အပိုင်း ၁၁၇
Viewers 18k

Chapter 117

လျှို့ဝှက်နယ်မြေ


ယောင်စစ် ကစားသူများအားလုံးကို ချွီဇယ်ကို အဘယ့်ကြောင့်  ထွက်ပြေးနေတဲ့ချွီဟု ခေါ်ရကြောင်းကို သိသွားခဲ့သည်။ ကစားသူများအားလုံး ချွီဇယ့်ကိုမြင်သည်နှင့် ပထမဆုံးတုံ့ပြန်ချက်က လက်နက်ကိုဆွဲထုတ်၍ လိုက်ခုတ်ရန်သာဖြစ်ပြီး ချွီဇယ်ကတော့ ၎င်းတို့၏တိုက်ခိုက်မှုကိုရှောင်ရှားရင်း သွေးရူးသွေးတန်းပြေးရန်သာဖြစ်သည်။ သို့သော် သူမ သူတို့၏အမုန်းတရားများကို နားမလည်သဖြင့် "ထွက်ပြေးနေတဲ့ချွီကိုသတ်ပစ်မယ့်အဖွဲ့"ဟူသော အဖွဲ့ကိုကြည့်ခြင်းဖြင့် မည်မျှမုန်းနေကြကြောင်း ခန့်မှန်းနိုင်ပေသည်။


ယောင်စစ် မူလက လက်တုံ့ပြန်ရန် ကြံရွယ်လိုက်သော်လည်း သူမ၏ တိုက်ခိုက်နိုင်စွမ်းနှင့် လာရောက်တိုက်ခိုက်သူ အယောက်တစ်သန်းလောက်ကို မယှဉ်နိုင်၍ လက်လျော့လိုက်ရသည်။


ပထမဆုံးအကြိမ် တိုက်ခိုက်မှုတစ်ရာလောက်ကို ရှောင်ရှားပြီးချိန်တွင် သူမ၏သွေးစုပ်ဖုတ်ကောင်အစွမ်းက အားနည်းသွားကာ မြေပြင်ပေါ်သို့ ပင်ပန်းနွယ်နယ်သွာ လဲကျသွားသည်။

ဒီလောက်ဒေါသထွက်အောင် ချွီဇယ်တစ်ကောင် ဘာများလုပ်ခဲ့ပါလိမ့်...


"ငါတို့က NPC တွေမဟုတ်ဘူးလား... အနားယူတဲ့မုဒ်ရှိသင့်တယ် မဟုတ်ဘူးလား..."

သူတို့က အခုဂိမ်းထဲမှာလေ NPC တွေကို မမောတမ်းလိုက်ဖမ်းနေရတာ တကယ်ကြီးရော အဆင်ပြေရဲ့လား...


ချွီဇယ်က မောပန်းလွန်း၍ ပြန်ပင်မဖြေနိုင်တော့ပေ။ ၎င်းအစား ပိုင်ရိကသာ ပြန်ဖြေပေးလိုကိသည်။

"သခင်မလေး... ဒါက လက်တွေ့ဘဝဂိမ်းတစ်ခုပါ... ပရိုဂရမ်တစ်ခုရှိတယ်ဆိုပေမဲ့ အသိစိတ်ဝက်ဘ်နဲ့လုံးဝမတူဘူးလေ... ပြန်လည်ရှင်သန်ခွင့်မရှိသလို NPC တွေမှာလည်း အဲ့လိုတွေထည့်ထားတယ်..."


"သဘောက ငါတို့သေသွားရင် တကယ်သေသွားမှာလား..."


"ဟုတ်ပါတယ်..."


ယီးပဲဟေ့... အရာရာတိုင်းက အစစ်တွေဆို ဘာလို့ ဂိမ်းလို့ခေါ်နေသေးလဲ... သူမ တစ်ယောက်ယောက်ကို မျက်ခွက်ပိတ်ထိုးချင်လာပြီနော်...


