(59) ကျော်မကောင်းကြားမကောင်း အိမ်ထောင်ရေးဖောက်ပြန်မှု
“အိမ်ထောင်သည်ဖြစ်သောရုပ်ရှင်မင်းသားခန်းကျန့် သူ၏ချစ်သူရည်စားကောင်လေးနဲ့ညဘက်ကြီးတွေ့ဆုံ!! လူသိမခံဝံ့သောအတွင်းရေးပေါ်ပေါက်!!”
“ခန်းကျန့်ရဲ့အိမ်ထောင်ရေး.. ဗန်းပြထားတဲ့အိမ်ထောင်ရေးလား!! ဇနီးနဲ့သား ရှိတာတောင်မှ ရည်စားကောင်လေးထားချင်သေးတယ်!!”
“ရပ်တန့်၍မရသော ကာမနွံ! လက်ထပ်ပြီးသုံးနှစ်အကြာ ခန်းကျန့်၏လိင်တူနှစ်သက်မှုအရှုပ်တော်ပုံပေါ်ပေါက်!”
နောက်ဆုံးဖဲကဒ်ကိုလှန်ဖို့ ချိုးချန်ဖုန်းခေါ်ပြီးသိပ်မကြာဘူး၊ ခန်းကျန့်နဲ့လင်းချန်ယွမ်တို့နှစ်ယောက်ရဲ့သတင်းတွေက အနုပညာလောကရဲ့သတင်းခေါင်းစီးပိုင်းတွေမှာ ချက်ချင်းကြီးကို နေရာယူလာတယ်။
ဒါကို ချိုးချန်ရဲ့စနက်ချည်းပဲလို့ သတ်မှတ်လို့လည်းမရဘူး။ ခန်းကျန့်က လိရှားနဲ့အကြီးအကျယ်ရန်ဖြစ်ပြီးကတည်းက လင်းချန်ယွမ်ရဲ့တိုက်ခန်းကို မကြာခဏသွားတယ်။ နောက်ပြီး ဘားကလပ်အကြီးအသေးမျိုးစုံ၊ ဧည့်ခံပွဲမျိုးစုံကိုလည်း လင်းချန်ယွမ်ကို အတူခေါ်သွားလေ့ရှိတယ်။ ဒီလုပ်ရပ်တွေက သုံးလေးကြိမ်မကဖြစ်လာတဲ့အခါ သတင်းထောက်တွေအနံ့ခံမိသွားတာ သိပ်သေချာတယ်။ ဒါပေမယ့် ချိုးချန်က နောက်ကွယ်ကဖုံးထားပေးခဲ့တာကြောင့် အခုအချိန်ထိမပေါက်ကြားဘဲ လွတ်လွတ်လပ်လပ်ဖြစ်နေခဲ့တာဖြစ်တယ်။
ချိုးချန်ရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်။ သူက အချိန်ကောင်းကိုစောင့်နေတာ။ အခုချိန်မှာ လင်းချန်ယွမ်မခွဲစိတ်မီက သတင်းတွေကိုတော့ ဖော်ပြဖို့မလိုတော့ဘူး။ နောက်ပိုင်းသတင်းတွေနဲ့တင် စိတ်ဝင်စားစရာကောင်းနေပြီ။ အများစုက နေရာစုံမှာ သူတို့နှစ်ယောက် အရက်မူးပြီးဖက်နမ်းနေကြတဲ့ပုံတွေချည်းပဲ။ ဒါတွေက ခန်းကျန့်နောက်က ထောက်တိုင်နှစ်ခုကိုဖြုတ်ဖို့ လုံလောက်တာထက်ပိုနေပါပြီ။
ဒါကြောင့် ဒီမနက် မိုးမလင်းမီအစောကြီးကတည်းက လိရှားတစ်ယောက်အရူးမီးဝိုင်းပြီး ခန်းကျန်ရဲ့ဖုန်းကို တရစပ်ခေါ်နေခဲ့တယ်!!
