(58) ဇကာတင်စာရင်းတင်သွင်းခံရခြင်း
ခန်းကျန့်က စီးပွားရေးလောကမှာ အတွေ့အကြုံမရှိတဲ့မနူးမနပ်လေးတစ်ယောက်ပါ။ ဒါပေမယ့် ဒီလိုမျိုး ဟာကွက်မရှိရင်းနှီးမြှပ်နှံမှုတစ်ခုကို သံသယမဝင်ဘူးလားဆိုတော့လည်း ... အစပိုင်းမှာ ဝင်တော့ဝင်ခဲ့တာပေါ့။
ဒါပေမယ့် အဲဒိညက ကလပ်မှာရှောင်းချန်နဲ့ဆုံတုန်း သူသိလိုက်ရတာက ရှောင်းချန်မှာ အဆက်အသွယ်တော်တော်များများရှိတယ်။ ကလပ်ကိုလာတဲ့သူဌေးတွေနဲ့ ရင်းရင်းနှီးနှီးအပြန်အလှန်နှုတ်ဆက်နေတဲ့ ရှောင်းချန်ကိုကြည့်ရင်း ခန်းကျန့်စိတ်ထဲ (၂၀)%လောက်ယုံကြည်လာတယ်။ နောက်ပိုင်းမှာလည်း ရှောင်းချန်အကြောင်းကို အစ်ကိုတုန်ဆီတီးခေါက်ကြည့်တော့ တစ်ယောက်နဲ့တစ်ယောက်သိကြတယ်လို့ အဖြေထွက်လာတယ်။ အစ်ကိုတုန်ပြောတယ်၊ သူက ရှောင်းချန်အလုပ်ကို ဂဃနဏမသိပေမယ့် ရှောင်းချန်က သူ့ဆီမှာ ပိုက်ဆံခဏခဏချေးပြီး ချေးတိုင်းလည်းအကြွေးပြန်ဆပ်တယ်တဲ့။ အကြွေးယူပြီးရှောင်ပြေးတတ်တဲ့ဖောက်သည်မဟုတ်ဘူးတဲ့လေ။ ဒါကြောင့်ပဲ ခန်းကျန့်ရဲ့ယုံကြည်မှုတွေလည်း (၃၀)%အထိ တိုးလာခဲ့ပါတယ်။
အဲဒိနောက်မှာတော့ ခန်းကျန့်က အိမ်ခြံမြေကုမ်ပဏီမှာ မြေစမ်းခရမ်းပျိုးသဘော သိန်း(၂၀) စတင်ရင်းနှီးမြှပ်နှံခဲ့တယ်။ နှစ်ပတ်အကြာမှာတော့ ကုမ်ပဏီက ကတိပေးထားတဲ့အတိုင်း အမြတ်ငွေယွမ်ခြောက်သောင်းပြန်ရခဲ့ပါတယ်။ ပိုက်ဆံတွေတစ်ပြားတစ်ချပ်မလျော့ဘဲ သူ့အကောင့်ထဲဝင်လာတော့ ခန်းကျန်ရဲ့နှလုံးသားလေးလည်း အပူမိသလိုဖြစ်သွားခဲ့ပါတယ်။
နောက်ပိုင်း သူက သိန်း(၃၀)၊ သိန်း(၅၀) တိုးတိုးပြီး ရင်းနှီးမြှပ်နှံတယ်။ အသေးစားမြှပ်နှံမှုနဲ့အရင်စမ်းသပ်ခဲ့တဲ့ခန်းကျန့်က အမြတ်ငွေတွေ သူ့အိတ်ကပ်ထဲဝင်လာမစဲဖြစ်နေတာကိုမြင်ရင်း ကုမ်ပဏီအပေါ် တစ်စထက်တစ်စယုံကြည်လာပါတော့တယ်။
အဲဒိလိုနဲ့နောက်ဆုံးမှာ သူက အချီကြီးရင်းနှီးမြှပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်။ ကုမ်ပဏီကလည်း သူ့လိုမျိုးလောဘသမားတွေအကြောင်း နောကြေနေတာကြာပြီ။ သူတို့က အခွင့်ကောင်းကိုစောင့်ရင်း ဒီတစ်ခေါက်မှာ အရင်းအနှီးကြီးကြီးအမြတ်များများပရောဂျက်တစ်ခုကို ထုတ်ပြလာတယ်။ ဒါက ရှောင်းချန် သူ့ကိုပြောပြဖူးတဲ့ သူဌေးရပ်ကွက်က အဆောက်အဦးဟောင်းတွေ ပြင်ဆင်မွမ်းမံရေးလုပ်ငန်းပဲပေါ့။
ဒီတစ်ကြိမ်မှာကုမ်ပဏီဘက်က အကျိုးအမြတ်ပုံစံသစ်ကိုချပြလာတယ်။ ပြန်ရရှိမယ့်အမြတ်ငွေက ရင်းနှီးမယ့်ပိုက်ဆံပေါ်မူတည်ပြီး ကွဲပြားသွားလိမ့်မယ်။ ဥပမာ သိန်း(၃၀၀)ရင်းနှီးရင် အမြတ်(၃၀)%ရပြီး သိန်း(၅၀၀) ရင်းနှီးရင် အမြတ်(၅၀)%ရမှာပါ။ အမြတ်ငွေကို တစ်နှစ်အတွင်းဝေပုံကျခွဲပေးမှာဖြစ်ပြီး လတိုင်းလတိုင်းမှာ သတ်မှတ်ထားတဲ့ငွေအမောင့်အတိအကျရရှိမှာဖြစ်တယ်။
