(56) တစ်သက်မှာတစ်ခါပဲရတဲ့အခွင့်အလမ်း
Viewers 58k

(56) တစ်သက်မှာတစ်ခါပဲရတဲ့အခွင့်အလမ်း

ပိုင်လန်တစ်ယောက် ‘နေဝင်ချိန်’ရုပ်ရှင်ရိုက်ကူးရေးနဲ့ပတ်သက်ပြီး အလုပ်များနေတဲ့အချိန်မှာ အခြားတစ်ဘက်ကခန်းကျန့်ကတော့ သူ့ရဲ့အချိန်တွေလုပ်အားတွေအားလုံးကို သွင်းကုန်ပို့ကုန်ကုမ်ပဏီမှာပဲ ရင်းနှီးမြှပ်နှံထားခဲ့တယ်။

ခန်းကျန့်က ဟိုးအရင် အစကတည်းက လိရှားရဲ့တိုက်ခန်းကို ပေါင်နှံပြီးနှင့်နေပြီ။ ရလာသမျှငွေကြေးတွေရင်းနှီးမြှပ်နှံရင်း အောင်မြင်တဲ့စီးပွားရေးအရသာကို ခံစားနေပြီ။ သူ ဒီလိုအောင်မြင်လာအောင်လည်း ချိုးချန်ကပဲ အဆင်သင့်လမ်းခင်းပေးခဲ့တာဖြစ်တယ်။ ဒါမှ အောင်မြင်လာလေလေ ငွေတွေထပ်ချေးပြီး ရှိသမျှအကုန် ပြန်လမ်းမဲ့ချောက်နက်ကြီးထဲကျသွားစေဖို့ဖြစ်ပါတယ်။ အကယ်၍ အဲဒိအချိန်တုန်းက ခန်းကျန့်ကုမ်ပဏီသာပျက်စီးခဲ့ရင် တစ်သက်လုံးစုဆောင်းသမျှအကုန်ကုန်ပြီး ယောက္ခမလိမင်ရှေ့မှာ နောက်ထပ်ဘယ်တော့မှ ခေါင်းဖော်နိုင်မှာမဟုတ်တော့ဘူး။ ဒါပေမယ့်လည်း ချစ်ရတဲ့ဇနီးက ကျောထောက်နောက်ခံပေးထားသေးတော့ ရပ်တည်လို့တော့ရဦးမှာပေါ့။ အဲဒိအချိန်တုန်းကလည်း ခန်းကျန့်က အိမ်ထောင်ရေးဖောက်ပြန်မှုတွေမရှိသေးဘူးလေ။

ဒါပေမယ့် ခန်းကျန့် လင်းချန်ယွမ်ကိုအစားထိုးတဲ့ကိစ္စကတော့ ချိုးချန်ကို အကြီးအကျယ်ဒေါသူပုန်ထစေခဲ့တယ်။ ဒါကြောင့် သူက တစ်ဖက်ရန်သူ ပိုပြီးလောဘဇောတိုက်လာအောင် အငြိုးအာဃာတအပြည့်နဲ့ကြံစည်ခဲ့တယ်။ လောဘကြီးလာလေလေ အမြင့်ကိုပိုရောက်လာလေလေဖြစ်မှ ပြန်ပြုတ်ကျတဲ့အခါ ဆုံးရှုံးမှုပိုကြီးမှာဖြစ်တယ်။ ဒါကြောင့် ပထမဦးဆုံးအနေနဲ့ လိရှားတိုက်ခန်းချေးငွေ သိန်း(၆၀)ကို ရင်းနှီးမြှပ်နှံတဲ့အခါ ချိုးချန်က ရက်ရောလွန်းကြီးစွာနဲ့ ပွပေါက်တိုးအောင် ပြုလုပ်ပေးခဲ့တယ်။ ဒီလိုနည်းနဲ့ သိန်း(၆၀)အပြင် ခန်းကျန့်မှာရှိတဲ့နောက်ထပ်သိန်း(၃၀) အကုန်လုံးအတူစုပေါင်းပြီး ရင်းနှီးမြှပ်နှံလိုက်တာ နှစ်ဝက်အတွင်းမှာပဲ ခန်းကျန့်ရဲ့ကုမ်ပဏီက တန်ဖိုးသိန်း(၂၀၀)ခန့်ရှိလာတယ်။

သိန်း(၂၀၀)…. ဒီပမာဏက ခန်းကျန့်ကို ပက်ပက်စက်စက်မွဲသွားစေဖို့ လုံလောက်နေပြီ။ အခုလက်ရှိနာမည်ကြီးထိပ်တန်းသရုပ်ဆောင်ဆိုရင်တောင် ဒီလောက်ဝင်ငွေရဖို့ ခြောက်လလောက် နဖူးကချွေးခြေမကျတဲ့အထိ အလုပ်လုပ်ရလိမ့်မယ်။ 