ခန်းကျန့်ကတော့ လင်းချန်ယွမ်ရဲ့တိုက်ခန်းလေးမှာရောက်နေတယ်။ သူက ပြီးခဲ့တဲ့သုံးလေးရက်ကတည်းက ဒီမှာလာနေနေတာ။ သူက အိပ်ရာကထခါစ၊ မုတ်ဆိတ်မွေးတွေတောင် မသုတ်သင်ရသေးဘူး။ အိပ်ရာဘေးနားစားပွဲပေါ်က မိုဘိုင်းဖုန်းက အရူးလိုပဲ တုန်ခါနေတယ်။ ခန်းကျန့်က အစောကြီးကတည်းက ဖုန်းကို အသံပိတ်ထားပြီးသွားပြီ။ သတင်းစာထဲကသတင်းတွေက အရမ်းကြောက်ဖို့ကောင်းတယ်။ ခန်းကျန့်မျက်နှာက မည်းမှောင်နေပြီး တုန်လှုပ်မှုတွေကိုမထိန်းချုပ်နိုင်ဘူး။ အိပ်ရာကနိုးခါစ အပေါ်ပိုင်းအင်္ကျီတောင်မကပ်သေးတဲ့ လင်းချန်ယွမ်ရဲ့မျက်နှာကလည်း အရမ်းကိုဆိုးရွားနေပါတယ်။
လင်းချန်ယွမ်က သတင်းစာထဲက ကြည်လင်ပြတ်သားနေတဲ့ဓါတ်ပုံတွေကိုကြည့်ရင်းမှ အကြည့်လွှဲလိုက်တယ်။
“အစ်ကို.. အစ်ကိုခန်း.. ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ?” လင်းချန်ယွမ်ရဲ့ခေါင်းက ရှုပ်ထွေးနေတယ်။ “အစ်ကို ကျွန်တော့်အိမ်ကနေ ခဏလောက်ရှောင်နေလိုက်၊ ဘာပဲပြောပြော မူးနေတုန်းဖြစ်တာပဲလေ၊ သတင်းစာထဲကပုံတွေအကုန်လုံးက ကျွန်တော်တို့မူးနေတုန်းရိုက်ထားတာလေ၊ အစ်ကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဘာမှရေးကြီးခွင်ကျယ်မဟုတ်ဘူးလို့ ပြောလိုက်ပါလား…..”
“ဘာလို့လဲ၊ မင်းကကြောက်လို့လား?” ခန်းကျန့်က တုန်တုန်ရီရီဖြစ်နေတဲ့လင်းချန်ယွမ်ကို စိုက်ကြည့်ပါတယ်။
ရုတ်တရက်ပဲ ခန်းကျန့်က ပိုင်လန်အကြောင်းသွားသတိရမိတယ်။ သူတို့တွေ(QQ & BL) လိင်တူချစ်သူဖြစ်ကြောင်းဝန်ခံခဲ့တုန်းက ပိုင်လန်က တုန်လှုပ်ကြောင်းလည်းမပြဘူး၊ စိုးရိမ်ပူပန်မှုလည်းမရှိဘူး။ ဘယ်ဘက်လက်ပေါ်မှာလက်စွပ်ကိုဝတ်ဆင်လို့ ရှက်စရာလို့လည်း မထင်ဘူး။ ပိုင်လန့်ကိုကြည့်ရတာ တည်ငြိမ်ပြီးပြတ်သားနေခဲ့တာ။ အခု လင်းချန်ယွမ်လို တုန်လှုပ်မနေဘူး။
နောက်ပြီး လင်းချန်ယွမ်က ခန်းကျန့်ကိုယုံကြည်ကိုးစား ချစ်ခင်မြတ်နိုးနေတာ မဟုတ်ဘူးလား? ဘာဖြစ်လို့ အခုမှ၊ အကုန်လုံးပေါ်ကုန်တဲ့အခါကျမှ ကိုယ်လွတ်ရုန်းချင်တဲ့ပုံပေါက်နေရတာလဲ?
“ကြောက်.. ကြောက်တာပေါ့ အစ်ကိုခန်းရဲ့၊ နောက်ပြီး ကျွန်တော် တစ်ယောက်တည်းထိခိုက်မှာလည်း မဟုတ်ဘူးလေ” လင်းချန်ယွမ်က ခန်းကျန့်ရဲ့စိတ်အခြေအနေကို သတိပြုမိပုံမပေါ်သေးဘူး။ ပြောချင်တာတွေ ဆက်ပြောနေတုန်းပဲ။ “အစ်ကို့မိန်းမနောက်မှာ လိမင်ရှိတယ်လေ၊ လိ လိမင်က အင်တာတိန်းမန့်သူဌေးလေ၊ ကျွန်တော်တို့ သူ့ကို အပြစ်ပြုမိလို့မှမဖြစ်တာ၊ သူလက်စားပြန်ချေရင် ဘယ်လိုလုပ်မတုန်း၊ ကျွန်တော်တို့အကုန်လုံး သေကုန်မှာ၊ ကျွန်တော် အစ်ကို့ကိုပြောဖူးပါတယ်… ကျွန်တော်.. ကျွန်တော် ဘာမှမလိုချင်ပါဘူးလို့၊ တကယ်လို့ အစ်ကိုနောက်ပြန်လှည့်ချင်တယ်ဆိုရင် ကျွန်တော် သေချာပေါက်ပူးပေါင်း….”
