Chapter 118
ဗိုင်းရပ်စ်၏ ဇစ်မြစ်
ပန်းပွင့်...
အဲ့တာဧရာမပန်းပွင့်ကြီး...
(⊙ o ⊙)
အဆောက်အဦးငယ်လေး နောက်ရှိ ပြောင်သလင်းခါနေသောလယ်ကွင်းထဲတွင် ဧရာမ သင်းကျောက်ကြီးနှင့်တူသော အပြာပန်းပွင့်ကြီးရှိသည်။ တစ်ပွင့်တည်းရှိသည်မဟုတ်ပဲ လယ်ကွင်းတစ်ခုလုံးက ထိုပန်းများဖြင့်ပြည့်နေခြင်းဖြစ်သည်။ ထိုပန်များက လုံးဝပြာနေကာ သစ်ရွက်များမရှိပဲ သဘာဝတရား၏ လက်ရာများထက် ပိုမို လက်ရာမြောက်လေသည်။
ဒီလောက်အရွယ်ကြီးရဖို့ ဘာမြေဩဇာတွေများသုံးကြလဲဟယ်..
အဲ့ဒီ့အပြင် ပုံရိပ်ယောင်ပဲလား ဒါမှမဟုတ် ရင်းနှီးနေသလိုကိုဖြစ်နေတာလား...
သူမ မြေပြင်ကို ထိရန်လက်ဆန့်လိုက်သော်လည်း ချွီဇယ်က သူမ၏လက်ကို လေထဲတွင် တားလိုက်သည်။
"မထိနဲ့..."
သူအော်လိုက်သည်။
သူမ၏လက်မောင်းက သူ၏အားနှင့် ကိုင်ထားမှုကြောင့် ထုံကျင်သွားရသည်။
ဘာဖြစ်တာလဲဟ... ဘာလို့ ဇာချဲ့နေရတာလဲ...
ယောင်စစ် ချွီဇယ့်ကို မကျေမနပ်လှည့်ကြည့်လိုက်သည်။ သူ၏ ပြုံးပြုံးရယ်ရယ်ပုံစံကိုသာ ရင်းနှီးနေသည်ဖြစ်၍ သူတည်တည်တင်းတင်းဖြစ်နေသောအခါတွင် ကြောက်ပင်ကြောက်သွားမိသည်။
ဘာဖြစ်နေတာလဲ...
"နင် ဒီပန်းကိုသိတာလား..."
ထို့နောက် ခြုံပုတ်ထဲမှ လှုပ်ရှားမှုတစ်ခုကိုမြင်လိုက်ရပြီး အသံဗလံများကြားလိုက်ရသည်။ အသေအချာကြည့်လိုက်သောအခါ ၎င်းက လူတစ်ယောက်ဖြစ်နေသည်။
တကယ်ကြီး လူတစ်ယောက်ရှိနေတယ်... ဒါ မြေပုံထဲပုန်းနေတဲ့ မကောင်းဆိုးဝါးလား...
စက္ကန့်ဝက်အတွင်း ထိုလူက သူတို့ကို အာရုံခံမိပုံဖြင့် သူတို့ရှိရာဘက်ကို ပြေးထွက်လာသည်။ ယောင်စစ် ဆူညံသံများရှိရာနေရာကို သေချာကြည့်မိလိုက်သောအခါ ပင့်သက်ပင်ရှိုက်မိပြီး နှလုံးသားတစ်ခုလုံး အေးစက်သွားသည်။
လူတစ်ဦးတည်အစား လူအုပ်စုကြီးရှိနေခဲ့သည်။ ၎င်းတို့ကိုကြည့်လိုက်သောအခါ အဓိပ္ပါယ်ဖွင့်ဆို၍ အမိန့်များကိုပေးနေသည့် လူပေါင်းတစ်ရာမျှကို တွေ့လိုက်ရသည်။ ထိုသူများက ကစားသများများဖြစ်ဟန်တူသော်လည်း ၎င်းတို့၏ အသားအရောင်များက Avatarများကဲ့သို့ အပြာရောင်ဖြစ်နေသည်။ သူတို့ထဲက အချို့တွင် ခြေလက်များမရှိကြတော့ပဲ သွေးများစွန်းထင်နေကြသည်။ ကိုယ်တွင်းကလီစာများ အပြင်ထွက်နေသော လူများလည်းရှိကြပြီး အူများက မြေကြီးပေါ်တွင် တရွတ်တိုက်နေကြသည်။ ထိုသို့ဖြစ်နေကြသော်လည်း ၎င်းတို့က အပုတ်နံ့များကို သယ်ဆောင်ကာ ယောင်စစ်တို့ထံ ရူးသွပ်စွာပြေးလာကြသည်။
သူမ ထိုပန်းကို ဘယ်မှာ မြင်ဖူးသလဲ မှတ်မိသွားတော့သည်။ ၎င်းကို စက်ရုပ်ပြိုင်ပွဲတွင် မြင်ဖူးခဲ့ခြင်းဖြစ်သည်။ ယွမ်ဟန် ထွက်ပြေးသွားသောအခါ ထိုပန်းကို နောက်ဆုံးတိုက်ခိုက်ချက်အဖြစ် ပြိုင်ပွဲမြေပြင်ပေါ် ပစ်ချခဲ့သည်။
ထို့အတူ သူ့လက်ထဲတွင် ကပ်ဆိုးဗိုင်းရပ်စ်ရှိနေခဲ့သည်။
ဒီတော့ သူတို့ရှေ့ကလူတွေက ဖုတ်ကောင်တွေလား...