အကျိုးအမြတ်ကတော့ မက်လောက်စရာ မဟားတရားပါပဲ။ အဲဒိလိုနည်းနဲ့ တစ်နှစ်ကြာပြီးတဲ့အခါ မူရင်းငွေသိန်း(၃၀၀)ကနေ သိန်း(၄၀၀)နီးပါးဖြစ်လာမယ်။ သိန်း(၄၀၀)ကိုနောက်ထပ်ပြန်ရင်းနှီးရင် နောက်တစ်နှစ်ကြာတဲ့အခါ (၅၅၀)သိန်းဖြစ်လာမယ်။ သုံးနှစ်ကြာပြီးလို့ ပရောဂျက်ပြီးသွားတဲ့အချိန်မှာတော့ သူတို့ရဲ့ဈေးကွက်တန်ဖိုးက ဆယ်ဆနီးပါးရှိလာမှာဖြစ်တယ်။ အမြတ်ငွေပြန်ပေးဖို့အတွက်လည်း ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။
အိမ်ခြံမြေကုမ်ပဏီကို (၉၀)%လောက် ယုံကြည်နေပြီဖြစ်တဲ့ ခန်းကျန့်က ဒီအကြောင်းကိုကြားပြီး နှလုံးခုန်ထွက်တော့မတတ် စိတ်လှုပ်ရှားသွားတယ်။ ကျန်တဲ့ (၁၀)%ကိုတော့.. သူက ရှောင်းချန်တစ်ယောက် ငွေသိန်းရာနဲ့ချီ ချေးနေတာမြင်ပြီး ဘာမှချီတုံချတုံမဖြစ်တော့ဘူး။ တိုက်ရိုက်ပဲ အမြတ်အများဆုံးရတဲ့ သိန်း(၅၀၀)ရင်းနှီးဖို့ ရွေးချယ်ပစ်လိုက်တယ်။ ဒါမှ နောက်နှစ်နှစ်ကြာတဲ့အခါ ငွေတန်ဖိုးက နှစ်ဆတက်ပြီး သိန်း(၁၀၀၀) လက်ဝယ်ပိုင်ဆိုင်နိုင်မှာ!
ဒီလိုလှပတဲ့အိပ်မက်လေးကို လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ သိန်း(၂၀၀)သာ လက်ထဲမှာရှိတဲ့ခန်းကျန့်က ဟိုဟိုဒီဒီလျှောက်သွားရင်းငွေချေးတယ်။ ဒါပေမယ့် အပေါင်ပစ္စည်းမရှိဘဲ ငွေချေးဖို့စိတ်ကူးရင်တော့ ဥပဒေနဲ့မလွတ်ကင်းမှပဲရမယ်။
ငွေချေးဖို့စဉ်းစားလိုက်တဲ့အချိန်မှာ ခန်းကျန့်ခေါင်းထဲအရင်ဝင်လာတဲ့သူက အစ်ကိုတုန်ဖြစ်တယ်။ ဒါပေမယ့် ဒီအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် အစ်ကိုတုန်က နိုင်ငံခြားခရီးထွက်နေတော့ ခန်းကျန့်က ရှောင်းချန်ကို အကူအညီတောင်းလေတယ်။ ရှောင်းချန်က သူ့ကို ငွေတိုးချေးသူတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။ အတိုးနှုန်းက အလွန်မြင့်ပေမယ့် ပြန်ရမယ့်အမြတ်ငွေနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး။
ဒါကြောင့် သိန်း(၅၀၀) လက်ထဲရောက်လာတဲ့ခန်းကျန့်က ပိုက်ဆံတွေအကုန်လုံးကို အိမ်ခြံမြေကုမ်ပဏီဆီ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ လွှဲပေးလိုက်တယ်။
အချိန်ကတော့ ကျလာပြီ။ ချိုးချန်ကလည်း ဒီအချိန်ကိုပဲစောင့်နေတာ။ သူက ခန်းကျန့်အကြောင်း သိပြီးပြီးချင်းပဲ ဖုန်းသုံးလေးကော်လ်ခေါ်ရင်း နောက်ဆုံးအနိုင်ဖဲကဒ်ကိုလှန်လိုက်တယ်။ သူက အမည်မဖော်လိုသူအနေနဲ့ အိမ်ခြံမြေကုမ်ပဏီရဲ့မသမာမှုတွေကို သက်ဆိုင်ရာအာဏာပိုင်တွေဆီတိုင်တန်းခဲ့တာပါ။