အသက်ပြင်းပြင်းရှူလိုက်ပြီး အသက်ငင်နေသည့်ခွေးတစ်ကောင်နှယ် ဟောဟဲလိုက်နေသော ချွီဇယ်ကို တည်တည်ငြိမ်ငြိမ်ကြည့်လိုက်သည်။

"ပြောစမ်း နင်ပဲငါ့ကို ဒီကိုပြန်ပေးဆွဲလာတာမလား... ငါ့ကို လက်စားချေဖို့ရော ဂိမ်းထဲမှာ အတွေ့အကြုံယူခိုင်းဖို့ရော မဟုတ်ဘူးမလား..."


၎င်းက သူ၏ဉာဏ်ရည်ဖြင့်ဆို လုံးဝမဖြစ်နိုင်ပေ။ သူမတွင် မူရွှမ်ဟူသော ထောက်ပံ့သူကြီးရှိနေ၍ သူမကို လက်စားချေခြင်းမှာ အဓိပ္ပါယ်ပင်မရှိချေ။


"အာ... သခင်မလေး... ကျွန်တော့်ရဲ့ ရိုးသားကြိုးစားတဲ့နှလုံးသားလေးကို သံသယမဝင်ပါနဲ့လားဗျာ.."

ချွီဇယ် သူမကို ပြုံးဖြီးနေသော မျက်နှာပေးဖြင့် လှည့်ကြည့်လိုက်သည်။ 

"ကျွန်တော် သခင်မလေးကို တကယ်လွမ်းတာပါ..."


ယောင်စစ် သူ့ကိုထိုးရန်ပြင်လိုက်သည်။


"ကောင်းပါပြီ.."

သူ့စကားကို အလျှင်အမြန်ပြောင်းလဲကာ မသိစိတ်အရ မျက်နှာကို အုပ်ထားလိုက်သည်။

"ကျွန်တော်က သခင်မလေးကို ကိစ္စအသေးလေးတစ်ခု အကူအညီတောင်းချင်လို့ပါ..."


"နင်က ငါ့အကူအညီကိုလိုချင်တာ..."

ယောင်စစ် ကြောင်အသွားသည်။

ငါတို့အဲ့လောက်ရင်းနှီးလို့လား...


"ဒီလိုပါပဲ..."

ချွီဇယ် ချောင်းဟန့်လိုက်ပြီး သူ၏ပြုံးစိစိမျက်နှာပေးကို လေးနက်သော မျက်နှာပေးအဖြစ် ပြောင်းလိုက်သည်။

"ကျွန်တော် လွန်ခဲ့တဲ့နှစ်နှစ်လုံးကို သုခညွတ်ကွင်းမြေပုံနဲ့ ဂိမ်းNPC အပါအဝင် ကစားသမားတွေနေရာကနေပါ အတွေ့အကြုံရခဲ့တယ်..."


သူတစ်စုံတစ်ခုကိုတွေးလိုက်မိပုံပေါ်ပြီး သူ၏အတွေးများကို ဖုံးကွယ်ရန် ချောင်းဆိုးလိုက်သည်။

ဟမ့် သူဘယ်လိုလုပ်ပြီး ကစားသမားတစ်ယောက်နေရာကနေ အတွေ့အကြုံယူလဲဆိုတာ တွေးကြည့်မိသားပါ....


"မကြာသေးခင်က ကျွန်တော် ဒီဂြိုလ်ပေါ်က လျှို့ဝှက်နယ်မြေတစ်ခုကို တွေ့ခဲ့ရတယ်... အဲ့ထဲမှာ အခုဒီမှာရှိတဲ့ ဝှက်ထားတဲ့ ပရိုဂရမ်ကို ပြန်လည်သတ်မှတ်နိုင်မယ့် ဖော်မြူလာတစ်ခုရှိနေတယ်.... သခင်မလေးသတိမထားမိလောက်ပေမဲ့ ကျွန်တော် လျှောက်ပြေးနေရင်း ဒီဂြိုလ်ပေါ်မှာ ပြဿနာအချို့ကိုတွေ့ခဲ့ရတယ်... ကျွန်တော့် ပရိုဂရမ်ပြန်သတ်မှတ်ဖို့ လုပ်လို့ရတဲ့တစ်ခုတည်းသောနည်းလမ်းက  အတော်လေးအရေးကြီးတယ်... အဲ့ဒီ့ဖော်မြူလာနဲ့ဆိုရင် ကျွန်တော် နောက်ထပ် ပြေးနေတဲ့ချွီလို့ အခေါ်ခံရတော့မှာမဟုတ်ဘူး..."


