ခေါင်းမလှည့်နိုင်အောင်ဖြစ်နေခဲ့ရတယ်။ ပြည့်ကျပ်နေတဲ့သူ့အချိန်ဇယားတွေက ချိုးချန်ကိုတောင် မျက်မှောင်ကျုံ့သွားစေတဲ့အထိပဲ။ ‘ညစာဘယ်သူဒကာခံမှာလဲ’ အစီအစဉ်ကိုငြင်းပယ်ပြီးနောက်မှာတော့ ပိုင်လန်ရဲ့အလုပ်တွေ ခေတ္တရပ်နားထားဖို့ ချိုးချန်က ဖန်းဟွာကိုပြောခဲ့တယ်။
ပိုင်လန်ရဲ့ပင်တိုင်ဆရာဝန်ဖုန့်ယင်းချီက သူ့ကိုပြောတယ်လေ။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ချိုးချန်အက်စီးဒန့်ကာလတွေမှာ ပိုင်လန်က ပင်ပန်းမှုနဲ့ဖိအားတွေကိုခံစားခဲ့ရတာကြောင့် မတိုင်မီကလုပ်ထားခဲ့တဲ့ ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ အများကြီးဆုတ်ယုတ်သွားခဲ့တယ်တဲ့။ အခုချိန် သရုပ်ဆောင်လောကကိုပြန်ဝင်မယ်ဆိုရင် ကိုယ်ခန္ဓာကိုအသေချာလေးဂရုစိုက်ရမှာဖြစ်ပါတယ်။
ဒါကြောင့် သူ့ရဲ့နောက်အလုပ်က ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဒရမ်မာပဲဖြစ်ဖြစ် ‘ရှုပ်ထွေးနေသောလမ်းမများ’လို အက်ရှင်ကားရိုက်လို့မရတော့ဘူး။ ချိုးချန်သာ စိုးရိမ်ပူပန်နေရမယ်ဆိုရင် ပိုင်လန်လည်းသက်တောင့်သက်သာဖြစ်နေမှာမဟုတ်ဘူး။
နောက်ပြီး sex scenes တွေလည်းမပါရဘူးဆိုပြီး တစ်ချက်လွှတ်အမိန့်လည်းထုတ်ထားသေးတယ်။ kiss scenes မပါရင်တောင်မှ ပိုကောင်းပါသတဲ့လေ……
ချိုးချန်တစ်ယောက် ဒီလိုမျိုးအရိုးများသလေးချေးခါးသလေး လုပ်နေတာက သူမအစွမ်းအစကို စမ်းသပ်ချင်လို့လားလို့ ဖန်းဟွာက မျက်နှာကိုမော်ချီပြီးပြောခဲ့သေးတယ်။
ဒါပေမယ့် သူမက အပေါ်ယံပဲဟန်လုပ်ပြီး ကွန်ပလိန်းတက်ခဲ့တာပါ။ နောက်ထပ်ရက်အနည်းငယ်အကြာမှာ ဖန်းဟွာက ချိုးချန်ရဲ့တောင်းဆိုချက်တွေအားလုံးနဲ့ပြည့်စုံတဲ့ဇာတ်ညွှန်းတစ်ခုကို ယူလာပေးခဲ့တယ်။
‘နေဝင်ချိန်’
နေဝင်ချိန်ဇာတ်ညွှန်းကို အကြမ်းဖျင်းဖတ်ပြီးနောက်မှာ ဒီဇာတ်လမ်းက ရုံဝင်ငွေရရှိဖို့ရည်ရွယ်ချက်နဲ့ရေးထားတာမဟုတ်ဘူးလို့ ပိုင်လန်ကကောက်ချက်ချမိတယ်။
