အပိုင်း ၁၆၅ ဇာတ်သိမ်း
Viewers 13k

Chapter 165(End)


အတိတ်တွင် သူမ၌ ကြီးကျယ်ခမ်းနားသောအိမ်ပိုင်ဆိုင်ခဲ့သည်။ သို့သော် ကျုံးယို့ယို့ရောက်လာသည့်အချိန်မှစ၍ အရာအားလုံးသည် တဖြည်းဖြည်းချင်းပျက်စီးခဲ့ရသည်။ လူတိုင်း၏ အာရုံစိုက်မှုများနှင့် အကြည့်များသည် ကျုံးယို့ယို့ပေါ်သို့သာရှိနေခဲ့သည်။ ထို့ကြောင့် ကျုံးယို့ယို့ပိုင်ဆိုင်နေသောအရာအားလုံးအား ဖျက်စီး၍  အရာအားလုံးဆုံးရှုံးလိုက်ရသည့် ခံစားချက်ကို ခံစားစေချင်ခဲ့သည်။ 


သို့သော် မုန်းစရာကောင်းသည်က ကျုံးယို့ယို့သည် အမြဲကံကောင်း၍ လုပ်ကြံမှုများမှ လွတ်မြောက်ခဲ့သည်။ လေဆိပ်တွင်ထိုင်နေရင်း ကောင်းကင်ဘုံနှင့်မြေကြီးသည် တရားမျှတမှုမရှိဟု ခံစားရကာ မထိန်းနိုင်တော့ဘဲ မျက်ရည်တို့ကျလာ‌တော့သည်။ သူမ၏ စိတ်ဝိဉာဥ်သည် ချောက်ကမ်းပါးစွန်းတွင် ရပ်နေသကဲ့သို့ ခံစားနေရ၏။ 


သူမက စိုးရိမ်ပူပန်နေကာ နှလုံးသားသည်လည်းနာကျင်နေပြီး ဤနေရာမှထွက်သွားရန် လေယာဥ်အား စောင့်နေလိုက်သည်။


ယနေ့သည် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရမည့်နေ့ဖြစ်ပြီး သူမသည် စာမေးပွဲခန်းထဲတွင် ရှိနေသင့်တာဖြစ်သည်။ ယခုတွင် စာမေးပွဲကိုလည်း လွတ်သွားပြီး လေဆိပ်တွင်ထိတ်လန့်ကြောက်ရွံ့နေကာ လက်သည်းကိုကိုက်ရင်း ဘေးပတ်လည်ကိုကြည့်နေမိသည်။ သာမန်အဝတ်အစားဝတ်ထားသည့် ရဲများသည် သူမအား ဖမ်းခေါ်သွားမည်ကို စိုးရိမ်နေမိသည်။ 


ယခုသူမတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်း မတွေးနိုင်ချေ။ သူမလက်ထဲတွင် ပိုက်ဆံရှိပြီး ဤနေရာမှ ထွက်သွား၍ နေရာအသစ်တွင် ဘဝအသစ်နှင့်နေထိုင်ရမည်။ 


မုန့်ရှစ်ရွှမ်တွေးတောလိုက်၏။ 


သူမယခင်ကစိတ်ကူးထားခဲ့သည်များကို ပြန်တွေးလိုက်သည်။ သူမ၏အရည်အချင်းနှင့် အားလုံးကို အနိုင်ယူကာ မြို့‌တော်ရှိ တက္ကသိုလ်သို့သွားနိုင်ရမည်ဟု စိတ်ကူးထားခဲ့သည်။ 


သို့သော် ယခုလိုဆန့်ကျင်ဘက်ရလဒ်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟုထင်မထားခဲ့ချေ။ ကျောင်းသွားခဲ့သည့် ရက်အနည်းငယ်တွင် သူမ၏အဆင့်များနှင့် ရလဒ်များကို တွေ့ခဲ့ရပြီး သိသိသာသာတိုးတက်လာခဲ့သည်ကိုလဲ တွေ့ခဲ့ရသည်။ ယခုတွင်တော့ ထိုအမှတ်များသည် အရေးမပါတော့ကာ ကောလိပ်ဝင်ခွင့်စာမေးပွဲကိုပင် မဖြေနိုင်တော့ချေ။


မုန့်ရှစ်ရွှမ်သည် နောင်တကြီးစွာရပြီး သူမဘာကိုမုန်းသည်ကိုပင်မသိတော့ချေ။ 


သူမဘဝသည် ရလဒ်အနေနှင့် ဘာကြောင့် ယခုလို နိမ့်ကျသွားရလဲ မသိပေ။ 


လူချင်းအတူတူပဲကို ကျုံးယို့ယို့ကကျ ချမ်းသာတဲ့မိသားစုမှာမွေးလာပြီး ဘာလို့သူမကကျ မုန့်ချန်ရဲ့သမီးအဖြစ် မွေးလာခဲ့တာလဲ... ပြီးတော့ ကလေးလဲထားခဲ့တာကို ဘယ်သူကမှ သတိမထားမိခဲ့ရင် သူမဘဝလဲ ပြောင်းလဲသွားမှာ မဟုတ်ဘူး... သူမကောင်းမွန်တဲ့ဘဝမှာပဲနေနေရမှာမဟုတ်ဘူးလား...