ဂိမ်းဂြိုလ်ပေါ်မှာ ဒီလိုဟာတွေ ဘာလို့ရှိနေရတာလဲ... ဒါက သူတို့ပရိုဂရမ်ရဲ့ အစိတ်အပိုင်းတစ်ခုလား ဒါမှမဟုတ်...
ယောင်စစ် ခြုံပုတ်ထဲတွင် ဖုတ်ကောင်များ တိုးလာသည်နှင့်အမျှ ဆက်မတွေးရဲတော့ပေ။ ဖုတ်ကောင်တစ်အုပ်က အဆောက်အဦးကို ပတ်ပတ်လည်ဝန်းရံနေရန်ပင် လောက်ငှပေသည်။ ယောင်စစ်အံတင်းတင်းကြိတ်ကာ သူ့လက်ထဲရှိဓားကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ သူမ၏ လက်ရှိအခြေအနေက ဂိမ်းဆိုသည်ထက် ပိုသောအရာတစ်ခုအဖြစ် ပြောင်းလဲသွားပုံပေါ်လေသည်။
ငါတို့ဘာဆက်လုပ်ကြမလဲ...
လွတ်မြောက်ရန် လမ်းမရှိတော့သဖြင့် ချွီဇယ် မျက်နှာပျက်သွားကာ ရေရွတ်လိုက်မိသည်။
"သူတို့အောင် အောင်မြင်ခိုင်းလိုက်..."
ယောင်စစ် ကြောင်အသွားသည်။
သူဘာကို ဆိုလိုတာလဲ...
သူ သူမ၏လက်ကိုဆွဲကိုင်ကာ အော်ပြောလေသည်။
"သွားကြစို့... အိမ်ထဲကို အရင်သွားရအောင်..."
သူမ မတုံ့ပြန်နိုင်မီ သူမကိုဆွဲ၍ အိမ်ထဲသို့ ပြေးတော့သည်။
နောက်တစ်စက္ကန့်တွင် သူတံခါးရှိ ကုတ်များကို ချိုးဖက်လိုက်သည်။ သူတို့ဝင်သွားပြီး၍ သူတို့နောက်ရှိ တံခါးပိတ်သွားသည်နှင့် ဘန်းဟူသော မြည်သံကြီးကိုကြားလိုက်ရပြီး ကြက်သီးထဖွယ် အော်မြည်သံများ လိုက်ပါလာသည်။ သူတို့ ဖုတ်ကောင်များဖြင့် ဝန်းရံခံရနေပြီဖြစ်ကြောင်း သံသပင်ဝင်စရာ မလိုတော့ပေ။
"သခင်မလေး... အပြင်ဘက်ကလူတွေ... သူတို့က ဖြစ်နိုင်တာ.."
ပိုင်ရိ သူမကို ကြောက်လန့်တကြားကြည့်ပြီး မျက်လုံးများ ပြူးကျယ်သည်။ အပြင်ဘက်ရှိ မြင်ကွင်းက သူ့ကို အတော်လေး ထိတ်လန့်စေသည်။
ယောင်စစ် ခေါင်းငြိမ့်ပြလိုက်သည်။
"နင်တွေးတာမှန်တယ်... သူတို့က ကပ်ဆိုးဗိုင်းရပ်စ်ကူးစက်ခံထားကြရတာ..."
