အပိုင်း ၁၁၆
Viewers 16k

Chapter 116 

လူထောင်ချီ ကလဲ့စားချေခြင်း


ယောင်စစ် ချွီဇယ်ကို မကြိုက်ပေ။ ထို့အပြင် ပထမဆုံးတွေ့ချိန်တွင် သူတို့ကို လှည့်စားခဲ့သော လူကို မည်သူက ကြိုက်မည်နည်း။ ထို့အပြင် ယခုအကြိမ်က သူ သူမကိုလှည့်စားသော ဒုတိယအကြိမ်ဖြစ်၍ မည်ကဲ့သို့ ခွင့်လွှတ်ပေးရမည်နည်း။


"သခင်မလေး ကျွန်တော်သခင်မလေးကို ဘယ်လောက်တောင် လွမ်းနေကြောင်းသိမှာ မဟုတ်__ အား... သခင်မလေး ဘာလုပ်တာလဲ... မလုပ်ပါနဲ့ မလုပ်နဲ့ မလုပ်နဲ့လို့... အကြမ်းမဖက်ပဲ စကားပဲပြောကြမယ်လေ.... မျက်နှာကို  မထိုးပါနဲ့ နာတယ် နာတယ် နာပါတယ်ဆို..." 


ယောင်စစ် ချွီဇယ်၏ မျက်နှာကို ပယ်ပယ်နယ်နယ် ထိုးလိုက်သည်မှာ ချွီဇယ်၏ အော်သံက ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။ သူ၏ပြုံးဖြီးနေသော မျက်နှာကြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားမှ ထိုးနေသည်ကို ရပ်လိုက်သည်။


"နင်က အထိုးခံရဖို့ ယားနေမှတော့ နင့်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့..."


"သ..ခင်..မ..လေး....."

ချွီဇယ် သူ၏ ယောင်ကိုင်းနေသော မျက်နှာကို အုပ်ကိုင်ကာ မျက်ရည်များ ဝဲနေသော မျက်လုံးဖြင့် ကြည့်လာသည်။

"သခင်မလေးက လူဆိုးမကြီး... ချီဇယ်လေးနာသွားရပြီ..."


"ပြောရဲရင်နောက်တစ်ခွန်း ထပ်ပြောကြည့်လိုက်စမ်း..."

ယောင်စစ် အံတင်းတင်းကြိတ်ကာ လက်သီးလက်မောင်းတန်း၍ ပြောလိုက်သည်။ ချွီဇယ်ကို နောက်တစ်ကြိမ်ရိုက်နှက်ရလည်း  စိတ်မရှိပေ။


"မဟုတ်ဘူး.. မဟုတ်ဘူး မဟုတ်ပါဘူးဗျာ..."

ချွီဇယ်ခုန်ရှောင်လိုက်ကာ မရှိသည့် မျက်ရည်များကို သုတ်လိုက်သည်။

"အိုင်း... နှစ်တွေဒီလောက်ကြာသွားတော့ သခင်မလေးက ပြောင်းလဲသွားခဲ့ပြီပဲ... အပြစ်ကင်းစင်တဲ့ cutie လေးလုံးဝမဟုတ်တော့ဘူး..."


"လစ်လိုက်တော့..."

သူပြောချင်တာ ငါက လှည့်စားခံရဖို့ ထိုက်တန်တယ်လို့ ပြောချင်တာလား...

"ပြောစမ်း.. ငါတို့ကို ဟိုသုံးယောက်နဲ့ ဘာလို့ ပြန်ပေးဆွဲခိုင်းရတာလဲ..."


"ငါတို့တဲ့လား..."

ချွီဇယ် ပိုင်ရိကို စိတ်ရှုပ်ထွေးဟန် မျက်စိမှေးကြည့်လိုက်သည်။

"အာ.. မေတ္တာလက်ဆောင်လေးပါ ပါလာသေးတာပဲ... မင်းတို့ဝန်ဆောင်မှုက တကယ်မဆိုးဘူး..."