သူမက တုန်လှုပ်ချောက်ချားပြီး အတွေးတို့ရှုပ်ယှက်ခတ်နေချိန်တွင် သူမအမြင်ထဲသို့ ဖိနပ်တစ်စုံရောက်လာ၏။ 


ခေါင်းမော့ကြည့်လိုက်သောအခါ သူမ၏အဖေဖြစ်နေသည်။ သူ့နောက်တွင် ရဲနှစ်ယောက်ရှိ၍ သူမအား အေးစက်စွာကြည့်နေကြသည်။ 


မုန့်ရှစ်ရွှမ်မျက်နှာကိုဖြတ်၍ မျက်ရည်များကျလာတော့သည်။ 


ထိုအချိန်တွင် ကျုံးပါပါးတွင် စာနာသနားစိတ်မရှိတော့ချေ။ သူမက သူ့ကလေးတွေကိုထိခိုက်စေခဲ့သည်။ ကျုံးကုမ္ပဏီကိုလည်း ဒေဝါခံရလုနီးပါးရောက်အောင်လုပ်ခဲ့ပြီး အတူကုန်ဆုံးခဲ့သည့် ၁၈နှစ်ကိုထောက်ထား၍ လွှတ်ပေးခဲ့သော်လည်း သူမကမရပ်တန့်ခဲ့ပေ။ 


သူမကိုလွှတ်ပေးလိုက်သည့်တိုင် သူ့ကလေးနှစ်ယောက်အား ထိခိုက်ရန် ကြိုးစားလာခဲ့သည်။ ထိုအချိန်တွင် သူ၏ သည်းခံနိုင်စွမ်းတို့ကုန်ဆုံးသွားတော့သည်။


မုန့်ရှစ်ရွှမ်သည် သူမခေါင်းအထက်မှ ရေခဲတမျှအေးစက်နေသည့် အသံကိုနားထောင်နေလိုက်သည်။ 


“မုန့်ရှစ်ရွှမ် လူတိုင်းမှာလောဘဆိုတာရှိကြတာပဲ ဒါပေမယ့်မင်းက ဘယ်အချိန်မှာရပ်ရမယ်မှန်းမသိခဲ့ဘူး”


“အသက်လဲ ၁၈နှစ်ရှိပြီဆိုတော့ ကိုယ်လုပ်တဲ့လုပ်ရပ်ကို တာဝန်ယူတတ်ရမှာပေါ့"


ဟယ်ချုန်ရှန်းသည် မုန့်ချန်ကိုသွားတွေ့သောအခါ မုန့်ရှစ်ရွှမ်သည် ပိုက်ဆံပေး၍ ပြစ်မှုကျူးလွန်ရန် ခိုင်းစေခဲ့သောကြောင့် ဆိုင်းငံ့ထောင်ဒဏ်တစ်နှစ်ချမှတ်ခံလိုက်ရသည့်အကြောင်းအားပြောပြလိုက်သည်။ မုန့်ချန်မယုံနိုင်ချေ။ သူမသည် မျက်ရည်များကျဆင်းလာကာ 


“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မဖြစ်နိုင်ဘူး သူမကအဲ့ဒီလိုကလေးမျိုးမဟုတ်ဘူး တစ်ယောက်ယောက်က ချောက်ချလိုက်တာဖြစ်မယ်” 


ယခုမတိုင်ခင်အထိ ဟယ်ချုန်ရှန်းသည် မုန့်ချန်၏ပညာသင်ကြားပေးသည့် နည်းလမ်းတွင် ပြဿနာရှိနေကြောင်း ခံစားမိခဲ့သည်။ သူကမုန့်ချန်အား ဝမ်းနည်းစွာ ကြည့်လိုက်၍ သူမ၏သမီးအား ထိခိုက်စေခဲ့သူမှာ မုန့်ချန်ကိုယ်တိုင်သာဖြစ်ကြောင်း သိလိုက်သည်။ 


အတိတ်တွင် လောဘကြောင့်ယုတ်ညံ့သောကိစ္စများကို မကျူးလွန်ခဲ့ပါက ယခုလိုဖြစ်လာလိမ့်မည်မဟုတ်ပေ။ 


ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးနောက် မုန့်ရှစ်ရွှမ်သည် ကျုံးယို့ယို့နှင့်ကျုံးရှီယို့၏ မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားတော့သည်။ 