ခန်းကျန့်က လိမင်ရဲ့နာမည်ကြားပြီး ဒေါသပေါက်ကွဲထွက်လာတယ်။ နောက်ပြီး လိရှားရဲ့ဖုန်းခေါ်သံတွေကလည်း မပြီးဆုံးနိုင်တော့ဘူး။ မိုဘိုင်းဖုန်း တုန်ခါလာတဲ့အချိန်တိုင်းမှာ ဒေါသတလိပ်လိပ်တက်လာတယ်။ သူက ဖုန်းကိုကောက်ကိုင်ပြီး ပိတ်ပစ်လိုက်ပြီးမှ စားပွဲပေါ်ကိုပစ်တင်လိုက်တယ်။
“ဘာကြောက်စရာရှိလဲ? ငါအခု လိမင်ကို မှီခိုစရာမလိုတော့ဘူး! ငါ့ကုမ်ပဏီ ငါ့ကိုယ်ပိုင်ဝင်ငွေနဲ့ ငါ့ရုပ်ရှင်မှာ ရင်းနှီးမြှပ်နှံလို့ရတယ်! ဘယ်သူက ဘယ်သူ့ကိုကြောက်နေရမှာတုန်း!? သတင်းထဲမှာပါလည်း ဘာဖြစ်လဲ! ပိုကောင်းသွားတာပဲမဟုတ်ဘူးလား!? လိရှားနဲ့ကွာရှင်းဖို့အကြောင်းပြချက်ရတာပေါ့!”
ခန်းကျန့်က လိမင်ရဲ့နှိမ့်ချဆက်ဆံမှုတွေကို ပြန်တွေးမိရင်း နောက်ပိုင်းသူ့ဆီကဘာအခွင့်အရေးမှ ရတော့မှာမဟုတ်မှန်းသိတယ်။ ဒီလိုဆိုမှတော့ ဒင်းတို့နဲ့တွယ်ကပ်နေစရာအကြောင်း ရှိကိုမရှိတော့ဘူး။ ရုတ်တရက်ပဲ.. သူ့လုပ်ရပ်တွေမှန်ခဲ့တယ်လို့ ခန်းကျန့်ကခံစားမိလိုက်တယ်။
လင်းချန်ယွမ်က တုန်လှုပ်သွားပြန်တယ် “ဘယ်လို….!? အစ်ကိုခန်းက ကွာရှင်းချင်လို့လား?”
“သေချာပေါက်ကိုကွာရှင်းမှာ! သူတို့ကို စောက်ဂရုစိုက်စရာအကြောင်း ရှိကိုမရှိဘူး! ငါသာ သူတို့ကိုကြောက်နေရင် ဒီနေ့လိုမျိုးတောင်ဖြစ်လာမှာမဟုတ်ဘူး!!” ခန်းကျန့်က ရင်းနှီးမြှပ်နှံထားတဲ့ သိန်း(၅၀၀)ကို ပြန်တွေးရင်း၊ အမြတ်ပုံးပေါလအောနဲ့ ရှုံးပွဲမရှိ အနာဂတ်လေးအကြောင်းကိုကြိုတွေးရင်း သူ့ရဲ့နောက်ဆုံးသောဝန်ထုပ်ဝန်ပိုးတွေကို လွတ်ချလိုက်တော့တယ်။ သူက ရင်ကိုကော့ပြီး အသံကျယ်ကျယ်နဲ့ အော်ပြောပြန်တယ် “အဲဒိမိန်းမ သူ့အဖေအတိုင်းပဲ လူ့အမှိုက်တွေ! မာနကမိုးထိုးနေပြီးတော့ အပြစ်ရှာတဲ့မျက်လုံးတွေနဲ့ပဲ လူတိုင်းကိုကြည့်တယ်!! ငါ့ကိုလည်းအထင်သေးတာ ငါမသိဘူးများမှတ်နေကြလားမသိဘူး!! ငါနဲ့ပတ်သက်လာရင် ငါ့ဇစ်မြစ်၊ ငါ့အလုပ်၊ ငါ့ဆွေမျိုးအသိုင်းအဝိုင်း.. အို… ကုန်ကုန်ပြောရရင် ငါရွေးတဲ့စားသောက်ဆိုင်ကိုတောင် မကောင်းဘူးလို့သတ်မှတ်ချင်တဲ့ဟာတွေ!!”
