အပိုင်း ၁၆၄
Viewers 14k

Chapter 164



ချင်းယောင် မုန့်ချန်အား စုံစမ်းစစ်ဆေးမှုမလုပ်ခင်၌ သူမသမီးအား ပိုက်ဆံများကိုလွှဲပေးခဲ့ပြီးဖြစ်၍ သူဆက်လက်ခြေရာမခံလိုက်ချေ။ ဤပိုက်ဆံများသည် မုန့်ရှစ်ရွှမ်၏လသို့က်ထဲရောက်သွားပြီဖြစ်သည့်အတွက် သူဝင်ရောက်စွက်ဖက်ရန် မလိုတော့ပေ။ 


သို့သော် သူကျောင်းကိုကားဖြင့်သွားနေသည့်အချိန်တွင် စိုးရိမ်နေမိသည်။ မိုးရွာနေသည်မှာ နှစ်ရက်ရှိပြီဖြစ်ပြီး ကောင်းကင်သည်လည်း အုံ့မှိုင်းနေ၏။ ကျောင်းဂိတ်ပေါက်ဝတွင် စောင့်နေသော်လည်း ကျုံးယို့ယို့ထွက်လာသည်ကို မတွေ့ရသဖြင့် မနေနိုင်တော့ဘဲ ဂိတ်စောင့်အားနှုတ်ဆက်ကာ မောင်းဝင်လာလိုက်သည်။ 


ကားရှေ့မီးကိုဖွင့်လိုက်ကာ မင်းသယ်အထက်တန်းကျောင်းသည် ကားမီးရောင်ဖြင့် အရိပ်တို့ဖြစ်ပေါ်နေတော့သည်။ 


ရုတ်တရက် စာသင်ဆောင်၏ တစ်ဖက်ခြမ်းရှိ လူပြတ်နေသောလမ်းသည် ချင်းယောင်မြင်ကွင်းထဲသို့ဝင်လာခဲ့၏။ ထိုခဏတွင်ပဲ သူ့နှလုံးသားသည်တင်းကြပ်သွားကာ တစ်ခုခုမှားနေသည်ဟုခံစားရ၍ မြန်မြန်မောင်းသွားလိုက်သည်။   


ထိုလူသည် ဓားကိုင်ထားကြောင်းကို ကျုံးယို့ယို့သတိထားမိ၏။ ထိုအချိန်တွင် သူမသည်ခေါင်းအထိ ကြက်သီးထသွားတော့သည်။ သူမတစ်ခါမှ ယခုလိုမြန်မြန်မပြေးဖူးခဲ့ပေ။ ချင်းယောင်ကားမီးရောင်ကိုတွေ့သောအခါ အသည်းအသန်ပင် ပြေးသွားလိုက်သည်။ သို့သော် သူမနောက်မှလူသည် သူမဆီသို့တဖြည်းဖြည်းနှင့်နီးကပ်လာလေသည်။


ကျုံးယို့ယို့က သူမ၏အလိုလိုသိစိတ်သည် ဘာကြောင့်ဒီလောက်တိကျနေရလဲမသိတော့ချေ။ ဤလူသည် ထူးထူးခြားခြား ရင်းနှီးနေသလိုခံစားနေရခြင်းကြောင့်ဖြစ်နိုင်သည်။ ထို့နေ့ ထိုက်ကျင်းလမ်းဟောင်းတွင် ရှိနေကြသူများထဲမှ တစ်ယောက်ဖြစ်လိမ့်မည်ဟု သူမထင်၏။ 


"ဘယ်သူများလဲ...စဥ်းစားလို့ရတာဘယ်သူရှိလဲ...မုန့်ချန်တော့မဖြစ်နိုင်ဘူး...မုန့်ရှစ်ရွှမ်များလား..."