ကျုံးပါပါးသည် မုန့်ရှစ်ရွှမ်အား နောက်ဆုံးတစ်ကြိမ်မျက်နှာသာပေးကာ မီဒီယာပေါ်သို့မတင်ခဲ့သော်လည်း သူမသည် အင်တာနက်ပေါ်တွင် နာမည်ရခါစအနုပညာရှင်တစ်ဦးဖြစ်နေကာ ကုမ္ပဏီနှင့်လဲ စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။ စာချုပ်ချုပ်ဆိုပြီးနောက်မှာပင် ထိုကိစ္စကြီးသည်ဖြစ်သွားခဲ့ရာ အင်တာနက်ပေါ်တွင် သတင်းမပြန့်ဘဲမနေချေ။ 


ရလဒ်အနေနှင့် သူမကိုကြိုက်နှစ်သက်ကြသော ပရိသတ်များသည် ထိုအကြောင်းကိုကြားသောအခါ ထိတ်လန့်သွားကြသည်။ 


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... မုန့်ရှစ်ရွှမ်က တကယ်ပဲ အဲ့လိုလူမျိုးလား...


သို့သော် မုန့်ရှစ်ရွှမ်သည် လုံးလုံးနာမည်ကြီးသွားခြင်းမဟုတ်သေးပေ။ ဤဖြစ်ရပ်တွင် သူမအားများပြားသော အင်တာနက်အသုံးပြုသူများက ဝိုင်းဝန်းဆဲဆိုကြသော်လည်း ရေကန်ထဲသို့ကျောက်တုံးပစ်ချလိုက်သလိုပင် ခဏလေးနှင့် ပျောက်ကွယ်သွားတော့သည်။ 


မုန့်ရှစ်ရွှမ်၏ ပြစ်ဒဏ်သည် ဆိုင်းငံ့ခံထားရသောကြောင့် သူမအားမည့်သည့်နေရာတွင်အကျဥ်းချရန် ဆွေးနွေးကြသည်။ သို့သော် ကျုံးယို့ယို့နှင့် ကျုံးမိသားစုသည် ရည်ရွယ်ချက်ရှိရှိပင် မသိချင်ကြချေ။ ယခုတစ်ခေါက်တွင်တော့ မုန့်ရှစ်ရွှမ်သည် ဘာမှလုပ်ရဲတော့မည်မဟုတ်ပေ။ 


ယင်ချူးချူးနှင့် မုန့်ရှစ်ရွှမ်၏အတန်းထဲမှ အခြားကျောင်းသားများသည် ဖြစ်ပျက်သွားသည့် အကြောင်းအရာများကို အံ့ဩနေကြသည်။ မုန့်ရှစ်ရွှမ်သည် မာနကြီး၍ သူမစိတ်ထဲတွင် ထိုကဲ့သို့ ယုတ်ညံ့သည့်အတွေးများရှိလိမ့်မည်ဟု ထင်မထားခဲ့ကြချေ။ မနာလိုဖြစ်၍ လူသတ်ရန်ပင်ကြိုးစားခဲ့သည်တဲ့လား...


သူမသည် ထိုကောင်းမွန်သည့်ဘဝအား အလွန်ပိုင်ဆိုင်ချင်ခဲ့သည့်ပုံပင်။ ဟိုးအစမှသည် သူမက တိမ်ပေါ်တွင်နေနေခဲ့ခြင်းဖြစ်၏။ သို့သော် တစ်နေ့တွင် တစ်စုံတစ်ယောက်၏ လှေကားကိုဖက်တွယ်ကာ တက်လာခဲ့ခြင်းဖြစ်ကြောင်းသိလိုက်ရပြီး သူမ၏မူလနေရာသို့ ပြန်ပို့ခံခဲ့ရသည်။ ထို့နောက် အမှန်တရားကို လက်မခံနိုင်ဖြစ်ခဲ့သည်။ 


ကျောင်းမှအတန်းဖော်များသည် ရှက်နေကြကာ ရှစ်ကျစ်ထန်သည်လည်း ခြွင်းချက်မရှိပေ။ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသွားသည့် နေ့လည်ခင်းတွင် သူက မုန့်ရှစ်ရွှမ်၏နေရာလွတ်နေသည်ကိုမြင်၍ မနေနိုင်ဘဲ ခေါင်းခါမိသည်။ 


မုန့်ရှစ်ရွှမ်သည် ကိစ္စတို့ကိုကျူးလွန်ခဲ့ကာ မုန့်ချန်ကိုအပြစ်တင်၍မရချေ။ သူမက ထိုလမ်းကိုရွေးခဲ့တာဖြစ်သည်။


သူမသာအချိန်မီရပ်တန့်လိုက်ပါက ယခုလိုအဆုံးသတ်လိမ့်မည်မဟုတ်ပေ။ သို့သော် ယခုတစ်ခေါက်တွင် ချင်းယောင်နှင့် အတန်း(၁၉)မှကျောင်းသားများသာ အချိန်မီရောက်မလာခဲ့ပါက ကျုံးယို့ယို့ ထိခိုက်သွားနိုင်ချေရှိသည်။  