သူ ပြန်ပေးဆွဲသမားသုံးယောက်ကို ကျေနပ်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။


"..." ပြန်ပေးဆွဲသမားများ


"..." မေတ္တာလက်ဆောင်လေး ပိုင်ရိ


"အ...အကြီးအကဲ..."

ပိုင်ရိ အသက်ပြင်းပြင်းရှူကာ ချွီဇယ်ကို သွားနှုတ်ဆက်လိုက်သည်။ ထိုလူက မျိုးဆက်ဟောင်းလူကြီးများကြားတွင် အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းပြီး နာမည်ဆိုးသော အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူ၏ကျော်ကြားမှုကြောင့် သွေးစုပ်ဖုတ်ကောင်များက ၎င်းတို့၏ ဆက်ခံသူလေးများ ပြောစကားနားမထောင်ပါက ဤသို့ပင်ပြော၍ ခြောက်ကြလေသည်။

_မလိမ္မာရင် အကြီးအကဲချွီဇယ်က ပြန်ပေးဆွဲသွားလိမ့်မယ်နော်...


ထို့ကြောင့်ပင် သူက သွေးစုပ်ဖုတ်ကောင်တိုင်း၏ ကလေးဘဝတွင် စိတ်ဒဏ်ရာကြီးဖြစ်နေလေသည်။ ပိုင်ရိက ချွီဇယ်ကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သော်လည်း အနည်းငယ်ကြောက်လန့်နေပြီး မသိစိတ်အရ ယောင်စစ်နောက်တွင် ပုန်းနေမိပေသည်။


သူမ ပိုင်ရိ၏ လှုပ်ရှားမှုသေးသေးလေးကို သတိမပြုမိပဲ ချွီဇယ်ကိုသာ စိမ်းစိမ်းဝါးဝါးကြည့်နေသည်။

"မြန်မြန်ဖြေစမ်းပါ... နင့်ရည်ရွယ်ချက်က ဘာလဲ..."


"သခင်မလေး.. လွန်သွားပြီနော်..."

ချွီဇယ် ဒေါသထွက်ဟန် တည်တည်တင်းတင်းပြောလာသည်။

"ကျွန်တော်ကဖြင့် သခင်မလေးကို အရမ်းလေးစားရတာ ဘယ်လိုလုပ် မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေမှာလဲ... သခင်မလေး နှလုံးသားထဲမှာ ကျွန်တော်က အဲ့လိုလူမျိုးလား..."


"ဟုတ်တယ်လေ..."

ယောင်စစ် မဆိုင်းမတွ ခေါင်းငြိမ့်ပြလိုက်သည်။


ချွီဇယ်၏ နှုတ်ခမ်းများ တွန့်လိမ်သွားကာ တည်တင်းနေသော အမူအယာပင် အက်ကွဲသွားပြီး ကိုးယိုးကားယား ရယ်မောပြလာသည်။

"သခင်မလေး.. အရင်တစ်ခေါက်က မတော်တဆကို မှတ်မိနေတုန်းလား.. အိုင်း... အတိတ်ကို အတိတ်မှာပဲ ထားလိုက်ပါတော့ဗျာ.. ကျွန်တော်ဖြင့် သခင်မလေးကို ဒီတစ်ကြိမ်မှာ ရိုးသားတဲ့ နှလုံးသားလေးနဲ့ လာရှာတာပါ.."


"ရှာတာ..."

ယောင်စစ် မဲ့ပြုံးပြုံးလိုက်သည်။


"အာ... ကျွန်တော် ဒီရောက်နေတာ အတော်ကြာပြီမဟုတ်ဘူးလား.. ကျွန်တော် အတော့်အတော်ကို ပျင်းနေခဲ့တာ အဲ့တာနဲ့ပဲ သခင်မလေးကို တွေးမိသွားခဲ့တယ်လေ... အဲ့တာကြောင့် ဒီသုံးယောက်ကို သခင်မလေးကို သွားခေါ်ခိုင်းလိုက်တာ..."