ပြောရရင်လည်း ဒီကုမ်ပဏီရဲ့ပုံစံက ပြေးရင်းနှီးမြှပ်နှံချင်စရာကောင်းလောက်အောင် မက်စရာကောင်းတယ်။ သာမန်လူတွေ အပြင်ပန်းကြည့်ပြီးမမြင်နိုင်ပေမယ့် ပညာရှင်မျက်လုံးနဲ့ကြည့်ရင်တော့ အတော်များများတရားမဝင်ဘူးဆိုတာ သိနိုင်တယ်။ ရဲဘက်ကသာဝင်စစ်ဆေးခဲ့မယ်ဆိုရင် နောက်ကွယ်ကလူတွေကို တရားစွဲမစွဲဆုံးဖြတ်ဖို့ကြာကောင်းကြာနိုင်ပေမယ့် ပထမဦးဆုံးအဆင့်အနေနဲ့တော့ ကုမ်ပဏီရဲ့ပိုင်ဆိုင်မှုတွေ ငွေစာရင်းတွေအကုန်လုံးကို ပိတ်သိမ်းလိုက်မှာပဲ။ ဒါပေမယ့် ဒီအဆင့်ကပဲ ခန်းကျန့်ခေါင်းကို ဆင်နင်းစေဖို့ လုံလောက်နေပြီ။ နောက်ပြီး စုံစမ်းစစ်ဆေးတဲ့ကာလသုံးလေးနှစ်ကြာလို့ ပြီးဆုံးသွားရင်တောင် ရင်းနှီးမြှပ်နှံသူတွေက ပိုက်ဆံပြန်ရမယ်လို့ အာမခံချက်မရှိဘူး။ ကုမ်ပဏီကြောင့်ဆုံးရှုံးနစ်နာသွားသူတွေကို အရင်ဦးစားပေးလျော်ကြေးပေးဦးမှာမို့လို့ပါ။
(T/N ဥပမာ အိမ်ခြံမြေကုမ်ပဏီက အဆောက်အဦးဟောင်းပြင်ဆင်မွမ်းမံမယ်လို့ အကြောင်းပြပြီး ဆောက်လုပ်ရေးကုမ်ပဏီဆီက အုတ်သဲကျောက်အကြွေးဝယ်ထားတယ်ဆိုပါစို့၊ အဲဒိဆောက်လုပ်ရေးကုမ်ပဏီကမှ အဓိကနစ်နာသူပါ၊ သူတို့ကအရင် လျော်ကြေးရမှာပါ၊ ခန်းကျန့်တို့လို ကိုယ့်လောဘနဲ့ကိုယ် လာရင်းနှီးတဲ့လူတွေကတော့ ရှုံးရင်ရှုံးတယ်လို့ပဲ တရားမှတ်နေရုံသာရှိပါတယ်)
နောက်တစ်နည်းပြောရရင်တော့ ချိုးချန်ဖုန်းခေါ်လိုက်တာနဲ့တစ်ပြိုင်နက် ခန်းကျန့်ရဲ့ငွေသိန်း(၅၀၀)လုံး လေထဲပျောက်သွားပြီလို့သာမှတ်လိုက်ပါ။ တကယ်ပါ.. ရေကန်ထဲပစ်ချတာမှ ပလုံလို့မြည်ပါလိမ့်ဦးမယ်။
ဒါတွေက သိပ်မကြာခင်ရင်ဆိုင်လာရတော့မယ့် ခန်းကျန့်ရဲ့ဘဝပေးသင်ခန်းစာတွေပေါ့။
***
ခန်းကျန့်တစ်ယောက်က သေမင်းခံတွင်းဝကို တစ်လှမ်းချင်းလျှောက်သွားနေတဲ့အချိန်မှာ ‘နေဝင်ချိန်’ရုပ်ရှင်က ရုပ်ရှင်ရုံတွေမှာ ပြသလို့ပြီးသွားတယ်။ ရုံဝင်ငွေစုစုပေါင်းကလည်း မျက်နှာပန်းလှစရာ သိန်းပေါင်းခြောက်သောင်းသုံးထောင်ရထားတယ်။ ဇာတ်သွားကိုဦးစားပေးပြီး အထူးပြုလုပ်ချက်မပါတဲ့ ‘နေဝင်ချိန်’လိုရုပ်ရှင်က ဖျော်ဖြေရေးရုပ်ရှင် ‘ရွှေနှင့်ကျောက်စိမ်းတို့အလွန်’ထက်တောင် ဝင်ငွေကောင်းခဲ့တာက ပြီးခဲ့တဲ့နှစ်တွေအတွင်း ပေါ်ပြူလာအဖြစ်ဆုံးရုပ်ရှင်တွေထဲကတစ်ခုလို့ သက်သေပြနိုင်ခဲ့ပါတယ်။