ထို့ကြောင့် ရှစ်ကျစ်ထန်၏မျက်လုံးထဲတွင် မုန့်ရှစ်ရွှမ်အတွက် စာနာမှုတို့ရှိမနေပေ။ 


ယင်ချူးချူးအတွက်ကတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးနောက် မုန့်ရှစ်ရွှမ်၏ပစ္စည်းများအား  အတတ်နိုင်ဆုံးရှင်းလင်းပေးလိုက်သည်။ သို့သော် ထုတ်ပိုးပြီးသွားသည့်နောက် မည်သူ့ထံပို့ရမည်ကိုမသိချေ။ 


သူမကအထက်တန်းဒုတိယနှစ်သို့သွား၍ ကျုံးရှီယို့ကိုရှာကာ မုန့်ရှစ်ရွှမ်ပစ္စည်းများအား ပြန်ပေးပေးရန်ပြောလိုက်သည်။ သို့သော် မထင်မှတ်ထားစွာနှင့် ကျုံးရှီယို့သည် မုန့်ရှစ်ရွှမ်၏နာမည်ကို ကြားသည်နှင့် မျက်နှာမည်းမှောင်သွားကာ ချက်ချင်းပင် ခက်ထန်လာတော့သည်။ 


“လွှင့်ပစ်လိုက်တော့” သူကအေးစက်စွာနှင့်ပြောလိုက်၏။ 


အဖြစ်အပျက်များသည် အနည်ထိုင်သွားပြီဖြစ်သော်လည်း ကျုံးပါပါးနှင့်ကျုံးရှီယို့၏ စိတ်ထဲတွင် အကြိတ်အခဲတို့ ရှိနေသေးသည်။ 


ကောလိပ်ဝင်ခွင့်စာမေးပွဲစတင်ပြီးနောက်တစ်ရက်တွင် ကျုံးယို့ယို့စာမေးပွဲခန်းထဲမှထွက်လာသောအခါ ချင်းယောင်သာမက ကျုံးပါပါးနှင့် ကျုံးရှီယို့သည်လည်း သူမအားစောင့်နေသည်ကိုတွေ့လိုက်ရသည်။ 


ကျုံးပါပါးသည် မိသားစုညစာအတူစားရန်မျှော်လင့်ထားသော်လည်း ကျုံးယို့ယို့နှင့်ချင်းယောင်တို့သည် နီးကပ်နေကြပြီး သူတို့အားအေးစက်နေသည်ကိုတွေ့သောအခါ ဝမ်းနည်းလာမိသည်။ သို့သော် ကျုံးယို့ယို့အဆင်ပြေနေသည်ကိုမြင်နေရသရွေ့ သူတို့စိတ်သက်သာရာရမိ၏။ 


ထို့ကြောင့် သားအဖနှစ်ယောက်သည် ကျုံးယို့ယို့နှင့် ချင်းယောင်တို့ ကားထဲဝင်သွားသည်ထိကြည့်နေလိုက်သည်။ 


ဤသို့ဖြင့် အရာအားလုံးသည် အဆုံးသတ်သို့ရောက်လာတော့သည်။


ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသွားပြီးနောက် နွေရာသီအားလပ်ရက်တွင် ကျုံးယို့ယို့သည် တိုက်ခန်းထဲ၌ သုံးရက်သုံးညတိုင်တိုင် အိပ်နေခဲ့သည်။ သူမနိုးလာသောအခါ ဘယ်အချိန်ရှိနေပြီလဲမသိချေ။ မီးဖွင့်မထားဘဲ ချင်းယောင်သည် မီးဖိုခန်းထဲ၌ သစ်သီးတို့ကိုလှီးနေသည်။ ကျုံးယို့ယို့ သမ်းနေသည်ကိုတွေ့သောအခါ သစ်သီးပန်းကန်ကို လှမ်းလိုက်ရင်း


 “ကောင်းကောင်းအနားယူလိုက်ရဲ့လား” 


“မဆိုးပါဘူး” ကျုံးယို့ယို့က အကြောဆန့်လိုက်ကာ “ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေနေတုန်းမှာ ကျွန်မ တော်တော်ပိန်သွားတယ်။ စာမေးပွဲတွေဆက်တိုက်ဖြေလိုက်လို့ ပင်ပန်းသွားတာဖြစ်မယ်” 


ချင်းယောင်ပြုံးလိုက်၍ တစ်ဖက်ကသစ်သီးပန်းကန်ကိုကိုင်ထား၍ တစ်ဖက်ကကျုံးယို့ယို့လက်ကိုကိုင်ထားကာ လသာဆောင်တွင် ရပ်နေကြသည်။ လေတို့ကတိုးဝှေ့တိုက်ခတ်လာပြီး နေဝင်သွားပြီးနောက် အပူချိန်သည်လျော့နည်းလာ၏။ ကျုံးယို့ယို့က လသာဆောင်အောက်မှ ကားများသွားလာနေသည်ကိုကြည့်နေရင်း ချင်းယောင်၏ ပခုံးပေါ်သို့ ပျင်းရိစွာ မှီလိုက်သည်။ 