ခန်းကျန့်ရဲ့အသံတွေက သူ့ကိုယ်သူ အားပေးချင်နေသလိုမျိုး တစထက်တစ ပိုပြီးကျယ်လောင်လာပါတယ် “ငါ့အမြင်ပြောရရင် အဲ့မိန်းမက သူ့စကားကိုမြေဝယ်မကျနားထောင်တဲ့ ခွေးတစ်ကောင်ပဲလိုချင်တာ! အလုပ်ကိစ္စကြောင့်မဟုတ်ဘူးဆိုရင် သူ့လိုမိန်းမမျိုးကို ဘယ်သူကများ စိတ်ဝင်စားမှာလဲ!? ငါကတော့တော်ပြီ သည်းခံနေစရာဘာအကြောင်းမှမရှိတော့ဘူး! ဒီကိစ္စတွေဖြစ်လာလို့ ငါက ဒူးထောက်ပြီးတောင်းပန်မယ်များထင်နေကြလား!? ဟား!! စောင့်ကြည့်နေလိုက်! ငါက လိင်တူကြိုက်တော့ ဘာဖြစ်သေးလဲ!? ချိုးချန်နဲ့ပိုင်လန်တောင်မှ ကောင်းကောင်းနေနေတာပဲ မဟုတ်ဘူးလား! အခုခေတ်မှာ ယောင်္ကျားချင်းကြိုက်တယ်ဆိုတာ အပြစ်မဟုတ်……”
“ဘုန်း!!” ခန်းကျန့်ရဲ့စကားတွေတောင် မဆုံးသေးဘူး။ အသံအကျယ်ကြီးတစ်သံထွက်လာတယ်။
ဧည့်ခန်းရဲ့အပြင်ဘက် စတီးတံခါးရွက်ကြီးကနေ အသံထွက်လာတာပါ။ ခန်းကျန့်နဲ့ လင်းချန်ယွမ်တို့နှစ်ယောက်လုံး လန့်ဖြန့်သွားကြပြီး တုန့်ပြန်ချိန်တောင် မရလိုက်ဘူး၊ တံခါးသော့ပွင့်သံထွက်လာလေတယ်။
နှစ်စက္ကန့်အကြာမှာတော့ တံခါးပါးပါးလေးက အကန်ခံလိုက်ရလို့ ရုတ်တရက်ပွင့်ထွက်သွားတယ်!!
ပထမဦးဆုံး ဖောက်ဝင်လာသူကတော့ ဆိုးရွားလွန်းတဲ့မျက်နှာထားနဲ့လိရှားပဲ။ သူမနောက်မှာတော့ တိုက်ခန်းလုံခြုံရေးနှစ်ယောက်ရှိတယ်!!
လုံခြုံရေးနှစ်ယောက်နောက်မှာက သတင်းထောက်တွေ!! ဆယ်ယောက်တောင် ကရဲ့လား!!
ကင်မရာတွေတကားကားနဲ့သတင်းထောက်တွေက တိုက်ခန်းသေးသေးလေးထဲ စုပြုံတိုးဝှေ့ဝင်လာကြပြီး “ဖြတ်..ဖြတ်..ဖြတ်..ဖြတ်..” မြည်အောင် ဓါတ်ပုံတွေရိုက်ကြတယ်!!
သူပြောလိုက်တဲ့စကားတွေ ကြားလိုက်လား၊မကြားလိုက်ဘူးလား တွေးရင်း ခန်းကျန့်ရဲ့မျက်နှာက အကြီးအကျယ်ပျက်သွားတယ်။ စိတ်လွတ်နေပုံရတဲ့လိရှားကတော့ အကျိုးသင့်အကြောင့်သင့်မတွေးနိုင်တော့ဘဲ ခန်းကျန့်ပေါ်ကို ဒေါသတကြီးခုန်တက်ပြီးလိုက်ပါတယ်။ သူမက လက်သည်းတွေနဲ့ကုတ်ဖဲ့နေရင်း အော်ဟစ်နေတယ် “ခန်းကျန့်!! နင်!! ကျေးဇူးမသိတတ်တဲ့ကောင်!! လူမဆန်တဲ့ကောင်!! စောက်ဖြစ်မရှိတဲ့ကောင်!! ပေါက်လွတ်ပဲစား အောက်တန်းစား!! နင့်ဦးနှောက်ထဲချီးဝင်သွားတာလား ဟင်! နင့်အသည်းတွေနင့်နှလုံးတွေခွေးစားသွားတာလား! အမှိုက်ကောင်! အမှိုက်လိုကောင်!! နင်ကများဘာတွေကောင်းနေလို့ ဒါတွေပြောနေရတာလဲ!!?”