ယောင်စစ် မဲ့ပြုံးပြုံးရင်းပြောလိုက်သည်။

"နင်ပြောတာနဲ့ ငါက တကယ်ကြီးယုံမယ်ထင်တာလား..."


"ကျွန်တော် အမှန်အတိုင်းပြောတာပါဗျာ... ကျွန်တော် သခင်မလေးကို တကယ်ကြီး လွမ်းနေခဲ့တာ..."


"ငါကတော့ နင့်ကိုတကယ်ကြီး ဆော်ချင်နေခဲ့တာ.."

သူမ လက်သီးတင်းတင်းဆုပ်လိုက်ပြန်သည်။


လူကြီးတစ်ယောက် မှားတာလုပ်ရင် ဘာလုပ်ရမလဲ... လူကြီးတစ်ယောက် အပြုအမူကောင်းတွေမရှိရင် ဘာလုပ်ရမလဲ... သူတို့ကို ကောင်းကောင်းရိုက်ပေးရမယ်....


"မလုပ်ပါနဲ့... မလုပ်ပါနဲ့... ခဏလေးနေပါဦး... သခင်မလေး... မလုပ်နဲ့......"


ထိုအကြမ်းဖက်မှုကြီးကို မျက်ဝါးထင်ထင်မြင်နေရသော ပြန်ပေးဆွဲသမားသုံးယောက်က ကြောက်လွန်း၍ အချင်းချင်းဖက်ပြီး တုန်ရီနေကြသည်။ အသက်ပြင်းပြင်းရှူ၍ တံခါးရှိရာကို မသိမသာ လက်ညှိုးထိုးပြလိုက်သည်။


"ဆရာတို့... အေးအေးဆေးဆေးစကားပြောကြပါ.... ကျွန်တော်တို့ အခုပဲ ထွက်သွားပါတော့မယ်..."

ထို့နောက် ဘာစကားမှဆက်မပြောတော့ပဲ တံခါးဆီပြေး၍ တင်းတင်းပိတ်လိုက်တော့သည်။


ယောင်စစ်၏ နှလုံးသားလေးနစ်မြုပ်သွားကာ ခပ်မြန်မြန်လှည့်ကြည့်လိုက်သည်။ သို့သော် အလွန်နောက်ကျသွားပြီဖြစ်ပြီး ယာဉ်ပျံက လေထဲပင် ရောက်နေပြီဖြစ်သည်။ထို့နောက် စက္ကန့်ပိုင်းအတွင်း သူတို့သုံးယောက်ကို ထားခဲ့ကာ ပျောက်ကွယ်သွားလေသည်။


“…”


ယီးပဲဟေ့...


"အာ... အရမ်းမြန်တာပဲ သူတို့ ငွေစကားတောင်မပြောသွားကြဘူး..."

ချွီဇယ် ယာဉ်ပျံကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

"စေတနာကောင်းလိုက်တဲ့လူတွေ ကောင်းတဲ့ကိစ္စတွေလုပ်ပြီး သူတို့နာမည်လေးတောင် မချန်ထားခဲ့ဘူး ... ဝှစ်ကနဲနေအောင် ပျောက်သွားကြတာပဲ..."


"ချွီ ဇယ်..."

တိုက်ဆိုင်လိုက်ပုံများ... သူက သူမကိုဒေါသထွက်အောင်လိုက် ရိုက်နှက်အောင်လုပ်ပြီး ယာဉ်ပျံကို သူတို့ကို ထားခဲ့အောင် လုပ်လိုက်တယ်တဲ့လား...


ယာဉ်ပျံမရှိရင် သူမဘယ်လိုပြန်ရတော့မလဲ... ဒီသူတောင်းစားက သူမကို အမြဲတမ်းဒုက္ခပေးလွန်းတယ်...


