🍬Chapter 99
ရုံးခန်းထိုင်ခုံတစ်ခုပေါ်တွင်ထိုင်နေသော ရွှီလော့ယန်က အထပ်ထပ်အခါခါ ခေါင်းညိတ်ပြပြီး "ဟုတ်တယ်၊ မှန်တယ်၊ မှန်တယ်၊ကျန်းကောရာ ကောမှန်ပါတယ်"
ရွှီလော့ယန်ရဲ့ အနှိုင်းမဲ့ ရိုးသားတဲ့ အမူအရာကို ကြည့်ရင်း၊ ကျန်းသုန့်က သူ့နှဖူးအလည်ကိုပွတ်သပ်လိုက်ကာ
"စကားပြောတာကိုခဏလောက်ရပ်ပြီး ငါ့ကိုအသက်လေးရှုဖို့အချိန်ပေးပါဦး"
သူကနှစ်စက္ကန့်လောက်အနားယူလိုက်ပြီးနောက်မှာ မထိန်းနိုင်ဘဲ တူညီတဲ့မေးခွန်းကို လေးကြိမ်မြောက်မေးလေသည်။
"တစ်ပတ်ပဲရှိသေးတယ်၊ မင်းရဲ့အင်္ကျီကိုတောင် ကြယ်သီးမတပ်နိုင်လောက်အောင် ကိုယ်အလေးချိန် ဘယ်လောက်တောင်မှ တက်လာတာလဲ"
"အဲ့ဒီလိုလေးနက်တဲ့မေးခွန်းအတွက်ဖြေပေးရမယ်ဆိုရင်တော့ တိကျတဲ့အဖြေရဖို့ ချန်အန်းကိုပဲသွားမေးဖို့အကြံပြုပါရစေ"
ရွှီလော့ယန်က ထိုသို့ပြောပြီးနောက်" ပြောရရင် တစ်ကယ့်အကြောင်းအရင်းက အင်္ကျီတွေကအရမ်းကျပ်နေလို့ဖြစ်ရတာ၊ ကျွန်တော်ကတစ်ကယ်ဝိတ်နည်းနည်းလေးပဲတက်လာတာ"
ဝိတ်အနည်းငယ်မျှသာတက်လာကြောင်းပြဖို့ရာအတွက် လက်မနှင့်လက်ညှိုးကြား အကွာအဝေးသေးသေးလေးခြားကာ အမူအယာပင်လုပ်ပြလိုက်သေးပေသည်။
သို့ပေမယ့် ကျန်းသုန့်ရဲ့ ကျေနပ်မှုမရှိတဲ့ မျက်နှာအမူအယာကိုမြင်ချိန်မှာတော့ ရွှီလော့ယန်သူ့ရဲ့ ပါးစပ်ကိုအလောတကြီးလက်ဖြင့်အုပ်လိုက်ပြီး ကျန်းသုန့်စကားတစ်ခွန်းပြောလာတာကိုကြားလိုက်ရလေသည်။
"တစ်ကယ် ငါထိပ်ပြောင်သွားရင် အဲ့ဒါမင်းတို့ကြောင့်ပဲ"
မင်းတို့...
သော့ချက်ကို ဖမ်းမိသွားသည့် ရွှီလော့ယန်က သူ့ပါးစပ်ကို ဖုံးထားဆဲဖြစ်ပြီး "ရှန်ရှန်က ဘာလုပ်ထားလို့လဲ"
ခဏနေတော့ ရုံးခန်းတံခါးက ပွင့်လာပြီး ယဲ့ရှန်ရှန်ရဲ့ အသံက တံခါးဝကနေထွက်လာလေသည်။
"ဟင် လော့ယန် မင်းငါ့ကို ခေါ်တာလား"
ထို့နောက် လမ်းလျှောက်ဝင်လာရင်း ရွှီလော့ယန် ပါးစပ်ကိုလက်နဲ့အုပ်ထားတာကို မြင်ရတော့ စိုးရိမ်တကြီးဖြင့်
"လော့ယန် ဘာဖြစ်ထားတာလဲ၊ သွားတစ်ချောင်းကျိုးသွားလို့လား ၊ဘာလို့ပါးစပ်ကိုအုပ်ထားတာလဲ"
"........"
ဘာမှမကျိုးပါဘူး အဲ့ဒီလောက်အတွေးမလွန်နဲ့...
