Chapter 119
Euphoria၏ အကြံအစည်
ချွီဇယ်၏ စွမ်းရည်က အချိန်အတော်ကြာသုံး၍ မရသော်လည်း ကြွက်များက အခန်းထဲတွင် ရေစီးကြောင်းများနှယ် အဆက်မပြတ်ဝင်ရောက်လာကြသည်။ သူ၏အစွမ်းက သန်မာသော်လည်း ဖုတ်ကောင်ငယ်လေးများ၏ အဆက်မပြတ်တိုက်ခိုက်လာမှုများကို မထိန်းချုပ်နိုင်ပေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက တဖြေးဖြေးပိုမိုဟလာပြီး သွေးများစိမ့်ထွက်လာသည်။
ကြွက်မုန်တိုင်းကြောင့် ချွီဇယ့်ခန္ဓာကိုယ် တစ်ခုလုံးတွင် သွေးတို့စွန်းပေနေပြီဖြစ်သည်။ သူ၏ အစွမ်းများ လုံးဝကုန်စင်သွားသောအခါ မြေပြင်ပေါ်ထိုင်ချလိုက်၍ အားတင်းပြီးပြုံးလိုက်သည်။ သူ ဤကဲ့သို့နေရာတွင် ဤကဲ့သို့ပုံစံဖြင့် သေရလိမ့်မည်ဟု မတွေးကြည့်ခဲ့ဖူးပေ။ သို့သော် သူ သခင်မလေးကို အောင်အောင်မြင်မြင်အပြင်သို့ ပို့နိုင်ခဲ့ပြီး ဤအဆောက်အဦးကြီးကို ကိုယ့်ကိုကိုယ်ဖျက်ဆီးခြင်း စက်ကို အောင်မြင်စွာ အသက်သွင်းခဲ့ပြီးဖြစ်သည်။ ကူးစက်ခံထားရသော သတ္တများ မလွတ်မြောက်နိုင်တော့ပဲ သူသည်လည်း အသက်အရှည်ကြီးနေခဲ့ဖူးပြီဖြစ်၍ သေသွားလျှင်လည်း ကိစ္စမရှိပေ။
သူ အသက်ပြင်းပြင်းရှူလိုက်ပြီး သွေးစုတ်ဖုတ်ကောင်များအတွင်း ဟာသအဖြစ်စနောက်ကြသည့် အစိတ်စိတ်အမြွှာမြွှာပေါက်ကွဲ၍ သေနည်းဖြင့် သေရပေတော့မည်။ ထို့အပြင် သူလည်း အလွန်ပင်ပန်းနေပြီဖြစ်သည်။ သူ၏အမြင်အာရုံ တဖြေးဖြေးချင်းမှောင်မိုက်လာချိန်တွင် အာကာသတွင်းပေါက်တစ်ခု ပေါ်ထွက်လာပြီး သူ့ကိုဝါးမျိုသွားသည်။
နေစမ်းပါဦး... ဒါ ပုံရိပ်ယောင်ကြီးမဟုတ်ဘူးဟ... တကယ့်ကို အာကာသတွင်းပေါက်ကြီး...
ပြီးတော့ သူ့အတွက်ပွင့်လာသလိုကြီးလေ... မဖြစ်နိုင်တာ... သူမသွား..
သူ မတုံ့ပြန်နိုင်မီ သူ့ခန္ဓာကိုယ်ပေါ့ပါးသွားပြီး အားကောင်းလှသည့် စုပ်ယူမှုကြီးတစ်ခုက သူ့ကို တွင်းပေါက်ထဲ စုပ်ယူသွားသည်။ ခဏအကြာတွင် သူ့အမြင်အာရုံ လင်းထိန်သွားပြီး နှစ်မိတာမျှမြင့်သောနေရာမှ ပြုတ်ကျလာသည်။
သူ၏ ထုံကျင်နေသော ခန္ဓာကိုယ်က နောက်တစ်ကြိမ် အနှိပ်စက်ခံလိုက်ရပြန်သည်။ သူ မြေပြင်ပေါ်တွင် အမူအရာမဲ့စွာ လှဲလျောင်းနေပြီး သူ့မျက်နှာတွင် သူ၏ဒဏ်ရာများမျှ ထွက်လာသော သွေးများဖြင့် ရွှဲရွှဲစိုနေသည်။ ထို့အပြင် သူ့ပတ်ပတ်လည်ရှိ မျက်ပြင်များပင် သွေးတို့ စိုစွတ်လာသည်။
"..."
