Chapter 115
ငါ့ကို လွမ်းနေကြသေးလား
ကုရှုချန်း သူ့အစီအစဉ်များအကြောင်း ရှင်းပြပြီးနောက်တွင် လည်ချောင်းရှင်းကာ လေးနက်သော အမူအယာဖြင့် ဆက်ပြောလာသည်။
"အရေးအကြီးဆုံးအရာက... သခင်မလေး မှတ်ထားရမှာ... သခင်မလေးက သေချာပေါက်ကို..."
သူ့စကားမဆုံးမီ ယောင်စစ်က ကြားဖြတ်ပြောလိုက်သည်။
"ညစာမစားခင်ပြန်လာဖို့ သတိရရမယ် ဟုတ်တယ်မလား... ငါသိပြီ... ငါသိပြီ..."
တူလေးကု လေးလေးနက်နက်သက်ပြင်းချလိုက်သည်မှာ သူ့ရင်ဘတ်ရှိ အလေးတုံးကြီး ပြုတ်ကျသွားဟန်နှင့်ပင် တူနေသည်။
ယောင်စစ် နှုတ်ခမ်းတို့ တွန့်လိမ်သွားသည်။
ဒါကြီးကလွန်သွားပြီလေ... သူဘာလို့ ဒီကိစ္စကို မနေ့နိုင်သေးတာလဲ... ဆုံးဖြတ်လိုက်ပြီ လစာလျှော့တော့မယ်...
"အိုး... ဟုတ်သား... ဒီစာသင်နှစ်ပြီးတဲ့အထိ ဘွဲ့ရမယ့်အချိန်အထိ မစောင့်ဘူးလား..."
ယောင်စစ် သူတို့ကိုင်ထားသော ပုံစံမျိုးစုံကိုကြည့်လိုက်သည်။
"နင်တို့ ဘာလို့ ဒီမှာရှိနေရတာလဲ..."
စာသင်နှစ်အဆုံး နှုတ်ဆက်ပွဲမှာ ရှိနေသင့်တာ မဟုတ်ဘူးလား...
သူတို့အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။
"ဘွဲ့ယူ အခမ်းအနားတွေက ကျောင်းထဲမှာ မလုပ်ဘူး..."
"ကျောင်းထဲမှာမလုပ်ဘူး..."
ယောင်စစ် အံ့ဩသွားသည်။
စကြဝဠာခေတ်ကြီးထဲမှာလည်း ဘွဲ့ရအလုပ်သင်တွေ ရှိသေးတာလား...
"ဟုတ်တယ်... အစွမ်းရှိတဲ့လူတွေရဲ့ ဘွဲ့ယူအခမ်းအနားက အခြားဂြိုလ်မှာလုပ်တာ.. ကျွန်တော်တို့ သုခညွတ်ကွင်းကို ရွေးထားကြတယ်လေ.."
တူလေးကု ရှင်းပြလိုက်သည်။
သုခညွတ်ကွင်း... ရင်းနှီးနေသလိုပဲနော်... ငါဘယ်မှာကြားဖူးပါလိမ့်...
"အချိန်ကျပြီ သွားကြစို့..."
တူလေးကု သူ့လက်ပေါ်ရှိ ကွန်ပျူတာလက်ပတ်ကို ကြည့်ပြီးပြောလိုက်သည်။
"သခင်မလေး ကျွန်တော်တို့ သွားရတော့မယ်..."
"ကောင်းပြီလေ... သွားကြတော့လေ တာ့တာ..."
ယောင်စစ် ထိုစုံတွဲ၏ ယာဉ်ပျံ ပျံသန်းသွားပြီး အဝေးသို့ ရောက်သွားသည့်တိုင်အောင် တာ့တာပြနေလိုက်သည်။
အာ... သူမရော ဘယ်တော့မှ ဘွဲ့ရမှာပါလိမ့်... ရုတ်တရက်ကြီး သူမ ရီပို့ကတ်ရှိ အနီရောင်အမှတ်များစွာကို သတိရမိလိုက်သည်။
သေချာသည်ကတော့ သူမ မကြိုးစား၍မဟုတ်ပဲ ဘေးဘက်မှ စွက်ဖက်မှုများကြောင့်ဖြစ်သည်။
အမှန်ပဲ... ဒါတွေအားလုံး Euphoria ရဲ့အမှားပဲ... အဲ့အဖွဲ့အစည်းက သူမရဲ့ ပြင်းပြတဲ့ သင်ယူလိုစိတ်တွေကို သတ်ပစ်တာ... တကယ်ကို အန္တရာယ်များတဲ့ အဖွဲ့အစည်း...