"နင်ပြောချင်တာ.. "

ယောင်စစ် နှုတ်ခမ်းများပင် တွန့်လိမ်သွားသည်။

"ငါ့ကို ပထမကျောင်းတော်ကနေ ဒီကိုခေါ်လာတာ နင်ပြောတဲ့ ဖော်မြူလာကိုရအောင် ကူညီပေးဖို့လား..."


"ဟုတ်ပါ့ သခင်မလေးက သိပ်ကို ဉာဏ်ကောင်းတာပဲ..."

သူ ဝမ်းသာအားရ လက်မထောင်ပြသည်။


"သွားစမ်း..."

အဲ့တာကို ယုံရအောင် ငါကအရူးလား...


"အဆုံးမှာတော့ နင်က မျိုးဆက် ဆယ့်သုံးဆက်မြောက်က သွေးစုပ်ဖုတ်ကောင်လေ... ဂိမ်းထဲက ဒီလောက်ရိုးရှင်တဲ့ ဖော်မြူလာလေးကို မကိုင်တွယ်နိုင်ပဲ နေမတဲ့လား... အဲ့ဒီ့အပြင် အခြားသူတွေရှာလို့ရရဲ့သားနဲ့ ဒီနေရာနဲ့ အရမ်းဝေးတဲ့နေရာကြီးကနေ ဘာကိစ္စငါ့ကိုခေါ်ရတာလဲ..."


"ကျွန်တော် အဲ့ဒီ့နေရာထဲကို မဝင်နိုင်လို့ ရွေးချယ်စရာမရှိတော့လို့ပါ..."

ချွီဇယ် အနည်းငယ် ခါးသီးသွားသလို ခံစားလိုက်ရသည့်ပုံပင်။

"အဲ့ဒီ့ လျှို့ဝှက်နယ်မြေရဲ့ ပတ်ပတ်လည်ကို ထူးခြားတဲ့ စိတ်စွမ်းအင်အစီအရင်နဲ့ လွှမ်းခြုံထားတာ.. ကျွန်တော် တစ်ခါက ကစားသမားတွေကို ပရိုဂရမ်မစ်ရှင် အနေနဲ့ ကြေငြာလိုက်သေးတယ် အဲ့ဒီ့အပြင် NPC တွေကိုတောင် ကြိုးစားခိုင်းကြည့်ပေမဲ့ တစ်ယောက်မှ မအောင်မြင်ခဲ့ကြဘူး... ကျွန်တော်လည်း အဲ့ဒီ့နယ်မြေကို ဘယ်လိုကိုင်တွယ်ရမလဲ မသိတော့ပါဘူးဗျာ...."


သူ သူမကိုမျက်လုံးတောက်တောက်လေးများဖြင့် ကြည့်လာသည်။

"ကျွန်တော်တို့မျိုးနွယ်ထဲမှာ စိတ်ခွန်အား အမြင့်ဆုံးက အသက်အကြီးဆုံးနှစ်ယောက်ပဲလေ... ကျွန်တော့်ထက်စိတ်ခွန်အား မြင့်တဲ့ သွေးစုပ်ဖုတ်ကောင်တွေက အများကြီးမှ မရှိတာ... ဒီတော့ ကျွန်တော့်စိတ်ထဲ ပထမဆုံးမြင်မိတဲ့လူက သခင်မလေးပဲပေါ့..."