ကျန်းသုန့်က နှုတ်ခမ်းအပေါ်ဘက်မှာ နှုတ်ခမ်းမွှေးအနည်းငယ်ကိုဆွဲပြီးရုပ်ဖျက်ထားတဲ့ ယဲ့ရှန်ရှန်ကို ကြည့်ပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့်ဆံပင်တွေကိုထိုးဖွလိုက်သည်။ ပြဿနာရှာတဲ့ပထမတစ်ယောက်က အရင်ရောက်နေပြီး အခုဒုတိယတစ်ယောက်လည်းရောက်လာပြန်ပြီ။
ယဲ့ရှန်ရှန်နှင့် အပူတွေကို မျှဝေရင်း ရွှီလော့ယန် နေ့ခင်းဘက်အိမ်မက်မက်နေတာထက်တောင် ပိုပြီးစိတ်အေးလက်အေးဖြစ်သွားသလိုခံစားလိုက်ရလေသည်။
ကျန်းသုန့်က "မင်းတို့နှစ်ယောက်လုံးထွက်သွားလို့ရပြီ "ဟုပြောလိုက်ချိန်မှာ နှစ်ယောက်သား ရုံးခန်းထဲကနေ သုတ်ခြေတင်ပြီး ပြေးထွက်လာခဲ့ကြသည်။
ကျန်းသုန့် :
ဓာတ်လှေကားထဲမှာ ရွှီလော့ယန်က အလွှာနံပါဒ်တွေပြောင်းနေတာကိုကြည့်နေရင်း ယဲ့ရှန်ရှန်ကို "ပြီးရင်အလုပ်ရှိသေးလား" ဟုမေးလိုက်သည်။
"မရှိဘူး၊ဒီည ကုန်းယွဲ့က အလုပ်ကနောက်ကျမှာမလို့ ငါသူ့ကိုရုံးကနေ ညနက်မှသွားကြိုရမှာ"
ထို့နောက် ယဲ့ရှန်ရှန်က သူ့မျက်လုံးကို မှိတ်တုပ်မှိတ်တုပ်လုပ်လိုက်ပြီး "ငါတို့ညစာအတူသွားစားကြမလား" ဟု တိုးတိုးလေးမေးလိုက်လေသည်။
ရွှီလော့ယန်က ခေါင်းညိတ်လိုက်ပြီး "အကြံကောင်းပဲ"
တစ်နာရီကြာပြီးတဲ့နောက်မှာ ရွှီလော့ယန်နှင့် ယဲ့ရှန်ရှန်က သီးသန့်စားသောက်ဆိုင်တစ်ခုသို့ရောက်လာလေသည်။ တစ်ချိန်တည်းမှာပင် ချီချန်းအန်းရဲ့ ဖုန်းထဲကို မက်ဆေ့ချ်အသစ်တစ်ခုဝင်လာလေသည်။
သူလုပ်နေတဲ့ စာရွက်စာတမ်းတွေကို ချလိုက်ပြီး ရွှီလော့ယန်စီကမက်ဆေ့ချ်ကိုဖတ်ဖို့ သူ့ရဲ့ဖုန်းကို စစ်ကြည့်လိုက်သည်။ ထိုအထဲမှာ စာသောက်ဆိုင်ရဲ့လိပ်စာနှင့်ညစာစားပြီးဖို့ခန့်မှန်းကြာချိန်တို့ပါလေသည် ။မက်ဆေ့ချ်ပို့ရတဲ့ရည်ရွယ်ချက်ကတော့ရှင်းရှင်းလေး - ကျေးဇူးပြုပြီး ငါ့ကိုလာကြိုပေးပါ...