ကုန်လွန်ခဲ့သည့် အချိန်တစ်နှစ်အား ပြန်တွေးကြည့်လိုက်လျှင် မုန့်ချန်အားထောင်ထဲသို့ပို့လိုက်ခြင်းနှင့် မုန့်ရှစ်ရွှမ်အား ဆိုင်းငံ့ထောင်ဒဏ်နှင့် ပြစ်ဒဏ်ချမှတ်နိုင်ခဲ့သည်မှာ အလွန် ရင်ဖိုစရာကောင်းလှသည်။ 


သို့သော် မုန့်ရှစ်ရွှမ်၏ကိစ္စနှင့်ပတ်သက်၍ ကျုံးပါပါးသည် ဆုံးဖြတ်ချက်ပြတ်သားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမက လွန်ခဲ့သည့်ရက်အနည်းငယ်အထိ ကြောက်လန့်နေခဲ့၍ မုန့်ရှစ်ရွှမ်အားဖြေရှင်းရန် အချိန်မပေးနိုင်ခဲ့ကာ သူမအား ရဲတို့ရှာမတွေ့ခင်အထိ ကျုံးယို့ယို့သည် ညဘက်များတွင် သေချာအိပ်မရခဲ့ချေ။ 


ကျုံးယို့ယို့က သူမစိတ်ထဲတွင် မည်သို့ခံစားနေရကြောင်း ဖော်မပြတတ်ဖြစ်မိသည်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် သူမသည် ကျုံးမိသားစုအား လျစ်လျူရှုထားဆဲဖြစ်၏။ ကျုံးမိသားစုအား ဆွေမျိုးများအဖြစ် ဆက်ဆံခြင်းကို သူမမည်သောအခါမှ လုပ်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ထိုအကွာအဝေးအား ခြားထားရန်လိုလိမ့်မည်။ 


ကျုံးမိသားစုဘက်တွင် သူတို့သည် အပြစ်ရှိသည်ဟုခံစားရသော်လည်း သူတို့အားတစ်နေ့လုံးနေမှ တစ်ခါတောင် ဂရုမစိုက်သည့် ကျုံးရှီယို့ရှိသေးသည်ပင်။ 


ကျုံးယို့ယို့အတွေးများနေမိ၏။ နှစ်ရက်ကြာပြီးနောက် ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်တို့ ထွက်မလာခင် ချင်းယောင်ကသူမအား မြို့တော်သို့လိုက်ပို့ပေးသည်။ သူမသည် သုတေသီအဖွဲ့အစည်း၏ နွေရာသီစခန်းသို့သွားလိုက်သည်။ 


သေချာပေါက် ရှစ်ကျစ်ခန်လည်းလာခဲ့ပြီး ချင်းယောင်မျက်နှာသည် ရှစ်ကျစ်ထန်အားတွေ့သောအခါ မသာမယာဖြစ်လာတော့သည်။ ကျုံးယို့ယို့သည် ရှစ်ကျစ်ထန်နှင့်အတူ တစ်လခွဲကြ‌အောင် နွေရာသီစခန်းတွင် ရှိနေမည်ကိုတွေးလိုက်သောအခါ စိတ်ထဲတွင် မသက်မသာခံစားလာရသည်။ 


ကျုံးယို့ယိုပြုံးမိသည်။ သူသဝန်တိုနေသည်ကိုကြည့်ရင်း သူမသူ့ကိုမနိုင်တော့ပေ။ နွေရာသီစခန်းတွင် ရှစ်ကျစ်ထန်အား ကောင်မလေးရှာတွေ့သွားရန် မျှော်လင့်သည်။ ရှစ်ကျစ်ထန်ကောင်မလေးရသွားသည့်အခါ ချင်းယောင်သဝန်တိုတော့မည်မဟုတ်ပေ။ 


ရှစ်ကျစ်ထန်သည် ကျုံးယို့ယို့နှင့်ချင်းယောင်တို့ တစ်ယောက်ကိုတစ်ယောက် ကျီစယ်နေသည်ကိုကြည့်ရင်း ကူကယ်ရာမဲ့သလိုခံစားလာရ၏။ သူတစ်ယောက်တည်းဖြစ်နေလျှင်တောင်မှ မည်သူကိုမှစိတ်မဝင်စားပေ။ သူကကျုံးယို့ယို့အပေါ် ခံစားချက်တို့မရှိတော့ကာ ရှစ်မိသားစုသည်လည်း ကပ်ဆိုက်သည့်အချိန်သို့ ရောက်လာတော့မည်။ ထိုအချိန်အတွက် သူ့ကိုယ်သူကြံ့ခိုင်အောင် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်သည်။ 


သုတေသီအဖွဲ့အစည်း၏ နွေရာသီစခန်းတွင် ရက်တော်တော်များများကုန်ဆုံးပြီးနောက် ကောလိပ်ဝင်ခွင့်စာမေးပွဲ ရလဒ်တို့ထွက်လာတော့သည်။ 