သူက ဆယ့်သုံးဆက်မြောက်မျိုးဆက်ထဲက သွေးစုပ်ဖုတ်ကောင်တစ်ယောက်ဆိုပေမဲ့ သူ့ထက်မျိုးဆက်မြင့်တဲ့သူတွေက သူမနဲ့ မူရွှမ်ပဲရှိတာ... သူ မူရွှမ့်ကို မချဉ်းကပ်ရဲတာနဲ့ သူမကိုခေါ်လိုက်တာပေါ့လေ...


"ဟီးဟီး..."

ယောင်စစ် သူ့ကို အပြုံးလေးနှင့်ကြည့်လိုက်သည်။

"မသွားဘူး..."


"သခင်မလေး..."

သူ သူ၏လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ သူမကိုမျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လာသည်။

"ကျေးဇူးပြုပြီးတော့ တောင်းဆိုပါတယ်... သခင်မလေးက အဲ့ဒီ့မြေပုံထဲဝင်သွားရုံပါပဲ ကျွန်တော် သခင်မလေးကို အနီရောင်ဂြိုလ်ပေါ် ပြန်ပို့ပေးမယ်လို့ ကတိပေးပါတယ်..."


"အနီရောင်ဂြိုလ်ပေါ် ပြန်ပို့ပေးမယ်..."

ယောင်စစ် မျက်လုံးသာလှန်မိလိုက်သည်။

"နင် ခုဏလေးတင် ဝန်ဆောင်မှုဝန်ထမ်းကို ဆက်သွယ်ဖို့ အချိန်တစ်လ လိုတယ်ဆို..."


"ဟုတ်တယ်လေ အဲ့တာက ပုံမှန်လုပ်ထုံးလုပ်နည်းပဲ..."


"နင့်မှာ ဖြေရှင်းဖို့နည်း ရှိတယ်လား..."


"ဒါပေါ့... ကျွန်တော် ဒီရောက်တာ နှစ်အနည်းငယ်လောက်ရှိပြီဆိုတော့ အတွေ့အကြုံရှိတယ်လေ..."


"ဟမ့် ငါနင့်ကို ယုံမယ်များထင်နေလား..."

အကြိမ်ပေါင်းများစွာ လှည့်စားခံရပြီးနောက်တွင် သူမ သူ့အစား သရဲများကိုသာ ပိုမိုယုံကြည်လေသည်။


"ကျွန်တော် သွေးစုပ်ဖုတ်ကောင်ဘိုးဘေးကို တိုင်တည်ပါတယ်..."

ချွီဇယ် ကျောမတ်လိုက်ကာ သူ၏ညာဘက်လက်ကို နှလုံးရှိရာထံ အုပ်ကိုင်လိုက်သည်။ ယောင်စစ် သူ့ထံမှ တစ်ခုမှ မကြားခဲ့ဖူးသော တည်ကြည်လေးနက်သည့်အသံဖြင့် သစ္စာဆိုလာသည်။

"ငါ ချွီဇယ် ငါ့အသက်ကိုဆုံးရရင်တောင် ဘာကိုပဲပေးဆပ်ရပါစေ သခင်မလေးကို ကာကွယ်ပေးပါ့မယ်..."


ယောင်စစ် မယုံကြည်နိုင်ဖြစ်သွားသည်။ သူမ စကားထပ်ပြောပြီး ငြင်းရန်ပြင်လိုက်သော်လည်း ပိုင်ရိ ချွီဇယ်ကို ထိတ်လန့်နေသော ပုံဖြင့် ကြည့်နေသည်ကို သတိထားမိသွားသည်။


တစ်ခုခုမှားနေလို့လား...


"နင် သူ့ကို တကယ်ယုံနေတာလား..."

ယောင်စစ် မေးလိုက်သည်။


"ဒါပေမဲ့ သခင်မလေး သူက သွေးသစ္စာကျိန်ဆိုခဲ့တယ်လေ..."


သွေးသစ္စာ အဲ့တာဘာကြီးလဲ...


"သခင်မလေး..."