မက်ဆေ့ချ်ကို အကြိမ်ကြိမ်ဖတ်ပြီးနောက် ချီချန်အန်းကထိုင်ခုံအနောက်ကို မှီလိုက်ပြီး သူ့မျက်နှာထက်အပြုံးဖွဖွပေါ်လာကာ ချက်ချင်းပင် ကုတ်အင်္ကျီပါးပါးတစ်ထည်ကို ကောက်ဆွဲလိုက်ပြီး တံခါးအပြင်ဘက်ကို ဦးတည်လိုက်သည်။
ထိုအချိန်မှာ မှာထားတဲ့ ဟင်းလျာတွေရောက်လာလေသည်။ ရွှီလော့ယန်နှင့် ယဲ့ရှန်ရှန်တို့ လက်ထဲမှာဝိုင်ခွက်ကိုယ်စီကိုင်ထားပြီး ခွက်တိုက်လိုက်ကာ တစ်ယောက်နှင့်တစ်ယောက်သေချာလေးစောင့်ကြည့်ဖို့ အလေးအနက်ဆုံးဖြတ်လိုက်သည်။
"ငါတို့နောက်ဆုံးတစ်ခေါက်ကလို ဖြစ်လို့မဖြစ်တော့ဘူး၊အဲ့ဒီတုန်းက မူးလွန်းလို့ တည့်တည့်တောင် မတွေးနိုင်ခဲ့ဘူး...ငါတို့ လျှော့သောက်မှရမယ်"
ယဲ့ရှန်ရှန်က နောက်ကနေချက်ချင်းပဲသံယောင်လိုက်ပြီး "ဟုတ်တယ်၊လျှော့သောက်ရမယ်"
"ချီးယား"
"ချီးယား"
သူတို့ ဝိုင်ခွက်ကိုချပြီးနောက် ဟင်းချိုပန်းကန်တစ်ဝက်စီကို အသီးသီးယူလိုက်ကြသည်။
ယဲ့ရှန်ရှန်ရဲ့ မျက်လုံးများ မှေးမှိန်သွားကာ "အရသာရှိလိုက်တာ၊ ဒီမှိုဟင်းချိုက တကယ်ကို အရသာရှိတယ်"
ပန်းကန်သေးသေးလေးကို ချလိုက်ပြီး သူ့တူတွေကို ကောက်ကိုင်လိုက်ကာ စကားစပြောဖို့ပြင်လိုက်သည်။
"ပြောရရင် ချီချန်အန်းက ဒီတစ်ခါပြဿနာမှာ တော်တော်လေးမြန်မြန်လှုပ်ရှားခဲ့တာပဲ"
ရွှီလော့ယန်က ခဏလောက်တွေးပြီးနောက် သူပြောနေတာတွေကို သဘောပေါက်သွားကာ "မင်းက စက်ရုံနားက စောင့်ကြည့်ရေး ကင်မရာမှတ်တမ်း ဗီဒီယိုကို ထွက်လာတာကို ပြောတာလား"
"ဟုတ်တယ်...ငါ စောင့်ကြည့်ရေးအခန်းကို သွားကြည့်တဲ့အချိန် ချီချန်အန်းက လှုပ်ရှားနေပြီဆိုတာ တွေ့လိုက်ရတော့ ငါ ပြန်ထိုင်ပြီး စောင့်ကြည့်နေလိုက်တယ်... ဒါပေမယ့် ဘာမှလုပ်စရာမရှိလို့ ဘဝက ပျော်စရာတွေ ရုတ်ချည်း ပျောက်သွားတယ်လေ နောက်ဆုံးတော့ အယောင်ဆောင်ထားတဲ့ ဗီလိန်မျက်နှာအစစ်အမှန်ကို ထုတ်ဖော်ဖို့က တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်”
ရွှီလော့ယန်က ချိုချဉ်ဝက်နံရိုးတစ်ပိုင်းကို ယူလိုက်ပြီး ယဲ့ရှန်ရှန်ကို ပေးကာ အပြုံးလေးဖြင့် နှစ်သိမ့်လိုက်သည်။
"ရှန်ရှန် မင်းရဲ့ ကြိုးစားအားထုတ်မှုကလည်းတော်တော်လေး အကျိုးရှိခဲ့တာပဲကို၊ ဝမ်ကျစ်လင်လည်း သူ့ရဲ့ရာထူးကနေနှုတ်ထွက်သွားပြီ၊ သူ့အိမ်ထောင်ရေး အဆင့်အတန်းကို ဖုံးကွယ်ထားရုံတင်သာမကဘူး သူ့မိန်းမနဲ့ သားသမီးတွေကို စွန့်ပစ်ထားတော့ ယောက္ခမတွေက သူ့ကိုတော်တော်လေးမကျေမနပ်ဖြစ်နေကြတယ်"
"ဝမ်ကျစ်လင်က တကယ်ကို အမှိုက်ပဲ၊သူ့ဇနီးဟောင်းကို ကွာရှင်းဖို့ပြောတဲ့အချိန်တုန်းက သူမက အလုပ်အလွန်အကျွံလုပ်မှုကြောင့် ကိုယ်ဝန်ပျက်ကျထားတဲ့အချိန်တဲ့လေ အဲ့ဒီအချိန်တုန်းကဆေးရုံစရိတ်မတက်နိုင်လို့ အိမ်ကိုပဲ ပြန်ခဲ့ရတာ...ငါစစ်ဆေးကြည့်တဲ့အချိန်တုန်းကတွေ့ခဲ့ရတာက သူမိန်းမဆေးရုံကပြန်လာလာချင်း သူကအိမ်ပြန်ပြီးကွာရှင်းခွင့်တောင်းခဲ့တာတဲ့..."