လော့ယင်းသာ ကုသခြင်းမခံလိုက်ရပါက သူတို့ကဲ့သို့ အဆုံးသတ်သွားနိုင်သည်။
"ဒါပေမဲ့ အဲ့တာက အပြာရောင်ဂြိုလ်ပေါ်က ရှေးဟောင်းဗိုင်းရပ်စ်မဟုတ်ဘူးလား... ဒါက သုခညွတ်ကွင်းဂြိုလ်လေ... သူတို့က ဘယ်လိုလုပ်ပြီး ကူးစက်ခံလိုက်ရတာလဲ..."
အပြင်ဘက်ရှိ ဖုတ်ကောင်များက မတူညီသော မျိုးနွယ်များစွာမှ ဖြစ်ပုံပေါ်သည်။
"ဒါက... နင်သူ့ကိုမေးလိုက်..."
ယောင်စစ် ချွီဇယ်ကို လှည့်ကြည့်လိုက်သည်။
သူတို့ အိမ်ထဲကို ဝင်ကတည်းက သူအိမ်ထဲမှာ အဆက်မပြတ်ပတ်ပြေးနေသည်။ သူအတွင်းပိုင်း ထိန်းချုပ်မှုစနစ် ကို ပြောင်းလဲနေကာ တစ်စုံတစ်ခုကို ရှာဖွေနေသည်။ ယောင်စစ် သူ့ကိုမေးခွန်းထုတ်လိုက်သောအခါ သူက သူမဘက်လှည့်ကြည့်လာသည်။ သို့သော် သူမတို့၏ သံသယများကို ဖြေကြားပေးမည့်အစား အရှေ့ကိုသာ လက်ညှိုးထိုးပြလိုက်သည်။
"ဒီတံခါးက အကြာကြီးမခံနိုင်တော့ဘူး... အနောက်မှာတံခါးတစ်ချပ်ရှိတယ် အဲ့တံခါးက မြေအောက်သုတေသနစခန်းကို ဦးတည်နေတယ်... ကျွန်တော်တို့ အဲ့ဒီ့မှာ အချိန်ခဏလောက် နေနိုင်လောက်တယ်..."
ထို့နောက် ထိုနေရာကို သူကဦးဆောင်၍ ပြေးလေတော့သည်။
ယောင်စစ် ပိုင်ရိနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ အပြင်ဘက်ရှိ အသံများက ပိုမိုပြင်းထန်လာပြီး တံခါးပေါက်ရှိ ခုခံမှု ယန္တရားများမှ ပေါက်ကွဲသံများပင် ကြားနေရသည်။
"သွားကြစို့..."
သူမ ပိုင်ရိလက်ကိုဆွဲ၍ ပြေးသွားလိုက်သည်။ ချွီဇယ် ဘာကိုတွေ့ပါစေ သူတို့အရင်ဆုံး ထိုနေကို သွားလိုက်သင့်သည်ဖြစ်သည်။ အဆုံးတွင် ထိုဖုတ်ကောင်များက သေစေနိုင်သော ကပ်ဆိုးဗိုင်းရပ်စ်များ ကူးစက်ခံထားရလေသည်။
ချွီဇယ် ပြောတာမှန်ကန်ပြီး ထိုနေရာတွင် မြေအောက်သုတေသနစခန်း ရှိနေသည်။ အပေါ်ဘက်ရှိ အိမ်ငယ်လေးနှင့် မတူညီစွာ ၎င်းက အတော်လေးကြီးများ ကျယ်ပြန့်လှသည်။ အောက်ဘက်ရှိ ဧရိယာက အတော်လေး ကြီးမားလှသည်။ သူတို့ ထောင့်များကို ပတ်ပတ်လည်လျှောက်ကြည့်သော်လည်း နေရာတိုင်းက ဆင်တူနေကြောင်း သိလိုက်ရသည်။ အခန်းများတွင် အမည်မသိ လက်နက်များ ပြည့်နှက်နေပြီး နမူနာပစ္စည်းများစိမ်ထားသော အခန်းပင်ရှိနေသည်။
၎င်းကိုကြည့်၍ တဖြေးဖြေးချင်း ရင်းနှီးသလို ခံစားလိုက်ရသည်။
လူများမရှိသည်ကလွဲ၍ အစီအစဉ်တကျမရှိသော ထွက်ပေါက်များက ယောင်စစ် သွားဖူးခဲ့သော အခြေစိုက်စခန်းတစ်ခုကိုပင် သတိရမိသွားစေသည်။ ရုတ်တရက်ကြီး သူမ လော့ယင်းကိုကူးစက်ခဲ့သော ကပ်ဆိုးဗိုင်းရပ်စ်က ဘယ်ကလာသလဲ နားလည်သွားခဲ့သည်။
ဒါ Euphoriaရဲ့ ဗိုင်းရပ်စ်သုတေသနဌာနပဲ...