ဇာတ်လမ်းနောက်ခံကျောရိုးကိုဖတ်လိုက်တာနဲ့တင် နှလုံးသားကိုချေမွပစ်ဖို့လုံလောက်နေပြီ။ ဘယ်သူကမှ စိတ်အပန်းပြေချင်ရုံသက်သက် ဒီရုပ်ရှင်ကိုကြည့်ကြမှာမဟုတ်ဘူး။ ဒီဇာတ်လမ်းက ဦးနှောက်အကျိတ်ရောဂါခံစားနေရတဲ့ ဝေဒနာသည်တစ်ယောက်ရဲ့အကြောင်းဖြစ်တယ်။ သူက အနာဂတ်မှာ အကြောတွေတုံ့ဆိုင်းသွားပြီး သေချာပေါက်မလှုပ်နိုင်မရှားနိုင် အိပ်ရာပေါ်မှာသာသေဖို့စောင့်နေရမှာဖြစ်တယ်။ အချိန်အချို့ကြာရုန်းကန်ပြီးမှာတော့ လူနာက သက်သက်သာသာသေဆုံးခွင့်ပြုဖို့ သူ့ချစ်ရတဲ့မိသားစုတွေဆီ ခွင့်တောင်းခဲ့ပါတယ်။
ရုပ်ရှင်က အသက်ရှင်ခြင်းရဲ့တန်ဖိုး၊ မိမိကိုယ်ကို တန်ဖိုးထားတတ်မှုတွေနဲ့ ခံစားချက်တွေ အပြင်းအထန်လွန်ဆွဲရပုံကို အပီအပြင်ဖော်ကျူးထားတယ်။ နောက်ပြီးတော့ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်ရုပ်ရှင်ဖြစ်ပါတယ်။ ပိုင်လန်က ဇာတ်ညွှန်းကို ဖတ်ပြီးသွားခဲ့တာတောင် စာရွက်ကြီးကိုင်ပြီး အချိန်အတော်ကြာငူငူငိုင်ငိုင်ဖြစ်နေခဲ့သေးတယ်။ ဒါက ချိုးမိသားစုသားအဖနှစ်ယောက်ကို အတော်လေးလန့်ဖြန့်သွားစေခဲ့ပါတယ်။
နှလုံးသားကိုအပြင်းအထန်နာကျင်စေတဲ့ဒီဇာတ်ညွှန်းက ဒါရိုက်တာရွှီဝေရဲ့လက်ရာဖြစ်ပါတယ်။ သူမက အနည်းငယ်သောနာမည်ကြီးအမျိုးသမီးဒါရိုက်တာတွေထဲက တစ်ယောက်ပါ။
ရွှီဝေက နူးညံ့သိမ်မွေ့တဲ့ခံစားချက်တွေကိုပုံဖော်တဲ့နေရာမှာ အလွန်တော်တဲ့လူမျိုး။ သူမလက်ရာအများစုက နွေးထွေးတဲ့အားအင်တွေကိုဖော်ကျူးပြီး ကဗျာဆန်ဆန်လှပတယ်။ ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးထောပနာပြုခြင်းကိုလည်း ခံရပါတယ်။ အခုတော့ သူမက ဒီလိုမျိုး လူကြိုက်မများတဲ့ဇာတ်ညွှန်းကိုရွေးချယ်လာတယ်။ သူမ ဘာကြောင့်ဒီဇာတ်ကားကိုရိုက်ချင်ရတာလဲလို့ ပိုင်လန်က အရမ်းသိချင်တာပဲ။ ဒါကြောင့် ပိုင်လန်က ဒါရိုက်တာရွှီဝေကို ဖုန်းခေါ်ပြီး ကိုယ်တိုင်ပြောဆိုမေးမြန်းခဲ့ပါတယ်။
မမျှော်လင့်ထားတဲ့အဖြေကတော့ ရွှီဝေရဲ့အမေကိုယ်တိုင်က ဒီရောဂါကိုခံစားပြီးသေဆုံးသွားခဲ့တာဖြစ်တယ်။