ရွှီလော့ယန်ကထိန့်လန့်သွားပြီး "သေစမ်း၊ ဒီထက်ပိုပြီးယုတ်မာတာမရှိနိုင်တော့ဘူး"
"ဟုတ်တယ် အဲ့ဒီလိုလူယုတ်မာတွေကို ရှုံ့ချသင့်တယ်"
သူတို့ရဲ့အတွေးအခေါ်တွေနှင့် ရှုထောင့်အမြင်တွေထပ်တူကျသွားတဲ့အချိန်မှာ ဝိုင်ခွက်နှစ်ခွက်ရဲ့ထောင့်စွန်းများက ထိခတ်သွားပြန်လေသည်။
သောက်စရာကုန်သွားတဲ့အချိန်မှာ ယဲ့ရှန်ရှန်က ရုတ်တရက်တစ်ခုခုကိုတွေးမိသွားပြီး
" ကြီးမားတဲ့ခေါင်းစဥ်တစ်ခုခုပြောရအောင်၊ငါမင်းကိုနောက်ဆုံးတစ်ခေါက်တုန်းက ပေးထားတဲ့ လျှို့ဝှက်လက်နက်က ဘယ်လိုလဲ၊အဆင်ပြေလား"
ရွှီလော့ယန်လက်ထဲက တူတွေရပ်တန့်သွားပြီး သူ့ရဲ့နားရွက်ထိပ်တွေက အဆုံးမရှိလောင်ကျွမ်းသွားရသည်။
"အခုထိမသုံးရသေးဘူး"
-သူရဲ့လက်နဲ့တစ်ခေါက်က..... ထည့်တွက်လို့မရဘူးမလား
"မင်း မသုံးရသေးဘူးလား"
ယဲ့ရှန်ရှန် "ဟုတ်ပါတယ်လေ၊ မင်း ခြေထောက်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ထိခိုက်ထားတာဆိုတော့၊ မင်းဒဏ်ရာက ဘယ်လိုနေသေးလဲ"
"တော်တော်ကောင်းပါတယ်၊ ဒါပေမယ့် ငါ့မှာအရမ်းစိတ်ညစ်စရာတစ်ခုရှိနေတယ်... အကြောင်းတစ်ခုခုကြောင့် ချန်အန်းက ဝက်ခြေထောက်စွပ်ပြုတ်ကိုသောက်ရင် ငါ့ခြေထောက်ပေါ်က ဒဏ်ရာတွေ မြန်မြန်သက်သာတယ်လို့ထင်နေတယ် ငါရက်အနည်းငယ်အတွင်း အဲ့ဒါကြောင့် စိတ်ဒဏ်ရာရတော့မလိုပဲ ဒါပေမယ့် အနာကျက်တာတော့ တစ်ကယ်တော်တော်လေးမြန်တယ် ခုရက်ပိုင်းတော့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်ရဲသေးဘူး...ငါ့ဒဏ်ရာတွေပွင့်ထွက်သွားမှာကြောက်တယ်"
ရွှီလော့ယန်က နောက်ဆုံးစာကြောင်းကို ပြောပြီးတာနှင့် 'ပြင်းထန်တဲ့ လေ့ကျင့်ခန်း' ရဲ့ မြင်ကွင်းကို သူ မရည်ရွယ်ဘဲ တွေးလိုက်မိပြီး အရက်ကြောင့်လား သို့မဟုတ် အခြားတစ်ခုခုကြောင့်လား မသေချာသော်လည်း သူ့နှလုံးသားလေးကမူ အလွန်တရာအခုန်မြန်လာတော့၏။
ယဲ့ရှန်ရှန်က စားရင်းနှင့်အလုပ်ရှုပ်နေပြီး "ဒါဆိုမင်းသုံးပြီးသွားရင်ဘယ်လိုနေလဲဆိုတာ ပြောပြပေးဦးနော်"
"သေချာတာပေါ့"
သူကချက်ချင်းပဲသဘောတူလိုက်ပြီး "သေစမ်း ၊မင်းက ငါတို့စကားပြောနေတုန်းမှာ ဟင်းတွေအကုန်လုံးနီးပါးကိုစားလိုက်တယ်ပေါ့၊ မင်းကတစ်ကယ်ကို "ရှန်ရှန်"ပဲ"
တူတွေကြားထဲမှာနံရိုးကိုညှပ်ထားရင်းမှာပဲ ယဲ့ရှန်ရှန်က
"ငါကဘယ်လောက်စားစားဝိတ်မတက်ဘူး ၊ဒါပေမယ့် မင်းကတော့ဝိတ်တက်မှာနော်"
"..........."