စီးပွားရေးလုပ်တဲ့အကြောင်းပြောရမယ်ဆိုရင်လည်း ခန်းကျန့်က ရုပ်ရှင်ရိုက်သလို ဇာတ်ညွှန်းကျက်ဖို့ဦးနှောက်သုံးနေစရာလည်းမလိုဘူး၊ မိုးရွာရွာနေပူပူ မတ်တပ်ရပ်နေစရာလည်းမလိုဘူး၊ ရိုက်ကွင်းနေရာမျိုးစုံကိုအလောတကြီးပြေးရလို့ နေ့လွဲညစာလွတ်စရာလည်းမလိုဘူး။ သူ လုပ်စရာရှိတာအားလုံးက အစည်းအဝေးလေးတက်၊ ပါတီပွဲလေးတက်ရုံပဲ၊  ငွေတွေဆိုတာရေလိုဒလဟောဝင်လာတာ။ သူ့အလုပ်ဆိုတာလွယ်ကူလွန်းလို့ လုပ်အားနဲ့ဝင်ငွေတောင်အချိုးမကျပါဘူး။

အောင်မြင်မှုရဲ့အသီးအပွင့်တွေကိုခံစားပြီးနောက်မှာတော့ ခန်းကျန့်က နောက်ထပ်ဘာဇာတ်လမ်းမှ မရိုက်ချင်တော့ဘူး။ နေ့ရှိသရွေ့ ခေါင်းထဲအပြည့် ရင်းနှီးမြှပ်နှံဖို့ချည်းပဲ တွေးနေခဲ့တယ်။

သူ့မန်နေဂျာယူလာတဲ့ဇာတ်ညွှန်းတွေအကုန်လုံးကိုလည်း ပယ်ချပစ်တာချည်းပဲ။ ရိုးရိုးရှင်းရှင်းကြော်ငြာလေးပဲဖြစ်ဖြစ်၊ ဘရန်းကိုယ်စားလှယ်ပဲဖြစ်ဖြစ် အားလုံးကိုငြင်းဆိုခဲ့တယ်။ ဖန်တွေနဲ့တွေ့ဆုံဖို့ ဖန်မီတင်းလည်းမလုပ်တော့ဘူး။ ယုတ်စွအဆုံး ဆိုရှယ်မီဒီယာပေါ်တောင် မတက်တော့ပါဘူး။ 

အားတဲ့အချိန်တိုင်းမှာ ခန်းကျန့်က စီးပွားရေးမဂ္ဂဇင်းအထူကြီးကို ဟိုလှန်သည်လှန် လုပ်ရင်လုပ်၊ မလုပ်ရင် ရှောင်ရွှီနားမှာပဲကပ်နေတော့တယ်။ ဒီနေရာမှာ… ရှောင်ရွှီလို့ခေါ်တဲ့ ရွှီလီက ခန်းကျန့်ဘေးနားစပိုင်လုပ်ဖို့ အစကတည်းက ချိုးချန်ထည့်ထားတဲ့လူပါ။

ဒါပေမယ့် သိန်း(၂၀၀)တန်ကုမ်ပဏီဖြစ်လာပြီးနောက်မှာ ရှောင်ရွှီတစ်ယောက် ဝေ့လည်ကြောင်ပတ်လုပ်လာရင်း ခန်းကျန့်ကို ရှောင်ဖယ်ရှောင်ဖယ်လုပ်တော့တယ်။ ဒါက သူ့အောင်မြင်မှုတွေကို မနာလိုလို့ဖြစ်ရမယ်လို့ ခန်းကျန့်ကထင်လိုက်တယ်။

ရှောင်ရွှီတင်မဟုတ်ဘူး၊ လိမင်အပါအဝင် ခန်းကျန့်ကုမ်ပဏီထောင်တာသိတဲ့သူငယ်ချင်းတွေအားလုံးက သူ့အောင်မြင်မှုအပေါ်မှာ အထင်တကြီးမရှိကြဘူး။ အသေးစိတ်မသိတဲ့လူတွေက သိသာလွန်းတဲ့အပေါ်ယံဟန်ဆောင်အပြုံးတုတွေနဲ့ ချီးကျူးဂုဏ်ပြုကြပြီး လိမင်လိုမျိုး အသေးစိတ်ဂဃနဏသိသူတွေကတော့ “မင်းက သိပ်ကံကောင်းတာပဲ” လို့စကားသုံးလေးလုံးလောက်ပဲ ပြောကြတယ်။

ကံကောင်းတာပဲ!? ကံကောင်းတာပဲ!? ကံကောင်းတာကလည်း အရည်အချင်းတစ်မျိုးပဲဆိုတာသိရဲ့လား!! ခန်းကျန့်က ဂုဏ်ယူဝင့်ကြွားစွာနဲ့ သူ့ရဲ့ဘဏ်စာအုပ်ကို လိမင်ရှေ့ထုတ်ပြတဲ့အခါ “မင်းက ကံလေးတော့လိုက်သားပဲ” ဆိုတဲ့စကားပဲ ပြန်ကြားခဲ့ရတယ်။ ခန်းကျန့်ရဲ့မျက်နှာတစ်ခုလုံး အစိမ်းပုတ်ရောင်ကြီးဖြစ်သွားခဲ့ပါတယ်။ 

ဒါကြောင့် အိမ်ပြန်ရောက်တဲ့အခါမှာတော့ ခန်းကျန့်က စားပွဲခုံကို အကြမ်းပတမ်းရိုက်ချိုးပစ်လိုက်တယ်။ လိရှားကိုလည်း ပထမဦးဆုံးအကြိမ်အဖြစ် ဒေါသတကြီးအော်ဟစ်ကြိမ်းမောင်းခဲ့ပါတယ် “ဒီနေ့ မင်းအဖေရဲ့လုပ်ပုံကိုတွေ့ရဲ့လား!! ကြီးမြတ်လှပါရဲ့ဆိုတဲ့ မင်းအဖေလေ!! သူက ငါ့ကို တစ်စက်လေးမှတောင် မျက်လုံးထဲထည့်တာမဟုတ်ဘူး!! ကံလိုက်တာ!! ကံကောင်းလို့ဖြစ်တာ ဟုတ်လား!! အသေအလဲဟိုပြေးသည်ပြေးကြိုးစားရတာတွေကို မမြင်ဘဲနဲ့ ကံကောင်းတယ်လို့ပဲ အလွယ်ထွက်လိုက်တာပဲလား!?”