ထိုလူ နီးသထက်နီးလာသည့်အချိန်၌ ချင်းယောင်ကားသည် ကျုံးယို့ယို့နှင့်ထိုလူကြားကို ဝင်ဆောင့်လိုက်တော့သည်။ ထိုအချိန်တွင် ကားစက်အင်ဂျင်သံနှင့်တာယာသံများသည် အနှီလူအား ထိတ်လန့်သွားစေ၏။ 


စက္ကန့်အနည်းငယ်လောက် ကျုံးယို့ယို့နှလုံးသားသည် အခုန်မြန်သွားကာ ချင်းယောင်ဆီသို့ပြေးသွားလိုက်သည်။   


ချင်းယောင်က ကျုံးယို့ယို့ကို တင်းကြပ်စွာပွေ့ဖက်လိုက်၍ သူမ၏မျက်နှာလေးအား စိတ်ပူပန်စွာ ထိတွေ့မိသည်။ 


ကျုံးယို့ယို့သည်လည်း သူ့အားဖက်လိုက်၍ “ကျွန်မ အဆင်ပြေပါတယ်” 


တစ်ချိန်တည်းမှာပင် လူအုပ်ကြီးသည် စာသင်ခန်းသုံးပစ္စည်းများကိုကိုင်ရင်း ပြေးလာကြသည်။ ဒီအဖြစ်အပျက်အား သူတို့သည် မျက််ြမင်ကြုံတွေ့ရမည်ဟု ထင်မထားခဲ့ပေ။ 


“ချီးပဲ” လူကြီးက တီးတိုးပြောလိုက်သည်။ 


သူသည် လူမမြင်နိုင်စေရန် ရက်အတော်ကြာအောင် စောင့်ကြည့်နေခဲ့ပြီး ကျောင်းပတ်လည်ကိုလဲ အဆက်မပြတ်သွားနေခဲ့သည်။ သို့သော် မုန့်ရှစ်ရွှမ်က ကျုံးယို့ယို့သွားလေ့ရှိသော လမ်းကြောင်းအားလုံးအား ပြောပြပြီးသည့်တိုင် သူသည် အခွင့်အရေးမရလိုက်ပေ။ 


ချင်းယောင်သည် သူမကိုကြိုရန်ကျောင်းသို့အချိန်ကိုက်ရောက်လာရမည်ဖြစ်သော်လည်း ယနေ့တွင် နောက်ကျနေခဲ့သည်။ သူကစိတ်မချနိုင်ဖြစ်နေကာ ဂိတ်ပေါက်ဝမှဖြတ်ဝင်၍လည်းမရပေ။ ယနေ့ရာသီဥတုသည် အုံ့မှိုင်းနေသောကြောင့် နံရံကိုကျော်၍ဝင်လာလိုက်ရာ သတိထားမိသူမရှိချေ။ 


ထိုအချိန်တွင် ကျောင်းထဲ၌ လူတစ်ယောက်မှရှိမနေပေ။ ကျုံးယို့ယို့ဤလမ်းအတိုင်းလာလိမ့်မည်ဟု ခန့်မှန်းလိုက်၏။ အခွင့်အရေးကိုယူကာ အောင်မြင်အောင်ဆောင်ရွက်ရန် ပြင်ဆင်ထားသော်လည်း မိသွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။ 


သူက ချင်းယောင်၏ကားနှင့် အတန်း(၁၉)မှ ကျောင်းသားများ၏ အဝိုင်းခံထားရ၏။ အချို့ကျောင်းသားများသည် ဒေါသတကြီးနှင့်အော်လာကြသည်။ 


“ခင်ဗျားကဘယ်သူလဲ... ကျောင်းထဲကို ဘယ်လိုဝင်လာတာလဲ” 


ထိုလူသည်ထိတ်လန့်နေကာ ထွက်ပြေးချင်သော်လည်း ချင်းယောင်ကိုတော့ရင်မဆိုင်ရဲပေ။ ထို့ကြောင့် ပိန်လှီ၍ ငယ်ရွယ်သေးသော ကျော်းသားများဘက်မှ ဖောက်ထွက်ရန်ကြိုးစားလိုက်သည်။ ဤနေရာမှ လွတ်မြောက်ချင်သော်လည်း ယောက်ျားလေးနှစ်ယောက်၏ ချုပ်နှောင်ခြင်းခံလိုက်ရသည်။ 


ဤလူသည် ဓားကိုကိုင်၍ ကျုံးယို့ယို့နောက်ကို ပြေးလိုက်လာသည်ကို သူတို့အကုန်တွေ့လိုက်သည်။ ကျုံးယို့ယို့သည် အတန်းအတွက် မည်သို့သောသူဖြစ်သနည်း။ 


ကျုံးယို့ယို့သည် ကြောက်လန့်နေရာမှ စိတ်တည်ငြိမ်သွားပြီး


 “ဘယ်သူခိုင်းလိုက်တာလဲ... ရှင့်ကိုဘယ်လောက်ပေးထားလဲ” 