“မင်း.. ဘာလုပ်တာလဲ!! ငါ့ကိုလွှတ်စမ်း!!” ခန်းကျန့်ရဲ့မျက်နှာတစ်ခုလုံး ရစရာမရှိ ကုတ်ခြစ်ခံနေရတယ်။ သူ့နှလုံးသားထဲမှာလည်း လန့်ဖြန့်လာတယ်။ အစောတုန်းက သူ့စကားတွေကို လိရှားကြားသွားပုံရတယ်။ တုန်လှုပ်မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ခန်းကျန့်က အားကုန်သုံးကာ လိရှားကို ကြမ်းပြင်ပေါ်တွန်းချလိုက်ပါတယ်။
တွန်းချခံလိုက်ရတဲ့လိရှားက ဘေးနားကပစ္စည်းတွေ မဲမဲမြင်ရာကောက်ဆွဲရင်း အရူးတစ်ယောက်လိုမျိုး ခန်းကျန့်ကိုပစ်ပေါက်နေတယ်။
“ရွံစရာကောင်းလိုက်တာ!! ငါ့မျက်လုံးတွေကန်းနေခဲ့လို့ နင့်လိုကောင်ကိုကြိုက်မိတာ!! ငါ ခွေးလိုချင်တယ်လို့ နင်ပဲပြောတာနော်!! အေးဟုတ်တယ်!! အဲ့ဒိခွေးကနင်ပဲ!! သူများအထင်သေးမခံချင်ရင် ကိုယ့်ဖာသာကိုယ်ကောင်းအောင်လုပ်ပါလား!! ငါ့အဖေဆီက အခွင့်အရေးတွေပဲလိုက်တောင်းမနေဘဲနဲ့!! နင်က ငါ့အဖေကြောင့် နာမည်ကြီးလာပြီးမှ အခုမှ ကျွေးတဲ့လက်ကိုပြန်ကိုက်တယ်! ဘာ!! ငါတို့ကအမှိုက်!? နင့်အမေကမှအမှိုက် ဟဲ့ကောင်ရဲ့!! နင်တို့တစ်ဆွေလုံးတစ်မျိုးလုံးကမှအမှိုက်!! တစ်ကိုယ်လုံးပုတ်အဲ့နေတဲ့ကောင်! အေး နင်စောင့်ကြည့်နေလိုက်! ငါဘာလုပ်မလဲဆိုတာကို! ငါနဲ့ငါ့အဖေက နင့်ကိုဘယ်လိုလက်စားချေမလဲလို့! နင့်လိုကောင်ကို သေထဲအထိနှိပ်စက်ပြမယ်! အခုချိန်ကစပြီး စောင့်နေလိုက်!!” လိရှားက သူမဘဝမှာ အကြိမ်ကြိမ်ထကြွသောင်းကျန်းဖူးခဲ့တယ်။ အခုချိန်မှာတော့ ရန်လိုမှုတွေပါထပ်ပေါင်းဖြည့်ရင်း အော်ဟစ်ဆဲဆိုသောင်းကျန်းနေတဲ့သူမပုံက ထိုင်ဝမ်အမျိုးသမီးဂန်းစတားလို့ပြောမယ်ဆိုရင်တောင် ယုံကြမှာဖြစ်တယ်။
“တော်တော့!! ပစ္စည်းတွေကိုပေါက်မနေနဲ့တော့!!” အခန်းထဲမှာရှိတဲ့ ဖုန်း၊ လက်သည်းညှပ်၊ သော့တွဲ၊ တစ်ရှုးဘောက်စ်၊ ရီမုကွန်ထရိုးနဲ့ အခြားလက်လှမ်းမှီရာပစ္စည်းမှန်သမျှ ခန်းကျန့်ဆီပျံဝဲရောက်ရှိလာတယ်။ သူက သည်းမခံနိုင်တော့ဘဲ ထအော်လိုက်တယ် “မင်း!! အရူးမ! ရပ်လိုက်စမ်း!! ဘေးနားကလူတွေ မြန်မြန်ဆွဲကြလေ အား!! မင်းရူးနေလား အား!!”
ထူးဆန်းတာက ဝင်လာတဲ့လုံခြုံရေးနှစ်ယောက်က တံခါးဖွင့်ပေးရုံကလွဲပြီး ကျန်တာဘာမှလုပ်တတ်ပုံမရဘူး။ မျက်စိရှေ့ကအဖြစ်အပျက်တွေကိုမြင်ပြီး ချောင်တစ်ချောင်မှာပဲ ဘေးကပ်ရပ်နေတယ်။ ဝင်ဆွဲဖို့စိတ်ကူးရှိပုံလည်းမရဘူး။ နောက်ကလိုက်ဝင်လာတဲ့သတင်းထောက်တွေကလည်း ပွဲကြီးပွဲကောင်းကြည့်နေကြတာပေါ့။ သူတို့က ဇာတ်လိုက်နှစ်ယောက်ကိုရပ်ဖို့ စကားတစ်ခွန်းတောင်မဟဘူး။
ကြက်သေသေသွားတဲ့လင်းချန်ယွမ်ကတော့ ရုတ်တရက်ပဲပြန်သတိရလာတယ်။ အခုသူက အပေါ်ပိုင်းဘာမှမဝတ်ထားဘဲနဲ့ ဓါတ်ပုံတွေအများကြီး အရိုက်ခံပြီးသွားပြီ။ သူက အပြိုပြိုအလဲလဲနဲ့ မတ်တပ်ထရပ်ဖို့ကြိုးစားရင်း ရေချိုးခန်းထဲပြေးပုန်ဖို့ကြံတယ်။ ဒါပေမယ့် သူ့ခြေထောက်တွေက ပျော့ကျသွားပြီး ပြန်လဲကျသွားပြန်တယ်။
ဒါပေမယ့် ဒီလှုပ်ရှားမှုက သူ့ရဲ့တည်ရှိမှုအကြောင်း လိရှားကိုသတိပေးလိုက်သလိုရှိတယ်။ သူမက လင်းချန်ယွမ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အော်ဟစ်ပါတော့တယ် “ပြီးတော့ နင်!! နင်လည်းစောင့်နေ ဖာကောင်ရဲ့! နင့်ကိုလည်းတာဝန်ယူရအောင်လုပ်ပေးမယ်! ဘယ်သူမှငါ့ကိုအရူးလာလုပ်လို့မရဘူး! ငါက နင်တို့နှစ်ကောင်လုံးကို ငရဲပြည်ကိုပို့ပေးမယ်!!”