“အားကျန့်….” ခန်းကျန့်ရဲ့ ကြမ်းကြမ်းတမ်းတမ်းပေါက်ကွဲမှုတွေက လိရှားကို ထိတ်လန့်တုန်လှုပ်သွားစေတယ်။ သူမက သူမသားငယ်လေးကို တစ်ဖက်ကိုတွန်းပို့လိုက်တယ်။ အတွေးထဲမှာတော့ သူမအဖေရဲ့စကားတွေက မမှားဘူးလို့တွေးနေတယ်။ ခန်းကျန့်က တကယ့်ကိုကံကောင်းပြီးကြက်ကန်းဆန်အိုးတိုးသွားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာလည်း သူမက သူမယောင်္ကျားအပေါ်ယုံကြည်ပေးချင်ပြီး တပြန်စီးမအော်ဟစ်ချင်ဘူး။ ဒါကြောင့် အသေအချာစဉ်းစားပြီးမှ ပြန်ပြောလိုက်တယ် “ဘာပဲဖြစ်ဖြစ် ကျွန်မတို့ အမြတ်တွေရနေတာပဲ မဟုတ်လား၊ ရလဒ်လည်းကောင်းတယ်လေ၊ ဖေဖေအသိအမှတ်ပြုတဲ့အချိန်ရောက်လာမှာပါ၊ အခုရတဲ့ငွေထဲက နည်းနည်းဖဲ့ပြီး အကြွေးပြန်ဆပ်ကြမယ်လေ၊ နောက်ပိုင်းဆိုရင် နောက်ထပ်အိမ်တစ်လုံးဝယ်…”

“ဝယ်မယ်!? ဘာဝယ်မှာလဲ!? ဒီငွေတွေက ငါ့ကုမ်ပဏီရန်ပုံငွေတွေကွ! မင်းရော မင်းအဖေရော နှစ်ယောက်စလုံး ပါးစပ်ပိတ်ထားပြီး စောင့်ကြည့်နေလိုက်!! ငါဘာကောင်လဲဆိုတာ သိစေရမယ်!!” ခန်းကျန့်က ဒေါသအလျောက်တုန့်ပြန်တယ်။ သူက ကြောက်လွန်းလို့ငိုနေတဲ့သားဖြစ်သူကိုတောင် တစ်ချက်ကလေးမှ လှည့်မကြည့်ဘူး။ အဲဒိအစား တံခါးကိုဆောင့်ပိတ်ရင်း အပြင်ထွက်သွားပါတယ်။

ကြောင်တောင်တောင်ဖြစ်သွားတဲ့လိရှားကတော့ နေရာမှာမလှုပ်မယှက်ကျန်ခဲ့တယ်။ နောက်ကလိုက်ခေါ်ဖို့တောင် မေ့သွားရလောက်တဲ့အထိ ရှော့ရသွားခဲ့တယ်။ သူမအတွက် ခန်းကျန့်ဆိုတာက နွေးထွေးနူးညံ့တဲ့လူတစ်ယောက်ဖြစ်ခဲ့တာကိုး။

ဒါပေမယ့် အခုချိန်မှာ အိမ်အပြင်ကခန်းကျန့်ကတော့ တင်းကျပ်နေခဲ့တဲ့စိတ်တွေကို ဖြေထုတ်လိုက်ရလို့ လွတ်လပ်ပေါ့ပါးလို့နေပြီ။ ခံစားချက်အစစ်အမှန်ကိုပေါက်ကွဲလိုက်ရလို့ စိတ်သက်သာရာရသွားခဲ့ပါပြီ။

ခန်းကျန့်က အခုတော့နားလည်သွားပြီလေ။ သူ့ခြေထောက်ပေါ်သူရပ်နိုင်ပြီ။ သူရှာတဲ့ငွေ သူသုံးနိုင်ပြီ။ နောက်ထပ်လည်း ပိုက်ဆံတွေ အများကြီးထပ်ဝင်ဖို့ရှိပြီး လိမင့်မျက်နှာကြည့်နေစရာမလိုတော့ဘူး။ လိမင့်ရှေ့မှာ ခွေးတစ်ကောင်လိုအမြီးကုပ်ဖို့လည်း မလိုတော့ဘူး၊ လိရှားရှေ့မှာ အစေခံတစ်ယောက်လို ခေါင်းငုံ့ဖို့လည်း မလိုတော့ဘူး။ ကျောကိုဆန့် ရင်ကိုဖွင့်ပြီး ရဲရဲဝင့်ဝင့်နေနိုင်ပြီ။ .. ကြည့်လေ… အခုပဲ လိရှားကိုအော်ခဲ့နိုင်ပြီလေ။ ဒီခံစားချက်က သိပ်ကိုကျေနပ်ဖွယ်ရာကောင်းခဲ့တယ်။