သူတို့သူငယ်ချင်းရောဆက်ဖြစ်နိုင်သေးရဲ့လား။
ရွှီလော့ယန်နဲ့ ယဲ့ရှန်ရှန် စားသောက်ဆိုင်ကနေထွက်လာတဲ့အချိန် ရွှီလော့ယန်က ချီချန်အန်းရဲ့ကားကို တွေ့လိုက်ရသည်။ လိုင်စင်နံပါဒ် 111 နဲ့အဆုံးသတ်ထားတဲ့အနက်ရောင် Aston Martin ကားလေးက လမ်းဘေးနားလေးမှာ ထင်ရှားစွာရပ်ထားလေသည်။
"ချန်အန်းက ငါ့ကိုလာကြိုနေပြီ"
ရွှီလော့ယန်က ယဲ့ရှန်ရှန်ကိုကြည့်လိုက်ရင်း "မင်းနောက်ပြီးရင် ကုန်းယွဲ့ကိုသွားတွေ့မှာဆိုတော့ ကားသမားကလာကြိုမှာလား"
"ဟုတ်တယ်"
ယဲ့ရှန်ရှန်က ရွှီလော့ယန်ရဲ့နောက်ကိုကြည့်လိုက်ပြီး "သူဒီဘက်ကိုလာနေပြီ"ဟုတိုးတိုးလေးပြောလိုက်သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ချီချန်အန်းက ရွှီလော့ယန်မမူးကြောင်းနှင့်မက်တပ်ရပ်နေနိုင်သေးကြောင်း သေချာစေလိုက်ပြီးနောက် ယဲ့ရှန်ရှန်ဘက်သို့လှည့်လိုက်ကာ "ဟယ်လို" ဟု ယဥ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ယဲ့ရှန်ရှန်ကမူ လေးနက်တဲ့အမူအရာဖြင့်"ဟယ်လို" ဟုပြန်နှုတ်ဆက်လိုက်သည်။
"မင်း နောက်ဆုံးအခေါက်တုန်းကပေးခဲ့တဲ့ seal tooth အတွက်ကျေးဇူးတင်ပါတယ်... ငါအဲ့ဒါကို အရမ်းကြိုက်တယ်"
"မင်းကြိုက်ရင်ကောင်းတာပေါ့၊ ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး၊ တစ်ကယ် မလိုအပ်ဘူး"
ယဲ့ရှန်ရှန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရင်း ချီချန်အန်းက သူ့ကို စကားပြောနေပေမယ့် ရွှီလော့ယန်ကိုပဲ အမြဲအာရုံစိုက်နေတယ်ဆိုတာ သိလိုက်ရသည်။
သူက ဝမ်းသာအားရ ပြုံးလိုက်ပြီး "ငါအရင်သွားတော့မယ်၊ လော့ယန် ၊ နောက်တစ်ခေါက်တွေ့မယ်နော်"
ခရီးသည်ထိုင်ခုံပေါ်ရောက်တာနှင့်ရွှီလော့ယန်က ထိုင်ခုံခါးပတ်ကို ပတ်လိုက်ပြီး
"ချန်အန်း မင်းရောက်နေတာ ဘယ်လောက်ကြာပြီလဲ"
"မကြာသေးပါဘူး"
"ဒီထက်တိတိကျကျပြောရရင် မင်းငါ့စာကိုရတာနဲ့ ထွက်လာခဲ့တာလား"
"အင်း"
ချီချန်အန်းက ရွှီလော့ယန် ထိုင်ခုံခါးပတ်က ချိန်ညှိတာကို ကူညီဖို့ လှည့်လိုက်ပြီး
"ကိုယ်မင်းကို စောင့်နေရတာကိုကြိုက်တယ်...စောင့်ရတဲ့အချိန်က ရှည်လျားပေမဲ့ မင်းထွက်လာတာကို မြင်လိုက်ရတာနဲ့ အရမ်းပျော်သလိုခံစားရတယ်"
ရွှီလော့ယန်က သူ့ခေါင်းကို လှည့်လိုက်ပြီး တံခါးကနေဖောက်ဝင်လာတဲ့ လမ်းမီးတိုင်ကို လှမ်းကြည့်ရင်း ငြိမ်သက်စွာ ပြုံးလိုက်မိသည်။