ငါ အသက်ရှင်နေတုန်းလား...
"အကြီးအကဲ..."
ရင်းနှီးနေသော ပုံရိပ်တစ်ခုက သူ့ဆီပြေးလာပြီး သူ့ကိုထူမပေးကာ စိတ်လှုပ်ရှားစိုးရိမ်နေသော အကြည့်များဖြင့် ကြည့်နေသည်။ ချွီဇယ် သူ့ကိုမြင်ဖူးသည်။
သူက သခင်မလေးရဲ့ လက်ထောက်လေးနဲ့တူတာပဲ.. သူ့ကိုဘယ်လို ခေါ်ပါလိမ့်...
သူက ဒီမှာဆိုတော့... ဆိုလိုတာက...
ချွီဇယ်တောင့်ခဲသွားကာ သူ့နှလုံးသားပါနစ်မြုပ်သွားတော့သည်။ သူ့ခေါင်းကို ခက်ခက်ခဲခဲလှည့်ကြည့်လိုက်သောအခါ သခင်မလေး၏ ရင်းနှီးနေသော ပုံရိပ်ကို တွေ့လိုက်ရသည်။
"သခင်မလေး.. ဘာလို့..."
ယောင်စစ် သူ့ကို လျစ်လျူရှုလိုက်ကာ ရှေ့သို့လျှောက်လာပြီး သူ့အဝတ်များကို ဖြဲချလိုက်သည်။
"ပိုင်ရိ သွေးထွက်နေတာကို ရပ်အောင်လုပ်..."
"ရပ်လိုက်..."
ချွီဇယ် ရုတ်တရက် အင်အားအချို့ရလာပြီး နောက်သို့ အတင်းဆုတ်လိုက်သည်။
"ငါ့ကိုမထိနဲ့... ငါ ဗိုင်းရပ်စ်ကူးခံထားရတာ... မင်းတို့ ဂရုမစိုက်မိရင်..."
"သောက်ပါးစပ်ပိတ်လိုက်စမ်း..."
ယောင်စစ် သူမ၏ သွေးမျိုးဆက်ဖိနှိပ်ခြင်းစွမ်းအင်ကို အလိုလို အသက်သွင်းလိုက်မိပြီး အော်ဟစ်လိုက်သည်။
နင်သာဒဏ်ရာမရနေရင် ရိုက်ပစ်တာကြာလှပေါ့...
"ငါကိစ္စနှစ်ခုကို ရှင်းရှင်းလင်းလင်းပြောပြမယ်... ပထမတစ်ခုက ဗိုင်းရပ်စ်က ကုသလို့ရတယ်... ဒုတိယတစ်ခုက နင်သာနောက်ထပ် စကားတစ်ခွန်းပြောရင် နင့်အမေတောင်မမှတ်မိတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ငါနင့်ကို ထိုးပြမယ်..."
ချွီဇယ် တောင့်သွားသည်။
သူ ရုတ်တရက်တစ်ခုကို သတိပြုမိလိုက်သည်။
သခင်မလေးက တစ်ခါတစ်လေကြရင် အတော်လေး ကြောက်ဖို့ကောင်းတာပဲ...
(⊙_⊙)
အဲ့ဒီ့အပြင်... သူ့မှာ အမေရှိလို့လား...
"နင့်ရဲ့ဘိုးဘေးပြောနေတာကို ဘာလို့နားမထောင်ပဲနေရဲရတာလဲ... ပိုင်ရိ မြန်မြန်လုပ်စမ်း..."
"အိုး အိုး ဟုတ်ကဲ့ပါ..."