ယောင်စစ် ကျောင်းထဲပြန်ဝင်ရုံရှိသေး ပိုင်ရိက အနောက်မှပြေးထွက်လာပြီး ပတ်ပတ်လည်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်သည်။
"သခင်မလေး... ကုရှုချန်းကို မြင်မိသေးလားဟင်..."
"ငါတွေ့လိုက်သေးတယ်လေ... သူကဖြင့် ထွက်သွားပြီ..."
"ဖက်ခ်..."
ပိုင်ရိ၏ မျက်နှာမှောင်မဲသွားကာ စိတ်အခြေအနေ မှောင်မိုကသွားသည်။
"အဲ့ဒီ့ မျိုးမစစ်က သူ့ရဲ့ ဒုဥက္ကဋ္ဌ ရာထူးကို ကျွန်တော့်ဆီ ပစ်ပေးသွားတယ်လေ..."
အမ်... သူ့ဆီပေးခဲ့မယ်လို့ မခန့်မှန်းမိဘူးလား...
"ကျွန်တော်တို့ သုံးယောက်အတူတူ ဘွဲ့ယူကြမယ်လို့ ကတိပေးခဲ့ကြတာ... အခုတော့ သူက လော့ယင်းနဲ့အတူတူ ထွက်ပြေးသွားပြီ..."
ပိုင်ရိ စတင်၍ ဒေါသထွက်လာသည်။
"ဟမ့်... ဆက်ခံသူရှိတာ ဘာများကောင်းလို့လဲ... အတိတ်တုန်းကတော့ သူတို့ကအချင်းချင်း ချစ်ပြနေလိုက်ကြတာ အခုတော့ ကျွန်တော့်ကိုစွန့်ပစ်သွားကြပြီ... အဲ့လိုလုပ်လို့မရဘူးလေ... ကျွန်တော် သူတို့နှစ်ယောက်နောက် လိုက်ရမယ်... သူတို့ကို ငြိမ်းငြိမ်းချမ်းချမ်း အသက်ရှင်ခွင့်မပေးနိုင်ဘူး..."
"..."
ဟေး ဟေး ဟေး... နင့်ရဲ့ မကျေနပ်ချက်တွေက လွန်သွားပြီလေ...
"သခင်မလေး... သူတို့ ဘွဲ့ယူအခမ်းအနားအတွက် ဘယ်ဂြိုလ်ကိုသွားနေကြလဲ သိလား..."
"ငါထင်တာတော့ သုခညွတ်ကွင်းပဲ..."
ပိုင်ရိ ချက်ချင်း သူ၏ကွန်ပျူတာလက်ပတ်ကို ဖွင့်လိုက်ကာ လေကြောင်းအချက်အလက်များကို ကြည့်လိုက်သည်။
နင်တကယ်ကြီး သူ့နောက်လိုက်မလို့လား... ဒါတူလေးကုရဲ့ အချစ်စစ်လေးများလား...
ပိုင်ရိ စခရင်ကိုကြည့်လိုက်သောအခါ တစ်ခုတည်းရှိသော လေကြောင်းလမ်းခရီးစဉ်ပျံသန်းမှုဘေးတွင် 'ကုန်ဆုံး'ဟူသော အနီရောင်စာလုံးလေးကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် သူ့ဝိဉာဉ်တစ်ခုလုံး ပျံထွက်သွားပြီး ခန္ဓာလွတ်ကြီးပဲ ကျန်တော့ဟန် စိတ်လွတ်နေသည့်ပုံဖြစ်သွားသည်။
"မေ့လိုက် မေ့လိုက်..."
ယောင်စစ် သူ့ပခုံးလေးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။
"နင်လဲ တစ်နေ့တော့ ကိုယ်ပိုင် ဆက်ဆံသူလေးရှိလာမှာပါ..."