"သခင်မလေး စိတ်မပူပါနဲ့ တကယ်တော့...."

သူ ဆက်မပြောနိုင်မီ လေထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ခပ်ဝေးဝေးတွင် အနက်ရောင်အစက်အပျောက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ သေသေချာချာကြည့်လိုက်သောအခါ ၎င်းက ယာဉ်ပျံတစ်ခုဖြစ်ပြီး သူတို့ဆီ ပျံလာနေခြင်းဖြစ်သည်။


ယောင်စစ် စိတ်ဓာတ်များတက်ကြွလာသည်။

ငါတို့ ယာဉ်ပျံလိုနေတာနဲ့ အတော်ပဲ....


သို့သော် သူမရှေ့သို့ ဆက်သွားလိုက်သောအခါ ပေါက်ကွဲသံများ ထပ်ကြားရပြန်သည်။ အနက်ရောင်အစက်အပျောက်တစ်ခုမှသည် များစွာသော အနက်ရောင်အစက်လေးများအဖြစ် ခွဲထွက်သွားသည်။ တစ်မိနစ်အတွင်း ကောင်းကင်ပေါ်တွင် ပျံသန်းနေသော အရာများစွာဖြင့် ပြည့်နှက်သွားသည်။ ခုဏက ယာဉ်ပျံအသေးစားလေးနှင့်ယှဉ်လျှင် အသစ်ရောက်လာသူများက တိုက်ပွဲအတွက် ပိုမိုပြင်ဆင်ထားဟန်ရှိသည်။


ယောင်စစ် အတိတ်နမိတ်မကောင်းသလို ခံစားလိုက်ရပြီး တစ်စုံတစ်ခု မှားနေသလို ခံစားလိုက်ရသည်။


"ချွီဇယ်... ဒီတစ်ချိန်လုံး နင်ဘာတွေလုပ်နေခဲ့တာလဲ..."

သူမ သူ့ကို စိုက်ကြည့်လိုက်သည်။


"သူတို့က သုခညွတ်ကွင်းက မဟုတ်ဘူး..."

ချွီဇယ် အပြစ်ကင်းဟန်ဖြင့် ပြန်ဖြေပေးလာသည်။

"သုခညွတ်ကွင်းဆိုတာ ဂိမ်းဂြိုလ်တစ်ခုလေ ဒါပေမယ့် ကျွန်တော်တို့က အခုထိ တရားဝင်မဝင်ရောက်ရသေးဘူး... အခုလောလောဆယ် ကြိုဆိုတဲ့ဧရိယာထဲ ရောက်နေတုန်းရှိသေးတယ်..."


"သူတို့က ဘယ်သူတွေလဲ..."


"သူတို့က ဂြိုလ်ပေါ်က ထွက်သွားတဲ့ အရင်က ကစားသမားတွေနေမှာ... ဒီမှာလူတွေအများကြီးမရှိဘူး NPC တစ်ယောက်အနေနဲ့ ဒီလောက်လူတွေအများကြီးကို ပထမဆုံးတွေ့ဖူးတာပဲ... ဒါကြောင့် ကျွန်တော်လည်း ဘာတွေဖြစ်နေလဲ မသိတော့ပါဘူးလေ..."


ယောင်စစ် တောင့်ခဲသွားသည်။

"နင်အရင်က သူတို့ကို တိုက်ခိုက်ခဲ့ဖူးလား..."


"အဲ့လောက်ကြီး မပြင်းထန်ပါဘူး... NPC နဲ့ ကစားသမားတွေကြားက သာမန် အပြန်အလှန်ဆက်ဆံရေးလေးပါ... အမှတ်အသားတွေ လဲလှယ်တဲ့ အခွင့်အရေးလောက်ပဲပြောပါတော့..."


"နင်ပြောချင်တာ... သူတို့ ကလဲ့စားချေဖို့ ဒီကိုလာတယ်လို့ ပြောချင်တာလား..."