(⊙_⊙)
"ကောင်းပြီလေ..."
ပိုင်ရိ အစက ကြောင်တောင်တောင် ငေးတေးတေးဖြစ်နေသော်လည်း ယောင်စစ် အော်လိုက်သောအခါ ခေတ်မီပစ္စည်းကိရိယာများ အပြည့်အစုံပါဝင်သည့် ရှေးဦးသူနာပြုဆေးကိရိယာဘူးကို ထုတ်လိုက်သည်။ သို့သော် သူမည်မျှပင် ကြိုးစားနေပါစေ ချွီဇယ်၏ ဒဏ်ရာများက အဆက်မပြတ်သွေးများထွက်နေလေသည်။
"သခင်မလေး သွေးတိတ်အောင်လုပ်ဖို့ နည်းလမ်းမရှိဘူးဖြစ်နေတယ်..."
"ဒဏ်ရာတွေအားလုံးကို ပတ်တီးစည်းပေးထားလိုက်..."
နည်းပညာသုံးပစ္စည်းများက သူ့ကို မကယ်နိုင်လျှင် သမိုင်းမတိုင်မီခေတ်မှ နည်းလမ်းများကို အသုံးပြုကြမည်ဖြစ်သည်။
"ပတ်တီးစည်းရမယ်... ဘာနဲ့လဲ..."
ပိုင်ရိ ကြောင်တောင်တောင်ပုံစံလေးဖြင့် မေးလိုက်သည်။
ယောင်စစ် ဆေးဘူးကိုကြည့်လိုက်သည်။
ဖက်ခ်... စကြဝဠာက ဆေးပညာရဲ့ အခြေခံအကျဆုံးနဲ့ အလိုအပ်ဆုံးဖြစ်တဲ့ "ပတ်တီး"ကို မလိုအပ်ဘူးလို့ သတ်မှတ်ထားတာလားဟ...
ရွေးချယ်စရာမရှိတော့ပေ။ သူမ စကေဘယ်ဓားကိုယူကာ ပိုင်ရိ၏ အင်္ကျီလက်ကို ဖြတ်ချလိုက်သည်။
"ငါ့ကို နင်ရဲ့ အင်္ကျီလက်လေး ခဏငှားဦး..."
ပိုင်ရိ တောင့်တင်းသွားသည်။
အဲ့လိုလုပ်လို့ရကြေးလား..
ယောင်စစ် ရှင်းပြရန် အချိန်မဖြုန်းတော့ချေ။ သူမ အင်္ကျီလက်ကို ချွီဇယ်၏ ဒဏ်ရာပေါ် တင်းကြပ်စွာ စည်းနှောင်လိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်တွင် ကြွက်များ၏ ကိုက်ဖြတ်ရာ ကုတ်ဖဲ့ရာများစွာ ရှိနေသေးသည်။ သူသာ သွေးစုပ်ဖုတ်ကောင်တစ်ကောင် မဟုတ်ပါက ဤဒဏ်ရာများကြောင့် သေသည်မှာ ကြာလှပြီဖြစ်သည်။
ယောင်စစ်တွင် ဆေးပညာဆိုင်ရာ ဗဟုသုတများ နကန်းတစ်လုံးမှမရှိပေ။ သူအသိသည့်အရာမှာ ပတ်တီးကိုဆန့်၍ ဒဏ်ရာပေါ် တင်းတင်းချည်ခြင်းသာဖြစ်သည်။ စကြဝဠာခေတ်တွင် လူနေမှုအဆင့်အတန်းမြင့်မား၍ ကြုံရာကျပန်းအဝတ်များကပင် အရည်အသွေးကောင်းပြီး ဆရာဝန်များသုံးသည့် ပတ်တီးနှင့် ဆင်တူသည်။
လယ်ကွင်းထဲတွင် အဝတ်စုတ်ပြဲသံများဖြင့် ပြည့်နေသည်။
ယောင်စစ် ပတ်တီးစည်းရာတွင် ကျွမ်းကျင်လာပြီး တဖြေးဖြေး အရှိန်မြင့်လာသည်။ အစက ပိုင်ရိ ရှက်သလို ခံစားရသော်လည်း ယောင်စစ် သူ၏အဝတ်များကို ဆက်တိုက်ဖြဲနေ၍ သူ့အဝတ်သူကူဖြဲပေးရင်း စေတနာ့ဝန်ထမ်းပင် လုပ်နေလိုက်တော့သည်။
နောက်ထပ် အဝတ်ပိုင်းကို ဖြဲပြီးနောက်တွင် ယောင်စစ် ချွီဇယ်၏ ဒဏ်ရာနောက်တစ်ခုကို စည်းနှောင်လိုက်သည်။ ထို့နောက် နောက်ထပ်ထပ်ဖြဲရင်း ထပ်ဆည်းပေးလိုက်သည်။
"သခင်မလေး...."