နင့်ရဲ့ FA ဆိုတဲ့ ဂုဏ်ပုဒ်လေးကို မကြာခင်ဘိုင်းဘိုင်လို့ ပြနိုင်မှာပါဟယ်...
"သခင်မလေး..."
သူ ဒေါသတကြီး အော်လိုက်သည်။
"ဒါနဲ့ သုခညွတ်ကွင်းကိုသွားဖို့ လေယာဉ်က တစ်လမှတစ်စင်းပဲရှိတယ်ဆိုပဲ..."
တူလေးကု ဒါကြောင့်ပဲ အဲ့ဂြိုလ်ကို ရွေးလိုက်တာနေမှာ...
"အခု အဲ့လေယာဉ်က ပျံထွက်သွားပြီဆိုတော့ နင်လဲသူတို့နောက်လိုက်လို့မရတော့ဘူးလေ... နင့်ကို တင်ခေါ်သွားမယ့် ကြုံရာကျပန်း ယာဉ်ပျံကလည်း မရှိ...."
ဝှီး
သူမ စကားမဆုံးမီ သူမခန္ဓာကိုယ် ပတ်ပတ်လည်တွင် အဖြူရောင်အလင်းတန်းတစ်ခု လွှမ်းခြုံသွားသည်။ သူမ၏ ခန္ဓာကိုယ်က စတင်ပေါ့ပါးလာပြီး ခဏအကြာတွင် သူမပျောက်ကွယ်သွားတော့သည်။ ယောင်စစ် သူမရှေ့ရှိ မြင်ကွင်းပြောင်းသွားသည်ကို မြင်လိုက်ရပြီး သတ္တုအခန်းတစ်ခုထဲ ရောက်သွားလေသည်။
သူမနားစည်ထဲသို့ စိတ်လှုပ်ရှားနေသော အသံတစ်ခု ရိုက်ခတ်လာသည်။
"ဘော့စ် ကျွန်တော်သူ့ကိုမိပြီ... မိပြီဗျ... ဘယ်သူမှ ကျွန်တော်ကို မမြင်လိုက်ဘူး... ကျွန်တော်တို့ ချမ်းသာတော့မယ်....."
"ပါးစပ်ပိတ်စမ်း... ငါတို့ သုခညွတ်ကွင်းကို မြန်မြန်လေးသွားရမယ်..."
"..." ယောင်စစ်
"..." ပိုင်ရိ
ယီးပဲဟေ့... ငါ့ရဲ့ ဂြိုလ်မွှေတဲ့ ပါးစပ်ကတော့...
–
ယောင်စစ်တစ်ယောက် သူမဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ပြန်ပေးဆွဲခံလိုက်ရသည်။ သူမ ဘာမှမခံစားရဘဲ ကျောင်းသင်ခန်းစာများကို ပိုမိုလေ့လာနိုင်ရန်ပင် တွန်းအားရလာသေးသည်။ သို့သော် အပြင်ဘက်ရှိသုံးယောက်က သူတို့၏ အနာဂတ်အကြောင်း စိတ်ကူးယဉ်ဆန်ဆန်အကျယ်ချဲ့၍ ပြောနေကြသည်။
"ဒီပြန်ပေးဆွဲမှုပြီးရင် ငါ လအတန်ကြာလောက် ကောင်းကင်ဘုံမှာ သွားနှပ်လို့ရပြီ..."
"အဲ့လောက်ပိုက်ဆံတွေနဲ့ဆိုရင် ငါတို့အဲ့မှာ အကြာကြီးနေနိုင်မှာ... လအနည်းငယ်ဆိုတာ မပြောပလောက်ဘူး..."
"ကောင်းကင်ဘုံဆိုတာ အတော်လေးဈေးကြီးတဲ့ ဂြိုလ်ဆိုတော့ လောက်ပါ့မလား...'
"ဘာများ စိုးရိမ်စရာရှိလို့လ... ဒီနှစ်ယောက်နဲ့ဆိုရင် ငါတို့ ၂၀၀၀၀၀ (နှစ်သိန်း)လောက်ရမှာ... ကောင်းကင်ဘုံမပြောနဲ့ မဟာမိတ်အဖွဲ့ရဲ့ အဓိကဂြိုလ်မှာတောင် အေးဆေးနေနိုင်တယ်..."