သူမနှလုံးပင် နစ်မြုပ်သွားကာ ပိုင်ရိပင်လျှင် ပတ်ပတ်လည်ကို ရှုပ်ထွေးနေသယောင် မျက်နှဘာလေးဖြင့် ကြည့်နေသည်။ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်အမြဲရှိနေတတ်သော ချွီဇယ်ပင် လုံးဝခြားနားသော လူတစ်ယောက်အသွင် ပြောင်းလဲသွားတော့သည်။
သူတို့ ထိန်းချုပ်ခန်းကဲ့သို့သော အခန်းကို ဦးတည်၍ သွားလိုက်သည်။
သူတို့ ထိုအခန်းထဲဝင်လိုက်သည်နှင့် ချွီဇယ်က အဓိကထိန်းချုပ်ရေးစားပွဲပေါ် ကျောမတ်၍ထိုင်လိုက်တော့သည်။ သူ၏လက်ချောင်းများက ခလုတ်များပေါ် ပတ်ပြေးနေပြီး ၎င်းတို့အားလုံးတွင် သူမပုံဖော်ကြည့်၍ပင်မရသော ကုတ်များဖြင့် ပြည့်နေသည်။
တစ်မိနစ်အတွင်း ဘိဟူသော မြည်သံဖြင့် ဖန်သားပြင်အားလုံးတွင် အနီရောင်ဂဏန်းအတန်းလိုက်များဖြင့် ပြည့်နှက်သွားသည်။ တဖြေးဖြေး အချိန်ကိုရေတွက်နေဟန် ဂဏန်းများ လျော့လာကြသည်။
"ကျွန်တော် အသက်သွင်းလိုက်နိုင်ပြီ..."
ချွီဇယ် စိတ်သက်သာရာရသွားဟန် ပခုံးတို့ ပြေလျော့သွားသည်။ သူက ပေါက်သွား၍ လေမရှိတော့သည့် ဘောလုံးတစ်လုံးနှယ် ထိုင်ခုံပေါ် လျော့တိလျော့ရဲထိုင်လိုက်သည်။
"ဒါပေမဲ့ အရမ်းနောက်ကျသွားခဲ့ပြီ..."
ယောင်စစ် ရင်ထဲတွင် သတိပေးချက်ကြီးတစ်ခု မြည်ဟီးသွားသည်။
"ချွီဇယ် ဒီမှာ ဘာတွေဖြစ်နေတာလဲ... အစကတည်းက ဒါကို လျှို့ဝှက်နယ်မြေလို့မသိဘူးမလား... ဒါက သုတေသနအခြေစိုက်စခန်းလေ... Euphoria ရဲ့ သုတေသနအခြေစိုက်စခန်း..."
သူမ စိတ်လှုပ်ရှားစွာပြောလိုက်သည်။
ချွီဇယ် တောင့်ခဲသွားကာ ခေါင်းမော့၍ သူမကိုကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး အားတင်း၍ပြုံးထားရသော အပြုံးလေးပေါ်ထွက်လာသည်။
"တကယ့်ကို ကျွန်တော်တို့ရဲ့ သခင်မလေးပါပဲ... ဟုတ်တယ် သခင်မလေးခန့်မှန်းတာမှန်တယ်..."
"နင်ငါ့ကို ပြန်ပေးဆွဲလာတာ ဒါကိုကြည့်ဖို့အတွက်ပဲလေ..."
ယောင်စစ် သူ၏ လှုပ်ရှားမှုကို နားမလည်တော့ပေ။
"အဲ့လိုပြောလို့ရပါတယ်..."
သူ အသက်ပြင်းပြင်းရှူလိုက်သည်။
"ကျွန်တော် ဒီနေရာကို လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ရှာတွေ့ခဲ့တာ ဒါပေမဲ့ ဒါက သုတေသနဌာနချုပ်မှန်း ခုဏလေးကမှ သိလိုက်မိတာပါ... သူတို့တကယ်ကြီး အောင်မြင်သွားကြမယ်လို့ မထင်မိခဲ့ဘူး... ကျွန်တော် ခဏလောက်လေးဝင်ကြည့်ချင်ပေမဲ့ စိတ်စွမ်းအင်အတားအဆီကြောင့် အပြင်ဘက်မှာပဲ ပိတ်မိနေခဲ့တာ... သူ့ရဲ့အစွမ်းက အတော်လေး ထူးခြားတယ်လို့ပြောလို့ရတယ်..."
သူမျက်မှောင်ကြုတ်လိုက်ပြီး မနှစ်မြို့ဖွယ်မှတ်ဉာဏ်များကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး ဆက်ပြောလာသည်။
"နောက်တော့ စိတ်စွမ်းအင်တံတိုင်းအားနည်းသွားတယ်ဆိုတာ သတိထားမိလိုက်တယ်... ဒါပေမဲ့ ကျွန်တော် ဝင်လို့ မရသေးပြန်ဘူး... ဒါကြောင့်ပဲ သခင်မလေးကိုဖိတ်ပြီး ဒီစိတ်ဆင်းရဲစရာကို အတူဝေမျှဖို့ ဆုံးဖြတ်ခဲ့တာပေါ့ဗျာ..."
ယောင်စစ် နှုတ်ခမ်များ တွန့်လိမ်သွားသည်။
စိတ်ဆင်းရဲစရာကို မျှဝေတယ်တဲ့လား...
"နင်ဘာလို့ အကြီးအကဲကောင်စီကို သတင်းမပို့လို့တာလဲ.."
အကြီးအကဲတစ်ယောက်အနေဖြင့် သူ Euphoria ကိုစစ်ဆေးစုံစမ်းနေသော အတွင်းသတင်းကို သိသင့်ပေသည်။ သူ ဤနေရာကိုရှာတွေ့ခဲ့သည်က သွေးစုပ်ဖုတ်ကောင်များ ရင်ဆိုင်နေရသည့် ပြဿနာကို ရိုးရှင်းစွာဖြေရှင်းလိုက်နိုင်မည်ဖြစ်သည်။
အဲ့တာဆိုဘာကြောင့်များ သူမကိုပြန်ပေးဆွဲပြီး ပြဿနာရှာရသေးတာလဲ... မုန်းချင်စရာနည်းလမ်းကြီးနဲ့လေ...
"အကြီးအကဲကောင်စီ..."
သူ ကြက်သီးထဖွယ်ရယ်သံကြီးဖြင့် ခေါင်းတခါခါဖြင့်ရယ်လိုက်သည်။
"အဲ့လောက် လွယ်ကူရိုးရှင်းနေမှတော့... သခင်မလေးရယ်..."
သူ သူမကိုတစ်စုံတစ်ခုပြောဟန်ပြင်လိုက်သည်။ ရုတ်တရက် အပြင်ဘက်မှ ဒုန်းကနဲအသံကြားလိုက်ရသည်။ တံခါးက ကန်ဖွင့်ခံလိုက်ရပြီး အနက်ရောင်အရိပ်တစ်ခုက သူမဆီ လျှပ်စီးအလျှင်ဖြင့် ပြေးဝင်လာသည်။
"သခင်မလေး...."
ပိုင်ရိအော်လိုက်သည်။
သို့သော် အတော်လေးနောက်ကျသွားပြီဖြစ်ပြီး အနက်ရောင်ပုံရိပ်က သူမဆီရောက်ရှိနေပြီဖြစ်သည်။ သူမခါးတွင် နာကျင်မှုတစ်ခုခံစားလိုက်ရပြီး ဘေးဘက်သို့ ပျံထွက်သွားသည်။ ဘာဖြစ်သွားသလဲမသိလိုက်ဘဲ သူမခေါင်းကို ထိန်းချုပ်စားပွဲပေါ် ပစ်ဆောင့်မိသွားသည်။ သူမခေါင်းက အဆင်ပြေသော်လည်း ထိန်းချုပ်စားပွဲပေါ်တွင် အချိုင့်ကြီးတစ်ခုဖြစ်သွားသည်။
နာလိုက်တာဟ...