ပိုင်ရိ သူမလက်ကို တားလိုက်သည်။ သူ့မျက်နှာက ရဲရဲနီနေကာ အားနည်းဖျော့တော့စွာ ပြောလာသည်။
"မဖြဲပါနဲ့တော့လား... အကုန်လုံး ဖြဲပြီးသွားပြီလေ..."
"..."
ယောင်စစ် လှည့်ကြည့်လိုက်သောအခါ ကိုယ်လုံးတီးဖြစ်လုနီးပါးဖြစ်နေသော လူငယ်လေးတစ်ယောက်က သူမမြင်ကွင်းထဲ ပေါ်လာသည်။ သူ၏အောက်ခံဘောင်းဘီနားရောက်နေသော သူမလက်ကို နောက်ပြန်ဆုတ်လိုက်သည်။
အာ... ဒါက သူမ လူတစ်ယောက်ကို ပတ်တီးစည်းပေးဖူးတဲ့ ပထမဆုံးအကြိမ်လေ... အတွေ့အကြုံမရှိဘူးဆိုတော့ ဒါကို နားလည်ပေးလို့ရတယ်မလား...
သူမ ချွီဇယ်ကို ပြန်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို စတင်ပျံ့နှံ့နေပြီဖြစ်သော ကပ်ဆိုးဗိုင်းရပ်စ်ကြောင့် မေ့မျောနေပြီဖြစ်သည်။ ကျေးဇူးတင်စရာကောင်းစွာဖြင့် သွေးထွက်နေသည်က ရပ်သွားပြီဖြစ်သည်။
နောက်ထပ်ကတော့ ညစာစားချိန်ရောက်ဖို့ စောင့်ရုံပဲ...
ညစာစားချိန်ရောက်သောအခါ မူရွှမ်က သူမကို လာခေါ်ရန် အချိန်မီရောက်လာခဲ့သည်။ သူ သူ၏ဆက်ခံသူလေးက သွေးများရွှဲရွှဲစိုနေပြီး မြက်ခင်းပြင်ကြီးထဲတွင် လိမ်လိမ်မာမာထိုင်နေကာ ဘေးတစ်ဖက်ဆီ၌ ကိုယ်တစ်ပိုင်းဗလာဖြစ်နေသော ပိုင်ရိနှင့် ဖုတ်ကောင်တစ်ကောင်ရှိနေသည်။
ဘယ်နားက သတ္တိခဲဝိဉာဉ်ကများ သူ့ကို ဘာတွေဖြစ်သွားသလဲ ရှင်းပြနိုင်မလဲ...
သူ သူ၏ကလေးလေးထံ တစ်ဟုန်ထိုးပြေးသွားလိုက်သည်။
–
ချွီဇယ်နောက်တစ်ကြိမ် မျက်လုံးပြန်ပွင့်လာချိန်တွင် သူယောင်စစ်ကို စိတ်ဆိုးအောင်လုပ်မိတိုင်း စိမ်းစိမ်းဝါးဝါးကြည့်လေ့ရှိသော အကြည့်များဖြင့် ယောင်စစ်ကစိုက် ကြည့်နေသည်။
"သခင်မလေး..."