ဒီလူတစ်အုပ်တစ်မကြီး စုသွားပုံထောက်ရင် နင် လူတွေအများကြီးကို ဆန့်ကျင်ခဲ့ပုံပဲ...


"ဟီးဟီးဟီး..."

သူ ဝံ့ကြွားစွာ ရယ်လိုက်သည်။

"ကျွန်တော် အပြင်ထွက်တာ ရှားပါတယ်... ဒါကြောင့်ပဲ..."


ဖက်ခ်... ငါသိနေတယ်...


ကောင်းကင်ပေါ်တွင် နောက်ထပ် စစ်သင်္ဘောများစွာ စုဝေးလာပြန်သည်။ တစ်မိနစ်အတွင်း အနက်ရောင်အစက်အပျောက်များစွာက ကောင်းကင်တစ်ဝက်ကို ဖုံးလွှမ်းသွားသည်။

သူဘယ်လောက်များတဲ့လူတွေကို ဆန့်ကျင်ခဲ့တာလဲဟ... 

အချို့ယာဉ်ပျံများက စတင်တိုက်ခိုက်တော့မည့်ဟန် ပြုမူနေကြကာ ၎င်းတို့၏ သေနတ်များကို သူမတို့ လူသုံးယောက်ကို ချိန်ရွယ်ထားကြသည်။


ယောင်စစ်၏ နှလုံသားလေး ဆောင့်ခုန်သွားကာ ပိုင်ရိကိုဆွဲ၍ ရူးရူးမူးမူးပြေးထွက်သွားသည်။


"ပြေး...."


သူမ ထင်သည့်အတိုင်းပင် သူမတို့နောက်ရှိ မြေပြင်က ပေါက်ကွဲသံတို့ ဆူညံသွားကာ မြေပြင်ပေါ်ရှိ ရွှံ့များ ကျောက်စရစ်ခဲများက လေပေါ် လွင့်ပျံလာကြသည်။ ထိုအချိန်တွင် ယောင်စစ်က မဆုတ်မနစ် ပြေးလေတော့သည်။

ပြေးနိုင်မှ လွတ်မယ်ဟေ့... ပြေးနိုင်မှ လွတ်မယ်...


"သခင်မလေး... မှော်အစီအရင်ထဲဝင်လာခဲ့... သူတို့ လိုက်လို့ရတော့မှာမပါဘူး..."

ချွီဇယ် ရှေ့ဘက်ကို လက်ညှိုးညွှန်ပြလိုက်ပြီး ထိုနေရာတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။


ဖက်ခ်... ဒီကောင်ထွက်ပြေးတဲ့နေရာမှာ သောက်ရမ်းတော်တာပဲ... ဒီလိုအရှိန်နှုန်းရဖို့ အများကြီး လေ့ကျင့်ခဲ့ရပုံပဲ...


ယောင်စစ် ထိုသူ ညွှန်ပြသောနေရာကို ကြည့်လိုက်သည်။ ထိုနေရာတွင် သစ်တောများရှိနေပြီး ဖောက်ထွင်းမြင်ရသော နံရံတစ်ခုရှိနေကာ ဤအခြမ်းနှင့် ထိုအခြမ်းက ခွဲခြားခံထားရသော ကမ္ဘာနှစ်ခုနှင့်တူနေသည်။


သူမနောက်မှ ပေါက်ကွဲမှုများကြောင့် မြေပြင်က အဆက်မပြတ်တုန်ခါနေသောအသံများထွက်ပေါ်နေပြီး ထိုအသံများက အဆက်မပြတ်ထွက်ပေါ်နေသည်။ သူတို့ဘေးမှ လေဆာများ မကြာခနဖြတ်ပြေးနေတတ်နေသည်။ ယောင်စစ် ပိုင်ရိကို အချက်ပြလိုက်ပြီး သူမရှေ့ရှိ နံရံကိုသွားခိုင်းလိုက်သည်။