ချင်းယောင်က ကျုံးယို့ယို့အားကြို၍ ပြန်လာကြသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲသည် ပြည်နယ်အဆင့်ဖြစ်ပြီး ကျုံးယို့ယို့အတွက်အသေးအဖွဲလေးပင်ဖြစ်ရာ ရလဒ်တို့အား အသည်းအသန်စစ်ဆေးမနေပေ။ 


သူမ မကြည့်ရသေးမှာပင် လီသုန်းဖျင်သည်ဖုန်းခေါ်လာခဲ့သည်။ဖုန်းထဲတွင် လီသုန်းဖျင်သည် အလွန်စိတ်လှုပ်ရှားနေ၍ 


“ဘုရားရေ မင်းတကယ်ကိုပြည်နယ်မှာ အဆင့်တစ်ရသွားတာပဲ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြည်နယ်မှာ အဆင့်တစ်ရတယ်လို့ ပြီးတော့ သိပ္ပံမှာ အမှတ်အများဆုံးရတယ်” 


လီသုန်းဖျင်စာသင်လာခဲ့သည်မှာ နှစ်အများကြီးရှိပြီဖြစ်သော်လည်း ပြည်နယ်အဆင့်တစ်သည် သူ့လက်အောက်မှ ထွက်လာဖူးခြင်းမရှိချေ။ စိတ်လှုပ်ရှားလွန်းသောကြောင့် သူသေပင်သေသွားနိုင်သည်။ သူကကျုံးယို့ယို့နိုင်ငံလုံးဆိုင်ရာ ဗိုလ်လုပွဲတွင် အနိုင်ရသွားခြင်းထက် ပို၍စိတ်လှုပ်ရှားနေ၏။ ၎င်းသည် ဂိမ်းတစ်ခုသာသာဖြစ်သည်။ ထိုပြိုင်ပွဲသည် သူနှင့်မသက်ဆိုင်သော်လည်း ယခုက ကောလိပ်ဝင်ခွင့်စာမေးပွဲဖြစ်သည်။


သူ့ဘဝတစ်လျှောက်တွင်ဆရာလုပ်လာခဲ့ပြီး ယခုတော့ ပြည်နယ်အဆင့်တစ်ကျောင်းသူသည် ပေါ်ပေါက်လာခဲ့ရာ သူ၏ဂုဏ်သတင်းသည်လည်း ကျော်ကြားလာမည်ဖြစ်သည်။  


သူ၏စိတ်လှုပ်ရှားနေမှုနှင့် ယှဥ်လျှင် ကျုံးယို့ယို့သည် အရာအားလုံးကမျှော်လင့်သလိုဖြစ်လာသကဲ့သို့ အလွန်အမင်းတည်ငြိမ်နေသည်။ သို့သော် ကျုံးယို့ယို့သည် သူမ၏ရည်မှန်းချက်အား ပြီးမြောက်သွားပြီးနောက် ပျော်ရွှင်နေဆဲဖြစ်သည်။ 


သူမက များပြားလှသော တက္ကသိုလ်များထဲမှ သွားချင်သည့်တစ်ခုအား ရွေးရတော့မည်။ 


သူမက ပြည်နယ်အဆင့်တစ်ဖြစ်သောကြောင့် သေချာပေါက် သူမသွားချင်သည့်တက္ကသိုလ်အား ရွေးချယ်၍ရလိမ့်မည်။ 


ထို့နောက် အတန်း(၁၉)မှာ အတန်းဖော်များသည် သူမအား ဂုဏ်ပြုရန်ဖုန်းခေါ်လာကြသည်။ ကျုံးယို့ယို့သည် သူမအတန်းထဲရှိအတန်းဖော်များနှင့် အထူးသဖြင့် စွန်းမန့်သည် စာမေးပွဲတွင် သေချာဖြေနိုင်ခဲ့ကြောင်း သိသည်။ အမှတ်များထွက်လာပြီးနောက် သူတို့သည် နိုင်ငံရေးအထူးပြုနှင့် ဥပဒေတက္ကသိုလ်တို့အားဝင်ရောက်နိုင်ရန် အမှတ်ကောင်းကြသည်။ 


သို့သော် ရွှီရှောင်ယွဲ့နှင့် ရန်ကျီအန်းတို့သည် တက္ကသိုလ်တစ်ခုတည်းကိုသာ လျှောက်ကြပြီး ၎င်းသည်နိုင်ငံ၏ ထိပ်ဆုံးအဆင့်၁၀တွင်ပါဝင်သည့် နာမည်ကြီးတက္ကသိုလ်ဖြစ်သည်။


ရှစ်ယိမုန့်သည်လည်း တက္ကသိုလ်ကောင်းသို့လျှောက်နိုင်လိုက်၍ လီသုန်းဖျင်ကသူ့အားမျှော်လင့်မထားခဲ့ပေ။


ကျုံးယို့ယို့သည် ရှီးယွိချီအားဖုန်းဆက်၍ မေးလိုက်၏။ ရှီးယွိချီသည် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွင်း စိတ်လှုပ်ရှားနေခဲ့ကာ ကောင်းကောင်းမဖြေနိုင်ခဲ့ပေ။ သို့သော် နောက်ဆုံးတွင် သူမသည် ဒုတိယဦးစားပေးကောလိပ်သို့အမှတ်မှီလိုက်ရာ ရှီးယွိချီအတွက်‌ ကောင်းလေသည်။ 