"ချွီဇယ်... နင်ဘာလုပ်..."
ယောင်စစ် သူမဒေါသကို ဖိနှိပ်လိုက်ရသည်။ သူမသူ့ကို အော်တော့မည့်အချိန်တွင် သူ့ခါးတွင် အပေါက်တစ်ပေါက်ရှိနေကြောင်း မြင်လိုက်ရသည်။ ၎င်းအပေါက်ထဲမှ သွေးများဖြာထွက်နေပြီး သူ့ခန္ဓာကိုယ်တစ်ဝက်ကို စွန်းပေသွားစေသည်။ ပို၍ဆိုးသည်မှာ သူ၏ဒဏ်ရာမှ အပြာရောင်အလင်းတို့ထွက်ပေါ်နေ၍ဖြစ်သည်။
"ဘာဖြစ်တာလဲ..."
ယောင်စစ် သူ့နားအမြန်သွားလိုက်သည်။
ရုတ်တရက် အနောက်ဘက်မှ အော်မြည်သံတစ်ခုကြားလိုက်ရသည်။ ခေါင်းငုံ့ကြည့်လိုက်သောအခါ ယုန်တစ်ကောင်အရွယ်ရှိသော သတ္တတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်း၏ အရည်ခွံက ကွာကျနေသော်လည်း ၎င်း၏ချွန်မြသော လက်သည်းများတွင် သွေးများစွန်းထင်နေသည်။ ထိုသတ္တဝါတွင် အပြာရောင်တောက်နေသော မျက်လုံးများရှိပြီး ချွီဇယ်ကို စိုက်ကြည့်နေသည်။
ကြွက်... သူတို့ဆီလာနေတဲ့ သတ္တဝါက ကူးစက်ခံထားရတဲ့ကြွက်ပဲ...
ထိုကြွက်ကာ ခုန်ထလာပြီး သူတို့ထံ နောက်တစ်ကြိမ်ဦးတည်လာသည်။
ယောင်စစ် စိတ်လွတ်သွားသလိုခံစားလိုက်ရသည်။ သို့သော် ရုတ်တရက် တွန်းအားတစ်ခုက သူမဘေးမှထိုင်ခုံကို ကြွက်ထံတွန်းလွှတ်လိုက်ပြီး ကြွက်ကို နံရံပေါ်သို့ ဘေ့စ်ဘောဘောလုံးလို ပြန်ကန်ထွက်သွားစေသည်။
၎င်းက နံရံကိုအချိုင့်တစ်ခု ဖြစ်ပေါ်လာစေပြီး မြေပေါ် ချောကျသွားတော့သည်။ သို့သော် ထိုသို့လုပ်လိုက်သော်လည်း ၎င်းက အသက်ရှင်နေဆဲဖြစ်သည်။ နှစ်စက္ကန့်မျှရပ်သွားပြီးနောက်တွင် အရှေ့သို့နောက်တစ်ကြိမ် ခုန်ထွက်လာပြန်သည်။
ချွီဇယ်သူ၏စွမ်းရည်ကို နှိုးဆွလိုက်သည်။ သူ့လက်မှ လှိုင်းတစ်ခုထွက်လာပြီး အနက်ရောင်အက်ကွဲကြောင်းတစ်ခုထွက်ပေါ်လာကာ ကြွက်၏နောက်ကျောဘက်ကို ဦးတည်လိုက်သည်။ ထိုအာကာသတွင်းပေါက် ဖြတ်သန်းသးသောအခါ ကြွက်၏နောက်ကျောတွင် ပြတ်ရှရာကြီးပေါ်လာခဲ့သည်။
သူ့၏ အစွမ်းက အာကာသပိုင်းခြားခြင်းဖြစ်သည်။
ချွီဇယ်၏ စွမ်းရည်က အာကာသစွမ်းရည်များထဲတွင် ပါဝင်သည်။
သူ၏ ခွန်အားအကုန်လုံးကို ထိုတိုက်ခိုက်မှုတွင် အသုံးချလိုက်ဟန်ဖြင့် အလွန်တရာအားအင်ကုန်ခမ်းသွားပုံပေါ်နေပြီး မြေပြင်ပေါ် ထိုင်ရက်ကျသွားသည်။ သူ၏ဒဏ်ရာမှ ထွက်နေသော သွေးများက ပြေပြင်တွင် အိုင်ထွန်းနေသည်။
"အကြီးအကဲ..."