ပိုင်ရိ ထိုအကြောင်းကို ဒုက္ခရောက်နေဟန်ဖြင့် ဂရုတစိုက်ရှင်းပြလိုက်သည်။

"သွေးစုပ်ဖုတ်ကောင်တွေရဲ့ ဘိုးဘေးအပေါ်  တိုင်တည်ပြီး ကျိန်ဆိုတဲ့ သွေးသစ္စာက ဘယ်သောအခါမှ ဖောက်ဖျက်ခွင့်မရှိဘူး..."


ကျိန်ဆိုမှုလေးတစ်ခုပဲလေ... အဲ့လောက် အလေးအနက်ဖြစ်နေစရာ လိုလို့လား... သွေးစုပ်ဖုတ်ကောင်တွေ ဒီလောက် အယူသည်းကြောင်း သူမ မသိခဲ့ပါလားနော်...


ယောင်စစ် ထိုကဲ့သို့သော ကျိန်ဆိုမှုမျိုးကို မယုံကြည်ပေ။ အထူးသဖြင့် ချွီဇယ်၏ ပါးစပ်မှထွက်လာခြင်းဆိုပါက ပိုမယုံကြည်ပေ။


"သခင်မလေး လျှို့ဝှက်မြေပုံက ဒီမှာပါ..."

သူမ၏ တုံ့ဆိုင်းနေမှုကို သတိထားမိဟန်ဖြင့် ချွီဇယ် ခပ်မြန်မြန်ဆက်ပြောလာသည်။

"သဘောက ကျွန်တော်တို့ မြေပုံထဲဝင်လိုက်တာနဲ့ ကျွန်တော်တို့ဘာသာ NPC ဖြစ်ဖြစ် ကစားသမားဖြစ်ဖြစ် အပြင်ဘက်ကဘယ်သူမှ ကျွန်တော်တို့ကို မရှာနိုင်ဘူး..."


ယောင်စစ် မျက်မှောင်ကြုတ်လိုက်ပြီး ရန်လိုနေသောသူတစ်အုပ်ကြီးက သူမတို့ကို လိုက်လံတိုက်ခိုက်နေဟန်ကို မြင်ယောင်ကြည့်လိုက်သည်။ လျှို့ဝှက်မြေပုံထဲကို ဝင်လိုက်သည်မှာ မဆိုးလှသော အကြံဖြစ်သည်။ ထို့အပြင် ၎င်းက ဂြိုလ်တစ်ခုလုံးအပြည့် ရန်သူများထံမှ လိုက်ဖမ်းခံရခြင်းထက် ပိုကောင်းပေသည်။


အဆုံးတွင် သူမသနားလာမိပြီး လျှို့ဝှက်နယ်မြေသို့သွားရန် သဘောတူလိုက်သည်။ သူမ အရင်ဆုံးတစ်ချက်လောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ ချွီဇယ်၏ အကြံပြုချက်နှင့်ပတ်သတ်၍ သူမတွင် တွေးထားပြီးသားရှိလေသည်။


"ကောင်းလိုက်တာ ... လာခဲ့ လာခဲ့ သခင်မလေး ဒီကိုလာခဲ့... အရင်ဆုံး ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ပြင်ဆင်ကြရမယ်... လျှို့ဝှက်နယ်မြေက အတော်လေးဝေးတော့ လမ်းမှာ ဘော့စ်အသေးစားလေး နည်းနည်းလောက်နဲ့ ရင်ဆိုင်ရဦးမှာ..."

ချွီဇယ် ခပ်ပြုံးပြုံးဖြင့် သူ၏သိုလှောင်အိတ်ထဲမှ ခုခံကာကွယ်နိုင်ရန် လက်နက်များထုတ်လိုက်ပြီး သူမကို အပြာရောင်ဓားတစ်ချောင်း ပစ်ပေးလိုက်သည်။


ယောင်စစ် ဓားကိုကြည့်လိုက်သောအခါ ဓားပေါ်တွင် 'ကောင်းကင်ဘုံ အင်ပါရီယာဓား' ဟူသော စာတန်းတစ်ခုပါပြီး ဒိတ်လေးပင်တပ်ထားသေးသည်။


"..."