အဲဒိအချိန်တုန်းက သူမလည်း သူမအမေကို သက်သက်သာသာသေဆုံးစေဖို့ သဘောမတူခဲ့ဘူး။ ဒါပေမယ့် အမေသေဆုံးပြီးနောက်ပိုင်းမှာတော့ သဘောတူခဲ့သင့်သလား၊ မတူခဲ့သင့်ဘူးလား ဆိုတဲ့အတွေးပေါင်းများစွာက သူမကိုအချိန်အတော်ကြာကြီးနှိပ်စက်ခဲ့သေးတယ်။ ဒါကြောင့် သူမက ရုပ်ရှင်ရိုက်ပြီး အဖြေတစ်ခုရှာဖွေကြည့်ချင်ရုံသာဖြစ်ပါတယ်။
သူမနဲ့ဖုန်းပြောပြီးတဲ့အချိန်မှာ ပိုင်လန်ကဒီဇာတ်ညွှန်းကိုလက်ခံဖို့ဆုံးဖြတ်လိုက်တယ်။ ဇာတ်လမ်းက အောင်မြင်မှာလား၊ ကျရှုံးမှာလား သူ့ရဲ့အရင်ဘဝထင်မြင်ချက်လေး နည်းနည်းတောင်မရှိပေမယ့်လေ။
***
လာမယ့်လတွေမှာတော့ ပိုင်လန်က သူ့စိတ်ဝိဉာဉ်တစ်ခုလုံးကို ‘နေဝင်ချိန်’ရုပ်ရှင်မှာပဲနှစ်မြှပ်ထားခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ပိုင်လန်က ချိုးချန်ကိုရိုက်ကွင်းလာခွင့်မပြုဘူး။ အကြောင်းပြချက်ကတော့ ဒီရုပ်ရှင်က ခံစားချက်အသားပေးဖြစ်တာကြောင့် ချိုးချန်သာရိုက်ကွင်းမှာရှိမယ်ဆိုရင် နောက်ကြောင်းမအေးနိုင်ဖြစ်မှာ အသိသာကြီးမို့ပါ။ ဒါကြောင့် ပိုင်လန်က ချိုးချန်“ဝင်ရောက်နှောင့်ယှက်”မှာကို ပြင်းပြင်းထန်ထန်ပဲကန့်ကွက်ခဲ့တယ်။ အရင်ရိုက်ကွင်းတုန်းကစီစဉ်ပေးထားတဲ့ ဆေးအဖွဲ့ကိုတောင်မှ လာခွင့်မပြုဘူး။
ချိုးချန်ကလည်း ပိုင်လန်ရဲ့အလုပ်အပေါ်ထားရှိတဲ့ဆုံးဖြတ်ချက်ကိုလေးစားပြီး လိုက်လျောပေးပါတယ်။ ဒါမှမဟုတ်ရင်လည်း အရင်ရှုပ်ထွေးနေသောလမ်းမများရိုက်ကွင်းမှာ သူ့ပါးစပ်ကထွက်တဲ့စကားတစ်ခွန်းစကားတစ်ခွန်းနဲ့တင် ဇာတ်ညွှန်းကိုပြောင်းချင်သလိုပြောင်းလို့ရတာကို ဘာဖြစ်လို့အဝတ်လဲခန်းထဲမှာပဲ ဒေါသထွက်ထွက်နဲ့စောင့်နေမှာလဲ .. မဟုတ်ဘူးလား။ ဒါကြောင့်ပဲ ဒေါက်တာဖုန့်ယင်းချီထံမှန်မှန်သွားပြပါ့မယ်၊ ကျန်းမာရေးကိုဂရုစိုက်ပါ့မယ်ဆိုတဲ့ ပိုင်လန်ရဲ့ကတိပေးစကားတွေအောက်မှာ ချိုးချန်က အားလုံးကိုသဘောတူခဲ့ပါတယ်။