ခန်းကျန့်က တွေးလေတွေးလေ ဘဝကြီးကသာယာလာလေပဲ။ သူက ခပ်မြန်မြန်ပဲ လင်းချန်ယွမ်ရဲ့တိုက်ခန်းသေးသေးလေးဆီ ထွက်လာခဲ့တယ်။ သူ့ဘဝကြီးက အခုချိန်ကစပြီးပြောင်းလဲလာနေပြီလို့ ခံစားနေရတယ်။ ဒါကလည်း အစပဲရှိသေးပြီး နောက်ပိုင်းမှာလည်း တောက်ပနေတဲ့ရွှေရောင်အနာဂတ်ကြီးက စောင့်ကြိုနေသေးတယ်။ ဒီအချက်တွေကြောင့် ခန်းကျန့်က ဒီညမှာ အထက်တန်းကျကျဇိမ်ခံကြမယ်ဆိုပြီး လင်းချန်ယွမ်နဲ့အတူ သီးသန့်ကလပ်တစ်ခုဆီသွားဖို့ ဆုံးဖြတ်ခဲ့တယ်။

ဒီကလပ်က ရှောင်ရွှီ သူ့ကိုမိတ်ဆက်ပေးထားခဲ့တာ။ ကလပ်ရဲ့နှစ်စဉ်ကြေးက သာမန်လူတစ်ယောက်သွေးအန်လောက်တဲ့အထိ ဈေးကြီးလွန်းတယ်။ ဒါပေမယ့် သူဌေးတကာသူဌေးတွေနဲ့တွေ့ဆုံနိုင်တဲ့နေရာတစ်ခုဆိုရင်လည်း မမှားဘူး။ သူဌေးတွေနဲ့ရင်းနှီးနိုင်ပြီး စီးပွားရေးအခွင့်အလမ်းတွေရရှိနိုင်တယ်လေ။

မနာလိုဝန်တိုဖြစ်ပြီး သူ့အနားကခွာသွားတဲ့ရှောင်ရွှီကိုတော့ ခန်းကျန့်က နောက်ထပ်လည်းမတွေ့ချင်တော့ဘူး။ အသစ်အသစ်သောအခွင့်အလမ်းတွေကို သူကိုယ်တိုင်ပဲရှာဖွေချင်ပါတော့တယ်…….

***

“ကျွန်တော်က ရုပ်ရှင်ရုံမှာ ဘယ်တုန်းကမှဝမ်းနည်းပက်လက်မငိုဖူးဘူး။ စောစောစီးစီးသိရင် အိမ်ကမိန်းမကိုမခေါ်လာပါဘူး။ သူက ကျွန်တော့်ထက်တောင်ပိုဆိုးသေးတယ်။ ဟဲ ဟဲ အချိန်တိုင်းတစ်ရှုး တစ်ရှုးပဲတောင်းနေတာ၊ ရုပ်ရှင်ပြီးတော့ တစ်ရှုးတွေဆိုတာများအထပ်လိုက်ပဲ”

“ရုပ်ရှင်အလယ်နားလောက်မှာ ကိုယ့်ကိုကိုယ်ထိန်းလို့မရတော့ဘူး။ တစ်ကိုယ်လုံးကတဆတ်ဆတ်တုန်လာတယ်။ နောက်ဆုံးပိုင်းလည်းကျရော ဘေးနားကခုံကလူက ရုတ်တရက်ကြီးထငိုပါရော။ တော်သေးတယ် ငိုတာကျွန်တော်မဟုတ်ပဲ သူဖြစ်နေလို့”

“ရုပ်ရှင်ရုံကထွက်လာတဲ့အချိန်မှာ ခေါင်းတစ်ခုလုံးက တရိပ်ရိပ်နဲ့မူးနေတာ၊ ချွေးတွေလည်းထွက်လို့။ ဒါပေမယ့် အဲ့ဒိလိုမျိုး ရှိုက်ကြီးတငင်ငိုလိုက်ရလို့ဖြစ်လိမ့်မယ် လူကပေါ့ပါးသွားတယ်၊ အိမ်မက်မက်နေသလိုပါပဲ၊ အခြေအနေပေးတုန်းလေး ငိုချင်သလိုငိုလိုက်ရတာ စိတ်ဖိစီးမှုတွေတောင်လျော့သွားသလိုပဲ ဟား ဟား ဟား”

“ဒါက ရုပ်ရှင်တစ်ခုဖြစ်ပေမယ့်လည်း ကြည့်ပြီးသွားတဲ့အချိန်မှာ အသိလေးတစ်ခုရလိုက်တယ်၊ ကျွန်မတို့လက်ရှိဘဝမှာရင်ဆိုင်နေရတဲ့ပြဿနာဆိုတာ တကယ့်ပြဿနာတွေမဟုတ်ဘူးဆိုတာကိုပေါ့၊ သည်းမခံနိုင်စရာတွေ စိတ်ညစ်စရာတွေအများကြီးရှိပေမယ့်လည်း တကယ်တမ်းတော့ ဘာမှအရေးမကြီးဘူး၊ ရုပ်ရှင်ကပေးချင်တဲ့အကြောင်းက….”