ဇူလိုင်လ 1 ရက်နေ့မှာ ရွှီလော့ယန် အောင်မြင်စွာပင် ကိုယ်အလေးချိန်ကျခဲ့ပြီး နောက်ဆုံးမှာ Stu ကနေပို့လိုက်တဲ့ အင်္ကျီကိုဝတ်လို့ရသွားလေသည်။သူက သူ့ရဲ့လက်တွေကို လှုပ်ယမ်းလိုက်ပြီး ကြယ်သီးတွေက ယခုလောက်လှုပ်ရှားမှုလောက်နဲ့တင် ပွင့်ထွက်မလာကြောင်းသေချာစေပြီးနောက် စိတ်အေးသွားကာ သက်ပြင်းအရှည်ကြီးချလိုက်မိသည်။
သူ့ဘေးမှာရပ်နေတဲ့ ကျန်းသုန့်က လေဆိပ်ဆင်းတဲ့ဓာတ်ပုံရိုက်နည်းကို ဓာတ်ပုံဆရာကို ညွှန်ကြားလိုက်ပြီး ရွှီလော့ယန်မှာ ခါတိုင်းထက်ပိုတဲ့ ခရီးဆောင်သေတ္တာတစ်လုံးရှိနေတာကို တွေ့လိုက်ရတော့ ပေါ့ပေါ့ပါးပါးဖြင့် မေးလိုက်သည်။
"နောက်ဆုံးတော့ မင်းမမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ သင်ယူပြီးသွားပြီပေါ့ အဝတ်အစားအပိုတွေဘာတွေပါ ယူလာတက်နေပြီပဲ"
သူ့ရဲ့မြှောက်ထားတဲ့လက်ကို အောက်ချလိုက်ပြီး ကျန်းသုန့်ရဲ့အကြည့်နောက်ကိုလိုက်ကြည့်ပြီးနောက် သူပြောနေတဲ့အရာအကြောင်းသဘောပေါက်သွားကာ "အဲ့ဒါအဝတ်တွေမဟုတ်ဘူး ၊အိပ်ယာခင်းတစ်စုံယူလာတာ"
"အိပ်ယာခင်းလား" ကျန်းသုန့်ကမေးလိုက်မိသည်။
"မင်းကဘယ်နေရာမှာအိပ်ရအိပ်ရ စိတ်မဝင်စားတဲ့သူမဟုတ်ဘူးလား ဘယ်တုန်းက ကတည်းက မင်းရဲ့ ကိုယ်ပိုင်အိပ်ယာခင်းကို ယူလာတက်သွားတာလဲ"
အနည်းငယ်ရှက်ရွံ့သလိုခံစားလိုက်ရသဖြင့် ရွှီလော့ယန်က ခြေလှမ်းနှစ်လှမ်းလောက်ရှေ့ကိုတိုးလိုက်ပြီး အသံကိုတိုးချလိုက်ကာ "ဒါတွေက ချီချန်အန်းရဲ့ အိပ်ယာခင်းတွေ" ဟုရှင်းပြလိုက်သည်။
".........."
ဖာခ့်...ခွေးစာအပြည့်နဲ့သတ္တာကြီးပဲ!
သူတို့အဖွဲ့ လေဆိပ်မှာ စတိုင်ကျကျ ဓာတ်ပုံရိုက်ပြီးနောက် ရွှီလော့ယန်က သူ့ကိုတွေ့ဖို့ လာကြတဲ့ ပရိသတ်တွေကို နှုတ်ဆက်လိုက်ပြီး ပါရီကို လေယာဉ်ခရီးစခဲ့လေသည်။
ရွှီလော့ယန် သူလိုရာခရီးကိုရောက်ပြီးနောက် အဖွဲ့အစည်းကစီစဉ်ပေးထားတဲ့ ဟိုတယ်ကို အရင်ဆုံးသွားလိုက်သည်။
ပဲရစ်ကိုရောက်တဲ့အချိန်မှာ ညဘက်ကိုရောက်နေပြီဖြစ်သည်။ရွှီလော့ယန်ကအိပ်ယာပေါ်လှဲချလိုက်ပြီး ချီချန်အန်းထံ စာတစ်စောင်ပို့လိုက်လေသည်။
သို့ပေမယ့် ယခုလောက်မြန်မြန်ကြီး ပြန်စာရမယ်လို့မမျှော်လင့်ထားပေ။
သူခန္ဓာကိုယ်ကို လှိမ့်ပြီးထထိုင်လိုက်ကာ အချိန်ကွာခြားမှုကိုတွက်ချက်လိုက်သည်။
အခုချိန် အဲ့ဒီမှာ မနက်ငါးနာရီဖြစ်နေရမှာမလား ချီချန်အန်းက ဘာလို့နိုးနေသေးတာလဲ။
သူနေမကောင်းဖြစ်မှာကို စိုးရိမ်မိပြီး သူ့ဆီ တိုက်ရိုက်ပဲဖုန်းခေါ်လိုက်သည်။