ဖုန်းထစ်ဖက်တွင် ရှီးယွိချီသည် ငိုမလိုဖြစ်နေတော့သည်။ သူမတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ၌ ယခုလိုတွေ့ကြုံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ 


အတန်းဖော်များ၏ အမှတ်များအားမေးမြန်းပြီးနောက် ကျုံးယို့ယို့၏ဖုန်းသည် ဆက်လက်မြည်နေသေး၏။ သူမကြည့်လိုက်ရာ ကျုံးပါပါးနှင့် ကျုံးရှီယို့တို့သည် ခေါ်ဆိုမှုမှတ်တမ်းတွင် နေရာယူထားကြောင်း တွေ့လိုက်ရသည်။   


ခေတ္တတုံ့ဆိုင်းနေပြီးနောက် သူမက ကျုံးပါပါး၏ဖုန်းကိုကိုင်လိုက်သည်။ ကျုံးမိသားစုသုံးယောက်တို့သည် ဖုန်းတစ်ဖက်တွင် အလွန်အမင်း ပျော်ရွှင်နေကြ၏။ ကျုံးပါပါး၏မျက်နှာသည် စိတ်လှုပ်ရှားနေမှုကြောင့် နီရဲနေ၍ 


“ယို့ယို့ သမီးဆရာက သမီးပြည်နယ်မှာ ပထမရတယ်လို့ လှမ်းပြောတယ်”


ကျုံးယို့ယို့တုံ့ပြန်လိုက်သည်။ “အင်း ဟုတ်တယ်”


“အစ်မ အရမ်းတော်တာပဲ” 


ကျုံးရှီယို့သည် အကျယ်ချဲ့ကာပြောလိုက်၏။ သူ့အားအပြစ်တင်၍မရချေ။ သူကအလွန်စိတ်လှုပ်ရှားနေသောကြောင့်ဖြစ်သည်။ ကျုံးယို့ယို့အင်အားကြီးလာလေ၊ သူသည်လည်း ပိုဝေးဝေးသွားနိုင်လေဖြစ်ပြီး သူ့အစ်မကိုလဲပြန်ပေးဆပ်ရမည်ဖြစ်သည်။ 


ကျုံးယို့ယို့အား ယခင်ဘဝကဲ့သို့ မုန့်ရှစ်ရွှမ်အမေ၏ သမီးအဖြစ်နှင့် သူတို့မိသားစု၏ ဆိုးဝါးစွာဆက်ဆံမခံရ၍ ကောင်းမွန်သည့်ဘဝကိုပိုင်ဆိုင်ရန် သူမျှော်လင့်ထားခဲ့သည်။ သူ့အစ်မသည် ဟိုးအစကတည်း ယခုလို မျက်စိကျိန်းစွာ တောက်ပနေရမည်ဖြစ်သည်။  


ကျုံးပါပါးနှင့် ကျုံးမာမားတို့သည် ခံစားချက်တို့ရှုပ်ထွေးနေကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ကိစ္စအများကြီးဖြစ်ပျက်ခဲ့ပြီးနောက် ကျုံးယို့ယို့၏ ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်များသည် သူတို့အတွက် အကြီးမားဆုံး နှစ်သိမ့်မှုဖြစ်သည်။ အနာဂတ်တွင် ကျုံးယို့ယို့သည် ပိုမြင့်မြင့်နှင့် ဝေးဝေးအား ပျံသန်းနိုင်လိမ့်မည်။ သို့သော်…


ဖုန်းခေါ်ဆိုမှုများ များပြားလာကာ ကျုံးယို့ယို့မကိုင်တွယ်နိုင်သော်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ရလဒ်အကြောင်းအား သေချာပေါက်ချင်းယောင်အား ဝေမျှချင်မိသည်။


နှစ်ရက်ကြာပြီးနောက် သူမနှင့် ချင်းယောင်တို့သည် မြို့တော်သို့အတူပြောင်းရွှေ့သွားကြ၏။


မြို့တော်တွင် အိမ်ရှာသည်မှာ နှစ်ရက်ကြာမြင့်သွားသည်။ ကျုံးယို့ယို့က ကြမ်းပြင်မှ မျက်နှာကျက်ထိရှိသည် မှန်ပြတင်းပေါက်တို့ကိုကြိုက်နှစ်သက်သောကြောင့် ချင်းယောင်သည် သုတေသီအဖွဲ့အစည်းကိုသွားသည့် ရထားလိုင်းနှင့်နီးပြီး တောင်နှင့်မြစ်များကိုပါမြင်နိုင်သော အကောင်းဆုံးနေရာအားဝယ်လိုက်သည်။