ပိုင်ရိ သူ့ကို ချက်ချင်းသွားကူညီလိုက်သည်။ သူ သွေးထွက်နေသည်ကို ရပ်တန့်ရန်ကြိုးစားသော်လည်း အရာမထင်ပေ။
"အသုံးမဝင်ဘူး..."
ချွီဇယ် အကျင့်အတိုင်း ပြုံးလိုက်သည်။
"ငါက ကူးစက်ခံလိုက်ရပြီလေ..."
"နင် ဘာလို့လဲ..."
ယောင်စစ် ကြောင်အသွားသည်။ သူ့ထံမှ အကြိမ်ပေါင်းများစွာ လှည့်စားခံခဲ့ရ၍ ဤကဲ့သို့ကြောက်မက်ဖွယ်နေရာကို ရောက်နေရခြင်းကလည်း သူ၏အကြံအစည်သာဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော် သူကသူမကိုကယ်ရန် ရှေ့သို့တိုးဝင်ခဲ့ပြီး သူ့အသက်သူပင်စတေးခဲ့သည်။ သူမ၏ ခံစားချက်များကို မရှင်းပြနိုင်တော့ပေ။
"သခင်မလေးက ကျွန်တော်တို့ရဲ့ တော်ဝင်သခင်မတစ်ပါးလေ... ဟုတ်တယ်မလား..."
သူ့မျက်နှာက ဖြူဖျော့နေပြီး စက္ကူတစ်ရွက်နှယ်ဖြစ်နေသော်လည်း ရုပ်ဆိုးဆိုးအပြုံးတစ်ခုကို အတင်းအကြပ်ပြုံးပြရင်း သူမ၏မေးခွန်းကို ဖြေလိုက်သည်။
ယောင်စစ် သူမနှလုံးသားပင် စူးအောင့်သွားသည်ဟု ခံစားလိုက်ရသည်။ သူမ စကားပြောခါနီးတွင် နောက်ထပ် အော်မြည်သံများကြားလိုက်ရပြီး တဖြေးဖြေးနီးကပ်လာသည်ကိုပင် ကြားလိုက်ရသည်။
ယီးလိုပဲ ဒီကူးစက်ခံထားရတဲ့ သောက်ကြွက်တွေက ဘယ်လောက်တောင်ရှိတာလဲ... ဒါကြောင့် လူတွေမရှိတော့တာနေမှာ...
လူတိုင်း၏ မျက်နှာ ဖြူဖျော့သွားသည်။
"မြန်မြန်လေး တံခါးပိတ်လိုက်..."
ယောင်စစ် တံခါးရှေ့တွင် လေးလံလှသောစက်များကို ရွှေ့ပြီး ပြဿနာကို ယာယီဖြေရှင်းလိုက်သည်။
"အသုံးမဝင်ဘူး..."
ချွီဇယ် သူမကို ဆုပ်ကိုင်လိုက်သည်။
"ကျွန်တွောရဲ့ အစွမ်းကိုသုံးပြီး သခင်မလေးတို့ကို အပြင်ပို့ပေးမယ်..."
သူ သူ၏အစွမ်းကို အသက်သွင်းကာ အာကာသတံခါးပေါက် တစ်ခုကိုဖွင့်လိုက်ပြီး သူမနှင့် ပိုင်ရိက အထဲတွန်းထည့်လိုက်သည်။
"သခင်မလေး..."
သူမ သူ့လက်ပေါ်ရှိ ကွန်ပျူတာလက်ပတ်ကို ချွတ်ကာ သူမလက်ထဲ ပစ်ထည့်ပေးလိုက်သည်။
"ကျွန်တော် ဒီသုတေသနအခြေစိုက်စခန်းထဲက သတင်းအချက်အလက်တွေအကုန်လုံးကို ဒီထဲကူးပြီးသွားပြီး... ဒါကို အနီရောင်ဂြိုလ်ပေါ်ယူသွားပြီး အရှင်မင်းကြီးကိုပေးလိုက်ပါ... ကျေးဇူးပြုပြီး အရှင်မင်းကြီးတစ်ယောက်တည်းကိုပဲ ပေးပေးပါ..."