ဒါပေမယ့် ပိုင်လန်တစ်ယောက် တစ်နေ့တစ်ခြားပိန်ပိန်လာတာကို ချိုးချန်ကလျင်လျင်မြန်မြန်ပဲတွေ့ရှိသွားတယ်။ ရိုက်ကွင်းကပြန်လာတဲ့အချိန်တိုင်း စိတ်အခြေအနေကမကောင်းဘဲ ပိုပိုဆိုးလာတယ်လို့ထင်နေရတယ်။ ချိုးချန်က သုံးလေးကြိမ်လောက်တီးခေါက်ကြည့်ပေမယ့်လည်း ပိုင်လန်ကတော့ ရုပ်ရှင်ကဒီလိုအမျိုးအစားမို့လို့ စိတ်ပြန်ဖြေဖို့အချိန်လိုတယ်လို့ပဲပြောတယ်၊ သူ့ကိုယ်ခန္ဓာကတော့ အကောင်းကြီးပါတဲ့လေ။
ဒါပေမယ့် ချိုးချန်ကတော့ တစ်စုံတစ်ခုမှားနေတယ်လို့ထင်တုန်းပဲ။ ဒါကြောင့် ဖုန့်ယင်းချီထံ တိုးတိုးတိတ်တိတ်မေးမိတယ်။ ဆရာဝန်ကပြောတယ်။ ပိုင်လန့်နှလုံးက လုံးဝဥဿုံကောင်းမွန်တဲ့အနေအထားမှာရှိပြီး ချိုးချန်ကိုတောင် စိတ်ရောဂါကုဆရာဝန်နဲ့မိတ်ဆက်ပေးခဲ့သေးတယ်။ သူ့သဘောက ပိုင်လန်ပဲအကူအညီလိုနေတာလား၊ အစိုးရိမ်လွန်ကဲနေတဲ့ချိုးချန်ကပဲ အကူအညီလိုနေတာလား မခွဲခြားနိုင်တော့လို့ဖြစ်ပါတယ်။
သူမိတ်ဆက်ပေးခဲ့တဲ့စိတ်ရောဂါဆရာဝန်က တကယ့်ကိုအကူအညီဖြစ်ခဲ့ပါတယ်။ ချိုးချန်နဲ့ သုံးလေးကြိမ်လောက်ဖုန်းပြောပြီးနောက်မှာ သူကပြုံးပြီး အကြံတစ်ခုပေးခဲ့တယ်။ ပိုင်လန့်ကိုနေ့တိုင်းကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့ အပြင်ခေါ်သွားလိုက်ပါတဲ့။ ဒါက အားလုံးကိုဖြေရှင်းနိုင်ပါလိမ့်မယ်တဲ့လေ။
ချိုးချန်က သိပ်မယုံကြည်ချင်ပေမယ့်လည်း နောက်တစ်နေ့မနက်ခင်းမှာတော့ စောင်ပုံထဲကွေးနေတဲ့နှစ်ယောက်ကို အိပ်ရာထက်ကဆွဲချရင်း မိသားစုသုံးယောက်သား လမ်းလျှောက်ထွက်ခဲ့တယ်။
သူတို့ဗီလာဂိတ်တံခါးဝကိုကျော်ပြီး ဆယ်မိနစ်လောက်လမ်းလျှောက်လိုက်ရင် ရှည်လျားတဲ့မြစ်ဘေးပတ်လမ်းတစ်ခုရှိတယ်။