ထိုလူကြီး၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများပြည့်နှက်နေ၍ လျင်မြန်စွာပြောလိုက်သည်။


 “ပြောပြရင် ငါ့ကိုလွှတ်ပေးမှာလား” 


စကားဆုံးသွားသည်နှင့် သူက ကျုံးယို့ယို့ဆီသို့ပြေးသွားလိုက်ကာ ဓားကို‌မြှောက်လိုက်သည်။ 


သို့သော် ချင်းယောင်ကတားဆီးလိုက်ကာ ကျုံးယို့ယို့အား သူ့ဘေးကိုပို့လိုက်၏။ သူ့မျက်နှာသည် အေးစက်နေပြီး ရဲကိုဖုန်းဆက်လိုက်သည်။ 


အနှီလူကချက်ချင်းပင် ရိုးသားသည့်ပုံပေါက်သွား၍ ရဲစခန်းကိုသွားချင်နေပြီး အမှန်တရားကိုပြောနေချင်တော့သည်။ 


သို့သော်လည်း အတန်း(၁၉)မှ ကျောင်းသားဆယ်ယောက်သည် ဒေါသထွက်နေကြတုန်းပင်။ ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင် တစ်ရက်အလို၌ ဤကဲ့သို့သောလုပ်ရပ်မျိုးကိုလုပ်ရဲသည်။ အလွန်ရှက်စရာကောင်းသည်ပင်။ ကျုံးယို့ယို့အား စာမေးပွဲတွင်ပါဝင်ဖြေဆိုနိုင်ခြင်းမရှိအောင် ကြံစည်သည်မဟုတ်ပါလား...မည်သူက ဤမျှလောက်ရက်စက်ရသလဲ...


“ရဲကိုခေါ်စရာမလိုပါဘူး လူတစ်ယောက်လေးပဲဥစ္စာ မျှတသွားအောင်ဝိုင်းပညာပေးလိုက်ရင်ဖြစ်ပါတယ်”


ဒီလူကဘယ်သူပဲဖြစ်နေပါစေ၊ ဘယ်လိုအကြံတွေပဲရှိနေပါစေ သူ့ရဲ့လုပ်ရပ်တွေအတွက် သင်ခန်းစာတော့ပေးရမယ်။ 


ယောက်ျားလေးနှစ်ယောက်က သူ့ကိုချုပ်ထားကာ အတန်း(၁၉)မှ ကျောင်းသားများသည် စုအုံလာကာ ထိုးနှက်ရိုက်ပုတ်ကြတော့သည်။ ထိုလူကချက်ချင်းပင် မြေပေါ်တွင်ဝပ်နေတော့သည်။ ဓားကမြေပေါ်တွင်ကျနေပြီး ၎င်းအပေါ်တွင် ထိုလူ၏ လက်ဗွေရာများကျန်နေဦးမည်ဖြစ်ကာ မည်သူမှမထိကြပေ။ ရဲကားသံကြားသောအခါ ကျောင်းသားအုပ်စုကြီးသည် ကြောက်လန့်သွားကြ၏။ 


“ရဲသားဦးလေးကြီး ဒီလူကကျောင်းထဲကို ခိုးဝင်လာတာ သူ့ကိုပြင်းပြင်းထန်ထန်အပြစ်ပေးရမယ်” 


ကျုံးယို့ယို့က အနှီလူအားကြည့်လိုက်သည်။ ရုတ်တရက် ရှီယို့၏မျက်နှာပေါ်တွင် ဒဏ်ရာရလာသည့်နေ့အား မှတ်မိသွားသည်။ ထိုကလေးက သစ်ကိုင်းနှင့်ခြစ်မိသည်ဟုပြောခဲ့သော်လည်း ယုံနိုင်စရာမရှိချေ။ ထိုလူအား ရဲများခေါ်မသွားခင် သူမကဖုန်းကိုဖွင့်လိုက်သည်။ သူမကထိုလူ၏မျက်နှာနှင့် မျက်နှာပေါ်ရှိ အမှတ်ကိုသေချာစွာ ဓာတ်ပုံရိုက်ယူလိုက်သည်။ ထို့နောက် ကျုံးရှီယို့ဆီသို့ပို့လိုက်၏။ 


“ဒီလူရဲ့ ပုံစံကိုမှတ်မိလား...သူကဒီည ကျောင်းထဲကို ဓားနဲ့ဝင်လာခဲ့တယ်” 


ကျုံးရှီယို့မြင်သောအခါ ဆိုဖာပေါ်ထိုင်နေရာမှ ထရပ်လိုက်မိသည်။ 


ကျောင်းထဲကို ဓားယူလာတယ်တဲ့လား...