“ဟင့်အင်း ဟင့်အင်း!!” လင်းချန်ယွမ်ရဲ့မျက်နှာက ဖြူဖျော့သွားပါတယ်။ သူက ကြောက်လန့်တကြား ခေါင်းကိုခါယမ်းလိုက်ပြီး အယူခံဝင်ချင်သလိုပြောပါတယ် “မစ်လိရှား… ကျွန်တော်.. ကျွန်တော်က ဖိအားပေးခံရတာပါ! ကျွန်တော် ခန်းကျန့်နဲ့အတူနေရတာက ကျွန်တော့်ဆန္ဒကြောင့်မဟုတ်ပါဘူး ဖိအားပေးခံရလို့ပါ! သူက ဓါတ်ပုံတွေနဲ့ ကျွန်တော့်ကိုခြိမ်းခြောက်တာပါ!! သူ့စကားကိုနားမထောင်ရင် ကျွန်တော့ဓါတ်ပုံတွေ ဖော်လိုက်မယ်ဆိုလို့ လုပ်ရတာပါ!! ကျွန်တော်.. ကျွန်တော်လည်း ခံရတဲ့လူပါ!! ပြီးတော့ သူက ကျွန်တော့်ကို ရိုက်လည်းရိုက်ပါသေးတယ်! တကယ်ပါ ကျွန်တော့မှာ သက်သေလည်းရှိပါတယ်!! ကျွန်တော့်ဆန္ဒတစ်ခုမှမပါပါဘူး!! မစ်လိရှား!!”
ခန်းကျန့်က မယုံနိုင်တဲ့မျက်လုံးတွေနဲ့ လင်းချန်ယွမ်ကိုလှည့်ကြည့်ရင်း စိတ်ပျက်လွန်းပြီး ထအော်ပါတယ် “ဘာတွေလျှောက်ပြောနေတာလဲ!? ငါ မင်းကို ဘယ်တုန်းကများခြိမ်းခြောက်ဖူးလို့လဲ!?”
အခြေအနေက (၁၈၀)ဒီဂရီပြောင်းသွားတာကိုမြင်ပြီး သတင်းထောက်တွေက စိတ်လှုပ်ရှားတက်ကြွလာကြတယ်။
“တကယ်ပဲလား!? မစ္စတာလင်း!! ခန်းကျန့်ကခင်ဗျားကို အတင်းအဓ္ဓမခြိမ်းခြောက်တာလား!?”
“ဒါဆို အိမ်တွင်းအကြမ်းဖက်မှု၊ ကိုယ်ထိလက်ရောက်စော်ကားမှုမြောက်ပါတယ်!? မစ္စတာလင်း သတင်းစာထဲကဓါတ်ပုံတွေအကုန်လုံးမှာ ခင်ဗျားက ဖိအားပေးခံရလို့လုပ်တာလား ခင်ဗျားဆန္ဒနည်းနည်းလေးတောင်မပါဘူးလား!?”
“ခင်ဗျားပြောတဲ့သက်သေဓါတ်ပုံဆိုတာလေး ပြပေးလို့ရမလား!! အခု လုံခြုံရေးတွေလည်းရှိနေတုန်း ရဲတိုင်ချင်ပါသလား!!”
“ခန်းကျန့်က ခင်ဗျားကို ဘယ်လိုမျိုးရိုက်နှက်နှိပ်စက်တာပါလဲ!? မကြာခဏရိုက်တာလား ရိုက်ခံရတာဘယ်နှကြိမ်ရှိပြီလဲ!? သူက…”
မြင်ကွင်းကတော့ တကယ့်ကိုရုန်းရင်းဆန်ခတ်ပဲ။ လိရှားက ပိုပိုပြီးဒေါသတွေထွက်လာတယ်။ သူမက ခန်းကျန့်ပေါ်နောက်တစ်ကြိမ်ခုန်အုပ်လိုက်ရင်း မျက်နှာကို လက်သည်းတွေနဲ့ကုတ်ဖဲ့တော့တယ်။
လုံခြုံရေးနှစ်ယောက်လည်း အခုမှပဲလှုပ်ရှားတော့တယ်။ သူတို့က လူနှစ်ယောက်ကိုဆွဲခွာနေရင်း တစ်ချက်တစ်ချက်မှာလည်း သတင်းထောက်တွေရဲ့ကင်မရာတွေကြားထဲ ပြေးပြေးဝင်သွားသေးတယ်။ နောက်ပြီး သတင်းထောက်တွေဆိုတာလည်း သူ့ထက်ငါတိုးဝှေ့အုံခဲရင်း အလုအယက်ရိုက်နေကြတာ။ တိုက်ခန်းသေးသေးလေးထဲမှာ လူဆယ်ယောက်ကျော်လောက် အုတ်အော်သောင်းနင်းဖြစ်နေရင်း အချိန်အကြာကြီးလုံးထွေးသတ်ပုတ်နေခဲ့ကြတယ်!