ဒါရိုက်တာရွှီဝေတစ်ယောက် ပြုံးပျော်နေလိုက်တာ ပါးစပ်တောင်စိမရခဲ့ဘူး။ နဂိုတုန်းကတော့ သူမက ဆုံးရှုံးမယ်လို့တွက်ပြီး စိတ်အခြေအနေတောင်ပြင်ဆင်ခဲ့ပြီးပြီ။ ဒါကြောင့် ကိုယ်ပိုင်ပိုက်ဆံတွေတော်တော်များများထည့်ခဲ့သေးတယ်။ ရင်းနှီးမြှပ်နှံသူတွေဘက်က ခံသာအောင်ပေါ့။ ဒါပေမယ့် အခုတော့ ရလဒ်ကသိပ်ကောင်းလွန်းလို့ သူမကိုယ်တိုင်တောင် မျိုးမျိုးမြတ်မြတ်ရလိုက်တယ်။ အဓိကရင်းနှီးမြှပ်နှံသူဆိုရင် အပျော်တွေလွန်ပြီး ပိုင်လန့်ကို ဖျာလိုလိပ်ထိပ်ပေါ်တင်ထားချင်နေတာ။
ဘာဖြစ်လို့ သူက ပိုင်လန့်ကိုခေါင်းပေါ်တင်ထားချင်နေတာတုန်း? အကြောင်းရင်းကရှင်းပါတယ်။ ရိုက်ကွင်းပြီးတဲ့ညကပါတီပေးတဲ့ပွဲမှာ ဒါရိုက်တာရွှီဝေက သူမအမြင်တွေကိုမျှဝေခဲ့တယ်။ ရုပ်ရှင်က သူမရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေအပြင် ပိုင်လန်ရဲ့ပူးပေါင်းဆောင်ရွက်ချက်တွေလည်း အများကြီးပါခဲ့တယ်။ နာတာရှည်လူမမာတစ်ယောက်ရဲ့ နာကျင်စရာခံစားချက်တွေအကြောင်း ပိုင်လန်က ထဲထဲဝင်ဝင်ထိုးထွင်းသိမြင်တယ်။ သူတို့နှစ်ယောက်ရဲ့အတွေ့အကြုံတွေကိုဖလှယ်ပြီး ကင်မရာရှေ့မှာ အပြောင်မြောက်ဆုံးဇာတ်ဝင်ခန်းတွေဖြစ်လာခဲ့ပါတယ်။
ချိုးချန်က ဒီအကြောင်းကို အတော်လေးကြာမှသိလိုက်ရတယ်။ အဲဒိတော့မှပဲ သူက ‘နေဝင်ချိန်’ရိုက်ကူးနေတဲ့အတောအတွင်း ပိုင်လန့်စိတ်တွေ မတည်မငြိမ်ဖြစ်နေတာ လွန်ခဲ့တဲ့သုံးနှစ်က ကားတိုက်မှုဖြစ်ရပ်ဆိုးကို ပြန်လည်ခံစားပြီးစိတ်သွင်းထားလို့ဖြစ်တာမှန်း နားလည်တော့တယ်။ ချိုးချန်ဆိုတာလေ.. ဒီကိုယ့်ဒုက္ခကိုယ်ရှာတဲ့လူသားကို ဒေါသတွေအတောင့်လိုက်ထွက်တာ.. ထွက်တာများ ရိုက်ပစ်ချင်လောက်တဲ့အထိ……Hold!.. Stop!….. တကယ်တော့ သူ ဒေါသထွက်လည်း ဘာမှရှေ့ဆက်လုပ်လို့မရဘူး။ ပိုင်လန့်ကိုမှ ဘာမှမလုပ်ရက်တာ။ မြူမှုန်တစ်မှုန်စာတောင် ထိခိုက်ခံနိုင်တာမဟုတ်ဘူး။ ဒါကြောင့် နေမထိလေမထိ အကောင်လိုက်ဗိုက်ထဲမြိုချထားချင်လို့ ဒီလူသားကို ဆွဲပွေ့၊ ပွတ်သပ်၊ တတိတိကိုက်တာပဲ လုပ်နိုင်တော့တယ်။
ဒါနဲ့ပဲ ပိုင်လန်လည်း ချိုးချန်ရှေ့မှာ လိမ္မာချင်ဟန် ပိုပြီးဆောင်ရတော့တာပေါ့။ အဲဒါမှ သူ့ကို ဟိုက သက်ညှာပေးမှာလေ။
နှစ်လကြာပြီးတဲ့နောက်မှာတော့ Golden Emperor Award ဆုပေးပွဲက သူတို့ရဲ့ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုဇကာတင်စာရင်းကို ထုတ်ပြန်ခဲ့တယ်။ ဒီစာရင်းမှာ ပိုင်လန့်နာမည်လည်း ဒုတိယအကြိမ်အဖြစ်ပါဝင်လာတယ်။ နောက်ပြီး အခြားသော ဟိုဆုဒီဆု ဖိတ်ကြားချက်စာစောင်တွေကလည်း ဆောင်းရာသီရဲ့နှင်းပွင့်တွေလိုပဲ တဖွဲဖွဲရောက်ရှိလာတယ်။ ဒါပေမယ့် ချိုးချန်ရဲ့စူပုတ်ပုတ်မျက်နှာကြီးကြောင့် ပိုင်လန်က ဖန်းဟွာကို အကုန်လုံးလွှဲပေးလိုက်ရတယ်။ ဖန်းဟွာကလည်း ချိုးချန်လက်အောက်ကလူပဲလေ။ သူမက ဘာများ နောက်တစ်မျိုးစီစဉ်နိုင်ဦးမှာလဲ။ ဒီဖိတ်စာတွေက အခြားသူတစ်ဦးအတွက်ဆိုရင်တော့ ရွှေရောင်အခွင့်အရေးတွေဖြစ်မှန်း သူမ သိပေမယ့်လည်း အခုချိန်မှာတော့ အသက်မပါသလို ရယ်သွမ်းသွေးရင်း အကုန်လုံးကို ချောင်ထိုးထားလိုက်ဖို့ပဲတတ်နိုင်ပါတော့တယ်။
အထက်ပါဖြစ်ရပ်တွေကိုအပေါ်ယံကြည့်ရင် ချိုးချန်က ပိုင်လန့်ကို နိုင်စားတယ်လို့ ထင်ကောင်းထင်နိုင်ကြလိမ့်မယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာက ပိုင်လန်ကိုယ်၌ကိုက ကျေကျေနပ်နပ်ကြီး နိုင်စားခွင့်ပြုထားလို့ဖြစ်ပါတယ်။ လိုချင်တာအမှန်တကယ်ရှိလာပြီဆိုရင်တော့ အဆုံးသတ်မှာလျှော့ပေးရတာက ချိုးချန်ကိုယ်တိုင်ပဲဖြစ်ပါတယ်။
ဒီကိစ္စကို အကောင်းဆုံးဥပမာပြပါဆိုရင် ရုန်အဲ(Rong Air)ရဲ့ပြောရေးဆိုခွင့်ရှိသူသံတမန် လုပ်တဲ့ကိစ္စလို့ ပြောလို့ရတယ်။
ရုန်အဲရဲ့ပြောရေးဆိုခွင့်ရှိသူလုပ်တဲ့ကိစ္စကြီးက သုံးနှစ်တိုင်အောင်ရွှေ့ဆိုင်းခဲ့ပြီးပြီ။ ပိုင်လန် လိင်တူချစ်သူဖြစ်ပါတယ်လို့ ဝန်ခံခဲ့တဲ့အချိန်တုန်းက ရုန်အဲအနေနဲ့ထောက်ခံအားပေးခဲ့ပြီး စာချုပ်ငါးနှစ်ချုပ်ပေးခဲ့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ချိုးချန်ကားအက်စီးဒန့်ဖြစ်တာကြောင့် ပိုင်လန်က ရှိရှိသမျှစွန့်လွှတ်ရင်း နိုင်ငံကထွက်ကာ လိုက်ပါစောင့်ရှောက်ခဲ့ရတယ်။ အလိုလျောက်ပဲ စာချုပ်ကိစ္စကိုလည်း ဆိုင်းငံ့ထားလိုက်ရတာပေါ့။
ဆိုင်းငံ့ရတဲ့အကြောင်းရင်းကခိုင်လုံလို့ ရုန်မိသားစုကလည်း စိတ်မကွက်ပါဘူး။ ပိုင်လန်ပြန်ရောက်လာတဲ့အချိန်မှာ စာချုပ်ကအကျုံးဝင်သေးပေမယ့် ဆက်ခန့်မလား၊ မခန့်ဘူးလားလို့ သူတို့ကရွေးလို့ရတယ်။ ပြောရရင်လည်း ဒီသုံးနှစ်အတွင်းမှာ ရုန်အဲက သံတမန်မရှိတာတော့မဟုတ်ဘူး၊ ပိုင်လန်မရှိတဲ့အတောအတွင်း အသစ်တစ်ယောက်ခန့်ထားပြီးသွားပြီ။ ဒါကြောင့် ပိုင်လန်ဖြစ်ကိုဖြစ်ရမယ် မဟုတ်ပါဘူး။ ဒီအခြေအနေမှာ စာချုပ်ဆက်ချုပ်မလား၊ ဖျက်သိမ်းမလားဆိုတာက ရုန်အဲအပေါ်မူတည်သွားပါပြီ။
ဒါကြောင့် ပြောရေးဆိုခွင့်ရှိသူဆက်လုပ်မလားလို့ ရုန်အဲဘက်က အကြောင်းကြားစာရရှိတဲ့အချိန်မှာ ပိုင်လန့်က ချက်ချင်းပဲသဘောတူလိုက်ပါတယ်။
“ဘာပြောလိုက်တယ်?” ချိုးချန်ရဲ့မျက်နှာကြီးက မည်းမှောင်သွားပြီး အသက်ရှုသံကပြင်းလာတယ်။