သူမရုတ်တရက်ကြီး ဓား၏ ဇစ်မြစ်အပေါ် စိတ်မဝင်စားမိတော့ပေ။



ချွီဇယ်ပြောသည်က မှန်ပေသည်။ လျှို့ဝှက်နယ်မြေက အတော်လေး ဝေးပေသည်။ ပို့ဆောင်ရေး အစီအရင်များစွာနှင့် ကစားသများအုပ်စုများစွာကို ဖြတ်ကျော်ပြီးနောက်တွင်မှ လူသူကင်းမဲ့သော တောတစ်ခုထဲသို့ ရောက်ရှိသွားကြသည်။


ချွီဇယ်၏ ပစ္စည်းကိရိယာများဖြင့် အရင်ကကဲ့သို့ ပြေးလွှားရှောင်ရှားရာတွင် ပင်ပန်းလွန်း၍ အသက်ထွက်လုမတတ်မဖြစ်တော့ပေ။


"ကျွန်တော်တို့ရောက်ပြီ..."

ချွီဇယ် သူ့လက်ထဲရှိ မြေပုံကို ငုံ့ကြည့်လိုက်သည်။

"ကျွန်တော် အရင်တစ်ခေါက်က အမှတ်အသားလုပ်ထားတဲ့ လျှို့ဝှက်နယ်မြေက ကျွန်တော်တို့ ရှေ့မှာပဲ..."


ယောင်စစ် တောထဲကိုကြည့်လိုက်သည်။ သူမတို့ရှေ့တွင် ကြီးမားလှသော အစိမ်းရောင်အဆောက်အဦးကြီးရှိပြီး သုံးထပ်သို့မဟုတ် လေးထပ်စာလောက်သာမြင့်သည်။ တောထဲတွင် ပုန်းကွယ်နေသည်မှာ ၎င်းက တော၏ အစိတ်အပိုင်းတစ်ခုအလားပင် ထင်ရသည်။


၎င်း၏ ဘေးဘက်များတွင် အိုဟောင်းနေသော တိုင်များစွာဖြင့် ကာရံထားသည်။ ၎င်းတို့နောက်တွင် အနီ၊ အဖြူနှင့် ခရမ်းရောင်ပန်းများ ပွင့်နေကြသည်။ ထိုပန်းများက တစ်စုံတစ်ယောက်၏ အားထုတ်မှုကြောင့် အစွမ်းကုန် ဖူးပွင့်နေကြသည်။


ယောင်စစ် ရှေ့သို့ ဆက်သွားရန် လုပ်လိုက်ချိန်တွင် ပိုင်ရိက ရှေ့သို့ဆက်သွားလိုက်ပြီး တိုင်လုံးဆီ တည့်တည့်သွားနေသည်။


"နင်ဘာလုပ်နေတာလဲ..."

ယောင်စစ် သူ့ကို အမြန်ဆွဲထားလိုက်သော်လည်း သူမပြောလိုက်ချိန်တွင် ချွီဇယ်က တိုင်လုံးတစ်ခုဆီ သွားနေပြီဖြစ်သည်။ ထို့နောက် ဒုန်းကနဲမြည်သံဖြင့် ထိုတိုင်ကိုတိုက်မိ၍ နောက်ပြန်ဆုတ်သွားခဲ့သည်။


"နင်တို့ကန်းနေကြတာလား..."

ယောင်စစ် သရော်လိုက်သည်။

"ရှေ့မှာ တိုင်လုံးကြီးမြင်ရဲ့သားနဲ့ ဘာလို့ တည့်တည့်ကြီး ဝင်တိုးနေကြတာလဲ..."


"တိုင်... ဘာတိုင်လဲ.."

ပိုင်ရိ သူမကို ကြောင်တောင်တောင်လေးကြည့်လိုက်သည်။


"ငါတို့ရှေ့မှာ တိုင်တွေအတန်းလိုက်ရှိနေတာကြီးကို..."

ယောင်စစ် ရပ်သွားကာ မျက်လုံးများ ပြူးကျယ်လာသည်။

"နင်တို့ မမြင်ကြဘူးလား..."