“တပါးသူနာကျင်တာကိုသာယာတတ်တဲ့လူတွေကတော့ ရုပ်ရှင်ကိုကြိုက်ကြမှာပါ၊ ဒါပေမယ့် ကျွန်မကတော့ နောက်ထပ်တစ်ကြိမ်ဘယ်တော့မှပြန်မကြည့်တော့ဘူး၊ အရမ်းကိုပင်ပန်းရလွန်းလို့ တစ်ခါနဲ့တင်မှတ်သွားပြီ၊ ဒါပေမယ့် အခြားမကြည့်ရသေးတဲ့လူတွေကိုတော့ ကြည့်ကြဖို့ သေချာပေါက်တိုက်တွန်းချင်တယ်၊ အနည်းဆုံးတစ်ကြိမ်လောက်တော့ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ဖြစ်ပါတယ်ရှင့်”

“ချီးကျူးစကားတွေက အဟုတ်ပဲဗျ၊ ကြားရတာနည်းနည်းတော့ကြောင်တောင်တောင်နိုင်လိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်ဆို ဘယ်တုန်းကမှ ရုပ်ရှင်ရုံမှာလက်ခုပ်မတီးဖူးဘူး၊ ရုပ်ရှင်က လူတွေသရုပ်ဆောင်နေကြတာမှန်းလည်းသိပါတယ် …. ဒါပေမယ့်… ဘယ်လိုပြောရမလဲ…အဲ.. နှလုံးသားထဲကနက်နက်နဲနဲနဲ့ကို ချီးကျူးတာပါ”

***

အထက်ပါစကားတွေကတော့ မတူညီတဲ့လူခြောက်ယောက် နေဝင်ချိန်ရုပ်ရှင်ကြည့်အပြီးမှာ နီရဲယောင်ကိုင်းနေတဲ့မျက်လုံးတွေနဲ့ ပြောပြခဲ့ကြတာပါ။ ဒါတွေကို ရုပ်ရှင်ရဲ့နမူနာမှာထည့်သွင်းပြသခဲ့ပါတယ်။ နောက်ပြီး ရုံလုံးကျွတ်ပရိသတ်တွေအကုန်လုံး အဆုံးသတ်မှာ လက်ခုပ်ထတီးကြတဲ့ပြကွက်လည်း ပါသေးတယ်။ ဒါတွေက နေဝင်ချိန်ရုပ်ရှင်ရဲ့နမူနာထွေလာအကုန်ပါပဲ။

ခပ်ရှင်းရှင်းပြောရရင်တော့ ရုပ်ရှင်ထွေလာက ဇာတ်ဝင်ခန်းတစ်စိုးတစ်စိလေးတောင်မပါဘဲ ပရိသတ်တွေရဲ့ဝေဖန်စကားတွေကိုချည်း ပေါင်းစပ်ထည့်သွင်းထားတာပါ။

နောက်တစ်ခုက... ရုပ်ရှင်ရဲ့ပိုစတာမှာလည်း ဇာတ်ကောင်ပုံတစ်ပုံမှမပါဘူး၊ သာမန်တစ်ယောက်အိပ် ကုတင်တစ်လုံးကိုပဲ ဖော်ပြထားတယ်။

ဒီလိုပရိုမိုးရှင်းနည်းလမ်းက ကြည့်ရှုသူတွေကို ရုပ်ရှင်အကြောင်းသိချင်စိတ်ဖြစ်ပေါ်စေပြီး ရုံထဲဝင်လာဖို့ တွန်းအားပေးခဲ့တယ်။ နောက်ထပ်အကြောင်းရင်းတစ်ခုကလည်း ရုပ်ရှင်က အပိုင်းအစပြကွက်လေးတွေကြည့်ရုံနဲ့ ဘာအဓိပ္ဗါယ်မှမရှိတာကြောင့်ဖြစ်ပါတယ်။ ဇာတ်ကွက်တစ်ခုလုံးကိုကြည့်မှသာလျှင် ရုပ်ရှင်ကပေးချင်တဲ့ရသမျိုးစုံကိုခံစားရမှာကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် နေဝင်ချိန်ရဲ့ပရိုမိုးရှင်းက အခြားရုပ်ရှင်တွေမှာလို ရုပ်ရှင်မင်းသားမင်းသမီးတွေ တီဗွီရှိုးမျိုးစုံလျှောက်သွားရင်း ရုပ်ရှင်အကြောင်းမိတ်ဆက်စရာမလိုဘူး။ ‘ကင်မရာရှေ့နှင့်နောက်ကွယ်’ လိုမျိုး တီဗွီရှိုးတွေက ဖိတ်ကြားစာပို့လာရင်တောင် အားလုံးကိုငြင်းပယ်ခဲ့ပါတယ်။