ပိုင်လန်က ချိုးချန်ရဲ့သည်းခံနိုင်စွမ်းကို စမ်းသပ်ချင်နေတာလေ။ ဒါကြောင့် လိမ္မာပါးနပ်စွာနဲ့ပဲ ထမင်းစားကြတဲ့အချိန်ကိုရွေးပြီး အဲဒိအကြောင်းပြောပြလိုက်တယ်။
“ကျွန်တော်က သူတို့နဲ့စာချုပ်ချုပ်ခဲ့ပြီးပြီလေ၊ ပြီးတော့ အချိန်ဆွဲထားတာလည်း သုံးနှစ်တောင်ရှိပြီ၊ အခုသူတို့ဘက်က ဆက်သွယ်လာတာ၊ ကျွန်တော် အချက်အလက်တွေကိုကြည့်ပြီးပြီ၊ ကြော်ငြာအတိုလေးတစ်ခုနဲ့ပြက္ခဒိန်လေးသုံးလေးခုလောက်ရိုက်ရုံပဲ၊ ခက်ခက်ခဲခဲ ကြီးကြီးမားမား ဘာမှမရှိဘူး…..” ပိုင်လန်က စကားတန်းလန်းနဲ့ရပ်သွားပြီးမှ ဘေးနားမှာ ပေပွနေအောင်စားသောက်နေတဲ့ချိုးရှောင်ဟိုင်ကို ကြည့်လိုက်တယ်။ သူက ကလေးလေးကို လှမ်းသတိပေးလိုက်ပါတယ် “ရှောင်ဟိုင်.. ဖြည်းဖြည်းစား၊ ဖြည်းဖြည်းစားမှ အစာကြေလွယ်မှာ”
ဒါပေမယ့် ချိုးရှောင်ဟိုင်ဆီက စကားပြန်မလာဘူး။ ကလေးလေးက ပန်းကန်လုံးနဲ့မျက်နှာအပ်ပြီး စားသောက်နေရင်း တောက်ပတဲ့မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ပဲ ပန်းကန်လုံးအပေါ်ကချောင်းကြည့်တယ်။ ပြီးတော့ မျက်နှာပြန်အပ်သွားရင်း ခေါက်ဆွဲတွေကို ရှလူးရှလူး သဲကြီးမဲကြီး သွပ်ထည့်နေပြန်တယ်။ ဒီအချိန်မှာ ချိုးရှောင်ဟိုင်ရဲ့စားသောက်ပုံစံကမမှားဘူး…. ချိုးချန်မျက်နှာရိပ်မျက်နှာကဲမြင်တဲ့သူတိုင်း ခပ်မြန်မြန်စားသောက်နေတာက အကောင်းဆုံးလို့ပဲတွေးကြမှာ။
ဒီနေ့ညမှာ ပိုင်လန်က သူတို့အတွက် ဂုံး၊မုန်လာဥနဲ့ကြက်သွန်မြိတ်ခေါက်ဆွဲချက်ထားတယ်။ ခေါက်ဆွဲဟင်းရည်က ကြည်လင်မွှေးပံျ့နေပြီး ဂုံးကောင်လေးတွေက အနည်းငယ်ချိုမြမြနဲ့ ခါးသက်သက်မုန်လာဥအရသာလည်း ပေါင်းစပ်ပါဝင်တယ်။ ကြက်သွန်မြိတ်စိမ်းစိမ်းလေးတွေနဲ့ မျက်စိပသာဒလည်းရှိတယ်။ အရသာကလည်း လေးလေးပင်ပင်ကြီးမဟုတ်ဘဲ အလွန်အရသာရှိတယ်။ ချိုးသားအဖအကြီးအသေးတစ်စုံကတော့ စားနေကြတာ နှစ်ပန်းကန်မြောက်ဖြစ်နေပါပြီ။
ဒီအချိန်မှာ “ဂွပ်!” ဆိုတဲ့အသံနဲ့ ချိုးချန်က သူ့ပန်းကန်လုံးကိုစားပွဲပေါ်ဆောင့်ချလိုက်တယ် “မင်းပြောတော့ ဒီနှစ်ဝက်အတွင်း ကိုယ့်စကားနားထောင်မယ်ဆို”
“ဟုတ်တယ်လေ၊ နားထောင်ပါတယ်” ပိုင်လန်ကခပ်အေးအေးပဲပြောတယ် “အဲဒါကြောင့် အကြံဉာဏ်တောင်းနေတာပါ၊ ရုန်မိသားစုက ကျွန်တော်တို့ကို ဒီနှစ်တွေအတွင်းအများကြီးအကူညီပေးထားတာ၊ မီဒီယာမှာဝန်ခံတုန်းကရော၊ အက်စီးဒန့်ဖြစ်တဲ့အချိန်တုန်းကရော၊ သူတို့ကျေးဇူးကို ကျွန်တော်တို့ကပြန်တောင်ပြန်ဆပ်ရဦးမှာ၊ ပြောရေးဆိုခွင့်ရှိသူလုပ်ပေးတာလေးက ဘာမှတောင်မဟုတ်ဘူး၊ ဟုတ်တယ်မလား?”