ကျုံးရှီယို့က အခြေအနေကိုနားမလည်သောကြောင့် ယနေ့ကျောင်းတွင်ကျန်နေခဲ့သော အတန်းဖော်အား ဖုန်းခေါ်လိုက်ကာ အကြောင်းအရာတို့ကိုမေးလိုက်သည်။ 


ကျုံးရှီယို့က နားထောင်နေရင်း သူ၏မျက်နှာသည် စာရွက်ကဲ့သို့ဖြူဖျော့လာတော့သည်။ ယခုလေးတင်အလုပ်မှပြန်လာသော ကျုံးပါပါးအား ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်သည်။ 


“မင်းအစ်မ ဒဏ်ရာရသွားတယ်ဟုတ်လား” 


ကျုံးပါပါး မေးလိုက်၏။ 


သူသည်စိတ်ပူသွားပြီး ချင်းယောင်ကိုဖုန်းဆက်လိုက်ရာ ဖုန်းမအားပေ။ 


သူတို့ကြားထားသည့်အချက်အလက်များအရ သူတို့ကူညီမပေးနိုင်ချေ။ ထိုနေရာတွင် ချင်းယောင်သာရှိပါက သေချာပေါက် ကိုင်တွယ်နိုင်လိမ့်မည်ဖြစ်သည်။ သို့သော် မိသားစုသုံးယောက်သည် ပူပင်နေကာ မနေနိုင်‌ေတာ့ဘဲ လက်ထောက်အားခေါ်ကာ ကားပြင်ဆင်ခိုင်းလိုက်သည်။ အခြေအနေတွေကို သေချာသိရန်သူတို့ကိုယ်တိုင် သွားမှဖြစ်တော့မည်။ 


ကားထဲ၌ ကျုံးရှီယို့သည် ကျုံးယို့ယို့ပို့ထားသည့် ဓာတ်ပုံအား သေချာကြည့်လိုက်သည်။ 


ဒီလူကိုငါမြင်ဖူးသလိုပဲ...


ကျုံးရှီယို့သည် ကြိုးစားတွေးကြည့်နေရင်း ရုတ်တရက်ဆိုသလို ထိုလူ၏ မျက်နှာအား မှတ်မိသလိုဖြစ်လာသည်။ အုတ်ခဲဖြင့် သူ့ခေါင်းထိခိုက်သွားသည့်နေ့…


ရုတ်တရက်ကျုံးရှီယို့သည် အခြေအနေကိုပြင်းပြင်းထန်ထန်သဘောပေါက်သွားတော့သည်။


 “အဖေ ကျွန်တော်ပြောစရာရှိတယ် ဒါပေမယ့်ကျွန်တော့်ကိုမအော်ရဘူး နားပဲထောင်ပေးနော်” 


ကျုံးပါပါးကြားသောအခါ မကောင်းသည့်ကိစ္စမှန်းသိလိုက်၏။ ယခုသူသည် ကျုံးယို့ယို့အား စိတ်ပူနေရသည်။ သူက တာဝန်ကျေစွာပြောလိုက်သည်။


 “မင်းအစ်မကိုအရင်သွားတွေ့ရအောင် မင်းအစ်မထက်ပိုအရေးကြီးတဲ့အရာရှိသေးလို့လား” 


ကျုံးရှီယို့က ဖုန်းထဲရှိ ဓာတ်ပုံကိုပြ၍ လေးနက်စွာပြောလိုက်၏။ 


“ထိုက်ကျင်းလမ်းဟောင်းမှာတုန်းက ပြဿနာတွေ အများကြီးဖြစ်ခဲ့တယ်...အဲ့ဒီလူက ကျွန်တော့်ခေါင်းကို အုတ်ခဲနဲ့ထုဖို့ကြိုးစားခဲ့တာ ကျွန်တော့်အသက်ဆုံးသွားတဲ့ထိ လုပ်ဖို့ကြံထားကြတဲ့ပုံပဲ ပြီးတော့ပြတင်းပေါက်ကကွဲသွားပြီး ကျွန်တော့်မျက်နှာမှာ ဒဏ်ရာရသွားတယ်... သစ်ကိုင်းနဲ့ခြစ်မိတာလို့ပြောခဲ့တာ တကယ်မဟုတ်ဘူး” 