သူတို့တွေရဲ့ပရိုမိုးရှင်းနည်းလမ်းကတော့ ပရိသတ်တွေရဲ့ တစ်ယောက်စကား တစ်ယောက်နားနဲ့ ပျံ့နှံ့စေတာပါ။ ပရိသတ်တွေရဲ့ရင်တွင်းခံစားချက်တွေကလာတဲ့ စကားတစ်ခွန်းချင်းစီတိုင်းက လုပ်ယူထားတာမဟုတ်ပဲ၊ သူတို့ဦးနှောက်ထဲကလာတဲ့အတွေးအမြင်အစစ်အမှန်တွေဖြစ်တယ်။ ဒီလိုမျိုး ရင်တွင်းစကားသံဗီဒီယိုတွေကို လူအမျိုးမျိုး ပုံစံမျိုးစုံရိုက်ကူးထားတယ်။ နောက်ဆုံး ရုပ်ရှင်က ရုံပေါင်းများစွာမှာရုံတင်တဲ့အချိန်မှာတော့ ထင်မြင်ချက်မျှဝေတဲ့ဗီဒီယိုပေါင်း အခု(၁၀၀)ကျော်ရှိလာခဲ့တယ်။ ဒါကြောင့် (၅)ခုကို တစ်ပြကွက်ပေါင်းပြီး ပရိုမိုးရှင်းပြကွက်(၂၀)ခန့် ပုံစံမျိုးစုံထွက်ရှိခဲ့ပါတယ်။

ပြကွက်တွေက ဒါချည်းထပ်ကာတလဲလဲသွားနေတာတော့ မဟုတ်ပါဘူး၊ ပရိသတ်တွေမငြီးငွေ့အောင် အဟောင်းတွေကိုဖျက်ရင်း အသစ်တွေကိုအစားထိုးရင်း လုပ်ခဲ့တယ်။ ဒါကြောင့်ပဲ စိတ်ဝင်စားမှုတွေကလည်း ပိုပိုပြီးမြင့်တက်လာခဲ့ပါတယ်။

ဒီလိုမျိုး ဖျက်လိုက်၊ အသစ်ရိုက်လိုက်လုပ်တဲ့ ပရိုမိုးရှင်းနည်းလမ်းကြောင့် ကုန်ကျစရိတ်ကိုပြောပါဆိုရင်တော့ နေဝင်ချိန်လို ဘတ်ဂျတ်နည်းအနုပညာအသားပေးရုပ်ရှင်အတွက် အခက်အခဲလေးတွေတော့ရှိတယ်။ ဒါပေမယ့် ..ဇာတ်ကားရဲ့အဓိကမင်းသားပိုင်လန့်ကို ပါဝင်သရုပ်ဆောင်ဖို့ခွင့်ပြုပေးတာ ဘယ်သူမို့လို့လဲ? ဒါပေါ့ … သူဌေးချိုးပဲပေါ့။ ပိုင်လန့်နောက်မှာ ချိုးချန်ရှိတယ်။ ချိုးချန်က ရိုက်ကူးနေတုန်းသာ ဝင်မစွက်ဖက်ပေမယ့် ရုပ်ရှင်ရိုက်ကူးပြီးစီးသွားချိန်မှာတော့ ပရိုမိုးရှင်းတာဝန်တွေအားလုံးကို လက်လွှဲယူခဲ့ပါတယ်။ 

ဒါကြောင့် ရုံတင်တဲ့ပထမအပတ်မှာပဲ ရုံဝင်ငွေက ဒါရိုက်တာကြီးရဲ့ခန့်မှန်းချက်ကို ကျော်လွန်ခဲ့ပြီး ပျမ်းမျှ သိန်း(၈၀၀)လောက် ရရှိခဲ့တယ်။ ဝင်ငွေက ဒုတိယပတ်ထိအောင် ဆက်လက်မြင့်တက်ဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ချီးကျူးစကားတွေကအမှန်ဖြစ်ပြီး ရုပ်ရှင်ကတကယ်ကောင်းကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

အနုပညာလောကသားတွေကတော့ ဒီရုပ်ရှင်ကို သေချာပေါက်အောင်မြင်လိမ့်မယ်လို့ ပြောဆိုကြတယ်။ အနုပညာအရည်အသွေးပြည့်ဝပြီး အာရုံဖမ်းစားနိုင်ရုံသာမကဘူး၊ ရုံဝင်ငွေလေးလည်း မဆိုးရှာဘူး။ ရုံတင်ဒုတိယအပတ်ရောက်မှ လူဝင်တတ်တဲ့ အခြားအနုပညာဦးစားပေးရုပ်ရှင်အများစုလိုမဟုတ်ဘူး။ ဒီရုပ်ရှင်က ကြံတစ်ချောင်းလိုပဲ၊ ဝါးလိုက်တော့မှ ပိုပြီးချိုမြိန်လာတာပါ။

***

‘နေဝင်ချိန်’ရုပ်ရှင်က ရုပ်ရှင်ရုံတွေပေါ် ပေါ်ပြူလာဖြစ်နေချိန်မှာ ပိုင်လန်ကတော့ အေးအေးလူလူလွတ်လပ်သာယာနေခဲ့တယ်။

ရိုက်ကူးစဉ်ကရရှိခဲ့စိတ်ဖိစီးမှုတွေကြောင့် ရိုက်ပြီးရင်အကြာကြီးအနားယူရမယ်နော်ဆိုတဲ့ ချိုးချန်ရဲ့စကားကို လိုက်နာခဲ့ရတယ်။ ရုပ်ရှင်ရိုက်တာ၊ စီးရီးရိုက်တာလိုမျိုး ပင်ပန်းတဲ့အလုပ်တွေ အကုန်နားထားပဲ။ ကြော်ငြာရိုက်ခိုင်းတာတို့ ဘရန်းကိုယ်စားလှယ်လုပ်ခိုင်းတာတို့ စတဲ့အသေးအဖွဲ့အလုပ်လေးတွေနဲ့တောင် ပိုင်လန့်ကို မနှောင့်ယှက်ရဘူးလို့ ချိုးချန်က ဖန်းဟွာကို ရာဇသံပေးထားတယ်။ ဒါပေမယ့် တစ်သက်မှာတစ်ခါပဲရနိုင်မယ့် အခွင့်အရေးမျိုးဆိုရင်တော့ ချွင်းချက်ပေးပါ့မယ်ပေါ့လေ။