ပထမနှစ်ရက်မှာတော့ ချိုးချန်တောင်မှ အတော်လေးပင်ပန်းတယ်လို့ခံစားခဲ့ရသေးတယ်။ ဆောင်းဦးရာသီနှောင်းပိုင်းကအေးလွန်းလို့ ချိုးရှောင်ဟိုင်ရဲ့နှာခေါင်းတစ်ခုလုံးအေးခဲပြီး နှာရည်တွေလည်း တစိမ့်စိမ့်ဖြစ်လာတယ်။ ဒါပေမယ့် သုံးလေးပတ်လောက်လမ်းလျှောက်ပြီးတဲ့အခါ မြစ်ကမ်းဘေးကပြန်လာသူတွေရဲ့မျက်နှာက နီရဲနေပေမယ့် စိတ်အခြေအနေကတော့ အများကြီးတက်ကြွလာပုံပေါ်တယ်။ ပိုင်လန့်မျက်နှာပေါ်က စိတ်ဖိစီးတဲ့အရိပ်အယောင်တွေတောင် အတော်လေးလျော့ပါးသွားသလိုပဲ။ သူတို့က မြစ်ကမ်းဘေးကပြန်လာပြီးနောက်မှ သုံးယောက်တွဲစက်ဘီးတောင်မှ စီးခဲ့ပါသေးတယ်။ လေ့ကျင့်ခန်းဆင်းတာ တစ်ပတ်ကြာပြီးတဲ့နောက်မှာတော့ မိသားစုသုံးယောက်က တောင်ပေါ်ဆီကတိုက်ခတ်လာတဲ့ လတ်ဆတ်တဲ့သဘာဝလေကိုရူရှိုက်ရင်း မြစ်ကမ်းဘေးမှာအပြေးလေ့ကျင့်ကြတာ အလေ့အကျင့်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။
ဒီလိုမျိုးအထောက်အပံ့ကောင်းတွေက ပိုင်လန့်ကို ရုပ်ရှင်ကြောင့်ရတဲ့ဖိအားတွေမှာ အများကြီးခံနိုင်ရည်ရှိခဲ့တယ်။
နှစ်လကြာပြီးတဲ့နောက် နေဝင်ချိန်ရုပ်ရှင်ရိုက်ကူးမှုရဲ့နောက်ဆုံးနေ့မှာ ပိုင်လန်က အိမ်ကိုအစောကြီးပြန်လာခဲ့တယ်။ သူက ညစာချက်ပြီး ချိုးသားအဖအိမ်ပြန်လာမှာကိုစောင့်နေခဲ့တယ်။ အဲဒိအချိန်မှာ သူညစာမချက်တာ အချိန်အတော်ကြာခဲ့ပြီမှန်း ပိုင်လန်ကရုတ်တရက်သတိပြုမိသွားခဲ့တယ်။
အိမ်ကိုအရင်ဆုံးပြန်ရောက်လာသူက ချိုးရှောင်ဟိုင်ပဲ။ သူက တံခါးကိုဖွင့်ဝင်လာတဲ့အချိန်မှာ အိမ်ခန်းထဲ ကြက်သွန်မြိတ်ပန်ကိတ်မွှေးရနံ့တွေပြည့်နေတာကို သိသွားတယ်။ ကလေးလေးက မီးဖိုချောင်ထဲကို ခုန်ပေါက်ပြေးဝင်လာပြီး စားချင်လွန်းလို့အော်ဟစ်နေပြီ။ နောက်တစ်ယောက်ကချိုးချန်။ သူကတော့ ပိုင်လန်ရဲ့စိတ်ဖိစီးမှုတွေကြောင့် အလုပ်တွေကိုအတော်အကြာကြီးပစ်ထားခဲ့ရတာ။ အခုတော့ ညစာစားဖို့အိမ်စောစောပြန်လာတာလည်း အလေ့အကျင့်ဖြစ်နေပြီ။ ဒါမှပဲ နောက်တစ်နေ့မနက်စောစော အိပ်ရာထလေ့ကျင့်ခန်းလုပ်လို့ရမှာဖြစ်ပါတယ်။
ချိုးချန်က တံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ စွတ်ပြုတ်ပန်းကန်ကြီးကိုကိုင်ထားတဲ့ပိုင်လန်နဲ့ မျက်လုံးချင်းဆုံမိတယ်။ ပိုင်လန်ကပြုံးနေပြီး ညစာစားဖို့ခြေလက်သွားဆေးချေလို့ သူ့ကိုပြောတယ်။