ဒါကြောင့် မနက်ခင်းအစပိုင်းကတည်းက လင်းချန်ယွမ်ရဲ့တိုက်ခန်းလေးက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
***
နောက်တစ်နေ့မှာတော့ အကြီးစားသတင်းစာဂျာနယ်တွေအားလုံးမှာ လိရှားရဲ့ကွာရှင်းမှုလျှောက်ထားတဲ့သတင်းပါလာတယ်။ သူမက မယားစရိတ်လျော်ကြေးနဲ့ ကလေးအုပ်ထိန်းခွင့်ပါ တစ်ပါတည်းတောင်းခံတယ်။ အဖြစ်အပျက်တွေကတော့ လိုက်လို့မမှီနိုင်အောင်ကို အရမ်းမြန်တယ်။
လိရှားတို့တတွေ လင်းချန်ယွမ်အိမ်တံခါးနားရောက်တဲ့အချိန်မှာ အထဲက ခန်းကျန့်ပြောလိုက်တဲ့စကားတွေက မပီမသဝိုးတဝါးဆိုပေမယ့်လည်း တစ်လုံးမကျန်ရိုက်ကူးထုတ်လွှင့်ခံခဲ့ရတယ်။ သတင်းကို စာတန်းရှင်းရှင်းလင်းလင်းထိုးပြီး တစ်နိုင်ငံလုံးကိုထုတ်လွှင့်ခဲ့တယ်။ ဒီလိုအရှက်ခွဲခံရတဲ့အခြေအနေမျိုးမှာ လိရှားအနေနဲ့ သူမအိမ်ထောင်ကို ထိန်းသိမ်းဖို့မဖြစ်နိုင်တော့ပါဘူး။
ကိစ္စတွေက ဒီအခြေအနေထိရောက်ကုန်တာ အကြောင်းရင်းတစ်ဝက်က လိရှားရဲ့စိတ်လိုက်မာန်ပါလုပ်မှုကြောင့်ဆိုလည်း မမှားဘူး။
သူမက ဒီမနက် သူတို့နှစ်ယောက်ကိုအမိဖမ်းမယ်ဆိုပြီး တိုက်ခန်းကိုပြေးသွား၊ အကြီးအကျယ်ပွဲရှာလိုက်တာကြောင့်သာမဟုတ်ရင် အခြေအနေက လင်းချန်ယွမ်ပြောသလို သတင်းစာရှင်းလင်းပွဲလေးလုပ်ပြီး ဖြေရှင်းလိုက်လို့ရတယ်။ ကြီးတဲ့အမှုကို ငယ်အောင်လုပ်လိုက်လို့ရတယ်။ ဘာပဲပြောပြော အရက်မူးမူးနဲ့လုပ်ချင်ရာလုပ်နေကြတဲ့ပုံတွေပဲလေ။ အရင်တုန်းကလဲ ခန်းကျန့်ခဏခဏဖြစ်နေကျပဲကို။
ဒါပေမယ့် လိရှားဆိုတာက လိဇနီးမောင်နှံရဲ့အလိုလိုက်ခံရဆုံး တစ်ဦးတည်းသောသမီးကလေးဖြစ်ပါတယ်။ သူမက သတင်းစာမှာ ဓါတ်ပုံတွေတွေ့လိုက်ကတည်းက တစ်စက္ကန့်လေးတောင် ထိန်းချုပ်လို့မရခဲ့ဘူး။ ပြောရရင်လည်း ခန်းကျန့်တစ်ယောက် အိမ်တံခါးဆောင့်ပိတ်ပြီး သူမအိမ်ကထွက်သွားကတည်းက တစ်ချို့ညတွေမှာ အိမ်ပြန်လာလေ့မရှိတော့ဘူး။ ဒါကြောင့် နောက်ပိုင်းမှာ လင်မယားနှစ်ယောက် သုံးလေးခေါက်ရန်ထပ်ဖြစ်ကြရင်း ခန်းကျန့်ဘက်ကလည်း ပိုပိုဆိုးလာတယ်။ လိရှားရဲ့ ကနဦးအပြစ်ရှိတဲ့စိတ်ကလေးတောင်မှ ကြက်ပျောက်ငှက်ပျောက်ပျောက်သွားပြီး ဒေါသတွေသာကျန်ခဲ့တယ်။ သူမတို့ရဲ့ပြဿနာအစက သူမအဖေလိမင်ကြောင့်ဖြစ်တာဆိုတော့ လိရှားလည်း သည်းခံနေပြီး အိမ်သွားပြေးမတိုင်ရဲဘူး။ ဒါပေမယ့်လည်း အဆုံးမှာတော့ သူမက ဒီလိုသတင်းတွေကို မျက်မြင်ကိုယ်တွေ့တေ့ွခဲ့ရပါတယ်။