ချိုးချန်က မျက်လုံးတွေကိုမှေးကျဉ်းလိုက်တယ်။ သူက ပိုင်လန့်ထောင်ချောက်ထဲ အရောက်မခံဘူး “ကိုယ်က ကျေးဇူးမဆပ်ဘူးလို့ ပြောနေလို့လား၊ မင်းကျန်းမာရေး ဒိထက်ပိုကောင်းလာတဲ့အချိန်ထိ စောင့်ကြရအောင်လို့ပြောတာ”
ပိုင်လန်ကသက်ပြင်းချပြီး ရိုးရိုးသားသားပဲဝန်ခံတယ် “အဲ့တုန်းက ခင်ဗျားစိတ်ပူနေရအောင်လုပ်မိတာ တောင်းပန်ပါတယ်၊ အဲ့သလိုဖြစ်မယ်မှန်းသိခဲ့ရင် ဆေးအဖွဲ့ကို ရိုက်ကွင်းခေါ်ထားမှာပါ၊ ကျွန်တော့်စိတ်အခြေအနေက ပြဿနာဖြစ်သွားမယ်လို့ မထင်လိုက်မိဘူး”
“ထားလိုက်တော့၊ ကိုယ့်အမှားကိုယ်သိရင်လည်း နောက်ပိုင်း ပြောစကားကိုနားထောင်” ချိုးချန်က ဆက်မပြောတော့ဘူးဆိုတဲ့အမူအရာနဲ့ ပန်းကန်လုံးကိုခပ်ဖြည်းဖြည်းပြန်မလိုက်တယ်။
ပိုင်လန်က ခေါင်းညိတ်ပြပါတယ်။ ပြီးမှပြောတယ် “အင်းပါ၊ နောက်ပိုင်း ကျွန်တော်ကြော်ငြာရိုက်တဲ့အချိန်ကျရင် ဆေးအဖွဲ့ကို သေချာပေါက်ခေါ်ထားမှာ”
ချိုးချန်က ပန်းကန်လုံးကိုဆောင့်ချပြန်တယ်။ မျက်နှာကလည်း ရှုံ့တွသွားတာပဲ “မင်း.. ဒါပဲပြောနေမှာလား?”
ပိုင်လန်ရဲ့အပြုံးတွေက နည်းနည်းတော့ မျက်နှာငယ်သွားတယ် “….. တကယ်တော့လေ.. အဲဒိတုန်းက ခင်ဗျားကားမှောက်တယ်လို့ အာ့ဟုန်လာပြောတုန်းက ချိုးမိသားစုထဲမှာလည်း ရှုပ်ရှပ်ခတ်နေတာပဲ၊ အာ့ဟုန်က ချိုးမိသားစုကိုယ်ပိုင်လေယာဉ်ခေါ်ပေးချင်ပေမယ့် လေယာဉ်လည်းရောက်မလာဘူး ဘာတွေဖြစ်ကုန်မှန်းလည်း မသိပါဘူး၊ ကျွန်တော်တို့တွေ လေဆိပ်ထဲမှာစောင့်နေတဲ့တစ်ချိန်လုံး စိတ်တွေစောပြီး ယောက်ယက်ခတ်နေခဲ့တာ၊ ကံကောင်းလို့ ရုန်မိသားစုက ဝင်ကူညီတာ၊ သူတို့က လေယာဉ်လွှတ်ပေးလို့ ခင်ဗျားဆီကို စောစောရောက်လာနိုင်တာ”
ပိုင်လန်ရဲ့စကားတွေကိုကြားပြီး ချိုးရှောင်ဟိုင်က သူ့ပန်းကန်လုံးကိုအောက်ချလိုက်တယ်။ ကလေးလေးက ဝမ်းနည်းပုံလည်းပေါက်သွားတယ်။
ပိုင်လန်လည်း ဒါကိုမြင်ပြီး ချိုးရှောင်ဟိုင်ရဲ့ခေါင်းလေးကို ပွတ်ပေးလိုက်ပါတယ် “အဲဒါကြောင့် သူများက ကိုယ်တွေကိုကူညီရင် မှတ်ထားရမယ်နော် ရှောင်ဟိုင်၊ ကြားလား?”