"နင်ဘာကို ဆိုလိုတာလဲ..."
ယောင်စစ် သူ့ကို မျက်လုံးပြူး၍ စိုက်ကြည့်လိုက်သည်။
"အပြင်ရောက်သွားရင် အနောက်ဘက်ကို ဦးတည်သွားလိုက်... ကျွန်တော့်ရဲ့ ကွန်ပျူတာလက်ပတ်က သခင်မလေးတို့ကို ဒီအတားအဆီးကြီးကနေ အပြင်ထုတ်ပေးလိမ့်မယ်... မြန်မြန်သွားကြ ကျွန်တော် ကြွက်တွေကို တားလိုက်မယ်..."
"ရူးနေလား..."
ယောင်စစ် ဒေါသထွက်သွားသည်။
"နင်ကရော..."
နင် အာကာသတံခါးပေါက်ဖွင့်နိုင်မှတော့ ဘာလို့ငါတို့နဲ့မလိုက်ခဲ့တာလဲ...
"ကျွန်တော် ကူးစက်ခံလိုက်ရပြီဆိုတော့ အကြာကြီးမနေရလောက်တော့ဘူး.. ပြီးတော့ ကျွန်တော်တို့ သုတေသနအခြေစိုက်စခန်းကနေ ထွက်သွားလို့မရဘူး..."
သူ ပြုံးလိုက်သော်လည်း သာမန်လို ပြီတီတီအပြုံးကြီးမဟုတ်တော့ပေ။ ဤအပြုံးလေးက ရိုးသားလေသည်။
"ကျွန်တော် သခင်မလေးကို ဒီလိုအန္တရာယ်များတဲ့အခြေအနေထဲ ဆွဲထည့်မိလိုက်တာ... တောင်းပန်ပါတယ်..."
"နေစမ်းပါဦး ချွီဇယ်..."
ငါအခု ဘယ်သူနဲ့ စကားပြောနေတာလဲ... နင်နဲ့ကို မတူပါဘူး.... နင့်ကိုယ်နင် ပြန်အဖတ်ဆယ်နေရင်တောင် ဒီနည်းကို မသုံးသင့်ဘူးလေ...
"အတိအကျပြောစမ်းပါ ဘာတွေဖြစ်နေတာလဲ..."
"ကျွန်တော် ဒီကိစ္စကို ရှင်းပြနိုင်မယ် မထင်တော့ပါဘူး.. ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပါ..."
သူရုတ်တရက်ကြီး သူမပခုံးကို ဆုပ်ကိုင်လိုက်သည်။
"သခင်မလေး ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ်ကာကွယ်ပါ... ပြီးတော့ အရှင်မင်းကြီးကလွဲလို့ ဘယ်သူ့ကိုမှ မယုံပါနဲ့..."
"ငါပြောတာနားထောင်..."
ဗိုင်းရပ်စ်က ကုလို့ရနေပြီ...
သူမ စကားမဆုံးမီ သူ သူမကိုလွှတ်ပေးပြီး အားနှင့်တွန်းလိုက်သည်။ သူမ အခြေနေကို သဘောမပေါက်လိုက်သေးမီ ကမ္ဘာကြီးက နက်မှောင်သွားသည်။ ခဏအကြာတွင် သူမ မြက်ခင်းပြင်ကြီးထဲ ပြန်ရောက်နေသည်။
ဖက်ခ်... ငါပြောတာလေးဆုံးအောင် နားထောင်ပါဦးလား...
(╯‵□′)╯︵┻━┻
"သခင်မလေး..."
ပိုင်ရိ အာကသတွင်းပေါက်ကို ကြည့်လိုက်သည်။
"အကြီးအကဲဘယ်မှာလဲ..."
ယောင်စစ် သူမခန္ဓာကိုယ်ထဲ မီးတောက်လောင်နေသလို ခံစားလိုက်ရသည်။
"ငါ့ကို အချိန်ခဏပေး..."
သူမ သူ့ကိုမေးလိုက်သည်။
သူမ မတ်တတ်ရပ်လိုက်ကာ သူမကိုယ်တွင်းမှ စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။
နင်တစ်ယောက်တည်း အာကာသစွမ်းအင်သုံးလို့ရတယ်ထင်တာလား... ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးကို ကယ်တင်ပြီး လူတိုင်း သူရဲကောင်းဖြစ်နိုင်တယ် ထင်တာလား...