သူ့ရဲ့အသံထဲတွင် မသိစိတ်ကနေ စိူးရိမ်မှုတွေပါရောထွေးနေကာ "ချန်အန်း ၊ မင်းဘာလို့ခုထိမအိပ်သေးတာလဲ၊ အစာအိမ်အောင့်နေပြန်တာလား"
ဤကာလအတောအတွင်းမှာ သူချန်းအန်းကိုနေ့တိုင်းအချိန်မှန်မှန်ဆေးသောက်ဖို့သတိပေးခဲ့ပြီး အစားအသောက်နှင့်ပတ်သတ်ပြီးလည်း သေချာဂရုတစ်စိုက်ဖြင့် သူ့အစာအိမ်နဲ့ဓာတ်မတည့်တာမျိုး ထိခိုက်တာမျိုးမဖြစ်စေဖို့အတွက် သေချာလေးဂရုစိုက်ပေးတဲ့အတွက် မကြာခဏနေမကောင်းမဖြစ်တော့သလို သူ့ကျန်းမာရေးက တဖြည်းဖြည်းချင်းသက်သာလာလေသည်။ယခုအချိန်မှာ ချီးချန်အန်းဖျားနေရင် ဆိုတဲ့အတွေးက သူ့နှလုံးသွေးကြောကိုပါကျဥ်းမြောင်းသွားစေသည်။
"ကိုယ်အိပ်လို့မရလို့ အစာအိမ်ကမအောင့်ပါဘူး " ဆိုပြီးမေးခွန်းနှစ်ခုကို အစီစဥ်တကျဖြေလိုက်ပြီးနောက် ချီချန်အန်းက သူ့စကားကိုနှစ်စက္ကန့်လောက်ရပ်လိုက်ကာ "ဒါပေမဲ့ နျောင်နျောင် ကိုယ်နေမကောင်းဘူးထင်တယ်"
ရွှီလော့ယန်က စိတ်ပူသွားပြီး "နေမကောင်းဘူးလား... ဘယ်နားကအဆင်မပြေလို့လဲ၊ ဆေးသောက်ပြီးပြီလား"
ထို့နောက် ဖုန်းထဲကနေ နူးညံ့သိမ်မွေ့တဲ့ အသံကိုကြားလိုက်ရပြီး ယင်းက သူ့နားကို တိုက်ရိုက်ကပ်ပြောနေသလိုပင်။
"အဲ့ဒါက ကုလို့မရဘူး၊ကိုယ်အချစ်နာကျနေတာ..."
ရွှီလော့ယန်တုံ့ပြန်နိုင်တဲ့ အချိန်မှာ သူဖုန်းခေါ်ဆိုမှုကို အပြီးတိုင် အဆုံးသတ်မိပြီးချိန်ဖြစ်လေသည်။
"Ah-"
ချီချန်အန်းရဲ့စောင်ထဲမှာ သူ့မျက်နှာကို မြှုပ်ထားရင်း သူ့အသံက ဝါးတားတားထွက်နေလေသည်။
သူ့နှလုံးသားလေးက အဲ့ဒါကို လက်ခံနိုင်ဖို့အတွက် ခံနိုင်ရည်မရှိဘူးလို့...
ချီချန်အန်း မင်းကတော့ စည်းကမ်းတွေချိုးဖောက်နေပြန်ပြီ။
နှစ်ကြိမ်လောက် အိပ်ယာပေါ်မှာ လှိမ့်ပြီးတဲ့ အချိန်မှာရွှီလော့ယန်သူ့ကိုယ်သူအာရုံပြောင်းဖို့ရာအတွက် weiboကြည့်နေဖို့ပဲဆုံးဖြတ်လိုက်သည်။မဟုတ်လျှင် သူ့ရဲ့နှလုံးသားလေးက ဝန်ပိနေပေတော့မည်။ သို့ပေမယ့်သူဝင်ဝင်လိုက်ချင်းမှာပဲ ချီချန်အန်းတစ်ယောက်ပို့စ်အသစ်တစ်ခုတင်ထားတာကိုတွေ့လိုက်ရ၏။
[ ချီချန်အန်း - မိုးသောက်တဲ့အချိန်ထိ မင်းကိုလွမ်းနေပြီး အိပ်လို့မပျော်ဘူး ]
ထိုပို့စ်အောက်မှာ မအိပ်သေးတဲ့ ပရိသတ်တွေက ရွှီလော့ယန်ကို tag တွဲခဲ့ကြလေသည်။
"@ရွှီလော့ယန်၊ ဒီမြေတူးကောင်လေးတော့အော်နေပါပြီ လော့ယန်က အခု ပဲရစ်မှာရောက်နေတာမလား...အား....အား....အား..."