“တစ်သက်မှာတစ်ခါပဲရမယ့်အခွင့်အရေးမျိုး” ..ဟုတ်လား…. ဖန်းဟွာက အံသြရလွန်းလို့ ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူး။ …. ရှင် ဒီလိုကတ်သီးကတ်ဖဲ့ လိုက်ကန့်ကွက်နေစရာမလိုပါဘူး၊ ရှင့်လူကိုမပင်ပန်းစေချင်ရင် အိမ်ထဲမှာပဲတံခါးပိတ်ထားလိုက်ပါလား..… လို့ပဲ ဒဲ့ပြောပစ်လိုက်ချင်တယ်။ ဒါပေမယ့် သူမ မထင်မှတ်ထားတာက နောက်ထပ်ရက်အနည်းငယ်အကြာမှာ အဲဒိတစ်သက်မှာတစ်ခါပဲရနိုင်တဲ့ရွှေရောင်အခွင့်အရေးကြီးက အိမ်တံခါးဝမှာ တံခါးလာခေါက်ခဲ့တာကိုပါ။ အဲဒိအချိန်မှာ သူမက ပိုင်လန့်ကို ဝမ်းသာအားရသွားပြေးရှာခဲ့ပါတယ်။

ဖြစ်ပုံက.. ပိုင်လန် တရုတ်ပြည်မူပိုင်ခွင့်ဝယ်ထားတဲ့စာအုပ်စီးရီးတွဲတွေရဲ့ စတုတ္ထမြောက်ရုပ်ရှင်က ဒီနှစ်မှာ စတင်ရိုက်ကူးမှာဖြစ်ပြီး သူတို့တွေက အာရှသားကျောင်းသားဇာတ်ကောင်နေရာအတွက် လူလိုက်ရှာနေခဲ့တယ်။ ဒီဇာတ်ကောင်နေရာအတွက် သူတို့က ပိုင်လန့်ကိုကမ်းလှမ်းခဲ့ပါတယ်။

ဒီစာအုပ်စီးရီးတွဲတွေကို သူတို့နေရပ် G နိုင်ငံမှာ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ရုပ်ရှင်အဖြစ်စတင်အသက်သွင်းခဲ့တာဖြစ်ပြီး ပွဲဦးထွက်ပထမဦးဆုံးရုပ်ရှင်က အကြီးအကျယ်အောင်မြင်မှုရရှိခဲ့တယ်။ ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့အထူးပြုလုပ်ချက်တွေက စာအုပ်ထဲက စိတ်ကူးယဉ်ဆန်လွန်းလှတဲ့အချက်အလက်တွေအားလုံးကို ပိုရုပ်လုံးကြွလာစေခဲ့ပြီး နောက်ပိုင်းဇာတ်လမ်းတွေအတွက်လည်း ခေတ်တစ်ခေတ်ဆန်းသစ်စေခဲ့တယ်။ စာအုပ်တွေရဲ့ကျော်ကြားမှုကလည်း အဆင့်အတန်းတစ်ခုအထိရောက်ရှိလာခဲ့ပါတယ်။

အခုချိန်မှာတော့ ရိုက်ကူးရေးရဲ့လေးနှစ်မြောက်ကို ရောက်ရှိလာပြီး စတုတ္ထစာအုပ်အထိရောက်လာခဲ့ပြီဖြစ်ပါတယ်။

ပိုင်လန်ရဲ့အာရှသားဇာတ်ရုပ်ကိုတော့ အစောပိုင်းရုပ်ရှင်တွေကတည်းက အမြည်းသဘောမျိုးမိတ်ဆက်ပေးခဲ့ပြီးဖြစ်တယ်။ သူက ခန့်မှန်းချေအသက်(၂၀)ဝန်းကျင်ခန့်ရှိတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဒါရိုက်တာကြီးဂျက်ဆန်ရှိတ်က အာရှသားသရုပ်ဆောင်တစ်ယောက်ကို လိုက်ရှာတဲ့အခါ ကျရာဇာတ်ရုပ်မှာပီပြင်တဲ့ပိုင်လန်ကို တွေ့ခဲ့တာဖြစ်တယ်။ ပိုင်လန်က ဇာတ်ကောင်ထက် အသက်လေးနည်းနည်းပိုကြီးပေမယ့် အနောက်တိုင်းလူမျိုးတစ်ယောက်ရဲ့အမြင်မှာတော့ နူးညံ့လွန်းတဲ့သူ့ပုံစံက အသက်ကိုခန့်မှန်းမရနိုင်အောင်ရှိတယ်။ ဒါကြောင့် ဒီဇာတ်ရုပ်မှာသရုပ်ဆောင်ဖို့စိတ်ဝင်စားသလားလို့ ပိုင်လန့်ကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ သူက သူတို့စီးရီးရဲ့ တရားဝင်တရုတ်ကိုယ်စားလှယ်လည်းဖြစ်တယ်လေ။