ဒီအချိန်မှာတော့ ပိုင်လန်ရဲ့ပင်ပန်းလွန်းလှတဲ့နေ့ရက်တွေကုန်ဆုံးသွားပြီဖြစ်မှန်း ချိုးချန်က ချက်ချင်းပဲနားလည်လိုက်တယ်။ သူက လက်ထဲကဖိုင်တွေကိုပစ်ချ၊ ပိုင်လန့်ကိုဆွဲဖက်ပြီး သုံးလေးကြိမ်လောက်အနမ်းပေးလိုက်ပါတယ်။
သူပြန်ကြားရတဲ့ပိုင်လန်ရဲ့စကားသံလေးက “ကျေးဇူးတင်ပါတယ်”
ချိုးချန်က ပြန်ပြောတယ် “ငါ့ဖင်ကိုပဲကျေးဇူးတင်ပါလား” သူက ခဏရပ်လိုက်သေးတယ် “အင်း… မင်းနေကောင်းနေသရွေ့ ကျန်တာဘာမှအရေးမကြီးပါဘူး”
***
ခရီးလမ်းကခက်ခဲကြမ်းတမ်းခဲ့ပေမယ့် နေဝင်ချိန်ရုပ်ရှင်အတွက် ပိုင်လန်ပေးဆပ်ခဲ့တဲ့ ရင်းနှီးမြှပ်နှံမှုတွေကတော့ ထိုက်တန်တဲ့ရလဒ် ပြန်လည်ရရှိခဲ့ပါတယ်။
နှစ်လအကြာ နေဝင်ချိန်ရုပ်ရှင်ရဲ့ပွဲဦးထွက်ပရီမီယာရှိုးပွဲမှာတော့ ချိုးချန်တောင်မှ မျက်ရည်မဆည်နိုင်ဖြစ်နေခဲ့ရတယ်။ ဇာတ်သိမ်းလို့စာတမ်းထိုးချိန်မှာ သူ့နှာခေါင်းကနှာရည်တွေကျနေတာ မျက်နှာကြီးကလည်းနီရဲလို့။
ရုပ်ရှင်ရုံထဲမီးပြန်လင်းလာတဲ့အခါမှာတော့ ဘယ်သူကစလိုက်တယ်မှန်းမသိဘူး၊ လူတွေက ထိုင်နေရာကမတ်တပ်ရပ်ပြီး စတင်လက်ခုပ်တီးကြတယ်။
တစ်ယောက်၊ နှစ်ယောက်၊ နောက်တော့ သုံးယောက်။ ထရပ်တဲ့လူတွေက ပိုပိုများလာပြီး စိတ်လိုလက်ရလက်ခုပ်တီးကြပါတယ်။
ပြီးတော့ မျက်လုံးတွေအကုန်လုံးကလည်း နီရဲလို့ပေါ့။
ချီးကျူးစကားတွေမရှိဘူး၊ ဂုဏ်ပြုစကားတွေမကြားရဘူး။ ပရိသတ်တွေအကုန်လုံးရဲ့ ဝမ်းမြောက်ဝမ်းသာလက်ခုပ်သံတွေပဲ ခန်းမထက်မှာဟိန်းထွက်နေတယ်။ ပိုမိုကျယ်လောင်လာတဲ့လက်ခုပ်သံတွေက ကောင်းကင်ယံကိုတောင်ဆန်တက်သွားမလားပဲ။ အချိန်အတော်ကြာတဲ့တိုင်အောင် အဆက်မပြတ်သေးဘူး။
ဒါက မသိစိတ်ရဲ့အလိုလျောက်တုန့်ပြန်မှုကြောင့်ဖြစ်ပါလိမ့်မယ်။ လူတိုင်းလူတိုင်းရဲ့အနက်ရှိုင်းဆုံးနှလုံးသားနေရာကလာပြီး စကားနဲ့တောင်စာဖွဲ့လို့မရတဲ့ လှိုက်လှိုက်လှဲလှဲချီးကျူးဂုဏ်ပြုသံတွေဖြစ်ပါတယ်။
…………………..