ဧည့်ခန်းတွင် ကြမ်းပြင်မှမျက်နှာကျက်ထိရှိသည့် မှန်ပြတင်းပေါက်များရှိပြီး မီးဖိုချောင်လဲပါကာ အခန်းကြီးသုံးခန်းနှင့် ထွင်းဖောက်မြင်ရသည့်နေရောင်ခံအခန်းလဲရှိသည်။


နောက်တစ်ဆင့်သည် ပန်းအမျိုးအစားမျိုးစုံတို့ကိုဝယ်၍ နေရောင်ခံအခန်းထဲတွင် ထားရန်ဖြစ်ပြီး ပရိယောဂများကိုသယ်ရမည်။ ကျုံးယို့ယို့ကရုတ်တရက် သူမဘဝသည် ပြီးပြည့်စုံသလိုခံစားလိုက်ရ၏။ 


ရွေးချယ်ထားသော ပရိဘောဂများကို အလုပ်သမားများအား အိမ်သို့ရွှေပေးရန် အကူအညီတောင်းလိုက်သည်။ သူတို့စျေးဝယ်ထွက်နေကြရင်း မြို့ပြရေးရာဗျူရိုရှေ့မှဖြတ်သွားသောအခါ ချင်းယောင်ကမနေနိုင်ဘဲ အထဲသို့ကြည့်မိသည်။ 


ကျုံးယို့ယို့က သူ့အားရယ်လိုက်ကာ “စိတ်မရှည်နိုင်ဖြစ်နေလိုက်တာ ကျွန်မကလက်ထပ်ဖို့ အသက်မပြည့်သေးဘူး အဲ့တာကြောင့် အခုလောလောဆယ် တို့ဟူးပူပူလေးစားဖို့စိတ်မရှည်ဖြစ်နေတယ်” 


ချင်းယောင်သည်လဲပြုံးလိုက်ကာ “ခြေထောက်တွေညောင်းနေလား” 


“နည်းနည်း...” ကျုံးယို့ယို့စကားမဆုံးသေးမှာဘဲ ချင်းယောင်သည် သူမရှေ့တွင်ထိုင်ချလိုက်ကာ ပြောလိုက်သည်။ “တက်လိုက်”


“ချင်းယောင် ရှင်ကအကောင်းဆုံးပဲ” ကျုံးယို့ယို့သည် ရေခဲမုန့်ကိုကိုင်ထား၍ အလျင်အမြန်တက်လိုက်ကာ ချင်းယောင်နားထဲသို့တီးတိုးပြောလိုက်၏။ “ရှင့်ကို ချစ်လွန်းလို့သေတော့မှာပဲ” 


ချင်း‌ယောင်နားရွက်တို့ နီရဲသွားတော့သည်။ 


သူကဖြည်းဖြည်းချင်း ကျုံးယို့ယို့အား ကုန်းပိုးလိုက်သည်။ အချိန်တို့ကနှေးကွေးစွာ ရွေ့လျားနေပြီး ရှေ့တွင် သူတို့လျှောက်လှမ်းရမည့် အနာဂတ်ခရီးရှည်ကြီးကစောင့်ဆိုင်းနေလေသည်။ 


ကျုံးယို့ယို့သည် သိပ္ပံသုတေသီအဖွဲ့အစည်းတွင် ပြောင်မြောက်လှသည့် လုပ်ဆောင်ချက်တို့ကို ပြသလိမ့်မည်ဖြစ်ပြီး မြို့တော်တွင် စက်မှုလုပ်ငန်းတို့ကို စတင်လုပ်ဆောင်လိမ့်မည်။ 


ထိုအချိန်တွင် ချင်းယောင်သည် ကမ္ဘာပေါ်တွင် ကံအကောင်းဆုံးလူသားအဖြစ် ခံစားလိုက်ရ၏။ မနှစ်ကနွေရာသီတွင် ကျုံးယို့ယို့သည် ကျုံးအိမ်မှပြောင်းရွှေ့ရန် ဘာကြောင့်အကူအညီတောင်းခဲ့သည်ကို အများကြီးမတွေးခဲ့ပေ။ ထို့နောက်သူမသည် သူ့အားတဖြည်းဖြည်းနှင့် မှီတွယ်လာခဲ့သည်...  


ထိုအချိန်၌ ကျုံးယို့ယို့နှင့် အနာဂတ်ကိုအတူဖြတ်သန်းကုန်ဆုံးရန် အခွင့်အရေးပေးခဲ့သည်ကို အလွန်ကျေးဇူးတင်မိသည်။ 


ချင်းယောင်သည် ဘယ်သောအခါမှ ကျုံးယို့ယို့အပေါ် စိတ်မဆိုးမငြင်းဆန်မပြုလုပ်ကာ သူမအားနောက်ကျောခိုင်း၍ ထွက်သွားမည်မဟုတ်ပေ။ 


သူသည်အမြဲတမ်း သူမအား နှလုံးသားတစ်ခုလုံးနှင့် စောင့်မျှော်နေမှာဖြစ်သည်။ 


ပြီးပါပြီ။




Translated by IQ Team 🥰😍😘😘😘