ဒီအကြောင်းကိုကြားတဲ့ပိုင်လန်ရဲ့တုန့်ပြန်ပုံကတော့ ဖန်းဟွာအတိုင်းပဲ၊ စစချင်း ကိုယ့်နားကိုယ်တောင်မယုံနိုင်ဘူး။ အချိန်အကြာကြီးနှုတ်ဆိတ်သွားပြီး နောက်ဆုံးကျမှ ခေါင်းညိတ်လိုက်နိုင်တယ်။ ဒီလိုအခွင့်အရေးရဖို့က မိုးနတ်မင်းကြီးဆီမှာ ဆယ်ခါပြန်ထိုင်ဆုတောင်းနေရင်တောင် ရချင်မှရမှာလေ။ ဒါပေမယ့် အခုက သူ့မျက်စိရှေ့တည့်တည့်ကို တန်းတန်းမတ်မတ်ရောက်ချလာတာ။ လက်လွှတ်ဖို့မဖြစ်နိုင်ဘူး။ 

ဒါပေမယ့်လည်း ချိုးချန်…. သူကတော့ ဒီသတင်းကိုကြားပြီး မျက်နှာကြီးတစ်ခုလုံး မှင်ရည်ထဲနစ်သွားသလို မည်းမှောင်သွားတယ်။ ရုပ်ရှင်က နောက်ထပ်ခြောက်လနေရင်တောင် စ.မရိုက်သေးဘူးဆိုပေမယ့် ဒီကြားထဲမှာတော့ ပိုင်လန်တစ်ယောက် စိတ်အေးလက်အေးနေရမှာမဟုတ်ဘူး။ အချက်အလက်တွေ အချိန်ပေးလေ့လာနေပြီး ဘာသာစကားလည်းသင်နေရတော့မှာ။ ချိုးချန်က ဒါကို မဖြစ်စေချင်ဘူး။ ပိုင်လန့်ကို အနားယူစေချင်တာ။ ဒါကြောင့် ပိုင်လန်လည်း ဒီခြောက်လအတွင်း သူသေချာပေါက်အနားယူပါ့မယ်လို့ ချိုးချန်ကိုကတိအထပ်ထပ်ပေးလိုက်ရတယ်။ ချိုးချန်တစ်ခုခုလုပ်စေချင်ရင်လည်း သူသေချာပေါက် လိုက်လုပ်ပေးပါ့မယ်လို့ ပြောလိုက်ရတယ်။

ချိုးချန်လည်း ပိုင်လန်ရဲ့အသနားခံနေတဲ့အမူအရာမျက်ဝန်းတွေကိုမြင်တယ်။ ဒါကြောင့်မကျေမနပ်နဲ့ပဲ အမိန့်ပေးလိုက်ပါတယ် “ဒါဆို မနက်ဖြန် ကိုယ်နဲ့အတူ ကလပ်ကိုလိုက်ခဲ့”

ပြောပြီးနောက်မှာတော့ သူက ပိုင်လန့်လက်ထဲကို လှလှပပဒီဇိုင်းဖော်ထားတဲ့လက်ကမ်းစာစောင်တစ်ရွက် ထိုးထည့်ပေးလိုက်တယ်။

ပိုင်လန်လည်း စာရွက်ထဲက လှပတဲ့ပုံလေးတွေကို ရှေ့ပြန်နောက်ပြန်ကြည့်တယ်။ ပုံထဲမှာကြည့်ရတာတော့ ကလပ်က အရမ်းကိုခေတ်မီပြီးသက်တောင့်သက်သာရှိပုံရတယ်။

ဖြစ်နိုင်တာက ချိုးချန်တစ်ယောက် ပိုင်လန့်ကိုချော့မော့ပြီးအနားယူစေဖို့ ကြိုတင်ကြံစည်ထားပုံရတယ်။ ဒါပေမယ့် သူက တစ်ဖက်သားကို ပျင်းအောင်လုပ်မိမှာလည်းစိုးတယ်။ ဒါကြောင့်လည်း အပြင်ထွက်လည်ကြဖို့အတွေး တွေးမိတာဖြစ်တယ်။

ပိုင်လန်က သူ့ရဲ့ဘဝတစ်သက်တာလုံးပုံအပ်ထားရသူကြီးချိုးချန်ကို မှီခိုရင်းဖက်တွယ်လိုက်ပါတယ်။ ပြီးတော့မှ လေအေးလေးနဲ့ပြောလိုက်တယ် “အင်းပါ… လိုက်ခဲ့မှာပေါ့”

ဒါပေမယ့် သူတို့နှစ်ယောက်လုံးက ကလပ်ကိုသွားကြတဲ့ပထမဦးဆုံးနေ့မှာပဲ မမျှော်လင့်ထားတဲ့လူနှစ်ယောက်နဲ့ တည့်တည့်တိုးမိလိမ့်မယ်လို့ မတွေးမိခဲ့ကြဘူး။ 

ခန်းကျန့်နဲ့လင်းချန်ယွမ်။ 

…..ဘယ်နေရာသွားသွား တည့်တည့်ကိုတိုးနေတော့တာပဲ…..

…………………….