ပိုင်ရိ စိတ်ရှုပ်ထွေးစွာကြည့်နေသော်လည်း ချွီဇယ်က သူ့ခေါင်းပေါ်ရှိ ဘုကြီးကိုပင် မေ့ထားပြီး စိတ်လှုပ်တရှားဖြင့် သူမဘေးရောက်လာသည်။

"ဒီနေရာက စိတ်စွမ်းအင် အတားအဆီးက သခင်မလေးအပေါ် တကယ်မသက်ရောက်ဘူးပဲ..."

သူ သူမလက်ကို စိတ်လှုပ်တရှားဖြင့် အုပ်ကိုင်လိုက်သည်။

"သခင်မလေး ဘာတွေမြင်လဲဟင်..."


"တိုင်တစ်လုံး အိမ်တစ်အိမ်..."

ယောင်စစ် သူတို့ရှေ့ကို လက်ညှိုးညွှန်လိုက်သည်။

"နင်တို့တကယ် မြင်ရတာလား..."

သူတို့ ရှေ့တည့်တည့်ကြီးမှာလေ...


"ကျွန်တော်ကတော့ သစ်ပင်တစ်ပင်ပဲမြင်ရတယ်..."

ပိုင်ရိ ပြန်ဖြေလိုက်သည်။


"သခင်မလေး မြင်နိုင်တော့ ပိုလွယ်သွားပြီပေါ့... အဲ့တာက သခင်မလေးရဲ့ စိတ်ခွန်အားက ဒီအစီအရင်ကိုလုပ်ခဲ့တဲ့လူထက် မြင့်တယ်ဆိုတဲ့ သဘောပဲ အဲ့တာကြောင့် ပုံရိပ်ယောင်က သက်ရောက်မှုမရှိတာ..."

ချွီဇယ် မျက်မှောင်ကြုတ်လိုက်သည်။

"သခင်မလေးရဲ့ စိတ်ခွန်အားကို အပြင်ထုတ်လို့ရမလားဗျာ..."


"အာ..."

ယောင်စစ် တောင့်ခဲသွားကာ နိုင်ငံ့ရတနာလေးများကို ပြန်သတိရမိသွားသည်။

သူမ မရဘူးလို့ပြောလို့ရမလား..."


"သခင်မလေး... သခင်မလေးရဲ့ စိတ်ခွန်အားကို ကျွန်တော်တို့သယ်လို့ရလောက်တဲ့ မြင်သာတဲ့ပုံစံလေးတစ်ခုလုပ်ပေးလို့ ရမလားဟင်... ဒါဆိုရင် ကျွန်တော်တို့ ကောင်းကောင်မြင်ရလိမ့်မယ်..."


"သေချာရဲ့လား..."


"ကျေးဇူးပြုပြီးတော့ သခင်မလေး.."

သူခေါင်းငြိမ့်ပြလိုက်ပြီး ပိုင်ရိကလည်း သူမကို မျော်လင့်နေသော အကြည့်များဖြင့် ကြည့်နေသည်။


ယောင်စစ် ဆွံ့အသွားသည်။ သူမနှုတ်ခမ်းကိုကိုက်လိုက်ကာ စိတ်ခွန်အားကို ဖြန့်ကျက်လိုက်ပြီး မာကျောက်ကြွေပြားများပုံစံ ထိတွေ့နိုင်သော အရာဝတ္ထုများအဖြစ် ဖွဲ့တည်လိုက်ပြီး ၎င်းတို့၏ လက်ထဲ ထည့်ပေးလိုက်သည်။


ဝါးနှစ်ပင်နဲ့ အစက်နှစ်စက်... အမ်း သူတို့နဲ့ အတော်လေးလိုက်တာပဲ...


"ဒါလာကြီးလဲ..."

ပိုင်ရိ ဆာလောင်နေသော မျက်လုံးများဖြင့် ဘီစကွတ်လေးကို ကြည့်လိုက်သည်။


"အဟွတ်... အဲ့တာ အပြာရောင်ဂြိုလ်ပေါ်က တရုတ်ရိုးရာရတနာ တစ်ခုပဲ..."