သူတောင့်တင်းသွားပြီးမှ ခပ်တုံးတုံးမေးခွန်းတစ်ခုကို မေးလာသည်။
"သခင်မလေးပါ သေသွားတာလား..."
"ဖိဖတ်ဖတ်..."
ယောင်စစ် မျက်ဆံလှန်မိလိုက်သည်။
"နင်တောင်မသေမှတော့ ငါကဘယ်လိုလုပ်သေမှာလဲ..."
"ဗိုင်းရပ်စ်ကိုပယ်ဖျက်ပြီးပြီ..."
မူရွှမ်က သူ၏ကလေးလေးကို ခေါင်းလေးပွတ်ပေးလိုက်ပြီး သူ့ကို ကျောချမ်းစရာအကြည့်ဖြင့်ကြည့်လိုက်သည်။
"မင်းမသေတော့ဘူး..."
"အရှင်.. အရှင်မင်းကြီး..."
ချွီဇယ်တောင့်ခဲသွားကာ အခြေအနေကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်သည်။ ဗိုင်းရပ်စ်၏တောက်လောင်နေသော ခံစားချက်ပျောက်ကွယ်သွားပြီဖြစ်၍ သူအမှန်တကယ် အသက်ရှင်နေခြင်းဖြစ်သည်။
သခင်မလေးက သူ့ကိုလုံးဝမလိမ်ခဲ့ဘူးပဲ... သူ့ကို စိတ်သက်သာရာရစေဖို့ အဖြူရောင်မုသားလေး သုံးလိုက်တယ်ထင်နေတာ.. တကယ်တော့ ဗိုင်းရပ်စ်ကို ကုဖို့ နည်းရှိတာပဲ...
"နင်အခုစကားပြောနိုင်ပြီလား..."
ယောင်စစ် ထိုင်ခုံနှစ်လုံးကိုဆွဲယူလိုက်ပြီး မူရွှမ်ကို ထိုင်ခုံတစ်လုံးပေါ် ထိုင်ခိုင်းလိုက်သည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး လူနာဘက်လှည့်လိုက်သည်။
"နင် Euphoria အကြောင်း ဘယ်လောက်သိလဲ... ပြီးတော့ အဲ့ဒီ့သုတေသနအခြေစိုက်စခန်းမှာ အတိအကျဘာတွေဖြစ်နေတာလဲ..."
ချွီဇယ် မျက်မှောင်ကြုတ်လိုက်ပြီး မနှစ်မြို့ဖွယ်အတွေးများကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ နောက်တစ်စက္ကန့်အကြာတွင် သူအပြုံးတစ်ခုပြုံးပြလိုက်သည်။
"စိတ်မပူပါနဲ့ သခင်မလေး... ကျွန်တော် အသက်ရှင်သေးတယ်ဆိုမှတော့ သခင်မလေးရော အရှင်မင်းကြီးရော နှစ်ယောက်စလုံးကို အကုန်လုံးပြောပြမှာပါ... အဲ့တာဆိုမှ..."
သူ့၏ တင်းတင်းကြပ်ကြပ်ချည်နှောင်ထားခြင်းခံရသော ခြေလက်များကို မြှောက်ပြလိုက်သည်။
"သခင်မလေး...အရင်ဆုံး ကျွန်တော်ကို ချည်ထားတာတွေ ဖြည်ပေးပါလား... ကျွန်တော့်ကိုဘာလို့ ဒီလောက်တင်းကြပ်နေအောင် ချည်ထားရတာလဲ..."
"ဟမ်..."
သူတို့ပြန်ရောက်လာပြီးနောက်မှာ ပတ်တီးတွေပြန်လဲပေးဖို့ မေ့သွားတယ်လို့ ပြောပြလိုက်သင့်လား... သူ ဒီလိုကြီး စည်းထုပ်ခံထားရတ ခုနစ်ရက်၊ ရှစ်ရက် ဒါမှမဟုတ် ကိုးရက်တောင်ဖြစ်လောက်မလား....