ထိုနံရံကိုဖြတ်သန်းသွားလိုက်သောအခါ ရေမျက်နှာပြင်ကို ဖြတ်လိုက်ရသလို လှိုင်းငယ်လေးများဖြစ်ပေါ်လာသည်။ ခဏအကြာတွင် သူတို့နှစ်ယောက် အလုံပိတ်အခန်းထဲသို့ရောက်သွားဟန်ဖြစ်သွားကာ အပြင်ဘက်က ဆူညံနေသော အသံများက တိတ်ဆိတ်သွားသည်။ ဖရိုဖရဲဆူညံသံများနှင့် အခြားရှိသမျှသော အသံမျိုးစုံကိုပင် မကြားရတော့ပေ။


သူမတစ်ချက် လှည့်ကြည့်လိုက်သောအခါ စစ်သင်္ဘောများက ထိုနေရာတွင်သာ ရှိနေဆဲဖြစ်ပြီး မှော်အစီအရင်ကြောင့်ပိတ်ဆို့ခြင်းခံနေရကြောင်းသိလိုက်သည်။

သူတို့ရဲ့တိုက်ခိုက်မှုတွေနဲ့တောင် အစီအရင်က လုံးဝ မပျက်ဆီးသွားဘူးပဲ... မိုက်တယ်ဟ...


ယာဉ်ပျံများစွာ အောက်သို့ဆင်းသက်လာကြပြီး ချွီဇယ်ကို ဒေါသတကြီးအော်ပြောနေကြသည်။ ယောင်စစ် သူတို့ပြောသည်ကို မကြားနိုင်သော်လည်း ကောင်းသည့်အရာများမဟုတ်သည်ကို သေချာသိပေသည်။


"အား... သီသီလေးပဲ...."

ချွီဇယ် မြေပြင်ပေါ်ထိုင်ချလိုက်ပြီး မောပန်းတကြီး အသက်ရှူနေသည်။

"ဒီမှော် အစီအရင်က အလုံခြုံဆုံးပဲ.. သခင်မလေးကို လာကြိုဖို့မှမဟုတ်ရင် ကျွန်တော်လည်း အပြင်ထွက်ရမှာမဟုတ်ဘူး... အပြင်မထွက်ရရင် ဒီလိုဖြစ်မှာလဲမဟုတ်ဘူး... သခင်မလေးရယ် ကျွန်တော်က လူကောင်းလေးပါ ဟုတ်တယ်မလား..."


"သောက် ပါးစပ်ပိတ်လိုက်တော့..."

သူမ သူ့ကြောင့်တစ်နေ့နေ့သေတော့မည်ဟုပင် တွေးလိုက်မိသည်။ သူမမျက်လုံးသာလှန်လိုက်မိပြီး သူမ၏ဒေါသများက အထွတ်အထိပ်သို့ရောက်နေပြီဖြစ်သည်။ သူမ ကွန်ပျူတာလက်ပတ်ကိုဖွင့်ကာ ကစားသမားဝန်ဆောင်မှု စင်တာရှိရာနေရာကို မြေပုံဖြင့်ကြည့်လိုက်သည်။ ထို့နောက် ကြောင်တောင်တောင်ဖြစ်နေသော ပိုင်ရိလက်ကိုဆွဲကာ ပြောလိုက်သည်။

"ပိုင်ရိ သွားကြစို့..."


"အာ... သခင်မလေး... ဘယ်ကိုသွားမလို့လဲ..."

ချွီဇယ် သူမရှေ့တွင် ရပ်၍တားလိုက်သည်။


"အိမ်ပြန်မလို့ပေါ့..."

သုခညွတ်ကွင်းက ကျယ်ဝန်းကြီးမားသော်လည်း အာကာသမျိုးနွယ်စုအတွက် ဂိမ်းဂြိုလ်သာဖြစ်သည်။ ယာဉ်ပျံများ မရှိတော့လျှင်ပင် ဝန်ဆောင်မှုစင်တာသို့ ရောက်အောင်သွားပြီး သူမတို့၏ အခြေအနေကိုရှင်းပြလိုက်ပါက အိမ်ပြန်နိုင်မည်ဖြစ်သည်။


"သခင်မလေး... သခင်မလေး အခုပြန်လို့မရတော့ဘူး..."