ကျုံးပါပါးသည် သုံးစက္ကန့်လောက်မှင်သက်သွားပြီးနောက် ကျုံးရှီယို့၏ ခေါင်းအား ဒေါသတကြီးနှင့် ရိုက်လိုက်တော့သည်။


 “ဒီလောက်အရေးကြီးတာကို ဘာလို့မပြောခဲ့တာလဲ” 


ကျုံးရှီယို့က သူ့ခေါင်းကိုပွတ်လိုက်ကာ လေသံဖျော့ဖျော့လေးနှင့်ပြောလိုက်၏။ 


“အဲ့ဒီလူကိုမျက်နှာကိုသေချာမှ မမြင်လိုက်တာ ပြီးတော့ကုမ္ပဏီမှာလည်း ပြဿနာတွေတက်နေတော့ အဖေ့ကိုစိတ်မပူစေချင်လို့” 


ကျုံးပါပါး၏မျက်နှာသည် အုံ့မှိုင်းနေကာ ထိုလူ၏ဓာတ်ပုံအားသေချာကြည့်လိုက်သည်။ ထိုသူများသည် ဒေါသထွက်နေသည့် သာမန်လူအုပ်စုလေးဟူ၍ထင်ခဲ့သော်လည်း အဆုံးတွင် သူတို့နောက်ကွယ်၌ မည်သူရှိနေခဲ့သည်လဲ။ မုန့်ချန်အားတွေးမိလိုက်သော်လည်း သူမသည်ထောင်ထဲရောက်နေပြီး ထောင်ထဲတွင်လည်း သူမအား ကောင်းကောင်းဆက်ဆံခိုင်းထားသည့် လူများရှိရာ ထိုနေရာမှထွက်မလာနိုင်သလို အပြင်မှလဲ လူငှား၍မရနိုင်ချေ။ 


သူဝန်မခံချင်သော်လည်း မုန့်ရှစ်ရွှမ်ဖြစ်လိမ့်မည်ဟု မယုံကြည်နိုင်ပေ။ မုန့်ရှစ်ရွှမ်သည် အမှန်တကယ်ပင် အဆိပ်ပြင်းသည့်မြွေကဲသို့စိတ်ရှိပြီး ကုမ္ပဏီမှပြဿနာမှသည် ယခုကျုံးယို့ယို့ကိုပါထိပါးလာပြီဖြစ်သည်။ 


သူ၏မျက်နှာသည်မည်းမှောင်လာပြီး ဖုန်းကိုလွှင့်ပစ်လိုက်ကာ လက်ထောက်အားလောလိုက်၏။ 


“မြန်မြန်မောင်း”


ဤကိစ္စအား သူကိုယ်တိုင်ဖြေရှင်းရတော့မည်။


ထိုညတွင် ချင်းယောင်သည် ကျုံးယို့ယို့နှင့်အတူအဖော်ရှိနေပေးပြီး အတန်းဖော်များကလည်း မျက်မြင်သက်သေများအဖြစ် ထွက်ဆိုချက်ပေးရန် ရဲစခန်းသို့အတူလိုက်ပါပေးကြသည်။ ကျုံးယို့ယို့က ရဲရင့်သော်လည်း ယခုကဲ့သို့ ကြုံတွေ့လိုက်ရသည့်အခါ အနည်းငယ်တော့ထိတ်လန့်မိသည်။ 


ချင်းယောင်က သူမအား ရေခွက်ကမ်းပေးလိုက်ကာ သူမကြောက်ရွံ့နေမည်ကို စိုးရိမ်၍ပြောလိုက်၏။


 “ထွက်ဆိုချက်ပေးလို့တော့ပြီးသွားပြီ မနက်ဖြန်ကျရင် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ကိုယ်လိုက်ပို့ပေးမယ် ကျန်တာကို ကိုယ်ပဲဆက်ဖြေရှင်းလိုက်မယ်။”  


“ကောင်းပါပြီ” 