"မင်း လုံးဝပြန်မကောင်းသေးဘူး... ဆက်စည်းထားဦး..."
မူရွှမ် သူမထံမှ တုံ့ဆိုင်းနေမှုကို အာရုံခံမိဟန်ဖြင့် လေးလေးနက်နက်ကြီး အမိန့်ပေးလိုက်သည်။
"အိုး..."
ချွီဇယ် လိမ်လိမ်မာမာခေါင်းငြိမ့်ပြလိုက်ပြီး သူ့မျက်လုံးများတောက်ပလာသည်။
ကြည့်ရတာ ဗိုင်းရပ်စ်ကူးခံရတဲ့ လူနာတွေက တင်းတင်းကြပ်ကြပ် ချည်နှောင်ထားဖို့ လိုတယ်ထင်တယ်....
"..." ယောင်စစ်
သူတကယ်ကြီး ယုံသွားတာလား... မူရွှမ်မှာပရိတ်သတ်တွေမရှိဘူး... ဒါပေမဲ့ သူ့ကိုအရူးအမူး ကိုးကွယ်နေတဲ့လူတွေပဲရှိနေတာ...
ချွီဇယ် သူ၏ မံမီတစ်ကောင်လို စည်းနှောင်ခံထားရသော ခန္ဓာကိုယ်ကြီးကို မတ်တတ်ထိုင်ရန် ရုန်းကန်လိုက်သည်။ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူသိသမျှအရာတိုင်းကို ရှင်းပြလိုက်သည်။
၎င်းက ယောင်စစ် တွေးဖူးသည်နှင့် ဆင်တူလေသည်။ Euphoriaက အဖွဲ့အစည်းကြီးတစ်ခုတင်သာမကပဲ စကြဝဠာကြီးတစ်ခုလုံးကိုပင် နက်နက်ရှိုင်းရှိုင်း ထိုးဖောက်၍ အမြစ်တွယ်နေပြီးသားအဖွဲ့အစည်းတစ်ခုဖြစ်နေသည်။ ချွီဇယ် ပြောပုံအရ မဟာမိတ်အဖွဲ့မဖွဲ့စည်းမီက သူတို့တွင် သွေးစုပ်ဖုတ်ကောင်များကခု ဆန့်ကျင်ရန် အင်အားရှိနေပြီဖြစ်သည်။
သို့သော် မျိုးနွယ်စုတိုင်းမှ ပါဝင်နေသည့် အရိပ်အယောင်ရှိသဖြင့် သူ ဇစ်မြစ်ကို မဖော်ထုတ်နိုင်ခဲ့ပေ။ အစက သူတို့အလွန်အမင်းသတိထားပြုမိခဲ့ကြသည်။ သူ အချို့ကိုရှာဖွေတွေ့ရှိခဲ့ပြီး ဖယ်ရှားခဲ့သော်လည်း သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ အင်အားစုက အလွန်အားကောင်းနေလျက်ရှိသည်။ သူတို့က သူတို့၏လုပ်ရပ်များကို ပေါ်ပေါ်ထင်ထင်လုပ်လာကြပြီး အခြားမျိုးနွယ်စုများသာမက သွေးစုပ်ဖုတ်ကောင်များပင် ပါဝင်ပတ်သတ်နေကြောင်း တွေ့လိုက်ရသည်။
"ကျွန်တော် လွန်ခဲ့တဲ့နှစ်တွေတုန်းက ဒီကိစ္စကို အကြီးအကဲကောင်စီကို တင်ပြခဲ့သေးတယ်..."
သူရယ်လိုက်သည်။
"အဲ့ဒီ့အချိန်တုန်းက အရှင်မင်းကြီးက ဆောင်းခိုအိပ်စက်နေတုန်းလေ... အကြီးအကဲကောင်စီက ကျွန်တော့်ကို ယုံကြည်ကြတယ်ဆိုပေမဲ့ စုံစမ်းစစ်ဆေးမှုတွေအကုန်လုံးက မအောင်မမြင်ဖြစ်နေတယ်.. အဲ့တာနဲ့ပဲ ကိစ္စတွေအားလုံးကို ကိုယ့်ဘာသာကိုယ်ပဲ လုပ်ဖို့ဆုံးဖြတ်လိုက်သည်။
ယောင်စစ် တောင့်ခဲသွားပြီး တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် သံသအပြည့်ဖြင့် ကြည့်လိုက်သည်။
"နင်.. စကြဝဠာထဲမှာ ပြဿနာတွေကြံဖန်ရှာနေတာ အဲ့ဒီ့အဖွဲ့အစည်းကြောင့်လား..."