လိရှားက သတင်းတွေကိုမြင်ပြီး ရူးသွားတော့မတတ်ပဲ။ ဒီတစ်လျှောက်လုံး ခန်းကျန့်ရဲ့ထူးထူးဆန်းဆန်းအပြုအမူတွေကိုလည်း အခုသဘောပေါက်သွားပြီ။ အကြောင်းရင်းက လင်းချန်ယွမ်ဆိုတဲ့ဖာသည်ကောင်ကြောင့်ဖြစ်တာပဲ!! သူမက ခန်းကျန့်ရဲ့ဖုန်းကိုတောက်လျှောက်ခေါ်နေခဲ့ပေမယ့် တစ်ချက်ကလေးတောင် လာမကိုင်ဘူး။ ဒါကြောင့် သူငယ်ချင်းတွေအကူအညီနဲ့ လင်းချန်ယွမ်ရဲ့တိုက်ခန်းလိပ်စာကိုရခဲ့ပြီးမှာ အကုန်လုံးကိုသတ်ပစ်မယ်ဆိုပြီး ကမူးရူးထိုးထွက်သွားခဲ့ပါတယ်။
ဒီအချိန်မှာ သတင်းထောက်တွေက လိရှားနဲ့ခန်းကျန့်တို့ တိုက်ခန်းအပြင်ဘက်မှာစုပြုံနေရင်း ကြိုးစားပမ်းစားသတင်းစောင့်ဆိုင်းနေကြတာ။ ဒါပေါ့.. ဒေါသတကြီးဖြစ်နေတဲ့လိရှားက ဘာကိုမှဂရုမပြုမိခဲ့ဘူး။ သတင်းထောက်တွေကိုပါ သူမနဲ့အတူခေါ်လာခဲ့တယ်။ တံခါးဖွင့်ဝင်ဖို့အိုင်ဒီယာကို ဘယ်ဉာဏ်ကြီးရှင်ကအကြံပေးလိုက်လဲတော့မသိဘူး၊ လုံခြုံရေးတွေပါ သွားခေါ်လာရင်း လင်းချန်ယွမ်ရဲ့တိုက်ခန်းကို ပျားအုပ်ကြီးလိုချီတက်ခဲ့ကြပါတယ်။
သူတို့အဖွဲ့တံခါးနားရောက်တဲ့အချိန်မှာ ပထမဦးဆုံးကြားလိုက်ရတာက ခန်းကျန့်ရဲ့ လိရှားအကြောင်း “တဲ့တိုးဝန်ခံ” နေမှုတွေဖြစ်ပါတယ်!
ဒါကြောင့် တိုင်းသိပြည်သိအကြီးအကျယ်အုတ်အော်သောင်းနင်းလုပ်ရပါ့မလားဆိုပြီး လိရှားက သူမအဖေလိမင်ရဲ့ ပါးရိုက်တာကိုခံလိုက်ရတယ်။ နောက်ပြီး “ဦးနှောက်မရှိတဲ့ဟာမ!!” ဆိုပြီးလည်းအဆူအဆဲခံလိုက်ရတယ်။ သူမက ဘာမှပြန်မငြင်းနိုင်လိုက်ပါဘူး။
သူတို့သမီးရဲ့ကျော်မကောင်းကြားမကောင်းသတင်းတွေကြောင့် လိမင်တို့ဇနီးမောင်နှံက ကုမ်ပဏီကလူတွေရဲ့နောက်ကွယ်မှာဟားတိုက်တာကို အချိန်အတော်ကြာတဲ့အထိ ခံရသေးတယ်။ အပြစ်တင်ကြတာကိုလည်း လွတ်မယ်ထင်သလား? သမီးဖြစ်သူက ဒီလိုမျိုးဦးနှောက်မရှိစိတ်လိုက်မာန်ပါလုပ်တတ်လာအောင် သူတို့ပဲပျိုးထောင်လာခဲ့တာလေ။ အမှားတွေကိုသင်ပေးမိတဲ့မိဘတွေအနေနဲ့တော့ ကိုယ်စိုက်ပျိုးတဲ့အသီးကိုယ်ပြန်ရိတ်သိမ်းရပါလိမ့်မယ်။
………………………..