ယောင်စစ် သူမ၏ အဓိပ္ပါယ်မရှိသော ပေါက်ကရအဖြေကို လေးလေးနက်နက်ကြီး ဖြေပေးလိုက်သည်။ ရှင်းလင်းစွာဖြင့် သူမရှေ့က ကလေးက ပြတိုက်များသွားရန် စိတ်မဝင်စားသည့်သူဖြစ်နေသည်။

"နင်တို့လေ မျိုးဆက်သစ်လေးတွေ မသိတာ ပုံမှန်ပါပဲ..."


"အိုး..."

ပိုင်ရိ ခေါင်းငြိမ့်လိုက်ကာ မျက်လုံးတောက်တောက်လေးများဖြင့် ထိုကြွေပြားလေးကို စိတ်လှုပ်ရှားနေသည့် အမူအယာဖြင့် တင်းတင်းကိုင်ထားသည်။ သူမပြောသည်ကို နားမလည်သောလည်း သူကိုင်ထားသည့်အရာမှာ ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။


မျိုးမစစ်ကောင် ချွီဇယ်ပင် သူ့လက်ထဲရှိ ဘီစကွတ်လေးကို သိချင်စိတ်အပြည့်ဖြစ်နေသော အကြည့်များဖြင့် ပြန်ကာလန်ကာကြည့်နေသည်။


ကောင်းလိုက်တာ... လှလိုက်တဲ့ အလိမ်အညာလေးပဲ...


╮(╯▽╰)╭


ယောင်စစ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


သူမ၏ စိတ်ခွန်အား၏ ကူညီမှုဖြင့် ပိုင်ရိနှင့် ချွီဇယ်တို့ သူတို့ရှေ့ရှိ သုံးထပ်တိုက်ကို မြင်လိုက်ရသည်။ သူတို့အချင်းချင်း အကြည့်ချင်းဖလှယ်၍ ရှေ့သို့ ဂရုတစိုက်သွားလိုက်ရသည်။


၎င်းက အလွန်လှသော နေရာလေးဖြစ်သည်။ ပန်းများက ဤနေရာတစ်ဝှိုက်ကို မွှေးကြိုင်လှသော ရနံ့လေးများဖြင့် ဖုံးလွှမ်းပေးထားသည်။ နှင်းဆီ၊ လီလီ၊ လာဗင်ဒါနှင့် အခြားသော ပန်းမျိုးပေါင်းစုံလင်စွာရှိနေသည်။ ၎င်းက ကိုယ်ပိုင် ဥယျာဉ်လေးနှင့် တူနေသည်။


ဤနေရာရှုခင်းလေးက အလွန်လှပသော်လည်း ယောင်စစ်ကို မရှင်းပြနိုင်သည့် ဆိုးရွားသော ခံစားချက်ကို ပေးစွမ်းနေသည်။


"အရမ်းတိတ်ဆိတ်နေတယ်လို့ မထင်ကြဘူးလား..."

သူမ မနေနိုင်ဘဲ မေးလိုက်ရသည်။ အိမ်ကြီးတစ်လုံးနှင့် လှပသောရှုခင်းတစ်ခုနားတွင် ဘော့စ်ကြီးတစ်ယောက် သို့မဟုတ် NPC တစ်ယောက်ကို တွေ့ရရန် သာမန်အရာတစ်ခုဖြစ်သည်။ သို့သော် ဤတစ်ချိန်လုံးတွင် သူတို့ ဝိဉာဉ်မပြောနှင့် လူသားနှင့် တိရိစ္ဆာန်တစ်ကောင်တစ်မြှီးပင် မမြင်ရပေ။


"ဟိုကိုကြည့်လိုက်..."

ပိုင်ရိ ဆတ်ကနဲအော်လိုက်ပြီး အိမ်အနောက်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။


ယောင်စစ် လှည့်ကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူမိလိုက်သည်။


ဖက်ခ်..