"သခင်မလေးက ဉာဏ်ကြီးရှင်ပဲ..."
သူ ရယ်မောလိုက်ကာ ဘာမှမဟုတ်သလိုပြောလိုက်သည်။
"အတိတ်မှာတုန်းက သူတို့ရဲ့ လုပ်ဆောင်မှုတွေကို အတော်လေး လျှို့ဝှက်ပြီး လုပ်ဆောင်ခဲ့ကြတယ်ဆိုပေမဲ့ ကျွန်တော် အတော်လေး ကြိုးစားအားထုတ်လိုက်တာ သူတို့ကို ဆွဲထုတ်နိုင်ခဲ့တယ်လေ..."
"..."
လူတိုင်းကို ဒေါသထွက်အောင်လုပ်ရင်းနဲ့လား... ဒီကောင်က တကယ့်ကို လူထူးဆန်းပဲ...
ယောင်စစ် ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့ပေ။ မူလက သူ၏မုန်းစရာနည်းလမ်းများက သူ့ စိတ်နေစိတ်ထား၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထင်ခဲ့မိသည်။ သို့သော် ယခုတွင် သူ၏လုပ်ရပ်များအားလုံးက သွေးစုပ်ဖုတ်ကောင်များကြောင့်ဖြစ်သည်ဟု သိလိုက်ရသည်။
ဆန့်ကျင်ဘက်ဖြစ်ရပ်တွေက အရမ်းပြင်းထန်နေပြီ... သူမခေါင်းလေးကို ပတ်တီးစည်းထားမှ ရတော့မယ်...
"တဖြေးဖြေးနဲ့ ကျွန်တော် သတိထားမိလာတာက... သူတို့က ကျွန်တော်ခန့်မှန်းထားတာထက်ကို စကြဝဠာထဲ အတော်လေးစိမ့်ဝင်နေတာ... ကောင်းကင်အပ်နှံခြံဝန်းကိုတောင်..."
"စတုတ္ထမြောက်အကြီးအကဲ..."
"ဟုတ်တယ်... အစကတည်းက သူတို့ရဲ့သုတေသနတွေက ကောင်းကင်အပ်နှံခြံဝန်းထဲကလို နဲ့ဆင်တူတယ်ဆိုတာ သတိထားမိခဲ့တယ်... အဲ့တာကြောင့် သူတို့က အသစ်မွေးဖွားကာစကလေးတွေကို ရှာဖွေကြပေမဲ့ သွေးစုပ်ဖုတ်ကောင်တွေကို ပစ်မှတ်ထားတဲ့ ဗိုင်းရပ်ကို တီထွင်တာနဲ့ အဆုံးသတ်မယ်လို့ တစ်ခုမှ မထင်ခဲ့မိဘူး..."
ယောင်စစ် လန့်ဖြန့်သွားတော့သည်။
"အဲ့တာကြောင့် ငါအနီရောင်ဂြိုလ်ပေါ်စရောက်တုန်းက ဒီလိုဆက်ဆံတာလား..."
"ကျွန်တော့်အမှားပါ..."
သူ တောင်းပန်နေပုံပေါက်သည်။
"အဲ့ဒီ့အချိန်တုန်းက အရှင်မင်းကြီးက ဆောင်းခိုအိပ်စက်နေတုန်းဆိုတော့ ရုတ်တရက်ကြီး ပဉ္စမမျိုးဆက်သွေးစုပ်ဖုတ်ကောင်က ထွက်ပေါ်လာတော့ အဖွဲ့အစည်းက လုပ်လိုက်တယ်လို့ ထင်သွားမိတာ..."