"ဟားဟားဟား... ဟုတ်ပါ့... ငါဖြင့် ဒီလောက်ငွေရလွယ်တဲ့ အလုပ်တွေ အများကြီး လက်ခံချင်သွားတယ်..."
"နှစ်သိန်းဆိုတာ အရမ်းများတာလား..."
ယောင်စစ် မနေနိုင်မထိုင်နိုင်မေးမိသည်။ သူမမှတ်မိသလောက် ထိုပမာဏဆိုသည်မှာ ကျောင်းသားသမ္မဂအဖွဲ့ဝင်များ စာသင်နှစ်တိုင်းတွင် ရသည့်လစာဖြစ်နေသည်။ သူမ ထိုပမာဏကို အမြဲတမ်းငွေကြေးဖောင်းပွ၍ ဖြစ်ရသည်ဟု ထင်ခဲ့သည်။
ကျောင်းတွင် ကျောင်သားသမ္မဂအဖွဲ့က အရာတိုင်း ဆုံးဖြတ်ကာ ကိုင်တွယ်ရသဖြင့် အဖွဲ့ဝင်တိုင်း လစာရပေသည်။
"ဒါပေါ့..."
ထိုသုံးယောက်လုံး မျက်လုံးပြူးကာ ပြန်ပြောလာသည်။
"အဲ့လောက် ပမာဏဆိုတာ သာမန်လူတွေ ဘယ်တော့မှ မတတ်နိုင်တဲ့ ငွေပမာဏပဲ..."
ထို့နောက် သူရပ်သွားကာ သူမတို့နှစ်ယောက်ကို သတိပြုမိသွားသည်။
"မင်း... မင်းတို့ ဘယ်ကနေရောက်လာကြတာလဲ..."
"အဲ့ဒီ့ကနေလေ..."
ယောင်စစ် ပွင့်ဟနေသော အချုပ်ခန်းတံခါးကို ညွှန်ပြလိုက်သည်။ သူမနောက်ရှိလူက အတွေ့အကြုံရှိ ဟက်ကာတစ်ယောက်ဖြစ်သဖြင့် မည်သည့်အခန်းက သူတို့ကို တားဆီးနိုင်မည်နည်း။
လူသုံးယောက် အံ့အားသင့်သွားကာ ဓားများကို လျှင်မြန်သွာ ဆွဲထုတ်လိုက်သည်။
"မ... မလှုပ်နဲ့... အချုပ်ခန်းထဲ မြန်မြန် ပြန်သွားကြ... မဟုတ်ရင် ငါတို့ ကြင်နာနေမှာ မဟုတ်ဘူးနော်...."
"ဟားဟား..."
ယောင်စစ် ရယ်မောလိုက်သည်။
"တိုက်ဆိုင်လိုက်တာ ငါလည်း ကြင်နာဖို့စိတ်ကူးမရှိဘူးရယ်... ပိုင်ရိ နင့်ကို လွှဲပေးလိုက်ပြီ..."
သူ၏ဒေါသများကို ပုံချရန် အခွင့်အရေးရလာလေပြီ...
ပီကာချုး ငါနင့်ကိုရွေးတယ်...
"ဟုတ်ကဲ့ပါ... သခင်မလေး..."
ယောင်စစ်၏ ဗဟုသုတများအရ သွေးစုပ်ဖုတ်ကောင်များက ထိုသုံးယောက်ကိုမည့်သည့် အစွမ်းမှမသုံးပဲ အေးဆေးချနိုင်သည်ကို သိသော်လည်း ဤမျှမြန်မည်ဟု မထင်ထားခဲ့ပေ။
သုံးမိနစ်ကြာသောအခါ...
"ဆရာ ကျွန်တော်တို့မှားသွားပါတယ်... အမှားကို တကယ်သိပါပြီ..."
"ဟုတ်ပါတယ်ဆရာ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... မဟုတ်ရင် ကျွန်တော်တို့ ရုပ်ပျက်ဆင်းပျက်ဖြစ်တော့မယ်..."
"ဆရာ... ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ.. ဒါကျွန်တော်တို့ ပထမဆုံး ပြစ်မှု ကျူးလွန်ဖူးတာပါ..."