ချွီဇယ် ခေါင်းခါလိုက်သည်။


ယောင်စစ် တောင့်ခဲသွားသည်။

သူဘာပြောတာလဲ....


သူမ သူ့ကိုထိုအကြောင်း မေးရန် ပြင်လိုက်ချိန်တွင် သူမ၏ကွန်ပျူတာလက်ပတ်က တုန်ယင်လာကာ အနီရောင်စာလုံးအချို့ကို ပြလာသည်။


[သုခညွတ်ကွင်း စနစ် တပ်ဆင်မှုပြီးဆုံးပါပြီ]


ယောင်စစ်၏ နှလုံးသားလေး နစ်မြုပ်သွားသည်။

သုခညွတ်ကွင်စနစ်ဆိုတာကြီးက ဘာကြီးလဲ...


"သခင်မလေးရယ် စာရင်းသွင်းထားတဲ့ ကစားသမားတွေကပဲ ဂိမ်းစဆော့ဖို့ မှော်အစီအရင်ထဲ ဝင်နိုင်တာလေ..."

ချွီဇယ် ဝမ်းသာလုံး ဆို့နေသော အသံကြီးဖြင့် ပြောလာသည်။

"သခင်မလေးနှစ်ယောက် မှော်အစီအရင်ထဲဝင်နိုင်ဖို့ ကျွန်တော် ကျွန်တော့်ကို စနစ်ကို သခင်မလေးတို့ ကွန်ပျူတာလက်ပတ်ထဲ ထည့်ပေးလိုက်တယ်လေ..."


"နင်ပြောချင်တာ... အခုငါတို့က သုခညွတ်ကွင်းရဲ့ စကားသမားတွေဖြစ်သွားကြပြီလို့လား..."


"သခင်မလေး ကျွန်တော် ပြည်နှင်ဒဏ်ခံရပြီးတော့ NPC ဖြစ်လာတာကို သိရဲ့သားနဲ့... ကျွန်တော့်မှာ ဘယ်လိုလုပ်ပြီး ကစားသမားစနစ်ရှိရမှာလဲ..."

သူ၏ အပြုံးကြီးက ပိုမိုတောက်ပလာသည်။


“…”


"သခင်မလေးတို့က ကစားသမားတွေမဟုတ်ပဲ NPC တွေလေ..."


“…”


"ပြီးတော့ NPC တွေကို ဂိမ်းထဲကိုဝင်နေဖို့ ခွင့်မပြုထားဘူး..."


"ဖက်ခ်.. ဒီသူတောင်းစားကို ရိုက်ဖို့လိုနေပြီ..."


သူ့ဘောကို ကွဲအောင်မကန်နိုင်ရင် ငါ့ကိုယ်ငါ ယောင်စစ်လို့မခေါ်တော့ဘူး...



ယောင်စစ် သူမ၏ ဒေါသများ ပေါက်ကွဲထွက်လာတော့မည်ဟု ခံစားနေရသည်။ ရုတ်တရက်ကြီး ပြန်ပေးဆွဲခံလိုက်ရပြီးနောက်တွင် ယခု၌ NPC အဖြစ်သို့ပါ ဖိအားပေး၍ အပြောင်းခံလိုက်ရပြီဖြစ်သည်။ သုခညွတ်ကွင်းရှိ NPC များက အတော်လေးလွတ်လပ်ပြီး သာမန်လူတစ်ယောက်နှင့် ဆင်တူသော်လည်း သူမပိတ်မိနေသည်ဟုသော အချက်ကို မပြောင်းလဲနိုင်ပေ။