"@ရွှီလော့ယန် ၊ ငါတော့စောစောအိပ်တဲ့အကျင့်ကိုမွေးမြူဖို့ကြိုးစားနေတုန်း မအိပ်ခင် weiboကို စစ်ဆေးလိုက်တာ အခုဒါကိုမြင်ပြီး အိပ်မရတော့ပြန်ဘူး"
"@ရွှီလော့ယန် ရေ ဒီစာကြောင်းကိုဖတ်ပြီးတဲ့နောက်မှာငါနှလုံးသားက နည်းနည်းချဥ်ပြီးယားယံလာသလိုပဲ၊ မစ္စတာချီ ဘာမှမဖြစ်ပါဘူး။ မင်းရဲ့ လောယန်က နောက်ရက်အနည်းငယ်နေရင်ပြန်လာမှာပဲဟာကို"
အိပ်ယာပေါ်မှာလှဲနေတဲ့ ရွှီလော့ယန်က ချီချန်အန်းပိုစ့်က စာကြောင်းကို ဆယ်ကြိမ်ထက်မကဖတ်လိုက်ပြီးနောက် မသိစိတ်ကနေ ချီချန်အန်း ရဲ့ဖုန်းနံပါဒ်ကိုခေါ်လိုက်မိလေသည်။ဖုန်းတစ်ခေါက်သာ မြည်ပြီးနောက် တစ်ဖက်ကဖုန်းဖြေတာကိုကြားလိုက်ရသည်။
ချီချန်အန်းဘက်က ဘာမှပြောမလာခင်မှာ ရွှီလော့ယန်က အရင်ဦးအောင်ပြောလိုက်သည်။
"ချန်အန်း၊ ငါမင်းကိုအရမ်းသတိရတယ်"
ငါထွက်လာပြီးတစ်စက္ကန့်အကြာလောက်ကတည်းက မင်းကိုလွမ်းနေတာ..
ပဲရစ်မှာ အချိန်အတော်ကြာ ဓာတ်ပုံရိုက်ပြီးနောက် ရွှီလော့ယန်က ဒါရိုက်တာ Wilson စီကနေ ဖိတ်ကြားခံရပြီး Stu's studio မှာဝတ်စုံငါးဆယ်ထက်မနည်း စမ်းကြည့်ဖို့ဆွဲခေါ်ခံလိုက်ရသည်။သတင်းထောက်တွေရဲ့အင်တာဗျူးတွေကိုဖြေပြီးတဲ့နောက် ရွှီလော့ယန်နောက်ဆုံးမှာ ဖက်ရှင်ရှိူးပွဲကျင်းပတဲ့နေရာမှာ နေရာယူနိုင်ခဲ့သည်။ပွဲစဖို့အချိန်လိုသေးတာကို အခွင့်ကောင်းယူပြီး သူ့စိတ်ကို ရှင်းလင်းစေရန်ကြိုးစားနေရသည်။
ထိုအချိန်တွင်ပင် သူ့ဘေးအနားရှိတစ်စုံတစ်ယောက်ကို သတိပြုမိလိုက်ပြီး မသိစိတ်ကနေ တစ်ဖက်ကိုခေါင်းလှည့်ကြည့်လိုက်ချိန်မှာ တစက္ကန့်လောက်အေးခဲသွားရသည်။
ချီချန်အန်းက ရွှီလော့ယန်ကိုပြုံးပြလာပြီး သူ့အပြုံးကမူ သူ့မျက်ဝန်းများအထိကူးစက်နေကာ"ဟယ်လို ၊ကိုယ်ဒီမှာကိုယ့်ရဲ့အဆိပ်ဖြေဆေးလေးရှာဖို့လာတာ"
_
ရွှီနျောင်နျောင်ရဲ့ စိတ်ခံစားချက်လေး : ပါးတွေနီရဲပြီး နှလုံးခုန်မြန်နေ
_
Translated By IQ-Team.