ဒီတော့ သူမကိုဆန်ကျင်ရတာ ဒါတွေကြောင့်ပေါ့လေ...
ယောင်စစ် သူမကိုယ်သူမတောင့်တင်းသွားသလိုပင် ခံစားလိုက်ရသည်။
"သခင်မလေးက အရှင်မင်းကြီးရဲ့ဆက်ခံသူဖြစ်နေမယ်လို့ တစ်ခုမှ မတွေးမိခဲ့ဖူးဘူးလေ... "
သူအားပါးတရ ရယ်မောလိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။
"အရှင်မင်းကြီးက အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းချင်တဲ့အနေနဲ့ ကျွန်တော့်ကို သုခညွတ်ကွင်းကို ပြည်နှင်ဒဏ်ပေးလိုက်တယ်လေ... သူတို့က ကမ္ဘာမြေသားတွေရဲ့ မျိုးရိုးဗီဇတွေရှာနေတယ်လို့ သတိပြုမိတော့ သူတို့ရဲ့ အခြေစိုက်စခန်းက အပြာရောင်ဂြိုလ်နဲ့ဆင်တူတဲ့ မိုးကြိုးဆေလ်ဗာနီဂြိုလ်မှာရှိရမယ်လို့ ထင်ခဲ့မိတာ..."
ယောင်စစ် မနေနိုင်မထိုင်နိုင် မူရွှမ်ကြည့်လိုက်မိသည်။ သူမ အသံတိုးတိုးနှင့် မေးလိုက်သည်။
"ရှင် ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာလား..."
"..." မူရွှမ်
သူလည်း အဲ့တာကိုမေးချင်နေတာ...
ယောင်စစ် သူ့အိုင်ဒေါ စိတ်သဘောထား ကြီးမားလှသည်ဟု သူ့ကိုယ်သူလှည့်စားနေသော ချွီဇယ်အတွက် တိတ်တိတ်လေးဖယောင်းတိုင် ထွန်းပေးလိုက်သည်။
"သူတို့ မကြာခင်တုန်းက ပြန်လည်လှုပ်ရှားလာကြပြီး ဒီဗိုင်းရပ်စ်ကိုတောင် အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်လိုက်သေးတယ်... ပိုပြီးကြောက်ဖို့ကောင်းတဲ့အရာတွေ လုပ်ဖို့ရှိသေးတဲ့ပုံပဲ... သူတို့သေချာပေါက် ထပ်ပြီးလှုပ်ရှားလိမ့်မယ်..."
ယောင်စစ် ခေါင်းငြိမ့်လိုက်ကာ သဘောတူကြောင်းပြောလိုက်သည်။
"စတုတ္ထအကြီးအကဲက ထာဝရအိပ်စက်သွားတော့ တခြား သစ္စာဖောက်တွေရှိနေသေးမလား မပြောနိုင်ဘူး... မျိုးနွယ်တိုင်းကို သေချာသတိထားဖို့ အသိပေးသင့်တယ်..."
"မဟုတ်ဘူး မျိုးနွယ်စုတိုင်းမဟုတ်ဘူး... သခင်မလေးတစ်ယောက်ပဲ..."
"ငါလား..."
ဘာကိုဆိုလိုတာလဲ...
"သခင်မလေး မသိဘူးလား..."
သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
"အခုလက်ရှိ Euphoriaရဲ့ လှုပ်ရှားမှုတွေအကုန်လုံးက သခင်မလေးကို ဦးတည်ဆန့်ကျင်နေတာလေ..."
“…”
ဘာကြီး...
သူမ မတုန့်ပြန်နိုင်မီ အပြင်ဘက်မှ ကျယ်လောင်သောအသံကြီးကြားလိုက်ရသည်။ မြေပြင်က စတင်၍ ယိမ်းထိုးလာကာ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါနေဟန်ဖြစ်နေသည်။
အခုဘာတွေဖြစ်နေတာလဲ...