ကျုံးယို့ယို့က ရေခွက်ကိုလှမ်းယူလိုက်၍ ဖြေးညှင်းစွာသောက်လိုက်၏။ 


အခြေအနေတို့သည်ကောင်းမွန်နေကာ သူမအားလက်တုံ့ပြန်ချင်နေသူမှာ မုန့်ချန်တစ်ယောက်သာမဟုတ်ကြောင်း သေချာသွားတော့သည်။ အမှန်တကယ်တွင် မုန့်ရှစ်ရွှမ်သာ လက်တုံ့ပြန်ရန်မကြိုးစားခဲ့ပါက သူမသည်လည်း မုန့်ရှစ်ရွှမ်အားလွှတ်ထားရန်တွေးထားခဲ့သည်။ သို့သော် ဤကဲ့သို့ဖြစ်လာခဲ့သောကြောင့် ဖြေရှင်းရန် ရဲလက်သို့အပ်လိုက်ခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။ 


ချင်းယောင် ကျုံးယို့ယို့အား အိမ်ပြန်လိုက်ပို့ပေး၏။ အခြားသော အတန်းဖော်များလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ရှိသေးရာ ထွက်ဆိုချက်ပေးပြီးနောက် အိမ်သို့ပြန်ကုန်ကြသည်။ 


အိမ်သို့ရောက်သောအခါ နှစ်ယောက်သည် တံခါးဖွင့်ကာဝင်လိုက်ကြပြီး ချင်းယောင်က ကျုံးယို့ယို့အား ဆိုဖာပေါ်တွင်ထိုင်စေပြီးနောက် မီးဖိုချောင်သို့သွား၍ တစ်ခုခုချက်ရန် ပြင်ဆင်နေ၏။


ဧည့်ခန်းတွင် မီးများလင်းထိန်နေပြီး လူမရှိသောကြောင့် အနည်းငယ်ကြောက်စရာကောင်းနေသည်။ ကျုံးယို့ယို့ ဆက်ထိုင်မနေနိုင်တော့ဘဲ မီးဖိုချောင်သို့ဝင်သွားလိုက်ကာ ချင်းယောင်၏နောက်ကျောမှ ပွေ့ဖက်လိုက်၏။ 


ချင်းယောင်က သူမ၏လက်များကို ဆုပ်ကိုင်လိုက်၍


 “အခုထိကြောက်နေတုန်းပဲလား” 


ကျုံးယို့ယို့က အသံဖျော့ဖျော့ဖြင့် “အင်း”


ချင်းယောင်: “ဒါဆိုကိုယ်ဒီနေ့မပြန်တော့ဘူး”


ကျုံးယို့ယို့ကရယ်၍ ပြောလိုက်၏။ “ဒီမှာ ဘာအန္တရာယ်ရှိလို့လဲ” 


ချင်းယောင်စိတ်ထဲတွင် မနက်ဖြန်၌ ရှေ့နေ့ကိုဆက်သွယ်ရန်တွေးလိုက်သည်။ သူက ခန္ဓာကိုယ်ကိုလှည့်လိုက်၍ ကျုံးယို့ယို့အား သူ့ထံနစ်မြှုပ်မတတ် တင်းကြပ်စွာဖက်ထားလိုက်၏။ ယခုလို သူမ၏ ခန္ဓာကိုယ်အပူချိန်အား ခံစားနေရသည်ကို သဘောကျသည်။ ပွေ့ဖက်ထား၍ ကျုံးယို့ယို့အား လုံခြုံသည့်ခံစားချက်ကို ပေးနေ၏။ 


ရုတ်တရက်ကျုံးယို့ယို့သည် ခေါင်းထဲတွင် အတွေးတို့ပေါ်လာသည်။ ချင်းယောင်နှင့်သူမသည် ဟိုးအရင်ကပင် ပျော်ရွှင်စွာနေထိုင်နေကြသည့်အလား။ ၎င်းသည် စာအုပ်ကြောင့်မဟုတ်ပေ။ ပြန့်ကျဲနေသော အတွေးတို့အား မဖမ်းမိခင်မှာပင် ပြန်ပျောက်သွားတော့သည်။ 


ကျုံးယို့ယို့ခေါင်းကိုက်လာ၍ ခေါင်းခါလိုက်သည်။ 


“ဘာဖြစ်လို့လဲ” ချင်းယောင်မေးလိုက်၏။ 


“ဘာမှမဖြစ်ပါဘူး” ကျုံးယို့ယို့က ပြုံးလိုက်ရင်း “အခြေအနေတွေက ချောချောမွေ့မွေ့နဲ့အဆင်ပြေနေတာ မုန့်ရှစ်ရွှမ် ဖျက်စီးလာလိမ့်မယ်လို့ထင်မထားမိဘူး” 