သူမ ဝန်ဆောင်မှုစင်တာကို ဆက်သွားလိုက်သော်လည်း ထိုနေရာတွင် NPC တစ်ယောက်သာရှိနေသည်။ သူမက သွေးစုတ်ဖုတ်ကောင်တစ်ယောက်ဖြစ်သည်ကို မယုံကြည်ဘဲ သူမကို ပရိဂရမ်ရေးဆွဲထားသည့်အတိုင်း စက်ရုပ်ဆန်ဆန်သာ ဆက်ဆံလေသည်။


ချွီဇယ်၏ပြောစကားအရ ဂိမ်းကုမ္ပဏီ၏ ဝန်ထမ်းက တစ်လနေမှ တစ်ခေါက်သာ လာစစ်ဆေးလေ့ရှိကြောင်းသိလိုက်ရသည်။


ထိုသည်မှာ ယောင်စစ် ဤနေရာ၌တစ်လတိတိပိတ်မိတော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဂိမ်းထဲရှိ အရာတိုင်းပိတ်သွားချိန်တွင်ပင် သူမ မည်သူ့ကိုမှ ဆက်သွယ်၍ မရပေ။


သူမ ချွီဇယ်ကို ဘောလုံးလိုယောင်ကိုင်းသွားအောင် နောက်တစ်ကြိမ်ထပ်ရိုက်ပစ်ချင်နေသည်။


သို့သော် ပို၍ဆိုးသည်မှာ လက်စားချေလိုသော ကစားသမားများစွာ ရှိနေ၍ဖြစ်သည်။


[ကစားသမားတိုင်း ဝင်ပြော၍ရသော pubilc chat or World channel တွင်]


[World] Wဂြိုလ်ကပါ : ထွက်ပြေးနေတဲ့ချွီ ကောင်ကို တစ်ယောက်ယောက်တွေ့မိကြသေးလား... အဲ့အကောင်ရဲ့ တည်နေရာကိုပေးကြစမ်းပါ


[World] အဲ့ဒီ့NPCကောင်ကိုသတ်ပစ်မယ် : ငါသူ့ကိုတွေ့မိသေး၍ သူ တောအပြင်ဘက်မှာတွေ့တာ... 'ထွက်ပြေးနေတဲ့ချွီကိုသတ်ပစ်မယ့်အဖွဲ့'က လိုက်သတ်နေတယ်ကြားတယ်...


[World] ကောင်းကင်ပေါ်ကတိမ်လွှာလေး : အာ ထွက်ပြေးနေတဲ့ချွီ ကိုကူညီနေတဲ့ NPC နှစ်ယောက်ရှိနေတယ်တဲ့..


[World] လက်စားချေဖို့တစ်ခုတည်း : သူ့အကူတွေကို ဘယ်သူဂရုစိုက်လို့လဲ သူ့ကိုသာအရင်သတ်စမ်းပါ... ထွက်ပြေးနေတဲ့ချွီ သေကိုသေရမယ်...


[World] ငြိမ်းချမ်းလိုက်တဲ့ဂိမ်းလေး : ဒီနေ့ ထွက်ပြေးနေတဲ့ချွီကို အကုန်လုံးဝိုင်းသတ်ကြမလို့လား...



[သတိပြုရန် : ကစားသမား Wဂြိုလ်ကပါ သင့်ကိုစတင်၍ ရှာဖွေနေပြီဖြစ်သည်]


[သတိပြုရန် : ကစားသမား ကောင်းကင်ပေါ်ကတိမ်လွှာလေး သင့်ကို စတင်၍ရှာဖွေနေပြီဖြစ်သည်]


[သတိပြုရန် : ကစားသမား ငြိမ်းချမ်းလိုက်တဲ့ဂိမ်းလေး သင့်ကိုစတင်၍ ရှာဖွေနေပြီဖြစ်သည်]


[သတိပြုရန်...]


"..." ယောင်စစ်


"..." ပိုင်ရိ


ချွီဇယ်ရေ နင်ဘာတွေလုပ်ထားတာလဲဟ...