"သားကောင်တွေက Sအဆင့်ရှိမှန်း တကယ်မသိခဲ့ပါဘူး... ကျွန်တော်တို့ စောစောသိခဲ့ရင် ဘယ်လိုလုပ် လုပ်ရဲပါ့မလဲဗျာ..."
"ဆရာရယ်... ဒါကို နားလည်မှု လွဲတယ်လို့ ပြောလို့ရပါတယ်... ကျွန်တော်တို့ အတင်းအကျပ် အခိုင်းခံရတာပါ.. ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...."
ယောင်စစ် ပိုင်ရိဆီမှ အရိုက်ခံရ၍ ငိုယိုပြီး ဒူးထောက်နေကြသော လူသုံးယောက်ကို ကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်းများ တွန့်လိမ်သွားသည်။
ဒါကြီးက မြန်လွန်းမနေဘူးလား... ပြန်ပေးဆွဲသမားတွေရဲ့ သိက္ခာဘယ်ရောက်သွားလဲ... နင်တို့တွေ ပြန်ပေးဆွဲနည်းကျောင်းကနေ ဘွဲ့ကောရလာကြရဲ့လား... သူတို့ရဲ့ တောင်းပန်စကားတွေကတောင် မဆီလျော်လိုက်ပုံများတော့...
ယောင်စစ် သူမနားထင်ကိုသာ နာနာဖိပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
"ပြောစမ်း... ဘာတွေဖြစ်နေတာလဲ... နင်တို့ရည်ရွယ်ချက်ဘာလဲ.. ငါတို့ကို ဘာလို့ ပြန်ပေးဆွဲတာလဲ..."
"ဆရာရယ် ဒါတွေအားလုံး ကျွန်တော်တို့နဲ့ မဆိုင်ရပါဘူး..."
အရပ်ရှည်ရှည်နှင့်ခပ်ပိန်ပိန်လူက သူ၏ယောင်ကိုင်းနေသော မျက်နှာကို မော့၍ ပြောလာသည်။ အသက်ပြင်းပြင်းရှူသွင်းကာ ထစ်တီးထစ်ငေါ့ဆက်ပြောပြသည်။
"အဲ့... အဲ့တာက... သုခညွတ်ကွင်းက လူပါ... သူက ဆရာတို့ကို ပြန်ပေးဆွဲဖို့ ဈေးကြီးကြီးပေးတာပါ... မဟုတ်ဘူး... ဖိတ်ခေါ်ပေးဖို့ခိုင်းတာပါ..."
"သုခညွတ်ကွင်း..."
ယောင်စစ် အံ့ဩသွားသည်။ သူမထိုဂြိုလ်ကို သွားရောက်လည်ပတ် မပေါ်ပေ။
"အဲ့လူက ဘယ်သူလဲ..."
"အဲ့တာ... ကျွန်တော်တို့လဲ သူဘယ်သူလဲ သေချာမသိပါဘူး..."
ထိုလူက ခပ်မြန်မြန်ဆက်ပြောလာသည်။
"တစ်ဖက်လူက ကျွန်တော်တို့ကို ဗွီဒီယိုမက်ဆေ့ပို့ပြီး ဆရာတို့ကို သုခညွတ်ကွင်းဆီ ထိခိုက်မှုမရှိပဲ ခေါ်လာခိုင်းတာပါ..."
သူ သူ၏ ကွန်ပျူတာလက်ပတ်ကို ဖွင့်လိုက်ပြီး သူမ၏ သုံးဖက်မြင်ပုံရိပ်ထွက်ပေါ်လာသည်။
"ကျွန်တော်တို့ စစ်ဆင်ရေးအောင်မြင်ဖို့ ကျွန်တော်တို့ ယာဉ်ပျံကို ပြန်လည်ပြုပြင်ပေးလိုက်သေးတယ်... ဒါကြောင့်ပဲ ကျွန်တော်တို့လေယာဉ်က စကြဝဠာစောင့်ကြည့်ရေးရေဒါတွေကို မပွင့်သွားစေပဲ ဆရာတို့ကို ဖမ်းလာနိုင်တာပါ...."