“စိတ်မပူပါနဲ့ ကိုယ်ဖြေရှင်းလိုက်ပါ့မယ်” ချင်းယောင်ကလေးနက်စွာပြောလိုက်သည်။ “ကောင်လေးထားတာ ဘာအတွက်လဲ ဒီအချိန်မှာ အသုံးချရမယ်လေ” 


ကျုံးယို့ယို့ ပြုံးလိုက်၍ “ကျွန်မအိပ်ယာကိုရော နွေးအောင်လုပ်မပေးချင်ဘူးလား” 


ချင်းယောင်နားရွက်တို့ နီရဲသွားပြီး သူမနားထဲကို တီးတိုးပြောလိုက်၏။


 “မိန်းကလေးတွေက အဲ့ဒီလိုမပြောသင့်ဘူး” 


ကျုံးယို့ယို့၏ စိတ်ထဲမှနောက်ကျိနေသည်များ လွင့်ပျောက်သွားတော့သည်။ ချင်းယောင်ကသာ သူမခေါင်းထဲတွင် နေရာယူထားတော့၏။ 


“ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေပြီးရင် သုတေသီအဖွဲ့အစည်းကိုသွားရမယ် ဘာတွေဖြစ်လာမလဲမသိပေမယ့် ကျွန်မအဲ့ဒီမှာပဲ တက္ကသိုလ်ဆက်တက်ဖြစ်လိမ့်မယ်ထင်တယ်” ကျုံးယို့ယို့ခေါင်းမော့လိုက်ကာ ချင်းယောင်ကို ကြည့်လိုက်သည်။ “ဘယ်လိုလုပ်မလဲ ကျွန်မရှင်နဲ့မခွဲချင်ဘူး” 


ချင်းယောင် : “ကုမ္ပဏီရဲ့ ဌာနခွဲတွေကိုနေရာချတာက အချိန်တော်ယူရလိမ့်မယ် ဒါပေမယ့် ကိုယ်တိုက်ခန်းဝယ်ပြီးသွားရင် လာနေလို့ရတယ်လေ ဒီညမတွေးနဲ့တော့ စောစောအိပ်ရအောင်” 


“ကောင်းပြီ” ကျုံးယို့ယို့က သူမခေါင်းအား ချင်းယောင်ရင်ခွင်သို့ တိုးဝှေ့လိုက်ရင်း “ဖက်ထားပေးပါဦး” 


ယနေ့ညတွင် ကျုံးယို့ယို့သည် ထိတ်လန့်ဖွယ်ရာများကိုကြုံတွေ့ခဲ့ရပြီး ချင်းယောင်အား ဝက်ဝံကဲ့သို့မှတ်ယူကာ တစ်ချိန်လုံးဖက်ထား‌တော့၏။ 


သူကအိပ်ယာပေါ်တွင်ထိုင်လိုက်၍ အိပ်ပျော်နေသည့် ကောင်မလေးအားကြည့်လိုက်ကာ ပါးပေါ်သို့ကျနေသော ဆံနွယ်တို့ကို သပ်တင်ပေးလိုက်သည်။ 


ဒီခရီးရှည်ကြီးက မကြာခင်ပြီးဆုံးသွားတော့မှာပါ...


မုန့်ရှစ်ရွှမ်က ခရီး‌ဆောင်အိတ်ကိုဆွဲကာ လေဆိပ်သို့ အမြန်သွားနေသည်။ ထိုလူမအောင်မြင်ခဲ့ခြင်း၏ ရလဒ်က ဤသို့ဖြစ်နိုင်သည်ကို အစတည်းကသိခဲ့သင့်သည်။ ထိုလူကအဖမ်းခံလိုက်ရပြီး အရာအားလုံးအား သူမခိုင်းခဲ့တာဖြစ်ကြောင်း ပြောလိုက်လျှင် သူမဘဝသွားပြီဖြစ်သည်။ 


ယခုလိုမျိုးဖြစ်လာလိမ့်မည်ကိုသိသော်လည်း သူမစိတ်ထဲမှ နတ်ဆိုးက ပြုလုပ်စေခဲ့ခြင်းဖြစ်သည်။ 


မလိုလားတဲ့စိတ်တွေ၊ အမုန်းတရားတွေကြောင့်ဖြစ်ရတာ... ဘယ်သူကရောလိုလားခဲ့မှာလဲ...



xxxxx