“အင်း!” ချိုးရှောင်ဟိုင်က ခေါင်းတဆတ်ဆတ်ညိတ်တယ်။ သူက ထိုင်ခုံကလာပြီး ပိုင်လန့်ပေါင်ပေါ်တက်ထိုင်တယ်။ သဘောကတော့ ပိုင်လန် သူ့ကို ဖက်ထားပေးစေချင်တာ။ အဲဒိအိပ်မက်ဆိုးတွေနဲ့ပြည့်နေတဲ့ကြောက်စရာနေ့ရက်တွေအကြောင်း ပြန်လည်တွေးမိတဲ့အခါတိုင်း ကလေးလေးက နှစ်သိမ့်ခံချင်လို့ ပြေးပြေးလာဖက်လေ့ရှိပါတယ်။ “သားက အားကျန်းကို အရမ်းအရမ်းကောင်းပေးမှာ”
ပိုင်လန်က ချိုးရှောင်ဟိုင်ရဲ့နဖူးကို တချက်နမ်းတယ်။ ဒါပေမယ့် နောက်တစ်စက္ကန့်လည်းနေရော အဖက်ခံရတာ သူဖြစ်သွားတယ်။ ချိုးချန်ကထိုင်နေရာထလာပြီး နောက်ဖက်ကသိမ်းကြုံးဖက်လိုက်တာလေ။ ချိုးရှောင်ဟိုင်တောင်မှ ပြေးမလွတ်ဘူး။
“ကိုယ် မင်းတို့နှစ်ယောက်အပေါ်မှာ အကြွေးတင်ခဲ့မိတယ်၊ ကိုယ်က သေချာပေါက် ပြန်ပေးဆပ်မှာပါ” ချိုးချန်ရဲ့အသံက နည်းနည်းတော့ မသဲမကွဲရှိတယ်။
“အဲ့ဒါကို အကြွေးတင်တယ်လို့မခေါ်ဘူး” ပိုင်လန်က ချိုးချန်ရဲ့ရင်ခွင်ထဲမှာမှီတွယ်လိုက်ပါတယ် “ကိုယ်ပိုင်ဆိုင်တဲ့အရာတွေကို အခုထက်ပိုပြီး တန်ဖိုးထားတတ်လာအောင် သင်ပေးတယ်လို့ခေါ်တယ်”
ချိုးချန်ရဲ့နှလုံးသားတစ်ခုလုံး နွေးထွေးသွားလေရဲ့။ သူက ပိုပြီးတောင် တင်းတင်းကျပ်ကျပ် တိုးဖက်လိုက်ပါတယ်။
ဟုတ်တာပေါ့…. ရုန်အဲမှာလုပ်ဖို့လည်း သူလိုချင်တဲ့ခွင့်ပြုချက် ပိုင်လန်ကရပြီးသားဖြစ်သွားပြီ။
***
နောက်တစ်နေ့ ချိုးရှောင်ဟိုင်ကျောင်းကိုရောက်တဲ့အချိန်မှာ ရယ်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်။ သူက ကျောင်းကိုရောက်ရောက်ချင်းမှာပဲ ခေါင်းမရှိတဲ့ကြက်လိုမျိုး အူယားဖားယားပြေးလာပြီး ရုန်ကျန်းကိုပြေးဖက်တယ်။ ပြီးမှ ကျောကုန်လေးကိုပွတ်ပြီး ပြောတယ်။
“အားကျန်း မင်းလိုချင်တာတစ်ခုခုရှိရင် ငါ့ကိုပြောသာပြောလိုက်၊ ငါက မင်းအပေါ်မှာ တကယ့်ကို တကယ့်ကို တကယ့်ကို ကောင်းပေးမှာ”
ရုန်ကျန်းရဲ့လှပတဲ့မျက်လုံးလေးတွေက တဖြတ်ဖြတ်ဖြစ်သွားတယ်။ သူလည်း ချိုးရှောင်ဟိုင်ကို ပြန်ဖက်လိုက်ပြီးမှ နှောင့်နှေးခြင်းမရှိ တန်းတန်းမတ်မတ်ကြီးကို လက်ခံလိုက်တယ် “အင်း.. ကတိနော်”
ချိုးရှောင်ဟိုင်က အားတက်သရောခေါင်းညိတ်ပြပါတယ်။ သနားစရာကောင်းလှတဲ့ကလေးလေးခမျာ တကယ့်ကိုမသိခဲ့ပါဘူး။ ဒီအခိုက်အတန့်လေးမှာ သူ့ကိုယ်သူ ရောင်းစားမိလိုက်ပြီဆိုတာကိုလေ။
………………….