ထိုရှင်းပြချက်က သူမကို အတွေးထဲနစ်ဝင်သွားစေသည်။ သူမ၏ မျက်လုံးများက စူးစမ်းမှုတို့ ပြည့်လာတော့သည်။
"နင်တို့တွေ... ငါဘယ်သူလဲသိကြလား..."
သူတို့ အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ပြိုင်တည်း ခေါင်းခါ ပြလာသည်။
၎င်းက အတော်အံ့ဩစရာကောင်းလှသည်။ သူမ၏ ဗွီဒီယိုပျံ့သွားပြီးနောက်တွင် စကြဝဠာတစ်ခုလုံးက သူမက မူရွှမ်၏ဆက်ခံသူဖြစ်ကြောင်း သိနေကြပြီဖြစ်သည်။ အတုံးဆုံး ပြန်ပေးဆွဲသူများပင် ပဉ္စမမျိုးဆက် သွေးစုပ်ဖုတ်ကောင်ကို ပြန်ပေးဆွဲရဲမည်မဟုတ်ပေ။ ထို့ကြောင့် ဤလူများကို Euphoria ကဟုထင်ခဲ့သော်လည်း သူတို့၏စကားများအရ သိပင်မသိကြောင်း ပေါ်လွင်နေသည်။
ဒါပေမယ့် ဒီအရူးသုံးကောင်နဲ့ သူမကိုပြန်ပေးဆွဲခိုင်းတဲ့သူက ဘယ်သူများလဲ...
"နင်တို့ဘာလိုချင်လဲမသိပေမယ့်... လေယာဉ်ကို ပြန်လှည့်လိုက်စမ်း..."
ကြိုးကိုင်သူက မည်သူမှန်းမသိရသည်မှာ နောင်တရစရာဖြစ်သော်လည်း သူမ၏ လက်ရှိ အန္တရာယ်ပတ်လည်ဝိုင်းနေသော အခြေအနေအရ ပြန်သွားတာက အကောင်းဆုံးအဖြေဖြစ်သည်။ စပ်စုချင်စိတ်က ကြောင်ကို သတ်နိုင်သည်ဖြစ်ပြီး သူမကိုယ်သူမ သေတွင်းထဲမပို့ချင်ပေ။
"ဆရာ... ဒါက.. ဒါက... မဖြစ်နိုင်ဘူး..."
ထိုလူသုံးယောက်လုံး၏ မျက်နှာ ဖြူဖျော့သွားသည်။
"နင်တို့ ဘာပြောလိုက်တာ..."
ယောင်စစ် မတ်တတ်ထရပ်လာသည်။
ထိုသူသုံးယောက်လုံး အတုန်တုန်အရီရီဖြစ်သွားသည်။
"ဆရာရယ်... ဒီယာဉ်ပျံရဲ့ ပျံသန်းရာလမ်းကြောင်းက ဟိုကိုမရောက်မချင်း မပြောင်းနိုင်အောင် အသေစီစဉ်ထားတာ... ကျွန်... ကျွန်တော်တို့ တကယ်မပြောင်းနိုင်ဘူး..."
ပိုင်ရိ၏ မျက်နှာမဲမှောင်သွားကာ ယာဉ်ပျံ ထိန်းချုပ်ရေးစားပွဲကို သွားလိုက်သည်။ ခဏမျှ ဟိုနှိပ်သည် နှိပ်လုပ်ပြီးနောက်တွင် သူ သူမကို စိတ်ပျက်လက်ပျက် ပြန်ကြည့်လာသည်။
"သခင်မလေး... သူတို့ညာမပြောခဲ့ဘူး... လမ်းကြောင်းကို တကယ်ပြန်ပြောင်းလို့မရတာ..."
သူမ ကွန်ပျူတာလက်ပတ်ကို ဖွင့်ပြီး မူရွှမ်ကိုဆက်သွယ်လိုက်သော်လည်း မက်ဆေ့တစ်ခုသာပေါ်ထွက်လာသည်။
_ဆက်သွယ်၍ မရနိုင်ပါ
"ယာဉ်ပျံမှာ ဆက်သွယ်ရေးလိုင်းတွေအကုန်လုံးကို ဖြတ်တောက်တို့ firewall တည်ဆောက်ထားတယ်.. ကျွန်တော်လည်း စကြဝဠာကွန်ရက်ကို ချိတ်ဆက်လို့မရဘူး..."
ဖက်ခ်... ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ...
"နင် အဲ့ဒီ့ firewall ကို မချိုးဖောက်နိုင်ဘူးလား..."
ဤကိစ္စအတွက် အတွေ့အကြုံရှိ ဟက်ကာတစ်ယောက်ကို လိုအပ်နေပုံပေါ်သည်။
"ငါတို့ သုခညွတ်ကွင်းကိုပဲ ဆက်သွားကြတာပေါ့..."
"ရတယ်... ဆိုပေမဲ့လို့...."
သူအရှေ့တည့်တည့်ကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
"ကျွန်တော်တို့ ရောက်နေပြီလေ..."
ဘာကြီး...
ယောင်စစ် လှည့်ကြည့်လိုက်သောအခါ သူတို့ အာကာသတွင်းပေါက်ကို ဖြတ်ကျော်၍ အစိမ်းရောင်ဂြိုလ်ကြီးသို့ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ယာဉ်ပျံပင် မြေပြင်ပေါ်သို့ ဆင်းသက်နေလေပြီ။
နှစ်မိနစ်အတွင်း ယာဉ်ပျံက မြက်ခင်းစိမ်းပေါ် သက်ဆင်းသွားပြီး ညာဘက်ရှိတံခါးက ကျယ်လောင်သော အသံဖြင့် ပွင့်သွားခဲ့သည်။
အိုက်... တစ်ခုခုတော့ သေချာပေါက်ဖြစ်တော့မယ်...
ယောင်စစ် ပိုင်ရိနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး တံခါးဆီသို့ ဦးတည်သွားလိုက်သည်။ အပြင်ဘက်တွင် အဆုံးမရှိဟုထင်ရသော မြက်ခင်းပြင်ကျယ်ကြီးရှိပြီး ပတ်ပတ်လည်တွင် မည်သည့် စကြဝဠာသုံးနည်းပညာများ ရှိမနေကြောင်း မြင်လိုက်ရသည်။ ယောင်စစ် ပြန်ပေးဆွဲသူများ၏ စကားကို ယုံစပြုလာပြီဖြစ်သည်။
ကြိုးကိုင်တဲ့လူက ဒီနေရာကို ဘာကိစ္စရွေးရတာလဲ... သူကဘယ်သူကြီးလဲ...
သူမ အတွေးနွံနစ်နေချိန်တွင် ပုံရိပ်တစ်ခုကပြေးထွက်လာသည်။ သူမ မတုံ့ပြန်နိုင်မီပင် ထိုလူက သူမကို ခုန်အုပ်လာသည်။
"သခင်မလေး... မတွေ့ရတာကြာပြီနော်... ကျွန်တော်ဖြင့် အရမ်းလွမ်းနေခဲ့တာ... သခင်မလေးမရှိတဲ့နေ့တွေဆိုတာလေ အေးစက်အထီးကျန်ပြီး ဗလာကြီးကိုဖြစ်လို့..."
ရင်းနှီးနေသော ပုံရိပ်တစ်ခုက သူမခေါင်းကို သူ့ရင်ခွင်ထဲထည့်ပြီး ဆံပင်များကို ထိုးဖွလာသည်။
"ကျွန်တော့်ကိုမြင်ရတာ အံ့ဩမသွားဘူးလား... ကျွန်တော့်ကို လွမ်းနေလားဟင်... ကျွန်တော်ဖြင့် တစ်ချိန်လုံးလွမ်းနေခဲ့တာ..."
ယောင်စစ်၏ မျက်နှာတင်းမာသွားပြီး သူမနားထင်ကြောများ ပေါက်ကွဲလုမတတ် တင်းမာလာသည်။ အသက်ပြင်းပြင်းရှူလိုက်ကာ သူမရင်ထဲရှိ ဒေါသလှိုင်းလုံးများကို ဖိနှိပ်၍ ထိုသူထံမှ ခွာလိုက်ပြီး ပြုံးဖြီးဖြီးမျက်နှာကြီးကို ထိုးချလိုက်သည်။
"ချွီ...ဇယ်...."